Chapter 381 (Extra-18)
ယွီချင်းရှီ၏နှလုံးသည် အဆတစ်ထောင်လောက် ပိုခုန်နေကာ စိတ်တွေလည်းလှုပ်ရှားနေသည်။ သူ၏ ခန္ဓာကိုယ်ကတော့ သူကိုယ်တိုင်မသိလိုက်ခင်မှာပဲ ကုတင်ပေါ်သို့ ကျန်းရှောင်မန်၏ တွန်းလှဲခြင်းကို ခံလိုက်ရသည်။
ထို့နောက် ကျန်းရှောင်မန်သည် ယွီချင်းရှီ၏ဘေးတွင် စောင်ခြုံကာ အိပ်ပျော်သွားတော့သည်။
ကျန်းရှောင်မန်က နှစ်ခြိုက်စွာအိပ်ပျော်သွားသော်လည်း ယွီချင်းရှီကတော့ မလှုပ်မယှက်နှင့် ခြေ လက်များ ထုံလာသည်အထိ တောင့်တောင့်ကြီး ဖြစ်နေမိသည်။
ခဏအကြာတွင်မှ ကျန်းရှောင်မန်၏ ခါးလေးပေါ်သို့ လက်ကိုတင်ကာ ကျန်းရှောင်မန်အားဖက်၍ အိပ်ပျော်သွားတော့သည်။
နှစ်ယောက်အတူတူအိပ်နေရခြင်းကို ယွီချင်းရှီသည် မယုံနိုင်ဖြစ်ကာ စိတ်လှုပ်ရှားပြီး အလွန်ပျော်နေမိသည်။ ယွီချင်းရှီလည်း အလွန်နှစ်ခြိုက်စွာ အိပ်မောကျသွားကာ လှပသော အိပ်မက်များပင် မက်နေတော့သည်။
နွေရာသီပိတ်ရက်တစ်လျှောက်လုံး ကျန်းရှောင်မန်သည် ယွီချင်းရှီနှင့် အတူ လာနေသည်။ နေ့ရက်များသည် စီးဆင်းနေသောရေ ကဲ့သို့ အလျင်အမြန်ကုန်ဆုံးသွားကြသည်။
နှစ်ဦးလုံး၏ အကြည့်များတွင် ချစ်ခင်မှုများ၊ တစ်ဦးပေါ်တစ်ဦး နားလည်မှုများနှင့် ပြည့်နှက်နေသည်။ လုံခြုံနွေးထွေးမှုများဖြင့် သူတို့နှစ်ယောက်၏ဘဝသည် ပျော်စရာအတိပြီးနေသည်။
ယွီချင်းရှီသည် ကျန်းရှောင်မန်နှင့် မခွဲမခွာပဲ ဤကဲ့သို့သာ တစ်သက်လုံး အတူနေသွားချင်မိတော့သည်။
ရှည်လျားသော နွေရာသီပိတ်ရက်သည် မကြာမီပင် ကုန်ဆုံးသွားတော့သည်။ တက္ကသိုလ်များ ပြန်ဖွင့်သောအခါ နှစ်ဦးသား အလုပ်ပြန်ရှုပ်လာကြသည်။
ယွီချင်းရှီနှင့် ကျန်းရှောင်မန်တို့သည် ကျောင်းတူကြသော်လည်း အထူးပြုသည့် ဘာသာရပ်များက မတူကြပေ။ ယွီချင်းရှီက စီးပွားရေးအထူးပြု ဖြစ်ကာ ကျန်းရှောင်မန်က သင်္ချာ အထူးပြု ယူထားခြင်းဖြစ်သည်။ နှစ်ဦးသားသည် တစ်ယောက်နှင့်တစ်ယောက် အဖော်ပြုကာ ခရီးဆောင်အိတ်ကိုယ်စီဖြင့် ခရီးကို စတင်ထွက်ခွာကြတော့မည်။
ဤတစ်ခေါက်တွင်တော့ ကျန်းရှင်းလည်း အလုပ်များရှုပ်နေသဖြင့် ကျန်းရှောင်မန်အား ကျောင်းသို့ လိုက်မပို့ဖြစ်ချေ။
ကလေးများသည် ကြီးပြင်းလာကြပြီဖြစ်ကာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရမည့် အရွယ်သို့ ရောက်နေကြပြီ မဟုတ်ပါလား။
တကယ်တော့ ပထမတုန်းက ကျန်းရှင်းသည် ကျန်းရှောင်မန်အား မိသားစုစီးပွားရေးကို ဦးစီးနိုင်ရန် ယွီချင်းရှီကဲ့သို့ စီးပွားရေးဘာသာကို ယူခိုင်းခဲ့ခြင်းဖြစ်သည်။ ဤသို့ ပြုလုပ်ထားပါက အကယ်၍ အနာဂတ်တွင် ကျန်းရှင်း၏ သားသမီးများ အသုံးမကျဖြစ်ခဲ့သည်ဆိုလျှင်တောင်မှ မိသားစုစီးပွားရေးအား ကိုင်တွယ်နိုင်ရန် တစ်စုံတစ်ယောက်တော့ ရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် ကျန်းရှောင်မန်သည် မိသားစု၌ ဉာဏ်အထက်မြက်ဆုံးဖြစ်၍ ကျန်းရှင်းသည် သူ၏ဆုံးဖြတ်ချက်မှာ သင့်တော်သည်ဟု ထင်သော်လည်း ကျန်းရှောင်မန်က လက်မခံခဲ့ချေ။
