Chapter 386(Extra-23)
ကျန်းရှောင်မန်သည် လျန့်စီယု သေဆုံးသွားရခြင်းကို နားမလည်နိုင်ဖြစ်နေသည်။ ဤကဲ့သို့ စနစ်တကျနှင့် အမှားအယွင်းမရှိ သေဆုံးသွားရခြင်းသည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိသကဲ့သို့ပင် ဖြစ်နေသည်။
အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်သော လျန့်စီယုသည် အဘယ်ကြောင့် သေဆုံးသွားရသနည်း။
စနစ်သည် အမြဲပင် ဇာတ်ညွှန်းအတိုင်းလိုက်၍ ကျန်းရှောင်မန်အား အမြှောက်စာအဖြစ်နှင့် လျန့်စီယုအတွက်ကောင်းမည့်အရာများကိုသာ လုပ်ခိုင်းခဲ့သည်။ ကျန်းရှောင်မန်သာ သူမ၏ဉာဏ်ကိုလွှာသုံး၍ မနေခဲ့ပါက ယခုအချိန်တွင် အမြှောက်စာအနေနှင့် အဝေးသို့ လွင့်သွားတော့မည်ဖြစ်သည်။ ထို့ကြောင့် လျန့်စီယုကဲ့သို့ အဓိကဇာတ်ဆောင်တစ်ယောက်က ပျောက်ကွယ်သွားမည်ဆိုလျှင်လည်း ခဏပင်ဖြစ်ကာ ပြန်ပေါ်လာရမည်မဟုတ်ပါလား။
ဤကဲ့သို့ ရုတ်တရက်ဖြစ်သွားခြင်းအပေါ် ကျန်းရှောင်မန် နားမလည်နိုင်ဖြစ်နေရသည်။
အချိန်အနည်းငယ်စဉ်းစားပြီးသော အခါ ကျန်းရှောင်မန်သည် စနစ်အပေါ် သံသယဖြစ်လာသည်။
"ဦးဦးစနစ်...ဦးဦးဆီမှာ ရှိနေတာ...ဇာတ်ညွှန်းအတု များလား..."
စဉ်းစားကြည့်လျှင် ဖြစ်နိုင်ချေက ဤတစ်ခုပင် ရှိသည်မဟုတ်လား။
ဇာတ်ညွှန်းအတုကြောင့်သာမဟုတ်လျှင် လျန့်စီယု သေဆုံးသွားရခြင်းအား မည်သို့ ဖြေရှင်းနိုင်မည်နည်း။
စနစ်က အလျင်အမြန်ပင် ပြန်ပြောသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...လုံးဝမဖြစ်နိုင်ဘူး...ပိုင်ရှင် မင်းက ငါ့ရဲ့ ကျွမ်းကျင်မှုကိုစော်ကားနေတာလား...လျန့်စီယုသေသွားတာ သူ့ကိစ္စနဲ့သူရှိမှာပေါ့...ငါ့အပြစ်မဟုတ်တာတော့ လုံးဝသေချာတယ်..."
"ဒါပေမယ့် အဓိကဇာတ်ဆောင်က သေသွားပြီလေ..."
"ဇာတ်ညွှန်းက ဝမ်းနည်းစရာဇာတ်ညွှန်း ဖြစ်ချင်ဖြစ်မှာပေါ့..."
"ဒါဆို ဦးဦးရတဲ့ ဇာတ်ညွှန်းကိုရော ဘယ်လိုရေးခဲ့လဲ..."
"ငါက မင်းရဲ့ဇာတ်ညွှန်းကိုပဲရခဲ့တာလေ..."
စနစ်က အော်ပြောလိုက်သည်။
"အဆုံးသတ်ကို ငါမှမမြင်ရသေးပဲ..."
ကျန်းရှောင်မန် စကားပြောသည်ကို ရပ်လိုက်တော့သည်။
စနစ်သည်လည်း သူပြောလိုက်သည်က အခြေမခိုင်သည်ကို သတိထားမိသွားကာ သူ့ကိုယ်သူပြန်အဖတ်ဆယ်နိုင်ရန် ပြောလိုက်သည်။
"ပိုင်ရှင် စိတ်မပူပါနဲ့...ဒီလောကက အစတည်းက ရှုပ်ထွေးနေပြီပဲ...အဓိကဇာတ်ဆောင်သေသွားတော့ရော ဘာထူးလဲ...ဘာမှပိုမဆိုးသွားဘူးလေ..."
ကျန်းရှောင်မန်သည် သဘောပေါက်လက်ခံလွယ်သောသူဖြစ်သောကြောင့် စနစ်ပြောသည်မှာလည်း မှန်သည် ဟု ထင်မိသည်။ အဓိကဇာတ်ဆောင်သေသွားသည်နှင့် ကမ္ဘာကြီး ပျက်စီးသွားသည်မှမဟုတ်ပဲ။ ပြီးတော့ သူမနှင့်လည်း ဘာမျှ မဆိုင်သည် မဟုတ်လား။ ကျန်းရှောင်မန်သည် တကယ်ဆိုလျှင် အရံမိန်းကလေးဇာတ်ကောင်တစ်ယောက်သာ ဖြစ်သည်။
"အင်းလေ...ဦးဦးကိုသမီး ခွင့်လွှတ်ပါတယ်..."
ကျန်းရှောင်မန် ပြောလိုက်သည်။
"စနစ်တွေရဲ့ စည်းမျဉ်းကို သမီးနားမလည်ပေမယ့် ကမ္ဘာက ဆိုးနေတယ်ဆိုရင် ဦးဦး အပြစ်ပေးခံရမှာမလား...ဦးဦးက တာဝန်တစ်ခုကြောင့် သမီးဆီရောက်လာတာ လို့ပြောဖူးတယ်လေ...တာဝန်ဆိုရင် ကောင်းအောင်လုပ်ရင် ဆုချခံရပြီး မကောင်းတာတစ်ခုခုဖြစ်ရင် အပြစ်ပေးခံရမယ် မလား..."
