Chapter 391(Extra-28)
ယွီချင်းရှီသည် စိတ်ရှည်သူဖြစ်ရာ ဒေါသထွက်လျှင်လည်း တစ်ညကုန်လျှင် ပုံမှန်ပြန်ဖြစ်သွားမြဲ ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ ကျန်းရှောင်မန်သည် စိတ်မလုံမလဲ ဖြစ်နေမိသည်။ ယွီချင်းရှီတောင်းဆိုသည်ကို သူမ အခါခါ ငြင်းထားသည်ဖြစ်ရာ ယွီချင်းရှီစိတ်ညစ်သွားမည်လား ဟု စိုးရိမ်နေမိသည်။
ထိုည၌ ကျန်းရှောင်မန်သည် အိပ်ယာပေါ်တွင် ယွီချင်းရှီနား တိုးကပ်ကာ ကလေးကဲ့သို့ ချွဲနွဲ့နေလိုက်သည်။
"ချင်းရှီ ငါစဉ်းစားမိတာ မင်္ဂလာပွဲကို သေးသေးလေးမလုပ်ပဲ ပွဲအကြီးကြီးလုပ်ရအောင်လေ...အဲ့ဒါမှ လူတိုင်းလာပြီး ကြည့်လို့ရမှာ...ဘယ်လိုထင်လဲ..."
"ကောင်းတာပေါ့..."
"နင့်သူငယ်ချင်းတွေရယ် ငါ့သူငယ်ချင်းတွေရယ်..."
ထို့နောက် ကျန်းရှောင်မန်ဆက်ပြောစရာမရှိတော့ချေ။ ကျန်းရှောင်မန်နှင့် ယွီချင်းရှီတို့၏ သူငယ်ချင်းများက တူတူပဲဖြစ်နေရာ ပြောစရာဆို၍ အမျိုးများသာကျန်တော့သည်။
ထို့နောက် ကျန်းရှောင်မန် ဆက်ပြောလိုက်သည်။
"ငါ့ ဆွေမျိုးတွေနဲ့ နင့်ဆွေမျိုးတွေလဲ လာမှာပေါ့..."
"ကောင်းတယ်..."
ယွီချင်းရှီက ဘာမှမပြောပဲ သူမ ပြောသမျှကိုပဲ ထောက်ခံနေရကာ ကျန်းရှောင်မန်သည် စိတ်မလုံထပ်ဖြစ်လာ၍ ယွီချင်းရှီ၏ မေးစေ့ကို ကိုင်ကာပြောလိုက်သည်။
"ငါ့ကို နင့်အမေနဲ့တွေ့ပေးဖို့ ခေါ်မှာလား..."
သူတို့နှစ်ယောက်သည် သိကျွမ်းခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ကျန်းရှောင်မန်သည် ယွီချင်းရှီ၏အမေအား လုံးဝမတွေ့ဖူးချေ။
ယွီချင်းရှီ၏အမေသည် ဆေးရုံ၌ တစ်ယောက်တည်းနေနေရသူဖြစ်သည်။ သူမအား ပြုစုစောင့်ရှောက်ရန် အကူရှိသော်လည်း သူမအခြေအနေက မတည်ငြိမ်သောကြောင့် ဆေးရုံမှ မဆင်းရချေ။
သူ့အမေအား စေ့စပ်ခြင်းနှင့်လက်ထပ်ခြင်းကဲ့သို့ အရေးကြီးကိစ္စများကိုတော့ ပြောပြသင့်သည်မဟုတ်လား။
ကျန်းမိသားစုတွင်မူ ကျန်းယွဲ့သည် သေဆုံးသွားပြီဖြစ်သော်လည်း ကျန်းရှောင်မန်၏အဖွားက သွားတွေ့တိုင်း ယခုလက်ရှိဖြစ်ပျက်နေသမျှကို ပြောပြစမြဲဖြစ်သည်။
ကျန်းရှောင်မန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေခြင်း၊ သူမဦးလေး ကလေးမွေးခြင်း နှင့် သူမမိဘများ၏အကြောင်းများအားလုံးကို ပြောပြတတ်သည်။
ယွီချင်းရှီ၏အမေသည် ယခုထိအသက်ရှင်နေသည်ဖြစ်ရာ ဤကဲ့သို့ အရေးကြီးသည့်ကိစ္စမျိုးကို ပြောပြသင့်သည်ဟု ကျန်းရှောင်မန် တွေးမိသည်။ အမေသည် စိတ်မတည်မငြိမ်ဖြစ်ကာ ယွီချင်းရှီအားမမှတ်မိ၍ သူတို့ပြောသည့်ကိစ္စအကြောင်းအားလည်း နားမလည်စေကာမူ ပြောတော့ ပြောသင့်သည် ဟု ခံစားမိသည်။
ကျန်းရှောင်မန်သည် ယွီချင်းရှီအား မော့ကြည့်၍ အကြည့်ချင်းဆုံသွားသောအခါ ယွီချင်းရှီ၏မျက်လုံးများသည် နူးညံ့နေသော်လည်း တွေဝေနေမှုများပါ ရှိနေသည်ကို တွေ့လိုက်ရသည်။
"ဘာကိုကြောက်နေတာလဲ..."
ကျန်းရှောင်မန်သည် ယွီချင်းရှီ၏လက်ကိုကိုင်ကာ တိုးတိုးလေးပြောလိုက်သည်။
"နင့်နားမှာ ငါက အမြဲ ရှိနေမှာလေ..."
ယွီချင်းရှီသည် ကြောက်နေခြင်းမဟုတ်ပါ။
ယွီချင်းရှီသည် ကျန်းရှောင်မန်၏ ခေါင်းအနောက်အား အကြာကြီးကိုင်ထားပြီးမှ တီးတိုးပြောလိုက်သည်။
"သွားတွေ့ကြတာပေါ့..."
