အပိုင်း ၄၀၆-၄၁၀ (End)
Viewers 14k

Chapter 406(Extra-43)


ကျောင်းအုပ်ကြီးက သူမကိုခြောက်လှန့်လိုက်သော်လည်း ၎င်းက ခြိမ်းခြောက်ရုံသာဖြစ်သည်။ သင်သာ ရွာပြင်ထုတ်ခံရပါက သင်၏မွေးရပ်မြေမှထွက်သွားရမည်ဖြစ်ကာ ဘယ်လိုသွားရမလဲမသိဖြစ်ပေလိမ့်မည်။ သို့သော် ၎င်းတို့က အရင်ကကိစ္စများသာဖြစ်ပြီး ယခုအချိန်တွင် ပိုမို၍ စည်းကမ်းရှိလာပြီဖြစ်သည်။ ရွာပြင်ထုတ်ခံရသည်ဟူသော စည်းကမ်းကမရှိတော့သော်လည်း ကလေးတစ်ယောက်ကိုခြောက်လှန့်ရန်အတွက် လုံလောက်ပေသည်။


ကျန်းယွဲ့က ဖြူဖျော့သွားပြီး ချက်ချင်းငိုချလာသည်။


"ကျောင်းအုပ်ဆရာကြီး... သမီးမှားမှန်းသိပါပြီ... နောက်ဆိုထပ်မလာတော့ပါဘူး... ရွာလူကြီးကိုမပြောပါနဲ့... အမေ့ကိုလည်းမပြောပါနဲ့နော်.. သမီးမှားမှန်းတကယ်သိပါပြီ..."


သူမ ပြင်းပြင်းထန်ထန့်ငိုကြွေးနေပြီး ဤကိစ္စကဤမျှပြင်းထန်မည်ဟုမထင်ခဲ့ပေ။ 

သူမသာ သူမရဲ့အမေနဲ့ မောင်လေးကိုဆွဲချမိသွားရင်ဘယ်လိုလုပ်မလဲ....


ကျောင်းအုပ်ကြီးက သက်ပြင်းချလိုက်လေသည်။

"ငါမင်းကို အရှက်ခွဲဖို့မရည်ရွယ်ပါဘူး... မင်းစာကောင်းကောင်းရေးနိုင်ကြောင်း ငါမြင်ပါတယ်... မင်းသာ စာသင်ဖို့ပိုက်ဆံပေးနိုင်ရင် ငါသေချာသင်ပေးနိုင်ပါတယ်... ဒါပေမဲ့ နေရာတိုင်းမှာစည်းမျဉ်းဆိုတာရှိတယ်လေ... မင်းကျောင်းတက်ချင်ရင် ကျောင်းရဲ့စည်းကမ်းကိုလိုက်နာရမယ်...."


သူမက ကျူရှင်ဖိုးမတင်နိုင်ပေ။


ကျန်းယွဲ့ ငိုကြေီးကာခေါင်းငြိမ့်ပြပြီး တောင်းပန်စကားသာဆိုရင်း ရုံးခန်းထဲမှထွက်ပြေးသွားလေသည်။


သူမဤနေရာသို့ ဘယ်သောအခါမှ ထပ်လာ၍မရတော့ကြောင်း ခန့်မှန်းမိလိုက်ပေသည်။


သူမသာ နောက်ထပ်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ကျောင်းအုပ်ကြီးက သူမကိုအလွှတ်ပေးတောမည်မဟုတ်ပေ။


မူလက ကျန်းယွဲ့က စာလုံးတစ်ခုမှမသိဘဲ စာဖတ်ရတာ ပျော်ဖို့ကောင်းသည်ဟုမထင်ပေ။ သို့သော် ယခုတွင် သူမ၌ ဝေဝေဝါးဝါးမျှော်လင့်ချက်လေးရှိနေလေပြီ။


မည်သို့ပင်ဆိုစေ ၎င်းက အိမ်တွင်နေရင်း ဘာမှမလုပ်ဘဲ ထိုင်နေကာ ပုရွက်ဆိတ်အသိုက်ကိုနှိုက်ရသည်ထက် ပိုပျော်ဖို့ကောင်းပေသည်။


သို့သော် သူမက ထိုအခွင့်အရေးကိုပါဆုံးရှုံးသွားခဲ့လေပြီ။


ကျန်းယွဲ့က အိမ်သို့ပြန်လာပြီး သူမ၏အရေးကြီးအရာတစ်ခု ပျောက်သွားသလို အော်ဟစ်ငိုကြွေးလေသည်။ သို့သော် အိမ်အခြေအနေက မကောင်းကြောင်းသိနေ၍ သူမအမေကိုမပြောရဲချေ။


ထို့ကြောင့် အောင့်ခံနေရုံသာတတ်နိုင်သည်။


သို့သော် မထင်မှတ်ထားသည်မှာ ကျန်းယွဲ့ကျောင်းမသွားသည့် တတိယမြောက်နေ့တွင် ကျန်းဟွေ့မိန်က ကျောင်းတွင်နေသည့် မျက်မှန်တပ်ထားပြီး ယဉ်ကျေးသိမ်မွေ့ပုံပေါ်သည့် ဆရာတစ်ယောက်ကို အိမ်ခေါ်လာမည်ဟူသော အချက်ကိုပင်။ သူမ မှတ်မိတာမှန်လျှင် ထိုဆရာ၏မျိုးရိုးနာမည်မှာ ထန်ဖြစ်သည်။


"ဆ.. ဆရာထန်...."

