နူးညံ့သိမ်မွေ့သော
အမျိုးသား အိုမီဂါလေး
အပိုင်း
၁
ပထမဆုံး
ဗဟိုစစ်ဘက်ကျောင်းတော်၏ စာသင်နှစ်အစတွင် တက်ရောက်လာကြသော ကျောင်းသားများမှာ တောက်ပနေသော
မျက်လုံးများဖြင့် ပြုံးရွှင်လျက် ၎င်းတို့၏ အနာဂတ် ကျောင်းသားဘဝအတွက် မျှော်လင့်ချက်တို့
ပြည့်နေကြသည်။ ၎င်းတို့အားလုံးမှာ မေး’များကို ချီထားလျက်ရှိပြီး ၎င်းတို့၏ ခိုင်မာ၍
ရှည်လျားသော ခြေလှမ်းများက ၎င်းတို့၏ အောင်မြင်ခြင်းအတွက် ဆုံးဖြတ်ချက်ကို ကိုယ်စားပြုနေသည်။
ပထမဆုံးစစ်ဘက်ကျောင်းတော်မှ
လူတိုင်းက ဗဟိုအစိုးရ၏ အကောင်းမွန်ဆုံး ဓားသွားများဖြစ်ကြ၏။
“နောက်ထပ်
ငနုံ လူသစ် တစ်သုတ်ပဲ”
“ထပ်ပြီးတော့
နောက်ထပ် ဝံပုလွေပေါက်စလေးတစ်ဖွဲ့က ငါတို့ အစာကို လာလုကြပြီပေါ့လေ!”
ယူနီဖောင်းများအား
ဖရိုဖရဲ ဝတ်ဆင်ထားကြသည့် ကျောင်းသားဟောင်း အချို့မှာ အတူတကွ စုစည်း၍ နုနယ်သည့် ကျောင်းသားသစ်လေးတစ်အုပ်ထံ
သနားမှု၊ ခါးသီးမှုတို့ဖြင့် ကြည့်ရင်း လက်ကမ်းစာစောင်များဝေနေကြသည်။
“ဒီကို
ရောက်ပြီးရင် သူတို့အားလုံးက တခြားလူတွေအတွက် သဲအိတ်လေးတွေ ဖြစ်မယ်ဆိုတာ မကြာခင် သိကြလိမ့်မယ်။”
“ဟေး၊
မကြာခင်က ဘယ်သူ အသွင်ကူးပြောင်းခဲ့တာလဲ?”
“မနှစ်က
အသွင်ကူးပြောင်းမယ်လို့ ယူဆထားခဲ့ကြတဲ့ လူတိုင်း ကူးပြောင်းခဲ့တာမဟုတ်ဘူးလား?”
ဗဟိုအစိုးရဌာနချုပ်တွင်
အသက် ၁၇နှစ်မှ ၁၈နှစ် အရွယ်များမှာ *ဖယ်ရိုမုန်း ပြောင်းလဲရေးအတွက် အရေးကြီးသည့် ကာလအပိုင်းအခြားဖြစ်ရာ
ထိုအတောအတွင်း ကျောင်းသားများက အယ်လ်ဖာ၊ ဘီတာ သို့မဟုတ် အိုမီဂါအသွင် ကူးပြောင်းသွားတတ်ကြသည်။
အစဉ်အလာအရ အယ်လ်ဖာများထံ၌ အသန်မာဆုံး တိုက်ခိုက်နိုင်စွမ်းရှိပြီး အိုမီဂါများမှာ တိုက်ခိုက်အားနည်းသော်လည်း
အသေးစိတ်အကျဆုံး ဖြစ်ကာ ဘီတာများကမူ မည်သည့်အပိုင်း၌မဆို ပျမ်းမျှအဖြစ်ရှိနေသည်။
*(
ဖယ်ရိုမုန်း = အစားအစာရှိသည့်နေရာကိုပြရန်၊ အန္တရာယ်ရှိကြောင်း သတိပေးရန်၊ ကာမဆက်ဆံလိုကြောင်း
ပြသရန် ထုတ်လွှတ်ပေးသော ရနံ့)
မှန်ပါ၏၊
နည်းပညာတိုးတက်မှု၊ အမျိုးအစား ၃ခုအကြား ကွာခြားချက်များမှာ ဖြည်းဖြည်းချင်း နည်းပါးလာပြီး
သမိုင်းတလျှောက် အယ်လ်ဖာများကို ယှဉ်ပြိုင်နိုင်သည့် အံ့အားသင့်ဖွယ် အိုမီဂါနှင့် ဘီတာ
ခေါင်းဆောင်များ ရှိခဲ့ကြသည်။
သဘာဝကျကျပင်
ပါရမီထူးလေ အသွင်ကူးပြောင်းမှု ပိုစောလေဖြစ်သော်လည်း ကျောင်းသားများ၏ တစ်စိတ်တပိုင်းကမူ
စစ်ဘက်ကျောင်းတော်သို့ ဝင်ရောက်ပြီးသည့်တိုင် အပြည့်အဝ အသွင်ကူးပြောင်းကြခြင်းမရှိသဖြင့်
ကျောင်းသားများမှာ ပထမနှစ်အတွင်း ရောနှောသင်ကြားခြင်း အတန်းများကို ယူကြရသည်။
“လိုအပ်တဲ့သူ
နည်းနည်းလောက် ရှိတယ်မဟုတ်ဘူးလား.......”
