Chapter 98
Viewers 21k

🎶 Chapter 98


ကောင်းရှူ ကြောင်အသွားခဲ့သည်။

ငါ အဲဒီလောက်လည်း မပြောခဲ့ပါဘူး...ဘာလို့ သခင်လေးက ငါ့ကို စကားအရမ်းများတယ်လို့ပြောပါလိမ့်...

သို့သော် ယဲ့ဇယ်ရှစ် ထိုသို့ပြောလာသဖြင့် ကောင်းရှူလည်း သူ့ပါးစပ်သူ ပိတ်ထားလိုက်သည်။

စာချုပ်လက်မှတ်ထိုးမယ်ဆိုမှတော့ ဘာစကားမှပြောစရာမလိုတော့ဘူး...

ကောင်းရှူက သူ အချိန်အတန်ကြာ ပြင်ဆင်ထားခဲ့သော စာချုပ်များထဲမှ မျက်စိကျနေသော စာချုပ်နှစ်ခုကို တိကျစွာ ထုတ်ယူပြီး ယဲ့ဇယ်ရှစ်ကို ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းရှူက ယဲ့ဇယ်ရှစ်ကို လက်မှတ်ထိုးရန် ဘောပင်တစ်ချောင်းပါ ပေးခဲ့သည်။

ငါ့သခင်လေး အချိန်မရွေး နေရာမရွေး စာချုပ်လက်မှတ်ထိုးနိုင်အောင် အမြဲတမ်း ပြင်ဆင်ထားရတာပေါ့...

ယဲ့ဇယ်ရှစ်က မျက်လွှာချ၍ စာချုပ်ကို ခဏခန့် စိုက်ကြည့်ပြီးနောက် ကောင်းရှူကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်၏။

ကောင်းရှူက ခပ်ဖွဖွချောင်းဟန့်လိုက်သည်။
"သခင်လေး... ကျွန်တော်တို့ သဘောတူခဲ့တယ်လေ..."

ကောင်းရှူ၏ ရုတ်တရတ်ဆန်သော စာချုပ်ကြောင့် ယဲ့ဇယ်ရှစ်၏ အရိုင်းဆန်စွာ ခုန်ပေါက်နေသော နှလုံးသားက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာပြီး တခဏမျှ ဘာပြောရမည်မသိဖြစ်သွားခဲ့သည်။

ယဲ့ဇယ်ရှစ်က အချိန်အတန်ကြာ မလှုပ်ရှားလာသည်ကို မြင်ချိန်တွင် ကောင်းရှူ အနည်းငယ် စိုးရိမ်လာခဲ့သည်။
"သခင်လေး ကျွန်တော့်ကို ကတိပေးခဲ့တယ်လေ... ကျွန်တော်တို့ စာချုပ်လက်မှတ်ထိုးဖို့ သဘောတူခဲ့ပြီးသား... ပြောပြီးသားစကား ပြန်ရုတ်သိမ်းလို့မရဘူးနော်..."

ယဲ့ဇယ်ရှစ်က အသက်ပြင်းပြင်းရှူပြီး ပထမဦးစွာ မှတ်စုစာရွက်ကို ဂရုတစိုက်ခေါက်၍ သူ့အိတ်ကပ်ထဲ သေချာထည့်လိုက်သည်။ ထို့နောက် ကောင်းရှူလက်ထဲရှိ စာချုပ်ကို လှမ်းယူပြီး အံကြိတ်ကာ ပြောလိုက်သည်။
"ကျွန်တော် ပြန်ရုတ်သိမ်းမယ်လို့ ဘယ်တုန်းကပြောလို့လဲ..."

ကောင်းရှူ မျက်တောင်ခတ်ပြီး လက်မှတ်မထိုးမီအထိ သက်ပြင်းမချဝံ့ပေ။ ထို့အပြင် ပစ်မှတ်က ယဲ့ဇယ်ရှစ်ဖြစ်သောကြောင့် ကောင်းရှူ သဘာဝအတိုင်း ခြေလှမ်းတိုင်း၌ သတိရှိရန် လိုအပ်သည်။

ယဲ့ဇယ်ရှစ်က အေးစက်စွာ နှာမှုတ်ပြီး စာချုပ်ကို သေချာမကြည့်ဘဲ နောက်ဆုံးစာမျက်နှာလှန်ကာ လက်မှတ်ထိုးခဲ့သည်။

ကောင်းရှူ သူ့ကို သတိမပေးဘဲ မနေနိုင်ခဲ့ချေ။
"သခင်လေး... နောက်တစ်ခုရှိသေးတယ်နော်..."

