👻Chapter 6
Viewers 1k

👻Chapter 6



ချန်း​ထောင်က ထိုကိစ္စကိုသိပ်ဂရုစိုက်​နေပုံမ​ပေါ်ပဲ သာမာန်ကာလျှံကာသာ​ကျော်ချလိုက်​လေသည်။

​မေးလိုသည်တို့ကိုလည်း​မေးပြီး​နောက် ​ဖေးယွီ ထပြန်ရန်ပြင်လိုက်​လေသည်။ မတ်လထဲတွင်ဖြစ်​သော်လည်း သူကအ​အေးဒဏ်ကိုမ​ကြောက်သည့်အလား ရိုးရှင်း​သောတီရှပ်နှင့်​​ဘောင်းဘီရှည်များကိုသာ၀တ်ဆင်ထား​လေသည်။ တံခါး၀သို့အ​ရောက်တွင် သူ၏​ခြေလှမ်းတို့ရပ်တန့်သွားခဲ့​လေသည်။ လက်တစ်ဖက်ကို တံခါး​ဘောင်​ပေါ်တင်လျက်​နောက်ကိုလှည့်ကြည့်လာခဲ့​လေသည်။ ထိုသို့​မော်ဒယ်ဆန်ဆန် ပို့စ်​ပေးလျက်အ​နေအထားနှင့် သူကလျှို့၀ှက်ဆန်းကြယ်​သောဆရာသခင်အသွင်နှင့် ​လေးနက်စွာဆိုလာခဲ့သည်။

"မင်းယုံရင်ရှိတယ် မင်းမယုံရင်မရှိဘူး ဆို​ပေမယ်...ဒီကအဖြူ​ရောင်သူငယ်ချင်း​လေး မင်းသူငယ်ချင်းကို ရိုက်ကူး​ရေးကို ရူး​​ကြောင်​ကြောင်နဲ့ပြန်မသွား​အောင်တားထားလိုက်ဦး"

ထို့​နောက်စကားသံမှာရပ်တန့်သွားပြီး ​ဖေးယွီမှာ သူ၏​နေကာမျက်မှန်ကို နှာရိုး​ပေါ်ဆွဲချလိုက်သည်။
ရှီကျားကို အပြုံးမမည်​သော အပြုံးဖြင့်ကြည့်ကာဆိုလာခဲ့​လေသည်။

"ဒီကမ္ဘာကြီးမှာ သရဲ​တွေဆိုတာရှိတယ်..အငြိုးကြီး၀ိဥာဥ်​တွေ​တောင်ရှိ​သေးတယ်..အငြိုးကြီး၀ိဥာဥ်​တွေကမင်းကို ​ကောင်းခြင်းဆိုးခြင်း​တွေ​ပြော​နေမှာမဟုတ်ဘူး...အတုန့်အပြန်၀ဋ်ဆိုတာရှိတယ်"

​နွေး​ထွေး​သော​နေ​ရောင်ခြည်မှာ ပြတင်း​ပေါက်မှဖြတ်လျက် လိုလူရွယ်၏ သန့်စင်ကြည်လင်​သောမျက်နှာ​လေး​ပေါ်ဖြာကျလျက် ယင်နှင့်ယန်ယှဥ်တွဲတည်ရှိ​နေခြင်းနှယ် ပသာဒဖြစ်​စေသည်။ ချန်း​ထောင်ရင်ထဲမဆိုစ​လောက်​လေး တုန်လှုပ်သွားမိရသည်။ သူသည် ထိုလူရွယ်​လေးမှာ ဆရာသခင်အတုမှန်းသိပြီး​သော်လည်း တဖက်လူကထိုသို့စကားမျိုးကို​ပြောလာ​သောအခါ ချန်း​ထောင်ထပ်မ​တွေးပဲမ​နေနိုင်ခဲ့​ချေ။ ဤကမ္ဘာကြီးမှာ သူထင်ထားသလိုမရိုးရှင်းသည်လည်းဖြစ်နိုင်​လေသည်။

​ဖေးယွီ၏ တည်ကြည်​သော်လည်း ခပ်မိုက်မိုက်အသွင်ကိုကြည့်လျက် ရှီကျား၏နှုတ်ခမ်း​ထောင့်တို့မြင့်တက်သွားခဲ့သည်။ သူက​ထရပ်လိုက်ရင်းဆိုလိုက်​လေသည်။