ယွီချင်းရှီသည် သူ့အမေနှင့် မတွေ့ရသည်မှာ ကြာခဲ့ပြီ။
ငယ်စဉ်က ယွီချင်းရှီသည် သူ့အမေအား ကြောက်ရွံ့ခဲ့သော်လည်း တစ်ချိန်တည်းတွင် တွေ့လည်းတွေ့ချင်ခဲ့မိသည်။
အမေ့ဆီသို့ သွားသည့်အခါတိုင်း သူမသည် လူများအား တစ်စုံတစ်ခု ဆိုးဆိုးရွားရွားလုပ်မိမည်စိုးသောကြောင့် လူချင်းထိတွေ့ခွင့်မရပဲ ကြားထဲတွင် ဖန်မျက်နှာပြင်တစ်ခု ကာ၍သာ တွေ့ခွင့်ရခဲ့သည်။
သို့သော် မည်သည့်ကလေးက သူ့အမေအား မထိတွေ့ပဲ နေနိုင်ပါမည်နည်း။ ယွီချင်းရှီသည် အမေ့အား ထိတွေ့ခွင့် ဖက်ခွင့် ရချင်သောကြောင့် အထဲသို့ဝင်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။
တစ်ခါတစ်ရံတွင်တော့ အမေသည် အလွန်သိမ်မွေ့ကာ ပုံမှန်မိခင်များကဲ့သို့ ယွီချင်းရှီအား ဖက်ကာ သီချင်းဆိုပြ၍ ကောင်းမွန်စွာကြီးပြင်းလာရန် ပြောနေတတ်သည်။
တစ်ခါတစ်ရံတွင်တော့ စိတ်ကြမ်းဝင်ကာ အလွန်ခက်ထန်နေတတ်သည်။ ထိုအချိန်မျိုးတွင် အမေသည် ယွီချင်းရှီအားလည်း မမှတ်မိတော့ပါ။ သို့သော်လည်း ယွီချင်းရှီက မနေနိုင်ပဲ ဝင်သွားမိသောကြောင့် မနည်းပြန်ခေါ်ထုတ်ခဲ့ရသည်။
အမေ့ဆီသို့သွားသည့်အခါတိုင်း ယွီချင်းရှီသည် အချစ်နှင့်အမုန်းရောကာ ခံစားချက်များရှုပ်ထွေးနေရပြီး ထိုသို့ခံစားနေရသောကြောင့်လည်း သူ့ကိုယ်သူ မုန်းမိသည်။
တဖြည်းဖြည်းနှင့် အမေ့ကိုတွေ့ရမည်ကို မကြိုက်တော့ပေ။
ပထမတစ်ချက်က ယွီချင်းရှီသည် အသက်ကြီးလာကာ အလုပ်ကိစ္စများရှိလာသောကြောင့်ဖြစ်သည်။
ဒုတိယတစ်ချက်က အမေ့ကို မည်သို့မျက်နှာချင်းဆိုင်ရမည်ကို မသိတော့သောကြောင့်ဖြစ်သည်။
တစ်ခါတစ်ရံ၌ အမေနှင့်ဖုန်းပြော၍ အမေ့အသံကို နားထောင်သည်။ တစ်ခါတစ်ရံသူနာပြုအကူမှတစ်ဆင့် အမေ့ ကျန်းမာရေးအခြေအနေကို မေးမြန်းဖြစ်သည်။ အမေ ဒီနေ့ ဘာစားသည်၊ ဘာတွေလုပ်သည်၊ အိပ်ဆေးမည်မျှသောက်ရသည် အစရှိသဖြင့် မေးမြန်းသည်။
xxxxxxxxxxx
Chapter 392(Extra-29)
ယွီချင်းရှီသည် ငယ်စဉ်က သူ့အမေနှင့် ဆက်သွယ်မှုမှာ ဤမျှသာဖြစ်သည်။
ကျန်းရှောင်မန်ကို အမေတွေ့လျှင်ရော နှစ်သက်ပါမည်လား။
ကျန်းရှောင်မန်၏မျက်လုံးများသည် အင်အားအပြည့်ဖြင့် တက်ကြွနေသည်။ တက်ကြွ၍ သူမ အားရယ်မောအောင်လုပ်နိုင်သည့်ကလေးများအားသဘောကျသည် ဟု အမေပြောဖူးသည်ကို ယွီချင်းရှီအမှတ်ရလာမိသည်။
ယွီချင်းရှီသည် ကျန်းရှောင်မန်၏နားရွက်များအား ညင်သာစွာပွတ်သပ်ကာပြောလိုက်သည်။
"အမေက မင်းက သေချာပေါက် သဘောကျမှာပါ..."
"အင်း..."
-
ယွီချင်းရှီ၏အမေ ရှိနေသည့်ဆေးရုံသည် အနည်းငယ်ဝေးသော အခြားမြို့တွင် ဖြစ်သည်။
ယွီချင်းရှီသည် သူ၏ အဖိုးနှင့်အဖွားတို့အား အရင်ကြိုဖုန်းဆက်ကာ သူနှင့်စေ့စပ်ထားသောကောင်မလေးကိုခေါ်၍ အမေ့အား သွားတွေ့မည်ဖြစ်ကြောင်း ပြောလိုက်ရာ အဖိုးနှင့်အဖွားတို့သည် အလွန်အမင်း အံ့ဩသွားကြရသည်။
"ဘယ်တုန်းက စေ့စပ်လိုက်ကြတာလဲ..."
"ကောင်မလေးကဘယ်သူလဲ..."
"ဘယ်ကလဲ..."
"အသက်ဘယ်လောက်ရှိပြီလဲ..."
စသဖြင့် မေးခွန်းများတန်းစီပေါ်လာတော့သည်။ သူတို့မြေးနှင့်စေ့စပ်ထားသူမှာ မည်ကဲ့သို့သော လူမျိုးဖြစ်မည်ကို အဖိုးနှင့်အဖွား စိတ်ပူနေကြသည်။
ယွီချင်းရှီက စကားတစ်ခွန်းတည်းဖြင့် အဖိုးအဖွားတို့၏ စိတ်ပူပန်မှုများ ပျောက်ကွယ်အောင်လုပ်ပေးလိုက်သည်။
"ကျွန်တော့်ကောင်မလေးက ကျန်းရှောင်မန်လေ..."