"သိတယ်..."
ယဲ့ဇယ်ရှစ်က အလွန်စိတ်မရှည်နေပေ။

စာချုပ်နှစ်ခုစလုံးပေါ်၌ ယဲ့ဇယ်ရှစ်၏အမည် ရေးထိုးထားသည်ကိုကြည့်ရင်း ကောင်းရှူ၏ နှုတ်ခမ်းထောင့်များ တဖြည်းဖြည်းမြင့်တက်လာပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
"ကျွန်တော်က သခင်လေးကို လူဆိုးဇာတ်သွင်းမိတာပါ...ကျွန်တော့်အမှားပါ... သခင်လေး လက်မှတ်ထိုးပြီးပြီဆိုရင် ကျွန်တော့်ကို စာချုပ်လေးပြန်ပေးပါဦး..."

ကောင်းရှူက ယဲ့ဇယ်ရှစ် မပျော်မရွှင်ဖြစ်ပြီး သူ့အား လက်မှတ်ထိုးထားသော စာချုပ်မပေးမည်ကို စိုးရိမ်ခဲ့သည်။

စာချုပ်များပြန်ယူပြီးချိန်မှသာ ကောင်းရှူ၏ နှလုံးသားကို ဖိထားသော ကျောက်တုံးကြီး ပြုတ်ကျသွားသလို ခံစားခဲ့ရသည်။ သူက အခြားစာချုပ်များကို လျင်မြန်စွာဖယ်ရှားပြီး ယဲ့ဇယ်ရှစ်ကို အနှောင့်အယှက်ထပ်မပေးတော့ချေ။

ကောင်းရှူ၏ ပွစိပွစိပြောဆိုမှုမရှိတော့ဘဲ ကားက ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

ထိုအချိန်၌ ယဲ့ဇယ်ရှစ်၏ နှလုံးခုန်သံက တဖန်တိုးလာခဲ့ပြန်သည်။

"ဒုတ်- ဒုတ်- ဒုတ်---"
သူ့နှလုံးခုန်သံက နားထဲမှာ ပဲ့တင်သံထပ်နေပြီး နားစည်များပင် ပေါက်ကွဲထွက်လုနီးပါးကြားနေရသည်။

ယဲ့ဇယ်ရှစ်က အသက်ပြင်းပြင်းရှိုက်ပြီး ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။ သို့သော် ထိုလှုပ်ရှားမှုများက အသုံးမဝင်ဘဲ သူ့ရင်ဘတ်ထဲရှိ နှလုံးခုန်နှုန်းက ဆက်လက်တိုးနေခဲ့သည်။

ထို့အပြင် သူ့တစ်ကိုယ်လုံးရှိ သွေးများက ပွက်ပွက်ဆူစပြုလာခဲ့သည်။

ကားအတွင်းရှိအဲယားကွန်းက အလွန်ကောင်းမွန်သော်လည်း ယဲ့ဇယ်ရှစ် ပူသလိုခံစားခဲ့ရသည်။ သူ့နှာခေါင်းဖျားထက်၌ ချွေးအလွှာပါးလေး ထွက်လာပြီး သူ့မျက်နှာက အနီရောင်တစ်လွှာ ဖုံးလွှမ်းနေခဲ့သည်။

သူ့ပါးပြင်ပေါ်ရှိအပူချိန်က မြင့်လွန်းနေသောကြောင့် ယဲ့ဇယ်ရှစ်က သူ၏ပူနွေးသောမျက်နှာကို အနည်းငယ်အေးမြစေရန် မျှော်လင့်ပြီး သူ့နှဖူးကို ကားပြတင်းပေါက်ဖြင့် ကပ်ထားရုံသာတတ်နိုင်ခဲ့သည်။

