Chapter 99
Viewers 21k

🎶 Chapter 99


ထို Weibo ပို့စ်က ညသန်းခေါင်ဝန်းကျင်တွင် တင်ခဲ့ပြီး နာရီဝက်အတွင်းမှာပင် ဖြတ်သွားဖြတ်လာများနှင့် အင်တာနက်အသုံးပြုသူများအပါအဝင် ဟယ့်ကျင်းယွင်၏ပရိသတ်များထံမှ like များစွာရရှိခဲ့သည်။ လူတိုင်းပြောခဲ့ကြ၏-

[အတူတူပဲ...အစက ငါတစ်ယောက်တည်းအဲဒီလိုတွေးမိတယ်ထင်နေတာ...]

[ကျယ်မေ့ရေ တစ်ယောက်တည်းမဟုတ်ဘူး...ငါလည်း ပထမဆုံးမြင်လိုက်တာနဲ့ ငါတို့နတ်ဘုရားရေးထားတယ်ထင်နေတာ... မပြောရဲလို့သာပေါ့...]

[ငါ အခုပဲသွားကြည့်လာတာ...အဲဒါကအရမ်းတူလွန်းတယ်လို့...]

[အတိအကျတော့ မပြောနိုင်ပေမယ့် ဘာမှကွာခြားတာမရှိဘူးလို့တော့ ပြောနိုင်တယ်...]

[အရမ်းတူတာပဲ...]

[အဲဒါက 'ကျော်ကြားသော စစ်သူကြီး' ဇာတ်ကားအတွက် ပရိုမိုးရှင်းများလား...]

ထိုကောမန့်ကို တစ်ယောက်က ချက်ချင်းတုံ့ပြန်ခဲ့၏။
[ငါလည်း အစကအဲဒီလိုထင်လိုက်တာ... ဒါပေမယ့် "ကျော်ကြားသော စစ်သူကြီး" အတွက်ပရိုမိုးရှင်းဆိုရင် သူတို့နှစ်ဖက်စလုံး အပြန်အလှန်တုံ့ပြန်ကြမှာပေါ့... ပြီးတော့ ပိုအရေးကြီးတာက အခုဆိုရုပ်ရှင်အကြောင်းက hot search ထဲဝင်နေပြီလေ...အဲဒီတော့ အခုအချိန်မှာ စီးပွားရေးအရပရိုမိုးရှင်းပို့စ်တွေ တင်စရာမလိုတော့ဘူးလေ...ဟုတ်တယ်မလား...]

[ငါပြောချင်တာကကွာ တကယ်လို့ အဲဒီစာကို ငါတို့နတ်ဘုရား ရေးခဲ့တာဆိုရင် စီးပွားရေးပို့စ်ဖြစ်ဖို့ အခွင့်အရေးများတယ်နော်...ဇာတ်ကားပရိုမိုးရှင်းက hot search ရောက်နေရင် အခမဲ့ ကြော်ငြာသလိုဖြစ်တာပေါ့...]

[ငါတော့ စီးပွားရေးပို့စ်လို့မထင်ဘူး... လက်ရေးက နတ်ဘုရားနဲ့ ဆင်တယ်ဆိုတာပဲ ပြောနိုင်တယ်...]

[သဘောတူတယ်... တကယ်တော့ လက်ရေးဆင်တဲ့သူတွေ အများကြီးရှိတာပဲဟာ...]

[ဘာပဲဖြစ်ဖြစ်...လက်ရေးက တော်တော်လေးဆင်တယ်...သူတို့ဘယ်လိုရှင်းပြမလဲဆိုတဲ့အပေါ်မူတည်တယ်...]

[ငါလည်းသွားကြည့်ခဲ့တယ်...ယဲ့ဇယ်ရှစ်ရဲ့ဖန်တွေပြောတာတော့ ဖန်တစ်ယောက်ဆီကလက်ဆောင်တဲ့...]