ကျန်းရှောင်မန်၏ အမြင်အရ ငွေကြေး နှင့် ငွေရနိုင်သည့်အလုပ်များသည် သူမအတွက် ပြဿနာမဟုတ်ချေ။ ထို့အပြင် ကျန်းရှင်းက သူမအတွက် ဖွင့်ပေးထားသည့် ဘဏ်အကောင့်ထဲတွင်လည်း ငွေအမြောက်အမြားရှိကာ နှစ်စဉ်ဝင်ငွေများသည်လည်း မှန်မှန်ဝင်နေသည်။ ထို့ကြောင့် ကျန်းရှောင်မန်သည် ဤငွေကိစ္စများနှင့် မပတ်သတ်ချင်တော့ပေ။လောင်းကစားလုပ်ခြင်းများ၊ ဆုံးရှုံးနိုင်သည့် စတော့ရှယ်ယာ ဝယ်ခြင်းများ စသည်တို့ကိုသာ မလုပ်လျှင် ကျန်းရှောင်မန်သည် တစ်သက်လုံး ငွေကြေးအတွက် မပူပင်ရပဲ နေသွားနိုင်သည်။ ထိုအရာများသည်လည်း ကျန်းရှောင်မန် ဘယ်တော့မှ လုပ်မည့်အရာများမဟုတ်သောကြောင့် ငွေကြေးအတွက်ဆိုလျှင် ကျန်းရှောင်မန် စိတ်မပူရပါ။
မိသားစုစီးပွားရေးအား ဆက်ခံဖို့အတွက်ကတော့ ဦးလေးကျန်းရှင်း ဘာသာ ကလေးမွေးသင့်သည် ဟု ကျန်းရှောင်မန် တွေးမိသည်။ အဖွားကလည်း ဦးလေးအား နေ့တိုင်း ကလေးယူရန် တိုက်တွန်းနေသည်ဖြစ်ရာ ကလေးသာယူလိုက်လျှင် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်နိုင်မည်မဟုတ်လား။
ကျန်းရှောင်မန်သည် သူ့အတွေးနှင့်သူ မှန်သည် ဟု ထင်နေမိသည်။ ကျန်းရှင်းလည်း သူ့တူမအား မနိုင်၍ ဆက်မတိုက်တွန်းတော့ချေ။ ကျန်းရှောင်မန်သည် ငယ်စဉ်ကတည်းက ရည်မှန်းချက်ကြီးသူဖြစ်၍ သူမ လုပ်ချင်သည်ကို လုပ်လိုက်ရမှ ကျေနပ်သူဖြစ်သည်။ ထို့ကြောင့် ကျန်းရှောင်မန်အား သူမ ယူလိုသည့် ဘာသာရပ်ကို ယူခွင့်ပေးလိုက်ရတော့သည်။
အစကတော့ ကျန်းရှောင်မန်သည် သင်္ချာဘာသာရပ်ကို ယူရန် စိတ်မကူးခဲ့ချေ။ သို့သော် သူမသည် ဘဝက အလွန်ငြီးငွေ့စရာကောင်းနေသည်ဟု ခံစားမိသဖြင့် စိတ်လှုပ်ရှားမှုများရချင်ခဲ့သည်။ ကျန်းရှောင်မန်သည် လက်တွေ့ကျကျနေသူဖြစ်၍ အရာရာကို စူးစမ်းချင်စိတ်လည်းရှိသောကြောင့် ဤဘာသာရပ်အား ယူလိုက်ခြင်းဖြစ်သည်။
ဤဘာသာရပ်အားရွေးချယ်သောကျောင်းသားများသည် စာအလွန်ကြိုးစားရသဖြင့် ခေါင်းမွှေးများပြောင်ကာမှ ဘွဲ့ရနိုင်သည် ဟု ကျန်းရှောင်မန် ကြားဖူးသည်။ ဤကဲ့သို့သော စိန်ခေါ်မှုများကို ကျန်းရှောင်မန် သဘောကျသည်။ ဘဝတွင် တစ်ကြိမ်ပဲ အသက်ရှင်ရသည်ဖြစ်ကာ ကိုယ်ပျော်သလိုနေသင့်သည် မဟုတ်လား။
xxxxxxxxx
Chapter 382(Extra-19)
ကျန်းရှောင်မန်နှင့် ယွီချင်းရှီတို့ လေယာဉ်ကွင်းမှ ထွက်လိုက်လျှင် ထွက်လိုက်ချင်းပင် ကျောင်းသားသစ်များကို ကြိုဆိုရန် ကြိုဆိုရေးအဖွဲ့များသည် လမ်းတစ်ဖက်တစ်ချက်တွင် တဲများထိုးကာ စောင့်နေကြသည်ကို တွေ့လိုက်ရသည်။
"တီ တက္ကသိုလ်က ကျောင်းသားတွေအားလုံးကို ကြိုဆိုပါတယ်..."
"ဘီ တက္ကသိုလ်က ကျောင်းသားသစ်လေးများကို ကြိုဆိုလျက်ပါ..."
"ကျောင်းသားသစ်များအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်..."
ကောလိပ်နှင့်တက္ကသိုလ်အများစုသည် ကျောင်းသားသစ်များအား ဤနေရာ၌ လာကြိုဆိုကြသည်။ ငယ်ရွယ်လှပ၍ အင်အားအပြည့်ဖြင့် တက်ကြွနေကြသော ကျောင်းသားအသစ်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
ကျန်းရှောင်မန်နှင့် ယွီချင်းရှီတို့သည် ဘေးချင်းယှဉ်ကာ ရပ်နေကြသည်။ ချောမောသော ကောင်လေးနှင့် လှပသောကောင်မလေး တို့နှစ်ယောက် စကားတစ်ခွန်းမှ မပြောပဲ ရပ်နေခြင်းသည်ကပင် လူတိုင်း၏ စိတ်ဝင်စားမှုကို ရစေသည်။
အချိန်ခဏလေးအတွင်း၌ပင် သူတို့နားသို့ လူများဝိုင်းအုံလာတော့သည်။
"ညီလေးက ဘီ တက္ကသိုလ်ကလားဗျ..."
