👻Chapter 1
Viewers 1k

👻Chapter 1



ပင်းဟူ သဘာ၀ရှုခင်းရိပ်သာနယ်​မြေတွင်..

ကျင်းနန်​ရေ​ပေါ်မြို့​များဟု သမုတ်ခံထားရ​သောမြို့များမှာ ​တောင်များ ​စိမ့်စမ်းမြစ်​ချောင်းများနှင့် အဆုံးမဲ့ အစိမ်း​​ရောင် သစ်ပင်များနှင့် အုံ့ဆိုင်း၀န်းရံ​နေသည်။ ပင်းဟူသဘာ၀ရှုခင်းရိပ်သာမှာ ​Jစီရင်စု၏ ​နယ်မြို့က​လေးတစ်ခုတွင် တည်ရှိ​လေသည်။ လွန်ခဲ့​သော ၂နှစ်ကမှ သူတို့သည် နိုင်ငံ​တော်ထံမှAအဆင့်အပန်း​ဖြေ​နေရာအဖြစ် သတ်မှတ်ခံခဲ့ရ​လေသည်။ ၂နှစ်ကုန်လွန်သွားပြီး​နောက် ကြယ်အဆင့်သတ်မှတ်ချက်မှာ တိုးတက်မလာခဲ့ပဲ လာ​ရောက်လည်ပတ်​သော ခရီးသွားဧည့်သည်များမှာလည်း တဖြည်းဖြည်းနည်းလာခဲ့​လေသည်။ ၄င်းက မြို့နယ်အစိုးရကို စိုးရိမ်လာ​စေသည်။

သို့​သော် ဤလ၏အစတွင် လူတစ်စုမှ စက်ပစ္စည်းများကိုသယ်လျက် ပင်းဟူသဘာ၀ရှုခင်းရိပ်သာသို့​ရောက်ရှိလာခဲ့​လေသည်။ သူတို့၏လက်များတွင် အထုပ်များကိုယ်စီဆွဲလျက် အားလပ်မ​နေကြ​ချေ။ ထိုသတင်းကိုကြားလျှင် ထိုအနီးအနားတွင်​နေ​သောနယ်ခံများမှာ အားကြိုးမာန်တက်ချီတက်လာခဲ့ကြ​လေသည်။ သို့​သော် ဘာကိုမှမမြင်လိုက်ရခင်တွင် လုံခြုံ​ရေးများထံမှ တားဆီးခံလိုက်ရ​လေသည်။

"ငါတို့က ရုံမှာတင်မယ့် ရုပ်ရှင်ကားကိုရိုက်ဖို့လုပ်​နေတာ အဲဒီ​တောကလူ​တွေကို အမြန်ထွက်သွားခိုင်းလိုက်..ပစ္စည်း​တွေထိမိခိုက်မိလို့ကျကွဲရင် မင်း​​လျော်​ပေးမလား"

ယခု​ပြော​နေသူမှာ ၂၀​ကျော်အရွယ် ​တောင်ထိပ်​ပေါ်တွင် ​လေနှင့်အတူလွင့်​​နေ​သော ​ခွေးမြှီးမြက်နှယ် ပိန်ပါးပါးကိုယ်ရှိ​သော လူရွယ်တစ်ဦးဖြစ်သည်။ သူကဒါရိုက်တာခုံတွင်ထိုင်လျက် ​တောင်​အောက်တွင်စု​ဝေး​နေ​သော​ နယ်ခံ​တောင်သူများကို မနှစ်မြို့စွာတစ်ချက်ကြည့်လိုက်​လေသည်။ ထို့​နောက်သူက လက်​ထောက်ဒါရိုက်တာကိုကြည့်ကာဆိုလိုက်သည်။

"ဒီကားက ၁၀သန်း​ကျော်ရင်းနှီးထားတာ စက်တစ်လုံးစီက တစ်​သောင်း​ကျော်တန်တယ်"

မနက်​စော​စောတွင် အဖွဲ့သားများမှာ ရှူတင်ကိုပြင်ဆင်၍မပြီးကြ​သေး​ချေ။ ဒါရိုက်တာမှာ ​ဒေါသတကြီး​ဆဲဆိုကြိမ်း​မောင်း​နေခဲ့သည်။ မင်းသမီးဇာတ်​ဆောင်မှာ ယခုမှ​ရောက်ရှိလာပြီး မိတ်ကပ်လိမ်းရန်ပြင်​နေဆဲဖြစ်သည်။ ဇာတ်ပို့ဇာတ်ရံ​လေးများမှာ​တော့ အသင့်အ​နေအထားနှင့် ရပ်​စောင့်​နေနှင့်ကြပြီဖြစ်သည်။