[ဖြစ်နိုင်တယ်... တချို့CP ဖန်တွေက ငါတို့နတ်ဘုရားရဲ့လက်ရေးကိုလိုက်တုရေးပြီး နတ်ဘုရားရေးထားလို့ပြောတာမြင်ဖူးတယ်...]

[အခုလောလောဆယ်တော့ သေချာမသိသေးဘူး...တရားဝင်ထုတ်ပြန်တာကို စောင့်ကြရအောင်...]

ထိုကိစ္စကို အာရုံစိုက်သူများ အတော်လေးများသောကြောင့် @ဝေလငါးလေး အကောင့်က Weibo ပေါ်၌ လျင်မြန်စွာ ရေပန်းစားလာခဲ့သည်။

မနက်ရောက်ချိန်၌ အင်တာနက်အသုံးပြုသူများပို၍ပို၍များလာပြီး ထိုကိစ္စကို အာရုံစိုက်လာခဲ့ကြသည်။ အင်တာနက်အသုံးပြုသူအချို့က ဟယ့်ကျင်းယွင်၏ လက်ရေးဖြင့်ရေးထားသော နှုတ်ဆက်ကတ်ဓာတ်ပုံများကိုပင် ထုတ်ယူပြီး ၎င်းတို့ကို တစ်ခုချင်းနှိုင်းယှဉ်ပြခဲ့သည်။ သူတို့က လက်ရေးနှစ်ခု အလွန်ဆင်တူသောကြောင့် အမှန်ပင် ဟယ့်ကျင်းယွင်ရေးခဲ့ခြင်းဖြစ်နိုင်သည်ဟု ပြောခဲ့ကြသည်။

ထို့နောက် စဉ်းစားရမည့်နောက်ပြဿနာ ထပ်ပေါ်လာခဲ့သည်။

အဲဒါကို တကယ်ကြီး ဟယ့်ကျင်းယွင်ရေးထားတာဆိုရင် သူက ဘာလို့ ယဲ့ဇယ်ရှစ်ကို ဒီလိုမျိုးရည်းစားစာပေးခဲ့တာလဲ... ပြီးတော့ ယဲ့ဇယ်ရှစ်ကရော ဘာလို့ Weibo မှာ ပြန်တင်နေတာလဲ...အဲဒါဘာကိုဆိုလိုတာလဲ...

အချိန်ခဏခန့် အကြိတ်အနယ်စဉ်းစားပြီးနောက် လူတိုင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးခဲ့ကြသည်။

[??သူတို့တကယ်ကြီးတွဲနေကြတာလား...]

[ငါ အခုထိတော့ သေချာမပြောနိုင်သေးဘူး...ငါတို့ နတ်ဘုရားက ယဲ့ဇယ်ရှစ်နဲ့ CP အရောင်းမြှင့်တင်ရေးလုပ်နေတာလား တကယ်တွဲနေတာလားဆိုတာ...]

[CP ကြော်ငြာဖို့သက်သက်ပဲဆိုရင် ဒီလိုမျိုးစကားလုံးတွေကိုရေးစရာမလိုဘူးလေ... အခုက သူ့ကိုယ်တိုင် သူ့လက်နဲ့ရေးခဲ့တာကြီး...]

[ဇာတ်ကားပရိုမိုးရှင်းအတွက်ရေးတာဖြစ်နိုင်ပါတယ်...ကျယ်မေ့တို့ စိတ်အေးအေးထားကြ...]

[ဇာတ်ကားပရိုမိုးရှင်းအတွက်ပဲဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ...]