“ကျီယွဲ့ကျစ်!”
“သူ
နောက်ဆုံးတော့ အသွင်ကူးပြောင်းသွားပြီလား?” လက်ထဲ၌ လက်ကမ်းစာစောင်တစ်ထပ်ကို ကိုင်ထားဆဲဖြစ်သည့်
ကျောင်းသားဟောင်းတစ်ဦးက သူ၏ အတန်းဖော်မှာ အတော်ကြာကြာတည်းက ပျောက်ကွယ်သွားကြောင်းကို
သတိမထားမိခဲ့ချေ။ သူဟာ ဆက်၍ ပြောနေတုန်းပင်၊ “သူသာ မကြာခင်မှာ အသွင်မကူးပြောင်းဘူးဆိုရင်.....”
‘ဒေါက်-ဒေါက်’
အနက်ရောင်
စစ်ဖိနပ်များမှာ မီးခိုးရောင်နှင့် အဖြူအစင်းပါ စကျင်ကျောက်ကြမ်းပြင်ထက် တဒေါက်ဒေါက်အသံဖြင့်
လျှောက်လာကြပြီး နောက်ဆုံးတွင် ရပ်လိုက်ကြသည်။ နေရောင်အောက်တွင် ထိုဖိနပ်များ၏ ချွင်းချက်မရှိ
သန့်ရှင်းသော မျက်နှာပြင်ကို မြင်ရသည့်အခါ လက်ကမ်းစာစောင်မိတ္တူများကို အားဖျော့စွာ
ကိုင်ထားသည့် ကျောင်းသားမှာ တဖြည်းဖြည်းချင်း မျက်နှာတည်သွား၏။
ထိုလက်ကမ်းစာစောင်ကိုင်ထားသည့်
ကျောင်းသားက ဖြည်းညင်းစွာ ခေါင်းကို မော့၍ သူ့ထံ မျက်နှာမူနေသည့် စစ်ဗိုလ်လောင်းကို
ကြည့်လိုက်သည်၊ တစ်ဖက်လူမှာ အရပ်ရှည်၊ ကျောဖြောင့်၍ ပုံစံတစ်ခုစလုံးမှာ ကောင်းကင်ကို
ထိုးဖောက်မည့် ဓားတစ်လက်နှယ်ဖြစ်၏။ သူ့ထံ၌ အနည်းငယ် အေးစက်မှုကို ဖုံးကွယ်ထားသည့် နက်မှောင်သော
မျက်ဝန်းကျဉ်းတစ်စုံရှိသည်၊ သူ့ စစ်ဝတ်စုံ၏ ဘယ်ဘက်ရင်အုပ်ထက်၌ အဝါရောင်ဂျုံပင်အမှတ်အသားကို
ဝတ်ထားသည်။
၎င်းမှာ
လေစည်းကမ်းထိန်းသိမ်းရေးဌာနခွဲအတွက် အမှတ်အသားပါပင်။
“ကျီ၊
ကျီ...” လက်ကမ်းစာစောင်ကိုင်ထားသူမှာ နေရာ၌ပင် ဖျော့တော့သွားပြီး လက်ကမ်းစာစောင်များကို
မြေပြင်ထက် မတော်တဆ ပစ်ချလိုက်ကာ သူ၏ယူနီဖောင်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်နေ၏။
“ဖရိုဖရဲ
ဝတ်စားမှုအတွက် ၂မှတ်လျှော့တယ်” ကျီယွဲ့ကျစ်မှာ မြေပြင်ပေါ်၌ ပြန့်ကျဲနေသော လက်ကမ်းစာစောင်များကို
ကြည့်၍ တုံ့ဆိုင်းမနေဘဲ ပြောလာသည်။ “နေရာအနှံ့ ရှုပ်ပွစေတဲ့အတွက် ၂မှတ်လျှော့တယ်”
လက်ကမ်းစာစောင်
ကိုင်ထားသည့် ကျောင်းသားမှာ သူ၏ ယူနီဖောင်းအား ပြင်ဆင်ပြီးနောက်၌ ချက်ချင်း ထိုင်ချ၍
ထိုလက်ကမ်းစာစောင်များကို ကောက်ယူကာ ခါးသက်သက်မော့ကြည့်လျက် ပြောလေသည်။ “ကျ၊ ကျွန်တော် အခု ကောက်လိုက်ပါပြီ၊ အမှတ်တွေ မနုတ်လို့ရမလား?”