ဤရိုက်ကူး​ရေးအဖွဲ့မှာ ပင်းဟူ သဘာ၀ရိပ်သာသို့
​'ကျောင်းအလှ​လေးရဲ့ တုန်လှုပ်​ခြောက်ခြားဖွယ်ည'
ဟု​ခေါ်​သော ဇာတ်ကားတစ်ကားကိုလာရိုက်ကြခြင်းဖြစ်သည်။ အမည်ကိုကြားလိုက်ရုံနှင့်ပင် ပြည်တွင်း သည်းထိတ်ရင်ဖိုကားတစ်ကားဖြစ်မှန်း သိသာလှသည်။

နိုင်ငံ​တော်မှ လွန်ခဲ့​​သောနှစ်အနည်းငယ်က စည်းမျဥ်းစည်းကမ်းများအသစ်များကို ထုတ်ပြန်ခဲ့​လေသည်။ ၄င်းမှာနိမိတ်မ​ကောင်းဟူ​သော အယူအဆဖြင့် သရဲကားများကိုအလွန်ပီပြင်​အောင် ရိုက်ခွင့်မပြု​တော့ခြင်းဖြစ်​လေသည်။ ကျိန်း​သေ​ပေါက် သရဲဇာတ်ရုပ်များကိုလည်းထည့်ရိုက်၍မရ​ချေ။ သို့နှင့် ဤနှစ်၏ပြည်တွင်း သည်းထိတ်ရင်ဖိုကားများမှာ အားလုံးစိတ္တဇကားများလိုဖြစ်ကာ ယခုရိုက်မည့်ကားကလည်း ချွင်းချက်မဟုတ်ခဲ့​ချေ။

နိုင်ငံ​တော်၏ သည်းထိတ်ရင်ဖိုရုပ်ရှင်များအ​ပေါ်ဆင်ဆာအကဲဖြတ်မှုမှာ အလွန်တင်းကြပ်လွန်း၍ ရုံတင်၍ပင်မရသည်ကများ​​သော်လည်း နှစ်တိုင်းတွင် ရုပ်ရှင်စံနှုန်းခွဲတမ်းပြည့်ရန်အတွက် ရုံများတွင် သည်းထိတ်ရင်ဖိုကား ၁ကား၂ကား​မျှ​တော့တင်​ပေးရ​လေသည်။

ဤ'​ကျောင်းအလှ​လေးရဲ့တုန်လှုပ်​ခြောက်ခြားဖွယ်ည'မှာ ဇူလိုင်လတွင် ရုံတင်မည့်ကားဖြစ်သည်။ မတ်လမှစတင်ရိုက်ကူးခြင်းဖြစ်​သော်လည်း ဒါရိုက်တာမှာ အနည်းငယ်မျှပင် အလျင်လိုမ​နေခဲ့​ချေ။

အမျိုးသမီးဇာတ်​​ဆောင်က အ၀တ်လဲခန်းထဲတွင် စကား​လေး​ပြောလိုက် လက်ဖက်ရည်​​လေး​သောက်လိုက်လုပ်​နေခဲ့သည်။ အမျိုးသားဇာတ်​ဆောင်မှာ​တော့ ဟိုတယ်တွင် အိပ်ရာက​ပင် မနိုး​သေး​​ချေ။ အရံဇာတ်ပို့တချို့ကသာ ခက်ခဲ​နေရခြင်းဖြစ်သည်။

လူ၃​ယောက်မှာ ဤတချိန်လုံး ရိုက်ကွင်းတွင် အသင့်​စောင့်​နေခဲ့ကြရသည်။ ​နေ့လည်ခင်း​လောက်​ရောက်မှသာ ဒါရိုက်တာမှာ ပျင်းပျင်းရိရိနှင့် အဖွဲ့သားများနှင့်အတူ ​တောအနက်ပိုင်းကို၀င်ကာ ရိုက်ကွင်းကိုစတင်ပြင်ဆင်​စေခဲ့သည်။

"ဟိုနားက အဖွဲ့..ဇာတ်ညွှန်းကိုဖတ်ပြီးပြီမလား..ပြီးရင် NGမလိုချင်ဘူး​နော်..တစ်ကွက်ထဲအပြီးရ​​အောင်လုပ်ကြ"

ယ​​နေ့ရိုက်မည့်ဇာတ်၀င်ခန်းမှာ ရုပ်ရှင်၏အဖွင့် ထိတ်လန့်ဖွယ်ဇာတ်၀င်ခန်းဖြစ်​လေသည်။ ပြည်တွင်းဖြစ်သည်းထိတ်ရင်ဖိုကားများမှာ အစပိုင်းတွင်ဇာတ်ရှိန်မြင့်လာပြီး တဖြည်းဖြည်းထိုးကျသွားခြင်းဖြစ်သည်။ ရုပ်ရှင်အစပိုင်းတွင်​ပေးနိုင်​သော ​သည်းထိတ်ရင်ဖိုခံစားချက်ကသာ ရုပ်ရှင်တစ်ခုလုံး၏ အနှစ်သာရဖြစ်သည်။ ဤ'​ကျောင်းအလှ​လေး၏ တုန်လှုပ်​ခြောက်ခြားဖွယ်ည' ရုပ်ရှင်၏အဖွင့်ဇာတ်၀င်ခန်းမှာ ​တောနက်ထဲတွင် ရှင်သန်ရန် ​ပြေးလွှားရရခြင်းပင်ဖြစ်​လေသည်။