စနစ်တို့၏လောကတွင် တာဝန်တစ်ခုပြီးမြောက်အပေါ် ဆုပေးခြင်းများရှိ၍ ရှုံးနိမ့်မှုများကြောင့် အပြစ်ပေးသည်များလည်းရှိသည်။ စနစ် နှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ခြင်းကြောင့် ဤအကြောင်းကို ကျန်းရှောင်မန် သေချာသိနေသည်။ မတော်တဆရလာသော ဆုလာဘ်ဆိုသည်မှာ မရှိပါ။ စနစ်ထံမှ ဆုရလိုလျှင် ဆုရလောက်သည့် အကျိုးတစ်ခု ပြန်ပေးနိုင်မှရသည်။
ကျန်းရှောင်မန်နှင့် လျန့်စီယု တို့သည် တစ်ယောက်နှင့်တစ်ယောက် ပတ်သတ်စရာအကြောင်းမရှိပါ။ ကျန်းရှောင်မန်သည် စနစ်အတွက်ကိုသာ စိုးရိမ်နေမိခြင်းဖြစ်သည်။
စနစ်သည် သူမနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့၍ သူမ၏ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သည်။ သူမ၏ သူငယ်ချင်းသာသေဆုံးသွားမည်ဆိုပါက ကျန်းရှောင်မန် အလွန်ဝမ်းနည်းမိလိမ့်မည်။
ဤကိစ္စနှင့် ပတ်သတ်လာသောအခါ စနစ်သည်လည်း တိတ်ဆိတ်နေသည်။
ဇာတ်လမ်းစ၍ပျက်စီးလာသောအချိန်တည်းက စနစ် ရှောင်တိမ်းနေမိသော ပြဿနာများရှိနေကာ ယခု ပိုင်ရှင်က ပြောလာသောအခါတွင်တော့ ထိုပြဿနာများအား စနစ် ရင်ဆိုင်ရတော့မည်။
စနစ်က ပြောသည်။
"စည်းမျဉ်းအရတော့ စနစ်က ပိုင်ရှင်ကို တာဝန်ယူရတယ်... စနစ်တာဝန်ယူထားတဲ့ ပိုင်ရှင်မှာ ပြဿနာဖြစ်နေတယ်ဆိုရင် စနစ်လဲ အပြစ်ပေးခံရတယ်...ကမ္ဘာပျက်စီးသွားရင်တော့ အမှတ်လျှော့ခံရတာတို့...နောက်ဆုံး အဆင့်ချခံလိုက်ရတာတို့ပါ ဖြစ်နိုင်တယ်..."
ဤကမ္ဘာ၏ဇာတ်ညွှန်းကတော့ ပျက်စီးသွားသည်မှာ ကြာခဲ့ပြီ။
အစကတော့ စနစ်သည် သူ၏ ကိုယ်ပိုင်ပိုက်ဆံများ အနှုတ်ခံရမည် သို့မဟုတ် သူကြိုးစားပမ်းစားဖြင့်တင်ထားရသော အဆင့် ၂ဆင့် ပြန်အလျှော့ခံလိုက်ရ၍ အစက ပြန်ကြိုးစားရမည် စသည်တို့ကို တွေးကြောက်နေမိသည်။ သို့သော်လည်း ယခုအချိန်အထိ ဘာမှမဖြစ်၍ ထိုပူပန်မှုများသည် အလကားဖြစ်ခဲ့သည်။
ဤသို့ ဘာမျှ ဆိုးဆိုးဝါးဝါးမဖြစ်ခြင်းမှာ စနစ်တာဝန်ယူထားသော ပိုင်ရှင်တွင် ပြဿနာမရှိ၍ ဖြစ်သောကြောင့် စနစ်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိသည်။
xxxxxxxxx
Chapter 387(Extra-24)
"ကုန်ကုန်ပြောရရင် ဒါ ငါ့အပြစ်မဟုတ်ဘူး...လျန့်စီယုရဲ့ အပြစ်...သူ့ကိုယ်ပိုင်ပြဿနာပဲ..."
စနစ်က ပြောလိုက်သည်။
"ပိုင်ရှင် စိတ်ပူမနေပါနဲ့...မင်းသာ ပြဿနာမဖြစ်ရင် ငါလဲ ဘာပြဿနာမှ မဖြစ်ဘူး...ဒီကမ္ဘာမှာ မင်းရဲ့ဇာတ်လမ်းပြီးသွားရင်လဲ ငါက တခြားတစ်ယောက်ကို ပြောင်းပြီး တာဝန်ယူလိုက်လို့ရတယ်..."
"ဪ...ဟုတ်ပြီလေ..."
ဘာမှမဖြစ်ဘူးဆိုသဖြင့် ကျန်းရှောင်မန် စိတ်အေးသွားရသည်။ ထို့နောက် မေးခွန်းက အစသို့ပြန်ရောက်သွားသည်။
"အဲ့ဒါဆို လျန့်စီယုက ဘယ်လိုသေသွားရတာလဲ..."