"ညီမလေးက ချောလိုက်တာ...တီ တက္ကသိုလ်ကို လာတာလားဟင်..."
ယွီချင်းရှီက ဘာမျှ မပြောသော်လည်း ကျန်းရှောင်မန်က ပြုံး၍ ပြောလိုက်သည်။
"တီ တက္ကသိုလ် ကပါ..."
တီ တက္ကသိုလ်မှ အကြီးတန်းကျောင်းသားတစ်ဦး၏ မျက်လုံးများသည် တောက်ပသွားကာ ပြောလိုက်သည်။
"ဒီကိုလာ...ဒီကိုလာ...ကျောင်းကားက အပြင်မှာစောင့်နေတာ...လာ ညီမ...အစ်ကို အိတ်တွေကူသယ်ပေးမယ်..."
ထိုကျောင်းသား၏စိတ်ထဲတွင် ကျောင်းသူအသစ်လေးသည် အလွန်လှပသည် ဟု တွေးနေမိသည်။
ထို အကြီးတန်းကျောင်းသား၏လက်သည် ကျန်းရှောင်မန်၏ အိတ်များကို မထိရသေးခင်မှာပင် လက်တစ်ဖက်ရောက်လာကာ ကျန်းရှောင်မန်၏ အိတ်များကို မလိုက်သည်။
ကျောင်းသားသည် ကိုယ်ရှိန်သတ်၍ ကြည့်လိုက်သောအခါ ချောမောသောမျက်နှာဖြင့် ယခုထိ စကားတစ်ခွန်းမျှ မပြောသေးသော ကောင်လေးသည်လည်း သူတို့နောက်မှ လိုက်လာသည်ကိုတွေ့လိုက်ရသည်။
"ကျွန်တော်ကလည်း တီ တက္ကသိုလ်ကို သွားမှာပါပဲ..."
ယွီချင်းရှီက အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။
"သူနဲ့ တူတူပဲ..."
"ဪ ဪ..."
အကြီးတန်းမှကျောင်းသားသည် တစ်ကိုယ်တည်းကြားအောင် တီးတိုးရေရွတ်လိုက်သည်။
သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ ရင်းနှီးပုံပေါ်နေသည်မှာ မဆန်းတော့ပါ။ သူတို့သည် တူတူလာကြသည်ကိုး။ ခုတလော တက္ကသိုလ်လာသူများသည် အထက်တန်းကျောင်းတည်းက အတွဲလေးများကိုယ်စီဖြင့် ဖြစ်နေကြတော့သည်။
ကျောင်းသားသည် ချောင်းတစ်ချက်ဟန့်လိုက်ကာ ကြောင်တောင်တောင်ဖြစ်သွားမှုကို ဖုံးကွယ်ရန် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ညီ နဲ့ ညီမတို့က ဘယ်မေဂျာကလဲ...ဘယ်အဆောင်မှာနေကြမှာလဲ..."
"အဆောင်အသစ်မှာပါ...ညီမက သင်္ချာမေဂျာ ယူထားတာ..."
ကျန်းရှောင်မန်က ပြန်ဖြေလိုက်သည်။ ယွီချင်းရှီကတော့ ထိုကျောင်းသားအား အဖက်လုပ်၍ပင် စကားမပြောတော့ချေ။
"သင်္ချာမေဂျာ..."
ကျောင်းသားသည် ဒုတိယအကြိမ် အံ့ဩသွားရပြန်သည်။ ဤမျှ လှပသောကောင်မလေးက အလွန်ပျင်းရိဖွယ်ကောင်းသော သင်္ချာဘာသာကို ယူထားသည် တဲ့လား။
"ဟုတ်လား...ဒါဆို အစ်ကိုနဲ့ အတန်းတူရင်တူနေမှာ...အစ်ကိုက ရူပဗေဒဌာနကလေ...ရူပဗေဒနဲ့ သင်္ချာက တစ်ခါတစ်လေ အတန်းတွေတူတတ်တယ်..."
တကယ်တော့ အတန်းတူတူတက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ ကြောက်စရာကောင်းသည့် သင်္ချာဘာသာကိုယူထားသောကောင်မလေးသည် ထပ်၍စိတ်ဖောက်ပြန်ကာ အကြီးတန်း အတန်းများကို လာတက်မှသာ တူတူတက်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ဤမျှ လှပသောကောင်မလေးနှင့် အတန်းတူတူတက်ရလျှင် မည်မျှပင်ပျော်စရာကောင်းမည်လဲ ဟု အတန်းကြီးကျောင်းသား စိတ်ကူးယဉ်နေမိသည်။
စကားပြောရင်းနှင့် ကျောင်းသားသည် ကျန်းရှောင်မန်တို့အား ကျောင်းကားဆီသို့ခေါ်သွားသည်။ သူတို့ထွက်သွားသည်ကို ကြည့်ပြီးမှ ကျောင်းသားသည် ကျောင်းသားသစ်များအား ကြိုဆိုသည့်အလုပ်ကို ဆက်လုပ်ရန် ရွက်ဖျင်တဲဆီသို့ ပြန်သွားသည်။
"ဟိုကျောင်းသူအသစ်လေးက ချောလိုက်တာကွ...ဘယ်ဌာနကလဲ...မင်း သူ့ကို လိုက်ဖို့ စဉ်းစားနေပြီလား..."
ကျောင်းသား၏ သူငယ်ချင်းက လှမ်းပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့ကွာ..."
ထိုလှပသောပန်းလေးတွင် ပိုင်ရှင်ရှိနေပြီး ဖြစ်သည် မဟုတ်လား။
"အဲ့ကောင်မလေး ဘယ်ဌာနကလဲဆိုတာ မင်းဘယ်လိုမှ စဉ်းစားနိုင်မှာမဟုတ်ဘူး..."