ယဲ့ဇယ်ရှစ်၏ နှလုံးသားက အလွန်ရှုပ်ထွေးနေခဲ့သည်။

အကြိမ်ပေါင်းများစွာပင် သူ စာရွက်ထုတ်ပြီး ပြန်ဖတ်ချင်စိတ်ကို မထိန်းနိုင်လုနီးပါးဖြစ်ခဲ့သည်။

သို့သော် ကောင်းရှူက သူ့အနား၌ရှိနေဆဲဖြစ်သောကြောင့် ယဲ့ဇယ်ရှစ်လည်း သူ့စိတ်သူ ထိန်းထားရုံသာတတ်နိုင်ခဲ့သည်။

ကောင်းရှူ ထပ်တွေ့လို့မဖြစ်ဘူး...

အနည်းဆုံး အရာအားလုံး မဆုံးဖြတ်နိုင်သေးခင်အထိ...

ယဲ့ဇယ်ရှစ် တွေးလိုက်၏။

အချိန်အတန်ကြာပြီးနောက် ယဲ့ဇယ်ရှစ်က သူ့အခြေအနေကို အနည်းငယ်ချိန်ညှိကာ ဖုန်းထုတ်၍ ဟယ့်ကျင်းယွင်ကို စာပြန်လိုက်သည်။

"ဖတ်ပြီးသွားပြီ..."

ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏ မက်ဆေ့ချ်ကို တစ်ချိန်လုံးစောင့်နေပုံရသည်။ ယဲ့ဇယ်ရှစ်၏ မက်ဆေ့ခ်ျပို့ပြီးသွားသည်နှင့် ဟယ့်ကျင်းယွင်၏ မက်ဆေ့ချ်က ချက်ချင်းပြန်ရောက်လာခဲ့သည်။
"ကိုယ့်ကို အဖြေလေးပြောပြလို့ရမလား..."

ယဲ့ဇယ်ရှစ်က အသက်ပြင်းပြင်းရှူပြီး သူ့လက်များဖြင့် သူ့မျက်နှာကို ဖုံးအုပ်လိုက်သည်။

ဒီလူက ဘာလို့ တည့်တိုးကြီးမေးနေရတာလဲလို့...

ငါ ဟယ့်ကျင်းယွင်ကို ဘယ်တုန်းကလဲ...ဘယ်လိုလုပ်ပြီးလဲ ဘာညာတောင် မမေးရသေးဘူး...

ပြီးတော့ ဟယ့်ကျင်းယွင်က ဘယ်လိုလုပ်ပြီး ငါ အဲဒါကို နားလည်နိုင်တယ်လို့ သေချာနေရတာလဲ...

စောစောက ကောင်းရှူ အဲဒါကို မရှင်းပြခဲ့ရင် ငါ ဘယ်လိုမှ နားလည်မှာမဟုတ်ဘူး...

ဟယ့်ကျင်းယွင်...ခင်ဗျား ဖွင့်ပြောနေတာမဟုတ်ဘူးလား...ခင်ဗျားအချစ်ကို ဒီတိုင်းတိုက်ရိုက်ဖွင့်ပြလို့မရဘူးလား...

ယဲ့ဇယ်ရှစ် မနေနိုင်ဘဲ ဟယ့်ကျင်းယွင် သူ့ကို မျက်နှာချင်းဆိုင်ဝန်ခံခဲ့လျှင်ဟု စိတ်ကူးမိကြည့်ခဲ့သည်။

နှစ်စက္ကန့်ကြာပြီးနောက် ယဲ့ဇယ်ရှစ်၏မျက်နှာက နီရဲသွားခဲ့သည်။

မဟုတ်ဘူး...တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးဖြစ်ဖြစ် အရေးမကြီးဘူး...

ယဲ့ဇယ်ရှစ်က သူ၏ပူနွေးနေသော မျက်နှာကို ပွတ်သပ်လိုက်သည်။

အခုက ဒီအကြောင်းစဉ်းစားနေရမယ့်အချိန်မဟုတ်သေးဘူး...