ပင်းဟူသဘာ၀ရှုခင်းရိပ်သာ၏ သဘာ၀​နောက်ခံမြင်ကွင်းများက ​ကောင်းစွာထိန်းသိမ်းခြင်းခံထားရ​လေသည်။ ၁၀မီတာခန့်ရှည်​သော သစ်ပင်ကြီးများမှာ မိုးထိမတတ်မြင့်မားကာ အပြာ​ရောင်​ကောင်းကင်ကြီးကိုပင် ကွယ်ထားခဲ့သည်။ ဤသို့​တောကျပြီး သစ်ပင်ထူထပ်​​သော​တောင်​ပေါ်တွင် ရိုက်ကူးခြင်းမှာ ​လေတစ်ချက်တိုးရုံမျှဖြင့် သစ်ရွက်များအချင်းချင်းပွတ်တိုက်သံများကိုကြားရမည်ဖြစ်ကာ ​နေ့အချိန်မှာပင် အလွန်မည်း​မှောင်ထိုင်းမှိုင်း​နေခဲ့​လေသည်။

ဒါရိုက်တာမှ စဟု​အော်လိုက်သည်နှင့် လူ၃​ယောက်မှာ လျင်မြန်စွာစ​ပြေးလိုက်ကြ​လေသည်။ ​ကျောဘက်မှလူ၂ဦးမှာ မကြာခဏဆိုသလိုပင် ​နောက်ကို ​ကြောက်လန့်တကြားလှည့်ကြည့်​နေခဲ့ကြသည်။ သူတို့၏မျက်နှာ​ပေါ်တွင် ​သွေးအတုတချို့​ပေကျံ​နေပြီး မျက်လုံးများက ​ကြောက်ရွံ့မှု​ကြောင့် ပြူးကျယ်​နေခဲ့ကြသည်။ ရုတ်တရက်ဘာကိုမြင်လိုက်သည်မှန်းမဆိုနိုင်ပဲ ​အော်ဟစ်ကာ လဲကျသွားခဲ့ကြ​လေသည်။

ကင်မရာက ​​နောက်ဆုံး​ပြေးလွှား​နေသူ​နောက်မှ ဆက်၍လိုက်ရိုက်​နေဆဲဖြစ်ကာ ​ပြေး​နေခြင်းကပိုပို၍ မြန်လာခဲ့​လေသည်။ ရုတ်ချည်းထို​ပြေး​နေ​သော အရံ​ဇာတ်​ကောင်​လေးမှာတစ်ခုခုကိုခလုတ်တိုက်မိပုံဖြင့် လဲကျသွားခဲ့​တော့သည်။ သူသည်​ခြေလှမ်းတချို့စာမျှ တုန်ယင်စွာ တွားသွားလိုက်​လေသည်။ ကင်မရာမှာ တိုက်ရိုက်ပင် ဦးတည်ရာလှည့်လိုက်ပြီးသူ၏မျက်နှာကို အ​ရှေ့ဘက်မှ ရိုက်လိုက်​လေသည်။

နူးညံ့လှပကာ ​သေသပ်​သောမျက်နှာ​လေးမှာ စက္ကူတစ်ရွက်နှယ် ဖြူ​ဖျော့​နေခဲ့သည်။ မျက်လုံးတို့ကမူ အ​ကြောက်တရားတို့ဖြင့် ပြူးကျယ်လျက်ပင်။ သူ၏တစ်ကိုယ်လုံးမှာလည်း ဆက်တိုက် တုန်ယင်​နေခဲ့​လေသည်။

ကင်မရာlensမှာ တဖြည်းဖြည်းပိုပို၍နီးကပ်လာခဲ့ပြီး​နောက် ကူကယ်ရာမဲ့​သော ​အော်သံတစ်ခုနှင့်အတူ ရိုက်ချက််မှာအဆုံးသတ်သွားခဲ့​လေသည်။

ဒါရိုက်တာက ​​​ပျော်ရွှင်စွာ​အော်လိုက်​လေသည်။

"ကဒ်..​ကောင်းလိုက်တာ..ဒီရိုက်ကွက်ကိုသုံးမယ်"

လဲကျ​နေ​သော အရံဇာတ်​ကောင်​လေး၃​ယောက်မှာလည်း​မြေကြီး​ပေါ်မှထရပ် လာခဲ့ကြ​လေသည်။ ရိုက်ကူး​ရေးအဖွဲ့မှာ ဆက်လက်အလုပ်များ​နေခဲ့ကြသည်။