နှစ်တစ်ဝက်တာတိုင်းတွင်
ကျောင်းသားတစ်ဦးစီကို အစ၌ အမှတ် ၂၀ ပေးထားပြီး သုညမှတ်သို့ လျော့ကျသွားသည်နှင့် ထိုလူမှာ
မောင်းထုတ်ခြင်းကို ရင်ဆိုင်ရလိမ့်မည်။ ပထမစစ်ဘက်ကျောင်းတော်တွင် အမှတ်နုတ်ခြင်းအတွက်
အကြောင်းအရင်းများစွာ ရှိပြီး ထိုအကြောင်းအရင်းများ၏ အဓိကအချက်မှာ စွမ်းရည်နှင့် စည်းကမ်းထိန်းသိမ်းရေးဌာနခွဲ
ဒါရိုက်တာ ကျီယွဲ့ကျစ်တို့အပေါ် မူတည်သည်။
ကျီယွဲ့ကျစ်၏
နောက်ရှိ အမျိုးသမီး အယ်လ်ဖာမှာ သူမ၏ ထက်မြတ်သော ဦးနှောက်ဖြင့် ထိုလက်ကမ်းစာစောင်ဝေသည့်
ကျောင်းသား၏ မျက်နှာကို စကန်ဖတ်ခြင်းအား အပြီးသတ်၍ သူ၏ စကားလုံးများကြောင့် ကြိတ်မိ၏၊
“လေစည်းကမ်းထိန်းသိမ်းရေးဌာနခွဲက အမှတ်တွေလျှော့ပြီးမှ ပြန်ပေးတယ်ဆိုတဲ့ ဖြစ်ရပ်မျိုး
မြင်ဖူးလို့လား? မင်းသာ မင်းရဲ့ အမှတ်တွေ အနုတ်မခံချင်ရင် မင်းအနေနဲ့ စစ်ဘက်ကျောင်းတော်
လက်စွဲစာအုပ်ကိုလိုက်နာရမယ်။”
လက်ကမ်းစာစောင်ဝေသည့်
ကျောင်းသားမှာ စာစောင်များကို အလျင်စလို ကောက်ယူပြီးနောက် မတ်တပ်ရပ်လိုက်ရာ သူ၏ လက်ပတ်ထက်ရှိ
မက်ဆေ့တွင် သူ့အား ၄မှတ် နုတ်ထားကြောင်း မြင်လိုက်ရ၏။ သူ၏ ရင်မှာ တင်းကြပ်သွားသော်လည်း
စည်းကမ်းထိန်းသိမ်းရေး ဌာနမှ လူများ သူ့ဘေးပတ်လည်၌ တိတ်တဆိတ် ပေါ်လာရာ သူ့အနေနှင့်
သူ၏ ကံဆိုးမှုကိုသာ အပြစ်ဖို့လိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် လူပေါင်းများစွာက သူ၏
အမှတ်များကို မည်သို့ဖြစ်ဖြစ် နုတ်ကြမည်ဖြစ်၏။ သူအသိပြန်ဝင်လာချိန်တွင် ကျီယွဲ့ကျစ်က
ထွက်သွားပြီးဖြစ်သည်။
ပထမစစ်ဘက်ကျောင်းတော်မှာ
ဗဟိုဌာနချုပ်တွင် အကောင်းဆုံးကျောင်းတော်ဖြစ်သည်။ အတော်ဆုံး ကျောင်းသားအားလုံး ဤနေရာ၌
စုစည်းနေ၏။ ဤသည်မှာ ဗဟိုဌာနချုပ် ခေါင်းဆောင်များစွာ၏ အစပျိုးခဲ့ရာနေရာဖြစ်သည်။ ဝင်ရောက်နိုင်ခဲ့သည့်
ကျောင်းသားများမှာ ထူးချွန်ကြ၏။ ပထမစစ်ဘက်ကျောင်းတော်၏ ကျောင်းသားများမှာ အတော်လေးစည်းကမ်းမဲ့ကြသည်။
ဤပြဿနာကို ဖြေရှင်းရန် ကျောင်းတော်မှ စည်းကမ်းထိန်းသိမ်းရေးဌာနတစ်ခု တည်ထောင်ခဲ့၏။
ထိုဌာနသို့ဝင်ရောက်နိုင်သည့် ကျောင်းသားများမှာ ချွင်းချက်မရှိ အကောင်းဆုံးကျောင်းသားများပါပင်။
လိုရင်းဆိုရသော်
စည်းကမ်းထိန်းသိမ်းရေးဌာနမှာ အစွမ်းဆောင်နိုင်ဆုံး ကျောင်းသားအဖွဲ့တစ်ခုကို စုစည်းထား၏။
“မဝတ်တော့
ဘာဖြစ်သွားလို့လဲ? စစ်မြေပြင်မှာ အနိုင်ရဖို့အတွက် စစ်ဝတ်စုံ ဝတ်ဖို့ လိုအပ်လား?”
