Chapter 46
Viewers 7k

🎶 Chapter 46



ဟယ့်ကျင်းယွင်၏ ဖန်အင်အားက တောင့်တင်းသည်။ ထို့အပြင် ဟယ့်ကျင်းယွင်က Weibo တွင် ပို့စ်တင်ခဲလေသည်။ ထို့ကြောင့် ဟယ့်ကျင်းယွင်အတွက် အထူးသတိပေးသံကိုပင် ဖန်များက သီးသန့်ထားထားကြသည်။ 


တစ်လကြာပြီးနောက် ယခုအချိန်တွင် ဟယ့်ကျင်းယွင်က သူ့တွင် Weibo ရှိမှန်း သတိရသွားခဲ့ပြီဖြစ်သည်။


သို့သော် ဟယ့်ကျင်းယွင်၏ အကောင့်က Weiboစီးပွားရေးအတွက်မဟုတ်ဘဲ ယဲ့ဇယ်ရှစ် Weiboကို လိုက်ခ်လုပ်ရန်နှင့် မှတ်ချက်ပေးရန်အတွက်သာ ဖြစ်နေကြောင်းကို မည်သူမှ ထင်ထားကြမည်မဟုတ်ပေ။ 


ဟယ့်ကျင်းယွင်ဖန်များက အော်ဟစ်ကုန်ကြသည်။

"အရမ်းဝမ်းနည်းဖို့ကာင်းတာပဲ..."


ဖန်များက ဤသို့ပြောကြသည်။

"ယဲ့ဇယ်ရှစ် Weiboမှာ ပို့စ်တင်တိုင်း ဘာကြောင့်များ ငါတို့ဟယ့်လောင်ရှီးက မှတ်ချက်စာမျက်နှာကို အရင်ဆုံး အပြေးအလွှား ရောက်လာရတာကို သိချင်မိတယ်... သူက ယဲ့ဇယ်ရှစ်ရဲ့ Weiboမှာများ နေနေတာလားဟယ်..."


ထိုမှတ်ချက်ကိုတင်လိုက်သည်နှင့် ဒုတိယ ရေပန်းအစားဆုံးမှတ်ချက်အဖြစ် တန်းတင်ခံလိုက်ရသည်။ ဟယ့်ကျင်းယွင်၏ "?" နှင့်အရှေ့နောက် တန်းစီလျက်ပင်။ 


ထိုသည်ကိုမြင်သောအခါ ယဲ့ဇယ်ရှစ်၏ ဖန်တစ်ယောက်က အရွှန်းဖောက်သည်။ 

"ဖြစ်နိုင်တာက ဟယ့်လောင်ရှီးက ယဲ့ဇယ်ရှစ်အတွက် အထူးသီးသန့်အချက်ပေးသံ ထားထားလားမှ မသိတာ..."


ထိုမှတ်ချက်ကို တင်လိုက်သည်နှင့် ကျန်သည့်ဖန်များအားလုံးက သဘောတူကြလေသည်။


[အဲ့ဒါကမှ အဓိပ္ပာယ်ရှိတယ်လို့ ငါထင်တယ်...]


[မင်း အမှန်ကိုပြောလိုက်တာပဲ...]


[အမှန်တရားက အမြဲတမ်း လူနည်းစုရဲ့ လက်ထဲမှာပဲ...]


[ဒါဆို ဟယ့်လောင်ရှီးက ယဲ့ဇယ်ရှစ်ကို အရမ်းဂရုစိုက်နေရတဲ့ အကြောင်းပြချက်က ဘာလဲ...]


[လခွမ်း... ဒီကိစ္စကို ဆက်စုံစမ်းလိုက်မယ်ဆိုရင် ငါမနေနိုင်ဘဲ cp ရွက်လွှင့်မိသွားလိမ့်မယ်လို့ ခံစားနေရတယ်...]


[အပေါ်ထပ်ကလူ ဘာဖြစ်နေတာလဲ... ဒီလိုမျိုးကြီး cpတွဲလိုက်လို့မရဘူးလေ.. နေရာတကာမှာ အဲ့ဒီလို ထင်ယောင်ထင်မှားတွေ လိုက်မပြောပါနဲ့ ...ဟုတ်ပြီလား...]


