အပိုင်း ၂
Viewers 177

နူးညံ့သိမ်မွေ့သော အမျိုးသား အိုမီဂါလေး

 

အပိုင်း ၂

 

 

 

တစ်ပါတ်တာအတွင်းတွင် စည်းကမ်းထိန်းသိမ်းရေးဌာနမှာ အမှတ်များ မရေတွက်နိုင်အောင် လျှော့ချခဲ့ပြီး ကျောင်းသားအသစ်များမှာ ပထမဆုံးရောက်ရှိချိန်၌ အတော်လေး ခံစားခဲ့ရသည်။

  

 

ကျောင်းသားဟောင်းများကိုမူ အဖွဲ့နှစ်ဖွဲ့ခွဲခြားနိုင်သည်။ တစ်ဖွဲ့မှာ အမြဲလိုလို ကျောင်းစည်းမျဉ်းနှင့် ကန့်သတ်ချက်များကြောင့် သည်းခံနေပြီး စည်းကမ်းထိန်းသိမ်းရေးဌာနထံ၌ ဘယ်တော့မှ အမိမခံဘဲ ၎င်းတို့၏ မှတ်တမ်းများကို ခိုင်ခိုင်မာမာ ကာကွယ်ထားကြသည်။

 

 

ကျန်အဖွဲ့မှာ အမှားတစ်ခုခုလုပ်ရန် သည်းမခံနိုင်ဖြစ်နေသော်လည်း အရမ်းလည်း မဆိုးချင်သလို ထုတ်ပယ်ခြင်းလည်း မခံလိုသဖြင့် အမှားအသေးစားလေးများလုပ်ကြပြီး အမှတ်များပြန်ရရန် ကျောင်းရှိ ပြိုင်ပွဲ အမျိုးမျိုးတို့၌ ပါဝင်ကြသည်။ လိုရင်းဆိုရသော် ၎င်းတို့မှာ သူရဲဘောကြောင်ပြီး မာနကြီးသူများပင်။

 

 

“ကျိုးလော့ဟွမ်ကိုတော့ ဒုတိယ အဖွဲ့ရဲ့ လူတွေက စိတ်အားထက်ထက်သန်သန်နဲ့ အမြဲ ထောက်ခံကြတယ်လေ” ပိန်ပါး၍ အသားလတ်သည့် ကောင်လေးတစ်ဦးက ငုံ့ကိုင်း၍ အိပ်ရာပြင်နေသည့်လူထံ မရပ်မနားပြောနေသည်။

 

 

ယန်ယန်၏ လက်များနှင့် ခြေထောက်များမှာ အပြည့်အဝ ပြန်မကောင်းသေးသဖြင့် သူဟာ သန့်ရှင်းရေးလုပ်ရာ၌ လူအများစုထက် ပိုနှေးနေ၏။ အိပ်ရာခင်းကို တို့ဟူးတုံးလေးတစ်ခုအသွင် ခေါက်လိုက်ပြီးနောက်တွင် သူဟာ မတ်မတ်ရပ်၍ သူ၏ အတန်းဖော်ကို ကြည့်လိုက်၏။

 

 

“ကျိုးလော့ဟွမ်က ပထမစစ်ဘက်ကျောင်းတော်ရဲ့ စာရင်းပေါ်မှာ နံပါတ်တစ်ဖြစ်ပြီးတော့ သူရဲဘောကြောင်တယ်ပေါ့လေ?”

 

 

“ငါက အဲ့လိုပြောချင်တာ မဟုတ်ဘူးလေ” တင်းဝူမင်မှာ ဖော်ရွေစွာ ပြုံးလိုက်သည်။ “မင်းမကြားဘူးဖူးဘူးလား? ပြီးခဲ့တဲ့ စာသင်နှစ် ၂ခုမှာ သူမက စည်းကမ်းထိန်းသိမ်းရေးဌာနနဲ့ ဆရာတို့ နှုတ်ခဲ့တဲ့ အမှတ်တွေကို ပြန်ရဖို့ ကျောင်းစဖွင့်ပြီး တစ်လအတွင်း အမှတ်အလုံအလောက်ရအောင် လုပ်ခဲ့တယ်လေ၊ နောက်ကျတော့ အတန်းတွေ လစ်ပြီး ထွက်သွားတော့တာပဲ။ နောက်ဆုံးစာမေးပွဲအတွက်ကလွဲပြီး ဘယ်တုန်းကမှ ပြန်မလာခဲ့ဘူး။”

 

 

၎င်းက ယန်ယန်ကို အံ့အားသင့်သွားစေသည်။ “သူမက အမှတ်တွေကို ဘယ်လိုရခဲ့တာလဲ?” ပြီးခဲ့သည့်တစ်ခေါက်က သူဟာ ကျောင်းပေါက်ဝ၌ ၁၅မှတ် အလျှော့ခံခဲ့ရပြီး ၅မှတ်သာကျန်တော့သည်။ သူ့အနေနှင့် ဤရက်များအတွင်း လက်လွတ်စပယ် မပြုမှုဝံ့ပေ။