ကျောင်းဂိတ်ဝမှ
ရုတ်တရတ် အသံစူးစူးထွက်လာရာ လူတိုင်းအား သတိထား ကြည့်မိလာစေသည်။ ၎င်းတို့ကြားတွင် လက်ကမ်းစာစောင်ဝေသည့်
ကျောင်းသားရှိနေသည်။ သူဟာ ခြေဖျားထောက်၍ လှမ်းမျှော်ကြည့်လိုက်ရာ စစ်ယူနီဖောင်း ဝတ်မထားသည့်
အရပ်ရှည်ရှည် စစ်ဗိုလ်လောင်းတစ်ဦး ကျောင်းထဲ ဝင်လာဖို့ လုပ်နေသည်ကို တွေ့လိုက်ရသည်။
သူနှင့် မျက်နှာချင်းဆိုင်ရပ်နေသူမှာ စည်းကမ်းထိန်းသိမ်းရေးဌာနမှ ဖြစ်၏။
“ဘုရားရေ
ဒါက ပြဿနာရှာမယ့် လူသစ်လေးပဲ ရဲရင့်လိုက်တာ!” လက်ကမ်းစာစောင်ဝေသည့် ကျောင်းသားက သက်ပြင်းချလိုက်သည်။
၎င်းတို့သည်လည်း ယခင်က ငယ်ရွယ်သလို မိုက်လည်း မိုက်မဲခဲ့ကြပါ၏။
လူတိုင်း
ကြည့်နေသဖြင့် ထိုစစ်ဘက်ကျောင်းတော်၏ ကျောင်းသားမှာ ပို၍ပို၍ ဒေါသဖြစ်လာပြီး နောက်ဆုံးတွင်
စည်းကမ်းထိန်းသိမ်းရေးဌာနမှ လူများကိုပင် တိုက်ခိုက်လာတော့သည်။ စည်းကမ်းထိန်းသိမ်းရေးဌာနမှ
စီနီယာမှာ တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်လာဝံ့မည်ဟု မထင်ထားသဖြင့် နောက်သို့ မသိလိုက်ပါဘဲ
ဆုတ်လိုက်မိကာ ထိုနောက်ဆုတ်ခြင်းက သူ့အား အားနည်းချက်ဖြစ်သွားစေသည်။ ဘေးပတ်လည်တွင်
ရုတ်ရုတ်သဲသဲဖြစ်လာပြီး နီးနီးကပ်ကပ်ကြည့်,ကြည့်ပါက ပင့်သက်ရှိုက်သံများ ပြုလုပ်လာသည်မှာ
စီနီယာကျောင်းသားများဖြစ်ကြောင်း တွေ့နိုင်သည်။
ဤ
ကျောင်းသားသစ်မှာ အင်မတန်မောက်မာလှပြီး ကျွမ်းကျင်မှုအချို့ရှိကာ တိုက်ကွက်နည်းနည်းလေးနှင့်
စည်းကမ်းထိန်းသိမ်းရေးဌာနမှ စီနီယာကို တကယ်ပဲ ဖိနှိပ်ကာ ဖယ်ရိုမုန်းများပင် ထုတ်လွှတ်လာသည်။
အယ်လ်ဖာတစ်ဦးပိုင်ဆိုင်သည့် ကာဗွန်မီး ရနံ့ပြင်းပြင်းက တိုက်ရိုက်တိုက်ခိုက်လာကာ ရှိနေသော
လူတိုင်းကို ဖိနှိပ်လိုက်သည်၊ သူဟာ တကယ်ကို အသွင်ကူးပြောင်းထားပြီးပြီပင်!
ကြိုတင်
အသွင်ကူးပြောင်းနိုင်ခြင်းနှင့် အင်မတန်မောက်မာခြင်းကြောင့် ဤလူသစ်လေးမှာ အင်မတန် အရေးပါကို
ပါရမည်။
“စစ်ယူနီဖောင်းဝတ်ပြီးတာတောင်
မင်းရဲ့ခွန်အားက ဒါပဲရှိတာလား” လူငယ်က ရယ်သည်။ သူဟာ စည်းကမ်းထိန်းသိမ်းရေးဌာနမှ စီနီယာ၏
လက်ကိုင်တုတ်ကို ရှောင်တိမ်းကာ ရင်ဘတ်ကို အားဖြင့် ဆောင့်ကန်လိုက်သည်။ “ဘန်း!”
အနက်ရောင်အရိပ်တစ်ခု
ဖျတ်ခနဲပေါ်လာကာ လူသစ်၏ ခြေထောက်မှာ ဒူးတုန်လောက်ဖွယ်အသံဖြင့် ကျိုးသွား၏။
လက်ကမ်းစာစောင်ဝေသည့်
ကျောင်းသားမှာ ဖြောင့်မတ်မတ်ပုံရိပ်ကို ကြည့်၍ လက်ဖြင့် မျက်လုံးများကို ကာ ကာ နောင်တရစွာဖြင့်
သက်ပြင်းချလိုက်သည်။ “ဘုရားရေ၊ ခြေထောက် ကျိုးသွားလောက်ပြီ” ထို့နောက် သူဟာ အမြန် လက်ချောင်းများကို
ဟ၍ ၎င်းတို့အား သေချာလိုက်ကြည့်နေလိုက်၏။
လူသစ်မှာ
မျက်နှာရှုံ့တွလျက် နောက်တစ်ဦးကို ကြည့်လိုက်သည်။ “နှစ်ယောက် တစ်ယောက်? ငါက....”