အခုလောလောဆယ် ဟယ့်ကျင်းယွင်ရဲ့ မက်ဆေ့ချ်ကို ဘယ်လိုစာပြန်ရမလဲလို့ စဉ်းစားဖို့က အရေးကြီးဆုံးပဲ...

ဒါပေမယ့် ဘယ်လိုစာပြန်ရမှန်း တကယ်မသိနေဘူး...

ဟယ့်ကျင်းယွင်၏ ဖွင့်ပြောမှုက ယဲ့ဇယ်ရှစ်၏ အစီအစဉ်အားလုံးကို နှောင့်ယှက်ခဲ့ပေသည်။

အပေါ်ထပ်နဲ့ အောက်ထပ်ကြားမှာ တကယ်ကွဲပြားမှုရှိတယ်...

ယဲ့ဇယ်ရှစ် အလွန်စိုးရိမ်သွားပြီး သူ၏ ပူနွေးသော နားရွက်ထိပ်ဖျားကို ပွတ်လိုက်သည်။

သူ၏ ထူးဆန်းသောအပြုအမူက ကောင်းရှူ၏ အာရုံကိုဆွဲဆောင်သွားပြီး စိတ်ရှုပ်ထွေးစွာ မေးလာခဲ့သည်။
"သခင်လေး... သခင်လေးရဲ့မျက်နှာက ဘာလို့ အရမ်းနီနေတာလဲ...အပူလျှပ်သွားတာလား..."

ယဲ့ဇယ်ရှစ်က သူ့မျက်နှာပေါ်ရှိ လက်များကို မဖယ်သေးဘဲ ဒေါသတကြီးခြိမ်းခြောက်လိုက်သည်။
"အတွင်းရေးမှူးကောင်း... မမေးနဲ့ မကြည့်နဲ့လို့ပြောထားတယ်လေ... မဟုတ်ရင် ကျွန်တော့်စကားကို ပြန်ရုတ်သိမ်းလိုက်မှာနော်..."

ယဲ့ဇယ်ရှစ်၏ လေသံထဲ၌ ရှက်ရွံ့မှုအနည်းငယ်ရှိနေသည်။

သူ စာချုပ်နဲ့ ခြိမ်းခြောက်လာမှတော့ ငါ ဘယ်လိုလုပ်မေးရဲတော့မှာလဲ...
ကောင်းရှူက ချက်ချင်းခေါင်းလှည့်ပြီးရှေ့တည့်တည့်ကိုသာ ကြည့်ခဲ့သည်။

ယဲ့ဇယ်ရှစ်၏အိမ်ရှေ့၌ ကားဖြည်းညှင်းစွာရပ်သွားချိန်တွင် ကောင်းရှူက အပိုစကားတစ်ခွန်းမှမပြောဘဲ နောက်နှစ်ရက်အကြာတွင် လာခေါ်မည်ဟုပြောခဲ့သည်။

ထိုသို့ပြောပြီးနောက် ကောင်းရှူက ယဲ့ဇယ်ရှစ် စိတ်ပြောင်းသွားမည်စိုးသောကြောင့် စာချုပ်နှင့်အတူ အလျင်အမြန်ထွက်သွားခဲ့သည်။

ယဲ့ဇယ်ရှစ် အိမ်သို့ပြန်ရောက်ပြီးနောက် တစ်ဖက်ရှိဗီလာကို လှမ်းကြည့်လိုက်သည်။ ဟယ့်ကျင်းယွင် မရှိသောကြောင့် ဗီလာက သဘာဝအတိုင်းမှောင်မည်းနေပြီး တံခါးနားရှိလမ်းမီးကသာပွင့်နေခဲ့သည်။

ထိုအချိန်၌ အချိန်အတန်ကြာ မငြိမ်မသက်ဖြစ်နေသော သူ့နှလုံးသားက ရုတ်တရက်ငြိမ်သက်သွားသည်။

ယနေ့ဖြစ်ပျက်ခဲ့သမျှအားလုံးက ယဲ့ဇယ်ရှစ် မျှော်လင့်ထားသည်ထက် အနည်းငယ်ကျော်လွန်သွားခဲ့သည်။

ထန်ကျင့်နှင့် စကားပြောသည်ဖြစ်စေ...ဟယ့်ကျင်းယွင်၏ ရုတ်တရက်ဖွင့်ပြောလာခြင်းဖြစ်စေ...

