အပိုင်း ၁၂
Viewers 2k

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

 

အပိုင်း ၁၂

 

 

 

 

 

 

ထျန်းယိုဖုနှင့် အတွေးတူသော လူများစွာ ရှိနေသည်ဟု ပြောလို့ရသည်။ ဦးလေးထျန်းအာနှင့် ထျန်းတာရှုတို့သည် သူတို့ရဲ့စိတ်ကို ကြိုပြီး ပြင်ဆင်ထားခဲ့သည်။ ဦးလေးထျန်းသည် အားကျူကို ဝမ့်ရင်းထံ မကြာခဏ အလည်သွားစေချင်သည်။ ထျန်းတာရှုသည် သူဘာတွေ တွေးနေလဲဆိုတာကို ဒီတစ်ခေါက်မှာ မပြောပြခဲ့သော်လည်း သေချာပေါက် သူသည် ပြန်သွားပြီး ထပ်မံကာ တပ်မဟာကို အစီရင်ခံစာ တင်လိမ့်မည် ဖြစ်သည်။

 

 

မီးဖိုကြီးကို ဖွင့်လိုက်ပြီး ဝက်ပေါင်ခြောက်ကလည်း အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ အကြောင်းမှာ လူတွေအများကြီး ရှိနေသည့်အတွက် ရိုးရိုး အပိုင်းလေးတွေပဲ လှီးခဲ့သည်။ ခေါက်ဆွဲကို ပြောင်းဆန်၊ ဂျုံမှုန့်တို့နှင့် ပြုလုပ်ထားသည်။ ခေါက်ဆွဲကို ချက်ပြုတ်သည့်အခါ ဝက်ဆီကို ချက်ချင်း ထည့်လိုက်ပြီး ခေါက်ဆွဲပြုတ်သည့် အရည်မှာ အဆီများ ဝေ့တက်လာသည်။

 

 

မိသားစုများထဲမှ ကလေးများသည် ပန်းကန်ယူဖို့ အပြေးသွားခဲ့ကြပြီး အပေါ်တွင် ဝက်ပေါင်ခြောက် အနည်းငယ် အုပ်ထားသော ခေါက်ဆွဲကို စားသောက်ခဲ့ကြသည်။ ထိုအရာမှာ တရုတ် နှစ်သစ်ကူး ပွဲတော်၏ အနှစ်သာရမျိုး ဖြစ်သည်။

 

 

ဝမ့်ရင်းသည် ဝက်ပေါင်ခြောက် ခေါက်ဆွဲကို စားရင်း လက်ရှိ အခြေအနေကို တွေးနေခဲ့သည်။

 

 

အခုဘဝဟာ တကယ်ကို ခက်ခဲတယ်ဟု ပြောလို့ရသော်လည်း ကံကောင်းစွာဖြင့် သူမနေရသည့် နေရာမှာ သိပ်တော့ မဆိုးလှပါ။

 

 

ပထမဦးစွာ ရေရဖို့ သုံးဖို့အတွက် ခက်ခဲသော အနောက်မြောက်ဘက်နှင့် မတူဘဲ ထိုနေရာသည် မြစ်ချောင်းများ တောင်တန်းများနှင့် ဝန်းရံနေသည်။ ထို့အပြင် တောင်နှင့် နီးသည့်အတွက် စိုက်ပျိုးရေး လုပ်ငန်းအပြင် တပ်မဟာတွင် သီးပင်စားပင်များ စိုက်ပျိုးဖို့အတွက် ကိုယ်ပိုင် တောအုပ်များ ရှိသည်။ ထိုသီးပင်စားပင်များမှ တပ်မဟာအတွက် ဝင်ငွေလည်း ရရှိသည်။ ထိုအပင်များအပေါ် မှီခိုရင်း ခုနစ်ခုမြောက် တပ်မဟာသည် တကယ်ကို အဆင်ပြေသည့် ဘဝမျိုးတွင် နေထိုင်နေရသည်။ စားဖို့သောက်ဖို့ ခက်ခဲသော်လည်း အငတ်ဘေးဆိုက်ဖို့မှာတော့ ကြုံတောင့် ကြုံခဲ ဖြစ်သည်။

