အပိုင်း - ၁၀ တင်ပြချက်
Viewers 690

ချစ်စရာကလေးလေး၏ ဘဝစနစ်

 

အပိုင်း - ၁၀ တင်ပြချက်

 

 

 

အမျိုးသမီးလုသည် သုံးရက်ခန့် ထိန်းသိမ်းခံရပြီးနောက်၊ သတိပေး၍သာ ပြန်လွှတ်လိုက်လေသည်။

 

 

ပြန်လွှတ်လိုက်ခြင်းသည် အဆုံးသတ်မဟုတ်ပါ။

 

 

ရဲစခန်းမှ အရာရှိတို့သည် အမျိုးသမီးရေးရာသို့ အကြောင်းကြားပြီး၊ သူမအား သူမပြစ်မှုနှင့် ပက်သက်သည့်အကြောင်းကို သေချာနား‌လည်စေရန် ရှင်းပြစေသည်။

 

 

အိုမင်းပြီး ကျောင်းပင်မတက်ဖူးသော သူမကဲ့သို့ အဘွားအိုတစ်ယောက်အဖို့တော့ ခက်ခဲသည်။ သူမသည် ငယ်စဉ်ကပင် ကျောင်းမတက်ခဲ့သော်လည်း ယခုသူမထိုကိစ္စနှင့်ပက်သက်၍ အတန်းများတက်ရပေဦးမည်။

 

 

သူမပြန်လာသော်၊ ဆိုင်ကယ်ဌားပြန်လာရာ၊ အင်ဂျင်သံသည် လမ်းတစ်လျှောက်ရှိ လူတို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့လေသည်။

 

 

သူမပြန်လာသည့်လမ်းတွင်၊ တတ်နိုင်သမျှ တိုးတိုးတိတ်တိတ် လာခဲ့သော်လည်း ဝေဖန်မှုများ ရရှိခဲ့သေးလေသည်။

 

 

လူတို့၏ မျက်လုံးများကို ကြည့်သည်နှင့်၊ သူမအထိန်းသိမ်းခံထားရသည့် သုံးရက်အတွင်း သူမ၏မကောင်းကြောင်း ဘယ်လောက်ပြောဆိုထားသည်ကို သိနိုင်လေသည်။

 

 

သူမတို့ခြံတံခါးရှေ့ရောက်၍၊ ခြံထဲသို့ဝင်လိုက်သည်နှင့် သူမအရသာရှိသည့် ငါးစွပ်ပြုတ်အနံ့ကို ရလိုက်လေသည်။

 

 

သူမ ရုတ်တရပ် စိတ်တိုလာလေသည်။

 

 

သားအငယ်တို့ လင်မယားသည် နေနိုင်လွန်းသည်။ သူမဒီလောက် ခံစားနေရတာတောင် အိမ်မှာဒီငါးကိုစားဝင်သေးတယ်။ သူမကိုရော ရှိသေးတယ်လို့ သဘောထားသေးရဲ့လား?

 

 

သို့သော် သူမထပ်၍ရှုရှိုက်လိုက်သည့်အခါတွင်တော့၊ တစ်ခုခုမှားယွင်းနေလေသည်။ ထိုအနံ့သည် ဘယ်လိုလုပ် အိမ်အဟောင်းဘက်ကနေ လာနေရတာလဲ?

 

 

အမျိုးသမီးလု အံ့အားသင့်နေတုန်းမှာပင် သူမမြေးမလေး ရှောင်လုထောင် လက်တွင်ထင်းများပိုက်ကာ သူမတို့အိမ်အတွင်းသို့ ပျော်ရွှင်စွာ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။

 

 

သူမ ရဲစခန်းတွင် လုပ်အားပေးရအပြီး ပို၍ပိန်လာသော်လည်း ထိုကလေးမလေးမှာတော့ ပိုမိုတက်ကြွလာလေသည်။

 

 

သူမ ပြန်လာသည်ကိုမြင်သော်၊ လုထောင်လန့်သွားပြီး၊ သူမ ပြုတ်ကျသွားသည့် ထင်းစကိုပင် မကောက်ဘဲ လှည့်ကာ၊ တံခါးဆီသို့ ပြေးလေသည်။

 

 

ထိုနောက် တံခါးကိုအားသုံး၍ ပိတ်လိုက်ကာ၊ သူမအသံသေးသေးလေးဖြင့် အော်ပြောခဲ့သည်။ "မြန်မြန်၊မြန်မြန်! တံခါးပိတ်ရမယ်၊ ဘွားဘွားပြန်လာပြီ! ကိုကို၊သွားပုန်းတော့၊ ထောင်ထောင် သော့ခတ်လိုက်မယ်!"

