Chapter 396(Extra-33)
(ကျန်းယွဲ့၏ ဘဝဇာတ်ကြောင်းကိုပြောင်းလဲခြင်း)
မိုးကသည်းထန်စွာရွာသွန်းနေသည်။
ကျန်းယွဲ့က တဲအိမ်လေးထဲတွင်ထိုင်ပြီး ကျန်းရှင်းကိုယပ်ခတ်ပေးနေသည်။ သူမက ဖုတုန်ယပ်တောင်ကို လက်တစ်ဖက်တွင်ကိုင်ပြီး ယပ်ခတ်နေကာ ခဏအကြာတွင် လက်ညောင်းလာသည်။ သူမတွင်ရွေးချယ်စရာမရှိတော့ဘဲ လက်နှစ်ဖက်လုံးကိုသုံးပြီး ဗလုံးဗထွေးရေရွတ်နေကာ သူမမောင်လေးကို အပူလျော့အောင်ပြုလုပ်ပေးနေသည်။
ပူပြင်းလှသည့်ရာသွဥတုအောက်တွင် ကျန်းရှင်းတွင် မိတ်ဖုများစွာပေါက်နေခဲ့သည်။ သူက ညလယ်ရောက်တိုင်းတွင် ငိုကြွေးမြည်တမ်းကာ ကုတ်ဖဲ့လေ့ရှိသည်။ ကလေးများက သူတို့၏လက်များကမည်မျှ ကြမ်းကြောင်းမသိကြဘဲ သွေးထွက်အောင်ကုတ်လေ့ရှိသည်။
ကျန်းယွဲ့က သူ့အတွက်စိတ်မကောင်းဖြစ်သွားရ၍ သူ့ကိုအေးမြစေရန် နည်းလမ်းစဉ်းစားခဲ့လိုက်သည်။
မကြာခင်တွင် ကျန်းဟွေ့မိန်လည်း ပြန်လာသည်။ သူမက ယနေ့တွင် လယ်ထွန်နေခြင်းဖြစ်ပြီး လမ်းတစ်ဝက်အရောက်တွင် မိုးပြင်းထန်စွာရွာ့ာခဲ့သည်။ သူမ ကျိန်ဆဲလိုက်သည်။
"ကောင်းပြီလေ... ဒီနေ့တော့ အပြောင်းအလဲ ဖြစ်သွားတာပေါ့.... အခုတော့ အင်္ဂတေကိုင်ဖို့ မလိုသေးပေမဲ့.. ရေတော့မမြုပ်လောက်ပါဘူး...."
ကောက်ပဲသီးနှံစိုက်ပျိုးခြင်းက ကောင်းကင်ဘုံ၏အလိုတော်ပေါ် မူတည်နေပြီး ကောက်ရိတ်သိမ်းခြင်းက ဘုရားသခင်၏ ကျေးဇူးတော်ပေါ်မူတည်သည်။ ရာသီဥတုဆိုးလျှင် လယ်သမားများ၏ နှလုံးသားက လေမိုးတို့နှင့်အတူ လှုပ်ခါရသည်။
"အမေ...."
ကျန်းယွဲ့ပြေးထွက်လာပြီး သူမအမေကိုကြည့်ကာမေးလိုက်သည်။
"အဖေရော...."
"သမီးအဖေလား.. ဒီနေ့ တာ့အောင်းတောင်မှာ ပျိုးပင်တွေကိုကြည့်ဖို့က သူ့တာဝန်လေ.... သူရောက်နေပြီလားမသိဘူး... အမေကတော့ ဒီအတိုင်းပြန်လာခဲ့တာပဲ...."
ကျန်းဟွေ့မိန် အလွန်းစိုးရိမ်ကာ စိတ်ဓာတ်ကျသွားရသည်။
တာ့အောင်းရှန်က အနီးအနားက တောင်ကြားတစ်ခုဖြစ်ပြီး တောင်တန်းများက ပတ်ပတ်လည်ဝန်းရံနေလျက်ရှိကာ မြေဩဇာလည်းကောင်းလှပေသည်။ ထုတ်လုပ်ရေးအဖွဲ့က အချို့သော ပျိုးပင်များကို ထိုနေရာ၌စိုက်ကြလေသည်။ ရွာထဲမှလူများအတွက် ထိုနေရာတွင် လယ်စောင့်တဲလေးတစ်ခုဆောက်လိုက်ရန်မှာ လွယ်ကူလှပေသည်။ သစ်သားကိုသာလိုအပ်၍ သစ်ပင်ခုတ်လိုက်ရန်သာလိုအပ်သည်။ သစ်ပင်ကိုခုတ်ရန်မှာ ပြောသလောက်မလွယ်ပေ။ တစ်ပင်ခုတ်လိုက်သည်နှင့် နွေဦးရာသီတွင် ထိုအပင်အားအစားထိုးရန်အတွက် ပျိုးပင်ပေါက်များကို ကြိုတင်ပြင်ဆင်ပြီးသားဖြစ်ရပေမည်။ ထိုမှသာ လူများက အိမ်ဆောက်ကာ ဇနီးမယားယူခြင်းကို ပြုလုပ်နိုင်ပေမည်။
ယခုတွင် ၎င်းက သူမယောက်ျားတာဝန်ဖြစ်နေလေပြီ။
ကျန်းဟွေ့မိန် မီးဖိုထဲဝင်ပြီး မီးမွှေးလိုက်ကာ ကလေးများအတွက် ညစာချက်လိုက်သည်။ အလွန်နောက်မကျသေးပဲ နေ့လည်သာရှိသေးသော်လည်း မိုးသည်းထန်စွာရွာသွန်းနေ၍လကောင်းကင်ကမဲမှောင်ကာ အုံ့မှိုင်းနေပြီး နေရောင်ကိုပင် ခပ်ဝါးဝါးသာမြင်ရလေသည်။
ကျန်းယွဲ့က ပြတင်းပေါက်တွင်လှဲလျောင်းနေပြီး မီးဖိုထဲမှ အငွေ့တလူလူထွက်နေသည်ကိုကြည့်ပြီး အကြောင်းပြချက်မရှိ စိတ်လေးနေခဲ့သည်။
ထိုအချိန်တွင် ကျန်းရှင်းကနိုးလာပြီး သူ၏ဖောင်းတုတ်တုတ်လက်ကလေးများဖြင့် မျက်လုံးကိုပွတ်သပ်ကာ ငိုသံလေးဖြင့်ပြောလိုက်သည်။
"မမ သားဗိုက်ဆာနေပြီ...."
