Chapter 1
ပြန်လည်မွေးဖွားလာခြင်း
ပြင်းထန်လွန်းသည့် ဆာလောင်မှုတစ်ခုကြောင့် ကျန်းလီယွင် ဆက်မအိပ်နိုင်တော့ဘဲ ခေါင်းရှုပ်သွားသည်။
သူမ၏ကျန်းမာရေးချို့တဲ့မှုနှင့် အသက်ကြီးလာမှုမှလွဲလျှင် သူမက ဆာလောင်သည့်ခံစားချက်ကို ခံစားရသည်မှာ ရှားပါးလှပြီး ပုံမှန်ရက်များတွင် ဘာစားစားအရသာမရှိဖြစ်နေလေသည်။
ဘာလို့ ရုတ်တရက်ကြီးဗိုက်ဆာလာတာလဲ…
ကျန်းလီယွင်က ဆတ်ခနဲမျက်လုံးဖွင့်လိုက်သောအခါ သူမကိုယ်မှာ အလင်းရောင်မှိန်မှိန်လေးသာရှိသည့် မီးခိုးမှိုင်းရောင်အခန်းထဲတွင် ရှိနေသည်ကိုမြင်လိုက်ရသည်။
အခန်းနံရံများကို ရွှံ့များဖြင့်လုပ်ထားပြီး ကောက်ရိုးများကိုအခန်းထောင့်တစ်ခုတွင်ပုံထား၏။ အပေါ်တွင် သစ်သားရက်မများဖြင့် တည်ဆောက်ထားသည်။
မျက်နှာကြက်မှ ရက်မများပေါ်၌ ကြိုးအချို့ရှိနေပြီး ကြိုးတန်းပေါ်တွင်သစ်ကိုင်းများဖြင့် ပြုလုပ်ထားသည့်ချိတ်များရှိကာ အဝတ်အစားများနှင့် ဝါးခြင်းများကိုချိတ်ထား၏။
ဤအရာအားလုံးက ကျန်းလီယွင်အတွက် ထူးလည်းထူးဆန်းသလို ရင်းလည်းရင်းနှီးနေပေသည်။
ထူးဆန်းရခြင်းမှာ သူမဤအခန်းကိုမမြင်ရသည်မှာ နှစ်ဆယ်ချီနေသောကြောင့်ဖြစ်ပြီး ရင်းနှီးနေခြင်းမှာ သူမငယ်စဉ်က ဤအခန်းထဲတွင် နေထိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုအချိန်က သူမ အိပ်ရာပေါ်တွင်လှဲကာ ဤဗလာဖြစ်နေသောအိမ်နံရံများကိုငေးကြည့်ပြီး အနာဂတ်တွင်သူမကိုယ်သူမ ကောင်းမွန်သောဘဝ၌ နေထိုင်စေရမည်ဟု တစ်ကြိမ်မက ကျိန်ဆိုခဲ့ဖူးပေသည်။
သူမက နေ့တိုင်း ထမင်းနှင့်အသားများစားချင်သည့်အပြင် အုတ်များဖြင့်တည်ဆောက်ထားသည့် အိမ်သေးသေးလေးတစ်လုံးတွင်လည်း နေနိုင်ရန် အိပ်မက်မက်ထားခဲ့သည်။
ငယ်စဥ်ကတည်းက ဆင်းရဲမွဲတေခဲ့မှုက သူမအား ချမ်းသာကြွယ်ဝမှုကို အတုမရှိတောင့်တစေခဲ့ကာ ပိုက်ဆံများစွာရှာခဲ့လေသည်။
လူတစ်ယောက်က ခိုင်မာသောရည်မှန်းချက်တစ်ခုဖြင့် မရပ်မနားလုပ်ဆောင်ပါက လူတိုင်းက သူမအတွက်လမ်းဖယ်ပေးကြရလိမ့်မည်။
ဒါဆို... ငါက ကဘာလို့ဒီကိုရောက်နေတာလဲ…
ငါ့ရဲ့ဗီလာထဲမှာပဲ လှဲနေသင့်တာ အသိသာကြီးလေ…
မဟုတ်သေးဘူး… အခုဆို ငါက သေနေသင့်တာ…
ကျန်းလီယွင်က မျက်နှာကြက်မှ ရက်မများကို အတွေးဗလာဖြင့်ကြည့်နေပြီး လက်ရှိအခြေအနေကို အပြည့်အဝသဘောမပေါက်နိုင်ဖြစ်နေ၏။
ငါ ဘာဖြစ်နေတာလဲ…