 

 

အမျိုးသမီးလု သူမအား အဖမ်းခံရစေသည့် ချွေးမအကြီးအကြောင်းတွေးမိသော်၊ ခေါင်းထဲမှပင် နာကျင်လာလေသည်။

 

 

သို့သော်၊သူမအခုမှ ရဲစခန်းက ပြန်ရောက်သည်ဖြစ်ပြီး၊ စိုက်ကြည့်နေသည့် မျက်လုံးများလည်းရှိသဖြင့် သူမအံကြိတ်ကာ သည်းခံလိုက်ရသည်။

 

 

အမျိုးသမီးလု အိမ်အကြီးဘက်သို့ သွားလေသည်။ သူမဝင်လိုက်သော်၊ မီးဖိုသည်လည်း ငြိမ်းနေပြီး ဘာမျှမချက်ရသေးသည်ကို တွေ့လိုက်ရသည်။

 

 

သူမသားအငယ်နှင့် ချွေးမအငယ်သည် တစ်ညလုံးလိင်ကိစ္စကြိုးပမ်းထားသကဲ့သို့၊ မျက်ကွင်းများညိုမည်းနေလေသည်။

 

 

သူမ မြေးအကြီးကိုလည်းမတွေ့ဘဲ၊ ဘယ်သူမှ သူဘယ်ရောက်နေမှန်းမသိကြပေ။

 

 

အမျိုးသမီးလုမှ စိတ်စိုးစွာ၊ "ဘာ‌ဖြစ်နေကြတာလဲ? ငါပြန်လာတာတွေ့တာတောင် မကြိုဆိုကြဘူးလား?" ဟုပြောလေသည်။

 

 

"အဲ့လိုမဟုတ်ပါဘူး။" လီချွန်းလန် အပြုံးတစ်ခုဖန်တီးလိုက်ကာ၊ "ပြီးတော့၊ အမေဒီနေ့ပြန်လာမယ်လို့ မသိလိုက်ဘူး။" ဟုပြောလေသည်။

 

 

အမျိုးသမီးလု သူမအားမြင်သော်၊ သူမအဖမ်းမခံရခင်က မြင်ကွင်းကိုပြန်မြင်ယောင်လာလေသည်။

 

 

အမျိုးသမီးလု ‌သူမသားငယ်အား မေးလိုက်သည်။ "ကောဖု၊ ငါ့ကိုပြောစမ်း၊ မင်းတို့နှစ်ယောက် ဘာဖြစ်ထားတာလဲ?"

 

 

"ဘာမှမဖြစ်ပါဘူး။" လုကောဖု ခေါင်းမော့ကာ၊ တစ်ဖက်အိမ်သို့ကြည့်ရင်း အသံတိုးတိုးဖြင့်၊ "အမေ၊ အမေ အိမ်မှာမရှိတဲ့ နှစ်ရက်အတွင်းမှာ အိမ်ကြီးက သရဲခြောက်နေပြန်ပြီ။ ကျွန်တော့်ကိုပြောပါ၊ ကျွန်တော့်အစ်ကို..."

 

 

အကယ်၍ လုကောပင်းသာ သရဲဖြစ်သွားလျှင် ဘယ်သူက အကြောက်ဆုံးဖြစ်မလဲ? အဲ့ဒီသူဟာ အမျိုးသမီးလု သာဖြစ်ပေမည်။

 

 

သူမကြားသော် လန့်သွားသော်လည်း တည်ငြိမ်ဟန်ဖြင့်၊ "ဘာသရဲလဲ? မင်းမိန်းမ လျှောက်ပြောတာတွေကို နားမထောင်နဲ့။" ဟုပြောလေသည်။

 

 

"ချွန်းလန် ပြောတာမဟုတ်ဘူး။" လုကောဖု တိုးညင်းသည့် အသံဖြင့်၊ "ကျွန်တော့်မျက်လုံးနဲ့ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့တာ။" ဟုပြောလေသည်။

 

 

အမျိုးသမီးလုအား သူခိုးလာသည့် ငါးများအကြောင်းပြောပြလိုက်သည်။ ဤသည်ကိုကြားပြီးနောက် အမျိုးသမီးလုလည်း တိတ်ဆိတ်သွားလေသည်။ ထိုအခန်းတွင်ရှိ တစ်ခုတည်းသောအသံမှာ ၎င်းတို့သုံးယောက်၏ ပြင်းထန်သော အသက်ရှုသံများပင်ဖြစ်လေသည်။