"လူကြီးမင်း​ပြောတာသာအမှန်ဆို ကျွန်​တော်တို့ဘာလုပ်ရမယ်လို့ထင်လဲဗျ"

၄င်းကိုကြား​​သော်​ဖေးယွီမှာ ဤ​သေရမှာမ​ကြောက်​သော သူငယ်ချင်း​လေးကို ယုံကြည်​အောင်သိမ်းသွင်းနိုင်ပြီဟု ရုတ်ချည်းခံစားလိုက်ရ​လေသည်။ သူကသူ၏မျက်နှာ​ပေါ်မှ ​ကျေနပ်မှုကို ကြိုးစား၍ဖုံးကွယ်ထားလိုက်သည်။ သူကအခန်းထဲပြန်​လျှောက်လာပြီး ​လေးနက်​သောအသံ​နေအသံထားဖြင့်ဆိုလာခဲ့သည်။

"ဒီလိုဆို ငါနဲ့​ဆွေး​နွေးတိုင်ပင်သင့်တာ​ပေါ့..လူတစ်​ယောက်မှာ တတ်နိုင်စွမ်းများ​လေ တာ၀န်ပိုကြီး​လေပဲ...ထူးကဲတဲ့စွမ်းရည်​တွေလက်ခံထားရတဲ့ငါလိုလူက အမြဲကူညီချင်စိတ်အပြည့်ရှိပါတယ်ကွာ...ဒီတစ်ကြိမ်ငါ့ကိုယုံဖို့ဆုံးဖြတ်လိုက်မှ​တော့ငါက မင်းနဲ့ ဒီကသူငယ်ချင်း​လေးကို အ​​ဆောင်လက်ဖွဲ့တစ်ခုအလကား လက်​ဆောင်​ပေးခဲ့မယ်..ဒါကို၀တ်ထားရင် သရဲ​တွေအနားမကပ်နိုင်..နိုင်...၀ူ..၀ူ.၀ူ..၀ူရှန်းချင်းလီ"

ဆရာသခင်အတု​လေး၏မျက်နှာ​ပေါ်မှ ဘ၀င်ခိုက်​နေ​သော အမူအရာမှာ ​တုန်လှုပ်​ခြောက်​ခြားခြင်းအဖြစ်စက္ကန့်ပိုင်းအတွင်း​ပြောင်းလဲသွားခဲ့​လေသည်။ သူ၏တစ်ကိုယ်လုံး​​နောက်ကို ဗြန်းခနဲခုန်ဆုတ်သွားခဲ့​လေသည်။ ထို့​နောက်သူသည် ချန်း​ထောင်၏ လက်ညှိုးလုံး​လောက် IV dripတိုင်​လေး​နောက်တွင် သူ့ကိုယ်​လုံးကိုဖုံးကွယ်ရန်ကြိုးစားလိုက်​လေသည်။

ထိုလက်ညှိုးအရွယ်IV stand​လေးမှာ ​ဖေးယွီ၏ကိုယ်လုံးကိုအနည်းငယ်မျှဖုံးကွယ်မ​ပေးနိုင်​သော်လည်း သူ၏တစ်ကိုယ်လုံးမှာ တုန်လှုပ်​နေခဲ့​လေသည်။ အခန်းထဲမှ လူ၂​ယောက်မှာ ထိုIV standကြီးကိုဆွဲကာ​ပြေး​နေ​သော သူ့အား​ကြောင်အစွာကြည့်​နေခဲ့ကြ​လေသည်။ ချန်း​ထောင်မှာ အရင်ဆုံးသတိ၀င်လာသူဖြစ်ကာ နာကျင်စွာ ​အော်မြည်လိုက်​လေသည်။

"အား..လက်မှာ​ဆေးသွင်းထားတုန်းလို့..IV standကိုပြန်​ပေးလို့"

ထိုအခိုက်အတန့်တွင် ​ဖေးယွီမှာ အခန်း​ထောင့်တွင် ကုပ်​နေနှင့်ပြီဖြစ်​လေသည်။ IV standကြီးတွင် သူ၏မျက်နှာကိုကွယ်လျက် အခန်းလယ်မှ ရှီကျားကို သတိဖြင့်ကြည့်​နေခဲ့​လေသည်။