လူတစ်ယောက်မသေခင်မှာ ဝေးကွာလွန်းတဲ့မှတ်ဉာဏ်တွေ ရုတ်တရက်ပြန်ပေါ်လာပြီး အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကြားမှာ စိတ်ဝေဝါးသွားစေတာမျိုးလား…
ဒီက အရာတွေအားလုံးက အရမ်းစစ်မှန်လွန်းတယ်… ချိတ်လုပ်ထားတဲ့ သစ်ကိုင်းပေါ်ကအက်ကွဲရာတွေတောင်မှ အရမ်းကိုရှင်းလင်းနေတာ…
သူမ ငယ်ရွယ်စဉ်က ကျေးလက်ဘက်တွင် ကြွက်များစွာရှိပြီး ၎င်းတို့က သေချာမထုပ်ပိုးဘဲသိမ်းဆည်းထားသည့် စားစရာနှင့်အဝတ်အစားများအတွက် ခြိမ်းခြောက်မှုများဖြစ်လာခဲ့လေသည်။ ကြွက်အန္တရာယ်ကိုရှောင်ရန်အတွက် လူများက သူတို့ပိုင်ဆိုင်မှုများကို မျက်နှာကြက်မှရက်မများပေါ်၌ ကြိုးဖြင့်ချိတ်ဆွဲကာ သိမ်းဆည်းကြသည်။
သူမက ချိတ်ထားသည့်အဝတ်ကို ပို၍ပင်ရင်းနှီးနေခဲ့သည်။၎င်းက သူမဆိုဖာစက်ရုံတွင် အလုပ်သွားလုပ်ပြီးနောက် ဝယ်ခဲ့သည့် အပြာရောင်လက်တိုအင်္ကျီဖြစ်သည်။ သူမက ၎င်းကို နှစ်ပေါင်းများစွာဝတ်ဆင်ခဲ့၏။
သူမက အတိတ်အကြောင်းပြန်တွေးနေချိန်တွင် ရုတ်တရက်တံခါးပွင့်လာပြီး နူးညံ့သည့်အသံတစ်ခုထွက်လာ၏။
“မမရေ မနက်စာစားရမယ့်အချိန်ရောက်ပြီ…”
ကျန်းလီယွင်က ဆတ်ခနဲတုန်သွားပြီး မော့ကြည့်လိုက်သောအခါ ဝါကျင်ကျင်အသားအရေနှင့် ခြောက်ကပ်ကာအဝါရောင်သန်းနေသည့်ဆံပင်များရှိသည့် အသက်ဆယ်နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
ကောင်မလေးက တံခါးဝတွင်ရပ်ကာ သူမကိုပြုံးပြနေ၏။သေးငယ်သော်ငြား ရင်ထဲကိုနွေးထွေးသွားစေသည့် အပြုံးမျိုးဖြစ်သည်။
ကျန်းလီယွင်က ထိုအပြုံးကိုမြင်သောအခါ ရင်တုန်သွားပြီး မထိန်းချုပ်နိုင်တော့ဘဲ မျက်လုံးများစိုစွတ်လာကာ ငိုချမိတော့မတတ်ဖြစ်သွားသည်။
ရှောင်ယွီ… ဒါကရှောင်ယွီဘဲ… ငါနဲ့မတွေ့ရတာ နှစ်ဆယ်ချီနေပြီဖြစ်တဲ့ ငါ့ညီမလေးကျန်းလီယွီ…
သူမ၏ညီမကျန်းလီယွီက အသက်၁၉နှစ်အရွယ်တွင် အိမ်မှထွက်သွားခဲ့သည်။ အကြောင်းမှာ သူမ၏ယောက်မက ကျန်းလီယွီအား သူများအပေါ်မှီခိုစားနေသည်ဟု ဝေဖန်ခဲ့သဖြင့် အလုပ်လုပ်ရန်ထွက်သွားခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ မည်သည့်အဆက်အသွယ်မှ မရှိတော့ပေ။
အစပိုင်းတွင် သူမညီမလေးတစ်နေ့တွင်ပြန်ရောက်လာမည်ဟု ယုံကြည်ကာမျှော်လင့်ထားသော်လည်း ဆယ်စုနှစ်များကုန်ဆုံးသွားသောအခါ သူမညီမလေးက အပြင်ဘက်တွင်ကံဆိုးမှုတစ်ခုခုနှင့်ကြုံပြီး ပြန်လာနိုင်တော့မည်မဟုတ်ကြောင်းကို နာကျင်စွာသဘောပေါက်လာခဲ့ပေသည်။