"အမေက အခုချက်နေပြီနော်... မငိုပါနဲ့.... ခဏနေကြရင် စားရတော့မှာပါ...."
"ဟုတ်ကဲ့..."
ကျန်းရှင်း ခေါင်းငြိမ့်ကာ ကြောင်စီစီလေးဖြစ်နေသည်။ မိုးရွာနေသဖြင့် ရာသီဥတုကအေးနေလေရာ သူ၏မိတ်ဖုများက မယားယံတော့သဖြင့် အတော်လေး သက်တောင့်သက်သာခံစားနေရသည်။
မိသားစုထမင်းဝိုင်းလေးမှာ ဆန်ကြမ်းနှင့်ဆန်ချောကို ရောပြီးချက်ထားသည့် ထမင်းဝိုင်းလေးသာဖြစ်သည်။ အသီးအရွက်လက်တစ်ဆုပ်မှာလည်း ဟင်းသီးဟင်းရွက်ရိုင်းများသာဖြစ်ကြသည်။ ကျန်းဟွေ့မိနိက အိမ်ပြန်လမ်းတစ်လျောက်တွင်တွေ့ခဲ့၍ လက်တစ်ကုတ်စာခူးခဲ့ခြင်းဖြစ်သည်။ ဟင်းထဲတွင် ဆီတစ်စက်ပင်မပါသော်လည်း ကျန်းမိသားစုအတွက် နှုတ်မြိတ်စရာထမင်းဝိုင်းလေးပင်ဖြစ်သည်။
ကျန်းရှင်းက နေမကောင်းဖြစ်နေ၍ ကျန်းဟွေ့မိန်က သူ့အတွက် စိတ်မကောင်းဖြစ်နေ၍ ဆန်ကြမ်းထဲတွင် ဆန်ချောအချို့ကိုရောလိုက်ခြင်းဖြစ်သည်။ မဟုတ်ပါက သူစားနိုင်မည်မဟုတ်ပေ။
သားအမိသုံးယောက်က သူတို့၏ အိမ်ထောင်ဦးစီးပြန်လာသည်ကိုစောင့်နေပြီး တူများကိုတစ်ချက်မှမရွှေ့ကြပေ။
xxxxxxxxxxx
Chapter 397(Extra-34)
"ထားလိုက်တော့... အရင်စားရအောင်...."
ကျန်းဟွေ့မိန်က သူမခင်ပွန်းအတွက် ဟင်းအနည်းငယ်ချန်ကာ ကလေးနှစ်ယောက်ကို စားခိုင်းလိုက်တော့သည်။
ထိုထမင်းတစ်နပ်က အလွန်အမင်းတိတ်ဆိတ်စွာ စားသောက်၍ပြီးသွားခဲ့သည်။ ကျန်းရှင်းက ငယ်လွန်းသေး၍ ဘာဖြစ်နေလဲမသိသော်လည်း ကျန်းယွဲ့က အနည်းငယ်အသက်ကြီးကာ ပိုမိုသိတတ်သူဖြစ်သည်။ ထို့ကြောင့် သူမအမေ မျက်မှောင်ကြုတ်နေသည်ကိုကြည့်ပြီး တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။
ညနေခင်းရောက်သည်အထိ သူမအဖေကပြန်မလာခဲ့ပေ။
ဤအချိနိထိ မိုးကလည်းမတိတ်သေးချေ။
ကျန်းဟွေ့မိန် မစောင့်နိုင်တော့၍ အဝတ်အစားများထပ်ဝတ်ကာ ကျန်းယွဲ့ကိုပြောလိုက်သည်။
"သမီးက အိမ်မှာ ရှင်းအာကိုကြည့်နေနော် အမေပြန်လာခဲ့မယ်...."
"ဟုတ်ကဲ့..."
