Chapter 93
Viewers 21k

🎶 Chapter 93



ယဲ့ဇယ်ရှစ် ပြောပြီးသည်နှင့် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကားထဲရှိအလင်းက မှိန်ဖျော့လွန်းနေသောကြောင့် သူ့အမူအရာကို ခဏခန့် မထိန်းထားနိုင်ခဲ့လျှင်ပင် ချက်ချင်းသိနိုင်မည်မဟုတ်ချေ။


တစ်ဖက်ရှိ ဟယ့်ကျင်းယွင်က...


တကယ်လို့ ဝေ့လီဖေးက ဒီကိစ္စကြောင့် စိတ်ညစ်ပြီး ယဲ့ဇယ်ရှစ်ကို အရက်အတူသောက်ဖို့ ခေါ်ခဲ့တာဆိုရင်...


အဓိပ္ပာယ်ရှိတယ်...


တစ်ဖက်လှည့် တွေးကြည့်မယ်ဆိုရင် ဒီလိုပြဿနာမျိုးက ကိုယ့်ဆီမှာဖြစ်လာရင်လည်း သေချာပေါက် ခေါင်းကိုက်ရလိမ့်မှာ...


ဒီပြဿနာက တကယ့်ကို ဒီရာစုနှစ်ရဲ့ ပြဿနာပဲ...


အတွေ့အကြုံမရှိတဲ့သူ တော်များများကတော့ နားမလည်နိုင်လောက်ဘူး...


ဒါပေမယ့် တကယ်လို့ ဒီပြဿနာကို ငါနဲ့ ယဲ့ဇယ်ရှစ်ကြားမှာဖြစ်မယ်ဆိုရင်...


၎င်းကို ခဏခန့်တွေးရုံဖြင့် ဟယ့်ကျင်းယွင်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။


ဒါကို ဘယ်လိုဖြေရှင်းကြမလဲ...


ဒီမေးခွန်းအတွက် အဖြေမရှိမှာစိုးပါရဲ့...


ဒီပြဿနာက ရိုးရှင်းတယ်ဆိုပေမယ့်လည်း တစ်ဖက်လူက ခြေတစ်လှမ်းဆုတ်မှပဲ ရမှာ...


ဒါပေမယ့် ဒီဟာက ပြောရပဲလွယ်တာ လုပ်ဖို့ခက်တယ်...


ငါသာ အဲဒီလိုမျိုး တကယ်ကြုံလာခဲ့ရင် သေချာပေါက် အချိန်အကြာကြီး ဒုက္ခရောက်နေလောက်တယ်...


ကံကောင်းချင်တော့ ငါမကြုံရဘူး...


၎င်းကိုတွေးပြီးနောက် ဟယ့်ကျင်းယွင် သက်ပြင်းချလိုက်မိသည်။ သူက ယဲ့ဇယ်ရှစ်ကိုကြည့်ကာ ပြောလိုက်၏။ 

"ဒီပြဿနာသာဆိုရင် တကယ် ဖြေရှင်းစရာနည်းမရှိဘူး..." 


ယဲ့ဇယ်ရှစ်၏ အမူအရာက ချက်ချင်းပြောင်းသွားခဲ့ပြီး မနေနိုင်စွာ မေးလိုက်သည်။ 

"ဟင်...နည်းမရှိဘူးလား...ဘာဖြေရှင်းချက်မှမရှိဘူးလား..."


ဟယ့်ကျင်းယွင်က ခေါင်းညိတ်ပြလိုက်သည်။ 

"ဒါကရိုးရှင်းတယ်ဆိုပေမယ့် နှစ်ယောက်ထဲက တစ်ယောက် နောက်ဆုတ်မှပဲရမှာ..လူနည်းနည်းကပဲ ဒီလိုမျိုး လုပ်ချင်စိတ်ရှိတယ်... "


ယဲ့ဇယ်ရှစ် အံကြိတ်လိုက်မိသည်။


ဒါကြောင့်ပဲ ငါ ဟယ့်ကျင်းယွင်ရဲ့ အတွေးကို မေးချင်ခဲ့တာ... 


ဒီအဖြေပဲ...