 

 

အနောက်ဘက်ရှိ တောင်တန်းများမှာ ရတနာများ ဖြစ်သည်။ ခက်ခဲသည့် ရှေ့နှစ်များတုန်းက အပြင်ဘက် တောင်တန်းရှိ နေရာများသည် လူများက အသုံးချခဲ့ပြီး ဖြစ်သည်။ သို့သော်၊ နှစ်အနည်းငယ်အတွင် ထိုကိစ္စမှာ လျော့ကျသွားပြီး ထိုနေရာရှိ ဂေဟစနစ်သည် ကောင်းမွန်ကြောင်းကို ပြသနေခဲ့သည်။

 

 

ဝမ့်ရင်းသည် သူမရဲ့ လုပ်နိုင်စွမ်းများကို လေ့လာခဲ့သည်။ သူမသည် ဆေးဘက်ဆိုင်ရာ နည်းများကို သိရှိပြီး ဖြစ်သည်။ ကမ္ဘာကြီး မပျက်သုဥ်းစဥ်အခါက သူမသည် ခွဲစိတ်ဆရာဝန် တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူမ မိသားစု၏ အကြီးအကဲမှာ တရုတ်ဆေးဆရာ တစ်ယောက် ဖြစ်သည့်အတွက် သူမသည် တရုတ်ဆေးအကြောင်းကို အနည်းငယ် လေ့လာခဲ့ဖူးသည်။ ငါက အပ်စိုက်ကုထုံးတွေ၊ နှိပ်ပေးတာတွေနဲ့ ဆေးအညွှန်း အကြောင်းတွေကို နည်းနည်းတော့ သိထားတယ်။

 

 

နောက်ပိုင်း ကမ္ဘာပျက်ကိန်း ဆိုက်သည့်အခါ သူမသည် များစွာသော သဘာဝ ရောဂါများကြောင့် သူမကိုယ်သူမ အထွေထွေ ရောဂါကုပေးသူ ဖြစ်လာဖို့ တွန်းအားပေးခဲ့သည်။ သူမသည် လူတစ်ယောက်ကို ကယ်တင်နိုင်ဖို့အတွက် ခွဲစိတ်မှုမျိုးစုံ၊ သားဖွားမီးယပ်၊ ကလေးနှင့် ပတ်သက်သည့် ဆေးပညာများကို လေ့လာ လေ့ကျင့်ခဲ့သည်။ ထို့အပြင် သူမသည် လုပ်ငန်းအတွင်း လက်တွေ့ လုပ်ဆောင်ရသည့် အတွေ့အကြုံများစွာကို ရရှိလာခဲ့သည်။

 

 

သူမက အခုချိန်မှာ ပုံမှန် ဖျားနာမှုများကို ကုသရတာ ဘာပြဿနာမှ မရှိဘူးဆိုတာက ချဲ့ကား ပြောဆိုခြင်းမျိုး မဟုတ်ပါ။

 

 

ဝမ့်ရင်းသည် ပန်းကန်ထဲက ခေါက်ဆွဲကို အရသာ ခံလိုက်သည်။ ဝက်ပေါင်ခြောက်ရဲ့ အနံ့က မလွှမ်းမိုးဘဲ ပန်းကန်ထဲရှိ အဆီဝေ့နေသော ခေါက်ဆွဲပြုတ်မှာ ပိုပြီးတော့တောင် ဆွဲဆောင်နိုင်လွန်းသည်။ ထိုအချိန်တွင် သူမပါးစပ်ထဲရှိ ဝက်ပေါင်ခြောက်မှာ ဝါးရလွယ်ကာ သူမ စားလေလေ၊ ပိုပြီး အရသာ ရှိလေလေ ဖြစ််သည်။