ဪ ကျန်းရှောင်မန်တဲ့လား။ ကျန်းရှောင်မန်ဆိုလျှင်တော့ စိတ်ပူစရာမရှိတော့ပါ။
အဖိုးနှင့်အဖွားတို့သည် ဘာမျှ ထပ်မမေးတော့ချေ။ သူတို့သည် အလွန်စိတ်အေးသွားပုံပေါ်ကာ ယွီချင်းရှီအား ကျန်းရှောင်မန်ကို သူတို့နှင့်စကားပြောရန်ခေါ်ခိုင်းလိုက်သည်။
အဖိုးနှင့်အဖွားတို့သည် အလွန်စိတ်လှုပ်ရှားကာ ပျော်နေကြပုံရသည်။ ပထမတွင်တော့ ယဉ်ကျေးသောအသုံးအနှုန်းများသုံးကာ အနည်းငယ်စိမ်းနေပုံရသော်လည်း နောက်ပိုင်းတွင် သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်ကြတော့ချေ။ ကျန်းရှောင်မန် ဘာစားရတာကြိုက်လဲ၊ ဘာလုပ်ရတာကြိုက်လဲ၊ ဘာသုံးရတာကြိုက်လဲ စသဖြင့် တရစပ်မေးနေကြတော့သည်။ ကျန်းရှောင်မန်အား သူတို့ဆီအမြန်ဆုံးလာလည်ရန်ပြော၍ သူတို့ စောင့်မျှော်နေကြမည်ဖြစ်ကြောင်းလည်းပြောလိုက်ကြသည်။
ဖုန်းကိုချလိုက်ပြီးသောအခါ၌ပင် ကျန်းရှောင်မန်သည် အဖိုးနှင့်အဖွားတို့သည် အဘယ်ကြောင့် ဤမျှစိတ်အားထက်သန်နေကြသည်ကို နားမလည်နိုင်ဖြစ်နေမိသည်။
ထို့ကြောင့် ယွီချင်းရှီအား မေးခွန်းထုတ်သောအကြည့်ဖြင့်ကြည့်လိုက်သည်။
ယွီချင်းရှီ၏ နားရွက်ဖျားများသည် နီရဲလာကာ သူနှစ်ပေါင်းများစွာ ထိန်းသိမ်းထားသော လျှို့ဝှက်ချက်အား ထုတ်ပြောလိုက်ရတော့သည်။
"ကိုယ်..ကိုယ်ငယ်ငယ်တုန်းက အဖေနဲ့ နှစ်ကူးမှာ အဲ့အိမ်ကိုသွားတိုင်း အိမ်ပြန်ချင်တယ် ဆိုပြီး အော်ငိုခဲ့တာ..."
အိမ်ပြန်၍ ကျန်းရှောင်မန်နှင့် အတူရှိချင်သည်ဟု အော်ငိုခဲ့ခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာ နှစ်စဉ် ဤသို့လုပ်ခဲ့ခြင်းကြောင့် အဖိုးနှင့်အဖွားတို့သည် ကျန်းရှောင်မန် ဆိုသော နာမည်အား အလွန်ရင်းနှီးနေကြခြင်း ဖြစ်ပေသည်။
ကျန်းရှောင်မန်သည် ယွီချင်းရှီအား စနောက်သည့်သဘောဖြင့် ပခုံးချင်းတိုက်လိုက်သည်။
"နင်ငယ်ငယ်တုန်းက လူဆိုးလေးမှန်း ငါ မသိခဲ့ဘူး..."
ယွီချင်းရှီက ဘာမှပြန်မပြောပဲ ကျန်းရှောင်မန်အား စူးစိုက်ကာကြည့်နေလိုက်သည်။
"ငိုပြီး ပြဿနာကလည်း ရှာသေးတယ်..."
"အဲ့တုန်းက ငယ်သေးတော့ ကို အမှတ်မှားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့..."
"ဟုတ်လို့လား..."
ကျန်းရှောင်မန်က ယွီချင်းရှီပြောသည်ကို မယုံပဲ ဆက်ပြောလိုက်သည်။
"မငိုဘူးဆိုတာတော့ မဖြစ်နိုင်ဘူး...ငယ်ငယ်တုန်းက မငိုတဲ့ကလေးဆိုတာရှိလို့လား...ရှင် အိမ်ပြန်ချင်တယ်လို့ပြောတာ ကျွန်မနဲ့ တွေ့ချင်လို့မလား..."
ကျန်းရှောင်မန်သည် ထိုစကားများကို စနောက်သည့်အနေဖြင့်သာ ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ယွီချင်းရှီက အနာပေါ်တုတ်ကျသွားသကဲ့သို့ ဆတ်ဆတ်ထိမခံဖြစ်ကာ ချက်ချင်းပင် ငြင်းလိုက်သည်။
"မဟုတ်ဘူး..."
"အယ် အယ်...ဒီတိုင်း စလိုက်တာကို ဘာဖြစ်သွားရတာလဲ...ငါပြောတာ မှန်နေလို့လား..."