 

 

ထိုအချိန်တွင်၊ တစ်စုံတစ်ယောက်မှ တံခါးခေါက်ကာ၊ "ရယ်ကျူဟွာ၊ ရယ်ကျူဟွာ ရှိလားမသိဘူး?" ဟုမေးလေသည်။

 

 

အမျိုးသမီးလု တုန်လှုပ်ကာ ကုတင်အစွန်းမှ ပြုတ်မကျလိုပင်၊ "ဘယ်သူလဲ? ဘယ်သူ ငါ့ကိုခေါ်တာလဲ?"

 

 

အလန့်တတ်ဆုံးဖြစ်သည့် လီချွန်းလန်မှာတော့ မလန့်တော့ဘဲ "အမေ၊အဲ့တာ မိန်းမတစ်ယောက်ပါ။" ဟုပြောလေသည်။

 

 

"အိုး၊ မိန်းမတစ်ယောက်ပဲ။"

 

 

အမျိုးသမီးလု သက်ပြင်းချကာ၊ တံခါးဖွင့်ပေးလိုက်လေသည်။ "ကျွန်မ အိမ်မှာရှိပါတယ်၊ အရာရှိတို့၊ ကျွန်မဘာများ လုပ်ပေးနိုင်မလဲ?"

 

 

မှတ်စုစာအုပ်များကိုင်ထားသည့် အမျိုးသမီးအရာရှိနှစ်ဦးဝင်လာပြီး၊ "မင်္ဂလာပါ၊ ကျွန်မတို့က အမျိုးသမီးရေးရာက ဝန်ထမ်းတွေပါ။ ရဲစခန်းက အရာရှိတွေက ရှင်တဲ့ စကားပေညာဖို့ လွှတ်လိုက်လို့ပါ။ စိတ်မလှုပ်ရှားပါနဲ့၊ ရိုးရိုးစကားပြောတာပါပဲ၊ အချိန်လည်းမကြာပါဘူး။" ဟုပြောလေသည်။

 

 

အမျိုးသမီးလုအား သင်တန်းပေးမည့် ပုဂ္ဂိုလ်ရောက်ရှိလာလေပြီ။

 

 

"ကိုကို၊ ကိုကို၊ ဘွားဘွားတို့အိမ်ထဲကို လက်မှာအနီရောင်အပတ်တွေနဲ့ အန်တီနှစ်ယောက်ဝင်သွားတယ်။"

 

 

စုံထောက် ရှောင်လုထောင်သည် ခုံလေးပေါ်တွင်ရပ်ကာ၊ ပြတင်းပေါက်မှန်မှ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေလေသည်။

 

 

အမျိုးသမီးရေးရာမှ ဝန်ထမ်းတို့ လာသည်ကိုမြင်သော်၊ သူမအစ်ကိုအား အလျင်အမြန် သတင်းပို့ပြီး‌နောက်၊ "ကိုကို၊ မြန်မြန်လာ၊ ညီမလေးတို့ ထမင်းစားလို့ရပြီ။"

 

 

လက်ပတ်အနီနှင့်သူများသည် အရာရှိများဖြစ်သည်ဟု မေမေပြောဖူးသည်။

 

 

အရာရှိတွေ ရောက်လာပြီဆိုတော့၊ ဘွားဘွား သူတို့ဥစ္စာတွေကို လာပြီးခိုးလို့ မရတော့ဘူး။

 

 

ကလေးမလေး ပျော်ရွှင်စွာ တွေးတောလိုက်ပြီး၊  ခုံအား ကုတင်နားသို့ ပြန်ရွှေ့ကာ၊ သူမအစ်ကိုအတွက် တူသွားယူလိုက်လေသည်။

 

 

ချန်ဖန်းရှု ခြေထောက်ကျိုးထားသော်လည်း၊ သူမကုတင်ပေါ်တွင်ထိုင်ကာ အလုပ်များလုပ်နိုင်သေးပေသည်။

 

 

သူမနိုးလာပြီးနောက်၊ လုထောင်၏ ဘီစကွတ်အိတ်ကြီးသည် မောင်နှမနှစ်ယောက် အဆာပြေစားဖို့အတွက်သာ ဖြစ်လေသည်။

 

 

