Chapter 48
Viewers 7k

🎶 Chapter 48



ယဲ့ဇယ်ရှစ်တစ်ယောက် ငါးလေးခြောက်ကြော်ကို ဗိုက်ကားအောင် စားခဲ့သည်သာမက ဟယ့်ကျင်းယွင် ပြင်ပေးသည့် နေ့လည်စာထမင်းဘူးကိုပင် ယူလာခဲ့သေးသည်။ သူ အားရကျေနပ်စွာ အခန်းကို ပြန်လာခဲ့ပြီး ထမင်းဘူးကို ရေခဲသေတ္တာထဲထည့်ကာ ဆေးကြောသန့်စင်ပြီး ပျော်ရွှင်စွာ အိပ်ရာဝင်ခဲ့လေသည်။


ဟယ့်လောင်ရှီးက နောင်တွင် ယဲ့ဇယ်ရှစ် ထိုငါးကြော်စားချင်ပါက သူအချိန်ရလျှင် ကြော်ပေးနိုင်ကြောင်းပင် ပြောလိုက်သေးသည်။


ယဲ့ဇယ်ရှစ် အလွန်ကျေနပ်ပီတိဖြစ်နေသည်။ ဤသည်မှာ သူရုပ်ရှင်ရိုက်သည့် လအနည်းငယ်အတွင်း အကြီးမားဆုံးရရှိမှုဟုပင် မှတ်ယူနိုင်လေသည်။


နောက်တစ်နေ့ ရိုက်ကွင်း၏ နေ့လည်စာစားချိန်က ယဲ့ဇယ်ရှစ် ရုပ်ရှင်အဖွဲ့၏ နေ့လည်စာထမင်းဘူးကို သွားမယူသည့် ပထမဆုံးအကြိမ်ဖြစ်သည်။


ဟယ့်ကျင်းယွင်ပြင်ပေးထားသည့် နေ့လည်စာထမင်းဘူးကို လက်ထောက်က RVထဲရှိ မိုက်ခရိုဝေ့ဗ်ဖြင့် နွှေးပေးလေသည်။ ထို့နောက် ယဲ့ဇယ်ရှစ် အနားရချိန်တွင် သူ သွားပို့ပေးလိုက်သည်။ 


ထမင်းဘူးထဲတွင် အစားအစာများက အလျှံအပယ်ပင်။


ယဲ့ဇယ်ရှစ် ထမင်းဘူးကို ကျေနပ်အားရစွာ နမ်းကြည့်ပြီးနောက် ထုံးစံအတိုင်း ဓာတ်ပုံတစ်ပုံရိုက်လိုက်ကာ Weiboတွင် ပို့စ်တင်လိုက်သည်။


"ဒီလိုနေ့လည်စာထမင်းဘူးမျိုးကို အကျွေးခံလိုက်ရတော့ တစ်ကိုယ်လုံးမှာ အားအင်တွေကို ပြည့်နေတာပဲ..."


ယဲ့ဇယ်ရှစ် Weiboတွင် နောက်ဆုံးပို့စ်တင်ခဲ့သည်မှာ လွန်ခဲ့သည့်နှစ်ရက်က ဖြစ်သည်။ နောက်ဆုံးတွင် ယဲ့ဇယ်ရှစ်က Weibo၌ ပို့စ်ပြန်တင်ခဲ့လေပြီ ဖြစ်သည်။ 


ဤသည်မှာ ယဲ့ဇယ်ရှစ်၏ ဝီရိယအရှိဆုံး ပို့စ်တင်မှုဟုပင် သတ်မှတ်နိုင်သည်။ ဖန်များ အလွန်စိတ်လှုပ်ရှားသွားပြီး မှတ်ချက်ဧရိယာသို့ အပြေးအလွှား ရောက်လာကြသည်။


[ဘယ်သူလုပ်‌ပေးခဲ့တာလဲ...]


[ပုစွန်ပြုတ်၊ ငါးနှပ်၊ အမဲတောက်တောက်ကြော်၊ ပြောင်းဖူးနံရိုးစွပ်ပြုတ်... ဒီကျွေးမွေးမှုကြီးက တအားချမ်းသာလွန်းမနေဘူးလား...]


[ဟင်းပွဲတိုင်းက အရမ်းကောင်းပြီးတော့ အရသာရှိမယ့်ပုံပဲ...]