ကျန်းယွဲ့က ပြန်ဖြေလိုက်ပြီး သူမအမေ၏နောက်ကျော မိုးရေထဲတွင် ပျောကိကွယ်သွားသည်အထိကြည့်နေခဲ့သည်။
မိုးကြိုးများက ထစ်ချုန်းနေဆဲဖြစ်ကာ ကောင်းကင်ကိုအပေါက်ဖောက်ချပစ်လုမတတ်ဖြစ်နေသည်။ မိုးကလည်း သည်းထန်စွာရွာပြီး မိုးကြိုးများပါထစ်ချုန်းနေ၍ ကျန်းယွဲ့လေး အနည်းငယ်ကြောက်လာခဲ့သည်။ ရေနံဆီမီးအိမ်ကိုလည်းထွန်းမထားဘဲ သူမမောင်လေးကို တင်းတင်းဖက်ကာ အမှောင်ထုထဲတွင် တိတ်တိတ်လေးနေနေလေသည်။
"မမ... အမေဘယ်သွားတာလဲဟင်..."
ကျန်းရှင်းကလည်း ကျန်းယွဲ့ကိုတင်းတင်းပြန်ဖက်ထားပါ တိုးတိုးလေးမေးလိုက်သည်။
"အဖေ.. အဖေ့ကိုသွားရှာတာလေ...."
"ဒါပေမဲ့ ဒီလောက်မိုးတွေသည်းနေတာ ဘယ်လိုရှာမှာလဲ...."
"ဘယ်မရာမဆို နည်းလမ်းတစ်ခုရှိပါတယ်...."
ကျန်းယွဲ့ စိုးရိမ်ပူပန်လာကာ သူ့ကိုတင်းတင်းဖက်ပြီး စိတ်မကြည်တော့သလို ဟန်ဆောင်လိုက်သည်။
"နင်ဘာလို့ ဒီလောက်စိတ်ရှုပ်ဖို့ကောင်းရတာလဲ... သွားအိပ်တော့... မနက်ကြရင်စောသောထရမှာ... အမေက အဖေ့နဲ့အတူပြန်လာလိမ့်မယ်...."
ကျန်းရှင်းက မတရားခံလိုက်ရသလို ခံစားလိုက်ရသော်လည်း ဘာမှမပြောရဲ၍ တိတ်တိတ်လေးသာ အိပ်နေလိုက်သည်။
မောင်နှမနှစ်ယောက်မှာ အချင်းချင်းဖက်တွယ်ရင်း မိုးသည်းထန်နေသည့် အခြေအနေအောက်တွင်ပင် အိပ်ပျော်သွားကြသည်။ ကျန်းယွဲ့မှာလည်း ကလေးတစ်ယောက်သာဖြစ်သေးလေရာ ညလယ်အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့လေသည်။
နောက်တစ်နေ့မနက် အရုဏ်တက်ချိန်တွင် ကျန်းယွဲ့က အိမ်ရှိ ကြက်ဖ၏အော်သံကြောင့် နိုးထလာခဲ့သည်။ သူမ မျက်လုံးကိုတမ်းဖွင့်လိုက်ပြီး အပြင်ကိုကြည့်လိုက်ရာ တစ်ညလုံးမိုးရွာခဲ့ကြောင်း သိသွားရသည်။
ကောင်းကင်က အနည်းငယ် ညို့မှိုင်းနေဆဲဖြစ်ကာ အရမ်းကြီးမလင်းသေးပေ။ သူမ တံခါးဖွင့်လိုက်သည်နှင့် သူမအမေ၏အခန်းက တင်းတင်းကြပ်ကြပ်ပိတ်ထားဆဲဖြစ်ပြီး မီးဖိုချောင်တွင်လည်း မီးခိုးငွေ့တို့ထွက်မနေကြောင်း တွေ့လိုက်ရသည်။
အရင်က သူမအမေက ဤအချိန်တွင် အလုပ်ကိုသွားပြီဖြစ်သည်။
ကျန်းယွဲ့မျက်မှောင်ကြုတ်လိုက်ကာ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသော်လည်း တစ်ခုခုထလုပ်ရန် သူကငယ်လွန်းနေသည်။
ကျန်းရှင်းနိုးလာသည်နှင့် ဆူဆူညံညံလုပ်ကာ သူဗိုက်ဆာနေပြီဟုပြောလေသည်။ ကျန်းယွဲ့က သေတ္တာများကိုလျောက်လှန်ပြီးနောက်တွင် ဟိုအရင်က ကျန်းဟွေ့မိန်ဖုတ်ထားခဲ့သော ကိတ်မုန့်တစ်ခုကိုတွေ့လိုက်ရသည်။ သူမ ရေတွင်းထဲမှ ရေအေးများကိုခပ်ကာ ထိုပေါင်မုန့်နှင့်တို့စားကြလေသည်။
မနက်စာကို ကြုံသလိုဖြေရှင်းပြီးနောက်တွင် ကလေးနှစ်ယောက်က ထိုင်ခုံများယူကာ တံစက်မြိတ်အောက်တွင်ချပြီး သူတို့မိဘများပြန်အလာကိုစောင့်နေလိုက်ကြသည်။
သူတို့စောင့်ဆိုင်းနေသည်မှာ ညနေခင်းပင်ရောက်သွားခဲ့သည်။
အိမ်တွင်စားစရာမရှိတော့ပေ။ အစားအသောက်များက သူမအမေအခန်းထဲတွင်ရှိပြီးသော့ခတ်ထားလေရာ ကျန်းယွဲ့တွင်သော့မရှိ၍ ဖွင့်၍မရပေ။ ကျန်းရှင်းက အဆက်မပြတ်ငိုကြွေးရင်းဗိုက်ဆာကြောင်းပြောလေသည်။ ကျန်းယွဲ့တွင် ရွေးချယ်စရာမရှိတော့၍ ရေတွင်းထဲမှရေများကိုသာ ခပ်ပြီး တစ်ခွက်ပြီးတစ်ခွက်တိုက်နေလိုက်ကာ အိမ်သာကို ခဏခဏသွားဆက်နေစေလိုက်သည်။
ရေသောက်ရုံဖြင့် ဆာလောင်မှုကို မဖြေရှင်းနိုင်လေရာကျန်းရှင်းမှာ ငိုနေဆဲသာဖြစ်သည်။ အစာအိမ်ကလည်း အဆက်မပြတ်အော်မြည်နေကာ ဗိုက်ဆာလွန်း၍အားပင်မရှိတော့ချေ။
ကျန်းရှင်းက ငိုယိုရင်းဒေါသတကြီးမေးလိုက်သည်။
"မမ.... အဖေနဲ့အမေက ဘယ်တော့ပြန်လာမှာလဲ....".