ရှီကျား သူ၏နဖူး​ပေါ်မှ ​​ချွေးများကိုပွတ်သုတ်ကာ ထရပ်လိုက်​လေသည်။ သူ အရင်ဆုံး အ၀တ်လဲခန်းကိုသွားကာ အ၀တ်အစားများကိုလဲလိုက်ပြီး အဖွဲ့သားများအနားယူ​သော အခန်းဆီသွားလိုက်​လေသည်။ထို့နောက် အခန်း​ထောင့်မှ သူ၏လက်ဆွဲအိတ်ကို​ကောက်ယူလျက် ထွက်လာခဲ့လိုက်သည်။

လမ်းတစ်၀က်မျှအ​ရောက်တွင် လူရွယ်​လေးတစ်​ယောက်က ​ပြေးလာခဲ့​လေသည်။ သူပုံစံကိုမြင်​သော် ထိုလူရွယ်ကာ ခါးသက်စွာအကြံ​ပေးလာခဲ့သည်။

"အစ်ကိုကျား ဒီလိုဇာတ်ရံ​လေးလုပ်​နေ​ပြီးတော့ ဘာအတွက်များသရုပ်​​ဆောင်​နေ​​သေးတာလဲ"

ရှီကျားမှာ သူ၏တက္ကသိုလ်တုန်းက သူငယ်ချင်းကိုကြည့်လျက်ဆိုလိုက်သည်။

"ငါသရုပ်မ​ဆောင်ရင် ပိုက်ဆံမရဘူး​​လေ မရရင်မင်းငါ့ကို​ကျွေး​မွေးထားမှာလား"

ဆွံ့အသွား​သော ချန်း​ထောင််မှာ မျက်လုံးကိုလှိမ့်လိုက်မိ​လေသည်။

"သရုပ်မ​​ဆောင်နဲ့လို့​ပြော​နေတာမှမဟုတ်တာ..ဒါ​ပေမယ့်ဒီလိုမျိုး ၁မိနစ်​လောက်​ပြေးလွှားပြီး ​သေသွားတဲ့ဇာတ်ရုပ်မျိုး​တွေချည်းပဲ မ​ရွေးလို့မရဘူးလား..ဒီ​နေ့မင်းလာမယ်​ပြော​တော့ ဒါရိုက်တာ၀မ်က​တောင်​ပြောတယ်..မင်းမှာမျက်နှာ​​လေးလည်းရှိတယ် သရုပ်​​ဆောင်ကလည်းမဆိုးဘူး..နာမည်​လေးပါတဲ့ ဇာတ်ရံခန်း​လောက်​တော့ ကျိန်း​သေသရုပ်​ဆောင်လို့ရတယ်တဲ့...ဘာလို့ဖြတ်လျှောက်လေးပဲ​ပေးလုပ်ခိုင်းလိုက်တာလဲဆိုပြီး ငါ့ကို​တောင်​မေး​နေ​သေးတယ်..ပြီး​တော့ဒါရိုက်တာ၀မ်မှာ ​ကျော​ထောက်​နောက်ခံရှိတာသိတယ်မလား..မဟုတ်ရင် သူပထမဆုံးရိုက်တဲ့ကားက တစ်ခါတည်းဘယ်လိုရုံတင်လို့ရမှာလဲ...ငါ့စကားကိုနား​ထောင် ​နောက်တစ်ကြိမ်ကျရင် ဇာတ်၀င်ခန်းနည်းနည်းပိုပါတဲ့ ဇာတ်ရုပ်မျိုးကို သရုပ်​​ဆောင် ဟုတ်ပြီလား.."

ရှီကျားသူ၏လက်ဆွဲ​သေတ္တာကိုချလိုက်သည်။

"ဒီတစ်ခါဇာတ်​ကောင်က ရိုက်ကွက်​တော်​တော်များပါတယ်"

ချန်း​ထောင်က မျက်လုံးကြီးပြူးလျက်ဆိုလာခဲ့သည်။

" နည်းနည်း​လောက်အလိုက်ရခံပြီး မျက်နှာ​​လေးတစ်ကွက်အရိုက်ခံရတာကို​ပြော​နေတာလား..ဒါကိုများတယ်လို့​ပြော​နေတာလား..ကြည့်ဦး..မင်းဒီကိုမ​နေ့ကလာတယ် ဒီ​နေ့တစ်ခန်းလည်းရိုက်ပြီး​ရော ပြန်ရပြီ...အ၀တ်လဲဖို့အပိုတစ်စုံ​တောင် ယူလာဖို့လိုမ​နေဘူး...ဒီလိုဇာတ်​ကောင်မျိုးကို​တောင် ဇာတ်၀င်ခန်းများတယ်ဆို​တော့ အစ်ကိုကျား မင်းမခံချင်စိတ်က မနာကျင်ဘူးလား"

ရှီကျားမှာ သူ့သူငယ်ချင်း​ကောင်း၏ ပုခုံးကိုပုတ်လျက် ​လေးနက်စွာဆိုလိုက်သည်။

"ငါတို့လိုရုပ်​​ချောတဲ့သူ​တွေက မခံချင်စိတ်ဆိုတာမလိုအပ်ဘူး"

ချန်း​ထောင်"..."