ကျန်းယွဲ့အံ့အားသင့်သွားသည်။ သူမ၏ပထမဆုံးတုံ့ပြန်မှုမှာ သူမကျောင်းစာများကို ခိုးနားထောင်၍ ထိုဆရာက စာရင်းရှင်းရန် အိမ်အထိလိုက်လာသည်ဟူ၍ပင်။


သူမက ဖြူဖျော့နေသောမျက်နှာဖြင့် "ဝူး...."ဟု ငိုချလိုက်ပြီး ချက်ချင်း အသည်းအသန်ပြောလေသည်။

"ဆရာ... သမီးအမေနဲ့ မောင်လေးက ဘာမှမလုပ်ခဲ့ပါဘူး... ဆရာရွာပြင်ထုတ်ချင်ရင် သမီးကိုပဲထုတ်ပါ...."


ကျန်းဟွေ့မိန်က သူမကိုစိုက်ကြည့်လိုက်သည်။

"ဒီကလေးနှယ် ဘာပေါက်ကရတွေပြောနေတာလဲ... သွား ဆရာ့အတွက် ရေတစ်ခွက်သွားခပ်ပေးချေ...."


သူမ အမေကြည့်ရသည်မှာ ဒေါသထွက်နေပုံမပေါ်ပေ။


ကျန်းယွဲ့ တိတ်တိတ်လေး သက်ပြင်းခိုးချပြီး ဆရာထန်အတွက် ရေတစ်ခွက်လောင်းထည့်ပေးလိုက်သည်။


ဆရာထန်က အလွန်အမင်း ငြင်သာစွာပြုံးနေပြီး စာရင်းရှင်းရန်လာပုံမပေါက်သော်လည်း သူထိုင်လိုက်ပြီး ပြောလိုက်သည့်စကားများက ကျန်းယွဲ့၏နှလုံးသားကိုအေးစက်သွားစေသည်။


ဆရာထန်ကပြောသည်။

"ဒီကလေး ကျောင်းမလာတာ ရက်အတော်ကြာနေပြီဆိုတာ ကျွန်တော်သတိထားမိတယ်ဗျ.. တစ်ခုခုများဖြစ်လိုလား...."


ကျန်းယွဲ့က ဘာမှမပြောရဲဘဲ သူမ၏အင်္ကျီလက်ဖျားများကိုသာ လုံးခြေနေရင်း ခြေဖျားလက်ဖျားများကအေးစက်လာသည်။


ကျန်းဟွေ့မိန်က ထူးဆန်းသွားရသည်။

"ဆရာထန်.... ကျွန်မတို့အိမ်မှာ ကျောင်းတက်နေတဲ့ကလေးမရှိပါဘူး...."


ဤတစ်ကြိမ်က ဆရာထန် အံ့ဩရမည့်အလှည့်ပင်။ သူက ကျန်းယွဲ့ကို စုံစမ်းမေးမြန်းသလိုကြည့်လိုက်သည်။


သူမက ကျောင်းသို့သွားပြီး သင်ခန်းစာများခိုးနားထောင်နေသည်မှာ သူမ မိသားစု၏အကြံမဟုတ်ဘဲ သူမကိုယ်တိုင်၏အကြံဖြစ်ကြောင်းထွက်ပေါ်လာလေသည်။


xxxxxxxx


Chapter 407(Extra-44)


သူအရင်ကတည်းက ဤကလေးကိုသတိပြုမိနေခဲ့သည်။ မူလက သူမဆော့ရန်လာသည်ဟုထင်ခဲလ၍ အလွှတ်ပေးထားလိုက်သည်။ သူမထွက်သွားရန်သိပ်ကြာမည်မဟုတ်ဟု သူခံစားခဲ့ရသည်။ သို့သော် သူမက အချိန်အတော်ကြာ လာနေခဲ့မည်ဟု မထင်မှတ်ထားခဲ့၍ ဆရာထန်ကိုပင် လှုပ်ရှားသွားစေသည်။


ဆရာထန်ကပြောလိုက်သည်။

"ဒါဆို ခင်ဗျားကမသိဘူးပေါ့နော်... ဒါဆို ကျွန်တော်ပြောပြပါ့မယ်... ကလေးကိုမဆူပါနဲ့...."


ကျန်းဟွေ့မိန်၏ အမူအရာက အလွန်လေးနက်သွားကာ သူမလက်ဖဝါးများက ချွေးစို့လာ၍ တိတ်တိတ်လေးခိုးသုတ်လိုက်ရသည်။


"ရပါတယ်... ဆရာထန်ပြောပါ...."


ကျန်းယွဲ့က ငိုနေပြီဖြစ်သည်။


သူမက ကြောက်လွန်း၍ ဆရာထန်ပြောသည်ကိုမစောင့်ဘဲ သူမဘာသာအကုန်ထုတ်ပြောပြလိုက်သည်။


"တောင်းပန်ပါတယ် အမေ.... သမီး အမေ မသိဘဲ ကျောင်းကိုခိုးသွားနေခဲ့တာပါ...ဒါပေမဲ့ ကျောင်းအုပ်ကြီးတွေ့သွားလို့ သမီးကိုမောင်းထုတ်ခဲ့ပြီးပါပြီ.... တောင်းပန်ပါတယ် အမေ... ကျောင်းအုပ်ကြီးကပြောတယ် သမီးထပ်လာခဲ့ရင် သမီးတို့တစ်မိသားစုလုံးကိုပါ ရွာပြင်ထုတ်မယ်တဲ့... သမီး ရွာလူကြီးဆီသွားပြီး အပြစ်ဝန်ခံလိုက်ပါ့မယ်.... ဝူး ဝူး ဝူး ဝူး...."