ယဲ့ဇယ်ရှစ်၏ စိတ်ထဲ သက်ပြင်းချလိုက်၏။


ခဏအကြာတွင် ဟယ့်ကျင်းယွင်က ထပ်ပြောလာခဲ့သည်။  

"ဝေ့လီဖေး စိတ်မပူနေသင့်ဘူးလို့ထင်တယ်... ငါသာဆိုရင်...အင်း မဟုတ်ဘူး ငါသာဆို ဒီလိုပြဿနာမျိုးရှိလာမှာမဟုတ်ဘူး..."


ယဲ့ဇယ်ရှစ်၏ နှလုံးသားက ရုတ်တရက် လှုပ်ခါသွားခဲ့သည်။ ထို့နောက် သူ တုံ့ဆိုင်းစွာ ပြောလိုက်၏။ 

"ဟယ့်လောင်ရှီး အဲဒီလိုမျိုး မကြုံရဘူးဆိုတာ သေချာရဲ့လား... တကယ်လို့..."


ဟယ့်ကျင်းယွင်က နှုတ်ခမ်းထောင့်များတွန့်ကွေးကာ ပြုံးလိုက်သည်။ 

"ဒီလိုကိစ္စတွေမျိုးမှာ ငါက တခြားလူတွေထက် ပိုအထိမခံဘူးလေ...အဲဒါကြောင့် ဒီလိုကိစ္စမျိုးက ငါ့ဆီမှာ ဖြစ်လာမှာမဟုတ်ဘူး... ငါက ဆက်ဆံရေးတစ်ခုစမယ်ဆိုတည်းက ဒီကိစ္စကို ကြိုအတည်ပြုခဲ့မှာ... တကယ်လို့ ငါတို့က သဟဇာတမဖြစ်ဘူးဆိုရင် အဲဒီဆက်ဆံရေးကို ဆက်စဉ်းစားစရာအကြောင်းမရှိတော့ဘူး..."


ယဲ့ဇယ်ရှစ်၏ နှုတ်ခမ်းပေါ်ရှိ အပြုံးက အေးခဲသွားခဲ့သည်။

"လုံးဝမစဉ်းစားတော့ဘူးလား..."


ဟယ့်ကျင်းယွင်က အလွန်ခိုင်မာနေသည်။ 

"မစဉ်းစားဘူး... အဓိပ္ပာယ်မှမရှိပဲ..."


ယဲ့ဇယ်ရှစ် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။


လုံးဝမစဉ်းစားဘူးပေါ့လေ...


ဒါဆို ငါ့မှာ အခွင့်အရေးလုံးဝမရှိဘူးလို့ဆိုလိုတာလား...


သူ့အချစ်က မစတင်ခင်မှာပင် ပြီးဆုံးသွားပြီး သူ့အတွက် ထိုးနှက်ချက်ကြီးတစ်ခုဖြစ်ခဲ့သည်။


ဟယ့်ကျင်းယွင်နှင့် မတွေ့မီက ယဲ့ဇယ်ရှစ်၌ သူတို့၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ထင်ယောင်ထင်မှားများစွာရှိခဲ့သည်။ 


အခုတော့ ငါ့ရဲ့ အချစ်မီးတောက်က ငြိမ်းသွားပြီ...အတိတ်ကိုပဲ ပြန်သတိရနိုင်တော့တယ်...


ယဲ့ဇယ်ရှစ်က စိတ်ထိခိုက်စွာဖြင့် နောက်သို့မှီကာ ပြတင်းပေါက်ဘက်ကိုလှည့်၍ အပြင်ဘက်ရှိလမ်းမီးတိုင်များကိုကြည့်ကာ ဟယ့်ကျင်းယွင်ကိုပြောလိုက်သည်။ 

"ကောင်းပါပြီ.. ကျွန်တော် ဝေ့လီဖေးနဲ့ စကားကောင်းကောင်းပြောလိုက်ပါ့မယ်..."


ဟယ့်ကျင်းယွင်က ခေါင်းညိတ်ပြီး ထပ်ဖြည့်ပြောလိုက်သည်။ 

"ဒါပေါ့ ဝေ့လီဖေးဘက်က ခြေတစ်လှမ်းဆုတ်ဖို့ ဆန္ဒရှိတယ်ဆိုရင် မဖြစ်နိုင်တာတော့မဟုတ်ဘူး..."


"သူ မလုပ်ချင်လောက်ဘူး..." 

ယဲ့ဇယ်ရှစ် သက်ပြင်းချလိုက်သည်။


တကယ်လို့ ဆန္ဒရှိနေရင် အခုလိုပြဿနာမျိုး ရှိလာမှာမဟုတ်ဘူး...