သူမပြောင်းဖူးမှုန့်နှင့် ပဲသီးမှုန့်တို့ကို ရောနှောကာ၊ ပန်ကိတ်များပြုလုပ်ပြီး လုဟွေ့ကို ၎င်းတို့အား အိုးတစ်ခုထဲ ထည့်ပြုတ်စေသည်။

 

 

အာ့ဝူလင် လုထောင်အား ပေးခဲ့သည့် ငါးကိုလည်း သူမသတ်၍ သန့်စင်ပြီး၊ အကြေးခွံခွာပြီး ငါးအသားလုံးပြုလုပ်လေသည်။

 

 

လုဟွေ့လုပ်ရသည်မှာ၊ နံနံပင်နှင့် ဆားအနည်းငယ်ထည့်ပြီး၊ အသားလုံးများကို အိုးထဲထည့်၍ ချက်ပြုတ်ရခြင်းဖြစ်သည်။ ထိုနည်းသည် အဆင်ပြေပြီး ဆီအမြောက်အများမလိုချေ။

 

 

ငါးနှစ်ကောင်သည် အသားကျစ်လျစ်ပြီးအရသာရှိလေသည်။ ငါးအသားလုံးတစ်လုံးစီသည် လက်တစ်ဆစ်ခန့်ရှိပြီး စားလို့ကောင်းလေသည်။ ဘာမျှမထည့်စရာမလိုဘဲ၊ အလိုလိုစားလို့ကောင်းနေခြင်းဖြစ်သည်။

 

 

လုထောင်လေးသည် သူမအား ခွံ့ကျွေးသည်ကို မကြိုက်ဘဲ၊ သူမဘာသာ ဇွန်းသေးသေးလေးယူ၍ တစ်ကိုက်ချင်း ပျော်ရွှင်စွာ စားလေသည်။

 

 

"သမီး နေ့တိုင်း ငါးစားလို့ရရင်ကောင်းမယ်။"

 

 

ငါးစွပ်ပြုတ်တစ်ပန်းကန်သောက်၍ ပန်ကိတ်များစားပြီးတော့ ကလေးမလေး ဗိုက်ပြည့်သွားသည့်ဟန်ဖြင့် သူမဗိုက်အားပွတ်ပြီး သူမရှေ့လျှောက်ဘာတွေ စားရမည်ကို တွေးတောနေလေသည်။

 

 

[ဒါကအစပဲရှိသေးတယ်] အာ့ဝူလင် ပြောလိုက်သည်။ [သမီး ဖေဖေ့စကားကိုနားထောင်သရွေ့၊ ဖေဖေက သမီးကို ရွှေလက်ကောက်တို့၊ လက်ပတ်နာရီတို့နဲ့ တစ်နေ့ကို သုံးနပ်လုံး အကင်တွေ စားနိုင်အောင် လုပ်ပေးမှာ။]

 

 

"အကင်? အဲ့တာဘာကြီးလဲ?" လုထောင်လေးခေါင်းကိုစောင်းကာ နားမလည်ဟန်ဖြင့် ပြောလိုက်သည်။

 

 

၂၅၀ - [အဲ့တာက မီးဖိုပေါ်မှာ ငါးတို့ အသားတို့ကိုတင်ပြီး မွှေးလာပြီး စားလို့ရတဲ့အထိ ကင်ထားတာကိုပြောတာ။]

 

 

ပိုမိုနားလည်စေရန်၊ အာ့ဝူလင် အသားကင်နေတဲ့ ဗီဒီယိုအတိုတစ်ခုရှာပြီး လုထောင်အား ပြလိုက်လေသည်။

 

 

အခုလေးတင် ဗိုက်ပြည့်သွားသော ကလေးမလေးမှာ တစ်ဖန်ဆာလောင်လာပြီး၊ "အဲ့တာ၊ အဲ့တာ စားလို့ကောင်းမယ့်ပုံပဲ..." ဟုပြောလေသည်။

 

 

ဤနေရာတွင်တော့၊ အာ့ဝူလင်၏ ပြသမှု၊ သင်ပြမှုတို့ကို လုထောင်သေချာကြည့်၍ နားထောင်နေလေသည်။

 

 

တခြားနေရာတွင်တော့၊ အမျိုးသမီးလု နေလို့မကောင်းပေ။

 

 

အမျိုးသမီးရေးရာမှ အရာရှိတို့သည် အလွန်ယဉ်ကျေးပြီး သာမန်အတိုင်းစကားပြောဖို့လာခြင်းဖြစ်၍ ဖိအားမရှိကြောင်းပြောလေသည်။

 

 

သို့သော်၊ သူတို့စပြောသည်နှင့် သူတို့၏နှစ်ချီအောင် အလုပ်လုပ်ကိုင်ထားသည့် အတွေ့အကြုံများထွက်ပေါ်လာပြီး၊ နည်းနည်းမျှပင်ပန်းဘဲ နှစ်နာရီခန့် ဆက်တိုက်ပင် ပြောနေနိုင်လေသည်။

 

 

အမျိုးသမီးလု - "အရာရှိကြီးတို့ ရေသောက်ဦးမလား?"