ကလေးက သနားစဖွယ်ငိုယိုနေပြီး အလွန် သနားဖို့ကောင်းနေသည်။


ကျန်းဟွေ့မိန် အံ့အားသင့်သွားရသည်။ သူမ အချိန်အတော်ကြာမှ ပြန်သတိဝင်လာပြီး ကျန်းယွဲ့ပြောလိုက်သည့်အရာများကြောင့် ခေါင်းပင်ပူထူသွားရသည်။


"အမေ... သမီးထပ်မလုပ်ရဲတော့ပါဘူး... သမီးကိုအဝေးကိုမပို့လိုက်ပါနဲ့.... အနာဂတ်မှာပိုပြီးလိမ္မာပါ့မယ်... အရှေ့သွားဆို အနောက်မသွားတော့ပါဘူး...."


ကျန်းယွဲ့က အလွန်ကြောက်လန့်သွားပြီး ကလေးတစ်ယောက်လို ကျန်းဟွေ့မိန်၏လက်ကိုဆွဲကာ ငိုယိုတောင်းပန်နေလေသည်။


ကျန်းဟွေ့မိန်က ဆရာထန်၏စကားကိုနားထောင်ကာ ကလေးမလေး၏စကားကိုလည်းနားထောင်လိုက်သည်။ ဘာတွေဖြစ်နေလဲနားလည်ရန် အချိန်ခဏယူလိုက်ရပြီး အချိန်အတော်ကြာ စကားမပြောတော့ပေ။ 


နည်းလမ်းမရှိတော့ ကျန်းယွဲ့က သူမ၏ဆုံးဖြတ်ချက်ကို သက်သေပြရန်အတွက် သူမကိုယ်တိုင်ချုပ်ထားသည့်စာအုပ်များနှင့် ကောက်ယူထားသည့် ခဲတံအတိုအစလေးများကိုထုတ်ပေးလိုက်သည်။


"အကုန်လုံးဒီမှာပါ.... သမီးဘယ်တော့မှမသွားတော့ဘူးနော်...."


၎င်းတို့အားလုံးက ကျန်းယွဲ့၏အဖိုးတန်လေးများဖြစ်ပြီး တိတ်တဆိတ်သိမ်းထားခဲ့ကာ ကျန်းဟွေ့မိန်အခန်းထဲရှိ အပ်ချည်အပိုနှင့်အပ်ကိုပင် ရအောင်ယူကာ ကြိုးကြိုးစားစားချုပ်ထားခဲ့ခြင်းဖြစ်သည်။


ကျန်းဟွေ့မိန်က စာအုပ်ပေါ်ရှိ တွန့်ကွေးနေသော လက်ရေးလေးများကိုထိကာ သူမ၏မျက်လုံးများ စိုစွတ်လာရသည်။ သူမဘာပြောရမလဲမသိတော့၍ ငိုရှိုက်နေလိုက်ပြီး သူမသမီးဘက်ကိုလှည့်မကြည့်ရဲတော့ပေ။ သူမက ဆရာထန်ကိုသာစကားဆိုလိုက်သည်။

"ကျွန်မသမီးကြောင့် ပြဿနာဖြစ်စေခဲ့မိပါပြီ.... တောင်းပန်ပါတယ်...."


သူမကလည်း ကျန်းယွဲ့လိုပင် ဆရာထန်ဤကိုလာရခြင်းမှာ စာရင်းရှင်းရန်အတွက်ဖြစ်သည်ဟုထင်ခဲ့သည်။


စာခိုးသင်ခြင်းကို ရှာတွေ့ခဲ့ပြီးဖြစ်ပြီး ၎င်းက အတော်လေးပြင်းထန်သည့် ပြစ်မှုတစ်ခုပင်။


ခေတ်ဟောင်းလူမှုပတ်ဝန်းကျင်တွင် အလုပ်သင်တစ်ယောက်က သူတို့ဆရာထံမှ လက်မှုပညာကိုသင်ယူချင်လျှင်ပင် အတော်များပြားသည့် ငွေကြေးကိုပေးရသည်။ တခြားအရာများမပြောနှင့် ပညာသင်ယူနေချိန်တစ်လျောက်လုံး ဆရာ့အတွက် ကျွဲလို နွားလို မြင်းလို အလုပ်လုပ်ပေးရမည်ဖြစ်သည်။


၎င်းကို စည်းမျဉ်းဟုခေါ်သည်။


ကျန်းယွဲ့က စာခိုးသင်ခဲ့ပြီး ၎င်းက စည်းကမ်းဖောက်ခြင်းပင်။


ကျန်းဟွေ့မိန်က ဥပဒေအကြောင်းမသိသော်လည်း သူမက ပြောမထားသည့်စည်းမျဉ်းများနှင့် လူများ၏ အတွေးများကိုနားလည်ပေသည်။


သူမစဉ်းစားလေလေ ဝမ်းနည်းလေလေဖြစ်ကာ ကျန်းဟွေ့မိန်က သူမ၏သမီးလေးအတွက် စိတ်မကောင်းဖြစ်ကာ တိတ်ကျသွားသည်။


စာအုပ်လေးပေါ်ရှိ လက်ရေးများက အလွန်လှပြီး ကျန်းဟွေ့မိန်က စာမရေးတတ်သော်လည်း ကျန်းယွဲ့ကောင်းကောင်းရေးထားကြောင်းသိလေသည်။


