အပိုင်း ၄၀၁-၄၀၅
Viewers 14k

Chapter 401(Extra-38)


ကျန်းယွဲ့က ပိုမိုကြောက်ရွံ့လာသည်။ သူမက သူမအနေ၏လက်ချောင်းများကို ဆုပ်ကိုင်ကာ ပြောလေသည်။

"အမေ သမီးလျော့စားပါ့မယ်.. ပိုပြီးလိမ္မာပါ့မယ်... အလုပ်လည်းလုပ်ပါ့မယ်... မောင်လေးကိုလည်းကြည့်ပေးပါ့မယ်... သမီးမသွားချင်ဘူး... သမီး အမေ့နားပဲနေချင်တာ... သမီးကို အဝေးကိုမပို့ပါနဲ့နော်...."


ကျန်းယွဲ့က ရှိုက်ငိုလာသည်။

"အမေ... အမေ... သမီး အဝေးကိုမသွားချင်ဘူး... အမေနဲ့မခွဲချင်ဘူး... မောင်လေးနဲ့လည်းမခွဲချင်ဘူး... သမီးဒီမှာပဲနေချင်တာပါ... အဝေးကိုမပို့ပါနဲ့...."


ကလေးမလေး၏အသံက နှာသံပေါက်နေကာ နူးညံ့သိမ်မွေ့လှပြီး သူမကိုတိုးလျှိုးတောင်းပန်လာသည်မှာ သံနှင့်ပြုလုပ်ထားသည်ဟူသော ကျန်းဟွေ့မိန်၏နှလုံးသားပင် ပျော့ပြောင်းလာရသည်။ သူမလည်း တောင့်မခံနိုင်တော့ဘဲ ကျန်းယွဲ့ကိုဖက်ငိုကာ အံတင်းတင်းကြိတ်ပြီးပြောလေသည်။


"မစိုးရိမ်နဲ့ သမီးကိုဘယ်သူမှအဝေးကိုမပို့စေရဘူး... သမီးက အမေ့သမီးပဲ... ဘယ်ကိုမှမပို့သလို ဘယ်ကိုမှမလွှတ်နိုင်ဘူး... အမေသမီးကို ပျိုးထောင်မှာ... ဘယ်သူမှအမေတို့ကိုခွဲမရစေရဘူး...."


ထိုအချိန်တွင် ကျန်းဟွေ့မိန်က ကြမ်းတမ်းခက်ထန်လာကာ သူမ၏မျက်လုံးများကလည်းသွေးရောင်လွှမ်းလာသည်။


ကျန်းယွဲ့စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သားအမိနှစ်ယောက်သားမှာ အချင်းချင်းဖက်၍ငိုကြွေးကြလေသည်။


ထိုအချိန်ကတည်းက ကျန်းဟွေ့မိန်မှာ ပို၍အလုပ်များလာရသည်။


သူမ၏အမျိုးသားကဆုံးပါးသွားပြီဖြစ်၍ သူမတစ်ယောက်တည်းသာ အလုပ်အဖွဲ့ထဲတွင် နှစ်ဆအလုပ်လုပ်လေသည်။ လယ်ထွန်၊ပျိုးကျဲ၊ ပေါင်းသင်၊ မြေဩဇာထည့် အကုန်လုံးသူမသာလုပ်ရသည်။


ကောက်ပဲသီးနှံများကြီးထွားလာလျှင် ဆောင်းဦး၌ရိတ်သိမ်းပြီး ရိုးတံများကိုဖြတ်ကာ စပါးများကိုခြွေလှေ့ရသည်။ 


အထူးသဖြင် ရိုးတံဖြတ်ခြင်းနှင့် စပါးခြွေလှေ့ခြင်းတို့က အခက်ခဲဆုံးဖြစ်သည်။ 


ပထမဆုံး ကောက်ပင်များကိုရိတ်သိမ်းရပြီး နေလှမ်းက စပါးများကြွေလာအောင် ရိုက်ရသည်။ ထို့ကြောင့် စပါးမွှေးများစူးကာ ယားယံရသည်။ ထို့နောက်တွင် စပါးများကို အခြောက်လှမ်းရပြီး စပါးလှေ့ရသည်။


ထုတ်လုပ်ရေးအဖွဲ့က စပါးစိုက်ရာလယ်ကွင်းဘေးတွင် အခြောက်ခံရန်လယ်ကွက်များပြုလုပ်ပေးထားကြရသည်။ ထုတ်လုပ်ရေးအဖွဲ့၏ မြည်းများ၊ မြင်းများနှင့် ကျွဲနွားများမှာ မလုံလောက်၍ လူကိုယ်တိုင်စပါးများကို သယ်ကြရသည်။


ထိုအလုပ်က အတော်လေးခက်ခဲလှသည်။ မခြောက်သေးသည့်စပါးတစ်အိတ်က တစ်ရာကီလိုဂရမ်မျှလေးပြီး လူကြီးတစ်ယောက်ပင်လျှင် တစ်နေ့လုံးသယ်ပိုးပြီးပါက မလှုပ်နိုင်ဖြစ်ရသည်။