"ဘယ်ကလဲ..."
"သင်္ချာဌာနက တဲ့ကွာ..."
"ဪ..."
သူငယ်ချင်းလည်း ခဏမျှ တိတ်ဆိတ်သွားပြီးမှ သက်ပြင်းချလိုက်သည်။
xxxxxxxx
Chapter 383(Extra-20)
"ကောင်မလေးရဲ့ ဆံပင်တွေက မည်းနက်ပြီး တကယ်လှတာကွာ...ငါ ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးပေါ့..."
"အေး..."
တကယ်ပင် ဝမ်းနည်းစရာကောင်းပါသည်။
.......
ကျန်းရှောင်မန် နှင့် ယွီချင်းရှီတို့ ကျောင်းဝန်းထဲသို့ ဝင်လျှင် ဝင်လိုက်ချင်း ကြိုဆိုသည့်လူများ ရောက်လာကာ သတင်းပို့ရန် ခေါ်သွားကြသည်။
လမ်းတစ်လျှောက်လုံး၌လည်း အတန်းကြီးများက ကျောင်း၌လိုအပ်သည်များ၊ နေ့စဉ်အသုံးအဆောင်များကို အလုအယက် ရောင်းနေကြသည်။
"ဒါက ကျောင်းမှာ မရှိမဖြစ်လိုတာနော်...ဒါကို မဝယ်တဲ့လူက အရူးပဲ..."
ကျန်းရှောင်မန်နှင့် ယွီချင်းရှီတို့ကတော့ တစ်ခုမျှ မဝယ်ခဲ့ချေ။
သူတို့နှစ်ယောက်သည် ပစ္စည်းနည်းနည်းပင် ယူခဲ့သည်ဖြစ်ရာ လက်ဆွဲသေတ္တာတစ်လုံးနှင့်ပင် လုံလောက်သည်။ ထို့နောက် သူတို့သည် အဆောင်မနေပဲ ကျောင်းအပြင်၌ အခန်းကြိုတင်ငှားထားပြီးဖြစ်သည်။
သူတို့နှစ်ယောက်သည် တူတူနေကြရမည်ဖြစ်သည်။
ဤကိစ္စကို စဉ်းစားမိသောအခါ ကျန်းရှောင်မန် ရှက်သွေးဖြန်းသွားရသည်။ ထို့နောက်တွင်မှ ဤမရင်းနှီးသေးသော မြို့အသစ်တွင် တစ်ယောက်ကိုတစ်ယောက်သာ အဖော်ပြု၍ နေရမည်ကို တွေးမိသွားသည်။
ကျန်းရှောင်မန်သည် ယွီချင်းရှီနှင့် ငယ်စဉ်တည်းက တူတူနေလာခဲ့ရသော်လည်း ယခုတွင်တော့ တစ်မျိုးဖြစ်နေမိသည်။
"ချင်းရှီ.."
ကျန်းရှောင်မန်က တိုးတိုးလေးခေါ်လိုက်သည်။
"ရှင့်ကို ဟိုက ကောင်မလေးတွေ ကြည့်နေကြတယ်..."
ကျန်းရှောင်မန်သည် ပွဲတစ်ခုခုလုပ်ထားသည့် စင်ပေါ်၌ စကတ်အတိုယူနီဖောင်းလေးများဝတ်ကာ ရပ်နေကြသော ကောင်မလေးတစ်စုကိုပြောနေခြင်းဖြစ်သည်။ ထိုကောင်မလေးများသည် သွယ်လျရှည်လျားသောခြေထောက်များ၊ သေးသွယ်သောခါးလေးများနှင့် ငယ်ရွယ်နုပျိုကာ အလွန်ကြည့်ကောင်းနေကြသည်။
ယွီချင်းရှီက ကျန်းရှောင်မန်ပြသည့်နေရာကို တစ်ချက်မျှ ကြည့်ကာ ပြောလိုက်သည်။
"မင်းကိုလဲ ဟိုက ကောင်တွေ ကြည့်နေကြတယ်..."