 

 

ခေါက်ဆွဲတွင် ဂျုံမှုန့်ကြီးပဲ မဟုတ်ဘဲ ပြောင်းဂျုံက ပိုပြီးပါဝင်သည်။ ပြောင်းဂျုံ၏ အနံ့အရသာမှာ နည်းနည်းလေး ပိုချိုကာ သူမကို စိတ်ကျေနပ်စေသည်။ သူမသည် ခေါက်ဆွဲကို နောက်ထပ်တစ်လုပ် စားပြီးနောက် ပိုပြီး ပြည့်စုံသွားသလို ခံစားခဲ့ရသည်။

 

 

ထိုခေါက်ဆွဲသည် ဝမ့်ရင်းကို ပျော်ပျော်ရွှင်ရွှင် ပြုံးအောင် လုပ်ပေးနိုင်ခဲ့ပြီး ဝမ့်ယုံရွှင်း၏ မိသားစုကိုတော့ ဒေါသထွက်အောင် လုပ်နိုင်ခဲ့သည်။

 

 

ချက်ပြုတ်နေကြသော အမျိုးသမီးများမှာ ဝမ့်ယုံရွှင်း၏ မိသားစုကို လုံးဝ အာရုံမစိုက်ခဲ့ပါ။ ဝမ့်ယုံရွှင်းသည် အိမ်ထဲမှာသာ နေပြီး အပြင်ကို မထွက်လာခဲ့ပါ။ လီချွမ်းကျင် ပါးစပ်ထဲရှိ အဝတ်စုတ်မှာ အခုထိကို မဖယ်ရသေးပါ။ သူမသည် ငိုယိုနေပြီး ပြဿနာ ထပ်ရှာချင်နေသည်။ သို့သော် ဝမ့်ယုံရွှင်းက သူမကို အားဖြင့် ပါးရိုက်ထားသည့်အတွက် သူမသည် ဘာတစ်ခွန်းမှ မပြောရဲခဲ့ပါ။

 

 

ဝမ့်ရင်းက ခေါက်ဆွဲကို စားပြီးနောက် သူမ ဘာကို လုပ်နိုင်ဦးမလဲဆိုတာ တွေးနေဆဲ ဖြစ်သည်။ အခုဆိုရင် သူမသည် အသက် ၁၈နှစ် ရှိပြီဖြစ်ပြီး ကျောင်းလည်း ဆက်မတက်ရတော့ပါ။ တပ်မဟာကပေးသည့် ထောက်ပံ့ကြေးနှင့် လုပ်ခရမှတ်များကို နောက်နှစ်တွင် ထပ်ရတော့မည် မဟုတ်ပါ။ တစ်နည်းအားဖြင့် ပြောရရင် သူမရဲ့ လက်ရှိ ပိုင်ဆိုင်မှုများသည် အိမ်မှာရှိသည့် ပရိဘောဂနှင့် အိမ်တစ်လုံးသာ ဖြစ်ပြီး လီချွမ်းကျင်ဆီက ရခဲ့သည့် ၁၀ ဒေါ်လာသာ ရှိသည်။

 

 

တပ်မဟာက ရိက္ခာများ ဝေပေးသည့်အခါ ထိုပိုက်ဆံ နည်းနည်းလေးသည် ဒီနှစ် ကောက်ရိတ်ရာသီ ရောက်သည်အထိ သူမကို ထောက်ပ့ပေးဖို့ လုံလောက်သည်။

 

 

ဝမ့်ရင်းသည် သက်ပြင်းချကာ သူမ ဘာလုပ်သင့်လဲ ဟု တွေးခဲ့သည်။ နောက်ဆုံးတွင် သူမသည် ဒီလို နေရာတစ်ခုကို ရခဲ့ပြီး ဆာလောင်ရတော့မည်လည်း မဟုတ်ပါ။ သို့သော် သူမသည် စိုက်ပျိုးရေးတွင်လည်း မကျွမ်းကျင်ပါ။