ထပ်​ပြော​နေ၍လည်း အသုံးမ၀င်​တော့​ချေ။ သူ၏သူငယ်ချင်း​ကောင်းကို နှုတ်ဆက်ပြီး​နောက် ရှီကျား လက်ဆွဲ​သေတ္တာကို ဆွဲလျက်​တောင်​ပေါ်မှ တစ်​ယောက်တည်းဆင်းလာခဲ့​လေသည်။ မထွက်ခွာခင် သူကလက်ကို​ဝေ့ယမ်းရင်း ​ပြောရန်မ​​မေ့ခဲ့​ချေ။

"ငါအခုတ​လောဘိုင်ပြတ်​နေတာ..​နောက်တစ်ခါဒီလိုဇာတ်​ကောင်မျိုးရှိရင် ​ခေါ်ဖို့မ​မေ့နဲ့​နော်..အထူးသဖြင့်ဒါရိုက်တာ၀မ်ရဲ့ကား​တွေ​ပေါ့"

ချန်း​ထောင် စိတ်တိုလွန်း၍ ခဲလုံးတစ်လုံးကို​ကောက်ကာ လှမ်းပစ်လိုက်​လေသည်။

"ဒီ​လောက်တိုတဲ့ ဖြတ်​လျှောက်ခန်း​လောက်ပဲရိုက်​နေမှ​တော့ ပိုက်ဆံကဘယ်လိုရမှာလဲ...ဒါရိုက်တာ၀မ်လို ​ငွေဖြုန်းနိုင်တဲ့ ဒါရိုက်တာ​တွေရှိ​သေးတယ်..​နောက်တစ်ခါကျရင် ဇာတ်၀င်ခန်းပိုရတဲ့ အခန်းမျိုးကျိန်း​သေရှာ​ပေးမယ် ​စောင့်သာ​နေလိုက်"

ပင်းဟူသဘာ၀ရှုခင်းရိပ်သာမှ ထွက်လာပြီး​နောက် ရှီကျား ဘတ်စ်ကားဖြင့် Sမြို့​တော်သို့ပြန်လာခဲ့​လေသည်။ ပြတင်း​ပေါက်မှ​ငေးကြည့်​နေရင်း စိမ်းစိုစိုသစ်ပင်များကို ဘတ်စ်ကားကတ​ရွေ့​ရွေ့ဖြတ်​ကျော်သွားခဲ့သည်။ ​ချော​မော​လှပသောလူရွယ်​လေးမှာ နားကြပ်ကိုတပ်လိုက်ပြီး အစိမ်း​ရောင်​ရေပြင်များနှင့် အပြာ​ရောင်​ကောင်းကင်ကြီးကို မျက်နှာ​သေနှင့် ​ငေးကြည့်​နေခဲ့​လေသည်။

ရှီကျားမှာ မနှစ်ကပင် တက္ကသိုလ်မှဘွဲ့ရခဲ့ပြီး အလုပ်လက်မဲ့ဘ၀ကို တိုက်ရိုက်​ကူး​​ပြောင်းသွားခဲ့​လေသည်။

ပုံမှန်အားဖြင့် ဤသို့ကွန်ပျူတာ ​မေဂျာမှာ ဘွဲ့ရအပြီးတွင် ​ရေပန်းအစားဆုံးဖြစ်ကာ လစာ​ကောင်း​သော အလုပ်များတန်းစီ​နေပြီး နှစ်အနည်းငယ်ကြိုးစားကာ စု​ဆောင်းရုံဖြင့် တိုက်ခန်းပင်အရစ်ကျ၀ယ်နိုင်သည်ဟုဆိုကြ​လေသည်။ သို့​သော် သူတို့အ​​ဆောင်တွင် ထိုသို့သမားရိုးကျလမ်းကို မ​လျှောက်လှမ်းခဲ့သူ၂ဦးရှိခဲ့​လေသည်။

တစ်​ယောက်မှာ အလုပ်လက်မဲ့ဘ၀သို့ကူး​ပြောင်းသွား​သော ရှီကျားဖြစ်ကာ သူ့အား​သေ​အောင်ရိုက်နှက်လျှင်ပင် အလုပ်ရှာဖို့ငြင်းဆန်​နေလိမ့်မည်ဖြစ်သည်။ ကျန်တစ်​ယောက်မှာ​တော့ ချန်း​ထောင်ဖြစ်သည်။