ကျန်းရှောင်မန်က နှုတ်ခမ်းစူသွားကာ တစ်စုံတစ်ခုကို တစ်ကိုယ်တည်းကြားအောင် ပြောလိုက်၍ ယွီချင်းရှီပြောသည်ကို လျစ်လျူရှုနေလိုက်သည်။
သူတို့နှစ်ယောက် ကိုယ့်ဌာနသို့ကိုယ် သတင်းပေးရမည်ဖြစ်သောကြောင့် သွားရမည့်လမ်း မတူတော့ချေ။ ညနေမှ စာကြည့်တိုက်ရှေ့၌ ပြန်ဆုံကြရန် ချိန်းဆိုလိုက်ကာ ကိုယ့်လမ်းကိုယ် အမြန်လျှောက်သွားလိုက်ကြသည်။
တက္ကသိုလ်ကျောင်းသားဘဝသည် အထက်တန်းကျောင်းသားဘဝနှင့် များစွာမကွာခြားလှပါ။ အထက်တန်းကျောင်းမှာကဲ့သို့ပင် ညနေနှင့်မနက်ကိုယ်ပိုင်စာကြည့်ချိန်များရှိကာ တစ်ခါတစ်ရံ နိုင်ငံအလံလွှင့်ထူရခြင်းများရှိပြီး အပြေးလေ့ကျင့်ရသည်များလည်း ရှိသည်။ ထိုမျှမက မိုက်ခရိုဖုန်းနှင့် လူစစ်ခြင်းများလုပ်သည့် အတန်းခေါင်းဆောင်လည်းရှိသေးသည်။ ထိုအတန်းခေါင်းဆောင်သည် စည်းကမ်းလည်း အလွန်တင်းကျပ်သည်။ အမှန်တကယ်တော့ အထက်တန်းကျောင်းသားပင်ဖြစ်စေ၊ တက္ကသိုလ်ကျောင်းသားပင်ဖြစ်စေ ရုန်းကန်နေရသည်ပင်ဖြစ်သည်။
အထက်တန်းကျောင်းမှ ဆရာမ များပြောလေ့ရှိသည့် တက္ကသိုလ်သို့ရောက်လျှင် လွတ်လပ်၍ ကိုယ်ကြိုက်သည်ကို လုပ်ခွင့်ရှိပြီ ဆိုခြင်းများသည် အလိမ်အညာများသာဖြစ်ပေသည်။
ညနေခင်းသို့ရောက်လာသောအခါ ရာသီဥတုသည် တဖြည်းဖြည်း ချမ်းအေးလာသည်။ နောက်ဆုံးစာမေးပွဲ ဖြေဆိုပြီးသောအခါ ကျန်းရှောင်မန်သည် မခံနိုင်တော့ပဲ အိမ်သို့ပြန်ပြေးတော့သည်။
ယွီချင်းရှီ၏ စာမေးပွဲပြီးသည့်အချိန်သည် ကျန်းရှောင်မန်ထက် ပို၍နောက်ကျသည်။ ယွီချင်းရှီ စာမေးပွဲဖြေပြီးသောအခါ အိမ်တန်းပြန်၍ရသော်လည်း မပြန်သေးပဲ ကျန်းရှောင်မန်အား စောင့်နေသေးသည်။
သို့သော် နှစ်ဦးသားသည် အိမ်သို့မပြန်ဖြစ်လိုက်ပါ။ လမ်းတစ်ဝက်၌ ပြန်လှည့်ကာ ဘီမြို့သို့ ဦးတည်လိုက်ကြရသည်။
အဘယ်ကြောင့်ဆိုသော် လမ်းတစ်ဝက်၌ ကျန်းရှောင်မန်ဆီသို့ ဝမ်ဟွေ့ ထံမှ ဖုန်းဝင်လာကာ အိမ်တွင် ကိစ္စတစ်ခုပေါ်လာ၍ ဆွေးနွေးရန် အိမ်ပြန်လာဖို့ ခေါ်လိုက်သောကြောင့်ဖြစ်သည်။
ယွီချင်းရှီသည်လည်း ကျန်းရှောင်မန်နှင့်အတူ ဝမ်မိသားစု၏အိမ်သို့ လိုက်သွားရမည်ဖြစ်သည်။
........
ကျန်းရှောင်မန် ဝမ်၏အိမ်သို့ ပြန်ရောက်လာသောအခါ အိမ်တံခါးတွင် အဖြူရောင်ပန်းများစည်းနှောင်ထားသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် တံခါးစောင့်၏ လက်မောင်းတွင်လည်း အဝတ်အဖြူရောင်ကို စည်းနှောင်ထားသေးသည်။
အခြေအနေများက အသက်မဲ့ကာ အလွန်စိတ်ဓာတ်ကျဖွယ်ကောင်းနေသည်။ အသက်ရှူလိုက်သောအခါ လေထုသည်ပင် ကြေကွဲမှုများနှင့် ပြည့်နေသည်ဟု ခံစားရမိသည်။
မိသားစုထဲတွင် တစ်စုံတစ်ယောက် မတော်တဆမှုတစ်ခုခု ဖြစ်ခဲ့ပြီ။
ကျန်းရှောင်မန်သည် ကြောက်လန့်မှုဖြင့် ငြိမ်သက်သွားမိသည်။
ကျန်းရှောင်မန်တို့ မိသားစုသည် တူတူလည်းမနေကြ၊ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းပင်သိပ်မဆိုင်ဖြစ်၍ အလွန်ရင်းရင်းနှီးနှီးမရှိကြစေကာမူ မိသားစုက မိသားစုပင်ဖြစ်သည်မဟုတ်လား။ သွေးသည် ရေထက်တော့ ပျစ်သေးသည်ပင်။ ထို့ကြောင့် သူမ၏ အမျိုးအရင်းအချာတစ်ဦး ယခုကဲ့သို့ ဖြစ်သွားသည်ကို ကျန်းရှောင်မန် ဝမ်းနည်းလာမိသည်။
xxxxxxxx
Chapter 384(Extra-21)
သူမဘေးမှ တူတူလျှောက်လာသော ယွီချင်းရှီသည် ကျန်းရှောင်မန် တစ်ခုခုဖြစ်သွားသည်ကို သတိထားလိုက်မိကာ သူမ၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
နူးညံ့၍နွေးထွေးသောလက်များဆီမှ သန်မာမှုနှင့် တိတ်ဆိတ်သော အားပေးမှုများကို ကျန်းရှောင်မန် ခံစားလိုက်ရသည်။
ယွီချင်းရှီက သူမကို အားပေးနေသည်ကို ကျန်းရှောင်မန် သတိထားလိုက်မိသောကြောင့် ပြုံးပြကာ တိုးတိုးလေးပြောလိုက်သည်။
"အထဲဝင်ရအောင်..."
တစ်ချိန်တည်းမှာပင် ကျန်းရှောင်မန်သည် စိတ်ထဲမှ စနစ် နှင့် စကားပြောနေမိသည်။
"ဒါ ဘာအဓိပ္ပာယ်လဲ ဦးဦးစနစ်...သမီးကို လိမ်နေတာတော့မဟုတ်ပါဘူးနော်...အခု လျန့်စီယုရဲ့ စနစ်ရဲ့ လွှမ်းမိုးမှုလဲပျောက်သွားပြီ...ဖိုးဖိုးလဲပုံမှန်ပြန်ဖြစ်နေပြီမလား...သမီးကို လိမ်နေတာဆိုရင် ဦးဦးရဲ့ခေါင်းကိုဖြတ်ပစ်မှာနော်...အခုလို အမှားတွေဖြစ်နေဦးမယ်ဆိုရင် ဦးဦးက တော်တော်အသုံးမဝင်တာပဲ..."