ယေဘုယျအားဖြင့်ပြောရလျှင် မည်သူမှထိုအလုပ်ကိုမလုပ်ချင်ဘဲ အသန်မာဆုံးယောက်ျားများပင် မလုပ်ချင်သော်လည်း ကျန်းဟွေ့မိန်က လုပ်ချင်ပေသည်။


ဆန်စပါးများသယ်ပေးရခြင်းဖြင့် အလုပ်ရမှတ်ပိုရလေရာ သူမပိုမိုပျော်ရွှင်ရသည်။


ကျန်းဟွေ့မိန်က တခြားလူများထက်ပိုလုပ်ရသော်လည်း ပျော်ရွှင်နေလေသည်။ ရက်ပေါင်းများစွာကြာပြီးနောက်တွင် စပါးလှေ့ပြီးနောက်၌ ရက်ပေါင်းများစွာ စပါးအိတ်များထမ်းခဲ့ရသော ကျန်းဟွေ့မိန်နောက်ကျော၌ သွေးများပင်စီးကျနေလေတော့သည်။


အနာဟောင်းမပျောက်သေး အနာသစ်များက ထပ်ဖြစ်လာ၍ ပခုံးများကယောင်ကိုင်းနေကာ ညဘက်တွင်အိပ်မပျော်နိုင်ဘဲ အော်ဟစ်ညည်းတွားနေရသည်။


ကျန်းယွဲ့က စိုးရိမ်ပူပန်လာခဲ့သည်။

"မောင်လေး... အမေကိုသွားကူညီကြရအောင်လေ..."


ကျန်းရှင်းကလည်း ယခုအချိန်တွင် အတော်လေးလိမ္မာနေလေသည်။ သို့သော် ယောက်ျားလေးများက ဆော့ကစားရခြင်ကိုနှစ်သက်၍ ဘယ်မှမသွားရဘဲအိမ်တွင်သာအနေများလာသောအခါတွင် သူပျင်းရိလာရသည်။ သူ့အစ်မပြောသည်ကို ကြားလိုက်သည်နှင့် မျက်လုံးများတောက်ပလာကာ အဆက်မပြတ်ခေါင်းငြိမ့်လေသည်။

"ဟုတ်ကဲ့.. ဟုတ်ကဲ့...."


ကျန်းယွဲ့က မိသားစု၏စတိုခန်းထဲမှာ ဝါးခြင်းလေးတစ်ခုကိုယူကာ လက်တစ်ဖက်တွင်ကိုင်ထားပြီး ကျန်းရှင်းကိုလည်းနောက်လက်တစ်ဖက်၌ဆွဲထားကာ မောင်နှမနှစ်ယောက်သား လက်ချင်းချိတ်၍ လယ်ကွင်းထဲရောက်လာကြသည်။


ထိုအချိန်တွင် ကျန်းယွဲ့က ငါးနှစ်ခြောက်နှစ်သာရှိသေးပြီး သေးကွေးလွန်း၍ ကြက်လေးတစ်ကောင်နှင့်တူနေပြီး ကျန်းရှင်းကလည်း သူမထက်သေးသော်လည်း သူက သုံးနှစ်သာရှိသေးသည်။


မုန်လာဥလေးနှစ်ယောက်က အချင်းချင်းလက်ချင်းတွဲကာ လယ်ကန်သင်းရိုးပေါ်တွင် လမ်းလျှောက်နေလေရာ ဘယ်အချိန်တွင်မဆို ပိုသေးသည့်မုန်လာဥလေးက ထွက်ကျတော့မလိုဖြစ်နေသည်။


xxxxxxxxxxxxx


Chapter 402(Extra-39)


နေ့လည်ခင်းတွင် ရာသီဥတုက ပူပြင်းပြီး မည်သည့်ကလေးမဆို အိမ်ထဲတွင်နေကာ အပြင်မထွက်ချင်ကြပေ။ လယ်ကွင်းထဲတွင်အလုပ်လုပ်နေသည့် လူကြီးများပင်လျှင် အပူဆုံးအချိန်တွင် အလုပ်ရပ်ကာ သစ်ပင်အရိပ်အောက်တွင် အပူရှောင်ကြလေသည်။ အပူဆုံးအချိန်ကိုရှောင်ပြီးမှ အလုပ်ဆက်လုပ်ကြလေသည်။


ထို့ကြောင့်ကလေးနှစ်ယောက်ထွက်ပေါ်လာခြင်းက လူတိုင်း၏အာရုံကိုဆွဲဆောင်သွားခဲ့လေသည်။


"ကျန်းယွဲ့နဲ့ ကျန်းရှင်း... ဘာလာလုပ်ကြတာလဲ...."


"အမေ့အတွက် အစားအသောက်တွေလာပို့တာလား..."


"မတွေ့တာခဏပဲရှိသေးတယ် အတော်ထွားလာကြတာပဲ...."


လူတိုင်းက တွတ်ထိုးကာသူတို့ကိုပြောနေကြလေသည်။


ကျန်းရှင်းက သတ္တိမရှိရှာသည့်ကောင်လေးပင်။သူ့အစ်မနောက်တွင်ပုန်းနေကာ ခေါင်းလေးပြူထွက်နေပြီး ဘာမှမပြောရဲပေ။ကျန်းယွဲ့ကသာ ပြောလိုက်သည်။

"သမီးက အမေ့ကိုစပါးကူကောက်ပေးမလို့ပါ...."