[အပေါ်ထပ်ကသူ အဲဒီလောက်စိတ်မဆိုးသင့်ဘူးလို့ထင်တယ်... သေချာစဉ်းစားကြည့်လေ ယဲ့ဇယ်ရှစ်ကလွဲရင် ငါတို့အိုင်ဒေါက ဘယ်သူ့ကိုများ ဂရုစိုက်ပေးဖူးလို့တုန်း...]


ထိုမှတ်ချက်ကိုမြင်သောအခါ ဖန်များ တိတ်ဆိတ်သွားကြသည်။


ကြည့်ရသလောက် အများကြီးမရှိဘူး...


သူတို့ပိုတွေးလေ တစ်ခုခုမူမမှန်ကြောင်း ခံစားရလေဖြစ်သည်။


"ငါအရင်ပြောမယ်... ရှန်ဇယ်ယွီ Weiboမှာပို့စ်တင်တယ်...ငါတို့ နတ်ဘုရားက လိုက်ခ်ပေးတယ် မှတ်ချက်ရေးတယ်... အဲဒါက သူ့ရဲ့သူငယ်ချင်းမို့လို့ဆိုတာ လူတိုင်းသိတယ်... နောက်ထပ် တခြားတစ်ယောက်ရှိသေးလို့လား..."


အဖြေက...


ဟယ့်ကျင်းယွင်ဖန်များ မဖြေရဲပေ။


မကြာမီ တစ်ယောက်က မေးလာသည်။

"ဟယ့်ကျင်းယွင်က ယောကျာ်းလေးတွေကြိုက်တာလား မိန်းကလေးတွေကို ကြိုက်တာလား..."


သူတို့ တိတ်ဆိတ်သွားကြသည်။


အဘယ်ကြောင့်ဆိုသော် ဟယ့်ကျင်းယွင် ပွဲဦးထွက်စ နှစ်ကပင် သူ၏ လိင်စိတ်တိမ်းညွတ်မှုက အမျိုးသားများကိုပါဟု လူသိရှင်ကြား ကြေညာထားသည်ကို ဟယ့်ကျင်းယွင်၏ ဖန်သက်ရှည်စီနီယာများ သိကြလေသည်။


"ဘာဖြစ်လို့ အခုထိမချစ်ဖူးတာလဲ..."

ထိုမေးခွန်းကို ဟယ့်ကျင်းယွင်က လူမှန် မတွေ့သေးလို့ပါဟု ဖြေခဲ့သည်။


ယခုအခြေအနေကို ကြည့်လိုက်ပါက ဝေလငါးဖန်များ အလိမ်အညာ မပြောရဲချေ။

 

တစ်ညတည်းမှာပင် ဖန်ဒမ်းနှစ်ခုလုံးတွင် အပူတပြင်း ဆွေးနွေးမှုများရှိလာသည်။ နောက်တစ်နေ့မနက်တွင် စျေးကွက်အကောင့်တစ်ခုက ထပ်တင်လိုက်သည်။ ဖရဲသီးစားရသည်ကိုကြိုက်သည့် များစွာသောသူများလည်း ထိုဆွေးနွေးမှုအောက်ကို ရောက်လာကြသည်။ Hot search ၏နောက်ပိုင်းတွင် ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်တို့၏ နာမည်များက ချိတ်ဆွဲနေသည်။


ထန်ကျင့် နိုးလာသောအခါ ယမန်နေ့ညက ယဲ့ဇယ်ရှစ် Weiboတွင် ပို့စ်တင်ထားသည်ကို တွေ့လေသည်။ သူ ညက အစောကြီးအိပ်ရာဝင်သွားခဲ့သောကြောင့် ထိုသည်ကို လွတ်သွားခဲ့ခြင်းဖြစ်သည်။


ရေပန်းစား‌နေသည့် မှတ်ချက်ကို ဖွင့်ကြည့်လိုက်သောအခါ ထန်ကျင့်က ဟယ့်ကျင်းယွင်၏ မှတ်ချက်ကိုမြင်လိုက်သည်။