[ဒီကိုပြပါဦး...ငါအခုဗိုက်ဆာနေတာ... တော်သေးတာက အခုက ညသန်းခေါင်မဟုတ်လို့ ...ငါနေ့လည်စာ မစားရသေးဘူးဆိုတာလည်း ပြောနေစရာကိုမလိုဘူး.... အခုပဲ ဖုန်းထုတ်ပြီး မှာပြီပဲ...]


[ဖုန်းထုတ်ပြီး ပါဆယ်မှာနေသူ+1...]


[ဟေး...အပေါ်ကညီမတွေက အရမ်းသက်ညှာနေတာပဲ သူ့ကို ဟင်းတွေ အေးမသွားခင် ဖြည်းဖြည်းစားဖို့တောင် ပြောလိုက်သေးတယ်... ငါသာဆိုရင် ဒီလိုပြောလိုက်မှာ... ယဲ့ဇယ်ရှစ်... မြန်မြန်စားပြီး အပျင်းထူမနေဘဲ ရိုက်ကူးရေးသွားလုပ်လိုက်တော့ လို့ပြောမှာ...]


[စဉ်းစားသုံးသပ် မြန်မြန်စားပြီး... ကျေးဇူးပြုပြီးတော့ ရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာ လေးလေးနက်နက်ရှိပါလို့...]


[မြန်မြန်စားဖို့ကို အကြံပေးချင်ပါတယ် အဲဒါမှရိုက်ကူးရေးကို မနှောင့်နှေးနေစေမှာ...]


[ရှစ်ရှစ် အများကြီးစားပြီး ကောင်းကောင်းစားနော် အဲ့ဒါမှ ရုပ်ရှင်မရိုက်ချင်လို့ဆိုပြီး အကြောင်းပြချက်ရှာလို့မရမှာ...]


[ဟားဟားဟားဟားဟား... အပေါ်ကညီမတွေက တကယ်ကို အနူးညံ့ဆုံးလေသံနဲ့ အရက်စက်ဆုံး စကားတွေကိုပြောကြတာနော်...သနားစရာ ယဲ့ဇယ်ရှစ်ခမျာ ရိုက်ကူးရေးကို ဆက်ရိုက်ရုံပဲ တတ်နိုင်ရှာတော့တယ်...]


[ယဲ့ဇယ်ရှစ်ကို ဘာတွေများ အရမ်းသနားနေရတာလဲ... ငါတို့ ဖန်တွေသာ သူ့ကိုစောင့်မကြည့်နေရင် သူကတကယ်ကို အနုပညာလောကကနေ အနားယူသွားလိမ့်မယ်...]


[ဟုတ်တယ်...ပြောရရင် ဒီလူငယ်လေးက အနုပညာလောကမှာ မနေချင်တဲ့ ဒုတိယမျိုးဆက်သူဌေးသားလေးလေ သူကြိုက်တဲ့အချိန်မှာ အိမ်ပြန်ပြီးမိသားစုအမွေတွေ ဆက်ခံလိုက်လို့ရတယ်... အဲဒါကြောင့် ငါတို့တွေ သူ့ကို စောင့်ကြည့်နေမှဖြစ်မယ်...]


[ဟားဟားဟား... ငါ နေ့တိုင်း မှတ်ချက်ဧရိယာကို ပျော်ပျော်ကြီးဖတ်နိုင်တယ်...]


[တခြားသူတွေလို မဟုတ်ဘဲ ငါ ပိုပြီးသိချင်တာရှိတယ်... အဲဒီထမင်းဘူးက ရိုက်ကူးရေးအဖွဲ့က ထမင်းဘူးမဟုတ်မှန်း ကြည့်လိုက်တာနဲ့ကို သိသာတယ်... ဘယ်သူက ရှစ်ရှစ်ကို ကျွေးခဲ့တာလဲ...]


[ ငါလည်း နည်းနည်းသိချင်တယ်...]


[သိချင်တဲ့သူ+1...]