 

 

“ကျောင်းတော်မှာ စိန်ခေါ်ခန်းမရှိတယ်။ အဲဒီ့မှာ ၁မှတ်ရတဲ့ ဂိမ်းလေးတွေနဲ့ အမှတ် တစ်ရာ ဒါမှမဟုတ် တစ်ထောင်လောက်ရတဲ့ ဂိမ်းကြီးတွေပါတယ်။” သူ စိတ်ဝင်စားနေသည်ကို မြင်သော် တင်းဝူမင်မှာ ပိုတိုးကပ်လိုက်ပြီး အသံကို လျှော့လိုက်၏။ “ကျောင်းရဲ့ ပထမဆုံးနေ့မှာ ကျိုးလော့ဟွမ်က စိန်ခေါ်ခန်းမကို ဝင်ပြီး စာရင်းနီနဲ့ အယ်လ်ဖာစာရင်းပေါ်က ထိပ်တန်းအဆင့် ၁၀ ယောက်စီကို စိန်ခေါ်ခဲ့တယ်။ သူမက စီနီယာတွေ အချိန်အကြာကြီး ထိန်းသိမ်းထားခဲ့တဲ့ အမှတ်အားလုံးကို အနိုင်ရပြီး ကနဦးအမှတ်တွေကိုပဲ ချန်ထားတယ်လေ။”

  

 

ယန်ယန်၏ မျက်လုံးများက ရုတ်တရတ် စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။ သူ့အနေနှင့် ထိုစိန်ခေါ်ခန်းမနှင့် ပတ်သက်၍ စိတ်ဝင်စားမှုရှိလာသည်မှာ သိသာသည်။ သူဟာ ချက်ချင်း လှည့်ထွက်၍ လျှောက်လိုက်သွားသည်။

 

 

“ဟေး ဘယ်သွားမလို့လဲ၊ အတန်းဖော်ယန်?” တင်းဝူမင်က အနောက်မှ မေးလာ၏။

 

 

“စိန်ခေါ်ဖို့!”

 

 

“မင်း သက်သာလို့လား?”

 

  

 

  

ကျောင်းသားသစ်များက ကျောင်းပတ်ဝန်းကျင်နှင့် ပိုမို ရင်းနှီးမှုရယူရနေစဉ်တွင် ကျောင်းသားဟောင်းများက ၎င်းတို့၏ ပုံမှန်အတန်းများကို စတင်နေကြပြီဖြစ်၏။

  

 

အတန်းမစခင်တွင် ဆရာက ‌စာသင်ခန်း ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး မျက်လုံးများက နောက်ဘက်ရှိ ကျောင်းသား တစ်ဦးထံ ကျရောက်သွားကာ မရေမရာဖြစ်နေသံဖြင့် ပြောလိုက်သည်။

 

 

“စိတ်ကြိုက် ဘာသာရပ်အတန်းတွေက နောက်လရဲ့ အစမှာ စတော့မှာပါ။ ဆရာ့အနေနဲ့ ကျောင်းသားတချို့က စာသင်နှစ် ၂ခုလုံးအတွက် အမှတ်ကယ်ပေါက်ရဲ့ အားသာချက်ကို လိုက်ပြီး ဒီလမ်းကြောင်းအတိုင်း ဆက်သွားမယ်လို့ မစဉ်းစားကြဖို့ မျှော်လင့်ပါတယ်။ မင်းတို့နဲ့ ပတ်သက်ပြီး ရိုးရိုးသားသားပြောရရင် ကျောင်းတော်က အမှတ်တွေကို ပြန် သတ်မှတ်ဖို့ နည်းလမ်းတွေ ဆွေး‌နွေးနေကြပါပြီ။”

 

 

“ဘာလို့ သူက မင်းရဲ့ နာမည်ကိုပဲ မပြောလိုက်တာလဲ?” ကျန်းဟုန်က ပျင်းရိစွာ လက်ပိုက်၍ ‌နံရံကို မှီလိုက်ပြီး ဘေးရှိ ကျိုးလော့ဟွမ်ကို ပြောလိုက်သည်။

  

 