 

 

"မလိုပါဘူး။ လူတွေနဲ့ စကားလေးပြောရတာပဲ၊မပင်ပန်းပါဘူး။"

 

 

အမျိုးသမီးလု - "..."

 

 

နင်တို့ပြောရတာ မပင်ပန်းပေမယ့်၊ ငါနားထောင်ရတာ ပင်ပန်းတယ်၊ ဟုတ်ပြီလား?

 

 

ရဲစခန်းမှာတုန်းကလည်း လက်ချာတွေ နားထောင်ခဲ့ရပြီးပြီ၊ အိမ်ပြန်ရောက်တော့လည်း ရေနွေးတစ်ငုံတောင် မသောက်ရသေးဘူး၊ နောက်တစ်ခေါက် ရောက်လာကြပြန်ပြီ။ ငါအသက်ရှင်ဖို့ အချိန်ရောရှိသေးရဲ့လား?

 

 

အမျိုးသမီးရေးရာ အရာရှိတို့ နှုတ်ဆက်ချိန်တွင်၊မှောင်နေပြီဖြစ်သည်။ အမျိုးသမီးလုသည် အလွန်ပင်ပန်း၍ ဆာလောင်နေပြီဖြစ်ပြီး စကားတစ်လုံးပင် မပြောနိုင်ချေ။

 

 

"ကျွန်မတို့ဘာသာ ပြန်နိုင်ပါတယ်၊ လိုက်ပို့စရာအလိုပါဘူး။" အရာရှိတို့သည် ပြန်သည်အထိ နူးညံ့သိမ်မွေစွာ ပြောဆိုလေ‌သည်။ "ဒီနေ့ကျွန်မတို့ ပြောခဲ့တာတွေကို သေချာပြန်တွေးထားပါ။ မနက်ဖြန်တင်ပြချက်ရေးထားပါ။"

 

 

"ဟမ်? တင်ပြချက် ရေးရဦးမှာလား?" အမျိုးသမီးလု ထိတ်လန့်သွားသည်။

 

 

"ဟုတ်တယ်၊ ဒီကိစ္စကို အထက်က အရမ်းဂရုစိုက်တယ်။ အထက်က ခေါင်းဆောင်တွေက ဒါကို သေချာကိုင်တွယ်ဖို့ ညွှန်ကြားထားတယ်။ အဲ့တာကြောင့် ရှင့်ကို တင်ပြချက် သေချာရေးခိုင်းပြီး သေချာပြန်စစ်ဆေးဖို့ ဆွေးနွေးထားတယ်။ မနက်ဖြန် တခြားအရာရှိတွေလာပြီး စစ်ဆေးလိမ့်မယ်။ အဲ့တာကြောင့် သေချာပြင်ဆင်ထားပါ။"

 

 

"တခြားအရာရှိတွေလာမယ်!"

 

 

အမျိုးသမီးလု သတိလစ်မတတ် ဖြစ်သွားသည်။

 

 

နောက်တစ်ရက်တွင်၊ အဖွဲ့အစည်းအတွင်းရေးမှူးမှ ရွာသားများကို ရွာ၏ဟင်းလင်းပြင်တွင် အစည်းအဝေးအတွက် လူစုလေသည်။

 

 

အစည်းအဝေးတွင် အဓိကပါဝင်မည့် အကြောင်းအရာမှာ ယောက္ခမနှင်ချွေးမကြား ဆက်ဆံရေး၊ ကလေးသူငယ်ရောင်းစားခြင်း တို့ဖြစ်ပြီး၊ အမျိုးသမီးလုသည် ဥပမာဖြစ်လေသည်။

 

 

"အရာရှိကြီး၊ ဒါက တကယ်ပဲလိုအပ်လို့လား?"