လူအချို့ကပျော်ပြီး လူအချို့ကစိုးရိမ်နေကြသည်။ အပျော်ဆုံးကမူ ဟယ့်ရှစ် CP ဖန်များပင်ဖြစ်သည်။

ယမန်နေ့က ပရိုမိုးရှင်းပွဲတွင် နောက်ဆုံး၌ ဟယ့်ရှစ်အတွဲကို တစ်နေရာတည်း အတူတွဲတွေ့ခွင့်ရခဲ့သည်။ ဖန်များက တစ်ညလုံးပျော်ခဲ့ကြသော်လည်း မကျေနပ်နိုင်ခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်တို့ အတူပေါ်လာခဲ့သော်လည်း သူတို့နှစ်ဦးကြားရှိ အပြန်အလှန်ဆက်ဆံရေးကမူ မရှိသလောက်ရှားနေသောကြောင့်ဖြစ်သည်။

အဆုံးမှသာ သတင်းထောက်က မေးခွန်းတစ်ခုမေးခဲ့၍ လူတိုင်းအပေါ် သကြားအနည်းငယ်ဖြူးပေးခဲ့သည်။

တစ်ညကြာပြီးနောက် ယဲ့ဇယ်ရှစ်၏ Weibo ပို့စ်က ဖန်များများ၏စနောက်ခြင်းကိုခံရရုံသာမက ဖြတ်သွားဖြတ်လာများနှင့် အင်တာနက်အသုံးပြုသူများထံမှ မေးခွန်းများစွာကိုလည်း မေးခံခဲ့ရသည်။ သူတို့က ယဲ့ဇယ်ရှစ်ကို ဤစာကိုမည်သူရေးခဲ့သည်ဟု မေးမြန်းခဲ့ကြသည်။

ဟယ့်ရှစ်အတွဲဖန်များက ၎င်းကိုမြင်ချိန်တွင် အပြေးအလွှားရောက်ချလာခဲ့ကြသည်။

[ဘယ်သူရှိရမှာလဲ...သေချာပေါက် ဟယ့်ဆိုတဲ့ နာမည်နဲ့ ဖန်ပဲပေါ့...]

[ကောင်းပြီ...ယောက်ျားလေးဖန်ထင်တယ်...]

[တကယ်တော့ ယဲ့ဇယ်ရှစ်မှာ ယောင်္ကျားလေးဖန်တွေအများဆုံးပဲ...မခန့်မှန်းကြပါနဲ့...]

[ကောင်းပြီ...အားလုံးကမေးနေမှတော့ ငါ ဝန်ခံပါ့မယ်...ဟုတ်တယ် ငါရေးခဲ့တာ... ရိုမန်တစ်မဆန်လွန်းဘူးလား...ငါတို့လို Otakuတွေကို လျှော့မတွက်နဲ့နော်... ငါတို့ ရိုမန်တစ်ဆန်ရင် အရမ်းချိုမြိန်တာ...]

[မဟုတ်သေးဘူး... အပေါ်ထပ်ကတစ်ယောက်ရေ... လာလိမ်မနေနဲ့...ငါရေးထားတယ်ဆိုတာ ရှင်းလင်းနေတာကို...ငါ့မှာ စကားလုံးတွေတူတဲ့ပုံတောင်ရှိသေးတယ်...]

အတင်းအဖျင်းများအကြောင်း ဖတ်ရခြင်းကို နှစ်သက်သော အင်တာနက်အသုံးပြုသူများက ပုံကိုနှိပ်ကြည့်ခဲ့ကြပြီး သူတို့နှစ်ယောက်၏ လက်ရေးက အမှန်တကယ်တူနေသည်ကို တွေ့ခဲ့ရသည်။

အယောင်ဆောင်ရန် အပြေးလာခဲ့ကြသောဖန်များ ပို၍ပို၍များပြားလာပြီး ၎င်းက သူတို့၏ စာဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ ထို့ကြောင့် အင်တာနက်အသုံးပြုသူများက စိတ်ရှုပ်ထွေးသွားကြပြီး မည်သူရေးခဲ့သည်ကို အတိအကျမသိခဲ့ကြချေ။