ဤကိစ္စနှင့် ပတ်သတ်၍တော့ စနစ်လည်း မသိပါ။ စနစ်သည် အလွန်စွမ်းအားကြီးကာ အရာရာ သိမြင်နေသော ဘုရားသခင်မဟုတ်ပဲ ဇာတ်ညွှန်းအတုရှိသည်ဟု ထင်မြင်ခြင်းခံနေရသော စနစ်ပေါက်စလေးသာဖြစ်သည်။ ကျန်းရှောင်မန်တစ်ယောက် လမ်းမလွဲသွားစေရန် ထိန်းနေရခြင်းသည်ပင် အတော်ခက်ခဲနေရကာ လျန့်စီယု မည်သို့သေသွားသည်ကို စနစ် မည်သို့သိနိုင်ပါမည်နည်း။
သို့သော်လည်း စနစ်သည် သူ၏ဂုဏ်သိက္ခာကိုထိန်းရဦးမည်ဖြစ်သဖြင့် ထိုအကြောင်းအား ထုတ်တော့မပြောလိုက်ပါ။ ကျန်းရှောင်မန်မေးသည်ကို သေချာမဖြေနိုင်သဖြင့် ယောင်ဝါးဝါးအဖြေသာ ပေးလိုက်သည်။
"ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေက ထုတ်ပြောလို့မရဘူးလေ..."
ကျန်းရှောင်မန်သည် စနစ်ပြောသည်ကို သိပ်မယုံသော်လည်း ဆက်မမေးဖြစ်တော့ချေ။ သူမ၏ စူးစမ်းချင်စိတ်ကို အသုံးဝင်မည့်နေရာတွင်ပဲ သုံးတော့မည်။ စနစ်က မသိဘူးဟုဆိုလျှင် ထပ်မေးလျှင်လည်း ထူးမည်မဟုတ်ချေ။
ကျန်းရှောင်မန်သည် ပုံမှန်လုပ်နေကျအတိုင်း အိပ်ယာပေါ်လှဲ၍ စောင်ခြုံကာ စနစ်အား မအိပ်ခင် နှုတ်ဆက်လိုက်သည်။
ဝမ်မိသားစု၏အိမ်တွင် နှစ်ရက်နေပြီးသောအခါ ကျန်းရှောင်မန်နှင့် ယွီချင်းရှီတို့ အိမ်သို့ပြန်လာကြသည်။
အိမ်သို့ ရောက်လျှင်ရောက်ခြင်းပဲ ကျန်းရှောင်မန်တို့အား သတင်းထူးက ဆီးကြိုနေလေသည်။ ထိုည၌ ကျန်းရှင်းနှင့် ထောင်ထောင် တို့ ဆေးရုံမှပြန်ရောက်လာကြသည်။ ကျန်းရှင်းက အရူးတစ်ယောက်ကဲ့သို့ ပြုံးကာ သူအဖေဖြစ်တော့မည့်အကြောင်း ကြေငြာလိုက်သည်။
သူမဦးလေး၏ မျိုးဆက်သစ်ပင်သည် အသီးအပွင့်များဖြစ်ထွန်းနေသည်ကို သိရ၍ ကျန်းရှောင်မန်လည်း ဝမ်းသာမိပါသည်။
.......
တကယ်တော့ လျန့်စီယုသည် သူမ အသက် ငါးနှစ်တည်းက သေဆုံးသွားခဲ့ပြီးဖြစ်သည်။
ထိုအချိန်က သူမနှင့် လျန်ယွမ့်ချင်းတို့သည် ရေကူးကန်ရှိသည့် အပန်းဖြေစခန်းတစ်ခုသို့ သွားခဲ့ကြသည်။ လျန့်စီယုသည် ကစားရသည်ကို အလွန်ကြိုက်သောကြောင့် ရေထဲသို့ တိတ်တဆိတ်ဆင်းကာ ဆော့ရင်းနှင့် မတော်တဆ ရေနစ်ကာသေဆုံးခဲ့ရသည်။ သို့သော် သေဆုံးသည်ဟုဆိုခြင်းက အပြည့်အစုံမမှန်ပါ။ အဘယ်ကြောင့်ဆိုသော် လျန့်စီယုသည် သေခြင်းနှင့် ခဏသာ ထိတွေ့လိုက်ရကာ အသက်ပြန်ရှင်လာသောကြောင့်ဖြစ်သည်။
ဟုတ်သည်။ လျန့်စီယုသည် သေဆုံးပြီးမှ တစ်ဖန်အသက်ပြန်ရှင်လာခြင်း ဖြစ်သည်။
သေဆုံးနေသည့်အချိန်၌ လျန့်စီယုသည် သူမ၏စနစ်နှင့် ချိတ်ဆက်မိကာ ရွှေလက်ချောင်းကို ရလိုက်သည်။ ထိုအချိန်တွင် အပန်းဖြေစခန်းသို့ရောက်နေသော မစ္စတာဝမ်သည် ရေကူးကန်ထဲ၌ မေ့မျောနေသော လျန့်စီယုကို တွေ့ကာ ရေကန်ထဲခုန်ဆင်း၍ ကယ်တင်ခဲ့သည်။ အရေးပေါ်အခြေအနေဖြစ်နေသောကြောင့် လျန့်စီယုသည် မစ္စတာဝမ်၏ သက်တမ်းအား ခိုးယူကာ သူမအသက်ကို ဆက်ခဲ့သည်။
ဤကဲ့သို့ အသက်ချင်းလဲလှယ်မှုသည် တစ်ချိန်တည်းတွင် အများကြီးလုပ်၍မရကြောင်း စနစ်ကပြောသည်။ လျန့်စီယုသည် အဖိုးဆီမှခိုးယူထားသော ၁၃ နှစ်သက်တမ်း ကုန်ပြီးမှ သူမ အသက်ထပ်ရှင်သန်စေရန်အလို့ငှာ နောက်ထပ် အသက်ကို ယူလို့ရမည်ဖြစ်သည်။