သို့သော် ယဲ့ဇယ်ရှစ်ကို အံ့သြသွားစေသည်က ဟယ့်ကျင်းယွင်က သူ့ကို အမှန်တကယ်ကြိုက်နေခြင်းပင်။

၎င်းကိုတွေးရင်း ယဲ့ဇယ်ရှစ်၏နှုတ်ခမ်းထောင့်များ မထိန်းနိုင်စွာ ကော့တက်သွားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် မေးခွန်းတစ်ခုက သူ့စိတ်ထဲပေါ်လာခဲ့သည်။

ဟယ့်ကျင်းယွင်က ငါ့ကိုကြိုက်နေတာဆိုရင် ဘာလို့ သူကအပေါ်အောက်ပြဿနာမျိုး ဘယ်တော့မှကြုံရမှာမဟုတ်ဘူးဆိုပြီး အခိုင်အမာပြောခဲ့တာလဲ...

နှစ်စက္ကန့်ခန့်တွေးပြီးနောက် ယဲ့ဇယ်ရှစ်၏မျက်နှာက ရုတ်တရက်ကြည့်ရဆိုးသွားခဲ့သည်။

ဒါဆို ဟယ့်ကျင်းယွင်ရော ထန်ကျင့်ရောက ငါ့ကို 0 လို့တွေးနေကြတာပေါ့လေ...

ယဲ့ဇယ်ရှစ်၏ ခုန်ပေါက်နေသောနှလုံးသားက တစ်ဖန်ငြိမ်သက်သွားပြီး အံတင်းတင်းကြိတ်လိုက်သည်။
ဒီလူတွေကတော့ စာအုပ်ကို အဖုံးပဲကြည့်ပြီးဆုံးဖြတ်နေတာပဲ...

ထိုအချိန်တွင် သူ၏ WeChatမှ အသံထွက်လာခဲ့သည်။

ယဲ့ဇယ်ရှစ် ဖုန်းကောက်ကိုင်ပြီး ကြည့်လိုက်ရာ ဟယ့်ကျင်းယွင်ထံမှ မက်ဆေ့ချ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ယဲ့ဇယ်ရှစ်၏ ပြန်စာကို အချိန်အတန်ကြာစောင့်နေခဲ့သော ဟယ့်ကျင်းယွင်က ထိုင်မနေနိုင်တော့ဘဲ ယဲ့ဇယ်ရှစ်ထံ မက်ဆေ့ချ်ထပ်ပို့ခဲ့သည်။
"မင်း အလုပ်ရှုပ်နေတာလား..."

ယဲ့ဇယ်ရှစ်က ဖုန်းကိုင်ထားကာ နှစ်စက္ကန့်ခန့် တွန့်ဆုတ်နေပြီး မေးခွန်းမေးခဲ့သည်။
"လေယာဉ်တက်တော့မှာလား..."

ဟယ့်ကျင်းယွင်: "အင်း...ငါးမိနစ်လောက်တော့လိုသေးတယ်..."

ယဲ့ဇယ်ရှစ် : "ဒါဆို ကျွန်တော် အတိုချုံးပြောမယ်နော်...ဟယ့်လောင်ရှီး ကျွန်တော်တော့ လူချင်းတွေ့ပြီးပြောတာ ပိုကောင်းမယ်ထင်တယ်...ဟယ့်လောင်ရှီး အင်္ဂလန်က ပြန်ရောက်လာမှ ပြောကြရင်ရော..."

ဟယ့်ကျင်းယွင်၏ နှလုံးသားက တစ်ချက်ဆောင့်ခုန်သွားသည်။

နောက်တစ်စက္ကန့်တွင် ယဲ့ဇယ်ရှစ်၏ မက်ဆေ့ချ်က ထပ်ရောက်လာခဲ့သည်။
"အဲဒါက ကိစ္စသေးသေးလေးမဟုတ်ဘူးလေ... ဟုတ်တယ်မလား..."