ဆရာထန်က ခဏမျှငြိမ်ကျသွားသည်။ ဆရာထန်က ဤကိုမလာမီ ကျန်းမိသားစု၏ အခြေအနေကို စုံစမ်းခဲ့သေးသည်။ အိမ်ရှိအိမ်ထောင်ဦးစီးက ဆုံးသွားပြီဖြစ်ကြောင်း သူသိလေသည်။ ဤမိသားစုတွင် အစားအသောက်နှင့် အဝတ်အထည်ရှားပါးလှပြီး စားဖို့သောက်ဖို့ပင်ခက်ခဲနေရာ ကျောင်းတက်ရန်နှင့် ကျူရှင်တက်ရန် မည်သို့တတ်နိုင်မည်နည်း။


မူလက သူက ကျန်းယွဲ့ကို မျိုးစေ့ကောင်းလေးတစ်ခုဟုထင်ခဲ့၍ သူမကို စာလေ့လာရန် တိုက်တွန်းရန်အတွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဤအခြေအနေတွင် သူ မည်ကဲ့သို့ တိုက်တွန်းရမလဲပင်မသိတော့ချေ။


xxxxxxxxx


Chapter 408(Extra-45)


ဗိုက်ပြည့်နိုင်မှ အခြားသောအရာများကို တွေးရန်အချိန်ရှိမည်ဖြစ်သည်။


သူပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်ပေ။


ဆရာထန်က သက်ပြင်းချလိုက်ပြီး ကျန်းယွဲ့ကို ကျောင်းအုပ်ကြီးက မောင်းထုတ်လိုက်သည့်အကြောင်းကိုမပြောလေပဲ တခြားအရာသာပြောလိုက်သည်။

"ကျွန်တော့် ဇနီးက အခုမှကလေးမွေးပြီးတာရယ်... အခုကျွန်တော်တို့က စားသောက်နေထိုင်ဖို့ အတော်လေး အဆင်မပြေဖြစ်နေရတာ... ကျွန်တော်တို့က ကျောင်းမှာနေနေတော့ ကျွန်တော့်တို့ကိုကူပေးမယ့်လူလိုနေတယ်လေ... ကျွန်တော့်လစာကအရမ်းမမြင့်တော့ ဗိုက်ဝအောင်စားရဖို့ပဲလောက်တယ်ရယ်... ကျန်းယွဲ့က ဉာဏ်ကောင်းပြီး ခြေမြန်လက်မြန်ရှိတယ်လို့ ကျွန်တော်ထင်မိတယ်... သူ့ကို ရေပူရေအေးကမ်းပေးဖို့ ကူညီပေးဖို့ခေါ်ထားချင်တယ်... ကျွန်တော်အားတဲ့အချိန်မှာ သူ့ကိုစာရေးစာဖတ်သင်ပေးပါ့မယ်.... "


"အာ... ဒါက...."

ကျန်းဟွေ့မိန် မှင်သက်သွားရသည်။


ဆရာထန်ကလည်းဆက်ပြောသည်။

"ဟိုးအရင်က ကျွန်တော့်ရဲ့သွေးဝေးတဲ့တူလေးတစ်ယောက်က ကျောင်းမတက်ချင်ခဲ့ဘူးလေ... သူက ကျွန်တော်နဲ့အတူ ကျောင်းမှာ ခဏလာနေပြီး စာအုပ်တွေကိုကျွန်တော့်ဆီပစ်ထားခဲ့တယ်လေ... ကျန်းယွဲ့က ပြတင်းပေါက်နားကနေ ခိုးနားထောင်ဖို့မလိုတော့ပါဘူး.... ကျွန်တော့်နောက်ကိုသာလိုက်နေရင် အဆင်ပြေသွားမှာပါ...."


နောက်ဆုံးတွင် ကျန်းဟွေ့မိန်က နားလည်သွားလေပြီ။ ဆရာထန်က တကယ့်ကိုလူကောင်းတစ်ယောက်ပင်။


အပြင်က ကလေးများက ကျောင်းထဲသို့မဝင်နိုင်သော်လည်း ဆရာတစ်ယောက်၏အမျိုးဆိုပါက မတူတော့ချေ။


သူက ကျန်းယွဲ့ကျောင်းထဲဝင်နိုင်ရန် ဆင်ခြေတစ်ခုရှာပေးလိုက်ခြင်းဖြစ်သည်။


ရေပူရေအေးကမ်းဖို့မပြောလေနှင့် အခြားအခွင့်အရေးတစ်ခုရှိနိုင်သည်နှင့် ကျန်းဟွေ့မိန်က ကျန်းယွဲ့ကို ပို့ပေးမည်သာဖြစ်သည်။


ကျန်းဟွေ့မိန်က အလွန်ဝမ်းသာသွားပြီး ဘာပြောရမလဲမသိတော့ချေ။


သူက ကျန်းယွဲ့၏လက်ကိုကိုင်ပြီး သူမကို ဆရာထန်ရှေ့တွင် ဒူးထောက်၍ အရိုအသေပေးရန်ပြောလိုက်သည်။အရိုအသေပေးရန်ပြောလိုက်သည်။


သို့သော် ဆရာထန်ကတားလိုက်သည်။


ဆရာထန်ကပြောသည်။

"ဒါပေမဲ့ ဒီလိုကြာရှည်လုပ်တာက ဖြေရှင်းနည်းမဟုတ်ဘူး.... ခင်ဗျားက သူ့ကို စာသင်ခန်းထဲမှာစာသင်စေချင်ရင်၊ စာမေးပွဲဖြေပြီးကောလိပ်ပါ တက်စေချင်ရင် ကျောင်းအပ်၊ကျူရှင်ထားမှရမယ်...."