သို့သော်လည်း လျန့်စီယုသည် စိတ်မပူမိပါ။ နောက် ဆယ့်သုံးနှစ်အကြာတွင် သူမသည် အသက် ဆယ့်ရှစ်နှစ် ရှိနေမည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် သူမဘဝသည် အလွန်ပင်ကောင်းမွန်နေမည်ဟု လျန့်စီယု တွေးထားသည်။ အနာဂတ်တွင် ကြိုးစားရန် နှစ်တွေအများကြီး ကျန်သေးသည်မဟုတ်လား။ အဓိကသော့ချက်က သူမသည်မသေနိုင် ဟု ယုံကြည်ထားရန်သာဖြစ်သည်။ ရေနစ်ခဲ့ရခြင်းကြောင့် လျန့်စီယုသည် ဤကမ္ဘာ၏အနာဂတ်နှင့် ပတ်သတ်၍ မှတ်ဉာဏ်အပိုင်းအစများ ရခဲ့ခြင်းကြောင့် ရေနစ်ခြင်းသည် ကံကောင်းမှု ဖြစ်သွားရသည်။
သူမသည် ဤကမ္ဘာ၏ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်ကြောင်း ထိုအချိန်၌ပင် လျန့်စီယု သိလိုက်သည်။
သူမ ရရှိခဲ့သော ကံကောင်းမှုကို အကောင်းဆုံးအသုံးချရမည်။ သူမသည် လူအများချီးမွမ်းခံရသော အကောင်းဆုံး အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်အောင်လုပ်ကာ သက်တောင့်သက်သာဖြင့် ထပ်ဆုံးသို့ရောက်အောင်လုပ်မည်။
xxxxxxxxx
Chapter 388(Extra-25)
စနစ်သည် သူမအား ဘဝကို ပို၍ယုံကြည်ချက်ရှိရှိ၊ သက်တောင့်သက်သာနှင့် လှလှပပနေနိုင်စေရန် ကောင်းကင်ဘုံမှပေးသည့် လက်ဆောင်တစ်ခုဖြစ်သည် ဟု လျန့်စီယု ထင်ခဲ့မိသည်။
သို့သော် လောက၏ ရက်စက်တတ်မှုများကို ငါးနှစ်ကလေးလေးတစ်ယောက်အနေဖြင့် နားမလည်နိုင်ခဲ့ပါ။ အပေးရှိလျှင် အယူ လည်း ရှိရမည် မဟုတ်လား။
လျန့်စီယုသည် ထိုအချိန်မှစ၍ သူမတွင် ရွှေလက်ချောင်းရှိကာ အနာဂတ်အတွက်လည်း မပူပန်ရပဲ သက်တောင့်သက်သာ ကြီးပြင်းလာရသည်။ အဖေ၊ အမေ၊ အဖိုးအဖွားများအားလုံး၏ ချစ်ခြင်းကိုခံရသည်။ သူမ လိုချင်သည်ကို မရခြင်းဆိုသည်မှာလုံးဝမရှိသလို သူမ အား မချစ်သည့်လူ ဆိုသည်မှာလည်း မရှိချေ။ လျန့်စီယုသည် အောင်နိုင်သူတစ်ယောက်အဖြစ် ပြန်လည်ရှင်သန်လာခဲ့သည်။
သူမတွင် ငွေရှိသည်။ သူငယ်ချင်းများရှိသည်။ မိသားစု ဆွေမျိုးများရှိသည်။
စာမေးပွဲဖြေလျှင် စနစ် ဖြင့် အခြားသူများ၏ မှတ်ဉာဏ်ကို ခိုးယူလိုက်ရုံသာဖြစ်သည်။ ပိုက်ဆံလိုချင်လျှင် ကလေးကဲ့သို့ ချွဲလိုက်သည်နှင့် သူမ လိုချင်သည်များ ချက်ချင်းရလာသည်။ ဆရာမများနှင့် အတန်းဖော်များသည်လည်း လျန့်စီယု အား အများကအတုယူစရာ စံပြမိန်းကလေးတစ်ဦးအနေဖြင့် ချီးမြှောက်ကြသည်။
လျန့်စီယုသည် သူမ၏ဘဝတွင် ဘာမျှ စိတ်ပူစရာမရှိ ဟု ထင်ခဲ့မိသည်။ သူမဘဝသည် သူမ သေဆုံးသည့်အချိန်တွင် ထင်မြင်ခဲ့သည့်အတိုင်း အရာရာပြည့်စုံနေပြီ မဟုတ်လား။ သူမသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရသော မိန်းကလေးဖြစ်၍ ဘဝကို အလှပဆုံးနေသွားနိုင်တော့မည် ဖြစ်သည်။
သို့သော် ကံမကောင်းစွာပင် သူမ၏ ဘဝထဲသို့ ကျန်းရှောင်မန် ဝင်ရောက်လာခဲ့သည်။
လျန့်စီယုသည် ငယ်စဉ်တည်းက စနစ်မှကောင်းစွာ ကာကွယ်ပေးထားသောကြောင့် ပြဿနာဖြစ်ခြင်းများ၊ ဒုက္ခရောက်ခြင်းများနှင့် တစ်ခါမှ မကြုံဖူးချေ။ သူမ တစ်ခုခုလိုသည်ဆိုသည်နှင့် တစ်စုံတစ်ယောက်က ကူညီရန် အမြဲ အဆင်သင့်ရှိနေခဲ့သည်သာဖြစ်သည်။ ဤအကူအညီများမရှိတော့သည်နှင့်တစ်ပြိုင်နက် လျန့်စီယုသည် အတောင်ကျိုးသည့်ငှက်ငယ်ပမာ ဘာစွမ်းရည်မှမရှိပဲ ကူကယ်ရာမဲ့သွားရသည်။