သို့သော်အခုချိန်တွင် သူမရှေ့မှကျန်းလီယွီက ဆယ်ကျော်သက်ငယ်လေးအရွယ်သာ ရှိနေသည့်ပုံပေါ်နေ၏။
ဒါက ငါ မသေခင် ထင်ယောင်ထင်မှားဖြစ်တာများလား…
“မမ ဘာဖြစ်လို့လဲ…”
ကျန်းလီယွီက စိုးရိမ်စွာမေးလာ၏။
ညီမဖြစ်သူ၏စိတ်ပူနေသောအကြည့်များကို မြင်သောအခါ ကျန်းလီယွင်က ရုတ်တရက် သတိဝင်လာပြီး အလွန်လေးနက်သည့်တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။
ဒါတွေအားလုံးက အသားမကျလောက်အောင်ကို စစ်မှန်နေတယ်လို့ ခံစားနေရတယ်…
ဒါ အိပ်မက်မဖြစ်နိုင်ဘူး…
ဘဝတွင် မရေတွက်နိုင်သည့်စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့သည့် ကျန်းလီယွင်က အသက်ပြင်းပြင်းရှူကာ ပြန်ဖြေလိုက်သည်။
“ဘာမှမဖြစ်ဘူး အခုပဲထပြီ…”
ကျန်းလီယွင်က အချိန်ပြည့်စိုးရိမ်သောကများနှင့် နေထိုင်ခဲ့ရလေသည်။ ဤနှစ်များတွင် သူမညီမအကြောင်းအတွေးတိုင်း သည်းမခံနိုင်လောက်သည့် စိတ်ဒုက္ခများဖြစ်စေခဲ့၏။
သို့သော် အချိန်က ဒဏ်ရာအားလုံးကို သက်သာသွားစေသည့် နည်းလမ်းတစ်ခုရှိလေသည်။
အခုချိန်တွင် ကျန်းလီယွင်က သူမခံစားချက်များကိုထိန်းချုပ်နိုင်ပြီဖြစ်ကာ သူမကိုယ်သူမ တည်ငြိမ်မှုပျက်ပြားခြင်းမှ တားဆီးနိုင်လာသည်။
“ဟုတ်ကဲ့ပါ…”
ကျန်းလီယွီက ပြန်တုံ့ပြန်ကာထွက်သွားလိုက်ပြီးနောက် သူမနောက်မှတံခါးကို ပြန်ပိတ်လိုက်သည်။
ကျန်းလီယွင်က တံခါးလုံးဝပိတ်သွားသည်အထိ ကြည့်နေပြီးမှ သူမ၏ပေါင်ကို စူးရှစွာဆွဲဆိတ်လိုက်သည်။
အရမ်းနာတယ်…
ရုတ်တရက်ဆိုသလိုပင် အတွေးတစ်ခုက ကျန်းလီယွင်စိတ်ထဲပေါ်လာပြီး သူမရင်ခုန်သံများကိုဒုန်းစိုင်းလာစေသည်။
ဒါတွေအားလုံးက အတုမဟုတ်လောက်ဘူး…
အဲ့လိုဆို....ငါ... ငါက ပြန်မွေးဖွားလာတာလား…
သူမကိုဂရုစိုက်ပေးသည့် ပြုစုစောင့်ရှောက်သူက အိမ်အလုပ်များလုပ်နေချိန်၌ audio booksများနားထောင်ရသည်ကိုသဘောကျကာ တစ်ခါတစ်လေတွင် ပြန်လည်မွေးဖွားခြင်းနှင့် အချိန်ခရီးသွားခြင်းအကြောင်း ဝတ္ထုများကိုလည်း နားထောင်လေ့ရှိသည်။ ကျန်းလီယွင်က သူမကိုယ်သူမ ထိုဇာတ်လမ်းများနှင့်တူညီသည့် အခြေအနေတစ်ခုထဲတွင်ရောက်နေကြောင်း သိသွားလေသည်။
သူမက လုံးဝကြီးသေချာနေခြင်းမျိုးမဟုတ်သော်လည်း ၎င်းကအမှန်ဖြစ်နေစေရန် မျှော်လင့်မိသည်။