ယဲ့ဇယ်ရှစ်က သူ၏ ခံစားချက်များကို ယခုမှနားလည်ပြီး ထန်ကျင့်ကိုလုပ်ခဲ့သည့်အတိုင်း ချက်ချင်းငြင်းပယ်ခြင်းမပြုသောကြောင့် ဟယ့်ကျင်းယွင်အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

အနည်းဆုံးတော့ ငါက ယဲ့ဇယ်ရှစ်ရဲ့စိတ်ထဲမှာ ထန်ကျင့်နဲ့ မတူဘူးပဲ...

သေချာစွာပင် လူချင်းတွေ့ပြီးပြောသည်က ပိုအဆင်ပြေသည်။ အမှန်တွင် ဟယ့်ကျင်းယွင်က ယနေ့၌ ယဲ့ဇယ်ရှစ်နှင့် မျက်နှာချင်းဆိုင် စကားပြောရန်စိတ်ပိုင်းဖြတ်ခဲ့သော်လည်း ရုတ်တရက် မမျှော်လင့်ထားသော ကိစ္စတစ်ခုဖြစ်ခဲ့ပြီး အင်္ဂလန်သို့သွားရတော့မည်ဖြစ်သည်။

ဟယ့်ကျင်းယွင်က မထွက်သွားမီ ယဲ့ဇယ်ရှစ်အတွက် စာရေးရန် အချိန်သာရှိခဲ့သည်။

သူ နှစ်ရက်သုံးရက်မျှသာသွားမည်ဖြစ်သော်လည်း ရှင်းလင်းစွာမမေးခဲ့ပါက စိုးရိမ်မှုများရှိနေလိမ့်မည်ဖြစ်သည်။

ဟယ့်ကျင်းယွင်က နှစ်စက္ကန့်ခန့် စဉ်းစားပြီး စာရိုက်မေးလိုက်သည်။
"ကောင်းပြီ လူချင်းတွေ့မှ စကားပြောကြရအောင်... ဒါပေမယ့် ကိုယ်မင်းကို မေးချင်တာလေးတစ်ခုရှိသေးတယ်... အဆင်ပြေလား..."

ယဲ့ဇယ်ရှစ် စာပြန်လိုက်သည်။
"ပြောကြည့်လေ..."

"တစ်နေ့က မင်းကို ဝေ့လီဖေး အပြင်ထွက်ဖို့ခေါ်ခဲ့တာလား..."

မက်ဆေ့ချ်ပို့ပြီးနောက် ဟယ့်ကျင်းယွင်၏ ဖုန်းကိုင်ထားသော လက်ချောင်းများက အနည်းငယ်တင်းကျပ်သွားပြီး လက်ချောင်းထိပ်များ အဖြူရောင်ပြောင်းလာခဲ့သည်။

မက်ဆေ့ချ်ကို မြင်လိုက်ချိန်တွင် ယဲ့ဇယ်ရှစ်၏ နှလုံးသားက တစ်ဖန်အရိုင်းဆန်စွာခုန်ပေါက်လာပြီး သူ့ဖုန်းကို ဘေးပစ်ချလိုက်သည်။

လေယာဉ်တက်ရမည့် အချိန်ကနီးကပ်လာခဲ့သော်လည်း ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ထံမှ မက်ဆေ့ချ်ပြန်မရသေးချေ။

ဟယ့်ကျင်းယွင်က ဖုန်းချပြီး လက်ကောက်ဝတ်ကိုမြှောက်ကာ နာရီကြည့်လိုက်သည်။

နှစ်မိနစ်...တစ်မိနစ်...သုံးဆယ်စက္ကန့်...ဆယ်စက္ကန့်...

ရုတ်တရက် ဖုန်းတုန်ခါသွားပြီး စခရင် ပြန်လင်းလာကာ နောက်ဆုံး၌ ယဲ့ဇယ်ရှစ်၏ မက်ဆေ့ချ် ရောက်လာခဲ့သည်။
"မဟုတ်ဘူး..."