"အဆင်ပြေသွားမှာပါ...."
ကျန်းယွဲ့နှုတ်ခမ်းတင်းတင်းကိုက်လိုက်ပြီး သူမလည်းကြောက်လာခဲ့သည်။
xxxxxxxxxxx
Chapter 398(Extra-35)
အမှန်အတိုင်းပြောရလျှင် သူမကိုယ်တိုင်လည်း သူမ မိဘများ ဘယ်အချိန်ပြန်လာမလဲမသိပါချေ။
ကလေးနှစ်ယောက်က လိမ်လိမ်မာမာလေး ခြေလက်ဆေးကာ အိပ်ရာဝင်ရင်း သူတို့မိဘများကိုစောင့်နေလိုက်သည်။
ကျန်းယွဲ့က ကျန်းရှင်းကိုသေချာစောင့်ရှောက်ပေးနေ၍ ကျန်းရှင်းကတစ်ညလုံး မငိုသလို ကုတ်လည်းမကုတ်ပေ။
နောက်တစ်နေ့ မနက်ခင်းအစောကြီးအထိစောင့်ပြီးမှ ကျန်းယွဲ့က ပြေးလာသံများကြောင့်နိုးလာရသည်။
ခြံဝန်းကလင်းထိန်နေပြီဖြစ်ပြီး ပြတင်းပေါက်တွင် မီးတုတ်များ၏အလင်းရောင်များမြင်လိုက်ရသည်။ ပြတင်းပေါက်ပေါ်တွင် လူများစွာ၏အရိပ်များရှိနေပြီး အပြင်ဘက်၌ လူတစ်အုပ်က မတ်တတ်ရပ်နေကြသည်။
ငိုယိုသံ ချော့မော့နေသံများလည်းရှိ၍ အသံမျိုးစုံဖြင့်ဆူညံနေလေသည်။
ကျန်းရှင်းက အိပ်ပျော်နေကာ မျက်စိပွင့်မလာပေ။ ကျန်းယွဲ့က သူမဘာသာအိပ်ရာထဲမှထပြီး ခြံဝန်းထဲပြေးထွက်သွားသည်။ သူမ၏ အမေက တခြားလူတစ်ယောက်ပေါ်တွင် မှီကာ ကျယ်လောင်စွာငိုကြွေးနေကြောင်းမြင်လိုက်ရသည်။
ခြံဝန်းအလယ်တွင်ရှိနေသည်မှာ သူမ၏အဖေဖြစ်လေပြီး ပိတ်စအဖြူဖြင့် ဖုံးလွှမ်းခံထားရလေသည်။
သူက လှုပ်ရှားမှုကင်းမဲ့နေပြီး ပေါ်ထွက်နေသော ခြေလက်များတွင် သွေးတို့စွန်းထင်းနေကာ ဒဏ်ရာများကလည်း စိတ်မချမ်းမြေ့ဖွယ်ရာကောင်းအောင် ပြည့်နှက်နေသည်။
ကျန်းယွဲ့၏စိတ်က ခေတ္တခဏဗလာဖြစ်သွားကာ သူမအဖေဆီပြေးဝင်သွားပြီး အော်ဟစ်ငိုယိုလေသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....
သူမ အဖေထွက်မသွားခင်က သူမကိုပြုံးပြခဲ့ပြီး လိမ်လိမ်မာနေခဲ့ပြီး သူပြန်လာပါက ပုရစ်အတူသွားဖမ်းကြမည်ဟုပြောခဲ့သေးသည်။
ဘာလို့ ရုတ်တရက်ကြီးထွက်သွားရတာလဲ....