ကျိုးလော့ဟွမ်မှာ သူမ၏ လက်များအကြား၌ ဘောပင်တစ်ချောင်းကို ညှပ်၍ စားပွဲကို ခေါက်လိုက်သည်။ သူမထံ၌ ကျန်းဟုန်၏ စကားကို ပြန်ဖြေဖို့ ရည်ရွယ်ချက်မရှိပေ။ သူမ၏ မျက်လုံးများက ရှေ့တန်း၌ နောက်ကျောကို မတ်ကာထိုင်နေသည့် လူထံ ကျရောက်နေ၏။ သူမ၏ အကြည့်များမှာ သူ၏ ရှင်းသန့်သွယ်လျသော လည်တိုင်မှ လျှောဆင်းကာ အနက်ရောင်စစ်ယူနီဖောင်းအပေါ် ကျရောက်သွားသည်။ သိသိသာသာပင် လူတိုင်း၏ ယူနီဖောင်းမှာ အတူတူသာဖြစ်သော်လည်း ရှေ့ရှိ လူ၏ ယူနီဖောင်းမှာ ပိုမို မှောင်မိုက်၍ အခြားသူများထက် ပိုကြည့်ကောင်းသည်ဟု သူမ အမြဲ ခံစားရသည်။ သူမအနေဖြင့် အခိုက်အတန့်တစ်ခုစာလောက် သူ၏ လည်‌တိုင်နောက်ဘက်၌ ဖော်ပြထားသော အသားအရေမှာ ဖြူလွန်းသည်ကို သတိပြုမိလိုက်သည်။

  

 

ထို့နောက်တွင် သူ၏ နောက်ဘက်ရှိ စားပွဲက ကာနေခြင်းကြောင့် နောက်ထပ် ဘာကိုမှ ဆက်မမြင်ရတော့ပေ။

 

 

ကျိုးလော့ဟွမ်က စိတ်ဝင်စားမှုမရှိစွာဖြင့် အကြည့်လွှဲကာ ခေါင်းစောင်း၍ မေးလိုက်သည်။ “သူ့ရဲ့ အသက်ပြည့်ခြင်းအခမ်းအနားက မကြာခင်ရောက်လာတော့မှာ မို့လား?”

 

 

“ဘယ်သူလဲ?” ကျန်းဟုန်က မသိစိတ်‌အလျောက် ပြန်ဖြေလိုက်သည်။ ကျိုးလော့ဟွမ်၏ မျက်လုံးများက မည်သည်ကို ကြည့်နေမှန်းသတိထားမိချိန်တွင် သူ ရုတ်တရတ် နားလည်သွားသည်။ “ကျီယွဲ့ကျစ်လား? ဒီလရဲ့ ၂၈ရက်နေ့မှာ ‌ကျီမိသားစုက သေချာပေါက် ပွဲတော်ကြီးတစ်ခု ကျင်းပမှာပါ၊ ဒါပေမယ့်......”

  

 

ကျန်းဟုန်က စူးစိုက်ကြည့်လိုက်သည်။ “သူက အရွယ်ရောက်လာခါနီးဆိုပေမယ့် အပြည့်အဝ အသွင်မကူးပြောင်းရသေးဘူးလေ။ ကျီမိသားစုအနေနဲ့ အသက်ပြည့်ခြင်းအခမ်းအနား ကျင်းပဖို့က ဖြုန်းတီးရာကျမနေဘူးလား?”

 

 

“သူက အသွင်မကူးပြောင်းရသေးခင်မှာတောင် ရှန်းချိန်ပင်းကို ကန်နိုင်ခဲ့တာနော်။ ကျီကျားရွှီနဲ့ ပတ်သက်ပြီးကျတော့ရော?” ကျိုးလော့ဟွမ်က မျက်လွှာချ၍ သူမ၏ လက်ထဲရှိ ဘောပင်ကို စိုက်ကြည့်လိုက်၏။ တစ်အောင့်ကြာပြီးနောက်တွင် အခြားလက်တစ်ဘက်နှင့် ဘောပင်ကို ဆွဲထုတ်ကာ ပစ်ချလိုက်သည်။

 

 

“မင်းက ကျောင်းမှာ မနေတာတောင် အတော်များများကို သိနေတာပဲ။” ကျန်းဟုန်မှာ ၎င်းကို ကြားချိန်၌ ရေရွတ်လိုက်မိသည်။

 

 

ရှန်းချိန်ပင်းမှာ စည်းကမ်းထိန်းသိမ်းရေးဌာန၏ ယခင် ဒါရိုက်တာဖြစ်ပြီး အနီရောင် စာရင်းထက်၌ အဆင့် ၃၊ အယ်လ်ဖာစာရင်း၌ ဒုတိယဖြစ်ပြီး ကျားဟုန်ထက် တစ်ဆင့်ပိုမြင့်သည်။ သူက စည်းကမ်းထိန်းသိမ်းရေးဌာနကို စီမံခန့်ခွဲသည်မှာ ရှားပါးပြီး ကျိယွဲ့ကျီ မစောင့်ရှောက်ခင်အချိန်က စည်းကမ်းထိန်းသိမ်းရေးဌာနမှာ အရှုပ်ထုပ်ဖြစ်ခဲ့သည်။

 

 