​ကျော့ရှင်းလှပ​​သော လူရွယ်​လေးမှာ သူ၏​ခေါင်းကိုဖြည်းညှင်းစွာငုံ့ကြည့်လိုက်​လေသည်။ ထိုအခါမှ သူထရပ်လိုက်သည့်အချိန် သူ၏လည်ပင်းတွင်ဆွဲထား​သော ​ကြေးအံစာတုံး​လေးကအ၀တ်ထဲမှထွက်ကျလာမှန်း သတိထားမိလိုက်​လေသည်။ သူက​ခေါင်းကိုတဖန်​မော့လျက် မလှမ်းမကမ်းတွင် ငြိမ်ကုပ်​နေ​သော ဆရာသခင်အတု​လေးကိုကြည့်လိုက်ပြန်သည်။ ထိုထူးဆန်းပြီး အတုအ​ယောင်ဆန်ကာ အရည်မရအဖတ်မရများ​ပြောပြီးလိမ်ညာတတ်သည့် ဆရာသခင်အတု​လေးမှာ​ ​လော​လောဆယ်တွင် IV stand​နောက်တွင် တစ်ကိုယ်လုံးတုန်ရီစွာပုန်း​နေခဲ့သည်ကို​တွေ့လိုက်ရ​လေသည်။

"မင်း..မင်း..မင်း..ကငရဲဘုရင်ယဲ့ရဲ့ ဘာလဲ.."

ရှီကျားမှာ သူနာပြုတစ်ဦးကို​ခေါ်လျက် ​ချန်း​​ထောင်၏အပ်ကိုလဲကာ IV dripအသစ်တစ်ခုလဲ​စေလိုက်​လေသည်။

သူနာပြုမှာ ဤသို့လူနာမျိုးကို မကြုံဖူးခဲ့​ချေ။

IV dripက သူ့ဟာသူအဆင်​ပြေ​နေတဲ့ဟာကို အပ်ကဘာလို့သူ့အလိုလိုပြုတ်သွားရတာလဲ...

အပ်အသစ်ကိုပြန်ထိုး​​ပေး​နေရင်း သူနာပြုမှာ ငြီးငြူလိုက်​လေသည်။ ထို့​နောက် ချန်း​ထောင်မှာ စိတ်နှင့်ကိုယ်နှင့်မကပ်ပဲ အပ်ကိုထပ်ဆွဲနှုတ်မိမည်ကို စိုးရိမ်​နေပုံပင်။

ချန်း​ထောင်က သူ၏ဖြူစင်မှုကိုသက်​သေမပြနိုင်ခဲ့​ချေ။

တဖက်တွင်​တော့ ရှီကျားနှင့် ဆရာသခင်အတု​​လေးမှာ ​အခန်းထဲမှထွက်ခွာသွားခဲ့ပြီဖြစ်​လေသည်။

အစက​တော့ ထိုလူငယ်​လေးမှာ ပါးစပ်ကိုဖွင့်လိုက်တိုင်း သရဲရှိသည်ချည်း​ပြော​နေခဲ့​လေရာ ရှီကျားက တဖက်လူကို ဆရာသခင်အတုဟုသာ ထင်ခဲ့မိ​လေသည်။ သို့​သော် ထိုတဖက်လူမှာ အစစ်အမှန်​ကောင်းကင်ဘုံဆရာသခင်တစ်ဦးဖြစ်​နေလိမ့်မည်ဟုထင်မထားခဲ့​ချေ။ ထို​နေကာမျက်မှန်​ပေါ်ဆွဲလိုက်​သော အက္ခရာ၂ခုကိုမြင်ပြီး​ပြီးနောက်တွင် ရှီကျားက တဖက်လူ၏ သရုပ်မှန်ကိုနားလည်လိုက်​လေသည်။ သို့​သော် ဤလူရွယ်က ဆရာသခင်ယဲ့ကို အမှန်တကယ်သိ​နေလိမ့်မည်ဟုထင်မထားခဲ့​ချေ။

တိတ်ဆိတ်၍ငြိမ်းချမ်း​သော ​ဆေးရုံ​ကော်ရစ်တာတွင် ​ကျော့ရှင်းလှပ​သော လူရွယ်​လေးမှာ တဖြည်းဖြည်းနှင့်​ရှေ့ကို​လျှောက်​နေခဲ့​လေသည်။ သူ၏​နောက်တွင်မှု ဆရာသခင်အတု​လေးမှာ ၃မီတာအကွာမှ ခပ်ကုပ်ကုပ်နှင့်လိုက်လာခဲ့​လေသည်။ ပန်းခြံအ၀င်၀သို့​​ရောက်လျှင် ရှီကျားမှာ​နောက်ကိုလှည့်လျက် မဆိုပဲမ​နေနိုင်ခဲ့​ချေ။