ယဲ့ဇယ်ရှစ်၏ စတူဒီယိုက Weibo ပေါ်တွင် ပို့စ်တင်လာခဲ့သည်။

@ယဲ့ဇယ်ရှစ်စတူဒီယို : #ယဲ့ဇယ်ရှစ်# အဲဒီကိစ္စကို လူတွေအများကြီး သိချင်နေကြမယ်လို့ မမျှော်လင့်ခဲ့ဘူး...အဲဒီစာက ဖန်တစ်ယောက် ပေးထားတာပါ... ဘော့စ် ဘယ်လိုမြင်လဲ မသိပေမယ့် လျှို့ဝှက်ချက်တစ်ခုပြောပြမယ်... ဘော့စ် အဲဒါကိုစမြင်တုန်းကဆိုရင် ဘာမှန်းနားမလည်လို့ သူ့အေးဂျင့်ကိုတောင်မေးခဲ့ရသေးတယ်...

[အာ... ဇယ်ရှစ်က တကယ်ကြီး အဲဒီလိုမျိုးစတိုင်ကို သဘာကျတာလား...ကောင်းပြီ ငါ နားလည်ပါပြီ...ငါ နောက်ဆိုအဝတ်အစားတွေမပို့ပေးတော့ဘူးနော်...]

[ဟားဟားဟား ရှစ်ရှစ်က နားမလည်ဘူးတဲ့လား...]

[ဇယ်ရှစ်ကတော့ မျှော်လင့်ထားသလိုပဲ... သူနားလည်မှာမဟုတ်ဘူးဆိုတာ ငါကြိုသိပြီးသား... ဟားဟားဟား...ပြောရရင်တော့ အဲဒီအဓိပ္ပာယ်ကိုသိတဲ့သူသာဆို စိတ်အနှောင့်အယှက်ဖြစ်သွားပြီးတော့ ဘယ်သူ့မှထုတ်ပြမှာမဟုတ်ဘူး...]

[မျှော်မှန်းချက်က နိမ့်လွန်းတယ်... ယဲ့ဇယ်ရှစ်က ရိုးသားဖြူစင်တဲ့ညီငယ်လေးပဲ...]

[ဟာဟားဟား... ရိုးသားဖြူစင်တာက ကောင်းတယ်... ]

[ဟယ့်ရှစ်ဖန် ငါလေး အရမ်းနာကျင်နေပါပြီနော်...စတူဒီယိုက ဘာလို့ထွက်ရှင်းတာလဲလို့...ဝူးဝူးဝူး ငါဂရုမစိုက်ဘူး...မမြင်ချင်ယောင်ဆောင်ထားလိုက်မယ်...]

[မမြင်ချင်ယောင်ဆောင်နေသရွေ့ စားသမျှကအချိုတွေပဲ...]

[ဟားဟားဟား ဒီလိုထွက်ရှင်းလို့တကယ်အဆင်ပြေရဲ့လား... ဘာလို့ ရှစ်ရှစ်ကို တစ်ညလောက် ပျော်ခွင့်မပေးရတာလဲ...]

[ဟားဟားဟား အဓိကအချက်က သူနားမလည်ဘူးဆိုတာပဲ... သူ့အေးဂျင့်ကိုမေးပြီးမှ နားလည်သွားတာ...]

"ကောင်းရှူက ကျွန်တော်တို့ထက် တုံ့ပြန်တာမြန်တာပဲ...ဒါဆို ကျွန်တော်တို့ဘက်က ဘာမှပြန်မတုံ့ပြန်ဘူးလား..."
ယွိရယ် သက်ပြင်းချလိုက်သည်။

ဟယ့်ကျင်းယွင်က Bluetooth နားကြပ် ၀တ်ဆင်ထားပြီး ယွိရယ်၏စကားကို နားထောင်နေကာ Weibo သုံးနေခဲ့သည်။ ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ် စတူဒီယို၏ Weibo ပို့စ်ကိုမြင်ချိန်တွင် ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။

ယဲ့ဇယ်ရှစ်ကိုယ်တိုင် နားလည်ခဲ့တာလို့ ထင်ခဲ့တာ...