 

 

ဒီလိုဆိုရင် သူမက သူမရဲ့အရင်က ကျွမ်းကျင်တဲ့ အရာကိုပဲ ပြန်သွားရတော့မှာပေါ့။

 

 

သို့သော် ထိုအလုပ်မတိုင်ခင် ဝမ့်ရင်းသည် ပိန်လှီနေတဲ့ သူမရဲ့ ခန္ဓာကိုယ်ကိုကြည့်ကာ အရင်ဆုံး သူမကိုယ်သူမ ဂရုစိုက်ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ် ပြန်ပြီး နာလန်ထူနိုင်သည်အထိ စောင့်မည် ဖြစ်သည်။ မူလပိုင်ရှင်၏ ကိုယ်လုံးကိုယ်ပေါက်အရ သူမသာ ဆရာဝန်တစ်ယောက်အဖြစ် ပြောပြီး ထွက်သွားခဲ့ပါက ဘယ်သူမှ ယုံဘိမ့်မည် မဟုတ်ပါ။

 

 

ထိုနေ့တွင် လူတွေအားလုံးနှင့် တွေ့ဆုံပြီးနောက် ဝမ့်ရင်းသည် ရေနွေးနွေးလေးဖြင့် ရေချိုးခဲ့သည်။ ရေချိုးပြီးနောက် မကျေမနပ် မဖြစ်ဘဲ သူမအိပ်ယာကို မြန်မြန် သွားရှင်းခဲ့သည်။

 

 

လီချွမ်းကျင်သည် အိပ်ရာခင်းအသစ်ကို ထူထူလေးလုပ်ကာ  ထိုအိပ်ရာခင်းထဲတွင် အရည်အသွေးကောင်းသော ဂွမ်းများကို ထည့်ကာ ပြုလုပ်ထားသည်။ ဝမ့်ရင်းသည် တံခါးကိုပိတ်ပြီး အားရပါးရ အိပ်ပျော်သွားခဲ့သည်။

 

 

သူမကသာ အိပ်ပျော်နိုင်သော်လည်း တစ်ဖက်ခန်းရှိ လီချွမ်းကျင်နှင့် ဝမ့်ယုံရွှင်းတို့မှာ တစ်ညလုံး အိပ်မပျော်ခဲ့ကြပါ။

 

 

အဝတ်စုတ်ကို ဖယ်လိုက်ပြီးနောက် လီချွမ်းကျင်သည် အစောတလျင် ဖြစ်နေခဲ့ပြီး သူမရဲ့ ဆံပင်များမှာ ကြက်ခြံထဲက ထွက်လာသလို ရှုပ်ပွနေခဲ့သည်။

 

 

ဝမ့်ယုံရွှင်းက သူမကို တားလိုက်ကာ သူ့ရဲ့မျက်လုံးများမှာ ခပ်တင်းတင်း ဖြစ်နေခဲ့သည်။ “မင်း ဘာထပ်လုပ်ဦးမလို့လဲ။”

 

 

လီချွမ်းကျင်သည် တစ်နေကုန်လုံး ငိုနေခဲ့ပြီး အဝတ်စုတ်ကိုလည်း အကြာကြီး ပါးစပ်ထဲ ထိုးထည့်ခံထားရသည်။ သူမရဲ့လည်ချောင်းမှာ ခြောက်ပြီး ကွဲအက်အက် ဖြစ်နေခဲ့သည်။ “ကျွန်မ အဲ့ဒီ့ ခွေးမကို သွားရှာမလို့။ ကြည့်နေ ကျွန်မ သူ့ကို အရှင်မထားဘူး။”

 

 