ကျန်းလီယွင်က ခေါင်းငုံ့လိုက်ကာ သူမပေါ်တွင် ဖုံးထားသည့်သဘက်ကို မလိုက်ပြီး သူမကိုယ်ကို ဂရုတစိုက်စစ်ဆေးလိုက်သည်။
ခြေထောက်နှစ်ချောင်း၏ အပေါ်ဘက်အသားအရေက ဖြူဖွေးနေသော်လည်း ဒူးအောက်မှစ၍ နေလောင်ဒဏ်ကြောင့်မဲနေပြီး အမာရွတ်သေးသေးလေးများနှင့်ပြည့်နေကာခြေဖဝါးများက အသားမာများဖြင့် ဖုံးလွှမ်းနေလေသည်။
သို့သော်သူမခြေထောက်များက အကောင်းပတိရှိနေဆဲဖြစ်ကာ အားအင်များဖြင့်ပြည့်နှက်နေ၏။
ငါ ဒီခြေထောက်တွေကို ထိန်းချုပ်လို့ရနေတုန်းပဲ…
ကျန်းလီယွင်က အိပ်ရာထဲမှ ဖြည်းဖြည်းချင်းထလာပြီး ကြမ်းပြင်ပေါ်တွင် မတ်တတ်ရပ်လိုက်သည်။
နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှ ငါ လမ်းပြန်လျှောက်နိုင်သွားပြီ…
သူမက ဟောင်းနွမ်းနေသည့် ညအိပ်ဝတ်စုံကိုလဲကာ ရက်မမှ အပြာရောင်လက်တိုအင်္ကျီကိုယူလိုက်ပြီး အနက်ရောင်ဘောင်းဘီအသစ်တစ်စုံဝတ်ပြီးမှ အခန်းပြင်သို့ထွက်ရန်လုပ်လိုက်သည်။
နှစ်သုံးဆယ်ကျော်လမ်းမလျှောက်နိုင်ခဲ့ပြီးနောက် မြေကြီးပေါ် တစ်ဖန်ပြန်ရပ်နိုင်သည့်ခံစားချက်က သူမကိုလွှမ်းမိုးလာကာ အပြင်ဘက်သို့ပြေးထွက်ပြီး အောင်ပွဲခံချင်အောင်ပြုလုပ်နေ၏။
၎င်းက ဤအတိုင်းအတွေးသက်သက်သာဖြစ်သည်။
တံခါးမှထွက်လာပြီးနောက် ကျန်းလီယွင်ပထမဆုံးမြင်လိုက်သည်မှာ ဝင်ပေါက်နားရှိ ခြောက်နေသည့်ပဲပိစပ်ရိုးတံများဖြစ်သည်။ ထို့နောက် နောက်ဖေးခြံထဲ၌ ကြီးထွားနေသည့် ဟင်းသီးဟင်းရွက်မျိုးစုံနှင့် အဝေးမှလယ်ကွင်းများ၊အိမ်များကိုမြင်သွားသည်။
နေရောင်က သူမအသားအရေပေါ်ကျဆင်းလာပြီး မနက်ခင်းလေပြည်က အနည်းငယ်အေးစိမ့်မှုကို သယ်ဆောင်လာ၏။ သူမ အသက်ပြင်းပြင်းရှူလိုက်သောအခါ သူမကိုယ်မှ ချွေးပေါက်များအားလုံး ပွင့်လာသလိုခံစားမိလာပြီး -မဖော်ပြနိုင်လောက်အောင် လန်းဆန်းသွားပေသည်။
ပဲပိစပ်များက အခုဆိုလျှင်ရိတ်သိမ်းရန် အသင့်ဖြစ်နေပြီဖြစ်ကာ ရာသီဥတုကလည်း အေးလာသည်။ အခုချိန်က ဂရေဂိုရီယန်ပြက္ခဒိန်၌ အောက်တိုဘာလဝန်းကျင်ဖြစ်လောက်သည်။ သို့သော် ရက်အတိအကျကိုမူ သူမလည်းမသေချာပေ။
အခုချိန်တွင်သူမပုံစံက မည်သို့ဖြစ်နေသည်ကိုပင် မသိသေးပေ။
ကျန်းလီယွင်က ဘေးကပ်ရပ်မှအခန်းထဲသို့ ဝင်သွားလိုက်သည်။
သူမအခန်းထဲတွင် မှန်မရှိသော်လည်း ဘေးအခန်း၏နံရံပေါ်၌ သံစိုက်ကာမှန်တစ်ခုချိတ်ထားကြောင်း သူမမှတ်မိနေသေးသည်။