ယွိရယ် တစ်ဖန်ခေါ်လာခဲ့သည်။
"အစ်ကိုဟယ့်...လိုင်းမကောင်းဘူးလား...ကျွန်တော်ပြောတာကြားရလား..."

ဟယ့်ကျင်းယွင်က အနည်းငယ် အသက်ရှူထုတ်ပြီး တုံ့ပြန်လိုက်၏။
"အင်း ထားထားလိုက်တော့... သူတို့ဘက်က တုံ့ပြန်ပြီးမှတော့ ငါတို့ ထွက်ပြောစရာမလိုတော့ဘူး..."

ယွိရယ်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ကျွန်တော် နောက်မှ အစ်မကျင့်ကို ခေါ်လိုက်မယ်..."

"အင်း..."
ဟယ့်ကျင်းယွင် ပြောလိုက်၏။
"မင်းရဲ့ လေယာဉ်ချိန်က ဘယ်တော့လဲ..."

ယွိရယ်က အချိန်ကို ပြောလာခဲ့သည်။

ဟယ့်ကျင်းယွင်က ခေါင်းညိတ်လိုက်၏။
"လမ်းမှာ ဂရုစိုက်..."

ယွိရယ်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ဖုန်းကျသွားသည်နှင့် ဟယ့်ကျင်းယွင်က Bluetooth နားကြပ်ချွတ်လိုက်ပြီး သူ့နားထင်ကို ဖိလိုက်သည်။ သို့သော် ယဲ့ဇယ်ရှစ်၏ Weibo ပို့စ်ကိုတွေးပြီးနောက် သူ့နှုတ်ခမ်းထောင့်များ ပြန်မြင့်တက်လာခဲ့သည်။

"ကိစ္စတစ်ခုခုရှိလို့လား..."
အနောက်မှ ကျွမ်းလန်၏ အသံထွက်လာခဲ့သည်။

ဟယ့်ကျင်းယွင် အံ့အားသင့်သွားပြီး ဆေးရုံကုတင်ပေါ်ရှိ အမျိုးသမီးကို လှည့်ကြည့်ကာ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်...ကျွန်တော် နှောင့်ယှက်မိသွားတာလား..."

ကျွမ်းလန်က ခေါင်းယမ်းပြပြီး နူးညံ့စွာပြောခဲ့သည်။
"အမေ့ဘာသာ နိုးလာတာပါ..."

ဟယ့်ကျင်းယွင်က ဖုန်းကို လျင်မြန်စွာချကာ အနားသို့ချဥ်းကပ်သွား၏။
"အနာနာနေသေးလား...ထထိုင်ချင်လား..."

ကျွမ်းလန် ခေါင်းခါလိုက်သည်။
"ပိုကောင်းလာပါပြီ... အမေ နည်းနည်းထထိုင်ချင်တယ်..."

ဟယ့်ကျင်းယွင်က ကျွမ်းလန်ကို အိပ်ရာပေါ်မှကူထူပေးပြီး ရေတစ်ခွက်ထည့်ကာ ပိုက်တပ်၍ ပေးလိုက်သည်။

ကျွမ်းလန်က တစ်ငုံခန့်သာသောက်ပြီး ပြောလိုက်သည်။
"စောစောကမေးတာ မဖြေရသေးဘူးနော်... ကိစ္စတစ်ခုခုရှိနေတာလား...မင်း အလုပ်ရှုပ်နေရင် မြန်မြန်ပြန်တော့လေ...အမေ့ဘက်မှာ..."