ထိုပို့စ်ကိုတင်ပြီးသည်နှင့် ယဲ့ဇယ်ရှစ်က လိုင်းပေါ်မှဆင်းသွားပြီး သူတို့ကို အဖြေမပေးခဲ့သည်ကတော့ စိတ်မကောင်းစရာပင်။ 


များမကြာမီမှာပင် ထိုသံသယကို တစ်စုံတစ်ဦးက အဖြေပေးခဲ့လေသည်။


ယဲ့ဇယ်ရှစ် Weibo ပို့စ်အောက်တွင် ဤကဲ့သို့မှတ်ချက် ရှိနေသည်ကို ဂရုတစိုက်ကြည့်နေသည့်ဖန်များက မကြာမီ ရှာတွေ့သွားကြသည်။


ဟယ့်ကျင်းယွင်: "မင်း အဲဒါကိုစားပြီးတော့ ရုပ်ရှင်တစ်ကားကို ကောင်းကောင်းရိုက်နိုင်တယ်ပေါ့လေ..."


ယဲ့ဇယ်ရှစ် အလျင်အမြန်ပင် စာပြန်လိုက်သည်။

"သေချာပေါက်ပေါ့..."


ဟယ့်ကျင်းယွင် စာထပ်ပြန်လိုက်သည်။

"ကောင်းပြီ..."


ယဲ့ဇယ်ရှစ်ဖန်များ: "..."


[ဒါဘာအဓိပ္ပာယ်လဲ...]


[အဲ့ဒီစာတွေကို ကြည့်လိုက်ရင် ဒီနေ့ နေ့လည်စာက ဟယ့်လောင်ရှီး ပြင်ပေးလိုက်တာလို့ ပြောချင်တာလား...]


[ဟင်... ဟယ့်လောင်ရှီးက တကယ်ဟင်းချက်တတ်တယ်ပေါ့လေ...]


[ဟယ့်လောင်ရှီးက လက်ထောက်ကို ဆိုင်တစ်ဆိုင်ဆိုင်ကနေ ယဲ့ဇယ်ရှစ်အတွက် နေ့လည်စာဝယ်‌ပေးခိုင်းတာနေမှာပေါ့... အပေါ်ထပ်ကသူက အရမ်းစိတ်ကူးယဉ်နေတာပဲ... ဟယ့်လောင်ရှီးက ဘယ်ကနေဟင်းချက်ဖို့ အချိန်ရှိမှာလဲ သူက အရမ်းအလုပ်များလွန်းတယ်... ပြီးတော့ အခုသူတို့က ရိုက်ကူးရေးအဖွဲ့ထဲမှာ မဟုတ်ဘူးလား... သူတို့ ချက်ချင်ရင်တောင်မှ မီးဖိုချောင်မရှိဘူးလေ...]


သို့သော် ဤတစ်ကြိမ်တွင် ဖန်များခန့်မှန်းသည်မှာ မှားသွားခဲ့လေသည်။ ဟယ့်ကျင်းယွင်တွင် မီးဖိုချောင်ရှိသည်သာမက ဟိုတယ်၏ အပေါ်ဆုံးထပ်တွင် သူ့ကိုယ်ပိုင် presidential suite အခန်းပင် ရှိလိုက်သေးသည်။


ဖန်များက ထိုကိစ္စကို မသိသည်မှာသနားစရာပင်။ ထို့အပြင် သူတို့က ထိုဖန်ပြောပြသည်ကို အဓိပ္ပါယ်ရှိသည်ဟုပင် ထင်လိုက်ကြသေးသည်။


[ကြည့်ရတာ ဒီလိုဖြစ်မယ်ထင်တယ်... ဟယ့်လောင်ရှီးက ရှစ်ရှစ်ကို ကြင်နာပေးတော့ ရှစ်ရှစ်အတွက် အထူးသီးသန့် ထမင်းဘူးမှာပေးဖို့ လက်ထောက်ကို ခိုင်းလိုက်တာနေမှာ...]


[ဟုတ်တယ်... သူက ရှစ်ရှစ်ကို အများကြီး အလိုလိုက်တယ်လို့တောင် ပြောလို့ရတယ်...]


ထိုသို့အတွေးတူကြသည့် ဟယ့်ကျင်းယွင်၏ ဖန်များလည်း ရောက်လာပြီး သတင်းကို လာနားစွင့်ကြသည်။


လတ်တလောတွင် ဝေလငါးဖန်များ၏ စိတ်ခံစားချက်များမှာ အနည်းငယ်ရှုပ်ထွေးနေခဲ့ကြသည်။


အခြားအကြောင်းတော့မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်နှစ်လအတွင်း ဟယ့်ကျင်းယွင် Weiboတွင် အွန်လိုင်းဖြစ်သည့်အချိန်တိုင်းမှာ သူ့စီးပွားရေးကိစ္စကြောင့်မဟုတ်သည်ကို ဖြစ်သည်။