 

 

အမျိုးသမီးလုအလှည့်တွင်၊ သူမခြေထောက်များတုန်နေပြီး အသံများလည်း တုန်လှုပ်နေလေသည်။

 

 

အမျိုးသမီးရေးရာမှ ဝန်ထမ်းသည် သူမအားနှစ်သိမ့်ပေးလေသည်။ "ဒါကအရှက်ခွဲတာ မဟုတ်ပါဘူး။ ရှင့်ရဲ့ လတ်တလော ပြောင်းလဲမှုတွေနဲ့ အောင်မြင်မှုတွေကို အားလုံးကို ကောင်းမွန်တဲ့ ဥပမာအနေနဲ့ တင်ပြရုံပါပဲ။ လာပါ။"

 

 

"ဟုတ်ပြီ။ ဟုတ်ပြီ။"

 

 

အမျိုးသမီးလု လူပုံအလယ်သို့ လမ်းလျှောက်သွားလိုက်ပြီး သူမသေချာ မရပ်နိုင်သေးခင်တွင် လူအုပ်ထဲမှ တစ်ယောက်သည် သူမအားမကြိုက်ဟန်ဖြင့် အော်ဟစ်လေသည်။

 

 

သူမရှက်လာပြီး၊ "ကျွန်မ...ကျွန်မ..." သူမ စာတစ်ကြောင်းပင် ဖြစ်မြောက်အောင် မပြောနိုင်ချေ။

 

 

အော်ဟစ်သံများ ကျယ်လောင်လာပြီး၊ အချို့မိသားစုများမှ ချွေးမများမှ၊ "မကောင်းဆိုးဝါးယောက္ခမ" ဟူ၍ ကြောက်မက်ဖွယ် အော်ဟစ်ကြသည်မှာ ပဲ့တင်သံများပင် ရိုက်ခတ်နေလေသည်။

 

 

အမျိုးသမီးလု ချွေးစေးများပြန်ကာ ကြောက်ရွံ့လာလေသည်။

 

 

အဆုံးတွင်၊ အတွင်းရေးမှူးဟွမ်မှ ချောင်းဟန့်လိုက်ပြီး၊ အကုန်လုံး ငြိမ်ကျသွားလေသည်။

 

 

သို့သော်၊ အမျိုးသမီးလု စိတ်ရှုပ်နေဆဲဖြစ်သည်။

 မနေ့က အရာရှိတို့ ဘာပြောသွားသည်ကို သူမ မမှတ်မိပေ။ သူမ ထစ်ငေါ့ထစ်ငေါ့ဖြင့်၊ "ကျွန်မ၊ကျွန်မမှားခဲ့ပါတယ်။ ကျွန်မ ချွေးမကိုအနိုင်မကျင့်ခဲ့သင့်ဘူး။ ပြီးတော့ ကျွန်မ မြေးကိုလည်း ရောင်းမစားသင့်ပါဘူး...ကျွန်မ၊ ကျွန်မ ရှေ့လျှောက်သေချာပေါက် ပြင်သွားပါ့မယ်..." ဟုပြောလေသည်။

 

 

ပွဲကြည့်ရန်လာသည့် အမျိုးသမီးဝမ်လည်း ကျယ်လောင်စွာရယ်လိုက်ပြီး၊ "သူတစ်နေ့ သူ့အမှားတွေအကုန်ဝန်ခံရမှာပဲ၊ တန်တယ်သူနဲ့!" ဟုပြောလေသည်။

 

 

အမျိုးသမီးလုသည် ထိုစာကြောင်းတစ်ကြောင်းတည်းကိုပင် ငါးကြိမ်မြောက်ထပ်၍ ပြောဆိုနေကာ၊ တစ်စုံတစ်ယောက်မှ၊ "လုအိမ်က ရှောင်ဟွေ့နဲ့ ထောင်ထောင် ရောက်လာပြီ!" ဟုပြောလေသည်။

 

 

"သူတို့ဘာလို့ ရောက်လာတာလဲ?"

 

 

"မသိဘူး။ အမျိုးသမီးလု အရူးဖြစ်နေတာကို ကြည့်ဖို့ လာတာလား?"