သူမသည် ကမ္ဘာကြီးက သူ့အားဗဟိုပြု၍ လှည့်ပတ်နေသည်ဟုထင်ကာ အခြားသူများ၏ ချစ်ခြင်းနှင့်ဂရုစိုက်မှုများကို ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့သည်။
ထို့ကြောင့် ရုတ်တရက်ပေါ်လာသော ကျန်းရှောင်မန်သည် လျန့်စီယုထံမှ အရာအားလုံးအား ယူသွားတော့သည်။
ထိုဖြစ်ပျက်ခဲ့သောအရာများအား ပြန်လည်တိုက်ခိုက်ရန် လျန့်စီယုတွင် အင်အားမရှိခဲ့ချေ။ သူမ ဘာပဲလုပ်လုပ် ကျန်းရှောင်မန်ရှေ့တွင် သူမ အမြဲ ကျရှုံးခဲ့ရသည်။
အမေသည် လျန့်စီယု အား ပို၍မုန်းလာကာ သူမကို အချစ်ဆုံးဖြစ်ခဲ့သော အဖေသည်လည်း တဖြည်းဖြည်း ရှောင်ဖယ်စပြုလာသည်။ လျန့်စီယုသည် ဝမ်မိသားစု၏ သမီးအစစ်မဟုတ်ပဲ သူမအလွန်ဂုဏ်ယူရသော ဝမ်မိသားစု၏သမီး ဆိုသော ဂုဏ်ပုဒ်သည်လည်း အတုအယောင်ဖြစ်နေခဲ့သည်။
လျန့်စီယုသည် သူမ၏ လူမသိ သူမသိ ဘဝအစစ်အမှန်ကို လက်မခံနိုင်ဖြစ်ကာ ဆေးရုံအရေးပေါ်ခန်းထဲတွင် လဲနေသော မိခင်အရင်းအားလည်း မမှတ်မိခဲ့ပေ။ ထို ဆေးရုံခန်းထဲမှ အမျိုးသမီးအား ချစ်ခင်စိတ်လုံးဝမရှိကာ သူမ၏ ဖခင်အရင်း မည်သူဖြစ်သည်ဆိုသည်ကိုလဲ မသိချင်ခဲ့ပေ။ သူမသည် ဝမ်မိသားစုဆီသို့ ပြန်ကာ ဝမ်မိသားစု၏ သမီးသာ ဖြစ်ချင်နေမိသည်။
ပထမ၌ လျန့်စီယုသည် သူမအဖေအား ရှာဖွေရန်ကြိုးစားခဲ့သော်လည်း လျန်ယွမ့်ချင်းသည် ရက်စက်သူတစ်ယောက်ဖြစ်သည်။ လျန့်စီယုအား သူ၏သမီးဟုထင်နေစဉ်တွင်တော့ ဂရုစိုက်ခဲ့သော်လည်း အကြောင်းစုံသိသွားသောအခါ သူမ အား မမြင်ချင်တော့သည့်အပြင် သူ့အတွက် အရှက်ရစရာတစ်ခု ဟုပင် တွေးနေသည်။ ပို၍ဆိုးသည်က ထိုအချိန်၌ လျန်ယွမ့်ချင်းသည် သူ့ပြဿနာနှင့်သူ တရားများရင်ဆိုင်နေရသောကြောင့် လျန့်စီယုအား အချိန်မပေးနိုင်ခဲ့ပေ။
ထို့နောက် လျန့်စီယုသည် ဝမ်ဟွေ့အား ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ ဝမ်ဟွေ့က သူမ အား အတွေ့မခံသောအခါ လျန့်စီယု ဝမ်းနည်းခဲ့ရသည်။ အမျိုးသမီးများသည် စိတ်နှလုံးနူးညံ့သောကြောင့် အတိတ်တွင် လျန့်စီယု ချွဲလိုက်တိုင်း ဝမ်ဟွေ့က အရည်ပျော်သွားမြဲဖြစ်သည်။ သို့သော် ယခုအချိန်၌ ဝမ်ဟွေ့ သည် ပြဿနာအားလုံးကို လျန့်စီယု၏ ခေါင်းပေါ်ပုံချကာ လျန့်စီယု၏အမေအရင်းကို မုန်းသည့်စိတ်နှင့်ပါ ပေါင်း၍ အလွန်မုန်းတီးနေတော့သည်။ထို့ကြောင့် လျန့်စီယု မည်မျှပင် ကြိုးစားစေကာမူ ဝမ်ဟွေ့ရှေ့၌ အရာထင်တော့မည်မဟုတ်ချေ။
နောက်ဆုံးတွင် အဖိုးနှင့်အဖွားသာ ကျန်တော့သည်။ လျန့်စီယုသည် အဖိုးနှင့် သိပ်မရင်းနှီးသော်လည်း အဖွားက သူမ ကို ချစ်သည်။ အဖိုးက မည်သူ့ဘက်မှ မပါ၍ မျဉ်းလယ်၌ ရပ်နေသော်လည်း စိတ်နှလုံးနူးညံ့သည့် အဖွားကတော့ လျန့်စီယု အား ပစ်မထားရက်ပေ။ ထို့ကြောင့် လျန့်စီယုသည် ဖွားဖွားကိုသာအချစ်ဆုံးဖြစ်ကြောင်း၊သူ့ကိုယ်သူမှားမှန်းသိပြီဖြစ်ကြောင်း စသဖြင့် ပြောကာ သူမ၏ အစွမ်းအစအားလုံးကို အဖွားအပေါ် ထုတ်သုံးတော့သည်။ ဝမ်မိသားစု၏အိမ်မှဆင်းလာပြီးနောက်ပိုင်း နေထိုင်ရသည်မှာ အလွန်ခက်ခဲကာ အဖွားနှင့်ပဲ အမြဲ နေချင်မိကြောင်း ချွဲနွဲ့ပြောဆိုသည်။
