Chapter 2
Viewers 1k


Chapter 2


မိသားစုအကြောင်းပြောခြင်း






လက်ထပ်ပြီးသည့်နောက် ရှဲ့ဇူကန်းကအလုပ်မလုပ်ချင်တော့‌ရာ သူမကအလုပ်ပိုလုပ်ခဲ့ပြီး သူတို့နှစ်ယောက်ကအတော်လေး သဟဇာတဖြစ်ခဲ့ကြသည်။




1989ခုနှစ်အဆုံးပိုင်း၌ သူမက သားတစ်ယောက်မွေးဖွားပြီးသောအခါ အစပိုင်း၌ဇီဇာကြောင်ခဲ့သည့် သူမ၏ယောက္ခမက သူမအပေါ် ယခင်ကထက်မျက်နှာသာပေးလာခဲ့သည်။




မျက်စိတစ်မှိတ်အတွင်းမှာပင် 1990ခုနစ်သို့ ရောက်လာကာ သူမအနားရှိပတ်ဝန်းကျင်များက သိသာထင်ရှားစွာပြောင်းလဲလာခဲ့သည်။




ကလေးတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။




သူမက ပိုက်ဆံများများရှာရန် ကျိန်ဆိုခဲ့ပြီး သူမကလေးက သူမငယ်ငယ်က ကြုံခဲ့ရသည့်အခက်အခဲများကို မခံစားရဘဲ လိုချင်သည့်အရာမှန်သမျှ ရနိုင်ရမည်ဟု အာမခံခဲ့သည်။




ရွာအပိုင်ဆိုဖာစက်ရုံက ပိတ်သွားပြီး လစာများမပေးနိုင်တော့သည့်အချိန်တွင် သူမက ဓာတုချည်မျှင်စက်ရုံ၌ လစာမြင့်သည့်အလုပ်တစ်ခု ရှာတွေ့ခဲ့ပြီး တစ်နေ့လျှင်အဆိုင်းသုံးဆိုင်းအလုပ်လုပ်ခဲ့သည်။ သူမ၏အားလပ်ချိန်များ၌ မြို့ထဲတွင်ဆိုင်လေးတစ်ခုခင်းကာ မျှစ်နှင့်ငါးများကိုရောင်းချခဲ့သည်။




သူမက ငွေများများစာစားမ‌ရသော်လည်း 1993ခုနှစ်သို့ရောက်သောအခါ သူမလက်ထဲ၌ တစ်သောင်းကျော်ခန့် စုဆောင်းမိလာခဲ့သည်။




သူမသာ အလုပ်ကြိုးစားနေသရွေ့ သူမဘဝကသေချာပေါက်တိုးတက်ကြီးပွားလာမည်ဟု ယုံကြည်ခဲ့ကာ သူမ၏ကလေးအားမြို့ပေါ်တွင် ပညာသင်ပေးရန်အတွက်ပင် စိတ်ကူးမိခဲ့ပေသည်။




သို့သော် ဤအရာများအားလုံးက သူမ၏ထင်မြင်ချက်များသာဖြစ်သည်။




ရှဲ့ဇူကန်းက လောင်းကစားလုပ်ခဲ့ကာ ယွမ်သောင်းချီဆုံးရှုံးသွားပြီး သူမဆီလာကာ အကြွေးဆပ်ပေးရန် အကူအညီလာတောင်းသည့်အခြေအနေထိ ရောက်ရှိလာခဲ့သည်။




ဤအချိန်မှသာ ရှဲ့ဇူကန်းကဒီနှစ်များအတွင်း၌ ခိုးပြီးလောင်းကစားလုပ်နေခဲ့ကြောင်းကို သူမသိခဲ့ရလေသည်။




သူမက ရှဲ့ဇူကန်းတစ်ယောက် ကတ်ကစားရသည်ကိုကြိုက်ကြောင်း သိထားသော်လည်း ၎င်းကဆင့်အနည်းငယ်ဖြင့် ရွာသားအချင်းချင်းကစားသည့် ပွဲသေးလေးဖြစ်ကာ  အများဆုံးဆိုပါကတစ်နေ့လျှင် ယွမ်အနည်းငယ်ခန့်သာရှုံးမည်ဟု ထင်ထားခဲ့လေသည်။