သူ၏
စကားမဆုံးခင်တွင် လက်တစ်ဘက်က သူ၏ လည်ပင်းကို အားဖြင့် ဖမ်းဆုပ်လိုက်ကာ ထိုလူမှာ သူ့အား
တင်းကြပ်စွာ ဖမ်းကိုင်လျက် တိုင်တစ်တိုင်ဖြင့် ကိုင်ရိုက်လိုက်၏။ မူလက စည်းကမ်းထိန်းသိမ်းရေးဌာနထံမှ
စီနီယာထက် အားသာနေသည့် လူသစ်မှာ ယခုတွင် ခုခံဖို့ အင်အားမရှိတော့ပေ။ လူသစ်မှာ ခေါင်းမူးနေပြီး
ယခင်က ဤမျှလောက် ရှက်ရွံ့ရခဲ့ခြင်းမျိုးလည်း မရှိဖူးပါချေ။ သူဟာ မိမိ၏ လည်ပင်းကို တင်းကြပ်စွာ
ဖမ်းကိုင်ထားပြီး သူ့နောက်ရှိလူထံ ဓားတစ်ချောင်းသဖွယ် လက်တစ်ဖက်ဖြင့် ပြေးဝင်လိုက်၏။
သို့သော်ငြား ဆန့်ကျင်ဘက် ဖြစ်ပွားသွားခဲ့သည်။ သူ အောင်မြင်စွာ မတိုက်ခိုက်နိုင်လိုက်ခင်မှာပင်
တစ်ဘက်လူက ရှေ့သို့ အလောတကြီးတိုးလာပြီး သူ၏ လက်ကို ဆွဲကာ လိမ်ချိုးလိုက်ပါ၏။
“ဂျွတ်–”
သွားကျိန်းစရာ
အရိုးကျိုးသံကို ထပ်ကြားလိုက်ရပြန်သည်။
သူ၏
ခြေလက်များ ကျိုးသွားခြင်းကြောင့် လူသစ်၏ တိုက်ခိုက်နိုင်စွမ်းမှာ တစ်ဝက်လောက် လျော့သွားသည်။
ကျီယွဲ့ကျစ်က သူ့အား တိုက်ရိုက်ပင် ကန်ထည့်လိုက်ပြီး ကျောင်းဂိတ်အပြင်ဘက် မောင်းထုတ်လိုက်၏။
ထို့နောက်တွင် ဖြည်းဖြည်းချင်း လျှောက်သွားကာ မျက်မှောင်ကျုံ့၍
အေးစက်စက် ပြောခဲ့သည်။ “စစ်ယူနီဖောင်းမဝတ်လို့ ၅ မှတ် လျှော့မယ်၊ ကျောင်းတော်မှာ အကြောင်းအရင်းမဲ့
ဖယ်ရိုမုန်း ထုတ်လွှတ်တဲ့အတွက် ၁၀မှတ်လျှော့မယ်။”
သူဟာ
အမှတ်လျှော့ရန် ရှေ့တိုးလာသည့် စည်းကမ်းထိန်းသိမ်းရေးရုံးမှ ကျောင်းသားကို ကြည့်လိုက်သည်။
သူသည်လည်း ကျောင်းသားသစ်နှင့် တိုက်ခိုက်ခဲ့သည့် စီနီယာပါပင်။ “စီမံခန့်ခွဲရေး ညံ့ဖျင်းတဲ့အတွက်
၅မှတ်နုတ်မယ်။”
“ဟုတ်ကဲ့ပါ!”
စည်းကမ်းထိန်းသိမ်းရေးဌာနမှာ တုံ့ဆိုင်းမှုမရှိ သူ၏ ကိုယ်ပိုင်အမှတ်များကို နုတ်လိုက်သည်။
ဤအခိုက်တွင်
လက်ကမ်းစာစောင်ဝေသူက လက်များကို ချလိုက်တော့၏။ သူဟာ ကျောင်းဂိတ်အပြင်ဘက် ရောက်သွားသည့်
ကျီယွဲ့ကျစ်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူဟာ ကျောင်းသားသစ်အတန်းပင်
မခွဲခင်၌ အောင်မြင်စွာ ‘ထီးနန်းလုယူ’ဖြစ်လာဖို့ ထိုက်တန်သည်။ သူဟာ ကျောင်းရှိ အဆင့်
၁၀အတွင်း ဝင်ခဲ့သည့် အယ်လ်ဖာစီနီယာကို စည်းကမ်းထိန်းသိမ်းရေးဌာန၏ ဒါရိုက်တာ ရာထူးမှ
မောင်းထုတ်ပြီး လူများကို ပြန်လည် ဖွဲ့စည်းခဲ့သည်။
လက်ကမ်းစာစောင်ဝေသူမှာ
ရုတ်တရတ် ခေါင်းငုံ့၍ ကျောင်းဖိုရမ်တွင် အမည်မသိ ပို့စ်တစ်ခုကို ရေးတင်လိုက်သည် - ငါ့ကို
ဒီနေ့ စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ ဒါရိုက်တာက ၄မှတ်လျှော့သွားတယ်~
တစ်မိနစ်အတွင်း
မက်ဆေ့ပေါင်းဒါဇင်ချီက အတန်းလိုက် ပေါ်လာသည် - ကံကောင်းပါစေနော်!