ချန်းထောင်မှာ ငယ်စဥ်ကပင် သရုပ်​​ဆောင်တစ်ဦးဖြစ်လာရန် အိပ်မက်မက်ခဲ့​လေသည်။ သို့​​သော် သူ့မျက်နှာကထိုမျှအထိမ​ရောက်နိုင်မှန်း မည်သူသိခဲ့မည်နည်း။ သူ၏သရုပ်​​​ဆောင်အရည်အချင်းကလည်း သိပ်မ​ကောင်းလှ​ချေ။ ဘွဲ့ရပြီး​နောက် သူက ဟန်ထျန်း(ကမ္ဘာ့အကြီးဆုံးရုပ်ရှင်မြို့​တော်ထဲမှတစ်ခု) ကိုတိုက်ရိုက်သွားခဲ့သည်။ ထို့​နောက်ဖြတ်​လျှောက်ဇာတ်ရုပ်များမှစတင်ခဲ့ကာ နှစ်၀က်မျှကြာပြီး​နောက်သူက ဖြတ်​လျှောက်အဖွဲ့​ခေါင်း​​ဆောင်ဖြစ်လာပြီး ရိုက်ကူး​ရေးအဖွဲ့နှင့် ဖြတ်​လျှောက်သရုပ်​ဆောင်များကြားမှ စာချုပ်အတွက် တာ၀န်ယူ​ပေးရ​လေသည်။ သူ၏လက်​အောက်မှ အ​ကောင်းဆုံးဖြတ်​လျှောက်မှာ သူ၏ညီအစ်ကို​ကောင်း ရှီကျားပင်ဖြစ်​​လေသည်။

​ကောလိပ်​နေ့ရက်များတွင် ရှီကျားမှာ အလွန်လျှို့၀ှက်ဆန်းကြယ်စွာ ဖြုတ်ခနဲဆို​ပေါ်လာတတ်ပြီး ဖြတ်ခနဲဆိုပြန်​ပျောက်သွားတတ်ကာ အတန်းများကမကြာခဏပျက်​လေ့ရှိသည်။ ​နေ့တစ်၀က်​​လောက်အထိ သူ့အရိပ်ကိုပင်ရှာမ​တွေ့နိုင်​ချေ။ အ​ဆောင်မှ လူ၄​ယောက်ထဲတွင် သူက ချန်း​ထောင်တစ်ဦးနှင့်သာ ​​ကောင်းမွန်​​သော ဆက်ဆံ​ရေးရှိ​လေသည်။ ကျန်အခန်း​ဖော်၂ဦးကိုပင် စကားတစ်ခွန်းမျှပင်မဆိုဖူးခဲ့​ချေ။ သူ​ကျောင်းသို့ပထမဆုံး​ရောက်လာစဥ်က သူ၏စီနီယာအစ်မများထံမှ သူ့ကိုဓါတ်ပုံရိုက်ခြင်းခံရကာ ချက်ချင်းဆိုသလိုပင် 'ITဌာန၏ပန်း​​လေးတစ်ပွင့်' အဖြစ်သတ်မှတ်ခံခဲ့ရ​လေသည်။

ထိုသို့လှပ​ကျော့ရှင်း​သော မျက်နှာ​လေးရှိ​နေခြင်းက အနုပညာ​လောကထဲ၀င်ခဲ့လျှင် နာမည်မကြီးခဲ့လျှင်​တောင် ပိုက်ဆံများများရှာနိုင်ဦးမည်ဖြစ်သည်။ သို့​သော်ရှီကျားမှာ တမင်သက်သက် ဖြတ်​လျှောက်သာ လုပ်လိုခဲ့သည်။ တစ်ခန်းထဲ​ရိုက်ရလျှင် အ​ကောင်းဆုံးပင်။ ၃ခန်းထက်ပိုပါက ကျိန်း​သေ​ပေါက်ကို ငြင်းဆန်တတ်​လေသည်။ အကြိမ်တိုင်းတွင် ​ရိုက်ကူး​ရေးကို​ရောက်လာပြီး​နောက်တစ်ရက်မှာပင် ပြန်ထွက်သွားခဲ့သည်။ ရိုက်ကူး​ရေးအဖွဲ့သားများနှင့် လုံး၀မရင်းနှီးရ​လေ ​ကောင်း​လေဖြစ်သည်။

ထိုသို့တိုးတက်ကြီးပွားလိုစိတ်ကင်းမဲ့​သော သူငယ်ချင်းမျိုးရှိ​နေသည့် ချန်း​ထောင်မှာ အလွန်စိတ်တိုရ​​သော်လည်း သူ့တွင်​ရွေးချယ်စရာမရှိခဲ့​ချေ။ သူ၏ညီအစ်ကို​ကောင်း ငတ်​မ​သေ​စေ​ရေးအတွက် သူလက်ခံ​နိုင်သော ဇာတ်​ကောင်များကို ​တတ်နိုင်သမျှရှာ​ပေးရုံသာတတ်နိုင်​လေသည်။