စပါးခြွေချိန်တွင် အချို့စပါးစေ့များဘေးသို့ပြုတ်ကျလေ၍ ကောက်ရန်လိုအပ်လေသညခ။ ၎င်းက အချိန်ကုန်သည့်အပြင် အသေးစိတ်လုပ်ရသော်လည်း အလုပ်ရမှတ်အများကြီးမရ၍ လူအနည်းငယ်သာလုပ်ကြလေသည်။ ကလေးနှစ်ယောက်ပြောသည်ကိုကြားသည်နှင့် လူကြီးများအားလုံး တိတ်ကျသွားသည်။ မူလက သူတို့ကို ငယ်လွန်းသေး၍ အများကြီးလုပ်နိုင်မည်မဟုတ်ဟုပြောချင်သော်လည်း ကျန်းမိသားစု၏ယခုလက်ရှိအခြေအနေက အလွန်ဆိုးရွားနေကြောင်း သတိရသွားလေပြီး ဤနေ့များတွင်ကျန်းဟွေ့မိန်၏ကြိုးစားနေမှုကို မြင်ပြီးနောက်တွင် ဘာစကားမှပြောမထွက်တော့ချေ။


လူအချို့က လယ်ကွင်းများဘက်ကိုညွှန်ပြလိုက်သည်။

"ဟိုနေရာမှာလေ...အဲ့မှာစပါးခြွေနေကြပေမဲ့ ဘယ်သူမှမကောက်ကြသေးဘူး... သမီးတို့သွားကောက်လို့ရတယ်... အဖွဲ့ခေါင်းဆောင်ကိုသတင်းပို့ပြီး သမီးတို့ရဲ့အလုပ်ရမှတ်ကိုမှတ်ထားပေးခိုင်းဖို့မမေ့နဲ့နော်..."


ကျန်းယွဲ့က ကျေးဇူးတင်စကားဆိုကာ ကျန်းရှင်းလက်ကိုဆွဲ၍ ပြေးထွက်သွားလေသည်။


ကလေးနှစ်ယောက်က အလုပ်မကြိုးစားနိုင်ကြဟုထင်ကြသည်။ နေ့ကပူပြီး နေ့တာကရှည်လွန်း၍ သူတို့သေချာပေါက်လက်လျော့သွားမည်ဟုလည်း ထင်ကြသည်။ သို့သော် မထင်မှတ်ထားစွာဖြင့် သူတို့နှစ်ယောက်လုံးက လူကြီးများအလုပ်ပြီးချိန် ညနေခင်းအထိနေခဲ့ကြသည်။ ထို့အပြင် စပါးတစ်ခြင်းပါကောက်ခဲ့ကြသည်။


အဖွဲ့ခေါင်းဆောင်ပင် ခဏမျှကြောင်အမ်းသွားရပြီး ချီးကျူးပေးလေသည်။

"ကလေးနှစ်ယောက်လုံးက အရမ်းကိုတော်တာပဲ.... ငယ်ငယ်လေးနဲ့ အလုပ်တွေလုပ်နိုင်နေပြီ...."


မိသားစုတစ်စုတွင် ယောက်ျားလေးတစ်ယောက်ကို အလုပ်လုပ်ရန် အရွယ်ရောက်ပြီဟုသတ်မှတ်ထားသည့် အသက်အရွယ်မှာ ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ဖြစ်သည်။ အလုပ်လုပ်ရန်အသက်ဟုပြောသော်လည်း များသောအားဖြင့် ထိုအရွယ်ကလေးများက အလုပ်မလုပ်ချင်ကြပေ။ စပါးတစ်စေ့ချင်းဆီကောက်ရသည့်အလုပ်မျိုးဆိုပါက ပို၍ဆိုးပေသည်။


ကျန်းရှင်းနှင့် ကျန်းယွဲ့တို့က ကလေးများသာရှိသေးသော်လည်း ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်လေပြီ။


ခေါင်းဆောင်၏ နေ့လည်စာထဲတွင် ဝေါ်ဝေါ်ထို့တစ်ခုကျန်သေးသည်။ ညစာစားရန်အိမ်ပြန်ခါနီးတွင် ထိုအကြောင်းကိုသတိရမိသွားပြီး သူတို့ကိုထုတ်ပေးလိုက်သည်။

"ဦးလေးမှာ ဝေါ်ဝေါ်ထို့တစ်ခုရှိတယ်... သမီးတို့စားလို့ရတယ်နော်... အလုပ်လုပ်ရတာက လွယ်ကူတာမဟုတ်ဘူး...."