 

 

လူအုပ်ကြီးသည် စကားများပြီးနောက်၊ အနောက်တွင် ရောက်နေသည့် ကလေးနှစ်ယောက်အတွက် လမ်းဖယ်ပေးကြလေသည်။

 

 

ကလေးနှစ်ယောက်သည် ထင်းစည်းများ ဆွဲလာလေသည်။ လုထောင်၏ အစည်းသည် နည်းသော်လည်း သူတို့နှစ်ဦး တောင်ပေါ်သို့ ထင်းကောက်သွားခဲ့သည်မှာ သိသာလေသည်။

 

 

သူမအား လူတိုင်းကြည့်နေသည်ကိုတွေ့သော်၊ ကလေးမလေးသည် ရှက်၍ သူမအစ်ကိုနောက်တွင် ဝင်ပုန်းကာ၊ "ကိုကို၊ ဘာလို့ လူတွေဒီလောက်များနေတာလဲ?" ဟုမေးလေသည်။

 

 

လုဟွေ့သည် လူအုပ်အလယ်တွင် အမျိုးသမီးလုကို တွေ့ပြီးကာ၊ တည်ငြိမ်စွာ ခန့်မှန်းလိုက်သည်။ "ကိုကိုလည်း မသိဘူး၊ အဘွား မျောက်ပွဲပြတာကို ကြည့်နေကြတာနေမှာပေါ့။"

 

 

သူ့အတွေးတွင်‌တော့၊ အကသမားများနှင့် ‌ဆက်ကပ်မှ မျောက်များကိုသာ ဤကဲ့သို့ လူများ ဝိုင်း၍ကြည့်ကြလေသည်။

 

 

လုထောင်ကြားသော်၊ "မျောက်ပွဲ? ညီမလေးဘာလို့ မျောက်မမြင်ရတာလဲ?" ဟုမေးလေသည်။

 

 

"မျောက်ပွဲ..." သူတို့အနားရှိ အမျိုးသမီးတစ်ဦးမှ ကျယ်လောင်စွာရယ်ခဲ့သည်။

 

 

လူအုပ်ထဲမှ ပြဿနာတက်မည်ကို မကြောက်ရွံ့သည့် တစ်စုံတစ်ယောက်မှ၊ "ရှေ့လျှောက်ပြောင်းလဲမယ်ပြောတယ်မလား? အဲ့တာဆို ဘာလို့ အခုထိကလေးတွေကို ထင်းကောက်ခိုင်းနေတာလဲ?" ဟုအော်၍ မေးလေသည်။

 

 

"ဟုတ်တယ်။ ထောင်ထောင်က ဘယ်နှနှစ်ပဲရှိဦးမလဲ? ကလေးကို အခုတည်းက ခိုင်းနေပြီ။"

 

 

ရွာသားအချို့ ထိုသို့ ပြောဆိုပြီးနောက်၊ ကျန်ရွာသူရွာသားများလည်း အမျိုးသမီးလုအား အပြစ်တင်လာကြလေသည်။

 

 

"တိတ်တိတ်နေပေးကြပါ။"

 

 

အတွင်းရေးမှူးဟွမ်မှ အခြေအနေကို ထိန်းသိမ်းကာ၊ အမျိုးသမီးလုအား၊ "ရယ်ကျူဟွာ၊ အခုကိုယ့်အမှားကိုယ်သိပြီဆိုတော့ ဒီမှာတစ်ခါတည်း ဖြေသွားပေးပါ။ ‌အခုကစပြီး ခင်ဗျားတို့ မိသားစုမှာ ဘယ်သူထင်းကောက်မှာလဲ?" ဟုမေးလေသည်။

 

 

"ကျွန်မ၊ ကျွန်မ ကောက်ပါ့မယ်။"

 

 

"ခင်ဗျားမြေးတွေကို ရောင်းစားဦးမှာလား?"

 

 

"မလုပ်၊မလုပ်တော့ပါဘူး။"

 

 

"ကိုယ့်အမှားကိုယ်သိပြီး ပြင်နိုင်မယ်ဆိုရင် ခင်ဗျားကနိုင်ငံသားကောင်းဖြစ်လာမှာပါ။ အကုန်လုံးလည်း ရယ်ကျူဟွာ အဖြစ်ကနေ သင်ခန်းစာယူပြီး မိသားစုအတွင်း ကောင်းမွန်တဲ့ ယောက္ခမနဲ့ချွေးမ ဆက်ဆံရေးရှိကြပါစေ။ သူ့ကိုလည်း ရှေ့လျှောက် လမ်းပြပေးကြပါ..."