သူမထင်ထားသလိုပင် အထဲ၌မှန်တစ်ချပ်ရှိနေပြီး ၎င်း၏ဘေး၌ စာမျက်နှာအတော်များများကိုစုတ်ဖြဲပြီးသွားသည့် ပြက္ခဒိန်တစ်ခုရှိနေသည်။
မှန်ဆီသို့သွားပြီးနောက် ကျန်းလီယွင်က အသက်နှစ်ဆယ်ဝန်းကျင်လောက်သာရှိသေးသည့် သူမ၏ပုံစံကို မြင်သွားသည်။
သူမအကြည့်များက ပြက္ခဒိန်ဆီရွေ့သွားသည်။
အောက်တိုဘာ15 ၊ 1987ခုနှစ်။
၎င်းက ရှစ်လမြောက်၏ 23ရက်မြောက်နေ့၊ ကြာသပတေးနေ့ဖြစ်ကာ အိမ်ထောင်ရေး၊ ဝတ်ပြုခြင်း၊ မြုပ်နှံသဂြိုလ်ခြင်းနှင့် အလုပ်ကိစ္စအသစ်စတင်ခြင်းတို့အတွက် ရက်ကောင်းရက်မြတ်ဖြစ်လေသည်။
1987… ဒါက1987ခုနစ်ပဲ… ဒီနှစ်မှာ ငါက အသက်နှစ်ဆယ်ပဲရှိသေးတယ်-လက်မထပ်ရသေးဘူး…
“လီယွင် သမီး ဘာလို့မနက်စာလာမစားသေးတာလဲ…”
ကျန်းလီယွင်က နူးညံ့သည့်အသံတစ်ခုထွက်လာသဖြင့် လှည့်ကြည့်လိုက်သောအခါ သူမ၏အမေကိုမြင်သွားသည်။
သူမအမေက သူမ(အမေ)၏နာရေးတွင် အသုံးပြုခဲ့သည့်ဓာတ်ပုံနှင့် တစ်ပုံစံတည်းဖြစ်သည်။ မည်သည့် ထူးထူးခြားခြား ပြောင်းလဲမှုမှရှိမလာပေ။
ရှောင်ယွီပျောက်သွားပြီး မကြာမီမှာပင် သူမအမေဆုံးပါးသွားသည်။ နာရေးအတွက် အသုံးပြုခဲ့သည့်ဓာတ်ပုံက သူမ၏ပထမဆုံးလက်ထပ်ပွဲ၌ ရိုက်ခဲ့ခြင်းဖြစ်ကာ အခုချိန်တွင် ထိုပွဲပြီးသွားပြီးနောက် တစ်နှစ်သာကျော်သေးသည်။
ကျန်းလီယွင်က သူမအမေကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်မိကာ လွှမ်းမိုးလာသည့်ခံစားချက်များကို ဖိနှိပ်လိုက်ပြီး အခန်းထဲရှိ*မသေမျိုးရှစ်ပါးစားပွဲ*၌ဝင်ထိုင်လိုက်သည်။
(T/N - Eight immortal table-လေးထောင့်ပုံစားပွဲဖြစ်ပြီး တစ်ဖက်စီမှာ လူနှစ်ယောက်ထိုင်လို့ရပြီး စုစုပေါင်းလူရှစ်ယောက် ထိုင်လို့ရတဲ့စားပွဲမျိုးပါ)
သစ်သားစားပွဲပေါ်တွင် ကန်စွန်းဥဆန်ပြုတ်နှင့် စားပွဲအလယ်၌ ဆီမပါသည့်ဟင်းသီးဟင်းရွက်ပြုတ်တစ်ဇလုံ ရှိနေ၏။
၎င်းက သူမတို့မိသားစု၏ မနက်စာပင်။
ကျန်းလီယွင်က စားပွဲ၌ထိုင်ကာ ကန်စွန်းဥဆန်ပြုတ်ကို ဖြည်းဖြည်းချင်းအရသာခံနေပြီးနောက် အဆုံးတွင်ကိစ္စတစ်ခုကိုအတည်ပြုနိုင်သွားသည်။
ငါ သေသွားပြီ… အခု ငါ ပြန်ရှင်လာတယ်…
ငါက ပြန်လည်မွေးဖွားလာတာပဲ…
ကျန်းလီယွင်၏ဘဝက လှုံ့ဆော်နိုင်စွမ်းရှိကာ ဆင်းရဲဒုက္ခများပြည့်နေခဲ့သည့် ပုံပြင်တစ်ပုဒ်ဖြစ်သည်။