“အတန်းက ဒီမှာ ပြီးပါပြီ။ တချို့ကျောင်းသားတွေ ပိုပြီးတော့ ချုပ်တည်းထားသင့်တယ်နော်။” ဆရာက တစ်ဖန်ထောက်ပြပြီးနောက် ထွက်ခွာသွား၏။

 

 

ဆရာထွက်သွားသည့်နောက် ကျောင်းသားများလည်း ထွက်သွားကာ နောက်လအစပိုင်း၌ တက်ရမည့် စိတ်ကြိုက်ဘာသာရပ် အတန်းအကြောင်းကို ဆွေးနွေးနေကြသည်။

 

 

ကျီယွဲ့ကျစ်က သူ့ပစ္စည်းများကို သိမ်းဆည်းပြီး ထွက်ခွာရန် ထရပ်လိုက်စဉ်၌ လူတစ်ယောက်က သူ၏ လမ်းကို ပိတ်ရပ်လာ၏။

  

 

ကောင်းမွန်စွာ ချုပ်လုပ်ထားသည့် စစ်ယူနီဖောင်းက သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို တိပစွာ လွှမ်းခြုံထားသည်။ ကြယ်သီးတစ်လုံးစီတိုင်းကို သေသပ်စွာ တပ်ဆင်ထားပြီး ကော်လံတစ်ခုတည်းကသာ လည်တိုင်ထက်ရှိ အသားအရည်ကို လှစ်ဟပြနေကာ ၎င်းက ပို၍ပင် အေးစက်၊ ဖြူဖွေး၍ အနီးကပ်ကြည့်လိုက်စဉ်၌ ပို၍ပင် နူးညံ့ပုံပေါ်နေသည်။

 

 

“နင် ငါ့ရဲ့ အသက်ပြည့် အခမ်းအနားအတွက် ဘာပေးခဲ့တာလဲ?” ကျိုးလော့ဟွမ်က ကျီယွဲ့ကျစ်ရှေ့၌ ရပ်ကာ သူ့အား ကြည့်ရန် မျက်ခုံးများကို ပင့်လိုက်သည်။ “အတန်းဖော်ကျီရဲ့ အသက်ပြည့်ခြင်းအခမ်းအနားက မကြာခင်ရောက်တယ်မယ်လို့ ငါကြားတယ်၊ ဒီတော့ ငါလည်း ပြန်ပေးသင့်‌တယ်လေ။”

  

 

ကျိယွဲ့ကျီ၏ မျက်လုံးများက အေးစက်သွားကာ၊ “ဒါက မင်းနဲ့ပဲ ဆိုင်တယ်” ထိုသို့ ပြောပြီးနောက်တွင် သူဟာ ကျိုးလော့ဟွမ်ဘေးမှ ဖြစ်၍ စာသင်ခန်းထဲမှ ထွက်ခွာသွား၏။

 

 

နောက်မှ လိုက်လာသည့် ကျန်းဟုန်က သူ၏ နောက်ကျောကို ကြည့်၍ အကြိမ်ရေအနည်းငယ် စုတ်သပ်လိုက်သည်။ “မနေ့က ဆောင်းရာသီစစ်တပ်က တစ်နှစ်စာထိုက်တန်တဲ့ စစ်ဘက်သုံးစက်တွေအတွက် တပ်စု ၁၇ နဲ့ တိုက်ခိုက်တာကို အပြီးသတ်ခဲ့တယ်၊ ပြီးတော့ မင်းတို့က ဒီနေ့ တစ်ဦးနဲ့ တစ်ဦး မျက်နှာချင်းဆိုင်လိုက်ကြပြီ။ ဒါပေမယ့် သူ မင်းကို မ‌နှစ်က ဘာ‌လက်ဆောင် ပေးခဲ့တာလဲ?”

 

 

“ငါလည်း မသိဘူး” ကျိုးလော့ဟွမ်က သူမ၏ အိပ်ကပ်ထဲ လက်နှိုက်၍ စီးကရက်ဘူးကို ထိကာ စဉ်းစားလိုက်သည်။ “ငါ အသက်ပြည့်အခမ်းအနားအတွက် ဘာလက်ဆောင်ကိုမှ မကြည့်ရသေး‌ဘူးပဲ”

 

…………..