သူမရဲ့ပစ္စည်းတွေ၊ သူမရဲ့ ပိုင်ဆိုင်မှုတွေ။ ယောင်ကျုံးအတွက် သူမဝယ်ပေးထားတဲ့ မိသားစုပိုင် ပစ္စည်းတွေ။

 

 

ဒီနေ့မှာ အဲ့ကောင်မစုတ်လေးရဲ့ အတုအယောင်တွေ၊ ငိုနေတာ၊ ဟန်ဆောင်တာတွေကို သူမက ရပ်ကြည့်နေခဲ့ရပြီး သူမကိုရိုက်ကာ မျက်နှာတွင်လည်း မျက်ရည်များ ကျစေချင်ခဲ့သည်။

 

 

အကြောင်းမှာ သူမသည် ပြတင်းပေါက်များ၊ ရေတိုင်ကီများနှင့် အိမ်မှာရှိသည့် ဘေစင်များကို ဖျက်စီးခဲ့ခြင်းကြောင့်ဆိုတာ သိသာသည်။ သို့သော် နောက်ဆုံးမှာတော့ လူတိုင်းက ထိုကိစ္စကို မေ့သွားကာ သူမကို ဆုံးဖြတ်ချက်တစ်ခု ချစေချင်ခဲ့ကြသည်။

 

 

လီချွမ်းကျင်သည် အတော်လေးကို စိတ်ထိခိုက်ရကာ ဝမ့်ယုံရွှင်းကိုဖက်ပြီး ခနတာလောက် ငိုနေခဲ့သည်။

 

 

ဝမ့်ယုံရွှင်းကလည်း မျက်မှောင်ကြုတ်လိုက်သည်။ ဝမ့်ရင်းက အိမ်မှာရှိတဲ့ အရာတစ်ခုခုကို ဖျက်စီးခဲ့တာလား။ အဲ့ဒါကို ဘယ်သူကမှ မပြောခဲ့သလို သူကိုယ်တိုင်လည်း မယုံကြည်ခဲ့ပါ။

 

 

“မင်း အမှန်တွေကို ပြောနေတာလား။ အဲ့ဒါတွေကို ဝမ့်ရင်းက ဖျက်စီးလိုက်တာလား။ မင်း မဟုတ်ဘူးလား။”

 

 

လီချွမ်းကျင်သည် ပိုပြီးတော့တောင် စိတ်ထိခိုက်သွားခဲ့ရသည်။ သူမက အဲ့အရာတွေကို ဘယ်လိုလုပ် ဖျက်စီးနိုင်ပါ့မလဲ။ သူမရဲ့ မျက်လုံးထဲတွင် ဒီပစ္စည်းတွေက သူမရဲ့ အပိုင်တွေ ဖြစ်သည်။ ယောင်ကျုံးပိုင်သည့် အရာများ ဖြစ်သည်။ သူမက ဘာလို့ သူမပိုင်တဲ့ အရာတွေကို ဖျက်စီးရမှာလဲ။

 

 

လီချွမ်းကျင်သည် သူမက ဆူလို့ ငိုနေတဲ့အချိန်မှာ ဘာတွေ ဖြစ်သွားလဲဆိုတာကို ကြားလိုက်ရသည့်အခါ ဝမ့်ယုံရွှင်းရဲ့ ရင်ထဲတွင် ထိတ်လန့်သွားခဲ့ရသည်မှာ ပြောပြဖို့တောင် မလိုတော့ပါ။

 

 

ထိုစကားကို ကြားပြီးနောက် သူသည် လီချွမ်းကျင်ကို အစောတလျင်နှင့် အားပါပါ တားလိုက်သည်။ “ဒီကိစ္စကို ထပ်ပြီး မပြောနဲ့တော့။”

 

 