ရှဲ့ဇူကန်းက တစ်ခါတည်းနှင့် ပိုက်ဆံအများအပြားဆုံးရှူံးသွားမည်ဟု မထင်ထားခဲ့ပေ။




ရှဲ့ဇူကန်း၏ ဤသို့ပမာဏကြီးကြီးမားမားကို အရှူံးခံနိုင်မှုမှာ သူမ၏ယောက္ခမများနှင့် သက်ဆိုင်နေလေသည်။သူမ၏ယောက္ခထီးက ကွန်မြူနတီ၏အုတ်နှင့်ကြွေပြားစက်ရုံ၌ စာရင်းကိုင်အလုပ်လုပ်ကာ ဤနှစ်များအတွင်း၌ တော်တော်လေးများသည့် ပမာဏတစ်ခုကို တိတ်တဆိတ်စုဆောင်းနိုင်ခဲ့ပြီး လတ်တလောနှစ်များ၌ ပို၍ပင်များပြားလာခဲ့သည်။




ယခင်က ရှဲ့ဇူကန်းပိုက်ဆံရှူံးသွားပါက သူမ၏ယောက္ခထီးက နောက်မှလိုက်ကာ အကြွေးပြန်ဆပ်ပေးလေသည်။




ဤတစ်ခေါက်တွင် သောင်းနှင့်ချီနေသော်လည်း သူမ၏ယောက္ခထီးက ပိုက်ဆံများဖြင့်ရောက်လာ၏။သို့သော်ငြား သူကအင်တင်တင်ဖြစ်လာသည်။




ဒါပေမဲ့ ယောက္ခထီးသာ ပိုက်ဆံယူပြီးရောက်မလာခဲ့ရင် ဘယ်လိုလုပ်မှာလဲ…




သူမက အသိဉာဏ်မရှိသည့်မိန်းကလေး မဟုတ်ပေ။လောင်းကစားသမားတစ်ဦးအား လောင်းကစားမလုပ်ခိုင်းရန်မှာ မည်မျှခက်ခဲနိုင်ကြောင်း သိထားပေသည်။




သူမက ရှဲ့ဇူကန်းတစ်ယောက် အပျင်းကြီးသည်ဖြစ်စေ၊ သူတို့ကလေးကို လျစ်လျူရှုသည်ဖြစ်စေ သို့မဟုတ် အရာရာတိုင်း၌အသုံးမကျနေသည်ဖြစ်စေ ဂရုမစိုက်ပေ။




သို့သော် သူမကလောင်းကစားသမားနှင့် အတူမနေနိုင်ပေ။




ရှဲ့ဇူကန်းက နောက်ပိုင်းမှာဒီထက်ပိုများတဲ့ အကြွေးတွေတင်လာပြီး ငါ့ကိုယွမ်သောင်းချီတဲ့အကြွေးနွံထဲ ဆွဲချသွားမလားဆိုတာကို ဘယ်သူသိနိုင်မှာလဲ…




ငါ့ဘဝမှာ ဒီလောက်များတဲ့ပိုက်ဆံတွေကို မြင်တောင်မမြင်ဖူးဘူး…




သူမက ကွာရှင်းရန်တောင်းဆိုခဲ့သည်။




ရှဲ့မိသားစုဝင်များက ကွာရှင်းရန်သဘောမတူကြပေ။ ရှဲ့ဇူကန်းဆိုလျှင် ဒူးပါထောက်ပြီး 'နောက်ဆိုလောင်းကစားလုံးဝမလုပ်တော့ပါဘူး' ဟု ကျိန်ဆိုလာလေသည်။




သို့သော် သူမက ဆုံးဖြတ်ချက်ခိုင်မာသည့်သူဖြစ်ကာ သူမစိတ်ပိုင်းဖြတ်ပြီးပါက ဘယ်သူကမှပြောင်းလဲအောင်မလုပ်နိုင်ပေ။




သူမက ကွာရှင်းရန်အတိုက်အခံလုပ်ကာ သူမသား၏အုပ်ထိန်းခွင့်ကိုလည်း ရယူလိုခဲ့သည်။




ရှဲ့မိသားစုက ငြင်းဆန်သော်လည်း ထိုသို့ဖြစ်နေချိန်အတွင်းတွင် ရှဲ့ဇူကန်းကလောင်းကစားလုပ်ပြီး သောင်း‌နှင့်ချီသည့်ပိုက်ဆံများ ဆုံးရှူံးသွားလေသည်။