ဟယ့်ကျင်းယွင် Weiboကို လော့အင်ဝင်ပြီးလျှင် လုပ်စရာနှစ်ခုသာရှိခဲ့သည်။ ပထမတစ်ခုမှာ ယဲ့ဇယ်ရှစ်၏ Weiboကို လိုက်ခ်လုပ်ရန်နှင့် နောက်တစ်ခုမှာ ယဲ့ဇယ်ရှစ်Weiboတွင် မှတ်ချက်ပေးရန်ဖြစ်လေသည်။


ဟယ့်ကျင်းယွင်၏ ယခုတစ်ခေါက် မှတ်ချက်ကို မြင်လိုက်ရသောအခါ များစွာသောဖန်များမှာ မအံသြကြတော့ပေ။ ထိုအစား သူတို့ ထိရှခံစားသွားကြရသည်။


အချို့ဖန်များမှာ ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်ကြားရှိ ဆက်ဆံရေးကောင်းသည်ကို ညည်းညူနေကြသည်။


အ‌နှေးနှင့်အမြန်ဆိုသလို တစ်ခုခုဖြစ်လာတော့မည်ကို ပြင်းပြစွာ ခံစားမိနေကြသော ဖန်အနည်းစုလည်း ရှိနေသေးသည်။


သေချာပေါက်ပင် ခဏအကြာတွင် တစ်စုံတစ်ယောက်က ဖိုရမ်ပေါ်တွင် ဤသို့မေးလာသည်ကို သူတို့တွေ့လိုက်ကြရသည်။


(ရုပ်ရှင်ဧကရာဇ်ဟယ့်က ယဲ့ဇယ်ရှစ် Weiboမှာ မှတ်ချက်ပေးရုံအတွက်နဲ့ ခဏခဏ လိုင်းတက်လာတဲ့အပေါ် မင်းတို့ဘယ်လိုထင်လဲ...)


နံပါတ်တစ်ရေပန်းအစားဆုံးပြန်စာ: "တွေးစရာ ဘာရှိသေးလို့တုန်း... ငါရှေ့ဆုံးတန်းကနေ နေမယ်..."


အခြားပြန်စာများမှာလည်း ပဲ့တင်ထပ်နေသည်။


[သူတို့နှစ်ယောက်က လိုက်ဖက်တဲ့အတွဲပဲ...]


[သူတို့နှစ်ယောက်လုံးက အရမ်းချောတယ်… ပြီးတော့ နှစ်ယောက်လုံးက လိင်တူကိုဘဲ စိတ်ဝင်စားကြတာမဟုတ်လား...]


[ဟုတ်တယ်... ရုပ်ရှင်ဧကရာဇ်ဟယ့်က သူ ပွဲဦးထွက်ပြီးပြီးချင်းပဲ came outလုပ်ခဲ့တာ ပြီးတော့ ယဲ့ဇယ်ရှစ်ရောပဲ...]


[ဟေး... ဘယ်လိုတောင် တိုက်ဆိုင်တာတုန်း... မင်းတွေးကြည့် ဒါကြီးက တိုက်ဆိုင်မှုဖြစ်ဖို့ အရမ်းများလွန်းနေတာ မဟုတ်ဘူးလား...]


[မဟုတ်ဘူး... ဟုတ်လား... ရုပ်ရှင်ဧကရာဇ်ဟယ့်က ယဲ့ဇယ်ရှစ်ကို စိတ်မဝင်စားဘူးလို့ ပြောလာရင် နေရာမှာတင် ငါ ကင်းမြီးကောက်ထောင်ပြီး ချီးစားပြမယ်...]


[အပေါ်ထပ်ရေ နင် အဲဒီလောက်ကြီးလုပ်စရာမလိုပါဘူးဟယ်...]


အချို့အင်တာနက်အသုံးပြုသူများမှာ ဖရဲသီးစားရင်း ပျော်ရွှင်နေကြသော်လည်း ဟယ့်ကျင်းယွင်၏ CPဖန်မဟုတ်သူများမှာ ခြေဆောင့်နေကြလေသည်။


[နင်အဲဒီလိုပြောလေ တကယ့်အမှန်ထွက်‌ပေါ်လာဖို့ ငါ စောင့်လေပဲ...အဲ့ဒါမှ နင်ဘယ်လို အထက်အောက်လှန်ပြီး ချီးစားပြမလဲဆိုတာ ကြည့်လို့ရမှာလေ...]