 

ပထမစစ်ဘက်ကျောင်းတော်၏ ကျောင်းသားသစ်များအားလုံးမှာ ကောလဟာလ စိန်ခေါ်မှုကို စောင့်မျှော်နေကြကာ ကျိုးလော့ဟွမ်၏ အင်အားကို မြင်ချင်နေကြသည်။ သို့သော်လည်း ကျောင်းစဖွင့်ပြီး ၂ပတ်ရှိနေပြီဖြစ်သော်လည်း စိန်ခေါ်ခန်းမ၌ မည်သည့် လှုပ်ရှားမှုမှ မရှိနေပေ။

 

 

“ကျိုးလော့ဟွမ်ကို ဆရာက သတိပေးသွားလို့ အမှတ်အားလုံးရဖို့အတွက် အတန်းလစ်ဖို့ မစီစဉ်ထားဘူးလို့ ကြားတယ်။”

 

 

“တကယ်လား? သူမက ဆရာကို အဲ့လောက်လွယ်လွယ် နားထောင်လောက်မှာ မဟုတ်ပါဘူး။”

 

 

“ကျိုးလော့ဟွမ်က ဒီစာသင်နှစ်အတွက် စိန်ခေါ်ခန်းမကို မလာခဲ့ဘူးလေ။”

  

 

စိန်ခေါ်ခန်းမမှာ လူများ ကြိတ်ကြိတ်တိုးနေကြပြီး စကားဝိုင်းဖွဲ့များစွာလည်း ရှိကာ ၎င်းတို့အနက် အများစုက ကျိုးလော့ဟွမ်အကြောင်း ပြောနေကြခြင်းဖြစ်သော်လည်း မကြာခင်တွင် ထိုအသံများက ပျောက်ကွယ်သွားပြီး လူတိုင်း၏ မျက်လုံးများက တံခါးထံ ရောက်သွားကြသည်၊ .. ကျိုးလော့ဟွမ် ရောက်နေပြီ။

 

 

တိတ်ဆိတ်မှုက ခဏသာကြာလိုက်သည်။ ကျိုးလော့ဟွမ် ဝင်လာပြီးနောက် စိန်ခေါ်ခန်းမ တစ်ခုလုံး စတင် လှုပ်ရှားလာကြသည်။ လူတိုင်းမှာ သဘာဝကျကျပင် သူမက ဤနေရာ၌ အဆင့်အတွက် ထပ်စိန်ခေါ်ကာ အမှတ်များ ရယူမည်ဟု တွေးထားခဲ့ကြသည်။

  

 

“ကျွန်တော် ခင်ဗျားကို စိန်ခေါ်ချင်တယ်!” လူတိုင်း မတုံ့ပြန်နိုင်ခင်တွင် ယန်ယန်က ဦးဆောင်၍ ကျိုးလော့ဟွမ်း ရှေ့၌ ရပ်လိုက်ပြီး မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။ ဤရက်များအတွင်း သူဟာ ကနဦး ရမှတ် ၅မှတ်မှနေ၍ ယခု အမှတ် ၁၀၀ကျော်လာပြီဖြစ်ရာ သူ၏ ယုံကြည်မှုက များစွာ တိုးလာ‌ပြီဖြစ်သည်။

 

 

“နင်က?” ကျိုးလော့ဟွမ်းက သူ၏ ဘယ်ခြေထောက်နှင့် ညာလက်ကို ကြည့်၍ ရုတ်တရက် ပြုံးလိုက်၏။ “နင်က မထိုက်တန်ဘူး”

 

 

“ကျွန်တော် ထိုက်တန်တယ် မတန်ဘူးဆိုတာကို တိုက်ခိုက်ပြီးရင် သိရမှာပဲလေ!” ယန်ယန်မှာ သူ၏ အမှတ်များကို စိန်ခေါ်ကန်ထဲသို့ ပစ်ထည့်ကာ တိုက်ရိုက် ရှေ့တိုးလာတော့သည်။

  

 

ကျိုးလော့ဟွမ်၏ မျက်နှာထက်ရှိ အပြုံးက မပျောက်ကွယ်သေးဘဲ ခြေတစ်လှမ်းနောက်ဆုတ်ကာ ယန်ယန်၏ တိုက်ခိုက်မှုကို လက်များပင် မလှုပ်ဘဲ ရှောင်လိုက်၏။

 

 

သူမ၏ နောက်ဆုတ်လိုက်ပုံကိုမြင်သော် ယန်ယန်၏ ယုံကြည်ချက်က များစွာ တိုးလာသည်၊ ကျိုးလော့ဟွမ်ကလည်း ဘာမှ ခြားနားမနေ....