အဆုံးတွင် သူမက အောင်မြင်စွာကွာရှင်းနိုင်ခဲ့သည်။




ရှဲ့မိသားစုကို ယွမ်တစ်သောင်းပေးပြီးနောက် သူမ၏သားနှင့်အတူထွက်လာခဲ့သည်။




သူမက ဓာတုချည်မျှင်စက်ရုံရှိတစ်နေ့သုံးဆိုင်းအလုပ်မှထွက်ကာ မြို့ပေါ်သို့ပြောင်းလာပြီး သူမသားကို မြို့မှမူကြိုကျောင်းတွင် စာရင်းသွင်းပေးခဲ့သည်။




သူမက မြို့ထဲ၌ စားစရာမျိုးစုံကို စတင်ရောင်းချခဲ့သည်။ဖက်ထုပ်၊ ဆန်ခေါက်ဆွဲပြုတ်၊ ဆီတို့ဟူးခြောက်၊ ရသာငါးဖွယ်တို့ဟူး၊ လက်ဖက်ကြက်ဥအစရှိသည်တို့ဖြစ်သည်။ဝင်ငွေက မည်မည်ရရမရှိသော်လည်း သာမာန်အလုပ်တစ်ခုထက်စာလျှင် ပိုကောင်းပေသည်။




နောက်ပိုင်းတွင် မြို့၏မူလတန်းကျောင်းနား၌ ဆိုင်ခန်းတစ်ခန်းငှားကာ သူမကိုယ်ပိုင်ဆိုင်လေးကို စတင်ခဲ့သည်။




သူမဘဝက ဆက်ပြီးတိုးတက်လာချိန်တွင် ရှဲ့မိသားစုအခြေအနေက ဆိုးရွားလာသည်။




သူမထင်ထားခဲ့သလိုပင် ရှဲ့ဇူကန်းကလောင်းကစားလုပ်သည်ကိုမဖြတ်နိုင်ဘဲ အကြွေးများပိုတင်လာကာ သူ့ကိုယ်သူမျှော်လင့်ချက်မဲ့နေသည့် အခြေအနေထဲရောက်နေကြောင်းသိလာခဲ့သည်။




ထို့နောက်ရှဲ့ဇူကန်းက သူမဘက်လှည့်လာပြီး အတိုးနှုန်းမြင့်မားလှသည့် အကြွေးများကိုကူဆပ်ပေးရန် ဖိအားပေးလာခဲ့သည်။




သူမက ဆန္ဒမရှိသဖြင့် ရှဲ့ဇူကန်းကဆိုင်ကို ခ‌ဏခဏလာပြီး ပြဿနာရှာကာ သူမ၏စီးပွားရေးကို နှောင့်ယှက်လာသည်။




ရဲတိုင်သည်ကလည်း သက်ရောက်မှုမရှိပေ။ ရှဲ့ဇူကန်းက ရဲများကိုမြင်သောအခါထွက်သွားသော်လည်း ရဲများမရှိတော့သည်နှင့် ပြန်ရောက်လာသည်။




သူမက ဒေါသထွက်လာကာ ရှဲ့ဇူကန်းကိုမောင်းထုတ်ရန်ကူညီပေးနိုင်မည့် ယောက်ျားတစ်ယောက်ရှာရန်တွေးမိလာသည်။




ထိုယောက်ျားက ချမ်းသာစရာမလိုပေ။ ကိုယ်ကျင့်စရိုက်ကောင်းကာ အကျင့်ဆိုးများမရှိဘဲ သူမသားပေါ်တွင်ကောင်းကောင်းဆက်ဆံနိုင်ရမည်။




ရှဲ့ဇူကန်းကိုရင်ဆိုင်နိုင်မယ့် တစ်စုံတစ်ယောက်။




သူမက ဖုန်းရီကိုရွေးချယ်ခဲ့သည်။




ဖုန်းမိသားစုနှင့် သူမမိသားစုက အိမ်နီးချင်းများဖြစ်ကာ ဖုန်းရီက ငယ်ငယ်လေးကတည်းက သူမနှင့်အတူကြီးပြင်းလာခဲ့ပြီး စရိုက်ကောင်းလေသည်။ အရေးကြီးဆုံးအချက်မှာ အမေဖုန်းက ဖုန်းမိသားစုထဲ လက်ထပ်ဝင်ရောက်လာသောအခါ ဖုန်းရီက မလိုချင်သည့်အထုတ်တစ်ခုလို ပါလာခဲ့ခြင်းဖြစ်သည်။ ဖုန်းမိသားစုက ဖုန်းရီ‌အပေါ်အထင်သေးကာ သူ၏အိမ်ထောင်ရေးကို လုံးဝလျစ်လျူရှုထားခဲ့ကြသည်။