ထန်ကျင့် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိကာ သူ့အမူအရာက အနည်းငယ် ရုပ်ဆိုးနေခဲ့သည်။ 

"ဒီဖန်တွေကတော့ စုံထောက်လုပ်တမ်းကစားရတာကို တော်တော်ကြိုက်နေပုံရတယ်... ဟယ့်လောင်ရှီးက အမြဲတမ်း လူတိုင်းအပေါ်ကို ကောင်းကောင်းဆက်ဆံတာပဲကို... ဘာဖြစ်လို့ ယဲ့ဇယ်ရှစ်ကိုပဲအထူးတလည်အရေးပေးတာ ဖြစ်ရမှာလဲ..."


မှတ်ချက်၁၀ခုခန့်ကို ဆွဲချပြီးနောက် သူနှင့် ယဲ့ဇယ်ရှစ်ကို ပြောထားသည့် CPဖန်တစ်ယောက်ကို ထန်ကျင့် တွေ့လိုက်သည်။


ထိုသည်ကို မြင်သောအခါ သူ့မျက်နှာက အနည်းငယ် ကြည့်ရကောင်းလာသည်။


ယဲ့ဇယ်ရှစ်Weibo အောက်ရှိ မှတ်ချက်တစ်ဝက်ခန့်ကို သူအပေါ်ယံမျှသာ ရှပ်ကြည့်လိုက်ကာ Weibo မှထွက်လိုက်သည်။ ထိုနောက် Wechatကိုဖွင့်လိုက်ကာ စာတစ်စောင်ကိုရေးပြီး အကြိမ်အခါခါ အမှားပြင်၊ ထပ်ခါထပ်ခါဖတ်ပြီးမှ ထိုစာကိုပို့လိုက်သည်။


"မနေ့ညက နောက်ကျမှ ရိုက်ကူးရေးပြီးခဲ့တာလား... ကောင်းကောင်းနားလိုက်ဦး..."


ခဏမျှ စောင့်ပြီးနောက် ထန်ကျင့် ယဲ့ဇယ်ရှစ်ဆီမှ ပြန်စာကို ဆက်မစောင့်တော့ပေ။


သူ အချိန်ကိုတစ်ချက်ကြည့်လိုက်သောအခါ ယဲ့ဇယ်ရှစ် နိုးသေးမည်မဟုတ်ဟု ခန့်မှန်းလိုက်သည်။


သူWeiboတွင် လျှောက်ကြည့်နေစဥ် လက်ထောက်ရောက်လာပြီး သူ့ကို အမြန်ထရန် လောဆော်လိုက်သည်။


ထန်ကျင့် ပြန်ဖြေလိုက်ပြီး ဖုန်းကိုဘေးနားချကာ အရင်ဆေးကြောရန် ထသွားလိုက်သည်။

 

သူ ဆေးကြောပြီးသည်အထိ ယဲ့ဇယ်ရှစ်မှ ပြန်စာမလာခဲ့ပေ။ သူမျက်‌မှောင်ကြုတ်လိုက်ပြီး ဖုန်းကို တစ်ချက်စစ်ကြည့်လိုက်သည်။


ယဲ့ဇယ်ရှစ်ဆီမှ ပြန်စာကို သူဘယ်သောအခါမှ မရခဲ့ပေ။ အချိန်အတန်ကြာသည်အထိ သူဖုန်းကိုကောက်ကိုင်လိုက်၊ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်လုပ်နေခဲ့သည်။ 


ထန်ကျင့် ရိုက်ကွင်းသို့ ရောက်ခါနီးတွင် Wechatမှ အသံထွက်လာသည်။ Wechatက ယဲ့ဇယ်ရှစ် နာမည်ဘေးတွင် အနီရောင်ဖြင့် နံပါတ်1 ပေါ်နေလေသည်။


ထန်ကျင့် ရုတ်တရက် အသက်ရှူမှားသွားရကာ ထိုခဏတွင် နှလုံးခုန်နှုန်းများက အရိုင်းဆန်စွာ ခုန်ပေါက်နေခဲ့သည်။ သူ အလျင်အမြန်ပင် စာကိုဖွင့်ဖတ်လိုက်သည်။


ယဲ့ဇယ်ရှစ်က ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေထားသည်။

"ကောင်းပါပြီ..."