 

 

သူ၏ အကြည့်များက ဝေ‌ဝါးသွားကာ မေးရိုးထက်၌ ပြင်းစွာသော နာကျင်မှုကို ခံစားလိုက်ရ၏။ သူဟာ လျှာကိုက်မိလုမတတ်ပင်ဖြစ်သွားသည်။ ကျိုးလော့ဟွမ်က ဒူးကိုမြှောက်၍ သူ၏ မေးကို တိုက်လိုက်ခြင်းဖြစ်၏။

  

 

“ခင်ဗျား!” ယန်ယန်မှာ နောက်ကျောထက်၌ ရုတ်တရတ် ချမ်းစိမ့်သွားသည်။ ၎င်းမှာ အန္တရာယ်ကို သတိပေးနေသော သူ၏ အယ်လ်ဖာသိစိတ်ပင်။ သို့သော်လည်း သူ နောက်ပြန်မဆုတ်နိုင်ခင်တွင် ကျိုးလော့ဟွမ်က ရှေ့သို့ တိုးလာပြီး သူ၏ ညာခြေထောက်ကို ကန်ထည့်လိုက်သည်။

 

 

ယန်ယန် စိတ်တိုသွား၏။ သူဟာ အံကြိတ်လျက် သူ၏ တခြား‌‌ခြေတစ်ဖက်ကို အမှီပြုထားရသည်။ ထို့နောက် ကျိုးလော့ဟွမ်းကို လက်နှစ်ဘက်ဖြင့် ဖမ်း၍ ‌ကြမ်းပြင်ပေါ် လဲကျအောင် လုပ်ဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူမအား မကန်နိုင်ခင်တွင် နှာမှုတ်သံ တိုးတိုးကို ကြားလိုက်ရသည်။ “နင်က အရည်အချင်း မမှီဘူး”

  

 

ထို့နောက် သူ၏ ဘယ်လက်မှာ အနင်းခံလိုက်ရပြီး ကျိုးသွားတော့၏။

 

 

ကျိုးလော့ဟွမ်က လူတိုင်းကို ကြည့်၍ ပြောလိုက်သည်။ “ငါက ဒီမှာ တစ်ယောက်ယောက်ကို လာရှာတာ ငါ့ကို မနှောင့်ယှက်ကြနဲ့။” ထို့နောက် ဒုတိယထပ်ကို တက်သွား၏။

 

 

ယန်ယန်က ‌ကြမ်းပေါ်၌ လှဲလျောင်းကာ တခြားလက်ဖြင့် ကြမ်းပြင်ကို အကြမ်းပတမ်း ထုရိုက်လိုက်မိသည်။ အစမှ အဆုံးထိ ကျိုးလော့ဟွမ်၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ လုံးဝ မလှုပ်ရှားခဲ့ဘဲ ခြေတစ်ဖက်ဖြင့်သာ သူ့အား ကန်ခဲ့သည်။

 

 

“မင်းက ပထမဆုံးပဲ” တင်းဝူမင် ရောက်လာပြီး ယန်ယန်အား ထရန် ကူလိုက်သည်။ “ကျိယွဲ့ကျီက မင်းရဲ့ ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်လက်ကို ချိုးပြီး ကျိုးလော့ဟွမ်းက မင်းရဲ့ ညာဘက်ခြေထောက်နဲ့ ဘယ်ဘက်လက်ကို ချိုးခဲ့တယ်။”

 

 

ယန်ယန် - “.....”

 

 

“ဒါနဲ့ မင်းက ခွင့်ပြုချက်မရှိဘဲ စိန်ခေါ်ခဲ့ပြီး ကျိုးလော့ဟွမ်ကလည်း မင်းဆီက ဘာအမှတ်မှ မယူသွားဘူး။” တင်းဝူမင်က ယန်ယန်ကို ပခုံးပုတ်ပေးလိုက်သည်။ “စိန်ခေါ်ခန်းမရဲ့ စည်းမျဉ်းတွေအရ မင်း ဒီမှာ ရတဲ့ အမှတ်တွေက ရှင်းလင်းပါတယ်။”

  

 

ယန်ယန် - “.....”

 

 

“ကျောင်းသားယန်၊ မင်းအနေနဲ့ တစ်ခုခုမလုပ်ခင် ကျောင်းစည်းမျဉ်းတွေကို အရင်ဆုံး နားလည်ထားတာ ပိုကောင်းမယ်။”

 

 

ဒုတိယထပ်တွင် လက်ဝှေ့ခန်းရှိသည်။

 

 

ကျိုးလော့ဟွမ် တံခါးဖွင့်လိုက်သည်နှင့် လက်ဝှေ့လက်အိတ်ကို သူမထံ ပစ်ပေးလာကြ၏။ သူမက လက်မြှောက်ကာ ဖမ်းယူလိုက်ပြီး တံခါးထဲ ဝင်သွားသည်။ “ငါ့မှာ နင့်ကို ပြောပြစရာရှိတယ်”

  

 

ကျန်းဟုန်က မော့ကြည့်လာပြီး ကြမ်းပေါ်သို့ တခြားလက်အိတ်ကို ပစ်ချလိုက်ကာ မျက်နှာထက်ရှိ ချွေးများကို ပဝါဖြင့် သုတ်လိုက်၏၊ “ဘယ်သူ ဝင်လာတာလဲလို့ တွေးနေတာ။ အမြင်အာရုံ ချို့ယွင်းနေပြီပဲ။ ငါ့ဆီက ဘာလိုချင်လို့လဲ?”