အဲ့ဒါဆို ပြောတော့ရော ဘာဖြစ်လဲ။ ဝမ့်ရင်းက အချိန်ကိုက် ပစ္စည်းတွေကို ဖျက်စီးပစ်ခဲ့တာလေ။ အဲ့ပစ္စည်းတွေကို အဲ့ဟာမ ဖျက်စီးတုန်းက အိမ်ထဲမှာ သတိလစ်နေတဲ့ ဝမ့်လင်းလင်းကလွဲလို့ ဘယ်သူမှ မရှိဘူးလေ။

 

 

လီချွမ်းကျင်သည် အရင်က လူတွေကို ရိုက်သည့် စွပ်စွဲချက်ကို ငြင်းဆန်လိုက်သည့်အတွက် အခုချိန်တွင် ဘယ်သူကမှ သူမကို ယုံကြတော့မည် မဟုတ်ပါ။ အခြားသူများက သူမသည် မရိုးသားဘဲ တမင်တကာ ညစ်ပတ်သည့် ရေများကို ဝမ့်ရင်းပေါ်သို့ လောင်းချခဲ့သည်ဟုသာ တွေးနေကြသည်။

 

 

“နောက်ပိုင်းမှာ စန်းယာကို ကောင်းကောင်းထားဖို့ မှတ်ထား။” ထိုစကားကို ပြောသည့်အချိန်မှာ ဝမ့်ယုံရွှင်းသည် သူ့ဒေါသသူ မဖြေသိမ့်နိုင်သေးပါ။

 

 

လီချွမ်းကျင်သည် ရူးမိုက်သည့် လူတစ်ယောက်ဆိုတာ သူသိပြီးဖြစ်သည်။ လီချွမ်းကျင်သည် နူးညံ့၊ ကြင်နာတတ်ပြီး ပညာတတ်ရုံသာမက ဆေးပညာ အရည်အချင်းများရှိသည့် ယုံဖု၏ မိန်းမနှင့် မတူဘဲ ဘာလို့ ဒီလောက်ထိ ရူးမိုက်နေရလဲဆိုတာကို သူအမြဲတမ်း စိတ်ပူနေခဲ့ရသည်။

 

 

သို့သော် နောက်ပိုင်းတွင် ကိစ္စတွေ တစ်ခုပြီးတစ်ခုဟာ ယုံဖုနှင့် သူ့မိန်းမထံတွင် ဖြစ်ပျက်ခဲ့ရပြီး သူသည် ဘာကိုမှ ထပ်ပြီး မတွေးခဲ့တော့ပါ။

 

 

မိုက်မဲသည့် သူများသည် သူတို့ရဲ့ အကျိုးကိုယ်စီ ရှိနေကြသည်။ သူက လီချွမ်းကျင်ကို သူ့ရဲ့ အရှေ့သို့ မြန်မြန် ထွက်ရန် ချော့ပြောခဲ့ပြီး သူသည် အနောက်ကနေ ပြဿနာများထဲမှာ အကျိုးမြတ်များကို ရယူခဲ့သည်။

 

 

သို့သော် ဝမ့်ရင်းရဲ့ ကိစ္စတွင် ဒီတစ်ခေါက် လီချွမ်းကျင်ကသာ သူမကို အရမ်းကြီး ပြင်းပြင်းထန်ထန် မရိုက်ခဲ့ပါက ဝမ့်ရင်းသည် သူတို့ လင်မယား၏ လက်ထဲတွင်သာ ရှိနေဦးမည် ဖြစ်သည်။

 

 

ဝမ့်ယုံရွှင်းက လီချွမ်းကျင်ကို သတိပေးခဲ့သည်။ “အခုကစပြီး စန်းယာကို ကောင်းကောင်း ဆက်ဆံ။ အရင်ကလိုမျိုး ဘယ်တော့မှ ထပ်မလုပ်မိစေနဲ့။”

 

 