သူပြောပြီးသည်နှင့် သူတို့ရခဲ့သည့် တစ်ဝက်သာရှိသော အလုပ်ရမှတ်များကို ကျန်းဟွေ့မိန် နာမည်အောက်ထည့်ပေးလိုက်သည်။


ကျန်းယွဲ့၏မျက်လုံးများကတောက်ပလာကာ ကျန်းရှင်းကိုလက်ဆွဲ၍ အိမ်သို့ပြေးလေသည်။


နောက်တစ်နေ့တွင်လည်း ကျန်းယွဲ့က ကျန်းရှင်းကိုခေါ်၍ လာပြန်သည်။


မောင်နှမနှစ်ယောက်က ငိုယိုခြင်းသို့မဟုတ် ပြဿနာခြင်းမလုပ်ကြဘဲ သူတို့လုပ်ရမည့်အလုပ်ကိုသာလုပ်ကြသည်။ တစ်ခါတစ်ရံတွင် ပုရစ်များကိုလိုက်ဖမ်းပြီး တစ်ခါတစ်ရံတွင် ဟိုနားသည်နားအခိုင်းခံရသည်ကိုသွားပေးသည်။ နှစ်ယောက်စလုံးက အလွန်နာခံကြပေသည်။


မူလက ခေါင်းဆောင်မှာ ကလေးများကငယ်ရွယ်လွန်း၍ တစ်ခုခုမှားသွားမည်ကိုကြောက်သော်လည်း နောက်ပိုင်းတွင် မျက်စုံမှိတ်ထားပေးလိုက်ကာ အလုပ်ပေးပြီး အလုပ်ရမှတ်လည်းပေးလေသည်။


ကျန်းဟွေ့မိန်က ကျွဲနွားများလို စပါးအိတ်များသယ်ပိုးနေဆဲဖြစ်သည်။ သူမထိုအကြောင်းကိုသိချိန်တွင် နောက်တစ်နေ့ပင်ရောက်နေလေပြီ။


သူမက ကျန်းယွဲ့ကိုမြင်သည်နှင့် စကားမပြောဘဲ စူးစူးစိုက်စိုက်ကြည့်လိုက်သည်။


ကျန်းယွဲ့ ကြောက်သွားကာ သူမ၏မျက်လုံးများတွင် မျက်ရည်များရစ်သိုင်းလာသည်။


xxxxxxxxxxxxx


Chapter 403(Extra-40)


မထင်မှတ်ထားစွာဖြင့် ကျန်းဟွေ့မိန်က ဘာမှပြောမလာပေ။ သူမကိုအကြာကြီးကြည့်ပြီးမှ သက်ပြင်းအရှည်ကြီးချကာ ပြောလာသည်။

"အမေတို့မှာ အရည်အချင်းမရှိတာကိုပဲအပြစ်တင်ရမှာပေါ့... အကယ်၍ အမေ့မှာသာ အရည်အချင်းရှိခဲ့ရင် သမီးက ဒီလောက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ် ခက်ခက်ခဲခဲအလုပ်လုပ်လို့ရမှာလဲ... ရွာလူကြီးရဲ့ကလေးက ကျောင်းမှာမဟုတ်လား... ရွာရဲ့လုံခြုံရေးခေါင်းဆောင်ရဲ့ ကလေးကရော ကျောင်းမှာပဲ... မိသားစုထဲမှာ ကျောထောက်နောက်ခံရှိတဲ့ လူတိုင်းရဲ့ကလေးတွေကလည်း ကျောင်းမှာပဲ.... ငါတို့အတွက်စာသင်ဖို့ဆိုတာ ခက်ခဲသလို မျှော်လင့်လို့မရတဲ့အရာမျိုးပဲ... အစက သမီးအဖေနဲ့အမေက သေချာတွေးထားကြပြီး နောက်နွေရာသီဆိုတာနဲ့ သမီးကိုကျောင်းထားကြတော့မလို့.... အဲ့လိုဆိုရင် သမီးစာလုံးတွေဖတ်တတ်ပြီး ဘယ်လိုရေတွက်ရမလဲဆိုတာသိရင် သမီးကြီးလာရင် ရွာရဲ့ထုတ်လုပ်ရေးအဖွဲ့ထဲမှာအလုပ်ဝင်လုပ်နိုင်လိမ့်မယ်လို့ တွေးခဲ့ကြတာ.... ဒါပေမဲ့ သမီးအဖေရဲ့ အသက်ကဒီလောက်တိုလိမ့်မယ်လို့ ဘယ်သူထင်ခဲ့မှာလဲ...."


ကျန်းယွဲ့က သူမအမေက မဆူကြောင်းသိလိုက်ရ၍ တိုးတိုးလေးပြောလေသည်။

"သမီးကျောင်းမတက်ချက်တော့ပါဘူး... စာလည်းမသင်ချင်ဘူး... အမေနဲ့ပဲအတူနေချင်တာ..."


ကျန်းဟွေ့မိန်က သူမပြောတာနားမထောင်ဘဲ ဒေါသတကြီးနှာမှုတ်လေသည်။

"ကိုယ့်ဘာသာ ဘာပြောလိုက်လဲကောသိလား... ရွေးချယ်စရာမရှိရင်လည်းထား... ဒါပေမဲ့ ရွေးချယ်စရာရှိနေတာကိုတောင် ဒီလိုပြောတော့ ငါနင့်ကိုသတ်မိလိမ့်မယ်... နင်ကတကယ်ကြီး ရွံ့ခင်းတဲ့လမ်းကိုလျှောက်ချင်နေတာလား...."


ကျန်းယွဲ့ ထိတ်လန့်သွားပြန်သည်။


"ထားလိုက်တော့.... ငါနင့်ကိုရှင်းရှင်းလင်းလင်းပြောပြလို့မရဘူး...."