ကျန်းယွဲ့က ငယ်ရွယ်သေးသော်လည်း အစောကြီးသိတတ်နေပြီဖြစ်သည်။ လူကြီးများထံမှတဆင့် သူမအဖေက တောင်ကျချောင်းရေထဲမျောပါသွားခဲ့ပြီး ပျောက်သွားခဲ့ကြောင်းသိခဲ့ရသည်။ ၎င်းက ကံဆိုးသွားသည်ဖြစ်သည်ဟုပြောရင်း သက်ပြင်းချနေကြလေသည်။
သားအမိနှစ်ယောက်စလုံး မျက်ရည်ပေါက်ကြီးငယ်ကျအောင်ငိုကြွေးနေကြလေသည်။
ကျန်းဟွေ့မိန်က ကြံ့ခိုင်သည့်အမျိုးသမီးတစ်ယောက်ဖြစ်သည်။ အားရပါးရငိုကြွေးပြီးနောက်တွင် ယခုအချိန်တွင် လုံးဝနီးပါးတိတ်ကျသွားကာ အသုဘအတွက်စတင်ပြင်ဆင်တော့သည်။ အရာအားလုံးက လျှင်မြန်စွာဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ပြီး သူတို့တွင် အဖြူရောင်ပိတ်စများအပါအဝင် မည်သည်ကိုမှ မပြင်ခဲ့ရသေးပေ။
ကျန်းဟွေ့မိန်က ကျန်းယွဲ့ကို အခန်းထဲဆွဲခေါ်သွားပြီး အိမ်ဘေးမှ အဒေါ်ကိုခေါ်ကာ အကူအညီတောင်းလေသည်။ သူမက ထမင်းတစ်အိုးတည်ပြီး အိမ်ရှိဥယျာဉ်ထဲမှ အသီးအရွက်များကိုခူးပြီးပြန်လာခဲ့သည်။ အလောင်းကိုပြန်သည်လာပေးသည့် ရွာထဲမှလူများကစားကြပေသည်။
လူတိုင်းက တစ်နေ့လုံးတစ်ညလုံး ရွှံ့များကြားထဲမှ လူကိုတူးထုတ်ခဲ့ရသည်။ အခုအချိန်တွင်လူတိုင်းက အလွန်ပင်ပန်းနေကြပြီဖြစ်သည်။ ထို့ကြောင့် ဤသို့ကြွေးမွေးခြင်းက ကျေးဇူးတင်သည်ဟုပြောဆိုခြင်းဖြစ်ရာ လိုအပ်သည့်အရာပင်။
မိသားစုထဲတွင် လူကြီးမရှိ၍ အခေါင်းပြင်ဆင်ထားခုင်းလည်းမရှိရာ အခုချက်ချင်းအခေါင်းရိုက်မည်ဆိုလျှင်လည်း သဘာဝမကျသလို အိမ်တွင်ပိုက်ဆံလည်းမရှိချေ။ ကျန်းဟွေ့မိန်က တစ်အိမ်ချင်းဆီမှ သစ်သားအနည်းငယ်ဆီလိုက်ချေးယူကာ သူမယောက်ျားအတွက် အခေါင်းလေးတစ်ခုကို ဖြစ်သလိုလုပ်ပေးနေသည်။
တစ်ရွာတည်းရှိလူများကလာကြကာ ထုတ်လုပ်ရေးအဖွဲ့ထဲမှလးများလည်းကြပြီး ဝမ်းနည်းကြောင်းပြောကြသည်။ လူများကဝင်ချေထွက်ချေနှင့် မဆုံးနိုင်သည့် လူစီးကြောင်းကြီးဖြစ်နေသည်။
အသုဘက မြန်မြန်ဆန်ဆန်နှင့် လွယ်လွယ်ကူကူပြီးဆုံးသွားခဲ့သည်။ ကျန်းဟွေ့မိန်က စိတ်မာနိုင်သည်ထက် စိတ်မာအောင်နေပြီး သူမတွင် ကြေကွဲဝမ်းနည်းနေစရာအချိန်လည်းမရှိပါချေ။ ယခုအခါတွင် အရာအားလုံး၏တာဝန်များက သူမခေါင်းပေါ်ကျလာလေပြီ။
သူမတွင်ကလေးနှစ်ယောက်ကလည်းရှိသေးသည်။
နှစ်လကြာပြီးသည်အထိ အိမ်ကတိတ်ဆိတ်နေဆဲပင်။
ကျန်းရှင်းက အခုအချိန်အထိကြောင်အနေဆဲဖြစ်ကာ သေခြင်းတရားဟူသောအဓိပ္ပါယ်ကိုလည်းနားမလည်လေရာ တစ်ခါတစ်ရံတွင် ငိုယိုရင်းသူ့အဖေကိုရှာတတ်သည်။
ထိုအချိန်မျိုးတွင် ကျန်းဟွေ့မိန်က ငိုချင်လာတတ်သည်။ နောက်ပိုင်းတွင် ကျန်းရှင်းက အဖေ့ကိုရှာမည်ဟုပြောတိုင်း ကျန်းယွဲ့က သူ့ကိုမငိုရန်ပြောပြီး ငိုပါကထမင်းမကျွေးဟု ခြိမ်းခြောက်လေသည်။
xxxxxxxxxxx
Chapter 399(Extra-36)
ကျန်းရှင်းက အလွန်ကြောက်တတ်သူဖြစ်ရာ သူ့အစ်မပြောကတည်းက မငိုရဲတော့ပေ။
သူမ၏အဖေဆုံးပါးသွားပြီးနောက်တွင် အိမ်ကအလွန်တိတ်ဆိတ်သွားပြီး အိမ်ထဲရှိဖျာတွင် အပေါက်တစ်ပေါက်ရှိနေသော်လည်း ပြန်ဖာပေးရန်မည်သူမှမရှိတော့ပေ။ ကြက်ခြံကလည်း ပြိုကျသွားပြီး သစ်သားများဆွေးသွားသော်လည်း မည်သူကမှအသစ်မလဲပေးတော့ပေ။
နေ့ရက်များက ပိုမိုခက်ခဲလာသည်။
အိမ်တွင် အိမ်ထောင်ဦးစီးအမျိုးသားမရှိတော့၍ သင်ဘာလုပ်လုပ် ခက်ခဲနေမည်သာဖြစ်သည်။
အရာအားလုံးကိုဘေးဖယ်ထားလျှင်ပင် တစ်ယောက်တည်းအရာအားလုံးကိုလုပ်နေရသဖြင့် ကျန်းဟွေ့မိန်ကို အလွန်အလုပ်ရှုပ်နေစေပြီး ဝမ်းနည်းရန်အချိန်ပင်မရှိတော့ချေ။
အလုပ်အမှတ်များက အစားအစာဖြစ်ပြီး အစားအစာကအသက်ဖြစ်သည်။ လုပ်သားအင်အားလည်းမရှိတော့ရာ ကလေးနှစ်ယောက်က စားသောက်ရန်တောင်းဆိုချိန်တွင် သူတို့သာအလုပ်များများမလုပ်နိုင်၊ ဆောင်းဦးကောက်ရိတ်သိမ်းပွဲတွင် ဆန်ရေစပါးများကို မရိတ်သိမ်းနိုင်လျှင် စားသောက်ရန် အစားအစာရှိတော့မည်မဟုတ်ပေ။
ဤဆောင်းရာသီတွင် မိသားစုကမည်ကဲ့သို့ ရှင်သန်နိုင်မည်နည်း.....