ကျန်းရှောင်မန်၏လေသံက ဒေါသအပြည့်ဖြင့် လောင်မြိုက်နေသည်။
"စနစ်မှာ ခေါင်းမရှိဘူးလေ..."
"ဦးဦးက သမီးကို လာရွဲ့နေတာလား..."
"အခုသေသွားတဲ့လူက မစ္စတာဝမ် မဟုတ်ပါဘူး..."
"ဟင်..."
စနစ်ကပြောလိုက်သည်။
"ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အပိုင်းတွေ ပျောက်သွားတဲ့လူက လျန့်စီယုပါ..."
ကျန်းရှောင်မန်သည် အလွန်အံ့ဩသွားရသည်။
သေဆုံးသွားသူသည် လျန့်စီယုဖြစ်နေလိမ့်မည် ဟု လုံးဝမမျှော်လင့်ထားမိခဲ့ချေ။
အိမ်ထဲသို့ ဝင်လာသည့်လမ်းတစ်လျှောက်တွင်လည်း အိမ်အတွင်းပိုင်း၏အခြေအနေသည် အပြင်ဘက်ထက်ပင် ပို၍ စိတ်ဓာတ်ကျစရာကောင်းနေသည်ကို ကျန်းရှောင်မန် ခံစားနေမိသည်။ ဧည့်ခန်းသည် ပြင်းထန်သည့်ရန်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့်နေရာတစ်ခုကဲ့သို့ ပစ္စည်းများက နေရာတကျမရှိ၍ ရွဲ့စောင်းရှုပ်ပွနေသည်။ ပန်းအဖြူများသည်ပင် စည်းထားသည့်နေရာများမှ ဆွဲဖြုတ်ထားခြင်းခံရကာ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေကြသည်။
ထိုအချိန်၌ ဝမ်ဟွေ့ သည် ဧည့်ခန်းထဲတွင် လက်ပိုက်ကာ ရပ်နေသည်။ သူမသည် အသုဘအထိမ်းအမှတ်အဖြစ် အင်္ကျီအမည်းမဝတ်ထားသည့်အပြင် ပန်းအဖြူရောင်ကိုလည်း မပန်ထားချေ။ ဝမ်ဟွေ့သည် အလုပ်သမားကိုသာ ဤကံမကောင်းစေသော ပစ္စည်းများအား ရွှေ့ရန် စိတ်တိုစွာဖြင့် ညွှန်ကြားနေသည်။
ဤသည်ကိုမြင်သောအခါ ကျန်းရှောင်မန်သည် နေရာမှားလာခဲ့မိသည်ဟုထင်ကာ စိုးရိမ်သွားမိသည်။
ဤနေရာသည် သူမ၏အိမ်မှ ဟုတ်ရဲ့လား။
"မေမေ..."
ကျန်းရှောင်မန်က အော်ခေါ်လိုက်သောအခါ ဝမ်ဟွေ့ က သူမတို့ဆီသို့ လျှောက်လာသည်။ ကျန်းရှောင်မန်၏ဘေးတွင် ယွီချင်းရှီပါ ပါလာသည်ကိုတွေ့သောအခါ ဝမ်ဟွေ့ က ပြုံး၍ပြောလိုက်သည်။
"ချင်းရှီ လဲ ပါလာတာကိုး..."
လွန်ခဲ့သောနှစ်အနည်းငယ်က ဝမ်ဟွေ့သည် ယွီချင်းရှီကို တွေ့ဖူးခဲ့ကာ ထိုကောင်လေးနှင့် သူ့သမီးတို့ ချစ်သူဖြစ်နေသည်ကိုလည်း သိထားသော်လည်း ဝမ်ဟွေ့က ကန့်ကွက်စရာမရှိသဖြင့်ဘာမှ မပြောဖြစ်ခဲ့ပေ။
ယနေ့တွင်တော့ အိမ်တွင် အလုပ်များရှုပ်နေသည်ဖြစ်၍ ဝမ်ဟွေ့သည် ယွီရှင်းချီအား ကောင်းစွာ ဧည့်မခံနိုင်ဖြစ်နေသည်။
"မင်္ဂလာပါ အန်တီ..."
ယွီချင်းရှီက နှုတ်ဆက်လိုက်ပြီးနောက် ဆိုဖာပေါ်ထိုင်လိုက်သည်။
သုံးယောက်လုံး ထိုင်ပြီးသည့်နောက်တွင် ကျန်းရှောင်မန်က မေးလိုက်သည်။
"မေမေ...အိမ်မှာဘာတွေဖြစ်နေတာလဲ..."
ဝမ်ဟွေ့သည် မျက်မှောင်ကျုံ့သွားကာ မျက်ခုံးနှင့်မျက်လုံးတွင်လည်း စိတ်အလိုမကျသည့် အရိပ်အယောင်များပေါ်လာသည်။
ထို့နောက် အော်ဂလီဆန်သောမျက်နှာဖြင့် ပြောသည်။
"လွန်ခဲ့တဲ့သုံးရက်တုန်းက မြို့လယ်ခေါင်ပန်းခြံထဲက ရေကန်ထဲမှာ ရေနစ်ထားတဲ့ လျန့်စီယုရဲ့အလောင်းကို ရှာတွေ့ခဲ့ကြတယ်..."
"ဘယ်လို..."