အမှန်ဆို အခု ငါနဲ့ ဟယ့်ကျင်းယွင်က ကိုယ်အကြိုက်ဆုံး type တွေကို ဆွေးနွေးပြီးတော့ ငါ့အပေါ် ဘယ်လိုမြင်လဲလို့ ဟယ့်ကျင်းယွင်ကို မေးရမှာ...


အဲဒီလိုသာဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ...


ဒါပေမယ့် ဒီလိုဖြစ်လာမယ်လို့ ဘယ်သူက စိတ်ကူးထားမှာလဲ... 


အပြန်လမ်းတွင် ယဲ့ဇယ်ရှစ် စကားများစွာမပြောခဲ့ချေ။


ရံဖန်ရံခါမှာသာ ဟယ့်ကျင်းယွင်၏ စကားကို အနည်းငယ်တုံ့ပြန်လိမ့်မည်ဖြစ်သည်။ 


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏ မူမမှန်မှုကို သတိပြုမိပြီး စိုးရိမ်စွာမေးလာခဲ့သည်။ 

"ဘာဖြစ်လို့လဲ...အရက်သောက်ပြီး မသက်မသာ ခံစားနေရလို့လား..."


ငါရဲ့သောက်နိုင်စွမ်းက သိပ်မကောင်းဘူးဆိုပေမယ့် ဝိုင်နည်းနည်းသောက်ရုံနဲ့ ဘယ်လိုလုပ် မသက်မသာခံစားရမှာလဲ...


ဟယ့်ကျင်းယွင်ကြောင့်ပဲ ဒီလိုဖြစ်နေတာလေ...


သို့သော် ယဲ့ဇယ်ရှစ်က ထိုကဲ့သို့ မပြောနိုင်သောကြောင့် လက်ခံရုံသာ တတ်နိုင်ခဲ့သည်။


ယဲ့ဇယ်ရှစ်က ရိုးရှင်းစွာပြောလိုက်သည်။ 

"ဝိုင်သောက်တာများသွားလို့ ရင်ဘတ်ထဲ နည်းနည်း မသက်မသာခံစားနေရတာ..."


ဟယ့်ကျင်းယွင် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။  

"ယွိရယ် ဆေးဆိုင်သွားပြီး အမူးပြေဆေး နည်းနည်းလောက်သွားဝယ်လိုက်..."


"မလိုပါဘူး..." 

ယဲ့ဇယ်ရှစ်က မစဉ်းစားဘဲပြောလိုက်သည်။  

"မြန်မြန်ပြန်ကြရအောင်... ကျွန်တော်အနားယူချင်နေပြီ..."


ဒီနေ့အတွက်မပျော်ရွှင်မှုကို ဒီနေ့မှာပဲ ချန်ထားခဲ့ရအောင်...


မနက်ဖြန်နိုးလာတာနဲ့ စိတ်သစ်လူသစ်ဖြစ်သွားလိမ့်မယ်...


"တကယ်အဆင်ပြေရဲ့လား..." 

ဟယ့်ကျင်းယွင်က အနည်းငယ် စိုးရိမ်နေဆဲဖြစ်သည်။ 


ယဲ့ဇယ်ရှစ်က ခိုင်မာစွာပြောလိုက်၏။  

"အဆင်ပြေပါတယ်... ခဏနေရင် အိမ်ရောက်တော့မှာပဲဟာ...ကျွန်တော်က ဒီတိုင်း နည်းနည်းလေးပင်ပန်းနေရုံပါ...ဟယ့်လောင်ရှီးလည်း မြန်မြန်အိမ်ပြန်ပြီး အနားယူသင့်တယ်လေ..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ် ၏ မျက်နှာကို အကဲခတ်ကာ အထပ်ထပ်အတည်ပြုပြီးနောက် ခေါင်းညိတ်လိုက်သည်။  

"ဒါဆိုလည်းကောင်းပြီ...မင်းမသက်မသာခံစားရရင် ငါ့ကို အချိန်မရွေးဖုန်းဆက်လိုက်..."


"ကောင်းပါပြီ စိတ်မပူပါနဲ့..." 