ယခုတွင်
သူ့အား စည်းကမ်းထိန်းသိမ်းရေးဌာန၏ ဒါရိုက်တာက ကိုယ်တိုင် အမှတ်လျှော့ခဲ့ခြင်းဖြစ်ရာ
၎င်းမှာ ပထမစစ်ဘက်ကျောင်းတော်တွင် ကံကောင်းမှု သင်္ကေတဖြစ်သည်။ အမှတ်အချို့ကို ဟိုနေရာ
သည်နေရာ နုတ်နေကျဖြစ်ပြီး သူ့အနေနဲ့ နောက်တကြိမ် ပြိုင်ပွဲများ သို့မဟုတ် အတန်းထဲ၌
ပြန်ရနိုင်ပါ၏။ သို့သော်လည်း ကျီယွဲ့ကျစ်က နေ့တိုင်း ထွက်လာတတ်သည်တော့ မဟုတ်ပေ။
နောက်ထပ်
မူမမှန်သည့် ပွက်လောရိုက်မှု ဖြစ်လာသည်။ လက်ကမ်းစာစောင်ဝေသူမှာ တံခါးဆီ ခြေ ၂လှမ်း
လှမ်းလိုက်ပြီး မနေနိုင်ဘဲ အသက်တစ်ချက် ရှိုက်လိုက်၏ - ဝိုး၊ ဘာပဲဖြစ်ဖြစ် ကျောင်းပထမဆုံးနေ့လေးကို
အကောင်ကြီးတွေ အားလုံး ဒီကို ရောက်နေကြပြီ။
အနက်ရောင်ကားတစ်စင်းက
ကျောင်းအပြင်ဘက်၌ ထိုးရပ်လိုက်၏။ ကား၏ ကိုယ်ထည်မှာ အင်မတန် ချောမွတ်ပြီး ပြတင်း ၂ ပေါက်စလုံး
ကျသွားသည်။ ယာဉ်မောင်းခုံရှိ လူမှာ ကျန်းမိသားစု၏ တစ်ဦးတည်းသောသား ကျန်းဟုန်ဖြစ်၏။
သူဟာ ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး တစ်နှစ်တည်းတွင် ပထမစစ်ဘက်ကျောင်းတော်၏ အနီရောင်စာရင်း
ထိပ်ဆုံးအဆင့် ၅နှင့် အယ်လ်ဖာ တိုက်ခိုက်ရေး အဆင့်စာရင်း၏ ထိပ်ဆုံး အဆင့် ၃အထိ ရောက်လာခဲ့သည်။
သို့သော်လည်း....
လူတိုင်း၏ မျက်လုံးများက နောက်ခုံရှိ လူထံ သိသိသာသာကျရောက်သွား၏။
သူမ၏
ကျောလယ်လောက်ရှိသည့် ဆံပင်ကို ခေါင်းအနောက်ဘက်၌ သာမန်ကာလျှံကာမျှ မြှောက်စီးထားပြီး
နားရွက်တစ်ဝိုက်၌ ဆံချည်မျှင်လေးအချို့ ဝဲကျနေသည်။ သူမ၏ မျက်နှာ အသွင်ပြင်မှာ ရှင်းလင်းပြီး
မျက်ခုံးများနှင့် မျက်လုံးများက အင်မတန် လှပကာ မမေ့လျော့နိုင်လောက်သည့် နီးပါးပင်။
သူမဟာ ကျောင်းဂိတ်ထံ မျက်နှာကို လှည့်လာပြီး ယခုနက ဖြစ်ပွားခဲ့သည်ကို အချိန်တစ်ခုကြာအောင်
ကြည့်လိုက်သည်။ သူမဟာ ပြတင်းအပြင်ဘက်ကို လက်တစ်ဘက်ထုတ်၍ လက်ချောင်းများအကြား၌ စီးကရက်တစ်လိပ်ကို
ညှပ်ထားကာ မည်သူမှ ရှိမနေသည့်နှယ် ပြာများကို တောက်ချလိုက်သည်။ ပြာများက လေနှင့်အတူ
မျောပါ၍ ပထမဆုံးစစ်ဘက်ကျောင်းတော်၏ ဧရိယာကို ခွဲခြားထားပေးသည့် မျဉ်းနီထံ ကျရောက်သွားသည်။
၎င်းမှာ
အသက် ၁၅နှစ်အရွယ်၌ ထိပ်တန်းအဆင့် အယ်လ်ဖာအဖြစ် အသွင်ကူးပြောင်းသွားခဲ့သော ကျိုးမိသားစု၏
ဆက်ခံသူ ကျိုးလော့ဟွမ်ပါပင်။ သူမ၏ ဖယ်ရိုမုန်းများမှာ ဗဟိုအစိုးရ၌ လက်ရှိစာရင်းသွင်းထားသည့်
အယ်လ်ဖာအားလုံးကို ဖိနှိပ်နိုင်သည်ဟု ဆိုကြသော်လည်း သူမက ကျောင်းတော်၌ ဘယ်တုန်းကမှ
ဖယ်ရိုမုန်းများကို ထုတ်ခဲ့ခြင်းမရှိပေ။
ကျောင်းဂိတ်ရှိ
ကျီယွဲ့ကျစ်မှာ ပြာများကို ကြည့်၍ ထိုနေရာသို့ လျှောက်သွားလိုက်သည်။
ထိုအချိန်၌
ကျိုးလော့ဟွမ်မှာ ကားတံခါးကို ဖွင့်ကာ တူညီသည့် အနက်ရောင်စစ်ဖိနပ်များဖြင့် မြေပေါ်
ခြေချလိုက်သည်။ သူမက ကားတံခါးကို သာမန်ကာလျှံကာသာ ပိတ်၍ သူမ၏ ယူနီဖောင်းကို ကြယ်သီးအားလုံးမတပ်ဘဲ
ရှုပ်ထွေးစွာ ဝတ်ဆင်ကာ ကားအား ပျင်းပျင်းရိရိ မှီတွယ်နေလေ၏။ ထို့နောက် ခေါင်းငုံ့လျက်
လက်ကို အသာမြှောက်ကာ စီးကရက်တစ်ချက်ရှိုက်ပြီး အငွေ့ဖြူဖြူများကို ဖြည်းဖြည်းချင်း
မှုတ်ထုတ်လိုက်တော့သည်။
ဘဝင်မြင့်လိုက်တာ!