လီချွမ်းကျင်သည် လက်မခံနိုင်ခဲ့ပါ။ “ဘာလို့လဲ။ အဲ့ကောင်မက ဒီလို ဆက်ဆံပေးတာမျိုးနဲ့ တန်လို့လား။”

 

 

ဝမ့်ယုံရွှင်းသည် ခေါင်းကိုက်လာပြီး သူမအား အမှန်နရားကို ရှင်းပြခဲ့သည်။ “အခု သူက ၁၈ နှစ် ပြည့်သွားပြီ။ သူလက်ထပ်ဖို့ ဘယ်လောက် ကြာတော့မှာ မလို့လဲ။ အခု သူ့ကို မင်းက မကျေမနပ် ဖြစ်နေတာဆိုတော့ သူ့ရဲ့ အခန်းနှစ်ခန်းကို မင်း မလိုချင်တော့ဘူးလား။ မင်း အဲ့လောက်ကြီး မရူးစမ်းပါနဲ့။ သူ့ကို ကောင်းကောင်းသာ ဆက်ဆံစမ်းပါ။ ဒါတွေက ဝမ့်ရင်း လက်ထပ်ပြီးတဲ့အထိ အပေါ်ယံသပ်သပ်ပဲ။ သူသာ အိမ်ထောင်ကျသွားရင် သူ့ပစ္စည်းတွေက ငါတို့ အပိုင်တွေပဲမလား။”

 

 

လီချွမ်းကျင်သည် လက်လျှော့ဖို့အတွက် ဆန္ဒမရှိခဲ့ပါ။ သူမသည် ဝမ့်ရင်းရဲ့ အိမ်၊ ပိုက်ဆံနှင့် ဝမ့်ရင်း သူမတို့ မိသားစုဆီမှာ အရင်က ခစားခဲ့သလိုပဲ ပြန်ပြီး ခစားစေချင်ခဲ့သည်။

 

 

ဝမ့်ယုံရွှင်းက မျက်မှောင်ကြုတ်လိုက်သည်။ “ဒါတွေကို ပြောနေလို့ရော ဘာထူးမှာလဲ။”

 

 

တကယ်လို့သာ လီချွမ်းကျင်က သူမကို ဒီလောက်ထိ ပြင်းပြင်းထန်ထန် ဖိနှိပ်မထားခဲ့ဘူးဆိုရင် အရင်ထဲက ဒီပစ္စည်းများသည် သူတို့အပိုင် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။ အခု ငါက အဲ့အိမ်နဲ့ ပရိဘောဂ ပစ္စည်းတွေကို တွေးလို့ရသေးပေမယ့် ဝမ့်ရင်းကို ဂရုစိုက်ဖို့ သူတို့ကို ခွင့်ပြုပေးလိုက်တာက…..

 

 

သူမက အတင့်ရဲလှချည်လား။

 

 

မည်သို့ပင် ဖြစ်စေကာမူ၊ ဝမ့်ယုံရွှင်း၏ နှလုံးမှာ ညှစ်ထားသလို ခံစားနေရပြီး သူသည် အလွန် ချောင်းဆိုးနေကာ လုံးဝ မလှုပ်နိုင်ခဲ့ပါ။

 

 

“မင်းမှာ အခွင့်အရေး ရလာရင် စန်းယာကို အိမ်ထောင်ပြုဖို့အတွက် သေချာပြောကြည့်။ သူ့မိဘတွေက ဆုံးသွားပြီ။ အဲ့တော့ ငါတို့က ဒီလို ကိစ္စကြီးတစ်ခုကို ဆုံးဖြတ်ပေးရမှာ။ မင်းရှေ့မှာ ရှိနေတဲ့ ပစ္စည်းတွေကိုပဲ ကြည့်မနေနဲ့။ တစ်ခြား အရာတွေကိုလည်း တွေးကြည့်ဦး။”

 

 