ယဲ့ဇယ်ရှစ်က ဖျစ်ညှစ်ပြုံးပြလိုက်သည်။ 


ကားက တံခါးနားတွင် ဖြည်းညှင်းစွာ ရပ်သွားပြီး ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ကိုလက်ပြကာ ဗီလာထဲသို့ဝင်ခဲ့သည်။ 


တံခါးပိတ်ပြီးသည်နှင့် တစ်ပြိုင်နက် သူ ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။


သူ့နှလုံးသားက အနည်းငယ် ရောင်ရမ်းနေပြီး နာကျင်နေပေသည်။


ယဲ့ဇယ်ရှစ်က သူ့ရင်ဘတ်ကို ဖုံးအုပ်ထားကာ နှစ်မိနစ်ခန့်ထိုင်နေပြီး ရုတ်တရက် သူ့ဖုန်းမှ မက်ဆေ့ခ်ျဝင်သံထွက်လာခဲ့သည်။


သူ ကောက်ကိုင်ကြည့်လိုက်ရာ ဟယ့်ကျင်းယွင်ထံမှ မက်ဆေ့ချ်တစ်စောင်ရောက်နေသည်ကို တွေ့လိုက်ရသည်။


သို့သော် ယခုတစ်ကြိမ်တွင်မူ ယဲ့ဇယ်ရှစ်၏ ယခင်က စိတ်လှုပ်ရှားမှုများ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။


ဟယ့်လောင်ရှီး : "စောစောနားတော့...မင်း တစ်ခုခုဖြစ်ရင် ငါ့ကို ဖုန်းဆက်လိုက်... ငါချက်ချင်းလာခဲ့မယ်..." 


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်၏ စကားလုံးများကို ပြန်တွေးကြည့်ရင်း ပို၍ စိတ်မသက်မသာဖြစ်လာခဲ့ရသည်။ 


မူလတွင် သူကထူးခြားသည်ဟု ထင်မိခဲ့သော်လည်း ယခုမူ ၎င်းက ဟယ့်ကျင်းယွင်၏ လူကြီးလူကောင်းဆန်သော အသွင်အပြင်တစ်ခုသာ ဖြစ်ပုံရ၏။


အသက်ပြင်းပြင်းရှူပြီးနောက် ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်၏ ပရိုဖိုင်ကို နှိပ်ကာ အကြိုက်ဆုံးစာရင်းမှ ဖယ်ထုတ်၍ ဟယ့်ကျင်းယွင်၏ WeChat အမည်ကို မူရင်းအမည်အဖြစ်ပြောင်းခဲ့သည်။


ထို့နောက် ဟယ့်ကျင်းယွင်ကို စာပြန်လိုက်သည် : 

"ကောင်းပါပြီ...ကျေးဇူးပါ...ဟယ့်လောင်ရှီးလည်း စောစောအနားယူပါ..."


ယဲ့ဇယ်ရှစ်က စာပို့သည်ကိုနှိပ်ပြီးနောက် ဖုန်းပိတ်၍ ရေသွားချိုးလိုက်သည်။ ထို့နောက် အိပ်ရာပေါ်သို့ လှဲချလိုက်သည်။ 


ဒီတိုင်း အိပ်ကြရအောင်...


နိုးလာတဲ့အခါကျ အားလုံးအဆင်ပြေသွားလိမ့်မယ်...


မနက်ဖြန်က နေ့သစ်တစ်ခုပဲ...မပျော်ရွှင်စရာတွေကို တစ်ခါထဲလွှင့်ပစ်ခဲ့ရမယ်...


ယဲ့ဇယ်ရှစ်က စိတ်ပိုင်းဆိုင်ရာနည်းဖြင့် သူ့ကိုယ်သူ အဆက်မပြတ်ပြောနေပြီး မျက်လုံးမှိတ်ကာ လျင်မြန်စွာအိပ်ပျော်သွားခဲ့သည်။ 


သို့သော် သူ နောက်တစ်နေ့ နိုးလာချိန်တွင် စိတ်ပိုင်းဆိုင်ရာရွတ်ဆိုမှုများက ထင်သလောက် အကျိုးမသက်ရောက်သည်ကို ယဲ့ဇယ်ရှစ် သဘောပေါက်သွားခဲ့သည်။ 


အသုံးမဝင်ဘူး...


နောက်တစ်နေ့ နိုးလာတဲ့အထိတောင် မသက်မသာခံစားနေရတုန်းပဲ...