xxxxxxxxx
Chapter 389(Extra-26)
အဖွားအိုသည်လည်း အစတည်းကပင် စိတ်နှလုံးနူးညံ့သည်ဖြစ်၍ လျန့်စီယု သည် သူ့လက်ပေါ်၌ပင် ကြီးပြင်းလာသူဖြစ်ရာ လျန့်စီယု အိမ်မှထွက်သွားရသောအခါ အဖွားသည် အလွန်ဝမ်းနည်းခဲ့ရသည်။
ထို့ကြောင့် လျန့်စီယုတစ်ယောက် ဝမ်မိသားစု၏အိမ်မှ ဆင်းသွားပြီးသည့်နောက်ပိုင်း၌လည်း အနေ အစား မဆင်းရဲစေရန် အဖွားက တိတ်တဆိတ် ငွေကြေးများ ထောက်ပံ့နေခဲ့သည်။
အဖွားအိုဝမ်အတွက်တော့ ဤမျှလောက်သော ငွေကြေးသည် မပြောပလောက်သော ပမာဏဖြစ်သည်။ သို့သော် လျန့်စီယုသည် ဤမျှလောက်ဖြင့် မကျေနပ်နိုင်ဖြစ်လာသည်။ သူမသည် အသုံးအဆောင်ကောင်းများဖြင့် သက်တောင့်သက်သာနေရသည့်ဘဝ၌ အသားကျနေသူဖြစ်ရာ ဤပိုက်ဆံလေးသည် သူမ၏ ကြီးမားသောအသုံးစရိတ်ကို မကာနိုင်ဖြစ်လာသည်။ ထို့ကြောင့် အဖွားဆီမှ ငွေကို မကြာခဏ ပိုတိုး၍ တောင်းလာသည်။
မူလကတော့ အဖွားအိုဝမ်သည် လျန့်စီယုအား သူမ၏ ကိုယ်ပိုင်ပိုက်ဆံထဲမှ ထုတ်ပေးသော်လည်း နောက်ပိုင်းတွင်မူ အဖွားလည်း မတတ်နိုင်တော့ချေ။ သို့သော် သူ့မြေးမ၏ မျက်ရည်များနှင့် အနေ အစား ဆင်းရဲနေသည်ကို မကြည့်ရက်သောအခါ အဖွားသည် လျန့်စီယုအား အိမ်သို့ပြန်ခေါ်ရန် ဝမ်ဟွေ့အား တောင်းဆိုလိုက်သည်။
ဝမ်ဟွေ့သည် မည်သို့ သဘောတူနိုင်ပါမည်နည်း။
ဝမ်မိသားစုအတွင်း ထိုကိစ္စနှင့် ပတ်သတ်၍ အကြီးအကျယ် ရန်ဖြစ်ကြရကာ လျန့်စီယုအား အိမ်ပြန်ခေါ်ရန် မခေါ်ရန် သည် ဆုံးဖြတ်မရဖြစ်နေသည်။
ဝမ်မိသားစုထံမှ နောက်ဆုံး ဆုံးဖြတ်ချက် ထွက်လာဖို့ကို လျန့်စီယုသည် မစောင့်နိုင်တော့ချေ။
လျန့်စီယု သည် ပိုက်ဆံအလွန်လိုအပ်နေသည်ဖြစ်ရာ သူမနှင့်သိသော လူဆိုးဂိုဏ်းထွက် မိတ်ဆွေတစ်ဦးနှင့် တိုင်ပင်ကာ ပြန်ပေးဆွဲခံရယောင်ဆောင်၍ ငွေညှစ်ရန် တိုင်ပင်ခဲ့ကြသည်။ ထို့ကြောင့် ထိုလူများနှင့် အလုပ်ကိစ္စဆွေးနွေးရန် ပန်းခြံထဲ၌ ဆုံတွေ့ခဲ့ကြသည်။
သို့သော် လျန့်စီယုသည် ထိုပြန်ပေးဆွဲမှုကို မပြုလုပ်ရသေးခင်မှာပင် ရေနစ်သေဆုံးသွားခဲ့ကာ သူမ ချေးယူထားသော သက်တမ်း ဆယ့်သုံးနှစ် ကို ပြန်ပေးဆပ်လိုက်ရလေသည်။
........
ယခုတလော ကျန်းရှောင်မန်သည် ကလေးလေးအား နေ့စဥ်ထိန်းနေရသည်။
ယွီချင်းရှီက ကျန်းရှောင်မန်အား လာတွေ့၍ စကားပြောသည့်အခါတိုင်း ကလေးသည် ကျန်းရှောင်မန်အား သူတစ်ယောက်တည်း အပိုင်ချစ်ချင်သည့်ပုံစံဖြင့် အော်ငိုတော့သည်။
အစကတော့ ယွီချင်းရှီသည် ကလေးလေးက အလွန်ချစ်စရာကောင်းသည် ဟုထင်မိသည်။ သို့သော် ကလေးက သူ့ကိုတွေ့သည့်အခါတိုင်း အော်ငိုနေသောအခါ တဖြည်းဖြည်းနှင့် ကလေးသည် အမြင်ကတ်ဖွယ်ကောင်းသည် ဟု ထင်လာမိတော့သည်။
ဤကမ္ဘာတွင် မကောင်းဆိုးဝါးကဲ့သို့ ကြောက်ဖို့ကောင်းသည့် ကလေးမျိုးလည်း ရှိသေးသည်လား။
ကျန်းရှောင်မန်က ကလေးအားဖက်ကာ ချော့မြူနေချိန်များတွင် ယွီချင်းရှီသည် ဘာမျှဝင်မပြောနိုင်သဖြင့် အထီးကျန်စွာပင် မကျေနပ်သည့်မျက်လုံးများဖြင့်သာ ကြည့်နေမိသည်။ ကျန်းရှောင်မန်သည်လည်း သူမ၏မောင်ဝမ်းကွဲလေးအားထိန်းနေရသဖြင့် ယွီချင်းရှီကို ဂရုမစိုက်နိုင်ဖြစ်နေသည်။
"ရှောင်မန်..."