"ကျွန်တော် အနည်းဆုံးတော့ အမေဆေးရုံဆင်းတဲ့အထိနေမှာ...ပြီးတော့ အဲဒါကကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး... စိတ်မပူနဲ့..."
ဟယ့်ကျင်းယွင်က ကျွမ်းလန်၏စကားကိုဖြတ်ပြောလိုက်သည်။

ကျွမ်းလန်က ခေါင်းခါလိုက်၏။
"ဒီဟာက အသေးစားခွဲစိတ်မှုပဲ...အခုဆိုခွဲစိတ်ပြီးသွားပြီလေ...ကျန်တဲ့အချိန်တွေအတွက် နာ့စ်ငှားလိုက်လို့ရတယ်... ဒါပေမယ့် မင်းအလုပ်ကရော...ဒီတိုင်းချန်ထားခဲ့မလို့လား..."

"အသေးစားခွဲစိတ်မှုလည်း ခွဲစိတ်မှုပဲလေ..."
ဟယ့်ကျင်းယွင်က ရှားရှားပါးပါး လေးနက်သော လေသံဖြင့် ပြောခဲ့၏။
"ဖုန်းရတုန်းကဆို ကျွန်တော် တကယ်လန့်သွားတာ..."

ကျွမ်းလန်က သူမအောက်နှုတ်ခမ်းကို ဖိထားပြီး ခဏအကြာတွင် ပြောလိုက်သည်။
"တောင်းပန်ပါတယ်...မင်းကို စိတ်ပူစေမိပြီ..."

ဟယ့်ကျင်းယွင်က ခေါင်းခါပြီး နူးညံ့စွာ ပြောလိုက်သည်။
"တော်သေးတာပေါ့ အဲဒါက အသေးစားခွဲစိတ်မှုလေးဖြစ်နေလို့..."

ဟယ့်ကျင်းယွင် ခဏရပ်ပြီးနောက် ပြောလိုက်သည်။
"အမေ...တရုတ်ကိုပြန်ဖို့ တကယ်မစဉ်းစားတော့ဘူးလား..."

သူ တရုတ်သို့ပြန်သည့်အကြောင်းပြောလိုက်ချိန်တွင် ကျွမ်းလန်၏ မျက်နှာက သိသိသာသာ ကြည့်ရဆိုးသွားခဲ့၏။

သူမက ခေါင်းအနည်းငယ်လှည့်၍ မှောင်နေပြီးဖြစ်သော ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ကာ အချိန်အတော်ကြာရပ်နေပြီးနောက် ပြောလာခဲ့သည်။
"မင်းမင်္ဂလာပွဲအတွက်တော့ သေချာပေါက် ပြန်လာပါ့မယ်..."

ဟယ့်ကျင်းယွင် ထိုအဖြေကို မျှော်လင့်ထားပြီးဖြစ်ကာ ယနေ့မှအတည်ထပ်ပြုခဲ့ခြင်းဖြစ်သည်။ သို့တိုင် သူ တစ်ခုခုပျောက်ဆုံးနေသလို ခံစားရဆဲဖြစ်၏။

ပြတင်းပေါက်နားရှိဖုန်းက တုန်ခါသွားပြီး လူနှစ်ဦး၏ အာရုံကို ချက်ချင်းဖမ်းစားသွားခဲ့သည်။

ဟယ့်ကျင်းယွင် မတ်တပ်ထရပ်ပြီး ဖုန်းကောက်ကိုင်ကာ ကြည့်လိုက်သည်။ ၎င်းက ယဲ့ဇယ်ရှစ်ထံမှ မက်ဆေ့ခ်ျဖြစ်သည်။

ယဲ့ဇယ်ရှစ်: "ကျွန်တော်အခုမှနိုးတာ... ခင်ဗျားရောက်ပြီလား..."

ဟယ့်ကျင်းယွင်၏အမူအရာက တစ်ခဏချင်းပျော့ပြောင်းသွားပြီး စာပြန်လိုက်သည်။
"ကိုယ်ရောက်ပြီ... မင်း မနက်စာစားပြီးပြီလား..."

ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်၏ မက်ဆေ့ခ်ျကိုမြင်ချိန်တွင် အံ့အားသင့်သွားခဲ့သည်။
"ကျွန်တော် မှတ်မိတာမမှားဘူးဆိုရင် အခု အင်္ဂလန်မှာ မနက်နှစ်နာရီကြီးမဟုတ်ဘူးလား...ခင်ဗျား အခုထိမအိပ်ရသေးတာလား..."

သူ့မျက်လုံးထဲရှိ အပြုံးကနက်ရှိုင်းလာခဲ့သည်။

သူက အချိန်ကွာခြားချက်တောင် တွေးပေးနေတာပဲ... ဒါက ငါ့ကို ဂရုစိုက်တာလို့ ယူဆလို့ရတယ်မလား...

ဟယ့်ကျင်းယွင်က ထိုသို့တွေးပြီး မက်ဆေ့ချ်ပြန်ပို့လိုက်သည်။
"မင်း ကိုယ့်ကိုစိတ်ပူနေတာလား..."

ထိုကဲ့သို့ မရေမရာမက်ဆေ့ချ်ကို ယဲ့ဇယ်ရှစ်မြင်လိုက်သည်နှင့် ယမန်နေ့ညက အဖြစ်အပျက်များကို တွေးမိသွားပြီး သူ့လက်ထဲရှိဖုန်းက ရုတ်တရက် အနည်းငယ်ပူလာသလို ခံစားလိုက်ရသည်။

အချိန်အတန်ကြာသည်အထိ ယဲ့ဇယ်ရှစ်ထံမှ ပြန်စာကို ဟယ့်ကျင်းယွင် မရခဲ့ပေ။ ဟယ့်ကျင်းယွင်က အခြေအနေအား မည်သို့ထိန်းချုပ်ရမည်ကို သိသောကြောင့် ဆက်မစနောက်တော့ချေ။ သူ ရှင်းပြလိုက်သည်။
"ကိုယ် ဒီကိုရောက်တာ သိပ်မကြာသေးဘူး...လေယာဉ်ပေါ်မှာ အကြာကြီးအိပ်ထားရတော့ အခု မအိပ်ချင်နေဘူး...ကိုယ် ခဏနေမှ အနားယူမလို့..."

ခဏအကြာတွင် ယဲ့ဇယ်ရှစ်၏ မက်ဆေ့ချ် ပြန်ရောက်လာခဲ့သည်။
"အိုး ဒါဆို မြန်မြန်အနားယူနော်... "

ဟယ့်ကျင်းယွင်က မထိန်းနိုင်ဘဲ ခပ်ဖွဖွရယ်မောကာ စာပြန်လိုက်သည်။

ဟယ့်ကျင်းယွင်၏ ရယ်သံကိုကြားချိန်၌ ကျွမ်းလန် လှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ချေ။

"အဲဒါ ယဲ့မိသားစုက ကလေးလား..."
ကျွမ်းလန် မေးလိုက်သည်။

ဟယ့်ကျင်းယွင်၏ မျက်လုံးများထဲ အံ့ဩမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ပြောလိုရ်သည်။
"အမေ့ရဲ့အလိုလိုသိစိတ်က အရမ်းတိကျနေသေးတာပဲ..."

ကျွမ်းလန် ပြုံးလိုက်၏။
"မင်း နိုင်ငံခြားထွက်လာတာတောင်မှ WeChat မှာ အဆက်အသွယ်ရှိနေသေးတာဆိုတော့ အရမ်းအရေးကြီးတဲ့သူတစ်ယောက်ပဲဖြစ်ရမယ်...နောက်ပြီး မင်းက ယဲ့ကျန့်ပင်းရဲ့အဆက်အသွယ်ကိုလည်း တောင်းခဲ့သေးတယ်... ပြီးတော့ မင်းနဲ့ အဲဒီယဲ့မိသားစုက ကလေး CP ကြော်ငြာတာ တွေ့လိုက်ရတယ်...အမေ မှတ်မိတာမှန်မယ်ဆိုရင် မင်း တခြားအနုပညာရှင်နဲ့ CP ကြော်ငြာဖို့ ဆန္ဒရှိတာ ဒါပထမဆုံးအကြိမ်မလား...မင်း သူ့ကိုလိုက်နေတာ တစ်နှစ်ကျော်ပြီမလား..."