ယဲ့ဇယ်ရှစ် အလွန်မသက်မသာဖြစ်နေသောကြောင့် ယန်မန် သူ့ကို အိမ်ပြန်ပြီး ငါးလေးခြောက်ကြော်လာစားရန် ခေါ်ခဲ့သည်ကိုပင် ငြင်းဆန်ခဲ့သည်။  


ငါးလေးခြောက်ကြော်က ဘာကောင်းလို့လဲ...


ယဲ့ဇယ်ရှစ် သက်ပြင်းထပ်ချလိုက်သည်။


ထို့နောက် သူ ဒေါသထွက်လာခဲ့သည်။ 


ဒါပေမယ့် ငါဘာလုပ်နိုင်မှာလဲ...


ငါ့ကို ဘယ်သူက 1ကိုချစ်မိသွားအောင် လုပ်ခဲ့တာလဲ...              

                                                                                                                                                                                ယဲ့ဇယ်ရှစ်က စောင်ထဲ၌ ခေါင်းနှစ်ထားလိုက်သည်။ 


ထားလိုက်တော့... ငါ ပင်ပန်းနေပြီ...


နောက်စက္ကန့်တွင် ဖုန်းသံမြည်လာခဲ့သည်။ 


ယဲ့ဇယ်ရှစ်က ခေါ်ဆိုသူကိုပင် မကြည့်ဘဲ ဖုန်းပြန်ဖြေလိုက်သည်။  

"အန်တီ ကျွန်တော် တကယ်မစားချင်ဘူး..." 


ဟယ့်ကျင်းယွင်က စကားဖြတ်ပြောလာခဲ့သည်။ 

"ဇယ်ရှစ်...ငါပါ..."


ယဲ့ဇယ်ရှစ် ခဏခန့် ကြောင်အသွားပြီး ဖုန်းခေါ်ဆိုသူကို ကြည့်လိုက်ရာ ယန်မန်မဟုတ်ဘဲ ဟယ့်ကျင်းယွင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။  


သူက လျင်မြန်စွာ ထထိုင်ပြီး ဖုန်းကိုင်ထားရင်း လည်ချောင်းရှင်းကာ ပြောလိုက်သည်။  

"တောင်းပန်ပါတယ်... ဟယ့်လောင်ရှီး ကျွန်တော် ဟယ့်လောင်ရှီးဆိုတာ မသိလိုက်လို့ပါ..."


ဟယ့်ကျင်းယွင်က အပြုံးဖြင့်ပြောလိုက်သည်။  

"ရပါတယ်...မင်းကို စောစောက ဘယ်သူဖုန်းဆက်လို့လဲ...နေ့လည်စာစားဖို့မေးတာလား..."


ယဲ့ဇယ်ရှစ် ရှင်းပြလိုက်သည်။ 

"အင်း ကျွန်တော့်အန်တီပါ...အိမ်ကိုညစာလာစားဖို့ ဖုန်းဆက်တာ..."


"မင်းအိမ်ပြန်စားမလို့လား" 

ဟယ့်ကျင်းယွင် မေးလိုက်သည်။


ယဲ့ဇယ်ရှစ် သက်ပြင်းချလိုက်မိသည်။


ငါ ဒီလိုမျိုးဖြစ်နေတာကို အိမ်ပြန်လိုက်ရင် သေချာပေါက် ဘာဖြစ်နေတာလဲလို့ မေးခံရမှာပေါ့...ပြန်မှာမဟုတ်ဘူး...


"မပြန်ဘူး..." 

ယဲ့ဇယ်ရှစ် ပြောလိုက်သည်။


"မနေ့က အများကြီးသောက်မိတာ... အခုထိနေလို့မကောင်းဖြစ်နေလို့လား..."  

ဟယ့်ကျင်းယွင်က မေးလိုက်၏။ 


"မဟုတ်ပါဘူး ဒီတိုင်း ဒီမနက်တုန်းက အစောကြီးထထားလို့ မအီမသာဖြစ်နေတာပါ..." 

ယဲ့ဇယ်ရှစ်က ခဏရပ်ပြီးနောက် မေးလိုက်သည်။ 

"ဒါနဲ့ တစ်ခုခုရှိလို့လား ဟယ့်လောင်ရှီး..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ် သူ့အား မေးလာချိန်ကို စောင့်နေခဲ့ပြီး နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးကာ အပြုံးဖြင့်ပြောလိုက်သည်။

"ငါ ဒီနေ့ ရှားရှားပါးပါး အချိန်ရှိလို့လေ ဟင်းချက်စရာတွေ ဝယ်ထားတယ်... အဲဒါ မင်းကို နေ့လည်စာစားဖို့ ဖိတ်ချင်လို့..." 