ယွီချင်းရှီသည် အလွန်ဒေါသထွက်သွားကာ ဘာမျှပင် ပြန်မပြောနိုင်ဖြစ်သွားသည်။
ကျန်းရှောင်မန်သည် သူ့အား တမင်သတ်သတ် အနိုင်ကျင့်နေသည်ဟု ခံစားလာရသည်။
ကျန်းရှောင်မန်၌ သူ့ကို စိတ်ညစ်အောင်လုပ်ရန် စကားလုံးများက အမြဲ အဆင်သင့်ရှိနေတတ်သည်။ များသောအားဖြင့်တော့ ယွီချင်းရှီသည် ကျန်းရှောင်မန် သူ့ကိုစနောက်သည်ကို မမှုပါ။
ယနေ့တွင်တော့ ကျန်းရှောင်မန်သည် အလွန်သတ္တိရှိနေပုံရသည်။ ယွီချင်းရှီအား တစ်ချိန်လုံး စနောက်နေသည်။ ယွီချင်းရှီါ်သို့မှီလိုက်ကာ လေအေးလေးနှင့် မေးလိုက်သည်။
"နင် ငါ့ကို တကယ်ချစ်တာလား..."
ကျန်းရှောင်မန်က စနောက်သည့်အနေဖြင့်မေးလိုက်ခြင်းသာဖြစ်သည်။
xxxxxxxxx
Chapter 393(Extra-30)
ယွီချင်းရှီ၏နှလုံးသားကတော့ ခဏတာ ရပ်သွားသကဲ့သို့ဖြစ်သွားကာ မကြာမီက ကျန်းရှောင်မန် သူ့အားစနောက်နေသည့်အတွက် ထွက်နေသည့် ဒေါသများပင် ဘယ်ရောက်ကုန်သည်မသိဖြစ်သွားသည်။ ခဏမျှအကြာတွင်မှ ယွီချင်းရှီသည် အပြုံးသဲ့သဲ့ဖြင့် ပြောလိုက်သည်။
"ချစ်တယ်..."
"အင်..."
"ချစ်တယ် လို့..."
ယွီချင်းရှီက အလွန်တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။ သူ၏မျက်နှာသည်လည်း အလွန်အေးဆေးတည်ငြိမ်နေကာ မျက်တောင်ပင်မခတ်ပဲ ကျန်းရှောင်မန်အား စူးစိုက်ကြည့်လိုက်သောအခါ ကျန်းရှောင်မန်သည် မနေတတ်ဖြစ်သွားသည်။
မထင်မှတ်ထားသော ဝန်ခံမှုနှင့်ကြုံလိုက်ရသောကြောင့် ကျန်းရှောင်မန်၏စိတ်သည် ခဏမျှလွတ်သွား၍ သတိပြန်ဝင်လာသောအခါ သူမ၏မျက်နှာသည် ရှက်စိတ်ဖြင့် နီရဲနေသည်ကို သတိထားလိုက်မိသည်။
ကျန်းရှောင်မန်သည် ဘာစကားမျှမပြောနိုင်တော့ကာ ယွီချင်းရှီကိုလည်း ထပ် မစတော့ချေ။
နှစ်ယောက်သားသည် တစ်ယောက်၏လက်ကို တစ်ယောက်ကိုင်ကာ ခရီးအတွက် အထုပ်အပိုးများကိုသာ ဆက်၍ ပြင်ဆင်နေတော့သည်။
-
ယွီချင်းရှီနှင့် ကျန်းရှောင်မန်တို့ ဆေးရုံသို့ရောက်ခဲ့ကြသည်မှာ နှစ်ရက် ရှိခဲ့ပြီဖြစ်သည်။
ဆေးရုံသည် မြို့နှင့် အနည်းငယ်လှမ်းသည့်နေရာ၌ တည်ရှိသည်။ ယွီချင်းရှီက ကားမောင်းလိုင်စင်ရထားပြီ ဖြစ်သည့်အတွက် ကျန်းရှောင်မန်နှင့်အတူ ကားဖြင့်လာခဲ့ကြသည်။
လမ်း၏တစ်ဖက်တစ်ချက်သည် တိတ်ဆိတ်ငြိမ်သက်လွန်းကာ လူသွားလူလာလည်း နည်းသဖြင့် လမ်းတစ်လျှောက်၌ အထီးကျန်မှုက ကြီးစိုးနေသည်။
ကျန်းရှောင်မန်သည် ကားမောင်းနေသော ယွီချင်းရှီအား ခေါင်းကိုစောင်း၍ ကြည့်လိုက်သည်။ သူမစိတ်များသည် လေးလံနေကာ မျက်နှာတွင် ခံစားချက်များက အထင်းသားပေါ်နေသည်။ သူမ ဘာစဉ်းစားနေသည်ကို ယွီချင်းရှီ သိလိုက်ပြီ။
"စိတ်မပူပါနဲ့..."
ယွီချင်းရှီက နှစ်သိမ့်လိုက်သည်။
"ဆေးရုံက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရောဂါပြန်ကောင်းဖို့ အနားယူလို့ကောင်းတဲ့နေရာပါ...အမေ့ကိုစောင့်တဲ့ သူနာပြုကလဲ တော်တယ်လေ...အဖိုးနဲ့အဖွားက အမေ့ကို အိမ်ကိုပြန်ခေါ်ချင်ပေမယ့် အမေက မလိုက်တာ...အဲ့ဒါကြောင့် သူပျော်သလိုပဲ နေခွင့်ပေးထားတာ..."
ယွီချင်းရှီ၏အမေသည် တစ်ခါတစ်ရံကောင်းနေတတ်သော်လည်း တစ်ခါတစ်ရံ၌ စိတ်ဖောက်လာတတ်သည်။ စိတ်ဖောက်သည့်အချိန်က များသော်လည်း ကောင်းနေသည့်အချိန်များတွင်တော့ လူကောင်းပကတိအတိုင်းပင်ဖြစ်သည်။ မိသားစုက သူမ မည်သို့နေချင်သည်ကို မေးသောအခါ အမေက ဆေးရုံမှာပင်နေဖို့ ရွေးချယ်ခဲ့သည်။
ပထမအချက်က ဆေးရုံသည် ဆေးဝါးကိရိယာအစုံအလင်ရှိသောကြောင့် တစ်ခုခုဖြစ်လျှင် အလျင်အမြန်ကုသ၍ရသည်။ ဒုတိယအချက်က အမေသည် သူမ စိတ်ဖောက်လာလျှင် အခြားသူများအား အန္တရာယ်ပေးမိမည်ကို စိုးရိမ်၍ဖြစ်သည်။
ကျန်းရှောင်မန်က မေးလိုက်သည်။
"အမေက ကျွန်မကို သိပါ့မလား..."