ထိုစာကို မြင်ပြီးကာမှ ထန်ကျင့်မျက်နှာရှိ တင်းမာမှုများက အသိအသာ ပျောက်ကွယ်သွားခဲ့လေသည်။ သို့သော် အမည်မဖော်နိုင်သော ဆုံးရှုံးမှုတစ်မျိုးက လှိုက်တက်လာသည်။


ယဲ့ဇယ်ရှစ်က အဘယ့်ကြောင့် သူ့ကို ထိုကဲ့သို့ တိုတိုတုတ်တုတ် ပြန်ဖြေရသည်ကို သူ မစဉ်းစားဘဲ မနေနိုင်ချေ။


ငါ နောက်ခေါင်းစဉ်ကို ဘယ်လိုလုပ် ဆက်ပြောလို့ရတော့မှာလဲ...


ထန်ကျင့် ဆက်ပြောရန် အကြောင်းအရာကောင်းကို မတွေးတတ်တော့ချေ။ အချိန်အတန်ကြာ ရုန်းကန်ပြီးနောက် သူဤကဲ့သို့သာ စာပြန်နိုင်တော့သည်။

"ဟုတ်ပြီ... ငါ အရင် ရိုက်ကူးရေးကိုသွားနှင့်ပြီနော်... မင်းကိုမနှောင့်ယှက်တော့ဘူး...မင်းအလုပ်ပြီးမှပဲ ဆုံကြတာပေါ့..."


ယခုတစ်ခါတွင် ယဲ့ဇယ်ရှစ် အလျင်အမြန် စာပြန်လာသည်။

"ကောင်းပြီ..."


ယခုတစ်ခေါက်ပြန်စာမှာလည်း အစောကနှင့် မထူးခြားနားပင်။ သို့သော် ထန်ကျင့်၏ စိတ်အခြေအနေက သိသိသာသာကိုပင် ကောင်းလာခဲ့သည်။


အနည်းဆုံး ယခုတစ်ခေါက်တွင် သူ ယဲ့ဇယ်ရှစ်ကို အပြင်ထွက်ရန် မေးနိုင်ခဲ့သည်။ 


ထန်ကျင့် ဖုန်းကို ကျေနပ်အားရစွာပိတ်လိုက်ပြီး ကားထဲမှထွက်ရန် ပြင်လိုက်သည်။


ဒရိုင်ဘာ ကားကိုပြီးအောင်ရပ်သည်အထိ မစောင့်တော့ဘဲ သူ့‌ဘေးရှိအေးဂျင့်က ရုတ်တရက် သူ့ကို တားပြီး မေးလိုက်သည်။

"ရှောင်ကျင့်...မင်း ချစ်မိနေပြီလား..."


သူ အနည်းငယ် ရင်တုန်သွားသည်။ ဖုန်းကိုင်ထားသည်မှာလည်း မတည်မငြိမ်ဖြစ်လာပြီး သူ့အသံကလည်းတုန်ယင်နေသည်။

"ဘာ...ဘာကြီး..."


အေးဂျင့် မျက်မှောင်ကြုတ်လိုက်သည်။

"အစောက မင်းကိုကြည့်ရတာ စိတ်လွတ်နေတဲ့ပုံနဲ့ အခုကျတော့လည်း မင်းက တစ်ယောက်ယောက်ဆီက စာကို စောင့်နေတဲ့ပုံနဲ့လေ..."


ထန်ကျင့်၏နှလုံးသားက အနည်းငယ် တင်းကျပ်သွားသကဲ့သို့ပင်။ သို့သော် သူ့မျက်နှာပေါ်ရှိ အမူအရာက ပြောင်းလဲမသွားဘဲ သူပြုံးလိုက်သည်။

"အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... စောနက နည်းနည်းပျင်းနေတာနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ အဲ့ဒါကြောင့် ဖုန်းကို ကြည့်နေလိုက်မိတာ..."