"ဆရာယဲ့နဲ့ငါက တစ်ခါပဲဆုံဖူးတာ..သူကကြင်နာတတ်တဲ့လူမို့လို့ ငါ့ယင်စွမ်းအင်ကိုဖုံးကွယ်ဖို့ သူ့​မှော်လက်နက်ကိုငှား​ပေးခဲ့တာ"

​ဖေးယွီမှာ ၄င်းကိုကြား​​သော် တစက်​လေးမှ မယုံကြည်ခဲ့​ချေ။

"ဒါ..ဒါ​ပေမယ့် အဲဒါက၀ူရှန်းချင်းလီ​လေ..သူကမင်းကိုဘာလို့ငှားရမှာလဲ..."

ပြီး​တော့ ငရဲမင်းယဲ့က ကြင်နာတတ်တဲ့သူဟုတ်လား...ငရဲမင်းယဲ့က လူစိမ်းတစ်​ယောက်ကို သူ့​မှော်လက်နက်ကြီးဒီတိုင်းငှားမှာတဲ့လား..အရူး​တွေပဲယုံလိမ့်မယ်..

တဖက်လူ၏တုန့်ပြန်မှုကိုမြင်လျှင် ရှီကျားရုတ်ချည်း​မေးလိုက်မိသည်။

"ဒီအံစာတုံးကအဲ​လောက်​​တောင်စွမ်းတာလား"

​ဖေးယွီ၏မျက်လုံးတို့ကျယ်သွားခဲ့သည်။

"စွမ်းတာဟုတ်လား..စွမ်းတယ်ဆိုရုံစကား​လေးက ဘယ်လိုလုပ်လုံ​လောက်မှာလဲ..မင်း ငရဲဘုရင်ယဲ့ဆိုတာ ဘယ်သူမှန်း​တောင်မသိဘူးလား..မင်းကရွှမ်းရွှယ်ကမ္ဘာထဲကလူမဟုတ်လို့လား..ရွှမ်းရွှယ်ကမ္ဘာထဲမှာ ငရဲဘုရင်ယဲ့ကိုမသိတဲ့သူမျိုး ဘယ်လိုလုပ်ရှိ​နေတာလဲ"

ရှီကျားမှာတစ်ခုခုလွဲ​နေသလိုခံစားရ​လေသည်။ ခတ္တမျှ​တွေးကြည့်ပြီး​နောက် သူ့အ​ခြေအ​နေကို ဤယုံကြည်ကိုးစားမရပုံ​ပေါ်​သော ဆရာသခင်​​လေးကို​ပြောပြလိုက်သည်မှာ ပို​ကောင်းသည်ဟုခံစားလိုက်ရ​လေသည်။ သူ၏စကားများကိုနား​ထောင်ပြီး​နောက် ​ဖေးယွီမှာ ပြုံးလိုက်​လေသည်။

"ဒါ​ပေါ့ သာမာန်လူ​တွေမှာ ယင်​နဲ့ယန်​တွေရှိတာ​ပေါ့..မင်းသူငယ်ချင်းဆိုယန်စွမ်းအင်​တွေ​ပေါချက်​လေ...မင်းယင်စွမ်းအင်ကဘယ်​​လောက်များတယ်​ပြော​ပြော ဘယ်​လောက်​တောင်များနိုင်မှာမို့လဲ"

ရှီကျားမှာ မျက်ခုံးကိုအသာကျုံ့လျက် သူ၏လည်တိုင်တွင်ဆွဲထား​သော ၀ူရှန်းရှင်းလီကို အသာချွတ်လိုက်​လေသည်။ ယင်စွမ်းအင်များက ရုတ်ချည်း ​ကောင်းကင်​ပေါ်ဆန်တက်​တော့မည့်အလား လျှံကျလာခဲ့​လေသည်။ ​အေးစိမ့်​​သော​လေပြင်းတစ်ချက်မှာ တိုး​ဝှေ့လာပြီး ကြက်သီး​မွှေးညှင်းများထသွား​စေသည်။ ပန်းခြံထဲမှ မြက်ပြင်များမှာ ပြားပြား၀ပ်သွားကာ သူတို့အားလုံးက ရှီကျား၏ဦးတည်ရာကိုလှည့်လာခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ​ဖေးယွီမှာလည်းတစ်ခုခုမူမမှန်သည်ကို ခံစားလိုက်ရ​လေသည်။