ကျန်းဟွေ့မိန်က သက်ပြင်းထပ်ချလိုက်သည်။

"အလုပ်ရမှတ်အရဆုံးလူကို သမီးမြင်လား.... ဒါဆို ဘာလို့များ ဦဘာအလုပ်မှလုပ်စရာမလိုဘဲ အလုပ်ရမှတ်တွေ ဒီလောက်ရနေတာလဲဆိုတာကောသိလား.... ဘာလို့လဲဆိုတော့ သူကစာသင်ဖူးလို့ပဲမဟုတ်လား... ငါသာစာလုံးတွေကိုသိလို့ကတော့ ဟမ့်...."


"စာဖတ်ရတာ အရမ်းခက်လို့လားဟင်...."


ကျန်းဟွေ့မိန်က သူမ၏အသားမာတက်နေသောလက်များနှင့် သွေးစို့နေသောနောက်ကျောကိုပြလိုက်ပြီး ပြောသည်။

"ခက်လားတော့ အမေလည်းမသိဘူး... ဒါပေမဲ့ အမေ့လိုခက်ခက်ခဲခဲလုပ်ရတယ်ဆိုတာတော့သိတယ်...."


ဒါဆိုအရမ်းခက်တာပေါ့....


ကျန်းယွဲ့နားလည်သွားသည်။


သူမက သူမ၏အမေကို ကူညီချင်ပြီး ပိုကောင်းသည့်ဘဝကိုလိုချင်တာ သူများဆီအပေးမခံချင်ပေ။


ဒါဆို စာဖတ်ရတာပိုကောင်းတာလား... ဘာပဲဖြစ်ဖြစ်နည်းလမ်းတစ်ခုတော့ရှိနေတယ်လေ... သူမက အရမ်းငယ်တော့ တခြားနည်းလမ်းကိုမစဉ်းစားနိုင်ခဲ့တာပဲ....


သို့သော်လည်း ကျောင်းစရိတ်က ဈေးကြီးလှသည်။


ကျန်းယွဲ့က သေချာတွေးကြည့်ပြီး နည်းလမ်းတစ်ခုစဉ်းစားရမည်ဟုတွေးကာ ငြိမ်ငြိမ်ထိုင်မစောင့်နိုင်တော့ပေ။


ထိုနေ့ညနေခင်း၌


လူကြီးများ အလုပ်မှပြန်ခါနီးတွင် ကျန်းယွဲ့နှင့် ကျန်းရှင်းကလည်း လက်တွဲရင်း အိမ်သို့ အစောကြီးပြန်သွားကြသည်။ အိမ်ပြန်လမ်းတွင် ကျောင်းမှပြန်လာသည့် ကလေးတစ်အုပ်နှင့်ဆုံသွားခဲ့သည်။


ထိုကလေးများက ကျောင်းလွယ်အိတ်ကိုယ်စီလွယ်ထားကြကာ အချင်းချင်းနှုတ်ဆက်စကားဆိုနေကြသည်။


ကျန်းယွဲ့က ကျန်းရှင်း၏လက်ကိုကိုင်ထားပြီး လမ်းဘေးတွင်ရပ်လိုက်ကာ သူတို့ကို စိတ်ဝင်တစားကြည့်လေသည်။


သူမစိတ်ထဲတွင် ဘာတွေးမိသွားသလဲမသိသော်လည်း မျက်လုံးများက တောက်ပလာကာ သူမမောင်လေးကိုပြောလိုက်သည်။

"မောင်လေး... အစ်မတို့လည်းသွားကြည့်ကြရအောင်...." 


အမေက ပြန်မရောက်သေးသည်ဖြစ်ပြီး ကျောင်းသားများအားလုံးကလည်း ဤနေရာတွင်ရှိနေကြသည်။ ထို့ကြောင့် အခုအချိန်ကျောင်းတွင် မည်သူမှမရှိလောက်ပေ။


ကျန်းရှင်းက သူ့အစ်မဘာကြောင့်စိတ်လှုပ်ရှားနေလဲမသိသော်လည်း သူမပြောစကားအမြဲနားထောင်လေရာ ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ကဲ့...."


မောင်နှမနှစ်ယောက်က ကျောင်းထဲကိုသူခိုးများလိုဝင်လာကြသည်။


ကျန်းယွဲ့၏ ကောက်ချက်ချမှုကမဆိုးလှပေ။ ကျောင်းရှိ ကလေးများအားလုံးနီးပါးက ထွက်သွားပြလေပြီ။ ကျောင်းဝန်းထဲတွင်နေသည့် ဆရာများမှလွဲ၍ ကျောင်းဝန်းထဲမည်သူမှမရှိတော့ပေ။


သူမက ပထမထပ်ရှိ ပထမတန်းအခန်းကိုသွားကာ ပြတင်းပေါက်မှတဆင့် အထဲကို အချိန်အတော်ကြာကြည်နေလေသည်။


xxxxxxxxx


Chapter 404(Extra-41)


ကျောက်သင်ပုန်းမှာ အနက်ရောင်ဆေးသုတ်ထားသည့် သစ်သားပြားဖြစ်ပြီး နံရံပေါ်တွင် သံဖြင့်ချိတ်ထားကာနှစ်ပေါင်းများစွာ အသုံးပြုခြင်းခံထားရသည်။ မြေဖြူမှုန့်များက မပြောင်သေးဘဲ ဟိုတစ်သည်တစ်စရှိနေပြီး ကျောက်သင်ပုန်းပေါ်ရေးထားသည့် စာများလည်းရှိနေသည်။


ကျန်းယွဲ့က ကျောင်းတစ်ခါမှမနေဖူး၍ ရေးထားသည့်စာများ၏ အဓိပ္ပါယ်ကိုမသိသော်လည်း သူမ၏လက်ချောင်းများကိုအသုံးပြု၍ စာလုံးများတစ်ခုချင်းစီကိုရေးကြည့်နေသည်။

"၁..၂..၃..."