ဟယ့်ကျင်းယွင်က မငြင်းသော်လည်း အမှန်ပြန်ပြင်ပေးခဲ့၏။
"ကျွန်တော် သူ့ကို လိုက်တာမကြာသေးဘူး...ပြီးတော့ သူ့ကိုလိုက်ဖို့ အဆက်အသွယ်အချက်အလက်တောင်းခဲ့တာမဟုတ်ပါဘူး... အဲဒီတုန်းက ကျွန်တော် သူနဲ့ ပူးပေါင်းဖို့အကြောင်းပဲ ပြောချင်ခဲ့တာ...အဲဒါကြောင့် အာမခံဖြစ်အောင် အလွှာတစ်ခုထပ်ထည့်ခဲ့တာ..."

ကျွမ်းလန်က ပြောလိုက်သည်။
"အခုလက်ရှိအခြေအနေကရော..."

"မကြာခင်ပေါ့..."
ဟယ့်ကျင်းယွင် ပြောလိုက်သည်။

ကျွမ်းလန်၏ မျက်လုံးများက အနည်းငယ်တောက်ပလာပြီး ဟယ့်ကျင်းယွင်အတွက် စိတ်ရင်းဖြင့် ပျော်ရွှင်သွားခဲ့သည်။
"ဒါဆို တရုတ်ပြည်ပြန်ဖို့က သိပ်မဝေးတော့တဲ့ပုံပဲ..."

"အဲဒါက မသေချာသေးပါဘူး..."
ဟယ့်ကျင်းယွင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။
"တကယ်တော့ သူ ကျွန်တော့်ကို လက်မခံရသေးဘူး..."

"မကြာခင်ဖြစ်လာတော့မှာ..."
ကျွမ်းလန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ဟယ့်ကျင်းယွင်၏ မျက်နှာပေါ်ရှိ စိတ်သက်သာရသော အပြုံးက သူ မည်မျှ ပျော်နေသည်ကို ပြသနိုင်ခဲ့၏။

ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်အကြောင်း လိုက်သည်နှင့် သူ့နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးတက်သွားပြီး ထပ်မငြင်းမနေတော့ချေ။

ယဲ့ဇယ်ရှစ်နှင့် ပတ်သက်သော အကြောင်းအရာများဖြင့် မိခင်နှင့်သားကြားရှိ စကားဝိုင်းက ပို၍ ပို၍ သက်တောင့်သက်သာရှိလာခဲ့သည်။

ထိုအချိန်တွင် မတူညီသောအချိန်ရှိသည့် တရုတ်နိုင်ငံ၌ ကောင်းရှူနှင့် ယဲ့ဇယ်ရှစ်တို့၏ စကားဝိုင်းကမူ လိုက်လျောညီထွေ မရှိလှပေ။

ယဲ့ဇယ်ရှစ် နိုးလာချိန်တွင် သူက hot search တက်နေသည်ကို သိလိုက်ရပြီး မမျှော်လင့်စွာပင် ကောင်းရှူက သူအသိမပါဘဲ Weibo ပေါ်၌ ရှင်းလင်းချက်တစ်ခု တင်ခဲ့၏။

တကယ်လို့ ဖန်တစ်ယောက်ပေးခဲ့တာဆိုရင်တောင် ဟယ့်ကျင်းယွင် ရေးခဲ့မှန်းအသိသာကြီးလို့...


🎶🎶🎶