ဖုန်းရီက မငယ်တော့သော်လည်း အခုထိ မိန်းမ,မရသေးပေ။




သူမ ဖုန်းရီအား ဤ‌အကြောင်းများကိုပြောပြလိုက်သောအခါ သူက လွယ်လင့်တကူသဘောတူလာပြီး သူမဆိုင်တွင်ပါ နေ့တိုင်းကူညီပေးလာ၏။




သူတို့လက်ထပ်ပွဲကို သတ်မှတ်လိုက်သော်လည်း မင်္ဂလာဆောင်အခမ်းအနားမတိုင်မီ ရက်အနည်းငယ်လေးအတွင်းမှာပင် ပြင်းပြင်းထန်ထန်အရက်မူးနေသည့် ရှဲ့ဇူကန်းက သူ့ဆိုင်ကယ်ဖြင့် သူမကိုဝင်တိုက်ခဲ့ကာ ဆိုင်ကယ်က သူမခါးပေါ်တက်ကြိတ်သွားသည်။




သူမက ကိုယ်တစ်ပိုင်းသေသွားခဲ့သည်။




သူမအတွက် ၎င်းက လုံးဝကိုမထင်မှတ်ထားခဲ့သည့် ကပ်ဘေးတစ်ခုပင်။




ထိုအချိန်တွင် သူမက ယွမ်သောင်းချီစုဆောင်းမိထားသော်လည်း သူမကိုကုသရန် မလုံလောက်ပေ။ ရှဲ့မိသားစုမှလျော်ကြေးကမူ - သူတို့မှာ အစောကတည်းက ရှဲ့ဇူကန်းကြောင့် ချွတ်ခြုံကျနေပြီဖြစ်သဖြင့် မည်သည့်ပိုက်ဆံမှမရှိတော့ပေ။




သူမထံ၌ ပြုစုပျိုးထောင်စရာ ကလေးတစ်ယောက်ရှိနေသေးသည်။




သူမ အကူအညီမဲ့နေသည့်အချိန်မှာပင် ဖုန်းရီက သူမဆိုင်ကိုတာဝန်ယူကာ သူမတို့မိသားစုကို စတင်ထောက်ပံ့ပေးလာခဲ့သည်။




ဖုန်းရီက သူမ ကိုယ်တစ်ပိုင်းသေသွားသည့်အပေါ် သနား၍ ဂရုစိုက်ပေးနေခြင်းဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းတွင် ထိုထက်ပို၏။




ဖုန်းရီက ဆိုင်ကိုဦးစီးပြီး သူမကို အဆက်မပြတ်စောင့်ရှောက်ခဲ့ကာ ဤစောင့်ရှောက်မှုများက နှစ်နှစ်ဆယ်ကျော်ကြာခဲ့လေသည်။




ဖုန်းရီအကြောင်းတွေးလိုက်မိသောအခါ ကျန်းလီယွင်ရင်ထဲနွေးထွေးလာသည်။




ဖုန်းရီမရှိပါက အခုသူမဟူ၍ ဖြစ်လာမည်မဟုတ်ပေ။




သူမ ကိုယ်တစ်ပိုင်းသေပြီး မကြာမီမှာပင် သူမသမီးအရင်းသဖွယ်ဆက်ဆံခဲ့သည့်ရှောင်ယွီက ရုတ်တရက်ပျောက်ဆုံးသွားသည်။ နဂိုကတည်းက ကျန်းမာရေးမကောင်းသည့်သူမအမေ၏အခြေအနေက ပို၍ပင် ဆိုးရွားလာကာ လအနည်းငယ်ခန့်အကြာ၌ ဆုံးပါးသွားသည်။




ရှောင်ယွီက ယောက်မဖြစ်သူ၏စွပ်စွဲချက်များကြောင့် အိမ်မှထွက်သွားခြင်းဖြစ်သည်။ သူမ၏အကြီးဆုံးအစ်ကိုနှင့် ယောက်မတို့က နေ့တိုင်းအငြင်းပွားကြကာ သူမ၏ဒုတိယအစ်မကလည်း သူမကလေးကြောင့် ဒုက္ခများနေခဲ့သည်။