ယွီချင်းရှီက ခေါင်းသာခါပြလိုက်ကာ ဘာမျှ မပြောလိုက်ပေ။
ယွီချင်းရှီသည် သူ့အမေအား ကျန်းရှောင်မန်အကြောင်း တစ်ခါမျှ မပြောပြဖူးခဲ့ပါ။
-
မကြာမီတွင် သူတို့နှစ်ယောက်သည် ဆေးရုံထဲသို့ဝင်ကာ ယွီချင်းရှီ၏အမေနှင့် ဆုံတွေ့ခဲ့ကြသည်။
ထိုအချိန်၌ အမေသည် အိပ်ယာနိုးနေကာ ကျန်းရှောင်မန်တို့အား နူးညံ့သောအပြုံးလေးဖြင့် ကြိုဆိုနေခဲ့သည်။ ကျန်းရှောင်မန်အားလည်း တွေ့တွေ့ချင်းပင် နှုတ်ဆက်သည်။
"သမီးက ရှောင်မန်လား...သမီးက ချစ်ဖို့ကောင်းလိုက်တာကွယ်...သားနဲ့ လိုက်ဖက်လိုက်တာ..."
ယွီချင်းရှီနှင့် ကျန်းရှောင်မန်တို့ နှစ်ဦးသားသည် အမေ့၏နွေးထွေးစွာဆက်ဆံမှုများကို နားမလည်နိုင်ဖြစ်သွားကြရသည်။
နှစ်ဦးသားသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိသည်။ ပြီးမှ ယွီချင်းရှီ၏အမေအား အမေ ဟု ပြိုင်တူခေါ်ကာ နှုတ်ဆက်လိုက်ကြသည်။
ယွီချင်းရှီက သူ့အမေအား အမေ ဟု ခေါ်လိုက်သည်မှာ မဆန်းသော်လည်း ကျန်းရှောင်မန်အတွက်တော့ ယခုမှတွေ့သည်ကို အမေဟု ခေါ်လိုက်ခြင်းက အနည်းငယ် ကြောင်တောင်တောင်ဖြစ်သွားသည်။ သို့သော် ကျန်းရှောင်မန် သူ့ကိုယ်သူ သတိထားလိုက်မိချိန်တွင် ပါးစပ်မှ ခေါ်ပြီးဖြစ်သွားသောကြောင့် ပြန်ပြင်၍မရတော့ချေ။
ကျန်းရှောင်မန်သည် အနည်းငယ်ရှက်သွားရကာ ယွီချင်းရှီဘေးတွင်သာ ရပ်နေလိုက်မိသည်။
ယွီချင်းရှီ၏အမေက ပြုံး၍ပြောသည်။
"ကလေးတွေက လိမ္မာလိုက်ကြတာ...ထိုင်ကြ ထိုင်ကြ...အမေက သိပ်နေမကောင်းဘူး...ခဏနေရင် အခန်းထဲပြန်ရတော့မှာ..."
"ဟိုတစ်နေ့က အဖိုးနဲ့အဖွားက သားနဲ့ရှောင်မန်တို့ အမေ့ကို လာတွေ့မယ်ပြောတယ်...အဲ့တည်းက အမေက မျှော်နေတာ...ဒီနေ့များလာမလားဆိုပြီးတော့ပေါ့..."
xxxxxxxxx
Chapter 394(Extra-31)
အမေက သက်ပြင်းချကာ အဝေးသို့ လှမ်းကြည့်နေသည်။ သူမရယ်လိုက်သောအခါ မျက်လုံးတစ်ဝိုက်ရှိ အရေးအကြောင်းများက ပိုနက်သွားကာ အသက်ကြီးသွားသည့်ပုံပေါ်သော်လည်း သူမကိုကြည့်ရသည်မှာ အလွန်ချစ်စရာကောင်းနေသည်။
ကျန်းရှောင်မန်သည် အမေ စိတ်ဖောက်ပြန်သည့်အခါ ဘယ်လိုပုံဖြစ်မည်ဆိုသည်ကို စိတ်ကူး၍တောင်မရချေ။ သူ့ရှေ့မှ အမျိုးသမီးကြီး၏ မျက်ဝန်းများသည် အလွန်ပင် နူးညံ့နေသည်မဟုတ်လား။
နေ့လယ်ခင်းနေရောင်သည် သစ်ရွက်များကြားမှ အခန်းထဲသို့ အလင်းတန်းများအဖြစ် ကျနေသည်။ လေပြေအေးလေးကလည်း ငြင်သာစွာတိုက်ခတ်နေရာ အခန်းတွင်းရှိလူများအားလုံးကို သက်တောင့်သက်သာ ဖြစ်နေစေသည်။ အမေသည် ယွီချင်းရှီနှင့် ကျန်းရှောင်မန်တို့နှင့်အတူ စကားများ အကြာကြီးပြောဆိုသည်။ နှစ်နာရီခန့်အကြာတွင် သူနာပြု ပြန်ရောက်လာကာ ပြောသည်။
"အချိန်ပြည့်ပြီ...အခန်းထဲပြန်ပြီးအနားယူသင့်ပြီ..."
ယွီချင်းရှီ၏အမေ့ မျက်နှာပေါ်မှ အပြုံးသည် ပျောက်ကွယ်သွားကာ စိတ်တိုသည့်ပုံဖြင့်ပြန်ပြောလိုက်သည်။
"ငါနေကောင်းနေတယ်လေ...နင်ငါ့ကို ဘာမှလာအမိန့်ပေးဖို့မလိုဘူး...နောက်ကျရင်လည်း ငါက ပိုကောင်းလာတော့မှာ...ငါစကားပြောပါရစေဦး..."