ယွီချင်းရှီ က ခေါ်လိုက်သည်။
ကျန်းရှောင်မန်က ပြန်ထူးလိုက်ကာ ဘာပြောမလို့လဲ ဟု မေးလိုက်သည်။ ယွီချင်းရှီ ဘာမှမပြောရသေးခင်မှာပင် ကလေးက အာပြဲနှင့် အော်ငိုပြန်တော့သည်။
နေ့တိုင်းနီးပါးပင် ဤကဲ့သို့ ဖြစ်နေတော့သည်။
ကျန်းရှောင်မန်သည် ကလေးအား ချော့နေရသဖြင့် ပြောလက်စ စကားက အဆက်ပြတ်သွားပြန်သည်။
ရက်အနည်းငယ်ကြာသောအခါ ကျန်းရှောင်မန်လည်း သည်းမခံနိုင်တော့ချေ။
သူမ၏ မောင်ဝမ်းကွဲလေးသည် ကျန်းရှောင်မန်အား အလွန်တွယ်ကပ်လွန်းနေသည်။ ကျန်းရှောင်မန်အား သူ့မျက်စိအောက်မှအပျောက်မခံကာ အမြဲပင် ချီခိုင်းထားလေ့ရှိသည်။ နို့ကိုလည်း ကျန်းရှောင်မန်တိုက်မှ သောက်ကာ ငိုလျှင်လည်း ကျန်းရှောင်မန် ချော့မှပင် အငိုတိတ်တော့သည်။
ညနေ၌ ထောင်ထောင် ပြန်ရောက်လာချိန်တွင်တော့ မောင်ဝမ်းကွဲလေးက သူ့အမေနားကပ်ကာ ကျန်းရှောင်မန်အား ဒုက္ခမပေးတော့ချေ။ ကလေးသည် သူမ၏လက်မှ လွတ်လွတ်ချင်း ကျန်းရှောင်မန်သည် ယွီချင်းရှီ၏ အခန်းထဲသို့ ပြေးကာ ကုတင်ပေါ်လှဲအိပ်နေလိုက်သည်။
ယွီချင်းရှီက သူမဘေးတွင် ထိုင်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
"ကလေးက တကယ့်ကို မကောင်းဆိုးဝါးလေးပဲ..."
"ဒါဆို မင်းလည်း အဲ့လိုပဲထင်တယ်ပေါ့..."
ယွီချင်းရှီသည် ကလေးက စိတ်ညစ်စရာကောင်းသည်ကို မည်ကဲ့သို့ ယဉ်ယဉ်ကျေးကျေးပြောရမလဲ ဟု စကားလုံးရွေးနေချိန်မှာပင် ကျန်းရှောင်မန် ဆက်ပြောသည်ကို ကြားလိုက်ရသည်။
"ငါ ကလေးမလိုချင်တော့ဘူး..."
"အဲ့လိုတော့ မဖြစ်ဘူးလေ..."
ယွီချင်းရှီက ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။
"ကိုယ်ကတော့ ကလေးက အရမ်းချစ်ဖို့ကောင်းတယ်လို့ ထင်တာပဲ...မွှေးလဲမွှေးပြီး ဖြူဖြူလေးနဲ့ တကယ်ချစ်စရာလေး..."
"ဒါပေမယ့် သူတို့က အရမ်းဒုက္ခပေးလွန်းတယ်..."
"မင်းပဲ အရုပ်လေးတွေကို ချစ်တယ်ဆို..."
"ငိုနေတဲ့အရုပ်တွေကိုတော့ မချစ်ပါဘူး..."
xxxxxxxxx
Chapter 390(Extra-27)
ယွီချင်းရှီသည် ခဏမျှစဉ်းစားလိုက်ပြီးမှ ကျန်းရှောင်မန်၏လက်ကို ကိုင်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ...ကိုယ်ထိန်းပေးပါ့မယ်..."
"ဟင်..."
ကျန်းရှောင်မန်သည် သိချင်မှုနှင့်နားမလည်နိုင်မှုများ ရောစပ်နေသော မျက်လုံးများဖြင့် ယွီချင်းရှီအား ကြည့်လိုက်သည်။
"နင်က ကလေးကို ထိန်းပေးမလို့လား..."
"ဟုတ်တယ်..."
ကျန်းရှောင်မန်သည် အလွန်ပျော်သွားကာ ကလေးတစ်ယောက်ကဲ့သို့ ကုတင်ပေါ်မှာ ခုန်၍ထလိုက်ကာ ယွီချင်းရှီအား ဖက်၍ နမ်းလိုက်သည်။
"အဲ့ဒါဆို မနက်ဖြန်ကစပြီး ကလေးကို နင်ပဲထိန်းရမယ်နော်..."
"ဟုတ်ပါပြီ...ဟုတ်ပါပြီ..."