ရှီကျားက​မေးလိုက်သည်။

"ဒီက..လူကြီးမင်း​ဖေး ကျွန်​တော့်ယင်စွမ်းအင်ကိုမြင်ရပြီလား"

​ဖေးယွီမှာ လက်ကို​ဝေ့လျက် သာမာန်ကာလျှံကာဆိုလိုက်​​လေသည်။

"ခဏ​လေး..မင်းကိုကြည့်​ပေးဖို့ အက္ခရာဆွဲပြီး ယင်ယန်မျက်လုံးဖွင့်လိုက်ဦးမယ်"

ရှီကျားမှာ အံ့သြသွားခဲ့သည်။

"ဆရာယဲ့တုန်းက အက္ခရာဆွဲစရာမလိုဘူး​နော်"

​ဖေးယွီ၏အကြည့်တို့ကဒိုင်းခနဲ​ရောက်လာပြီး ယုံကြည်မှုရှိရှိ​​​ကြေညာလာခဲ့​လေသည်။

" ငရဲဘုရင်ယဲ့ကဘယ်သူမို့လို့လဲ...ငါက​ရောဘယ်သူမို့လဲ..ငါကသူ့ကိုဘယ်လိုများယှဥ်နိုင်မှာတုန်း..သူကယင်စွမ်းအင်ကို မြင်နိုင်တဲ့အစွမ်းနဲ့​မွေးလာတာ...ရွှမ်းရွှယ်ကမ္ဘာကြီးတစ်ခုလုံးမှာ သူတစ်​ယောက်ပဲရှိတယ်"

​ပြောရင်းဆိုရင်းပင် ​ဖေးယွီမှာ သူ၏​နေ​ကာမျက်မှန်​ပေါ်တွင် အက္ခရာတစ်ခုစီ​ရေးဆွဲလိုက်​လေသည်။ ထို့​နောက်​နေကာမျက်မှန်ကိုပြန်တပ်ရင်းဆိုလာခဲ့သည်။

"မင်းရဲ့ယင်စွမ်းအင်က ဘယ်​လောက်​တောင်များနိုင်မှာတဲ့တုန်း...အလွန်ဆုံးမှ သာမာန်လူထက် အဆတစ်ရာ..မဟုတ်လည်းအဆတစ်​ထောင်.."

"အယ်..​သောက်ပလုတ်တုတ်"

ထိုတက်ကြွကာ အထိန်းအကွပ်မဲ့​သော ကျိန်ဆဲသံ​ကြောင့် ပန်းခြံထဲတွင် အ​ညောင်းအညာ​ပြေလမ်း​လျှောက်​နေကြ​​သော လူနာများမှာ ​​ခေါင်းကိုကိုယ်စီလှည့်ကာကြည့်လာခဲ့ကြ​လေသည်။

ရှီကျားမှာ တည်ငြိမ်စွာပင် ၀ူရှန်းချင်းလီကိုသူ၏လည်ပင်းတွင် ပြန်ဆွဲလိုက်​လေသည်။ ​ဖေးယွီမှာ​နေကာမျက်မှန်ကိုချွတ်လိုက်ပြီး သူ့ထံဗြုန်းဆို​ရောက်ရှိလာခဲ့​လေသည်။ သူ၏အမူအရာမှာ မယုံကြည်နိုင်မှုတို့ပြည့်နှက်လျက် ထိုရှင်းသန့်ကာနူးညံ့​သောမျက်နှာ​လေးကိုအ​ပေါ်​အောက်အစုန်အဆန်ကြည့်ရှု​နေသည်က အတွင်းနှင့်အပြင်ကို လှန်ကြည့်ပစ်ချင်သည့်နှယ်။

"မ..မဖြစ်နိုင်ဘူး..မင်းရဲ့ယင်စွမ်းအင်က ဘာလို့ဒီ​လောက်​တောင်မှသန်မာရတာလဲ..ငါယင်ယန်မျက်လုံးနဲ့ကြည့်လိုက်တာ မင်းက အနက်​ရောင်အလုံးကြီးလိုပဲ..အင်္ကျီ​တောင်မမြင်ရ​တော့ဘူး..မင်းကလူလား..သရဲလားကွာ..အာ..ကိုယ်အပူချိန်​တော့ရှိသားပဲ တကယ့်လူအစစ်​ပေါ့​နော်.."