ယမန်နေ့ပြီးနောက်တွင် ဟယ့်ကျင်းယွင်လည်း ယဲ့ဇယ်ရှစ်ကို အချိန်ပေးရမည်ဟု နားလည်ခဲ့သော်ငြား တစ်ဖက်လူကို တစ်ယောက်တည်း မလွှတ်ထားနိုင်ချေ။


ထို့ကြောင့် ယနေ့၌ သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး လက်ဦးမှုရယူခဲ့သည်။


အကယ်၍ သာမန်ဆိုလျှင် အထူးသဖြင့် ယမန်နေ့ညက ကိစ္စမျိုးမရှိခဲ့လျှင် ဟယ့်ကျင်းယွင်၏အိမ်၌ စားရမည်ကို ယဲ့ဇယ်ရှစ် သေချာပေါက် ပျော်ရွှင်နေလိမ့်မည်ဖြစ်သည်။


အမှန်တွင် ဟယ့်ကျင်းယွင်၏ လက်ရာက အရသာရှိပြီး ငါးလေးခြောက်ကြော်က အလွန်ကောင်းပေသည်။ 


သို့သော် ယခု၌ အခြေအနေက မတူတော့ချေ။ သူ ဟယ့်ကျင်းယွင်၏ အတွေးများကို သိထားပြီးဖြစ်သောကြောင့် သူနှင့် ဟယ့်ကျင်းယွင်ကြား ဖြစ်နိုင်ချေ မရှိသည်ကို ပို၍ ရှင်းရှင်းလင်းလင်း သဘောပေါက်လာခဲ့သည်။  


ဟယ့်ကျင်းယွင်၏ သူ့အပေါ် ကြင်နာမှုက သူ၏ဂျူနီယာလေးအပေါ် ဂရုစိုက်ရုံသာဖြစ်သည်။ သူ ထိုအကြောင်းကို များစွာမတွေးသင့်ပေ။ 


ရေရှည်နာကျင်မှုက ရေတိုနာကျင်မှုထက် ပိုဆိုးပေသည်။ 


ယခုကတည်းက ဤနာကျင်မှုမှ တတ်နိုင်သမျှလွတ်မြောက်ရန်ကြိုးစားသည်က လူတိုင်းအတွက်ကောင်းလိမ့်မည်။


ယဲ့ဇယ်ရှစ်က အသက်ပြင်းပြင်းရှူပြီးနောက် ခက်ခဲစွာပြောလိုက်သည်။  

"တောင်းပန်ပါတယ်...ဟယ့်လောင်ရှီး...ကျွန်တော် ဒီနေ့လာနိုင်မှာမဟုတ်ဘူး... "


ဟယ့်ကျင်းယွင်က ဘာဟင်းချက်မည်ကိုပင် တွေးတောနေခဲ့ပြီး ထိုစကားကို ကြားချိန်၌ သူ့နှုတ်ခမ်းထောင့်ရှိအပြုံးက အေးခဲသွားခဲ့သည်။ 

"ဘ-ဘာ..."


ဟယ့်ကျင်းယွင်က ခဏခန့်ရပ်သွားပြီး သူ့လေသံမမှန်သည်ကို သတိပြုမိကာ လျင််မြန်စွာ ပြောင်းပြောလိုက်သည်။ 

"ဘာလို့လဲ..." 


ယဲ့ဇယ်ရှစ်က သူ့နားထင်ကို ပွတ်သပ်ကာ ပြောလိုက်သည်။ 

"အိမ်အကူအန်တီက ကျွန်တော့်အတွက် ဟင်းတွေအများကြီး ချက်ပေးသွားတယ်... အခုပဲ ကျွန်တော်တစ်ဝက်လောက်စားပြီးတာ... ပြီးတော့ ခဏနေရင် ဝေ့လီဖေးကိုလည်း သွားတွေ့ရဦးမယ်...သူအခုထိ ပြဿနာမဖြေရှင်းနိုင်သေးဘူး...သူ ကျွန်တော့်ကို စောင့်နေတုန်းပဲ..." 