သူမခဏမျှအံ့အားသင့်သွားပြီး နံရံထောင့်တွင်ကျနေသည့်ခဲတံလေးတစ်ချောင်းကိုတွေးလိုက်ရသည်။ ခဲတံလေးက မကြာခဏအသုံးပြုခံထားရပြီး လက်တစ်ဆစ်မျှသာကျန်တော့ပြီး ထိပ်ပိုင်းရှိခဲဖျက်ကလည်း ချိုင့်ဝင်နေကာ ဘာမှမကျန်တော့လုနီးပါးပင်။


ကျန်းယွဲ့က ကုန်းကောက်လိုက်ပြီး သူမ၏အိတ်ကပ်ထဲထည့်လိုက်သည်။


"ကလေးတွေ... ဘာတွေလုပ်နေကြတာလဲ..."


နူးညံ့ကာ ငြင်သာလှသော အသံတစ်သံထွက်လာပြီး ကျန်းယွဲ့အတော်လေးလန့်သွားခဲ့သည်။ သူမလှည့်ကြည့်လိုက်ချိန်တွင် သူမကိုကြည့်နေသော အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသည်။


သူက ကျောင်း၏ဆရာတစ်ယောက်ဖြစ်လောက်ပေသည်။


ကျန်းယွဲ့ စိတ်မလုံသလိုခံစားလိုက်ရပြီး ချက်ချင်းထွက်ပြေးသွားခဲ့သည်။ ခြေလှမ်းအနည်းငယ်ပြေးပြီးမှ ကျန်းရှင်းကျန်ခဲ့ကြောင်းသတိရသွား၍ နောက်ပြန်လှည့်ကာ သူမ မောင်လေးကိုဆွဲ၍ တစ်ချိုးတည်းပြေးလေတော့သည်။


အိမ်ပြန်ရောက်ချိန်တွင် မောင်နှမနှစ်ယောက်လုံး အလွန်အမင်းမောပန်းနေကြလေပြီ။


ကျန်းရှင်းကဘာတွေဖြစ်နေလဲမသိ၍မေးလိုက်သည်။

"မမ.... ခုဏကဘယ်သူကြီးလဲဟင်...."


"မမလည်းမသိဘူး...."

ကျန်းယွဲ့ကြောက်ရွံ့လာပြန်သည်။ သူမကျောင်းသို့ပထမဆုံးအကြိမ်သွားခဲ့သည်။ လူကြီးတစ်ယောက်သာ ထိုအကြောင်းသိပါက သူမကိုအလုပ်မလုပ်၍ ဆူလောက်မည်လား။


သူမ သူမ၏မောင်လေးကို ပြင်းပြင်းထန်ထန်ခြိမ်းခြောက်လိုက်သည်။

"ဒီနေ့ဘာဖြစ်သွားလဲ အမေ့ကိုမပြောပြရဘူးနော်... မဟုတ်ရင် အစ်မက နင့်ကိုလျစ်လျှူရှုထားမှာ...."


ကျန်းရှင်းကကြောက်လွန်းနေ၍ သူ့ပါးစပ်သူလက်နှင့်အုပ်ကာ ခေါင်းခါပြလေသည်။

"မပြောပါဘူး...."


မောင်နှမနှစ်ယောက်က ဤသို့ဖြင့် သဘောတူညီချက်ရခဲ့သည်။


ဆောင်းဦးကောက်ရိတ်သိမ်းပြီးနောက်တွင် ဆန်စပါစများက အကုန်ရိတ်သိမ်းပြီးဖြစ်ရာ လယ်ကွင်းထဲတွင်အလုပ်များများစားစားမရှိတော့ပေ။ ကျန်းဟွေ့မိန်က အရင်ကလောက် အလုပ်အရမ်းမလုပ်ရတော့ပေ။ သူမက ကလေးများကို လယ်ကွင်းထဲမလာကြတော့ရန်တားလိုက်သည်။ ထို့ကြောင့် ကျောင်းမှာ ကျန်းယွဲ့မကြာခဏသွားသည့်နေရာဖြစ်လာခဲ့သည်။


ကျောင်းတွင် လုံခြုံရေးအစောင့်မရှိ၍ ကျောင်းထဲသို့ ဝင်ခြင်းနှင့်ထွက်ခြင်းမှာ အခက်အခဲမရှိပေ။ ထို့အပြင်သူမ၏အသက်ကလည်း တရားဝင် ကျောင်းတက်ရသည့်အရွယ်ဖြစ်နေ၍ ကျောင်းထဲရှိကျောင်းသားတစ်ယောက်နှင့်လည်းတူနေလေသည်။