ကားရပ်သွားသောအခါ အေးဂျင့်က ကားတံခါးကိုဖွင့်လိုက်ပြီး ထန်ကျင့်ကို ကြည့်ကာ ပြောလိုက်သည်။

"အဲဒီလို ဖြစ်တာပဲကောင်းမယ်... မင်းရဲ့ အလုပ်အကိုင်က အခုမှတိုးတက်လာစပဲရှိ‌သေးတယ်...မင်းကိုအကြိမ်များစွာ ပြောခဲ့ပြီးပြီ... မင်းရဲ့အချစ်ရေးကို လူသိရှင်ကြား ဖွင့်ချပြတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး... မင်းရဲ့အလုပ်အကိုင်ကို ထိခိုက်လာနိုင်တယ်... အဲ့ဒါကြောင့် မင်းကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်သင့်တယ်..."


ထန်ကျင့် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ အစ်မ စိတ်မပူပါနဲ့..."


အေးဂျင့် ဘာမှမပြောတော့ဘဲ သူတို့အုပ်စု စတူဒီယိုသို့ လမ်းလျှောက်သွားလိုက်ကြသည်။


................


ဟမ့်တျန် ဟိုတယ်...


ယမန်နေ့က ယဲ့ဇယ်ရှစ် ဇာတ်ဝင်ခန်းများစွာကို ရိုက်ကူးခဲ့ရသော်လည်း ယနေ့မှာမူ အလွန်လွယ်ကူလေသည်။ ယဲ့ဇယ်ရှစ်တွင် မနက်ပိုင်း ရိုက်စရာ ဇာတ်ဝင်ခန်းများမရှိပေ။ ထို့ကြောင့် ရတောင့်ရခဲသည့် အခွင့်အရေးအား အသုံးချကာ ကောင်းကောင်းအိပ်ပစ်လိုက်သည်။


ထန်ကျင့်၏စာကို သူမြင်သောအခါ ယဲ့ဇယ်ရှစ် လုံးလုံး မနိုးသေးပေ။ ထို့ကြောင့် သူ ပုံမှန်အတိုင်း အနည်းငယ်သာ ဖြေခဲ့သည်။ 


သူ နိုးနိုးကြားကြား နိုးလာသည့်အခါမှသာ ယဲ့ဇယ်ရှစ် ထန်ကျင့်စာကို ပြန်ဖတ်လိုက်သည်။ ထို့နောက် သူမျက်မှောင်ကြုတ်မိသွားသည်။ 


မကြာမီအချိန်မှစကာ ထန်ကျင့်က နေ့တိုင်းသူ့ကို စာများပို့လေသည်။ ယဲ့ဇယ်ရှစ် ထိုသည်ကို တမင်သက်သက်ပစ်ထားလိုက်ကာ စာမပြန်ခဲ့ပေ။ နှစ်ရက်ကြာသောအခါ ထန်ကျင့် သူ့ကို စာထပ်မပို့တော့ပေ။


ယခုကြည့်ရသည်မှာ ထိုနေ့က သူ ထိုသို့လုပ်ခဲ့သည်မှာ မှန်ပုံရသည်။ 


မည်သည့်နေရာက မှားယွင်းသွားခဲ့ကြောင်း ယဲ့ဇယ်ရှစ်နားမလည်ပေ။ ထန်ကျင့်က အဘယ့်ကြောင့် သူနှင့်နီးစပ်ချင်နေမှန်းလည်း သူ မသိပေ။


ထိုကဲ့သို့ အချောလေးဖြင့် သူငယ်ချင်းဖြစ်ရသည်မှာ အမှန်တကယ်ကို ကောင်းသော်လည်း သူနှင့် ထန်ကျင့်၏ ဆက်ဆံရေးမှာ သူငယ်ချင်းဆိုသည့် အဆင့်မှာပင် ရပ်တန့်သင့်လေသည်။


ပြောရမည်ဆိုလျှင် ထန်ကျင့်က ဟယ့်ကျင်းယွင်၏ တရားဝင် တွဲဖက်ဖြစ်လေသည်။


ဟယ့်ကျင်းယွင်အကြောင်း တွေးမိသွားသောအခါ ယဲ့ဇယ်ရှစ် ယမန်နေ့ညက Weiboပို့စ်အကြောင်း စဉ်းစားမိသွားသည်။ ငါးလေးခြောက်အနည်းငယ်က သူ့ကို စိတ်မကျေမနပ် ဖြစ်စေခဲ့သည်။