"ရဲတွေကိုလဲ ဆက်သွယ်ပြီးပြီ...ရဲတွေလဲ ဘာကြောင့်ဒီလိုဖြစ်သွားတယ်ဆိုတာ အဖြေရှာမရဘူးပြောတယ်...အဲ့ဒါကြောင့် အခု အမှုက စုံစမ်းမရ ဆိုပြီး ပိတ်လိုက်ရတယ်..."
ဝမ်ဟွေ့က သက်ပြင်းကြီးစွာချလိုက်ကာ မျက်ခုံးများအား လက်ဖြင့် ပွတ်နေမိသည်။
"အမေလည်း လျန့်စီယုရဲ့ အမေနဲ့ ရန်ဖြစ်ရသေးတယ်...သူ့အလောင်းကို ယူပေးထားတာကပဲ တော်တော်လွန်နေပြီလေ...ဒါပေမယ့် သမီးရဲ့အဘွားကိုဖြင့် အမေ မယုံနိုင်ပါဘူး...လျန့်စီယုက သေတုန်းက ၁၈ နှစ်တောင်မပြည့်သေးတော့ အိမ်မှာ သူ့အတွက်ရည်ရွယ်ပြီး အထိမ်းအမှတ်မလုပ်ပေးရင် ပြန်မဝင်စားနိုင်ဘူးဆိုပြီး လျန့်စီယုရဲ့ အထိမ်းအမှတ်ဓာတ်ပုံကို အိမ်မှာထားချင်တယ်တဲ့လေ..."
ထိုသို့ပြောနေရင်းဖြင့် ဝမ်ဟွေ့ သည် စိတ်ပျက်သောမျက်လုံးများဖြင့် တစ်ချက် လှောင်ရယ်ရယ်လိုက်သည်။
"အဘွားက သူ့မြေးမကို ချစ်မှန်း အမေလည်းသိပါတယ်...ဒါပေမယ့် မြေးအရင်းမဟုတ်တာကိုတော့ နည်းနည်းထည့်စဉ်းစားဦးမှပေါ့...အပြင်လူစိမ်းတစ်ယောက်ကို ပြုစုပျိူးထောင်ခဲ့ရတာ မလုံလောက်သေးလို့ အခု အလောင်းကိုပါယူပြီး အိမ်မှာ အမွှေးတိုင်ထွန်း ပူဇော်နေရဦးမယ်တဲ့လား...ဆုတောင်းလေ...မြေမြှုပ်ဖို့မြေနေရာတွေကလည်းဈေးပေါနေတာမဟုတ်ဘူး...ကောင်မလေးက လိမ္မာတယ်ဆိုရင်တောင် အမေက ဝယ်ပေးဦးမှာပါ..."
xxxxxxxxx
Chapter 385(Extra-22)
ဝမ်ဟွေ့နှင့် မစ္စစ်ဝမ်တို့သည် မကြာသေးမီကပင် ရန်ဖြစ်ထားသောကြောင့် အမေနှင့်သမီးတို့သည် အလွန်ဒေါသထွက်ကာ သဘောထားကွဲလွဲနေကြသည်။
အဘွားအိုဝမ်က သူ့ကိုယ်သူ ဆုံးဖြတ်ချက်ခိုင်မာ၍ ဂရုစိုက်ပေးတတ်သူဟု ထင်နေသော်လည်း ဝမ်ဟွေ့ ကမူ သူမ၏အမေသည် ခေါင်းအလွန်မာသည်ဟုသာ တွေးနေမိသည်။
လျန့်စီယု၏အကြောင်းစဉ်းစားမိသောအခါ ဝမ်ဟွေ့၏နှလုံးသားမှ မကျက်သေးသောဒဏ်ရာသည် ပြန်လည်နာကျင်လာရကာ သွေးများတစ်စက်စက်ကျနေသကဲ့သို့ ခံစားလာရသည်။
ဝမ်ဟွေ့သည် သူမ၏ သမီးအရင်းကိုပြန်ရှာတွေ့ခဲ့သည်ဆိုသော်လည်း ကုန်ဆုံးသွားခဲ့သော ခံစားချက်များနှင့် အချိန်များကိုတော့ ပြန်လည်အစားထိုး၍မရတော့ပါ။ သူမယောင်္ကျား၏ သမီးဖြစ်သူ လျန့်စီယုအား ကလေးဘဝထဲမှ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့ရကာ ယခု သေဆုံးသွားသည့်အခါ၌လည်း သူ့အားပူဇော်ရန် အမွှေးနံ့သာများကိစ္စအား စိတ်ပူပေးနေရဦးမည်တဲ့လား။
ဝမ်ဟွေ့တစ်ယောက်စိတ်နာနာနှင့်ပင် ရယ်ချင်လာမိသည်။
ထို့ကြောင့် ဝမ်ဟွေ့ သည် သူမ၏အမေနှင့် ဘယ်လိုမျှ ညှိနှိုင်း၍မရတော့သောအခါ ကျန်းရှောင်မန်အား အိမ်သို့ ပြန်ခေါ်လိုက်တော့သည်။
"ဒီအကြောင်းကိုတော့ သမီးစိတ်ပူစရာမလိုပါဘူး...ဒါလူကြီးတွေကိစ္စပါ...အသုဘကိုသွားပေးဖို့ သမီးကိုခေါ်လိုက်တာမဟုတ်ဘူး..."