ယဲ့ဇယ်ရှစ်က လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ရှောင်ဖယ်မှုအတွက် အကြောင်းအရင်းရှာခဲ့သည်။

ဟယ့်ကျင်းယွင်၏ နှလုံးသားက ဖြည်းညှင်းစွာ တည်ငြိမ်လာကာ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။

သူ ယခင်က 50% ခန့်သေချာခဲ့သည်ဆိုလျှင် ယခုမူ ယဲ့ဇယ်ရှစ်၏ အဖြေအရ 70% အထိသေချာသွားခဲ့သည်။

ဟယ့်ကျင်းယွင်က သူ့ဖုန်းကိုဘေးချပြီး သူ့နားထင်ကို ပွတ်လိုက်သည်။
သေချာတာတော့ ငါ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာရတော့မှာပဲ...

ယဲ့ဇယ်ရှစ်က မက်ဆေ့ချ့်ပိုပြီးနောက် စိတ်မသက်မသာဖြစ်မှုနှင့် စိုးရိမ်ပူပန်မှု အနည်းငယ် ခံစားခဲ့ရပြီး သူ့ဖုန်းကို အချိန်အတန်ကြာကြည့်နေခဲ့သည်။

သို့သော် အချိန်များကျော်လွန်သွားသော်လည်း ဟယ့်ကျင်းယွင်ထံမှ မည်သည့် မက်ဆေ့ချ်မှ မရရှိခဲ့ချေ။

ယဲ့ဇယ်ရှစ် မနေနိုင်ဘဲ ဟယ့်ကျင်းယွင်ကိုဖုန်းခေါ်ချင်သော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။

ဒီအချိန် လေယာဉ်တက်နေပြီမလား...

အချိန်ကိုထပ်ကြည့်လိုက်ရာ အမှန်တကယ်ပင် ထိုသို့ဖြစ်နေခဲ့သည်။

ယဲ့ဇယ်ရှစ် ရုတ်တရက် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သလိုခံစားလိုက်ရသည်။

ငါ ဟယ့်ကျင်းယွင်ကို စာပြန်ဖို့ မတုံ့ဆိုင်းနေသင့်ဘူး...အစောကြီးတည်းက စာပြန်လိုက်သင့်တယ်...

ငါ စောစော စာပြန်မယ်ဆိုရင် ငါတို့ ဒီထက်ပိုပြီးစကားပြောလို့ရလောက်မှာ...

သို့သော် ယခုမှ နောင်တရရန် နောက်ကျသွားပြီဖြစ်သည်။ လေယာဉ်က ထွက်ခွာသွားပြီဖြစ်ကာ သူတို့အချင်းချင်းဆက်သွယ်နိုင်ရန် ဆယ်နာရီကျော်ခန့်စောင့်ရလိမ့်မည်ဖြစ်သည်။

ယဲ့ဇယ်ရှစ်က ၎င်းကိုတွေးပြီး သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

ဟယ့်ကျင်းယွင် ငါ့မက်ဆေ့ချ်ကိုတောင် မြင်လိုက်ရဲ့လားမသိဘူး...

ဒါပေမယ့် အခုမတွေ့ရင်တောင် နောက်တွေ့မှာပဲလေ...

ယဲ့ဇယ်ရှစ်က ဆိုဖာပေါ်တွင် လှဲလျောင်းရင်း စဉ်းစားလိုက်သည်။

ဒါဆို အခု ငါတို့က အချင်းချင်းချစ်မိနေကြပြီပေါ့...

ယဲ့ဇယ်ရှစ်က စာရွက်ကိုထုတ်ယူပြီး ထပ်ခါတလဲလဲ ကြည့်ခဲ့သည်။

ထို့နောက် မနေနိုင်ဘဲ ဖုန်းကောက်ကိုင်ကာ ဓာတ်ပုံများစွာရိုက်ယူပြီး ထန်ကျင့်နှင့် ဝေ့လီဖေးတို့ထံအသီးသီး ပေးပို့ခဲ့သည်။

ထန်ကျင့်၏ မက်ဆေ့ချ်က ဦးစွာရောက်လာခဲ့သည်။
"ဖွင့်ပြောပြီးသွာပြီလား..."