ယွီချင်းရှီက ခေါင်းငြိမ့်ပြလိုက်ကာ သူနာပြုအား အမေ့ကို ပြန်ခေါ်သွားစေလိုက်သည်။
ဆေးရုံမှအပြန်လမ်းတွင် နှစ်ဦးသား တိတ်ဆိတ်နေကြသည်။
ကျန်းရှောင်မန်သည် ယွီချင်းရှီ စိတ်အဆင်မပြေဖြစ်နေသည်ထင်၍ နှစ်သိမ့်ချင်နေသော်လည်း စကားကို ဘယ်ကစရမည်မသိဖြစ်နေသည်။ ခဏမျှ စဉ်းစားပြီးကာမှ ကျန်းရှောင်မန် ပြောလိုက်သည်။
"ဒီနေရာက ပတ်ဝန်းကျင်က အရမ်းလှတာပဲနော်...နောက်လည်း ငါတို့အားရင် ဒီကို ခဏခဏလာလည်ကြရအောင်..."
"ကောင်းသားပဲ..."
ကျန်းရှောင်မန်က ထပ်၍မေးလိုက်သည်။
"နင် နောင်တ ရနေတာလား..."
ယွီချင်းရှီက ခေါင်းခါကာ သူမ အား ပြန်မေးလိုက်သည်။
"မင်းကရော...မင်းမှာ လုပ်စရာကိစ္စတွေမရှိတော့ဘူးဆိုရင်တောင်မှ မင်းမလုပ်ရဲခဲ့တဲ့ကိစ္စတွေကို လုပ်ဖို့ သတ္တိမရှိဘူးမလား..."
ထိုစကားသည် ကျန်းရှောင်မန်အား ရပ်တန့်သွားစေသည်။
ကျန်းရှောင်မန်သည် ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားပြီးမှ ခေါင်းခါပြလိုက်သည်။
"ဟင့်အင်း..."
ထိုအရာများသည် အရင်ကပါ။
စနစ်သည် သူမ အား အနာဂတ်၌ ဘာဖြစ်မည်ကို ပြော၍ အမြဲ ခြိမ်းခြောက်နေသည်။ ယခုထိလည်း ထိုခြိမ်းခြောက်မှုများက မရပ်တန့်သေးချေ။
သို့သော် ကျန်းရှောင်မန်တွင် ငွေ၊ မိသားစု၊ အလုပ်အကိုင် များရှိနေပြီဖြစ်ကာ အရာရာသည် အပြည့်စုံဆုံး ဖြစ်နေရာ နောင်တရစရာအကြောင်းတော့ မရှိပါ။
ကျန်းရှောင်မန်သည် မျက်လွှာများချကာ သေချာစွာ စဉ်းစားနေမိသည်။
သူမ တွင် တကယ်ပင် နောင်တရစရာအကြောင်း မရှိပါ။
-
ညနေတွင် ယွီချင်းရှီ၏ အဖိုးအဖွားအိမ်သို့ ပြန်ရောက်လာကြသည်။
အဖိုးနှင့်အဖွားတို့သည် အလွန်ကြင်နာနွေးထွေးကြကာ ကျန်းရှောင်မန်အား မြင်သည်နှင့် စကားပြောရန် ဆွဲခေါ်သွားကြတော့သည်။
အဖိုးနှင့်အဖွားတို့၏ မျက်ခုံးများနှင့် မျက်နှာပေါက်များသည် မြင်သည်နှင့် ယွီချင်းရှီနှင့်မိသားစု ဟု သိသာနိုင်အောင် တူကြသည်။ မိသားစုတစ်ခုလုံးသည် အသားအရည်လည်း အလွန်ကောင်းမွန်ကြသည်။ အဖိုးနှင့်အဖွားတို့၏ ငယ်စဉ်ကပုံကို ရေးဆွဲထားသော ပန်းချီကား အား တွေ့လိုက်ရသောအခါ သူတို့အားလုံးသည် မိသားစုများဖြစ်သည်မှာ ပို၍ပင် သေချာသွားတော့သည်။
ကျန်းရှောင်မန်က တကယ်ပင် ချီးကျူးလိုက်မိသည်။
"ဖွားဖွား က လှလိုက်တာ..."
"အို မဟုတ်တာကွယ်...ဖွားဖွားက အသက်ကြီးပြီး ရုပ်ဆိုးနေပါပြီ...သမီးလေးကသာ တကယ်လှတာ...သမီးတို့ ချင်းခေတ်က လူတွေက တကယ်ကို..."
"ကျွန်တော်ဗိုက်ဆာပြီ..."
ယွီရှင်းချီက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ဖွားဖွား ကျွန်တော် ထမင်းစားချင်ပြီ..."
"အေးပါကွယ်...စားရမယ်...စားရမယ်..."
ကျန်းရှောင်မန်သည် အလွန်အရသာရှိသော ညစာကို စားခဲ့ရသည်။
အဖိုးနှင့်အဖွားတို့သည် အလွန်တက်ကြွကာ ကျန်းရှောင်မန်တို့အတွက် ဟင်းပွဲများစွာ ပြင်ထားပေးကြသည်။ ကျန်းရှောင်မန်လည်း အားရပါးရ စားသောက်လိုက်ရာ ဗိုက်လေးပင် ပူသွားသည်။
ယွီချင်းရှီက စားပွဲအောက်မှ ကန်ကာ တိုးတိုးလေးပြောသည်။
"မစားနိုင်ရင်လည်း အတင်းစွတ်စားမနေနဲ့လေ...ရူးနေတာလား..."