ကျန်းဟွေ့မိန်က အဆက်မပြတ်ခေါင်းငြိမ့်လိုက်သည်။


ဤသို့ဖြင့် ကျန်းယွဲ့က ကျောင်းသို့ထက်ရောက်လာရသည်။


ဤတစ်ကြိမ်တွင် သူမက ဆရာထန်၏ အမျိုးတစ်ယောက်အဖြစ် ဆရာ့ထန်၏မွေးကာစသားလေးကို ဂရုစိုက်ပေးရန် လာကူညီပေးသည်ဟူသော အကြောင်းပြချက်ဖြင့် ဝင်နိုင်ခဲ့ခြင်းဖြစ်သည်။


သို့သော် မည်သူကယုံမည်နည်း။


မည်သို့ပင်ဆိုစေ ကျောင်းအုပ်ဆရာကြီးက မယုံသော်လည်း ဘာမှမပြောပေ။ မျက်စိတစ်ဖက်ဖွင့်ပြီး တစ်ဖက်ပိတ်၍ ဒီအတိုင်းသာထားလိုက်သည်။


နောက်ရက်အနည်းငယ်ကြာလျှင် ကျန်းယွဲ့အိမ်ပြန်ရောက်ချိန်၌ မီးဖိုချောင်ထဲမှ အသားရနံ့ကိုရလိုက်သည်။


ချက်ချင်းလက်ငင်းသူမ မျက်လုံးများတောက်ပသွားပြီး မီးဖိုချောင်ထဲပြေးဝင်လိုက်ချိန်တွင် သူမအမေက ကျန်သည့်ဆီလေးဖြင့် အသားကြော်နေကြောင်းတွေ့လိုက်ရသည်။


အနံ့ကအလွန်ကောင်းလှပြီး သူမ အသားမစားရတာကြာလှလေပြီ။


ကျန်းယွဲ့က တံတွေးမြိုချလိုက်ပြီး ကျန်းဟွေ့မိန်ကို မျှော်လင့်တကြီးကြည့်လိုက်သည်။


ကျန်းဟွေ့မိန်က အိုးထဲသို့ဆားအချို့ဖြူးလိုက်ပြီး အိုးထဲရှိ အဆီပေါပေါဝက်သားနှင့် ဆီနှင့်ရေတို့ကိုကြည့်နေကာ တဖျောက်ဖျောက်မြည်သံများကို နားထောင်နေလိုက်သည်။


ကလေးမလေး၏ အလွန်မျှော်လင့်တကြီးဖြစ်နေသော အကြည့်များကြောင့် ကျန်းဟွေ့မိန်က သူမကိုအသားတစ်ဖက် ခွံ့လိုက်သည်။


ကျန်းယွဲ့က အလွန်ပူနေသည်ကိုပင် ဂရုမစိုက်ဘဲ စားလိုက်သည်။


စားပြီးနောက်တွင် ကျန်းယွဲ့ကမေးလိုက်သည်။

"အမေ့မှာ အသားဝယ်ဖို့ဘယ်လိုလုပ်ပိုက်ဆံရှိတာလဲ...."


အဆီပေါပေါဝက်သားကို အခြားဆီဖြင့်ပြန်ကြော်ထားပြီး မသုံးဘဲနှင့် အချိန်အကြာကြီးထားထားနိုင်သည်။ ဝက်ဆီက အဖိုးတန်လှသော်လည်း အိမ်တွင်သုံးရန်မဟုတ်ဘဲ ဆရာထန်ကိုပေးမည့်လက်ဆောင်ဖြစ်သည်။ ကျန်သည့်ဆီနည်းနည်းကသာ သူမတို့အိမ်တွင်သုံးမည်ဖြစ်သည်။


ဝက်ဆီဘူးကို သေချာပိတ်ထားပါက အချိန်အကြာကြီးသိမ်းထားနိုင်သည်။


ကျန်းဟွေ့မိန်ကပြောသည်။

"အမေ့မှာ နှစ်ယွမ်ကျန်သေးတယ်...."


xxxxxxxxxx


Chapter 409(Extra-46)


ကျန်းယွဲ့က ခုဏက သတိမပြုသော်လည်း ယခုတွင် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ညရောက်သောအခါတွင် ကျန်းဟွေ့မိန်က ခြံကိုရှင်းလင်းပြီးနောက်တွင် အိပ်ရာထဲသို့ဝင်ကာ သူမခေါင်းကိုပတ်ထားသည့် အဝတ်စကိုချွတ်လိုက်တော့သည်။ ထိုအခါမှ ကျန်းယွဲ့က ကျန်းဟွေ့မိန်၏ နက်မှောင်တောက်ပလှသောဆံပင်များက အညှပ်ခံထားရကြောင်းတွေ့လိုက်ရသည်။


အမေ့ဆံပင်တွေမရှိတော့ဘူး....


ကျန်းယွဲ့က သူ့အမေလက်ကိုကိုင်ကာ စိုးရိမ်တကြီးငိုကြွေးလေသည်။

"အမေ... အမေ့ဆံပင်တွေရော...."


"ရောင်းလိုက်ပြီလေ...."