ယဲ့ဇယ်ရှစ်က အသံမက်ဆေ့ချ်ပို့ခဲ့၏။
"အဲဒီလောက်မလွယ်ဘူး...ဖွင့်ပြောချင်တဲ့လူက အခု ဒီနိုင်ငံမှာမရှိနေဘူး..."

ထန်ကျင့် - "မင်းဘယ်လိုပြောမှာလဲ..."

ယဲ့ဇယ်ရှစ် : "ငါ သူ့ကို ပြန်လာမှ ထပ်ပြောမယ်လို့ ပြောခဲ့တယ်..."

"ကောင်းသားပဲ..."
ထန်ကျင့်စာပြန်လိုက်သည်။
"မင်း ကံကောင်းပါစေလို့ ငါကြိုဆုတောင်းပေးလိုက်မယ်နော်..."

ယဲ့ဇယ်ရှစ်က ပြုံးပြီး ကျေးဇူးတင် စတစ်ကာများ အနည်းငယ်ပေးပို့လိုက်သည်။

ဝေ့လီဖေး၏ မက်ဆေ့ချ်က နောက်ကျမှ ရောက်လာခဲ့ပြီး မေးခွန်းသင်္ကေတတစ်ခုသာဖြစ်ကာ အလွန်ရိုးရှင်းလှသည်။

ထို့နောက် ယဲ့ဇယ်ရှစ်ကဲ့သို့ တူညီသော မေးခွန်းတစ်ခု ထပ်ရောက်လာခဲ့သည်။
"ဘာကိုဆိုလိုတာလဲ..."

ယဲ့ဇယ်ရှစ်က မျက်လုံးလှိမ့်လိုက်ပြီး သူ့ကိုအာရုံစိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ချေ။

သို့သော် သူ၏ ကောင်းမွန်နေသာ စိတ်အခြေအနေကို တစ်ယောက်တည်း မသိမ်းထားနိုင်ချေ။ နှစ်စက္ကန့်ခန့် တွေးပြီးနောက် ယဲ့ဇယ်ရှစ်က အချိန်အတန်ကြာမှ Weibo ထဲသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့ပြီး စာမပါဘဲ ဓာတ်ပုံတစ်ပုံကိုမျှဝေခဲ့သည်။

ဖန်များက ချက်ချင်းနားလည်ခဲ့ကြ၏။

[ရှစ်ရှစ်က ငါ့ကိုဖွင့်ပြောနေတာလား...ငါလည်းနင့်ကိုချစ်တယ်နော်...]

[ကောင်းပြီ ကောင်းပြီ ငါ့ကိုကြိုက်မှန်းသိပါပြီ... ငါလည်းနင့်ကိုကြိုက်တယ်နော်... ဒါပေမယ့် လူတွေအများကြီးကြည့်နေတယ်လေ ရှက်စရာကြီး...]

[မားမားရဲ့ပေါင်ပေ့လေး... မင်းနှလုံးသားထဲမှာ မားမားတစ်ယောက်တည်းရှိတာသိပါပြီ... ဒါပေမယ့် မားမားရဲ့ နှလုံးသားထဲမှာတော့ မင်းတစ်ယောက်ထဲမရှိဘူးနော်... အခန်းတွေအများကြီးပဲ...]

ဖန်များက ယဲ့ဇယ်ရှစ် Weiboပိုစ့်ကို သာမန်အဖြစ်သာမှတ်ယူကြပြီး စနောက်မှုများအပြီးတွင် မည်သူမှ အလေးအနက်မထားခဲ့ကြချေ။

သို့သော် မမျှော်လင့်စွာပင် ညသန်းခေါင်၌ ဖန်တစ်ယောက်၏ Weiboပို့စ်က ရေပန်းအစားဆုံးစာရင်းထဲတက်လာခဲ့သည်။

@ဝေလငါးလေး : ငါပဲအမြင်မှားနေတာလား...လက်ရေးက ဘာလို့ ငါ့နတ်ဘုရားနဲ့ တူတယ်လို့ ထင်နေပါလိမ့်...


🎶🎶🎶