ကျန်းရှောင်မန် ရူးနေခြင်းမဟုတ်ပါ။
အစားအစာများက တကယ်ကိုပင် အရသာရှိလွန်း၍ ဖြစ်သည်။
ကျန်းရှောင်မန်သည် ထမင်းနောက်ဆုံးအလုတ်ကို စားပြီးသောအခါ အလွန်ပင် ပြည့်အင့်သွား၍ တူကို ချလိုက်သည်။ သူမ သည် ဘာကိုမျှ ထပ်မစားနိုင်တော့ပါ။
အဖိုးနှင့်အဖွားသည် ထမင်းပွဲသိမ်းဆည်းသည်ကို ကျန်းရှောင်မန်အား လုံးဝမကူညီခိုင်းကာ အခန်းထဲ၌သာ သွား၍ နားနေရန် အတင်းလွှတ်လိုက်သည်။
xxxxxx
Chapter 395(Extra-32)
ဤနေ့သည် အလုပ်ရှုပ်ခဲ့ရသော နေ့တစ်နေ့ ဖြစ်၍ ကျန်းရှောင်မန်သည် ရေချိုးကန်ထဲ၌ ရေစိမ်ကာ အနားယူနေမိသည်။
ကျန်းရှောင်မန်သည် သူမကိုယ်သူမ ပင် တွေးနေမှန်းမသိလိုက်ပဲ စနစ်အား ရုတ်တရက်မေးလိုက်သည်။
"ဦးဦးစနစ်...ဦးဦးရဲ့ ဇာတ်လမ်းပြင်ကဒ် က သက်တမ်းကုန်သွားပြီလား..."
"မကုန်ပါဘူး..."
"အဲ့ဒါဆို သမီးပြင်ချင်တာကို ပြင်လို့ရလား..."
ကျန်းရှောင်မန်က ဤသို့ ပြောလိုက်လျှင် စနစ်သည် ချက်ချင်းပင် စိတ်တက်ကြွလာကာ မေးလိုက်သည်။
"ပိုင်ရှင်က ဘာလုပ်ချင်လို့လဲ..."
ကျန်းရှောင်မန်လည်း မသိပါ။
သို့သော် ညနေက ယွီချင်းရှီက သူမ အား နောင်တရစရာရှိလား ဟု မေးရာတွင် ကျန်းရှောင်မန်သည် ဤကဒ်အား မသိစိတ်၌ သတိရသွားခဲ့သည်။
ဤကဒ်အား သုံးစရာနည်းလမ်းများစွာ ကျန်းရှောင်မန် စဉ်းစားမိသော်လည်း တစ်ခုမျှ အဆင်မပြေပေ။
သို့သော် ဤမျှ စွမ်းအားကြီးသော ကဒ်ကို ပိုင်ဆိုင်ထားရသည်မှာ အန္တရာယ်ကြီးသည်ဟု ကျန်းရှောင်မန် ခံစားမိသည်။
ခဏမျှစဉ်းစားပြီးသောအခါ ကျန်းရှောင်မန်သည် ကဒ်အား ထုတ်၍ကြည့်လိုက်သည်။
စနစ်က ဆက်၍ ရှင်းပြသည်။
"ဒီကဒ်က အရမ်းတော့ စွမ်းအားမကြီးဘူးနော်...အဓိကဇာတ်လမ်းကိုပြောင်းလို့မရဘူး...အပြောင်းအလဲသေးသေးလေးတွေပဲ လုပ်လို့ရမှာ...ဘယ်နေရာမှာသုံးရမလဲဆိုတာ ပိုင်ရှင်မသိသေးရင် အရင် စဉ်းစား..."
"အဓိကဇာတ်လမ်းကို ပြောင်းလို့မရဘူး ဆိုတဲ့ စည်းမျဉ်းက အခုရှိသေးလို့လား..."
"မရှိတော့ဘူး..."
စနစ်က အံကြိတ်လိုက်ကာ ဆက်ပြောသည်။
"အဲ့ဒီစည်းမျဉ်းက မရှိတော့ဘူး ဆိုပေမယ့် သတ်မှတ်ချက်တွေတော့ ရှိသေးတယ်လေ...မင်း ဒီကဒ်ကိုသုံးပြီး ကောင်းကင်ဘုံရယ် ကမ္ဘာရယ် ပိုင်ရှင်ရယ် ကို ဖျက်ဆီးလို့မရဘူး..."
"ဘယ်သူက ကောင်းကင်ဘုံနဲ့ ကမ္ဘာကို ဖျက်ဆီးချင်မှာလဲ..."
ကျန်းရှောင်မန်က မျက်လုံးဝေ့ကာ သက်ပြင်းချလိုက်သည်။
"ဦးဦးစနစ်က သမီးဦးလေးကို ကယ်ခဲ့တာ အခုပဲ မှတ်မိသွားတယ်...အဲ့တော့ ဦးလေးလို အရံဇာတ်ဆောင်တွေရဲ့ ကံကြမ္မာကိုတော့ ပြောင်းလဲလို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်မလား..."
"ဟုတ်တယ်..."
စနစ်ရရှိခဲ့သည့် ဇာတ်ညွှန်း၌လည်း ကျန်းရှောင်မန်သည် မထင်မရှား အရံဇာတ်ကောင်တစ်ဦးသာဖြစ်သဖြင့် သေချာပေါက် ပြောင်းလဲ၍ရပါသည်။
စနစ်၌ ထိုသို့လုပ်နိုင်သော အစွမ်းလည်း ရှိနေသေးသည်။
သို့သော် တစ်ခါတစ်ရံ လိပ်ပြာတောင်ပံခတ်သကဲ့သို့ သေးငယ်သည့်အရာလေးများသည် မမျှော်လင့်ပဲ အလွန်ကြီးမားသည့် အပြောင်းအလဲများ ဖြစ်သွားစေနိုင်သည် မဟုတ်ပါလား။
"ဟေ့ နေဦးလေ...ပိုင်ရှင် မင်းဘာလုပ်မယ်လို့ စိတ်ကူးနေတာလဲ..."