[အပေါ်ထပ်ကသူက ဘယ်ရေတပ်ကလဲ... ဘယ်လိုတောင် အဲ့ဒီလို ဒွိဟဖြစ်စေတဲ့ အကြောင်းအရာမျိုးကို ချက်ချင်းတင်ရတာလဲ ... ဘာလဲ ဟယ့်ကျင်းယွင်သာ နောက်နေ့ Weiboမှာ ပို့စ်ထပ်တင်ရင် သူ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးတော့မှာလို့ နင်က ပြောတော့မှာလား... အခုနောက်ပိုင်းမှာ ဝါရင့်သရုပ်ဆောင်တစ်ယောက်က အငယ်တန်းမျိုးဆက်လေးတွေကို ထောက်ပံ့ပေးလိုက်တာနဲ့ အတွဲတွေအဖြစ် မြင်ပစ်လိုက်ကြပြီလား... အဲဒီလိုအတွေးမျိုးကို ဒီနေရာမှာ လာချမပြပါနဲ့...]


[ဟုတ်တယ် မင်းပြောပုံအရဆိုရင် ဝါရင့်တွေကပဲ အငယ်မျိုးဆက်လေးတွေကို မထောက်ပံ့ရဲရအောင် ဖြစ်နေပြီ...]


[ငါတို့နတ်ဘုရားက အလားအလာရှိတဲ့ မျိုးဆက်သစ်လေးကို တွေ့ပြီး သူ့ကို နည်းနည်းထောက်ပံ့ပေးချင်ရုံပဲ... အဲ့ဒါကို မင်းတို့က CPလာတွဲချင်နေတယ်ပေါ့လေ... CP ဟုတ်လား... ကိုယ့်အသိုင်းအဝိုင်းလေးထဲမှာပဲ ကိုယ့်ဘာသာဖျော်ဖြေပြီး ကြည်နူးနေလိုက်ကြ... ဒါလေးတောင် နားမလည်ကြဘူးလား...]


....................


ဖြတ်လျှောက်များနှင့် ဖန်များမှာ ထိုတိုးတက်မှုကြီးကို ဆို့နင့်နေကြသည်။ ပို့စ်၏ လားရာက CPတွဲရာမှ နှစ်ဖက်၏ အငြင်းအခုံအဖြစ် ပြောင်းလဲသွားလေသည်။ အငြင်းအခုံဆိုသည်ထက် စည်ကားသည့် သွေးလွှမ်းစစ်ပွဲဟုပင် ဆိုနိုင်သည်။


ထိုပို့စ်ကို ငြင်းဆန်ချင်သည့် CPဖန်မဟုတ်သူများက ဟယ့်ကျင်းယွင်က မျိုးဆက်သစ်လေးကို ထောက်ပံ့ရုံပဲဆိုသည့် သက်သေကို ရအောင်ရှာပြမည်ဟုပင်ပြောကြသည်။


သို့သော် ထိုဖန်များ သက်သေတစ်ခု မပြရသေးမီ ဖရဲသီးစားရသည်ကို ကြိုက်သူများက အခြားသက်သေ အတွဲလိုက်ကို ထုတ်ပြလာသည်။


ပထမတစ်ခုမှာ "Time Idol"တွင် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို ထပ်ကာထပ်ကာ ချီးကျူးထားသည့် screenshot များဖြစ်သည်။ 


ယဲ့ဇယ်ရှစ် antiဖန်များ၏ တိုက်ခိုက်ခြင်းကို ခံရစဥ်ကလည်း ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ဘက်မှ ရပ်တည်ပေးခဲ့‌သေးသည်။ ထိုသို့လုပ်ခဲ့သည်မှာလည်း သူက ပထမဆုံးဖြစ်သည်။ 


ယဲ့ဇယ်ရှစ်က အနားယူချင်သည်ဟု ‌ပို့စ်တင်လာသောအခါတွင်လည်း ဟယ့်ကျင်းယွင်ပင် ထိုဂယက်ကို ထိန်းသိမ်းပေးခဲ့သူဖြစ်လေသည်။