ထိုသို့ပြောပြီးနောက် ယဲ့ဇယ်ရှစ်၏ စိတ်ထဲ ဝေ့လီဖေးကို တောင်းပန်လိုက်သည်။


ညီအစ်ကိုကောင်းရေ...ဒီအချိန်မှာ ငါမင်းကိုပဲ အကြောင်းပြချက်အနေနဲ့ထုတ်သုံးရတော့မယ်...


၎င်းကိုကြားပြီးနောက် ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်လိုက်သည်။


ငါ ခြေတစ်လှမ်းနောက်ကျသွားတဲ့ပုံပဲ...


ဟယ့်ကျင်းယွင်က အနည်းငယ်စိတ်ပျက်သွားသော်လည်း ပြောလိုက်ဆဲဖြစ်သည်။  

"ဒါဆို ညနေကျရင်ရော...ငါ နေ့လည်စာမချက်တော့ဘူးလေ... ညနေကျမှ ညစာစားဖို့ စောင့်နေမယ်..."  


"ညနေကျ..."

ယဲ့ဇယ်ရှစ် အနည်းငယ်ရှက်သွားခဲ့သည်။ 

"ညနေလည်း မအားဘူးထင်တယ်...ဒီနေ့သိပ်မသေချာဘူး... ဘယ်အချိန်မှ ပြန်ရောက်မလဲမသိဘူး..."


ဟယ့်ကျင်းယွင်က မျက်မှောင်ပိုကြုတ်မိသွားခဲ့သည်။ 

"ဒီလိုဆိုမှတော့..."


ယဲ့ဇယ်ရှစ်က လိမ်ရသည့်အတွက် အပြစ်ရှိသလိုခံစားရပြီး တောင်းပန်လိုက်သည်။  

"ကျွန်တော်တောင်းပန်ပါတယ်...ဟယ့်လောင်ရှီး ကျွန်တော့်ကို ဂရုစိုက်ရတာ ပင်ပန်းမှာပဲ...ဒါပေမယ့် ကျွန်တော်က..." 


"ဘာကိုပြောနေတာလဲ..." 

ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်စကားကို ဖြတ်ပြောလိုက်သည်။ 

"ငါတို့ တစ်ယောက်ကိုတစ်ယောက် ဒီလောက် ယဉ်ကျေးနေစရာလိုလို့လား..."


ယဲ့ဇယ်ရှစ်ပြုံးပြီး ဘာမှပြန်မပြောခဲ့ချေ။


"ဒါဆိုလည်း မင်းလုပ်စရာရှိတာလုပ်ပါ... ငါမင်းကို လိုက်ပို့ပေးရဦးမလား..." 

ဟယ့်ကျင်းယွင် ပြောလိုက်သည်။ 


"ဟင့်အင်း...ကျွန်တော့်ဘာသာ သွားလိုက်ပါ့မယ်..." 

ယဲ့ဇယ်ရှစ်က ပြောခဲ့သည်။ 


"ကောင်းပါပြီ..." 

ဟယ့်ကျင်းယွင် သက်ပြင်းချလိုက်သည်။


ဖုန်းချပြီးနောက် ဟယ့်ကျင်းယွင်က ရေခဲသေတ္တာထဲရှိ ဟင်းချက်စရာများကိုကြည့်ကာ အနည်းငယ်စိတ်ဖိစီးသွားခဲ့သည်။


ကြည့်ရတာ ယွိရယ်ကိုပဲ ဒါတွေပေးလိုက်ရမယ်ထင်တယ်... ဒါတွေကို ရေခဲသေတ္တာထဲ ဆက်သိမ်းထားရင် မကောင်းဖြစ်သွားလိမ့်မယ်...


ထိုအချိန်တွင် တစ်ဖက်ရှိ ယဲ့ဇယ်ရှစ်က အိပ်ရာပေါ်မှထကာ အလျင်စလိုကားမောင်းထွက်သွားခဲ့သည်။ 


ထိုအချိန်မှသာ အိမ်နီးနားချင်းဖြစ်ရခြင်း၌ မကောင်းသောအချက်များရှိသည်ကို ယဲ့ဇယ်ရှစ် သဘောပေါက်သွားခဲ့၏။ 


အလိမ်အညာများကို ဖုံးဖိရန် အလွန်ခက်ပေသည်။



🎶🎶🎶