ထူးဆန်းစွာပင် ရှီကျား၏မျက်နှာ​​လေးမှာ သည်းထိတ်ရင်ဖိုရုပ်ရှင်ဒါရိုက်တာအ​တော်များများထံမှ နှစ်သက်ခြင်းခံရ​လေသည်။ ရိုက်ကူး​နေစဥ်ကအဆင်​​ပြေ​သေးသည်။ သို့​သော် တည်းဖြတ်ချိန်ကျသည်နှင့် စခရင်​ပေါ်တွင် ထိုမျက်နှာ​လေး​ပေါ်လာသ၍ အယ်ဒီတာများမှာ ​ပြောမပြတတ်သော ​ကျောချမ်းမှုတစ်ခုကိုခံစားရကာ ကြက်သီး​မွှေးညှင်းများထလာလိမ့်မည်ဖြစ်သည်။

သို့နှင့် သည်းထိတ်ရင်ဖို​ရိုက်ကူး​ရေး​တော်​တော်များများမှာ ချန်း​ထောင်ကိုဆက်သွယ်ကာ ထိုဧည့်သရုပ်​​​ဆောင်​​လေးကို ရှာခိုင်းတတ်ကြ​လေသည်။

ဘတ်စ်ကားမှာ တိုးဂိတ်ကို​ကျော်ဖြတ်သွားခဲ့သည်။ ရုတ်ချည်း ဘရိတ်ကို​နင်းလိုက်မှုနှင့်အတူ ဘတ်စ်ကား​​ပေါ်မှ လူတိုင်း နိုးလာခဲ့ကြ​လေသည်။ မကြာခင်မှာပင် ကျိန်ဆဲသံမှားနှင့် ပြစ်တင်သံများကဘတ်စ်ကားတစ်ခုလုံးညံသွားခဲ့​တော့သည်။ ဒရိုင်ဘာကချက်ချင်းထရပ်လာခဲ့သည်။

"အ​ရှေ့မှာ ကားအက်ဆီးဒင့်ဖြစ်​နေတယ်ထင်တယ်..လမ်းပိတ်ထားတယ်..လူတိုင်းစိတ်မပူကြပါနဲ့ ခါးပါတ်ကို​သေချာပါတ်ထားကြပါ"

အက်ဆီးဒင့်ဟုကြားမှသာ ခရီးသည်များလည်း ပြန်လည်ငြိမ်သက်သွားခဲ့​လေသည်။

ဘတ်စ်ကားကခရုတစ်​ကောင်လိုပင် အ​​ဝေး​ပြေးလမ်းမတစ်​လျှောက်​ဖြည်းညှင်းစွာလိမ့်​နေခဲ့​လေသည်။ ထိုပိတ်​နေ​သော ယာဥ်တန်းကြီးကို​ဖြတ်​ကျော်ရန် အချိန်အ​တော်ကြာခဲ့​လေသည်။ ရုတ်တရက် နားစူး​လောက်​​သော ​အော်သံတစ်ချက်ကိုကြားလိုက်ရ​လေသည်။ ထို့​နောက်က​​လေးတစ်​ယောက်၏ငိုသံကလည်း​နောက်မှလိုက်လာကာ ဘတ်စ်ကားထဲညံသွားခဲ့သည်။

​ရှီကျား၏​ရှေ့ခုံတွင်ထိုင်​​နေ​သော မိခင်ဖြစ်သူမှာ သူမသမီးဖြစ်သူ၏မျက်လုံးများကို ကာလိုက်ပြီး ညင်သာစွာ​ချော့​မော့လိုက်သည်။

"ရှင်းရှင်းက လိမ္မာတယ်​လေ..မငိုနဲ့​တော့​နော်..အဲဒီကိုမကြည့်နဲ့​တော့..ဘာမှမရှိ​ဘူး​နော်...​မေ​မေ​ရှိတယ်​လေ..မ​ကြောက်ပါနဲ့..ရှင်းရှင်း​လေးကအ​တော်ဆုံး..ရှင်းရှင်း​​လေးကသတ္တိအရှိဆုံး..."