ထို့အပြင် ယဲ့ဇယ်ရှစ်က ‌သူ့Weiboပို့စ်တော်တော်များများ၏ မှတ်ချက်များကို ဘယ်တော့မှ မဖျက်သောကြောင့် သူတို့ပြန်ကြည့်ချင်သည့် မည်သည့်မှတ်ချက်မျိုးကိုမဆို သူတို့ချက်ချင်းပြန်ကြည့်နိုင်ပေသည်။


အစ၌ ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်က မည်သို့မျှမပတ်သက်ကြောင်း သက်သေရှာချင်ခဲ့သော်လည်း သူတို့ရှာတွေ့သည့် သက်သေအားလုံးမှာ ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့က ခွဲထုတ်၍မရအောင်ပင် ဆက်နွယ်နေခဲ့သည်ကိုပင်ဖြစ်သည်။


ဟယ့်ကျင်းယွင်၏ ဖန်များ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကြကာ လက်မြှောက်အရှုံး‌ပေးလိုက်ကြရသည်။


ဤသက်သေများကိုသာ ချပြလိုက်ပါလျှင် မယုံကြည်သည့် onlyဖန်များပင် ထိုသည်ကို ယုံသွားကြပေလိမ့်မည်။

ပြောကြပါဦး... သူတို့ဘယ်လိုလုပ် အဲ့ဒါတွေကို ချပြနိုင်မှာလဲလို့...


(T/N - Onlyဖန် ဟယ့်ကျင်းယွင်တစ်ယောက်ကိုပဲ အားပေးသည့်ဖန်)


များစွာသော screenshotများက ထွက်ပေါ်လာပြန်သည်။ အစ၌ တင်းခံနေခဲ့ကြသော onlyဖန်များလည်း ဆက်လက် တင်းမခံနိုင်ကြတော့ပေ။ ပုံမှန်ဆိုလျှင် ခေါင်းမာမာနှင့် ခိုင်ခိုင်မာမာရပ်တည်လေ့ရှိသော ဖန်များပင် အနည်းငယ် တုန်လှုပ်လာကြသည်။ အစကတည်းက တင်းမခံ၊ ပြိုင်မငြင်းသော ဖန်များမှာ only ဖန် နယ်ပယ်မှ ထွက်၍ ကြီးကျယ်‌လှသော cpဖန်အဖွဲ့ထဲသို့ ဝင်ရောက်သွားကြသည်။ 


ညတွင်းချင်းပင် "ဟယ့်ရှစ်" cpက အညွန့်တလူလူ ဖြစ်လာခဲ့သည်။


ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင် နှစ်ယောက်စလုံးမှာ ယနေ့ အနုပညာလောကထဲတွင် အလွန်ကျော်ကြားနေသည့် အနုပညာရှင်များဖြစ်ကြသည်။ ထိုလူနှစ်ယောက်၏ နာမည်နှစ်ခုကို တွဲလျက်ယှဉ်ကာ အတူထားလိုက်သောအခါ ထိုသည်မှာ အပူတပြင်း ဆွေးနွေးကြသည့် ကိစ္စတစ်ခု ဖြစ်လာတော့သည်။ 


ဖိုရမ်ရှိ ထိုအမေးအဖြေပို့စ်မှာ အလွန် ကျော်ကြားလာကာ Weibo သို့ပင်ရောက်ရှိလာသည်။ 


တစ်ညအကြာ ဆွေးနွေးငြင်းခုံမှုများအပြီး၌ ဟယ့်ရှစ် cpမှာ hot search ပေါ်သို့ပင် ရောက်ရှိလာခဲ့သည်။


[ဟယ့်ရှစ်...အိုကေလား...]


[ဟားဟားဟား သူတို့နှစ်ယောက်ရဲ့ cp နာမည်က တော်တော်ပျော်ဖို့ကောင်းတယ်...]


(T-N / 贺喜- ဟယ့်ရှစ်= ဂုဏ်ပြုခြင်း )


[ငါ့ကိုလာမမေးနဲ့... ငါလည်း ရုပ်ရှင်ဧကရာဇ်ဟယ့်နဲ့ ယဲ့ဇယ်ရှစ်က တော်တော်လိုက်မယ်လို့ တွေးနေခဲ့တာ... ဒါပေမယ့် ထုတ်ပြောဖို့ရာကျ ခက်နေခဲ့တာ...]


[ကောင်းတယ်... အရမ်းကောင်းလွန်းတယ်... မင်းတို့ ဘယ်ကနေများ ဒီလိုအချိုမျိုးကို ရှာလာခဲ့ကြတာလဲ... ချိုလွန်းလို့ သေတော့မယ်...]