ကျန်းဟွေ့မိန်က သူမ၏မညီမညာဖြစ်နေသော ဆံပင်ငုတ်တိုလေးများကိုထိပြီး မထူးဆန်းသလိုပြောလိုက်သည်။

"အတော်ရှည်နေပြီဆိုတော့ ထိန်းသိမ်းရတာခက်တယ်လေ... ရောင်းချင်တဲ့အချိန်ဖြတ်ရောင်းရုံပဲ.. ဒါဆိုပိုက်ဆံလည်းရတယ်.... ဒါပေမဲ့ တခြားလူတွေကိုမပြောနဲ့နော်... အမေ မှောင်ခိုဈေးမှာသွားရောင်းလာတာ...."


ကျန်းယွဲ့က ဘာပြောရမလဲမသိ၍ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် သူမအမေကိုကြည့်ပြီး ခေါင်းသာငြိမ့်ပြလိုက်သည်။


အမေ့ဆံပင်များက အလွန်လှပသည်။


အလွန်နူးညံ့ကာ ချောမွေ့လှပြီး ကိုင်လို့ကောင်းလှသည်။ ကျန်းယွဲ့ကလည်း ထိုဆံပင်များကိုထိရတာသဘောကျသည်။ သို့သော် ယခုအခါတွင် ထိုဆံပင်လေးများက ငုတ်တိုလေးများဖြစ်နေကာ မတောက်ပတော့ပေ။


ကျန်းယွဲ့က ဝမ်းနည်းလွန်း၍ ဘာပြောရမလဲမသိတော့ချေ။ ကျန်းဟွေ့မိန်က သူမကို အိပ်ရန်သာတိုက်တွန်းလေသည်။


နောက်တစ်နေ့တွင် ကျန်းယွဲ့က နှစ်ယွမ်နှင့်အတူ ဝက်ဆီတစ်ဘူးကိုယူကာ ဆရာထန်ဆီသွားခဲ့သည်။


နောက်ပိုင်းတွင် ကျန်းဟွေ့မိန်က အလုပ်အဖွဲ့ဆီသွား၍ သူမအိမ်နောက်ရှိ မြေကွက်ရိုင်းကိုရှင်းလင်းကာ ပီလောပီနံစိုက်ရန်အတွက် တောင်းဆိုခဲ့သည်။


ပီလောပီနံက စိုက်ရတာလွယ်ပြီး ပျိုးကျဲလိုက်သည်နှင့်ပြီးပြီဖြစ်သည်။ သို့သော် ဈေးကနည်းလှ၍ ဈေးနိမ့်နိမ့်ဖြင့်သာရောင်းနိုင်မည်ဖြစ်သည်။ တစ်ကတ်တီကို ဆင့်အနည်းငယ်သာရမည်ဖြစ်ပြီး ရောင်းဝယ်ရေးနေရာသို့သွားရန်မှာ မိုင်အနည်းငယ်လမ်းလျောက်ရဦးမည်ဖြစ်၍ အလုပ်ကြိုးစားရန်မထိုက်တန်လှပေ။


ပုံမှန်တွင် အလုပ်အဖွဲ့ကအတော်လေးပင်ပန်းနေပြီဖြစ်သည်။ လူအများစုကသာ တောင်ပေါ်တက်၍ စွန့်ပစ်မြေများကို ပြန်လည်ပြုပြင်ခြင်းသာမရှိလျှင် သူတို့တောင့်ခံနိုင်တော့မည်မဟုတ်ပေ။


စွန့်ပစ်မြေကွက်တစ်ကွက်ကို ပြုပြင်ပြီးသည်နှင့် ကောက်ရိတ်သိမ်းရန် အလုပ်အဖွဲ့၏တာဝန်တစ်ရပ်ဖြစ်သွားလေသည်။


မလောက်ငှသောဝင်ငွေလေးက များပြားလှသည့်လုပ်သားများကို လောက်ငှအောင်မပေးနိုင်ချေ။ အချို့လူများက ကြိုးစားကြည့်ဖူးသော်လည်း လက်လျော့သွားကြသည်ချည်းသာဖြစ်သည်။


ကျန်းဟွေ့မိန်က ပထမဆုံးမဟုတ်သော်လည်း ပထမဆုံးတကယ်ကြိုးစားသည့်လူဖြစ်သည်။


ဝင်ငွေကနည်းပါးသော်လည်း ကိစ္စမရှိပေ။ ငွေပိုအနည်းငယ်ကလည်း အပိုဝင်ငွေသာဖြစ်သည်။ သူမက ချမ်းသာချင်၍မဟုတ်ဘဲ သူမ သားသမီးများအတွက် ကျူရှင်ကြေးရရန်ဖြစ်သည်။ သင်အလုပ်ကြိုးစားနိုင်နေသ၍ပြဿနာမရှိပေ။ လယ်သမားတစ်ယောက်အတွက် အကောင်းဆုံးပိုင်ဆိုင်သည့်အရာမှာ ကျန်းမာရေးဖြစ်သည်။ သူမက တစ်ညလုံးနားပြီးသည်နှင့် တစ်နေ့လုံးတက်ကြွနေနိုင်သည်။


ကျန်းဟွေ့မိန်က အချိန်အကြာကြီး အလုပ်ကြိုးစားပြီးနောက်တွင် နောက်ဆုံး၌ လယ်ကွက်အနည်းငယ်ကိုဆူဖြိုးစေပြီး ရိတ်သိမ်းရန်အသင့်ဖြစ်သွားစေသည်။