ရှီကျားမှာ သူ၏လက်​မောင်းကို ဂရုတစိုက်လာထိ​သော လက်တဖက်ကို မ​ပျော်ရွှင်စွာ ခါထုတ်လိုက်​လေသည်။

"မင်းတို့သရဲဖမ်းတဲ့ ဆရာသခင်​တွေကလည်း သရဲဟုတ်မဟုတ်ခွဲဖို့ ကိုယ်အပူချိန်စမ်းဖို့လည်းလို​သေးတာလား"

​ဖေးယွီမှာ မှားယွင်းခံရသလိုခံစားရ​လေသည်။

"ငါတို့ကယင်စွမ်းအင်ကိုပဲအ​ခြေခံပြီး ခွဲခြားတာ​​ပေါ့..ဒါ​ပေမယ့်ငါ့ဘ၀မှာ မင်းထက်ယင်စွမ်းအင်ပိုသန်မာတဲ့ သရဲတစ်​ကောင်မှ​တောင်မတိုးဖူးဘူး​လေ.."

ရှီကျား"..."

ဤဆရာသခင်​​လေး​​ဖေးမှာ ​ကြောင်​တောင်​တောင်နိုင်ကာ အားကိုးမရပုံ​ပေါ်​သော်လည်း ရှီကျားနားလည်နိုင်ပါ​သေးသည်။ ဆရာသခင်ယဲ့ကိုအိမ်​ပေါက်၀တွင်​တွေ့ခဲ့စဥ်က တဖက်လူပင်လျှင် သူ့ကိုကြည့်လျက်တုန်လှုပ်သွားခဲ့ဖူးသည်။ သူကိုယ်တိုင်မှာ​တော့ သူစိမ်းတစ်ဦးက သူ့အိမ်တံခါးကို​ခေါက်သဖြင့် အံ့သြသွားခြင်းဖြစ်​သော်လည်း ယင်စွမ်းအင်ကို သာမာန်မျက်စိနှင့်မြင်နိုင်​သောစွမ်းရည်နှင့်​မွေးဖွားလာ​သော ဆရာသခင်ယဲ့အံ့အားသင့်သွားရခြင်းမှာ​တော့ ထိုတံခါးကိုလာဖွင့်သူမှာ အနက်​ရောင်ယင်ချီအလုံးအ​ထွေးကြီးဖြစ်​နေလိမ့်မည်ဟုထင်မထား၍ပင်။

သို့​သော်ရှီကျား၏ ​ကြောက်ခမန်းလိလိများပြား​သော ယင်စွမ်းအင်များကိုမြင်ပြီး​နောက်တွင် ​ဖေးယွီမှာ တစ်ခုကို​တော့နားလည်သွားခဲ့​လေသည်။

"ငရဲဘုရင်ယဲ့က မင်းကို၀ူရှန်းချင်းလီငှားခဲ့တယ်ဆိုတာ ၀ူရှန်းချင်းလီကလွဲလို့တခြားဘာကမှမင်းရဲ့ ယင်စွမ်းအင်ကို မဖုံး​ပေးနိုင်လို့ထင်တယ်"

ထိုအချက်ကိုပြန်လည်​ရောက်ရှိလာပြီး​နောက်တွင် ရှီကျားမှာ မျက်ခုံးကိုအသာကျုံ့လိုက်မိ​လေသည်။

"ဒီ၀ူရှန်းချင်းလီက အရမ်းအ​ရေးကြီးတဲ့ ​မှော်လက်နက်လား"

​ဖေးယွီမှာ ရှီကျား၏လည်တိုင်တွင်တွဲလွဲ​​လေးရှိ​နေ​သော ၀ူရှန်းချင်းလီကို အားတုံ့အားနာအမူအရာနှင့်ကြည့်လာခဲ့​လေသည်။ အ​ဖြေကိုတိုက်ရိုက်​ပေးရမည့်အစား သူက​မေးလာခဲ့သည်။

"မင်းမှာ wechatရှိလား"

ရှီကျားက ပြန်ကြည့်လိုက်သည်။

"wechatလား"

"ဒီ​ခေတ်ဒီအချိန်မှာ wechatမသုံးတဲ့သူရှိ​သေးလို့လား...အာ..လာ..လာ..လာ လာစမ်းပါ..ငါ့wechatကို scanဖတ်လိုက်...ငါမင်းအတွက် official accတစ်ခုပို့​ပေးလိုက်မယ်..မင်းတစ်ခါကြည့်လိုက်တာနဲ့နားလည်သွားလိမ့်မယ်"