[ဟယ့်ရှစ်က အမှန်မဟုတ်ဘူး ရှီးထန်ကမှ တကယ့်အစစ်အမှန် ...]


[ဘာဖြစ်လို့ နတ်ဘုရားက ယဲ့ဇယ်ရှစ်ကို စိတ်ဝင်စားနေတာ ဖြစ်ရမှာလဲ... တအား စိတ်ကြီးဝင်လွန်းနေတာ မဟုတ်ဘူးလား...]


[ငါတို့ ယဲ့ဇယ်ရှစ်ဖန်တွေလည်း နည်းနည်း... တစ်မျိုးလေး ပေါင်းကြံခံနေတယ်လို့ ခံစားနေရတယ်... ရုပ်ရှင်အတွက် ကြော်ငြာဖို့ နည်းအသစ်ရော မဖြစ်နိုင်ဘူးလား...]


[အပေါ်ထပ်က တစ်ယောက်ပြောသလိုဆိုရင် ယဲ့ဇယ်ရှစ်နဲ့ ရုပ်ရှင်ဧကရာဇ်ဟယ့်က ရုပ်ရှင်ထဲမှာလည်း အတွဲတွေလို့ ဆိုလိုချင်တာပေါ့ ပိုတောင်ချိုသွားပြီ...]


[ထားလိုက်တော့ မင်းတို့လို ဆင်ခြင်တုံတရားမရှိတဲ့ cpဖန်တွေနဲ့ ပြိုင်မငြင်းချင်တော့ဘူး...]


အချို့လူများမှာ ပျော်ရွှင်နေကြသော်လည်း အချို့မှာ စိတ်ပူနေကြသည်။ cpတွဲခြင်းကို မထောက်ခံသည့်ဖန်များမှာ ထိုသည်ကိုထောက်ပံ့မည်မဟုတ်ဘဲ ထိုသို့တွဲပေးနေသည့် သူများကိုလည်း သူတို့ မတားနိုင်ပေ။


သေချာပေါက်ကို နေရာအခိုင်အမာရနေတာက ရှီးထန် cpပဲလေ... ဘာတုန်း ဟယ့်ရှစ်cpဆိိုတာက... ဒီအတိုင်း တစ်ပွဲတိုးသာသာပါပဲ... 


နောက်တစ်နေ့ နံနက်အ‌စောမှာပင် အေးဂျင့်မှတစ်ဆင့် ထိုcpဖန်များအကြောင်း ဟယ့်ကျင်းယွင် သိသွားလေသည်။ 


လူမှုကွန်ယက်မှ သာမန်ပြောဆိုဆက်ဆံခြင်းက ထိုမျှအထိ ကိစ္စကြီးသွားလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြသည်မှာ အမှန်ပေ။


"သတင်းကို ဖုံးချလိုက်ချင်လား...မနေ့ညက မြင်လိုက်ရတုန်းကတော့ အဲဒီလောက် မကြီးသေးဘူး ဒီနေ့မနက်မှ လူအတော်သိသွားတာ..."


ဟယ့်ကျင်းယွင် ဖုန်းစပီကာကို ဖွင့်လိုက်ကာ ဘေးရှိ တက်ဘလက်ကို ဖွင့်လိုက်သည်။ Weibo ကိုရှာရန်ပြင်လိုက်ဟန်ရသည်။ CPနာမည်ကို မြင်သောအခါ သူ မျက်ခုံးပင့်လိုက်မိသည်။ 

"ဟယ့်ရှစ် CPဆိုပါလား..."


အေးဂျင့် ပြုံးလိုက်သည်။

"ဟေး... ငါ့ကိုလာမမေးနဲ့ ... အင်တာနက်အသုံးပြုသူတွေက နာမည်ရွေးတဲ့နေရာမှာ စိတ်ကူးစိတ်သန်းကောင်းတာတော့ အမှန်ပဲ... အဲ့ဒီနာမည်က အတော်လေး ပျော်ဖို့ကောင်းတယ်လို့တော့ ထင်တာပဲ..."