သူမအဖေက မသန်စွမ်းဖြစ်နေသည့် အသက်သုံးဆယ်အရွယ်ယောက်ျားတစ်ယောက်ဖြစ်ကာ မိန်းမတစ်ယောက်ရှာရန် ရုန်းကန်နေခဲ့ရ၏။ ထိုအချိန်တွင် အငတ်ဘေးတစ်ခုဆိုက်လာလေသည်။
သူမအမေက ဤဒေသသို့ထွက်ပြေးလာခဲ့ကာ ဆာလောင်ပြီး သေလုနီးပါးဖြစ်နေချိန်၌ သူမအဖေ၏ကယ်တင်ခြင်းကို ခံလိုက်ရ၍ နောက်ပိုင်းတွင် လက်ထပ်လိုက်ကြသည်။
သူမအဖေ၏ ရုပ်ပိုင်းဆိုင်ရာအကန့်အသတ်များက သူ့ကိုအလုပ်လုပ်ရာ၌ နှေးကွေးစေပြီး ရွာမှအမျိုးသမီးများနှင့် တူညီသည့်အလုပ်မှတ်များသာ ရလေသည်။ သူမအမေက နုနယ်အားနည်းသဖြင့် ပြင်းထန်သောအလုပ်များ မလုပ်နိုင်ပေ။
၎င်းက သူမတို့မိသားစု၏ ရာသက်ပန်ဆင်းရဲမွဲတေခြင်းကိုဖြစ်စေခဲ့သည်။ 1970ခုနစ်တွင် ထုတ်လုပ်ရေးအသင်းက နှစ်ကုန်စာရင်းများရှင်းလာကာ အခြားသူများက အသင်းထံမှ ပိုက်ဆံရချိန်၌ သူမမိသားစုက အသင်းအပေါ်ပိုက်ဆံအကြွေးတင်နေလေသည်။
ထိုအချိန်က လယ်ယာများကို သီးသန့်ကိုယ်ပိုင်စာချုပ်များမချုပ်ဆိုထားပေ။ ထုတ်လုပ်ရေးအသင်းက ကောက်ပဲသီးနှံများ စုဆောင်းပြီးသောအခါ အိမ်ထောင်စုတစ်ခုတိုင်းကို စားစရာများခွဲဝေပေးသည်။ ထုတ်လုပ်ရေးအသင်းမှ မွေးမြူထားသည့် ဝက်များ၊ပိုးမျှင်ထုတ်သည့်ပိုးသားလောင်းအိမ်များကို ပိုက်ဆံဖြင့်လဲလှယ်၍ရပြီး ၎င်းမှတစ်စိတ်တစ်ပိုင်းကို အသင်းထဲမှအဖွဲ့ဝင်များထံ ပေးလေ့ရှိသည်။
သူတို့မိသားစုက စားစရာနှင့်ပိုက်ဆံများရသော်လည်း လုပ်အားကောင်းကောင်းမရှိသဖြင့် အလုပ်အမှတ်များမရနိုင်ရာ အဆုံးတွင် အသင်းအပေါ် ပိုက်ဆံအကြွေးတင်ခြင်းနှင့်သာ အဆုံးသတ်ရလေသည်။
ထို့ကြောင့် ထုတ်လုပ်ရေးအသင်းက နှစ်ကုန်၌ အလုပ်အမှတ်များအပေါ်မူတည်ပြီး အစားအစာနှင့်ပိုက်ဆံများခွဲဝေပေးသောအခါ သူမတို့မိသားစုက ဘာမှမရခြင်းနှင့်သာအဆုံးသတ်သွားသည်။
သူမကလေးဘဝတွင် ထမင်းကိုများများမစားရဲဘဲ တစ်ခါတလေတွင် ဗိုက်ဆာနေလေ့ရှိသည်။
သူမအရွယ်ရောက်လာပြီးနောက် ဤအကြောင်းကိုသူငယ်ချင်းများအား ပြောပြသောအခါ 1960တွင်မွေးဖွားလာခဲ့သည့် ထိုသူများက သူတို့ကြီးပြင်းလာချိန်အတွင်း၌ စားစရာအရင်းအမြစ်များ မလုံလောက်သော်လည်း တစ်ခါမှဗိုက်ဆာဆာနှင့်မနေခဲ့ရဟု ယုံကြည်ချက်ရှိရှိပြောဆိုကြလေသည်။
သူတို့စကားများကိုကြားသောအခါ သူမက အသံတိတ်သွားသည်။
ဗိုက်ဆာဆာနှင့်အိပ်ခဲ့ရသည့် သူမ၏ကလေးဘဝအတွေ့အကြုံများက ကွက်ကွက်ကွင်းကွင်းရှိကာ အမှန်တကယ်ဖြစ်သည်။