ယွီချင်းရှီသည် သူပြောလိုက်သည်မှာ မှားသွားမိလား ဟု တွေးကာ စိုးရိမ်မိလာသည်။
အမှန်တကယ်တော့ ကလေးတစ်ယောက်အား မည်သို့ထိန်းရမည်ကို ယွီချင်းရှီမသိပါ။
သို့်သော် ယခုရက်ပိုင်းများတွင် ကလေးကို ကျန်းရှောင်မန်ထိန်းနေသည်ကို လိုက်ကြည့်ထား၍ အနည်းငယ်တော့ သိနေသည်။ ကိုယ်တိုင်လုပ်ကြည့်ဖို့တော့ အနည်းငယ်လန့်နေမိသည်။
လန့်နေ၍ မဖြစ်ချေ။ ပြောထားသည့်စကားကိုတည်အောင် ယွီချင်းရှီ ကြိုးစားရမည်။
ကလေးအနှီး လဲပေးရမည်။ နို့သောက်ပြီးလျှင် လေတတ်စေရန် လုပ်ပေးရမည်။ အနှီးမလဲခင် သီချင်းဆိုကာချော့ရမည်။
ကျန်းရှောင်မန်အား ယောင်္ကျားတစ်ယောက်သည်လည်း ကလေးထိန်းနိုင်ကြောင်း ပြရမည်။
ရက်အနည်းငယ်အကြာတွင်တော့ ယွီချင်းရှီ၏ဂရုစိုက်မှုများဖြင့် ကလေးကို အောင်နိုင်သွားတော့သည်။
ကလေးသည် ကျန်းရှောင်မန်နား မကပ်တော့ပဲ ယွီချင်းရှီ နား၌သာ ကပ်နေတော့သည်။
ယွီချင်းရှီက ကလေးကိုချီကာ နို့ဘူးတိုက်နေချိန်တွင် ကျန်းရှောင်မန်က ဘေးမှနေ၍ ကလေးကိုစနေသည်။ ကလေးက ငိုလျှင် ယွီချင်းရှီလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ ဤသို့ဖြင့် ကျန်းရှောင်မန်လည်း ရယ်မောကာ ပျော်ရွှင်နေရပြီဖြစ်သည်။
ယွီချင်းရှီတစ်ယောက် တကယ်ပင် အပြောနှင့်အလုပ် ညီခဲ့ပါသည်။
-
အထက်တန်းကျောင်း တတိယနှစ်တွင် ကျန်းရှောင်မန်နှင့် ယွီချင်းရှီတို့ နှစ်ဦးလုံး နိုင်ငံခြားထိပ်တန်းတက္ကသိုလ်များမှ ကျောင်းဝင်ခွင့်များရရှိခဲ့ကြသည်။ တစ်ဦးက ဘွဲ့လွန်အတွက် ဖြစ်၍ တစ်ဦးက အမ်ဘီအေဘွဲ့အတွက်ဖြစ်သည်။
နှစ်ဦးလုံးသည် အထက်တန်းနောက်ဆုံးနှစ်ကို တက်စရာမလိုတော့သည့်အတွက် ဘဝက အလွန်ပျင်းရိဖွယ်ကောင်းနေသည်။
နှစ်ယောက်လုံး ပျင်းလွန်း၍ သေမလိုပင်ဖြစ်နေကြသည်။
ကျန်းရှင်း၏သားလေးသည်လည်း အရွယ်ရောက်လာပြီဖြစ်ကာ ပြေးနိုင် ခုန်နိုင်နေပြီဖြစ်သည်။ ကလေးကိုကြည့်ကာ ယွီချင်းရှီသည် အဖေတစ်ယောက်ဖြစ်ချင်နေမိသည်။
သို့သော် ကျန်းရှောင်မန်နှင့် ဤကိစ္စကို ညှိနှိုင်းဖို့တော့ မလွယ်ပါချေ။
ကလေးက အလွန်ချစ်ဖို့ကောင်း၍ ကျန်းရှောင်မန်သည် ကလေးကိုချစ်သော်လည်း သူမသည် ငယ်သေးသည်။
ကျန်းရှောင်မန်သည် မိခင်တစ်ယောက် မဖြစ်ချင်သေးပါ။
ယွီချင်းရှီသည်လည်း ကျန်းရှောင်မန်အား စိတ်မညစ်စေချင်သောကြောင့် သူ့ဆန္ဒကို ထုတ်မပြောဖြစ်ပေ။ သို့သော်လည်း နိုင်ငံခြားမသွားခင် စေ့စပ်၍ လက်ထပ်ထားချင်ကြောင်း ပြောလိုက်သည်။
ကျန်းရှောင်မန်လည်း ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
"ကောင်းပြီလေ...ဒါပေမယ့် ငါတို့က ငယ်သေးတော့ ဒါတွေလုပ်လို့ကောင်းပါ့မလား..."
"တခြားနိုင်ငံတွေမှာဆိုရင် ငါတို့အသက်က တူတူ တရားဝင်နေလို့ရတဲ့အရွယ်ရောက်နေပါပြီ..."
ယွီချင်းရှီက အလျင်အမြန်ပင် ထိုသို့ အတူတူနေလို့ရသော မြို့များအား ရွတ်ပြကာ မေးလိုက်သည်။
"အဲ့နိုင်ငံတွေဆီ ဈေးဝယ်ထွက်ချင်လား..."
"ဟင့်အင်း တော်ပြီ...အရင်စေ့စပ်ထားလိုက်ကြမယ်လေ..."
ကျန်းရှောင်မန်က ယွီချင်းရှီ၏ ဆံပင်စုတ်ဖွားနှင့် ခေါင်းလေးကို ပွတ်လိုက်သည်။
ထို့နောက် သက်ပြင်းချကာ ပြောလိုက်သည်။
"ချင်းရှီ...ရှင့်မှာ ပြောစရာတစ်ခုခုရှိနေတယ်မလား...ရှင့်စိတ်ထဲမှာ တစ်ခုခုဖြစ်နေတာ ကျွန်မခံစားမိနေတယ်..."
ယွီချင်းရှီက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ကိုယ် ကလေးလိုချင်တယ်..."
ကျန်းရှောင်မန်သည် အလွန်ပင်ဒေါသထွက်သွားကာ ယွီချင်းရှီ၏ ဆံပင်များအား ဆုပ်ကိုင်၍ပြောလိုက်သည်။
"စိတ်တောင် မကူးနဲ့..."
သူပဲစိတ်ထဲရှိရာပြော ဆို၍ ယွီချင်းရှီ ပြောလိုက်ရသည်မဟုတ်လား။ မိန်းမတွေနှင့်လည်း ခက်ပါသည်။
ယွီချင်းရှီ ဘာမျှတော့မပြောလိုက်ပါ။ သူသည် ခေါင်းမာသူမဟုတ်၍ သူ၏ချစ်သူက မလိုချင်ဘူးဆိုလျှင် သူစောင့်နိုင်ပါသည်။
xxxxxxxx