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်လေး အနည်းငယ် ကွေးတက်သွားလေသည်။

"ဟုတ်တယ် နားထောင်လို့ ကောင်းတာတော့အမှန်ပဲ... ထားလိုက်ပါ...ဒီအတိုင်း လျစ်လျူရှုထားလိုက် ...ရုပ်ရှင်ထွက်ပြီးသွားရင်လည်း ကျွန်တော်နဲ့ ယဲ့ဇယ်ရှစ်မှာ cpဖန်တွေပိုများလာမှာပဲကို..."


အေးဂျင့်အတွက် လက်မခံနိုင်စရာ မရှိပေ။


သို့သော် သေချာစဉ်းစားကြည့်ပါလျှင် ဟယ့်ကျင်းယွင် ပွဲဦးထွက်စကတည်းက သူနှင့်အတူ cp နာမည်ထွက်လိုသည့် အနုပညာရှင်များစွာရှိခဲ့သည်။


ဟယ့်ကျင်းယွင်က ထိုကိစ္စကို မည်သို့မျှမထုတ်ပြန်ခဲ့သော်လည်း အခြားအနုပညာရှင်၏ အဖွဲ့ဖက်မှ cpတွဲသည်ကို သူ မတားခဲ့ပေ။ ထို့ကြောင့် ဟယ့်ကျင်းယွင်၏ cpများမှာ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။


ယနေ့တွင် ဟယ့်ရှစ်cp ထွက်ပေါ်လာခဲ့သော်လည်း ဟယ့်ကျင်းယွင် နာမည်အောက်တွင် cpများစွာရှိလေသောကြောင့် ထိုသည်က အသစ်အဆန်းမဟုတ်ပေ။ 


သူ့ကို မည်သို့မှ မထိခိုက်နိုင်ပေ။


ယဲ့ဇယ်ရှစ်အတွက်မူ ထိုcpအကြောင်းကို ကောင်းရှူက ပြောလာသောအခါ သူက ဂရုကိုမစိုက်ပေ။


သူက အလေးအနက်ပင် ပြောလာသေးသည်။

"ဒီCP နာမည်က ခံစားချက်ကောင်းတယ်... ကြည့်ရတာ ရုပ်ရှင်က အတော်ပေါက်သွားဦးမယ် ထင်တယ်..."


ထိုသည်ကိုကြားသောအခါ ချန်ကျန့်ထျန်းလည်း အလွန်ပျော်ရွှင်နေကာ အပြုံးဖြင့် ပြောလိုက်သည်။

"တကယ်ကောင်းတဲ့ နာမည်လေးပဲ... နောက်ကျ ရုပ်ရှင်ကို ကြော်ငြာဖို့အတွက် ပိုက်ဆံကုန်သက်သာသွားတာပဲ...ဒါတွေက မင်းတို့ CPဖန်လေးတွေ ကျေးဇူးကြောင့်ပါပဲ...ငါတို့ရုပ်ရှင်တော့ အရှုံးပေါ်မှာ မဟုတ်တော့ဘူး..."


ထိုကိစ္စကို ယဲ့ဇယ်ရှစ် အလွန်သဘောတူလေသည်။


ဟယ့်ကျင်းယွင် ပြုံးနေသော်လည်း ယမန်နေ့ညက မေးခွန်းကိုမူ အတည်ပြုရန် မမေ့ခဲ့ပေ။

"ဆိုတော့ ကောင်းကောင်း အကျွေးမွေးခံရပြီးတော့ မပင်ပန်းတော့ဘူးပေါ့လေ..."


ဟယ့်ကျင်းယွင် ထိုသည်ကို မှတ်မိနေသေးကြောင်း ယဲ့ဇယ်ရှစ် မထင်ခဲ့မိပေ။ သူ လည်ချောင်းရှင်းကာ အလေးအနက်ပြောလိုက်သည်။ 

"သေချာပေါက်ပေါ့... ရုပ်ရှင်ရိုက်တဲ့သူတစ်ယောက်အတွက် ကောင်းကောင်းအကျွေးမွေးခံရတာက သူ့အတွက် စိတ်ဝိညာဉ်ပဲ... အဲ့ဒီစိတ်ဝိညာဉ်က သူ့အတွက်တော့ အင်အားပဲလေ..."


ဟယ့်ကျင်းယွင်၏ အပြုံးမှာ ပိုနက်နဲသွားပြီး ခေါင်းညိတ်လိုက်သည်။


"သိပြီ..."


ကြည့်ရတာ သူ့ကို ဆက်ကျွေးမွေးဖို့ လိုသေးတဲ့ပုံပဲ...



🎶🎶🎶