အရမ်း ဘဝင်မြင့်တာပဲ!
၎င်းတို့ရှေ့ရှိ
ပွဲအသစ်လေးကို ကြည့်ခဲ့ပြီးနောက်တွင် လူတိုင်းမှာ ယခု ကျိုးလော့ဟွမ်နှင့် သူမထံ လျှောက်သွားတော့မည့်
ကျီယွဲ့ကျစ်ကို ကြည့်ရင်း နှလုံးများ တင်းကြပ်လာကြသည်။
ဒီနှစ်ယောက်က
နောက်ဆုံးတော့ ရင်ဆိုင်ကြတော့မှာပေါ့?
ကျိုးမိသားစုနှင့်
ကျီမိသားစုနှစ်ခုစလုံးမှာ စစ်ရေးကောင်စီနှင့် သက်ဆိုင်ကြပြီး မတူညီသည့် စစ်ဘက်အဖွဲ့အစည်းများဖြစ်ကြသော
ဆောင်းရာသီစစ်တပ်နှင့် တိရှစ်ချီ (ဆယ့်ခုနှစ်ကြိမ်မြောက်)စစ်တပ်တို့ကို ဦးဆောင်နေကြသည်။
မိသားစု ၂စုမှာ အချိန်ကြာ စစ်ဘက်ရင်းမြစ်များအတွက် ထိပ်တိုက်တွေ့ခဲ့ကြပြီး ဗဟိုအစိုးရဌာနချုပ်တစ်ခုလုံးကလည်း
၎င်းတို့က သဟဇာတဖြစ်မနေသည်ကို သိကြ၏။
ကျိုးလော့ဟွမ်နှင့်
ကျီယွဲ့ကျစ်တို့ ကျောင်းသို့ အတူဝင်လာကတည်းက လူများစွာမှာ နှစ်ဦးကြား ဆက်ဆံရေးအပေါ်
မျှော်လင့်နေကြသည်။ ကံမကောင်းစွာဖြင့် တစ်ဦးမှာ အယ်လ်ဖာအသွင်ပြောင်းသွားခဲ့ပြီဖြစ်သော်လည်း
သူဟာ ကျောင်းမှ အဝေးသွားကာ အချိန်ကြာ အနားယူခဲ့ပြီး တစ်ဖက်လူက ၁၈ပြည့်ခါနီး ဖြစ်တယ်လို့ပြောပြီး
အသွင်မကူးပြောင်းရသေးပေ။ ရလာဒ်အနေဖြင့် ၁နှစ်တာလုံးအတွက် နှစ်ဦးသားမှာ ဆုံပင်မဆုံဘဲ
အချင်းချင်း အေးဆေးနေခွင့်ပေးထား၏။
ဒီမြင်ကွင်းက
နောက်ဆုံးတော့ ဒီနေ့မှာ ဖြစ်လာခဲ့ပြီလား?