ကလေးများ၏အဖေက အဖွဲ့အတွက်အလုပ်လုပ်ပေးရင်း သိက္ခာရှိစွာအနစ်နာခံခဲ့သည်။ အဖွဲ့ခေါင်းဆောင်က သူမကိုနှစ်သိမ့်ရန် ဂတ်စ်ကီလိုဂရန်အနည်းငယ်ကို ယူလာပေးခဲ့သော်လည်း ၎င်းကဖူလုံခြင်းမရှိပေ။
ကလေးများကငယ်ရွယ်နေသေး၍ အလုပ်မလုပ်နိုင်သလို အလုပ်ရမှတ်လည်းမရနိုင်ပေ။ ယခုတွင် မိသားစုတစ်ခုလုံးက ကျန်းဟွေ့မိန်အပေါ်တွင်သာမှီခိုနေရတော့သည်။ ဆောင်းရာသီတွင် မည်သို့ရှင်သန်ရန်လုပ်မည်က ပြဿနာဖြစ်နေဆဲပင်။ ယခုကစပြီး ခါးပတ်ကြိုးကိုတင်းတင်းကြပ်ကာ ဖြတ်ကျော်ရမည်သာဖြစ်သည်။
ကျန်းဟွေ့မိန်က နေ့တိုင်း ခွေးများထက်နောက်ကျမှအိပ်ကာ ကြက်များထက်စောပြီးထ၍ တဖြေးဖြေးဝိတ်ကျလာခဲ့သည်။ နီမြန်းကာနုပျိုသောအသားအရည်မှသည် အိုမင်းကာ ဝါကျင်ကျင်အသားအရည်ဖြစ်လာခဲ့သည်။ သူမအိမ်ပြန်လာတိုင်း သူမလက်များတွင် အရည်ကြည်ဖုများထကာ တစ်ထပ်ပြီးတစ်ထပ်ဖြစ်လာ၍ အသားမာများတက်လာတော့သည်။ အဟောင်းများပျောက်ကွယ်ကာ အသစ်များတိုးလာခဲ့သည်။
ကံကောင်းစွာဖြင့် ကလေးများကငယ်သေးသော်လည်း ပြဿနာမရှာကြသလို သိတတ်လိမ္မာကြလေသည်။
ကျန်းယွဲ့က သူမကိုယ်တိုင်အိမ်အလုပ်စလုပ်လေသည်။ သူမက ကလေးသာရှိသေးသော်လည်း အိမ်ကိုသပ်ရပ်အောင်ထားကာ တံမြက်စည်းလှည်း၊ အဝတ်လျော်၊ ဟင်းချက်ရင်း သူမမောင်လေးကိုထိန်းကျောင်းကာ အရာအားလုံးတွင် လူကြီးတစ်ယောက်ထက်ပင်သာသေးသည်။
ကျန်းဟွေ့မိန်က ၎င်းနှင့်ပတ်သတ်၍အတော်လေးစိတ်ကျေနပ်လေပြီး တဖြေးဖြေးချင်းစိတ်သက်သာရာရလာသည်။ သူမအသက်ရှင်နေသ၍ မျှော်လင့်ချက်ဆိုတာရှိပြီး သူမကလေးများကို ပျိုးထောင်နိုင်ပေလိမ့်မည်။ မိသားစုတစ်စုလုံး တစ်သက်လုံးမခွဲအတူနေကြမည်။ သူမတွင် စားစရာတစ်ကိုက်ရှိလျှင်ပင် သူမ သားသမီးများကို ဗိုက်မဆာအောင်ထားမည် ဖြစ်သည်။
အပြင်လူများက ကျန်းဟွေ့မိန်၏အတွေးများကို နားမလည်နိုင်ကြပေ။
ကျန်းမိသားစု၏ ဘိုးဘွားများက သူတို့မိသားစုနှင့် အဆက်အသွယ်သိပ်မရှိသော်လည်း သွေးသားတော့တော်စပ်နေသေးသည်။ ဤကဲ့သို့ကိစ္စမျိုးဖြစ်ပျက်သွားလေရာ အိမ်သို့လာပြီး ဝမ်းနည်းပူဆွေးပြကြသည်။
သို့သော် သူတို့၏ပူဆွေးဝမ်းနည်းမှုများက ပူဆွေးဝမ်းနည်းရုံသာမဟုတ်ဘဲ ရည်ရွယ်ချက်များပါဝင်နေသည်မှာ နှမျောစရာပင်။
ကျန်းယွဲ့၏အဖွားက တုတ်ကောက်ကိုအမှီပြုကာ မိုင်အနည်းငယ်အကွာအထိလမ်းလျှောက်လာပြီး ဆန်ကြမ်းခေါက်ဆွဲကတ်တီအနည်းငယ်ကိုယူလာပြီး အိမ်ထဲသို့ဝင်လာလေသည်။