ဘတ်စ်ကားမှာ အက်ဆီးဒင့်ဖြစ်ထား​သော မြင်ကွင်းကိုဖြတ်​ကျော်​နေစဥ်တွင် တချို့စပ်စပ်စုစုခရီးသည်များမှာ တစ်​ယောက်ပြီးတစ်​ယောက် ရှီကျားဘက်မှ ပြတင်း​ပေါက်ထံ​ပြေးလာကြပြီး အပြင်ဘက်ကို စိတ်၀င်စားစွာကြည့်​နေကြ​လေသည်။

"ဘုရား​​ရေ...အဖြစ်ဆိုးလိုက်တာ..အဲဒီလူရဲ့​ခေါင်းက ​ချိုင့်သွားတာပဲ..အသက်​ရောရှိ​သေးရဲ့လား"

"​သေပြီထင်တာပဲ..BMWကို​မောင်းနိုင်​​တော့​ရော ဘာများထူးလို့လဲ..​မြောင်း​ကို​တောင်၀င်တိုက်​အောင်​မောင်းမှ​တော့ ​လေယာဥ်ပျံတက်​​မောင်း​တောင် သုံးစားလို့ရမှာမဟုတ်ဘူး"

စပ်စုနိုင်လွန်း​​​သော လူများမှာ ဖုန်းကိုယ်စီကိုထုတ်လျက် ထိုအဖြစ်အပျက်ကို ဓါတ်ပုံရိုက်ယူလိုက်ကြ​လေသည်။ သူတို့အားလုံး၏အကြည့်များမှာ ​သွေးများစိုရွှဲ​နေ​သော BMWပိုင်ရှင်ကိုယ်အ​ပေါ် စုပြုံ​နေခဲ့ကြသည်။

ဘတ်စ်ကားမှာ ထိုပိတ်​နေ​သောကားတန်းကြီးကို တဖြည်းဖြည်းချင်းဖြတ်​ကျော်လာခဲ့​လေသည်။ ရှီကျားမှာလည်း တည်ငြိမ်စွာ ကြည့်ရှု​နေခဲ့သည်။ ဘတ်စ်ကားမှာ ထိုကားတန်းကြီးကို လုံး၀ဖြတ်​ကျော်သွားပြီး​​နောက် အရှိန်ကိုပြန်တင်လိုက်ကာ လျင်မြန်စွာ ​မောင်းထွက်သွားခဲ့​လေသည်။

သို့​သော် ဘတ်စ်ကား၏​နောက်တွင် ပျက်စီး​နေ​သော BMW၏​ရှေ့ဖုံးတွင် ထိုင်​နေ​သော အပြာ​ရောင် ​ကျောင်း၀တ်စုံနှင့်က​လေးမ​လေးကို မည်သူမျှသတိမထားမိခဲ့ကြ​ချေ။ သူမမျက်နှာတွင်​သွေးများဖုံးလွှမ်း​နေလျက် သူမ၏​ခေါင်းတစ်၀က်ခန့်မှ ​ကြေ​နေခဲ့သည်။ သို့​သော်သူမမှာ နာကျင်မှုကိုခံစားရပုံမ​ပေါ်ပဲ လမ်းမ​ပေါ်ရှိ​သွေးအိုင်​ထဲတွင် လဲ​လျောင်း​နေ​သော BMWပိုင်ရှင်၏ ကိုယ်ကိုသာ အသက်မဲ့စွာ စိုက်ကြည့်​နေခဲ့​လေသည်။

မကြာခင်မှာပင် ရဲကားများနှင့် အ​ရေး​ပေါ်ကားများ အတူတကွ​ရောက်ရှိလာခဲ့​လေသည်။ သူတို့​ရောက်ရှိလာသည်နှင့် စု​ဝေး​နေမှုကိုလျင်မြန်စွာ​ဖြေရှင်းလိုက်ကာ BMWပိုင်ရှင်၏ ကိုယ်ကို​ဆေးရုံကား​ပေါ်သို့တင်ကာ ​ရှေးဦးသူနာပြုနည်းကိုလုပ်​ဆောင်လိုက်ကြ​လေသည်။ သို့​သော် ၃မိနစ်အကြာတွင် ​ဆေးဘက်အကူမှာ သူ၏မက်စ်ကိုဆွဲချွတ်လိုက်က ရဲအဖွဲ့၀င်ကိုကြည့်လျက်ဆိုလိုက်သည်။

"​သေဆုံးချိန် ၁၆နာရီ ၂၄မိနစ် "

၄င်းကိုကြားလျှင် BMW​ပေါ်တွင်ထိုင်​နေ​သော ​ကျောင်းသူ​လေးမှာ ရုတ်ချည်းရယ်​မောလိုက်​လေသည်။ ထို့​နောက်သူမက ​ခေါင်းကိုလှည့်လျက် ဘတ်စ်ကား​ပျောက်ကွယ်သွား​သော ဦးတည်ရာသို့လှည့်ကြည့်လိုက်သည်။ သူမ​​နှုတ်ခမ်းများကပွင့်လာပြီး ​ခြောက်​သွေ့ကွဲအက်​နေ​သော ရယ်သံတစ်ခုထွက်​ပေါ်လာခဲ့​လေသည်။

ထို့​နောက် BMW​ပေါ်မှ ခုန်ချကာ ​လေထဲသို့တစ်လှမ်းချင်းပင် ​ပျောက်ကွယ်သွားခဲ့​လေသည်။


👻