ဝမ့်ယုံရွှင်း၏ ရင်ထဲတွင် ဝမ့်ရင်းကို တော်တော်လေး မုန်းတီးနေခဲ့ပြီး သူသည် တကယ်ကို ထိုကောင်မလေးနှင့် အတူမနေနိုင်ပါ။

 

 

ဟုတ်တယ်။ သူတို့ ညီအကိုနှစ်ယောက်က ကွဲသွားတာ ကြာလှနေပြီ။

 

 

ဒါပေမယ့် သူ့ညီလေးက ဆုံးသွားပြီမလား။ သူ့ရဲ့ နာရေးသတင်းကို ပြန်မပို့ပေမယ့်လည်း သူ့သတင်းကို မကြားရတာက ကြာလှနေပြီပင်။ ဘာလို့ဆို သူက တိုက်ပွဲကျသွားတာလေ။

 

 

အရင်တုန်းက ဝမ့်ရင်းနဲ့ အတူရှိတဲ့ချိန်ဆို သူက ခနခန  ပွင့်ပွင့်လင်းလင်းရော တိုးတိုးတိတ်တိတ်ရော အဲ့ကိစ္စကို ပြောနေတာလေ။

 

 

ဒီအိမ်ကို ဝမ့်မိသားစုက ပိုင်သင့်တာပါ။ အခုဆို ဝမ့်ရင်းက မိဘမဲ့လေ။ ပြီးတော့ သူမက မိသားစု မျိုးရိုးကို မစောင့်ထိန်းနိုင်ဘူးလေ။ အဲ့တော့ သူ့ညီ ချန်ခဲ့တဲ့ ဒီအိမ်ကို ဘာလို့ ဝမ့်ရင်းကို ပေးရမှာလဲ။

 

 

ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ အိမ်ပဲလေ။

 

 

ဝမ့်ယုံရွှင်းက သူ့ကိုယ်သူ ညီဆီကနေ အမြတ်ထုတ်တဲ့ မကောင်းတဲ့သူ တစ်ယောက်လို မခံစားခဲ့ရပါ။ ထိုအစား သူ့ရဲ့ရင်ထဲတွင် ဝမ့်ရင်းရော သူ့ရဲ့ ဇနီးရောကပါ ဘာကိုမှ နားမလည်တဲ့သူတွေဟု ခံစားခဲ့ရသည်။

 

 

'တကယ်လို့ မင်းသာ ဉာဏ်ရှိတဲ့သူဆိုရင် ဒီအိမ်က ငါ့ကို ပေးမယ့်အိမ်ဆိုတာကို မင်း အစောကြီးကတည်းက သိသင့်တယ်။ ပြီးတော့ ငါက အစ်ကိုတစ်ယောက် ဖြစ်နေတဲ့အတွက် အမေနဲ့ သမီးကို နည်းနည်းတော့ ဂရုစိုက်ပေးရမှာပဲ။'

 

 

ဝမ့်ယုံရွှင်းသည့် လီချွမ်းကျင်အား ဆိုးရွားသည့် စကားများကို ပြောဆိုခဲ့သည်။

 

 

“ပြန်ပြီး သူ့ကို သေချာ စောင့်ကြည့်ထား။ စန်းယာရဲ့ စိတ်အရ…သူ့ကိုပိုပြီး ကောင်းကောင်း ဂရုစိုက်ပေးနိုင်မည့် လူကို လက်ထပ်ခိုင်း။ အဲ့ဒါက ဒီမိသားစုရဲ့ အရှုပ်တွေကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းပဲ။”

 

 

သူ လက်ထပ်လိုက်တာနဲ့ ယောက်ျားဘက်က မိသားစုရဲ့ အလုပ်တွေနဲ့ တစ်ချိန်လုံး အလုပ်ရှုပ်နေတော့မှာ။ သူ့ကိုယ်ပိုင် မိသားစုနဲ့ ပြဿနာဖြစ်ဖို့တောင် အချိန်ရှိမှာ မဟုတ်ဘူး။