အိမိထဲသို့ဝင်သည်နှင့် ငိုကြွေးပြီးကလေးများအတွက်တွေးသည်ဟုပြောကာ အော်ဟစ်ငိုကြွေးပြန်လေသည်။ ငိုကြွေးမြည်တမ်းပြီးသည်နှင့် ကျန်းဟွေမိန်နှင့်ဆွေးနွေးစရာရှိသည်ဟုပြောပြီး ကလေးများကို အပြင်သို့ပထုတ်လေသည်။
အဘွားကပြောလာသည်။
"ညည်းတစ်ယောက်တည်း ကလေးတွေကိုတာဝန်ယူရတာ မလွယ်ပါဘူးအေ.... ငါတို့မိသားစုထဲမှာသေချာဆွေးနွေးပြီးပြီ...ညည်းကိုပြန်လက်ထပ်ခိုင်းပြီး ကျန်းရှင်းကိုငါတို့ဘက်ကတာဝန်ယူပေးမယ်... ကျန်းယွဲ့ကိုတော့ ညည်းဘာသာခေါ်သွားချင်ခေါ်သွား တခြားသူဆီ ပေးပစ်ချင်ပေးပစ်လိုက်...."
xxxxxxxxxx
Chapter 400(Extra-37)
အဘွားထိုက်ကပြောသည်။
"ကျန်းရှင်းက ငါတို့မိသားစုမျိုးရိုးကိုဆက်ခံမယ့်သူပဲ... သူ့ကိုတော့ နင်နဲ့ထည့်မပေးနိုင်ဘူး... ငါသူ့ကိုစောင့်ရှောက်ပေးထားမယ်... ဒါပေမဲ့ ကျန်းယွဲ့ကတော့ နင်လုပ်ချင်သလိုသာလုပ်လိုက်... မိသားစုထဲမှာ ကျွေးစရာပါးစပ်ပေါက်တွေရှိပြီး ဘယ်သူကမှအလုပ်မလုပ်ကြဘူးဖြစ်နေတာ... ညည်းထပ်ပြီးလက်ထပ်ချင်ရင် သူ့ရှိနေတာက လက်ထပ်ဖို့မလွယ်ဘူးဖြစ်စေတယ်... ဒီတော့ ကလေးမရှိတဲ့ အိမ်တစ်အိမ်ကိုသူ့ကိုပေးလိုက်... သူလည်းအဆင်ပြေ ညည်းလည်းအဆင်ပြေတာပေါ့....ငါကူညီမပေးမယ်.... ပြီးတော့ ငါတာ့ဟွမ်ရွာကိုမေးပြီးသွားပြီ အဲ့ဒီ့မှာ...."
အဘွားအို၏စကားမဆုံးသေးမီ ကျန်းဟွေ့မိန်က ကြမ်းတမ်းခက်ထန်စွာရပ်ချလိုက်ပြီး မှောင်မဲနေသော အမူအရာဖြင့်ပြောလေသည်။
"အဘွား... ကျွန်မဖြင့် ရှင့်ကိုအကြီးအကဲအဖြစ်မသတ်မှတ်တာသိတယ်မလား... ဒါကြောင့် ရှင်ဘာပြောပြောဘာမှပြန်မပြောတာ... ဒါပေမဲ့ ဒီလိုစကားတွေကို ဒုတိယအကြိမ်ထပ်မကြားချင်ဘူးဆိုတာ သတိပေးပါရစေ...."
"ညည်း... ညည်းဘာကိုပြောချင်တာလဲ... ငါကညည်းကောင်းဖို့အတွက်ပြောနေတာလေ.. ညည်းကမိန်းမတစ်ယောက်လေ... ကိုယ့်ဘာသာကိုယ်တောင်ထောက်ပံ့ဖို့ခက်ခဲနေတာ ကလေးနှစ်ယောက်ကို ဘယ်လိုလုပ် ကျွေးမွေးနိုင်မှာလဲ...ဘာလို့ဒီလိုတွေပြောနေရတာလဲ... ညည်းအတွက် ညည်းသားကိုပါမွေးထားပေးမယ်လို့ပြောနေတယ်လေ... ဘယ်မိသားစုမှာကလေးတွေအများကြီးမရှိလို့လဲ... ညည်း ငါတို့ပြောတာကိုနားထောင်ပြီး ပြန်လပ်ထပ်စမ်းပါ...."
ဤနေ့ရက်များကားမလွယ်ကာကြသလို ဆာလောင်လွန်း၍သေဆုံးသွားသူများပင်ရှိနေလေသည်။ ကလေးအများစုပင် စားစရာမရှိ၍ သေဆုံးနေကြရလေသည်။
သူတို့က ကျန်းရှင်းကိုကျွေးမွေးထားမည်ကပင် အကြီးမားဆုံးသောကြင်နာမှုကြီးဖြစ်နေလေပြီ။
ကျန်းဟွေ့မိန်က အကောင်းအဆိုးကိုမသိတတ်ဘူးလား....