ယဲ့ဇယ်ရှစ် မျက်လုံးများ လက်ခနဲဖြစ်သွားသည်။ သူ ဟယ့်ကျင်းယွင်ကို ငါး‌လေးခြောက်အကြောင်း မမေးနိုင်သော်လည်း ထန်ကျင့်ကိုမူ ကူညီခိုင်းနိုင်လေသည်။


သူနှင့် ထန်ကျင့်သာ ဆက်ဆံရေး ကောင်းနေသရွေ့ ထန်ကျင့်မှတစ်ဆင့် ဟယ့်ကျင်းယွင်ကို အချိန်မရွေးမေးနိုင်ပြီဖြစ်သည်။ 


ထိုသည်ကိုတွေးမိသောအခါ ယဲ့ဇယ်ရှစ်ခေါင်းပေါ်ရှိ တိမ်မဲတို့ ချက်ချင်းဆိုသလို လွင့်ပြယ်သွားသည်ကို ခံစားလိုက်ရသည်။ 


သူ ဘေးရှိဖုန်းကို ကောက်ကိုင်လိုက်သည်။ ထန်ကျင့်ကို သူ့ဘက်မှစပြီး စာပို့သည်မှာ ရှားလေသည်။

"မင်း ချစ်ဖူးချင်လား..."


ဖုန်းမြည်သံထွက်လာသောအခါ ထန်ကျင့်အေးဂျင့်က ထန်ကျင့်၏ဖုန်းကို ကိုင်ထားနေချိန်ဖြစ်သည်။ ဖုန်းသံကို သူ့ဖုန်းကမြည်သည်ဟု သူမ ထင်လိုက်သော်လည်း ထိုသည်က ထန်ကျင့်၏ဖုန်းဖြစ်နေသည်ကို သူမ သိလိုက်သည်။


အေးဂျင့်ရ ထိုသည်ကို များများစားစားမတွေးမိသော်လည်း သူမ ဖုန်းကို အဝေးသို့ ထားတော့မည့်အချိန်မှာပင် ဖုန်းမျက်နှာပြင်ရှိ Wechat အသိပေးချက်ကို တွေ့လိုက်ရသည်။ 


ယဲ့ဇယ်ရှစ်: "မင်း ချစ်ဖူးချင်လား..."


အေးဂျင့်၏လက်များ တုန်ယင်သွားပြီး ဖုန်းကိုပင် ပြုတ်ကျတော့မတတ်ဖြစ်သွားသည်။


ဒီထန်ကျင့်ကတော့ ရည်းစားမထားချင်သေးဘူးလို့ ငါ့ကိုတောင် လိမ်ရဲသေးတယ်ပေါ့လေ...


အေးဂျင့်ကို ပို၍ တုန်လှုပ်သွားရစေသည့်အချက်မှာ ထိုသူက ယဲ့ဇယ်ရှစ် ဖြစ်နေသည်ကိုပင်။ 


ထန်ကျင့်က ယဲ့ဇယ်ရှစ်ကလွဲရင် ဘယ်သူ့ကိုမဆို ကြိုက်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား...


အေးဂျင့်၏ စိတ်အခြေအနေမှာ ချက်ချင်းဆိုသလိုပင် ရှုပ်ထွေးသွားလေသည်။


တစ်ချိန်တည်းမှာပင် သူမ ပို၍ မရှူနိုင်မကယ်နိုင် ဖြစ်သွားလေသည်။ 

ငါ ထန်ကျင့်နဲ့ စကားပြောသင့်လား...


သို့သော် ထိုအချိန်မှာပင် ရိုက်ကူးရေးအတွက်ပြင်ဆင်နေသော ယဲ့ဇယ်ရှစ်ကမူ ထိုအထင်လွဲမှုကြီးကို လုံးဝမသိခဲ့ချေ။



🎶🎶🎶