 

 

“ငါ စစ်ဘက်လက်နက်ဆိုင်ရာ‌ ဒေတာဘေ့စ်ကို သွားချင်တယ်။” ကျိုးလော့ဟွမ်က လက်ထဲရှိ လက်အိတ်များကို ပစ်လိုက်သည်။

 

 

“သွားချင်ရင် သွားလေ။ ဘာလို့ ငါ့ကို လာခေါ်နေတာလဲ?” ကျန်းဟုန်က လက်အိတ်များကို အပြုံးဖြင့် ယူလိုက်၏။ သူမ၏ အမူအရာကိုကြည့်ရင်း ရုတ်တရတ် တိတ်ဆိတ်သွားသည်။ တစ်အောင့်ကြာပြီးနောက် မေးလိုက်၏၊ “ဘာအဓိပ္ပာယ်လဲ?”

  

 

ကျိုးလော့ဟွမ်မှာ ကိုယ့်ဘာသာ ထိုင်ချလိုက်သည်။ “၂၈ရက်နေ့က ရက်ကောင်းပဲ”

 

 

“.....” ကျန်းဟုန်က သူမကို ကြည့်လိုက်သည်။ “နင် ခိုးဝင်ချင်လို့လား?”

 

 

ကျိုးလော့ဟွမ်က ‌သူ့အား လှည့်ကြည့်ကာ၊ “မရဘူးလား?”

 

 

လက်ဝှေ့ခန်းက အင်မတန်တိတ်ဆိတ်နေသဖြင့် အသက်ရှူသံများကိုသာ ကြားနိုင်သည်။ ကျန်းဟုန်က ရုတ်တရတ် မေးခဲ့သည်။ “နင် ကျီယွဲ့ကျစ်ကို ဘာ လက်ဆောင်ပေးချင်တာလဲ?”

  

 

ကျိုးလော့ဟွမ်က ရယ်မောလိုက်ကာ၊ “ငါ မစဉ်းစားရသေးပါဘူး”

 

 

လက်ဝှေ့ခန်းထဲ၌ ကြာကြာမနေနိုင်သေးခင်မှာပင် ကျန်းဟုန်က သူမအား ကန်ထုတ်လိုက်တော့သည်။ ကျိုးလော့ဟွမ်က ဂရုမစိုက်ဘဲ အိပ်ဆောင်သို့ ပြန်သွား၏။

 

 

သူမဟာ အိပ်ဆောင်တွင် တစ်ဦးတည်းနေပြီး ကျောင်းက သူမအတွက် အခန်းတစ်ခန်း သီးသန့်ပြင်ပေးထားသည်။ သူမတင်မကဘဲ နှစ်တိုင်း ပထမစစ်ဘက်ကျောင်းတော်ကို ဝင်ရောက်ခဲ့သည့် ထိပ်ဆုံး အဆင့် ကျောင်းသား ၁၀ယောက်အားလုံးတွင် တစ်ယောက်ခန်းများ ရှိကြသည်။

  

 

ကျိုးလော့ဟွမ်မှာ နံရံကို မှီ၍ သူမ၏ အိတ်ကပ်ထဲမှ ‌စီးကရက်တစ်လိပ်ထုတ်လိုက်၏။ ၎င်းကို မီးညှိပြီးနောက် ပါးစပ်ထဲ ထည့်ကာ တစ်ဝက်ကို သောက်လိုက်သည်။ ထွက်လာသော အငွေ့က များပြားလှရာ သူမ၏ မျက်နှာကိုပင် ဝေဝါးလုနီးပါးဖြစ်သွားစေသည်။ ခဏကြာပြီးနောက် စစ်ယူနီဖောင်းကို ချွတ်လိုက််ရာ အနီရောင်အစက်ကြီးတစ်စက်ထင်းနေသည့် အဖြူရောင်ရှပ်အင်္ကျီတစ်ထည် ပေါ်ထွက်လာသည်။ သူမ အင်္ကျီကြယ်သီးကိုဖြုတ်လိုက်ရာ ဝမ်းဗိုက်နှင့် ခါးတစ်ဝိုက်တွင် ပတ်ထားသည့် ပတ်တီးမှာ (သွေးများ)စိုစွတ်နေပြီဖြစ်သည်။

 

 

ကျစ်၊ ဒုက္ခပဲ။

  

 

ကျိုးလော့ဟွမ်မှာ စီးကရက်ဖင်စီကို ကိုက်၍ အံဆွဲကို ဖွင့်ကာ ပတ်တီးကိုယူပြီးနောက် သူမ၏ ဝမ်းဗိုက်နှင့် ခါးဖက်ရှိ စိုနေသောပတ်တီးကို ဖြည်လိုက်သော် အရိုးထိတိုင် မြင်နိုင်လောက်သည့် ဒဏ်ရာနက်နက်များစွာ ပေါ်လာသည်။ ထို့နောက် ဆေးထပ်ထည့်ကာ ပတ်တီးကို လဲလိုက်၏။