 

 

နွေးထွေးသော လက်ခုပ်သံများအကြား၊ သာ့ဟွာရွာ၏ အရေးပေါ်အစည်းအဝေး ပြီးမြောက်သွားလေသည်။

 

 

အမျိုးသမီးလု ခြေထောက်များ အားမရှိတော့သဖြင့်၊ လုကောဖုကတွဲ လျှောက်ပေးရလေသည်။

ဟယ်ချွိန်ဖန်မြင်သော်၊ မတတ်နိုင်ဘဲ ရှေ့တစ်လှမ်းတိုး၍၊ အသံနိမ့်နိမ့်ဖြင့်၊ "အစ်မ၊ အဆင်ပြေလား?" ဟုမေးလေသည်။

 

 

"ချွိန်ဖန်?" အမျိုးသမီးလု အနည်းငယ် အံ့ဩသွားကာ၊ "ဘယ်လိုလုပ် ဒီရောက်နေတာလဲ?" ဟုမေးလိုက်လေသည်။

 

 

"အကုန်လုံးကို လာခိုင်းတယ်မဟုတ်ဘူးလား?" ဟယ်ချွိန်ဖန်မှ ပြောလိုက်သည်၊ "ကျွန်မ အစ်ကိုသုံးယောက်ရဲ့ မိန်းမတွေက အမျိုးသမီးရေးရာမှာ လုပ်တာလေ။ အဲ့တော့ သူတို့က တစ်မိသားစုလုံးကို ခေါ်လာတာပဲ။ အစ်မဘယ်လိုလုပ်ပြီး... ဒီလိုဖြစ်သွားရတာလဲ?"

 

 

အမျိုးသမီးလု စိတ်တိုလာပြီး၊ "ဟုတ်ပါ့။ ဘယ်လိုဖြစ်လို့ ဒီလောက်ကံဆိုးနေရတာလဲ?။" ဟုပြောလေသည်။

 

 

"ကံဆိုးတယ်?"

 

 

"မဆန်းတော့ပါဘူးလေ။ ငါတို့မိသားစု ဒီရက်ပိုင်း သေချာကို မနားရသေးဘူး။"

 

 

အမျိုးသမီးလုတွင် ပြောစရာအမြောက်အများရှိရာ၊ ဟယ်ချွိန်ဖန်ကို တွေ့သောအခါ ထပ်၍ အောင့်မထားနိုင်တော့ဘဲ၊ လုကောဖုအား ခဏစောင့်ခိုင်းကာ၊ သူမအား ထောင့်တစ်နေရာသို့ ခေါ်သွားလေသည်။

 

 

"အစ်မပြောတာကို နားထောင်ကြည့်တော့လည်း တကယ်ထူးဆန်းတာပဲ။" ဟယ်ချွိန်ဖန် ဘေးဘီကြည့်ကာ မည်သူမျှမရှိကြောင်း သေချာကာမှ၊ သူမအသံကိုနိမ့်ပြီး မေးလေသည်၊ "အစ်မ၊အစ်မတို့မိသားစုမှာ ပြဿနာတွေ ဒီလောက်များနေတာ၊ တစ်ယောက်ယောက်ကို ပြကြည့်ဖို့ မစဉ်းစားဖူးဘူးလား?"

 

 

အမျိုးသမီးလုမှ တွေဝေစွာဖြင့်၊ "နင်ပြောချင်တာက..."

 

 

ဟယ်ချွိန်ဖန် ခေါင်းညိမ့်ပြလေသည်။

 

 

အမျိုးသမီးလုမှ သက်ပြင်းချကာ၊ "ငါလည်း တစ်ယောက်ယောက်ကိုခေါ်ပြီး ပြချင်ပါတယ်။ ဒါပေမယ့် ငါဘယ်မှာသွားရှာရမလဲ ဘယ်လိုလုပ်သိမှာလဲ?" ဟုပြောလေသည်။

 

 

"ကျွန်မ ကိုယုံရင်တော့၊ ကျွန်မ တစ်ယောက်ယောက်ကိုသိတယ်။"

 

 

ဟယ်ချွိန်ဖန် သူမ၏အသံကို ပို၍နိမ့်ကာ၊ "ကျွန်မ မြေးအကြီးလည်း ညတိုင်းတအားငိုတာ၊ အဲ့တာကိုကုပေးတာလည်း သူပဲလေ။ သူပြောတာက ကလေးရဲ့အဘေးက သူ့ကိုသတိရလို့ ပြန်လာတွေ့တာတဲ့၊ အဲ့တာနဲ့ကလေးက ငိုတော့တာ။ ဒါပေမယ့် ဒီပုဂ္ဂိုလ်က ဖိတ်ဖို့ မလွယ်ဘူး..." ဟုပြောလေသည်။