ကျီယွဲ့ကျစ်မှာ
အသွင်မကူးပြောင်းရသေးသော်လည်း လက္ခဏာရပ်အားလုံးက သူဟာ အနာဂတ်တွင် သေချာပေါက် ထိပ်တန်းအယ်လ်ဖာတစ်ဦးအဖြစ်
အသွင်ပြောင်းမည်ကို ဖော်ပြနေသည်။ အချိန်ကသာ အရေးကြီး၏။ မည်သို့ဆိုစေ သာမန်စည်းမျဉ်းများအောက်၌
အမြဲတမ်း မတော်တဆများရှိပြီး အသွင်ကူးပြောင်းခြင်း နောက်ကျသည့် အင်အားကြီးသူများလည်း
သမိုင်း၌ ရှိခဲ့သည်။
ကျောင်းတွင်းနှင့်
ကျောင်းပြင်ရှိ လူများအားလုံး ပွဲကြည့်ဖို့ စောင့်နေကြ၏။
သို့သော်လည်း
ကျိယွဲ့ကျီက ရုတ်တရတ် မျဉ်းနီရှေ့၌ ရပ်လိုက်သည်။ သူ၏ ခြေထောက်မှ လေဟာ ပြာအား မျဉ်းနီမှ
လွင့်သွားစေပြီး ပထမစစ်ဘက်ကျောင်းတော်၌ မရှိတော့ပေ။
ကျိုးလော့ဟွမ်မှာ
ခေါင်းငုံ့၍ စီးကရက်၏ နောက်ဆုံးတစ်ရှိုက်ကို သောက်လိုက်၏။ သူမ၏ တွန့်နေသော မျက်ခုံးများက
အင်မတန် လျင်မြန်စွာ ပြေလျော့သွားသည်။ သူမဟာ မီးခိုးကွင်းတစ်ခုကို မှုတ်ထုတ်၍ စီးကရက်ဖင်စီကို
သူမနံဘေးမှ အမှိုက်ပုံးထဲ ထည့်လိုက်သည်။ သူမဟာ ကျီယွဲ့ကျစ်၏ မျက်ဝန်းနက်နက်များကို
မော့ကြည့်၍ သာမန်ကာလျှံကာ မေးခဲ့သည်။ “ဘာကိစ္စလဲ?”
"မသေမသပ်ဝတ်စားထားတဲ့အတွက်
၂မှတ်လျှော့မယ်။" ကျီယွဲ့ကျစ်က တည်ငြိမ်စွာ ပြောလိုက်ပါ၏။
ကျိုးလော့ဟွမ်မှာ
ရယ်မော၍ ကြမ်းပြင်ရှိ မျဉ်းနီကို ထိရန် စစ်ဖိနပ်များကို မြှောက်လိုက်ပြီး နှိုးဆွလိုသည့်
အရိပ်အမြွက်လည်း ပါနေ၏။ "ငါက ပထမစစ်ဘက်ကျောင်းတော် ဧရိယာ အပြင်မှာ ရှိနေတုန်း၊
အတန်းဖော်ကျီရဲ့ စီရင်ပိုင်ခွင့် အောက်မှာ မဟုတ်ဘူး။"
"ဒါဆို
ဘာ အမှတ်မှ မနုတ်သေးဘူး။" ကျီယွဲ့ကျစ်က ကျိုးလော့ဟွမ်၏ မျက်လုံးများကို မရှောင်ခဲ့ဘဲ
မျက်ဝန်းနက်နက်များထဲ၌ တည်ငြိမ်မှုအပြည့်ရှိနေ၏။
လေထုက
အင်မတန် မွန်းကြပ်ဖွယ်ပင်။ လူတိုင်းက တိုက်ခိုက်မှုစတော့မည်ဟု တွေးနေသည့်အချိန်တွင်
ကျိုးလော့ဟွမ်က ထ၍ ကျီယွဲ့ကျစ်ရှေ့တွင် ရပ်လိုက်သည်။ နှစ်ဦးသားမှာ အရပ် အတူတူလောက်သာဖြစ်၏။
သူမဟာ သူ၏ မျက်ဝန်းများထဲ စိတ်ကြည့်၍ လက်မြှောက်ကာ သူမ၏ စစ်ယူနီဖောင်းကို ကြယ်သီး တစ်လုံးချင်း
တပ်လိုက်သည်။
အာ––
လူတိုင်း
ရုတ်တရတ် စိတ်ဝင်စားစရာကို ကြည့်ဖို့ ခံစားချက် ပျောက်သွားကြ၏။ ကြည့်ရသည်မှာ ယနေ့ ဘာတိုက်ပွဲမှ
မရှိမည့် ပုံပင်။
ကျိုးလော့ဟွမ်မှာ
စစ်ယူနီဖောင်းအား ပြင်ဆင်ပြီး မျဉ်းနီကို ဖြတ်လိုက်၏။ ကျီယွဲ့ကျစ်နှင့် တိုက်မိလုဆဲဆဲတွင်
သူမဟာ သူ့အား ရှောင်တိမ်းရန် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူမ၏ နားရွက်လေးက ကျီယွဲ့ကျစ်၏
မျက်နှာကို ပွတ်ကာသီကပ်တိုက်သွားသည်။
ကျီယွဲ့ကျစ်က ၎င်းမှာ သိသိသာသာကို လာဆွနေခြင်းဖြစ်ပုံရသဖြင့်
အာရုံမထားပေ။ သူ့အနေနှင့် လေနှင့်အတူ လွင့်စင်ကာနီး စကားတစ်ကြောင်းကို ကြားလိုက်ရကာ
၎င်းက ဒွိဟဖြစ်စေလုနီးနီးပင်။
"
ကျီယွဲ့ကျစ်... နင် ဘာလို့ အသွင်မကူးပြောင်းသေးတာလဲ?"