 

 

သန့်ရှင်းသည့် စစ်ယူနီဖောင်းကို လဲပြီးနောက် ကျိုးလော့ဟွမ်း၏ အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။ သူမ၏ နဖူးထက်မှ ချွေးစက်များကို လျစ်လျူရှုလိုက်လျှင် သူမဟာ ပုံမှန်နှင့် မခြားပေ။

  

 

အိပ်ဆောင်၌ အချိန်ကြာနေပြီးနောက် ကျိုးလော့ဟွမ်းမှာ ရုတ်တရတ် တစ်ခုခုကိုသတိရ၍ ‌ထရပ်ကာ ကျောင်းပြင်သို့ ထွက်သွားသည်။

 

 

ပထမစစ်ဘက်ကျောင်းတော်မှာ ရက်သတ္တပတ်များ၌သာ ဖွင့်ပေး၏။ ခွင့်စာ မရှိပါလျှင် ကျောင်းမှ ထွက်ခွာ၍မရချေ။ ကျိုးလော့ဟွမ်မှာ ဆရာ့ထံမှ ခွင့်တောင်းရန် အင်မတန်ပျင်းရိလှသဖြင့် နံရံအောက်ကိုသာ တိုက်ရိုက်လျှောက်သွားပြီး တက်ရန် တစ်နေရာရှာဖို့ ပြင်လိုက်သည်။

  

 

နံရံထောင့်သို့ ရောက်ချိန် တက်ပင် မတက်ရသေးခင်၌ ကြည်လင်အေးစက်သော အသံတစ်သံက သူမ၏ နောက်မှ ထွက်လာသည်။

 

 

“အတန်းပြေးဖို့ နံရံကို ကျော်တက်တာက ၅မှတ်လျှော့ခံရစေလိမ့်မယ်။”

 

 

ကျိုးလော့ဟွမ် လှည့်လိုက်သော ထင်ထားသလိုပင် သူမနောက်၌ ရပ်နေကာ မှောင်မိုက်သည့်မျက်လုံးများဖြင့် ကြည့်နေသော ကျီယွဲ့ကျစ်ကို မြင်လိုက်ရသည်။

  

 

ကျီယွဲ့ကျစ်က သူမထံလျှောက်လာသည်။ ၎င်းတို့မှာ အချင်းချင်း ခြေလှမ်းအနည်းငယ်မျှသာ ကွာတော့၏။ သူဟာ ရုတ်တရတ် မျက်မှောင်ကျုံ့၍ ထပ်ပေါင်းပြောခဲ့သည်။ “မင်းကို ကျောင်းဝန်းအတွင်းမှာ ဆေးလိပ်သောက်တဲ့အတွက် ၂မှတ်လျှော့တယ်။”

 

 

“ကျောင်းသားကျီက ငါ ကျောင်းဝန်းထဲမှာ ဆေးလိပ်သောက်တာကို မြင်ခဲ့တယ်ပေါ့လေ?”

 

 

“အနံ့ရတာ”

ကျိုးလော့ဟွမ်မှာ ရုတ်တရတ် ရှေ့သို့လှမ်းလာပြီး ကျီယွဲ့ကျစ်ထံ တိုးလိုက်သည်။ နှစ်ဦးသားမှာ မျက်နှာချင်း ထိကပ်လုမတက်ဖြစ်သွားချိန်တွင် သူမက သူ၏ နား,နားသို့ ကပ်၍ မေးလိုက်၏၊ “ဒါက ငါ့ရဲ့ ဖယ်ရိုမုန်း မဟုတ်ဘူးဆိုတာ ဘယ်လိုသိတာလဲ?”

 

 

ကျီယွဲ့ကျစ် မတုံ့ပြန်နိုင်ခင်၌ ကျိုးလော့ဟွမ်မှာ နောက်ပြန်ဆုတ်ကာ လှည့်ပြီး ချက်ချင်းပင် နံရံကို ကျော်တက်၍ ထွက်သွားကာ စကားတစ်ခွန်းချန်ခဲ့သည်၊ “နင် ကြိုက်သလို အမှတ်လျှော့လို့ရတယ်၊ ငါ့မှာ အမှတ်နည်းနည်းကျန်ပါသေးတယ်။”

 

 

ကျီယွဲ့ကျစ်က ထိုနေရာ၌ ရပ်ကာ မြေပြင်ကို ငုံ့ကြည့်လိုက်ပြီး အချိန်အတန်ကြာအောင် သူ့ကိုယ်သူ ပြောနေဟန်လည်း ပေါ်နေခဲ့သည်။ “.... မဟုတ်မှန်း ငါသိတာပေါ့”