ဝမ်ဟွေ့သည် ဤအကြောင်းကိုဆက်မပြောတော့ပဲ အလုပ်ခန်းထဲသို့ ထသွားကာ မီးခံသေတ္တာထဲမှ စာရွက်စာတမ်းများအား ယူလာသည်။
"ဒါ သမီးအဘိုးကို အမေလုပ်ခိုင်းထားတဲ့ သေတမ်းစာ...သမီးသိမ်းထားပြီး ဘယ်သူတွေဘာပြောပြော ဂရုမစိုက်နဲ့...သမီးအသက်က ၁၈ ကျော်နေပြီ...ဒီထဲမှာ ရှယ်ယာလွှဲပြောင်းစာလဲ ပါတယ်...သမီး လက်မှတ်ထိုးပြီးရင် ကုမ္ပဏီရဲ့ ငါးရာခိုင်နှုန်းကို အမေရမယ်...အဲ့ဒါတွေကို သမီး အရွယ်ရောက်လာတဲ့အထိမ်းအမှတ်နဲ့ပေးတဲ့လက်ဆောင်လို့သဘောထားလိုက်ပေါ့...အခုကစပြီး ဒါတွေအကုန် သမီးအပိုင်ပဲ..."
ကျန်းရှောင်မန်သည် သူမ၏အမေ ဘာကြောင့် ရုတ်တရက် ဤအကြောင်းများကိုပြောနေသည်မသိသောကြောင့် ကြောင်အ သွားရကာ ယွီရှင်းချီနှင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
ကျန်းရှောင်မန်သည် အိမ်သို့ အသုဘအတွက်ပြန်လာခဲ့သည် မှန်သော်လည်း သေဆုံးသူသည် လျန့်စီယု ဖြစ်နေမည်ဟု မထင်ထားမိခဲ့ချေ။ ကျန်းရှောင်မန်၏ အဘိုးသည်လည်း အခြေအနေပြန်ကောင်းနေပြီဖြစ်ရာ မိသားစုပိုင်ဆိုင်မှုများအား သူမနှင့် ခွဲဝေစရာအကြောင်း မရှိတော့ပြီမဟုတ်လား။
ကျန်းရှောင်မန် ဘယ်လိုမှ နားမလည်နိုင်တော့ပါ။
ကျန်းရှောင်မန် မလှုပ်မယှက်ဖြစ်သွားသည်ကို မြင်သောအခါ ဝမ်ဟွေ့ က ရှင်းပြလိုက်သည်။
"ဝမ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေက သမီးဆီကိုပဲရောက်ရမှာလေ...အချိန်တစ်ခုတော့စောင့်ရမှာပေါ့...အခုဒီရှယ်ယာတွေက အစက လျန့်စီယုကိုပေးဖို့တွေ...ဟင်း ဘယ်သူကများ ဒီလိုဖြစ်မယ်ထင်ခဲ့မိမှာလဲ...အခုသူကမရှိတော့ဘူးဆိုတော့ အဘးက ဘာလုပ်ရမယ်မှန်းမသိပဲ ဒီရှယ်ယာတွေကို တခြားလူတွေဆီ အတင်းပေးခိုင်းနေတာ...အဲ့တော့ သူဘာမှလျှောက်မလုပ်နိုင်ခင် အမေပဲ အရင်လုပ်လိုက်တာ...အခု အဘွားက အရမ်းဝမ်းနည်းနေလို့ စိတ်ငြိမ်အောင် အနားယူနေတယ်..."
"ဪ ဒီလိုကိုး..."
နောက်ဆုံးတွင်တော့ ကျန်းရှောင်မန် သဘောပေါက်ခဲ့ပြီ။
ဤမိသားစု၏အခြေအနေသည် အတော်ပင် ပျက်စီးနေသည်ပဲ။
ကျန်းရှောင်မန်သည် ဘာမှမပြောပဲ စာရွက်များအား လက်မှတ်ထိုးပေးလိုက်သည်။
ပိုက်ဆံများရသည်ကို မကြိုက်သည့်လူ မည်သူရှိမည်နည်း။ ကျန်းရှောင်မန်သည် သူမ၏အမေပြောသည်ကို မှန်သည်ဟုထင်မိသည်။ သူမသည် ဤမိသားစု၏ ငွေကြေးများကို ရဖို့ ထိုက်တန်သည်ပဲ မဟုတ်လား။
ထို့နောက်တွင်တော့ ဝမ်ဟွေ့ သည် ဤကိစ္စများနှင့်ပတ်သတ်၍ ဘာမျှ ဆက်မပြောတော့ပဲ အိမ်၌ ပြင်ဆင်ထားသည်များကို အလျင်အမြန်ပင် ဖြုတ်လိုက်သည်။ သူမသည် လျန့်စီယုအား သေဆုံးသူအနေဖြင့် အရိုအသေမပေးချင်သလို သူမ အားပူဇော်ရမည့်အမွှေးနံ့သာများကိစ္စကိုလည်း မစဉ်းစားချင်တော့ပေ။
ထိုညနေ၌ မစ္စတာဝမ် နှင့် မစ္စစ်ဝမ်တို့ နှစ်ယောက်လုံးအိမ်သို့ ပြန်မလာကြပေ။ မစ္စစ်ဝမ်သည် ဝမ်ဟွေ့ကြောင့် စိတ်တိုသွားရကာ စိတ်ငြိမ်စေရန် အိမ်နှင့်ဝေးရာသို့ ရက်အနည်းငယ်ကြာ သွားအနားယူသည်ဟု ဆိုသည်။ မစ္စတာဝမ်သည်လည်း သူ့ဇနီးနှင့်အတူ လိုက်သွားသည်။
"ဒီအိမ်ကို ငါနောက်ဆုံးလာတုန်းက ပြတင်းပေါက်ကနေ ခိုးဝင်ခဲ့ရတာပဲ..."
ယွီချင်းရှီတွေးနေမိသည်။
ယွီချင်းရှီသည် ကျန်းရှောင်မန်ဆီသွားချင်မိသော်လည်း ဝမ်မိသားစုအိမ်၌ ရိုင်းစိုင်းရာကျမည်စိုး၍ မသွားဖြစ်လိုက်ချေ။
ထိုအချိန်၌ ကျန်းရှောင်မန်သည် စနစ် နှင့် စကားပြောနေခဲ့သည်။
xxxxxxxx