တစ်ခုသော နွေရာသီ၌ ကွန်မြူနတီခေါင်းဆောင်များက သူတို့ထုတ်လုပ်ရေးအသင်းကို လာစစ်ဆေးသောအခါ အသင်းခေါင်းဆောင်က ဆန်ဖြူ၊ဆားစိမ်ဟင်းသီးဟင်းရွက်၊ ကြက်ဥစွပ်ပြုတ်များဖြင့် ဧည့်ခံရန်ပြင်ဆင်ခဲ့သည်။ ထိုအချိန်က ရာသီဥတုပူကာ ညနေခင်းဖြစ်သဖြင့် သူတို့က အပြင်ထွက်စားကြရာ သူမက ၎င်းကိုမြင်လိုက်ရခြင်းဖြစ်သည်။
သူတို့က သာမန်ထက်လွန်ကဲသည့်အရာများက်ို စားနေခုင်းမဟုတ်သော်လည်း သူမကမထိန်းနိုင်ဘဲ သားရေကျသွားမိသည်။
ထိုအချိန်က သူမသာ နေ့တိုင်းနေ့တိုင်း ဗိုက်ပြည့်သည်အထိ ဆန်ဖြူများစားနိုင်ပါက ပြီးပြည့်စုံသွားမည်ဟု တွေးခဲ့လေသည်။
နောက်ပိုင်းမှာ လူတိုင်းရဲ့ နေထိုင်ရေးအခြေအနေက အရမ်းတိုးတက်လာမယ်လို့ ဘယ်သူကထင်ခဲ့မိမှာလဲ…
မည်သို့ပင်ဖြစ်စေ သူမတို့မိသားစုက ရွာထဲတွင် အဆင်းရဲဆုံးဖြစ်သည်။
အစပိုင်းတွင် သူမတို့မောင်နှမများကြီးလာသည်နှင့် သူတို့မိသားစုအခြေအနေက တိုးတက်လာခဲ့လေသည်။ သို့သော်သူမအမေက အသက်သုံးဆယ်၌ မမျှော်လင့်ဘဲ ကျန်းလီယွီကို ကိုယ်ဝန်ရလာခဲ့သည်။ ကျန်းလီယွီကိုမွေးပြီးသောအခါ သူမ၏ကျန်းမာရေးက ပို၍ပင် ယိုယွင်းလာခဲ့သည်။
အခြားအမျိုးသမီးများက တစ်လလျှင် ရက်အနည်းငယ်ခန့်သာ ရာသီလာချိန်၌ သူမအမေက ရက်နှစ်ဆယ်ကျော်မရပ်မနား သွေးဆင်းခဲ့သည်။
သူမက နို့လည်းလုံလုံလောက်လောက်မထွက်သဖြင့် ကျန်းလီယွီကို နို့မတိုက်နိုင်လုနီးပါးဖြစ်သည်။ ကျန်းလီယွီက အသက်ရှင်နိုင်ခဲ့သော်လည်း ငယ်ငယ်ကတည်းက ချူချာကာ အချိန်နှင့်အမျှ နေမကောင်းဖြစ်နေလေ့ရှိသည်။
ကျန်းမာရေးမကောင်းတဲ့ မိသားစုဝင်နှစ်ယောက်ရှိနေတာ သူတို့မိသားစုအခြေအနေက ဘယ်လိုများတိုးတက်လာနိုင်မှာလဲ…
သူမအမေက ကျန်းလီယွီကိုမွေးသည့်အချိန်၌ သူမအစ်ကိုက စက်ရုံတွင် အလုပ်စလုပ်သည့်အချိန်ဖြစ်ကာ သူတို့မိသားစု၏ငွေရေးကြေးရေးကို အနည်းငယ်တိုးတက်လာစေခဲ့သည်။ သူမ၏အစ်မက အလယ်တန်းကျောင်းတက်ရန် မြို့ပေါ်သို့တက်သွားပြီး သူမက မူလတန်းကျောင်းတွင်လေးတန်းတက်နေ၏။
သူမ၏အစ်ကိုအစ်မများ မရှိသဖြင့် သူမက အိမ်မှအရာအားလုံးကို စီစဉ်ရန်တာဝန်ယူခဲ့ရလေသည်။ သူမက အမေဖြစ်သူနှင့် ယခုမှမွေးလာသည့်ကလေးပေါက်စ ကျန်းလီယွီကိုပါ ဂရုစိုက်ပေးရသည်။ မူလတန်းကျောင်းတက်ခဲ့သည့် နှစ်နှစ်အတွင်းတွင် သူမက စုစုပေါင်းအချိန်တစ်လခန့်သာ ကျောင်းတက်ဖြစ်ခဲ့လေသည်။