သူမ ကျောင်းထဲသို့ဝင်ချိန်တိုင်းတွင် တိတ်တဆိတ်နေပြီး ပြတင်းပေါက်နောက်တွင် တိတ်တိတ်လေးပုန်းနေလေ့ရှိသည်။


ပုံမှန်အခြေအနေတွင် ကျန်းယွဲ့က ကျန်းရှင်းကိုခေါ်မလာပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းယွဲ့က သူမ၏လုပ်ရက်များက တခြားသူများ၏ပစ္စည်းကိုခိုးနေသည့် သူခိုးတစ်ယောက်နှင့်တူနေသည်ဟု ခံစားရပြီး အရှက်မရှိသည့်ပုံပေါက်သည်ဟုခံစားရနေသည်။ သူမမောင်လေးသာ သူမနှင့်လိုက်လာပါက သူလည်းအဆူခံရပေလိမ့်မည်။


ထို့အပြင် သူမကသိသာပေါ်လွင်ခြင်းမရှိ၍ သူမကိုမည်သူမှဂရုမစိုက်ကြသော်လည်း သူမမောင်လေးက ပိန်လွန်းနေသည်။ သူမသာ မောင်လေးကိုခေါ်လာခဲ့ပါလျှင် ဆရာများက ထိုအကြောင်းကို သေချာပေါက်ပြောပေလိမ့်မည်။


ထို့ကြောင့် မောင်နှမနှစ်ယောက်က သဘောတူညီမှုလုပ်ထားသည်။ လယ်ကွင်းထဲသို့မသွားရလျှင် ကျန်းယွဲ့ကကျောင်းသွားမည်ဖြစ်ပြီး ကျန်းရှင်းက အိမ်တွင်လိမ်လိမ်မာမာလေးနေကာ ဘယ်မှမသွားရန်ဖြစ်သည်။


သူသာ လိမ္မာပါက ကျန်းယွဲ့ကသူ့အတွက် သစ်သီးရိုင်းအချို့သို့မဟုတ် ရွာထိပ်ရှိ သစ်တော်သီးများကိုခူး၍ အိမ်ကိုပြန်ယူလာမည်ဖြစ်သည်။ စနေ တနင်္ဂနွေနေ့များတွင်လည်း သူ့ကိုဆော့ရန်ခေါ်သွားပေးမည်ဖြစ်သည်။


xxxxxxxxxx


Chapter 405(Extra-42)


ကျန်းရှင်းက သူတို့နှစ်ယောက်က လျှို့ဝှက်တာဝန်လုပ်နေသည်ဟု ခံစားရပြီး အတောလေးစိတ်လှုပ်ရှားကာ သဘောတူလိုက်သည်။


ကျန်းယွဲ့က ဆရာ၊ဆရာမများ၏ သင်ကြားမှုအဟုန်ကို အမှီလိုက်ရန် အကောင်းဆုံးကြိုးစားလေသည်။


အစက သူမဘာမှမသိပါသော်လည်း သို့သော် မကြာခင်တွင် သူမစိတ်က တဖြေးဖြးပိုမိုကြည်လင်လာခဲ့သည်။ မူလက ဘာမှနားမလည်သော်လည်း တဖြေးဖြေးချင်း အခန်းထဲရှိ တခြားကျောင်းသားများထက် ပို၍လျှင်မြန်စွာသင်ယူလာနိုင်သည်။ ၎င်းကအတော်လေးအဆင်ပြေပါသည်။ ဆရာကမေးခွန်းတစ်ခုမေးတိုင်း တခြားကလေးများ မဖြေတတ်ချိန်တွင် ကျန်းယွဲ့ကအမြဲတိုင်းဖြေနိုင်နေသည်။


တဖြေးဖြေးချင်း ကျန်းယွဲ့က သူမတွင်ဉာဏ်ကောင်းသည့်ခေါင်းလေးပါလာကြောင်း သတိပြုမိလာသည်။ သူမတွင် တခြားသူများထက်မလျော့သော ဉာဏ်ရည်ရှိသော်လည်း ထိုင်စရာထိုင်ခုံမရှိနေဆဲပင်။


ထိုအချိန်မှစ၍ ကျန်းယွဲ့က ကြိုးစားသည်ထက် ကြိုးစားလာခဲ့သည်။


ကျောင်းသားများတွင် မသုံးတော့သော ခဲတံခေါင်းများရှိ၍ သူမက ၎င်းတို့ကိုကောက်ခါ သူမအတွက်သုံးလေပြီး ခဲတံပေါင်းများစွာသိမ်းနိုင်ခဲ့သည်။ စာရွက်ကြမ်းများ စာရွက်အပြဲများလည်းရှိနေလေရာ ၎င်းတို့ကိုကောက်ယူပြီး လက်ချောင်းအရွယ်စာရွက်များဖြစ်အောင်ဖြတ်ကာ အပ်ချည်နှင့်အပ်ဖြင့်တွဲချုပ်လိုက်သည်နှင့် ရေးစရာစာအုပ်ရလာလေသည်။