သူ့ပိုင်ရှင်၏ စိတ်ထဲတွင် ဤအကြောင်းကို မေးမြန်းရုံထက် ပိုသောကိစ္စများရှိနေမည်ကို စနစ် ရုတ်တရက် စဉ်းစားလိုက်မိသည်။
ကျန်းရှောင်မန်က မျက်တောင်တစ်ချက် ခတ်ကာ ပြောလိုက်သည်။
"ဒါဆို သမီးလည်း အဲ့လိုပြောင်းချင်တယ်...'
စနစ်သည် တုန်လှုပ်စွာ ပြောသည်။
"ပိုင်ရှင် ဘယ်သူ့ရဲ့ ကံတရားကိုပြောင်းဖို့စိတ်ကူးနေတာလဲ...မင်း သေချာစဉ်းစားနော်...လုပ်နိုင်တဲ့စည်းမျဉ်းကိုကျော်သွားရင် ဒီကဒ်က လုံးဝအသုံးမဝင်ဖြစ်သွားမှာ...အဓိကဇာတ်လမ်းကိုပြောင်းလို့မရတဲ့ စည်းမျဉ်းက မရှိတော့ပေမယ့် လောကရဲ့ သတ်မှတ်ချက်တွေကတော့ ရှိနေသေးတယ်လေ...မင်း တစ်ယောက်ယောက်ကို မစဉ်းစားပဲလျှောက်ပြောင်းလိုက်ရင် ကိစ္စတွေက တစ်ခုနဲ့တစ်ခုဆက်ပြီး ပြဿနာတွေက အရမ်းကြီးကုန်တော့မှာ..."
"သမီး သိပါတယ်...သိပါတယ်..."
ကျန်းရှောင်မန်က လက်ကိုခါကာ ခေါင်းကုတ်၍ ပြောလိုက်သည်။
"ကဒ်က အရမ်းကြီး စိတ်မချရမှန်း သမီးသိပါတယ်...ဒါပေမယ့် ရသလောက်လေး ကြိုးစားကြည့်ချင်လို့လေ..."
"မင်း ဘာကို စဉ်းစားနေတာလဲ..."
"မေမေကျန်းယွဲ့ကို အသက်ပြန်ရှင်လာအောင် ကြိုးစားကြည့်ချင်လို့..."
စနစ်က တိတ်ဆိတ်နေသည်။
"ဦးဦးရဲ့ ဇာတ်ညွှန်းထဲမှာ သူ မပါဘူးမလား..."
"ဟုတ်တယ်..."
"အဲ့ဒါဆို သူ့အပေါ်မှာ သုံးလိုက်ရင် စည်းမျဉ်းထဲဝင်တယ်မလား...'
"စည်းမျဉ်းအရတော့ အဲ့လို ပြောလို့ရပါတယ်..."
"အဲ့ဒါဆို သမီး လုပ်ကြည့်ချင်တယ်..."
"ပိုင်ရှင် သေချာစဉ်းစားပါဦး...သူက သေပြီးသားလူလေ..."
"ဦးဦးရဲ့ဇာတ်ညွှန်းထဲမှာ သူက သေပြီးသားလို့မှ မပါပဲ..."
ကျန်းရှောင်မန်သည် ဤကိစ္စအား အကြာကြီးစဉ်းစားပြီးမှ နောက်ဆုံး၌ ယနေ့ပင် အသုံးချရန် ဆုံးဖြတ်လိုက်သည်။
ဖွားဖွား၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ယိုယွင်းလာပြီဖြစ်သည်။ ဖွားဖွားက သူမ၏အတိတ်တွေအကြောင်းပြောသည့်အခါတိုင်း ကျန်းရှောင်မန် ဝမ်းနည်းရသည်။
ကဒ်သည် ဤအတိုင်း ထားလိုက်လျှင်လည်း အလကားဖြစ်သွားမည့်နည်းတူ ကြိုးစားကြည့်လိုက်သည်က ပိုကောင်းမည်မဟုတ်လား။ အခြားလူများအပေါ် သုံးလိုက်လျှင် မအောင်မြင် ဖြစ်သွားနိုင်သော်လည်း အစတည်းက ဇာတ်ညွှန်း၌မပါသည့်လူအတွက် သုံးလိုက်လျှင်တော့ အောင်မြင်သွားလျှင် အလုံးစုံအောင်မြင်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။
အနောက်သို့ ခြေလှမ်း တစ်သောင်း ဆုတ်ပြီးမှ ကြိုးစားလျှင် ကျရှုံးသွားလျှင်လည်း ဘာမျှ ဆိုးဆိုးဝါးဝါးဖြစ်မည် မဟုတ်ချေ။ အောင်မြင်သွားလျှင်တော့...။
ဇာတ်ညွှန်းကိုပင် ပြန်ပြင်ရေးကောင်း ရေးရလိမ့်မည်။
စနစ်ကတော့ ညည်းညူနေကာ ကျန်းရှောင်မန်အား သေချာစဉ်းစားရန် သတိ အခါခါ ပေးနေသည်။ သို့သော် ကျန်းရှောင်မန် လုပ်ချင်သည့်အရာဆိုလျှင် ဘယ်အခါက စနစ် တား၍ ရခဲ့ဖူးသနည်း။
[ဇာတ်လမ်းပြောင်းကဒ်အား ကျန်းယွဲ့ အတွက် အသုံးပြုချင်ပါသလား...]
[အတည်ပြုမည်...]
စာရေးသူ၏ပြောစကား:
တကယ်ဆိုရင်တော့ ဇာတ်လမ်းက ဒီမှာပဲ ပြီးလိုက်ရတော့မှာ...ဒါပေမယ့် စာရေးသူက ကျန်းယွဲ့ ဇာတ်ကောင်ကို ကြိုက်လွန်းလို့ သူ့အကြောင်း နောက်ထပ် အပိုင်း နည်းနည်းထပ်ရေးမယ်လို့ဆုံးဖြတ်ထားပါတယ်...စာဖတ်သူလေးတို့ စိတ်မဝင်စားဘူးဆိုရင် မဖတ်လို့ ရပါတယ်နော်...
xxxxxxx