ထိုကာလများ၌ လူအနည်းစုကသာ အလယ်တန်းတက်ရန် အခွင့်အရေးရကြပြီး သူမအတွက် အခွင့်အရေးမရှိခဲ့ပေ။
ကျန်းလီယွီကို သူမကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ သူမအတွက် ကျန်းလီယွီက သူမ၏ကလေးအရင်းလိုပင်။
ကျန်းလီယွီတစ်ယောက် အရိပ်အယောင်ပင်မရှိဘဲ ပျောက်ဆုံးသွားခဲ့စဉ်က သူမ ဘယ်လောက်စိတ်သောကရောက်ခဲ့မည်ကို စိတ်ကူးကြည့်နိုင်သည်။
အတိုချုပ်ရလျှင် ကျန်းလီယွီမွေးလာပြီးနောက် သူမအစ်ကိုက ကွန်မြူနတီ၏အုတ်နှင့်ကြွေပြားစက်ရုံ၌ အလုပ်လုပ်လာသော်လည်း သူမတို့အမေ၏နေမကောင်းမှုကြောင့် သူတို့မိသားစုက ဆက်လက်ဆင်းရဲနေဆဲဖြစ်သည်။ ပိုမိုကောင်းမွန်သည့်ဘဝနှင့် ပိုက်ဆံများကိုလိုချင်တပ်မက်သဖြင့် သူမ အသက်16နှစ်အရွယ်သို့ ရောက်သောအခါ အရှက်အကြောက်မရှိဘဲ ကွန်မြူနတီမှစီစဉ်သည့် ဆိုဖာစက်ရုံ၌ လုပ်အားပေးဝင်လုပ်ခဲ့ကာ နောက်ပိုင်းတွင် ထိုနေရာ၌အလုပ်သမားဖြစ်လာခဲ့သည်။
ထို့အပြင် ယခုနှစ် 1987ခုနစ်၌ သူမအစ်ကိုကအိမ်၏ငွေရေးကြေးရေးကြပ်တည်းမှုကြောင့် ပထမလက်တွဲဖော်နှင့် ပြတ်စဲခဲ့သည်။ သူမ၏ဒုတိယအစ်မက ဉာဏ်ပညာပိုင်း၌ အခက်အခဲရှိသည့်ခဲအိုနှင့် လက်ထပ်လိုက်ကာ သူမ(ကျန်းလီယွင်)ကလည်း သူမ၏ပထမခင်ပွန်း ရှဲ့ဇူကန်းနှင့် စတင်အဆက်အဆံရှိလာခဲ့သည်။
‘ဇူကန်း’ဟူသည့်အမည်နှင့်ပင် ရှဲ့ဇူကန်းကို သူ့မိသားစုမှ မည်မျှတန်ဖိုးထားကြောင်း မြင်နိုင်၏။
အဟုတ်ပင်။ ရှဲ့ဇူကန်း၏အဖေက တစ်ဦးတည်းသောသားဖြစ်ပြီး ရှဲ့ဇူကန်းကိုယ်တိုင်ကလည်း သူ့အဖေအသက်30ကျော်မှရလာသည့် တစ်ဦးတည်းသောကလေးဖြစ်ရာ အိမ်မှအချစ်နှင့်ဂရုစိုက်မှုအားလုံးကို ရရှိထားလေသည်။
ရွာထဲမှသူများက ရှဲ့ဇူကန်းကိုလက်ထပ်နိုင်ခဲ့ပါက သက်တောင့်သက်သာရှိသည့် ဘဝတွင်နေထိုင်နိုင်မည်ဟု ဆိုကြ၏။
ထို့ကြောင့် သူမက သူ့ကိုလက်ထပ်ခဲ့သည်။
ရှဲ့ဇူကန်း၏အဖေက ကွန်မြူနတီ၏ အုတ်နှင့်ကြွေပြားစက်ရုံ၌ စာရင်းကိုင်တစ်ဦးဖြစ်ကာ ရှဲ့ဇူကန်းကလည်း မိသားစုနောက်ခံကြောင့် စက်ရုံ၏သယ်ယူပို့ဆောင်ရေးအသင်း၌ အလုပ်နေရာတစ်ခု ရခဲ့လေသည်။ မိသားစုနောက်ခံချင်းယှဉ်လျှင် သူမက ရှဲ့ဇူကန်းထက်နိမ့်ကျသည်။သူမ သူ့ကိုလက်ထပ်နိုင်ခဲ့သည်မှာ ရှဲ့ဇူကန်း၏ကိုယ်ပိုင်အရည်အချင်းများက မထူးခြားသောကြောင့်ဖြစ်သည်။
ရှဲ့ဇူကန်းက အရပ်ပုကာဝတုတ်နေပြီး အထူးကိုအပျင်းကြီးတတ်သည်။
သို့သော် သူမက ထိုအရာအားလုံးကို လက်ခံနိုင်ခဲ့သည်။
🏡🏡🏡