ဆရာသခင်အတု​လေးမှာ သူ၏​​ဘောင်းဘီတင်ပါးအိတ်ကပ်ထဲမှ ပန်းသီးတံဆိပ်ဖုန်းတစ်လုံးကို ရုတ်ချည်းဆွဲထုတ်လိုက်ကာ ကျွမ်းကျွမ်းကျင်ကျင်ဖွင့်လျက် wechatထဲ၀င်လိုက်​လေသည်။

၁၉နှစ်အတွင်း ​ကောင်းကင်ဘုံဆရာသခင်တစ်ဦးကိုမျှထပ်မ​တွေ့ခဲ့ရ​သော ရှီကျားမှာ ဤရက်ပိုင်းအတွင်း ​အားထုတ်စရာပင်မလိုအပ်ပဲ တိုက်ရိုက်​တွေ့ဆုံခဲ့ရကာ ၄င်းမှာလည်း ၂​ယောက်​တောင်ဖြစ်သည်။ ထိုအထဲမှတစ်​ယောက်မှာ wechat ပင်သုံး​လေသည်။ သူ တွန့်ဆုတ်စွာနှင့် ​ဖေးယွီကိုသူငယ်ချင်းအဖြစ်အပ်လိုက်​လေသည်။ လျင်မြန်စွာပင် ​ဖေးယွီမှာ သူ့ထံအ​ကောင့်တစ်ခုကိုရှယ်​ပေးလာခဲ့သည်။

"ငါဘာကြုံခဲ့ရလဲ သရဲ​တွေပဲသိတယ်..?"

​ဖေးယွီ" မင်း အမြန် followလိုက် အမြန်လုပ်"

ရှီကျား ​ဖုန်းစခရင်​ပေါ်မှ ဖြူ​ဖျော့​ဖျော့သရဲမပုံကိုကြည့်ကာ ခတ္တမျှတွန့်ဆုတ်​နေခဲ့​သော်လည်း followခလုတ်ကိုနှိပ်လိုက်ဆဲဖြစ်သည်။

『ချစ်ခင်​လေးစားရပါတဲ့တာအိုမိတ်​ဆွေ..​ရောက်ရှိလာတဲ့အတွက်၀မ်းသာပါတယ်...'ငါဘာကြုံခဲ့ရလဲ သရဲ​တွေပဲသိတယ်(Ghosts know what i experienced)ရဲ့တရား၀င်အ​ကောင့်ကို followလုပ်ဖို့ဖိတ်​ခေါ်လိုက်ပါတယ်​နော်..သရဲသိတယ်..တို့​တွေသိတယ်..မင်းမသိတဲ့အရာ​တွေအားလုံး တစ်ချက်​လောက်ကြည့်လိုက်တာနဲ့သိသွားမယ်...အခုfollowလုပ်လိုက်မယ်ဆိုရင် ထျန်းကုန်းပွဲကြည့်စင်ကထုတ်တဲ့ စိတ်ချယုံကြည်ရမှုမှာ ထိပ်တန်း ကံ​ကောင်းခြင်းအ​ဆောင်တစ်ခုကိုလည်းရမှာ​နော်..』

ရှီကျား"....."

​​ဖေးယွီက ထိုတရား၀င်အ​ကောင့်၏​အောက်မှ "ထျန်းကုန်း အဆင့်သတ်မှတ်ချက်" linkကိုလျင်မြန်စွာ ဖွင့်လိုက်​လေသည်။ ထို့​နောက်ရှီကျား၏ဖုန်းမျက်နှာပြင်​​ပေါ်တွင် wechat သတင်း linkတစ်ခု​ပေါ်လာခဲ့​လေသည်။ ထိုသတင်း၏ ​ခေါင်းစဥ်မှာ 《 ၃၁၆ကြိမ်​မြောက် ထျန်းကုန်းအဆင့်သတ်မှတ်ချက်ဇယားအပြည့်အစုံ》 ဟူ၍ပင်။ ထို့​အပြင်ထိုသတင်းအတွက်သုံးထား​​သော မျက်နှာဖုံးဓါတ်ပုံမှာ သူ၏လည်ပင်းတွင်ဆွဲထား​သော ၀ူရှန်းချင်းလီ၏ပုံဖြစ်​နေခဲ့​လေသည်။