နောက်တစ်နှစ်စောင့်ပြီးတွင် ကျန်းယွဲ့ကျောင်းတက်နိုင်တော့မည်ဖြစ်သည်။


ထိုအချိန်မှစ၍ ကျောင်းတွင် ကျောင်းသားတစ်ယောက်ထပ်တိုးလာ တော့ပေသည်။


ကျန်းယွဲ့ကလည်း အလွန်လုံ့လရှိသည်။ သူမစာမေးပွဲဖြေတိုင်း အဆင့်တစ်ရကာ အမှတ်တစ်ရာအပြည့်ရပြီး အိမ်ပြန်ရောက်လျှင်လည်း သူမမောင်လေးကို စာသင်ပေးလေသည်။


ကျန်းဟွေ့မိန်က ကျူရှင်ကြေးက အလွန်တန်လှသည်ဟုခံစားရလေသည်။


နောက်ပိုင်းတွင် ကျန်းယွဲ့က မူလတန်းပြီးကာ အလယ်တန်းနှင့် အထက်တန်းပင်တက်ပြီး တက္ကသိုလ်ပင်တက်နိုင်သွားလေရာ ပတ်ပတ်လည်ဆယ်မိုင်အတွင်း ကောလိပ်တက်နိုင်သည့် ပထမဆုံးကျောင်းသူဖြစ်ခဲ့သည်။


ကျန်းဟွေ့မိန်က သူမသမီးလေးကတော်လွန်း၍ အခြားသူများထက်ပိုပျော်လေသည်။ သူမ နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားပြီဟု ခံစားလိုက်ရသည်။


သို့သော် သူမ မထင်မှတ်ထားသည်မှာ ဆံပင်ဖြူနှင့် သူမက အရင်မသွားရဘဲ ဆံပင်အနက်နှင့် သူမ၏သမီးလေးက သူမထက်အရင်ထွက်သွားရမည် ဆိုသည်ကိုပင်။


xxxxxxxxxxx


Chapter 410(Extra-47)


တက္ကသိုလ်မှဘွဲ့ရပြီးသည်နှင့် ကျန်းယွဲ့က အလုပ်စလုပ်သည်။ သို့သော် သူမဘာရလဒ်မှမရသေးမီ ဝမ်ကျားနှင့်တွေ့ခဲ့သည်။


မစ္စတာဝမ်က ကျန်းယွဲ့ကိုထောက်ပံ့ပေးသူဖြစ်ပြီး သူမ၏ကျေးဇူးရှင်ဖြစ်သည်။


သူမက ရှုပ်ထွေးပွေလီလှသည့် အတွင်းရေးများနှင့် မည်ကဲ့သို့ရင်ဆိုင်ရမလဲမသိ၍ ကလေးကိုရသည်နှင့်အိမ်ပြန်လာခဲ့သည်။


ထိုအချိန်တွင် ကျန်းယွဲ့က သူမသာ မြို့မှာစာသင်ရန်မသွားခဲ့ပါက ဆရာထန်၏နေရာကိုယူရမည်ဟုတွေးခဲ့သည်။


သူမက ဤနေရာတွင်မွေး၍ ဤနေရာတွင်ကြီးလာသူဖြစ်၍ ဆရာထန်၏နေရာကိုဆက်ခံရန်အကောင်းဆုံးလူဖြစ်သည်။


ကျန်းယွဲ့ကဆရာထန်ဆီသွားပြီး သူမ၏အနာဂတ်အစီအစဉ်များကိုတိုင်ပင်လေသည်။ ဆရာထန်က လုံးဝသဘောမတူခဲ့ပေ။ သူမက ကောင်းမွန်လှသည့်အနာဂတ်ကို ဖြုန်းတီးနေသည်ဟု ခံစားရ၍ သေချာပြန်စဉ်းစားရန်ပြောခဲ့သည်။


ကျန်းယွဲ့က အကြာကြီးမစဉ်းစားနေဘဲ ကလေးကိုပြန်ပို့ကာ ဝမ်မိသားစုနှင့်ဆွေးနွေးမည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော် ကလေးကိုပြန်မပို့ရသေးမီ ဝမ်ကျားက ကလေးတစ်ယောက်ကိုမွေးစားလိုက်သည်ဟု ကြားလိုက်ရသည်။


ထိုအချိန်က ကျန်းယွဲ့မှာ ဝမ်ဟွေ့ကဤကလေးကို အမှန်တကယ်မုန်းတီးလှသည်ဟု ခံစားလိုက်ရသည်။ မဟုတ်ပါက သူမ၏ကလေးကိုပျောက်ဆုံးပြီးသည်နှင့် မည်ကဲ့သို့ အခြားတစ်ယောက်နှင့် ချက်ချင်းအစားထိုးနိုင်မည်နည်း။


ကလေးကိုပြန်ပို့လိုက်ပါက ကလေးမလေးက ခံစားရပေလိမ့်မည်။


ကျန်းယွဲ့က အလွန်ကြင်နာတတ်ကာ စိတ်ထားနူးညံ့လှ၍ ခရီးထွက်မသွားချင်တော့ပေ။


နောက်ပိုင်းတွင် သူမက သွေးကင်ဆာခံစားခဲ့ရ၍ ဘယ်ကိုမှထွက်မသွားနိုင်တော့ပေ။


ဤသို့ဖြင့် ဤကိစ္စက မည်သူမှမသိသည့် လျှို့ဝှက်ချက်ဖြစ်လာခဲ့သည်။ 


ကျန်းယွဲ့ဆုံးပါချိန်တွင် သူမက သူမအမေကိုဂုဏ်ယူရအောင်မလုပ်ပေးနိုင်ဘဲ ဆံပင်ဖြူနှင့်လူက ဆံပင်နက်နှင့်လူကို လိုက်ပါပို့ဆောင်ရစေမိ၍ သူမကိုယ်သူမသာမုန်းတီးမိသည်။ ထို့အပြင် သွေးကင်ဆာကလည်း သူမကိုအတော်လေးနာကျင်ခံစားခဲ့စေရ၍ အတော်လေးမကျေမနပ်ဖြစ်ကာ သေဆုံးခဲ့ရသည်။