ကျောင်းတွင်ဆရာအများကြီးမရှိချေ။ ဆရာများက ပထမတန်းနှင့် ဒုတိယတန်းတွင် တရုတ်စာနှင့် သင်္ချာကိုသင်ကြားပေးလေသည်။ စာသင်ကြားချိန်များက စနစ်တကျစီစဉ်ထားခြင်းမရှိဘဲ စည်းကမ်းကလည်းအများကြီးမတင်းကြပ်ပေ။ တစ်ခါတစ်ရံတွင် ပထမတန်းနှင့် တတိယတန်းတွင် သင်ရသည့်စာများမှာ တူညီနေတတ်လေသည်။ တဖြေးဖြေးချင်းဖြင့် ကျန်းယွဲ့ကနေသားကျလာကာ တိတ်တိတ်လေးစာဆက်သင်နေခဲ့သည်။


လူကြီးများ၏မျက်စိက အမြဲတမ်းစူးရှကြသည်ချည်းသာ။ ကလေးတစ်ယောက်က ကောင်းကောင်းပုန်းနေသော်လည်း သူမည်မျှဂရုတစိုက်လုပ်နေပါစေ နောက်ဆုံးတွင်ရှာတွေ့သွားသည်ချည်းသာဖြစ်သည်။


နောက်ဆုံးတွင် ကျန်းယွဲ့ရှာတွေ့သွားခဲ့သည်။


ကျောင်းအုပ်ကြီးက ထိုကလေးမလေးကို အရင်ကတည်းက သတိပြုမိနေလေပြီး ရက်အနည်းငယ်စောင့်ကြည့်ပြီးနောက်တွင် သူကြည့်လေလေ မှားလေလေဟုခံစားရ၍ ယနေ့တွင် သူမ၏အိတ်ကိုဆွဲထားလိုက်လေသည်။


ကျန်းယွဲ့က ကြောက်လွန်း၍ ဖြူရော်သွားလေပြီး စကားတစ်လုံးမှမပြောနိုင်တော့ပေ။ ကျောင်းအုပ်ကြီးကို ဗလာသက်သက်သာကြည့်နေလေပြီး ရုံးခန်းထဲဆွဲခေါ်ခံသွားလိုက်ရသည်။


"သမီးဒီမှာဘာလာလုပ်နေလဲပြောပြ...."

ကျောင်းအုပ်ကြီးက အလွန်စည်းကမ်းကြီးကာ ခက်ထန်ပေသည်။


"သမီး... သမီး အစ်ကိုအတန်းပြီးတာကိုလာစောင့်တာ...."


"သမီးအစ်ကိုနာမည်ကဘာတဲ့လဲ...."


"...." 

ကျန်းယွဲ့ပြန်မဖြေနိုင်တော့ပေ။


သူမက အလွန်ငယ်နေသေး၍ သရုပ်ဆောင်ရာတွင် ညံ့ဖျင်းလေရော မည်သူ့ကိုမှအရူးမလုပ်နိုင်ပေ။ ထို့အပြင် ဆရာများအားလုံးက နယ်ခံများဖြစ်၍ ကျောင်းလာတက်သည့်ကလေးများအားလုံး၏ နာမည်၊ အိမ်သားအရေအတွက်ကမစ အရာအားလုံးကိုသိကြပေသည်။


ကျောင်းအုပ်ကြီးက သူမ၏ကိုယ်တိုင်လုပ်ထားသော ကျောင်းလွယ်အိတ်ကိုယူပြီး ဖွင့်ကြည့်လိုက်ကာ သူမကိုယ်တိုင်ချုပ်ထားသော စာအုပ်များကိုတွေ့လိုက်ရ၍ သူ့မျက်နှာက ချက်ချင်းမှောင်မဲလာသည်။


သူမကသာ သူ့ကျောင်း၏ကျောင်းသားဖြစ်ပါက သူပျော်မည်ဖြစ်သော်လည်း သူမကဟုတ်မနေပေ။


လူတိုင်းက သူမလိုစာခိုးသင်ပြီး ကိုယ့်ကိုယ်ကိုယ်အရည်အချင်းရှိလာအောင် သင်နိုင်နေပါက ကျောင်းများဖွင့်နေမည်မဟုတ်တော့ပေ။


လူတိုင်းက အကျိုးအမြတ်ရယူလိုသူချည်းသာဖြစ်ပြီး ကျောင်းနှင့်ဆရာများအားလုံးကလည်း ကျောင်းသားမိဘများ၏အထောက်အပံ့ကိုယူနေရခြင်းဖြစ်သည်။


ဤကိစ္စကို သာဓကယူပါက အနာဂတ်တွင် လူတိုင်းသာ သူမဆီကတစ်ဆင့်ပြန်သင်ချင်ကြပါက မည်သူက ကျူရှင်တက်ချင်ဦးမည်နည်း။


ကျောင်းအုပ်ကြီးက အေးစက်စက်ပြောလိုက်သည်။

"ဒါက မင်းပထမဆုံးပြစ်မှုကျူးလွန်တာမှန်း ငါသိတယ်... ဒီတော့မင်းကို အပြစ်မပေးတော့ဘူး.... ဒါပေမဲ့ အနာဂတ်မှာဒီကိုလာရဲသေးရင် ရွာလူကြီးကိုသွားပြောပြီး မင်းကိုသင်ခန်းစာပေးခိုင်းပြီး တစ်မိသားစုလုံးရွာပြင်ထုတ်လိုက်မယိ...."

.

xxxxxxxxxx