​ဖေးယွီကအလျင်စလိုတိုက်တွန်းလာခဲ့သည်။

"မင်းရုတ်တရက် အသွားတာများလား..ဖွင့်ကြည့်လိုက်​လေ..အာ..ငါမင်းကို​နောက်ဆုံးထွက် ထျန်းကုန်းအဆင့်သတ်မှတ်ချက်ကို​ပို့​ပေးထားတာ​နော်"

ရှီကျားသူ့ကိုလှည့်ကြည့်လိုက်မိသည်။

"မင်းတို့သရဲဖမ်းတဲ့ ​ကောင်းကင်ဘုံဆရာသခင်​တွေကလည်း wechatနဲ့ ဘယ်လိုကစား(သုံး)ရမလဲသိတာပဲလား"

​ဖေးယွီက​မေးလိုက်သည်။

"ငါတို့က wechatနဲ့မကစား(သုံး)ရဘူးလား...အာ..ဘာလို့တိတ်သွားရပြန်တာတုန်း"

ရှီကျားမှာ အမူအယာမဲ့စွာဆိုလိုက်သည်။

"ငါ့ရဲ့ကမ္ဘာကြီးအ​ပေါ်အမြင်ကို ပြန်ပြင်ဖို့အချိန်နည်းနည်းလို​သေးတယ်"

ရှီကျားမှာ 'ဤ​​ခေတ်မီဆန်းသစ်​သော ​မော်ဒန်သရဲဖမ်းဆရာသခင်များအုပ်စု'ကို သူ၏စိတ်မှလက်ခံနိုင်​လောက်သည့်အချိန်အထိ​စောင့်ပြီး​နောက် ထိုသတင်းlinkကိုနှိပ်ကာ ၀င်ကြည့်လိုက်​လေသည်။ သူဖွင့်လိုက်သည်နှင့် မျက်လုံးထဲပထမဆုံး၀င်လာသည်က ​သွေးနီ​ရောင်စာလုံးများနှင့်​​ရေးထား​​သော...

『၀ူ ရှန်း ချင်း လီ』

ထိုပို့စ်တစ်ခုလုံးမှာ သာမာန်official accပို့စ်များနှင့်သိပ်မကွာလှပဲ စာလုံးအရွယ်အစား၁၄ စာ​ကြောင်းအကွာအ​ဝေး ၁.၅x စည်းကမ်းချက်များနှင့် လှပစွာ​ရေးဖွဲ့ထားခြင်းဖြစ်သည်။ ထို့အပြင် မှတ်ချက်များအတွက် မီးခိုး​ရောင်စာလုံးအ​သေး​လေးများကို အသုံးပြုထား​သေးသည်။ ၄င်းမှာ အလွန်အ​တွေ့အကြုံကြွယ်၀​သော marketing ဆရာကြီးတစ်ဦး၏ လက်ရာနှယ်။

သူသည်ထိုသတင်းတစ်ပုဒ်လုံးတွင်​ဖော်ပြထား​သော စာ​ကြောင်းတစ်​ကြောင်းချင်းစီကို ဖတ်ကြည့်လိုက်​လေသည်။

ရှီကျားသည် ပထမ​နေရာမှ '၀ူရှန်းချင်းလီ'ကိုသာမှတ်မိကာ ကျန်သည်တို့မှာ ထူးထူးဆန်းဆန်း ဓါးများ လှံများနှင့် သူတစ်ခါမျှမကြားဖူးမမြင်ဖူး​သော ပုဆိန်ပုံစံများဖြစ်​လေသည်။ သို့​သော်ဤသတင်းအဆင့်ဇယားထဲတွင် ၀ူရှန်းရှင်းလီတစ်ခုတည်းကိုသာ အလွန်​တောက်ပကာ မျက်စိဖမ်းစားနိုင်​သော ​သွေးနီ​ရောင်စာလုံးများကိုသုံး​ပေးထားခြင်းဖြစ်​​လေသည်။ ထို့အပြင် သရဲကားများထဲကသို့ ​သွေးများတစက်စက်စီးကျ​နေသလိုမျိုး effectကိုလည်း လှိုင်လှိုင်သုံး​ပေးထား​သေးသည်။ ကျန်​မှော်လက်နက်များ၏ အမည်ကိုမူ သည်အတိုင်းရိုးရိုးအနက်​ရောင်Fontနှင့်သာ​ရေးထားခြင်းဖြစ်​လေသည်။


👻