ကျန်းယွဲ့၏စိတ်အစွဲအလန်းက အတော်လေးကြီးမား၍ သူမသေဆုံးပြီးချိန်တွင် သေမင်းနှင့်မတွေ့ခဲ့ရဘဲ သူမ၏ဝိဉာဉ်ကကျန်နေခဲ့သည်။ 


သူမက ထိတွေ့ကိုင်တွယ်၍မရသော ဝိဉာဉ်ပုံစံဖြင့်ရှိနေခဲ့သည်။


သရဲတစ်ယောက်မဟုတ်သော်လည်း မည်သို့ပုံစံလဲသူမ မသိပေ။


သူမ၏စိတ်ထဲတွင် အစွဲအလန်းရှိနေသေး၍ သူမဘဝမကူးချင်။


တစ်နေ့တွင် ကျန်းယွဲ့၏လှည့်ပတ်သွားနေသည့်ဝိဉာဉ်က သူမအမေဆီရောက်လာခဲ့ပြန်သည်။


သူမက လေပေါ်တွင်မျောနေရင်း ကျန်းဟွေ့မိန်ကိုကြည့်နေခဲ့သည်။ သူမကိုယ်သူမ ဘယ်လိုခံစားရသလဲမသိသလို ဝိဉာဉ်များတွင်ခံစားချက်မရှိ၍လားမသိ သူမက သူမအမေကိုတွေ့ချင်ရုံသာဖြစ်သည်။


တစ်ချိန်တည်းတွင် ထရပ်ကားတစ်စီးက ဟွန်းသံကျယ်လောင်စွာတီးလိုက်ပြီး ကျန်းဟွေ့မိန်က လမ်းဘေးတွင်ရပ်နေကာ ကလေးမလေးတစ်ယောက်ကို လေပေါ်လွင့်သွားအောင် ကားတိုက်ခံလိုက်ရကြောင်းတွေ့လိုက်ရသည်။


ထိုကလေးမလေးက သူမ၏သမီးဖြစ်သူကျန်းယွဲ့နှင့်တူနေ၍ ဘယ်သူမှဘာမှမလုပ်ပေးချိန်တွင် ကျန်းဟွေ့မိန်က သွေးအိုင်ထဲလဲနေသည့် ကလေးမလေးဆီပြေးထွက်သွားခဲ့သည်။

"ကလေးမ အဆင်ပြေရဲ့လား.... ခဏလေးစောင့်နော် အဘွားလူနာတင်ယာဉ်ခေါ်ပေးမယ်...."


ကျန်းဟွေ့မိန်က ယခုအချိန်တွင် ဖုန်းခေါ်နည်းကိုသင်ယူပြီးပြီဖြစ်သည်။


ကျန်းယွဲ့က ကားတိုက်ခံလိုက်ရသည့်ကောင်မလေးက လုံးဝသေဆုံးသွားပြီဖြစ်ပြီး အသက်ရှင်နေကြောင်း လက္ခဏာမပြတော့ကြောင်းတွေ့လိုက်ရသည်။


ဤသည်က ဝိဉာဉ်သေဆုံးသွားသည့် ခန္ဓာကိုယ်အလွတ်တစ်ခုဖြစ်သွားခဲ့သည်။


ကျန်းယွဲ့က လှုပ်ရှားရန်တွေးလိုက်ပြီး ကလေးမလေး၏ခန္ဓာကိုယ်ထဲဝင်လိုက်သည်။


ခန္ဓာကိုယ်နှင့်ပေါင်းစပ်ပြီးနောက်တွင်


နူးညံ့သိမ်မွေ့လှသော ခန္ဓာကိုယ်လေးက တဖြေးဖြေးလေးလံလာခဲ့သည်။


ကျန်းယွဲ့က လက်ကိုပင်မနည်းမလိုက်ရသည်။ သူမ၏ မျက်လုံးများကို ခက်ခက်ခဲခဲဖွင့်လိုက်ပြီး သူမရှေ့တွင်ပြာယာခတ်နေသည့် ကျန်းဟွေ့မိန်ကိုကြည့်ပြီး "အမေ..."ဟု တိုးဖွဖွခေါ်လိုက်သည်။


သူမကိုကြည့်ရသည်မှာ အသက်ရှင်နေပုံပင်။


The End....


xxxxxxxxxxx

စာရေးသူမှာပြောစရာရှိပါတယ် : QAQ ဝတ္ထုလေးက ပြီးဆုံးသွားခဲ့ပါပြီ ( ရွှေမှုန်တွေကြဲ~~) လိုက်ပါဖတ်ရှုပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်နော်......


ဘာသာပြန်သူမှာပြောစရာရှိပါတယ် : မူရင်းစာရေးသူကတော့ စာဖတ်သူတွေကြိုက်သလိုတွေးနိုင်အောင် တန်းလန်းလေးထားခဲ့ပေးပါတယ်.... ကျန်းယွဲ့အသက်ပြန်ရှင်ပြီး ဘာဖြစ်လာမလဲဆိုတာတော့ ကိုယ့်ဘာသာဆက်တွေးကြပါကုန်~~~~~~(o^▽^o) 


အဆုံးထိဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်❤