နောက်တစ်ကြိမ် လက်မထပ်ပဲ သူဘယ်လိုလုပ်အသက်ရှင်နိုင်မှာလဲ....
ငါကဖြင့် ရှာကျွေးနိုင်မယ့်လူကိုရှာပေးထားရသေးတယ်... ဘာလို့ဒီလောက်တောင် မနာခံရတာလဲ...
အဘွားထိုက်က သူမကိုကြည့်ရင်း အဓိပ္ပါယ်မရှိဟုခံစားလိုက်ရသည်။
ကျန်းဟွေ့မိန်ကလည်း အဘွားထိုက်ကိုကြည့်ပြီး အဓိပ္ပါယ်မရှိဟု ခံစားလိုက်ရသည်။
ကျန်းဟွေ့မိန်ကပြောသည်။
"ကျွန်မကလေးတွေကို ကျွန်မဘာသာရှာကျွေးနိုင်တယ်... သူတို့ နှစ်ယောက်စလုံးကတခြားလူပေးကမ်းတဲ့ ထမင်းကိုဘယ်သောအခါမှမစားစေရဘူး... ကျွန်မမှာ တစ်ကိုက်စာပဲရှိရင်တောင် နှစ်ယောက်လုံးကို တစ်ဝက်စီကျွေးမှာပဲ... ကျွန်မဘာလို့ အဲ့လိုမလုပ်နိုင်ရမှာလဲ..."
"ငါက ညည်းကောင်းဖို့ပြောနေတာ...."
"ဒါဆို ကျေးဇူးတော့တင်ပေမဲ့ မလိုအပ်ပါဘူး..."
ကျန်းဟွေ့မိန်က ဒေါသထွက်နေကာ အဘွားထိုက်ကလည်းဒေါသထွက်နေသည်။ နှစ်ယောက်သားက အခန်းထဲတွင်ရန်ဖြစ်ကြလေပြီး နောက်ဆုံးမှလူကွဲသွားကြသည်။ အဘွားအိုက ထွက်မသွားခင်တွင် ကျန်းဟွေ့မိန်ကို အစာကျွေးသည့်လက်ကိုပြန်ကိုက်သည့်ခွေးဟု ကျိန်ဆဲလေပြီး လူကောင်းလားလူဆိုးလားမသိ၍ မကြာခင်တွင် ပြန်ခံစားရပြီး ဝဋ်လည်မည်ဟုပြောသွားခဲ့သည်။ အနာဂတ်တွင် ကျန်းမိသားစု၌ မည်သည့်အခက်အခဲဖြစ်ပါစေ သူမဘက်က လုံးဝကူညီမည်မဟုတ်ဟုလည်း ပြောသွားခဲ့သေးသည်။
အဘွားအိုပြန်သွားပြီးနောက်တွင် ကျန်းဟွေ့မိန်လည်းအိမ်ထဲပြန်ဝင်ကာ မဲမှောင်နေသောမျက်နှာနှင့် အကြိမ်ရေအနည်းငယ် ကျိန်ဆဲလေပြီး သူမကိုယ်သူမကံမကောင်းဘူးဟုပြောလေသည်။
သူမသာ ပြန်လက်ထပ်လျှင် ကျန်းကျူးမိသားစုက တင်တောင်းငွေထပ်ရဦးမည်မဟုတ်ပါလော။
သူမသမီးကိုပင် တွက်ချက်ပြီး အခြားသူဆီပို့ပေးမည်ဟုပြောသည်ကို သူမက မည်သို့ သဘောတူရမည်နည်း။
ကျန်းဟွေ့မိန်က စိတ်ထဲတွင် ဆက်လက်ဆဲဆိုနေပြီး လူကြီးများ၏စကားဝိုင်းကိုကြားလိုက်သူ ကျန်းယွဲ့ကမူ ပါးစပ်ကိုအုပ်၍ ခပ်တိုးတိုးငိုရှိုက်လေသည်။
ကျန်းယွဲ့က ကောင်းကင်ကြီးပြိုကျသွားသလိုပင် ခံစားနေရပေသည်။
သူမ၏မျက်ရည်ဥများက တလိမ့်လိမ့်စီးကျနေပြီး ကျန်းဟွေ့မိန်ကို ဝေဝါးဝါးကြည့်လာကာ ဘာမှပြောမလာပေ။ ကလေးမလေး၏ မျက်ရည်တို့ရစ်သိုင်းနေသော မျက်လုံးများက ကျန်းဟွေ့မိန်၏နှလုံးသားကို ဓားထက်ထက်ဖြင့်စိုက်လိုက်သလိုခံစားလိုက်ရပြီး အသက်ရှူ၍မရအောင်ပင် နာကျင်သွားစေသည်။
ကျန်းဟွေ့မိန်က ဒေါသထွက်ချင်ယောင်ဆောင်ကာမေးလိုက်သည်။
"ဘာလို့ငိုနေတာလဲ... ဘာငိုစရာရှိလို့လဲ... ညည်းအဖေသေတုန်းက ဝအောင်မငိုခဲ့ရလို့လဲ... ဘာများငိုစရာအကြောင်းရှိလို့လဲ...."
xxxxxxxxx