သူမမိသားစုက သူမကိုမကူညီနိုင်သော်လည်း ဖုန်းရီကကူညီခဲ့သည်။




ဖုန်းရီမရှိပါက သူမက အသက်ဆက်ရှင်ခဲ့မည် မဟုတ်ပေ။




1990ခုနှစ်အလယ်မှ နှောင်းပိုင်းအတွင်း ရွာမှမိသားစုအများအပြားက ချမ်းသာကြွယ်ဝလာကြသော်လည်း ကျန်းမိသားစုကမူ ကသောင်းကနင်း အခြေအနေထဲ ကျရောက်နေပြီး အဆင်းရဲဆုံးဖြစ်ကာ အတင်းပြောစရာခေါင်းစဉ်တစ်ခုဖြစ်လာခဲ့သည်။




အခြေအနေက ပိုပိုဆိုးလာလေ သူမက ပိုပြီးအောင်မြင်ချင်လာလေဖြစ်သည်။




ထိုအချိန်တွင် သူမက ကိုယ်တစ်ပိုင်းသေနေရုံသာမက ဆေးဖိုးကုန်ကျစရိတ်များကြောင့် အကြွေးနွံထဲနစ်နေခဲ့သည်။ သို့သော် ဖုန်းရီနှင့်အတူ စားသောက်ဆိုင်သေးသေးလေးတစ်ခုဖွင့်ကာ မပင်မပန်းအလုပ်လုပ်ခဲ့ကြပြီး နှစ်အနည်းငယ်အတွင်းတွင် အကြွေးများကို ဖြေရှင်းနိုင်ခဲ့သည်။




နောက်ပိုင်းတွင် သူတို့က မြို့ထဲ၌ အိမ်တစ်လုံးဝယ်ကာ ပိုက်ဆံစုခဲ့ကြသည်။




အခုဆိုလျှင် သူမဘဝက ရွာထဲမှသူအများစုထက် များစွာကောင်းမွန်နေပြီဖြစ်သည်။




သူမသား အထက်တန်းကျောင်းတက်သောအခါ သူတို့ကကွန်ပျူတာတစ်လုံး ဝယ်ခဲ့ကြသည်။




သူမက စာရိုက်သည်ကို လေ့လာခဲ့ကာ အွန်လိုင်းရှော့ပင်းနှင့် စီးပွားရေးအခွင့်အရေးများစွာကို ရှာတွေ့ခဲ့လေသည်။




2008ခုနှစ်တွင် သူမကအွန်လိုင်းစတိုးတစ်ခုဖွင့်ကာ ဒေသထွက်လက်ဖက်ရည်များကို ရောင်းချခဲ့သည်။ အစပိုင်းတွင် စီးပွားရေးမကောင်းသော်လည်း နောက်ပိုင်းတွင်မူဂန္ဓာမာပန်းလက်ဖက်ရည်တစ်ခုတည်းနှင့်ပင် တစ်လကိုသောင်းချီပြီး ရရှိလာခဲ့လေသည်။




ပိုက်ဆံစုပြီးနောက် သူမက အွန်လိုင်းအဝတ်စတိုးဆိုင်တစ်ခုဖွင့်ခဲ့သည်။




သူမက ကိုယ်တစ်ပိုင်းသေနေသော်လည်း အွန်လိုင်းပေါ်၌တိုးတက်ကြီးပွားလာကာ အင်္ဂလိပ်စာကိုပင် သင်ယူခဲ့ပြီး သူမ၏အွန်လိုင်းစတိုးကို နိုင်ငံခြားဝက်ဘ်ဆိုဒ်များထဲထိ ချဲ့ထွင်နိုင်ခဲ့သည်။




သူမ မသေမီတွင် သူမထံ၌အလုပ်သမားရာကျော်ရှိကာ ဘီလီယံနှင့်ချီပြီး စုဆောင်းမိခဲ့လေသည်။




သို့သော် သူမ၏ဘဝက ကောင်းမွန်ခြင်းနှင့် ဝေးကွာလှသည်။ ဖုန်းရီက အသက်လေးဆယ်အရွယ်၌ ကင်ဆာဖြင့်သေဆုံးသွားခဲ့သည်။




သူမဆိုလျှင်လည်း ငယ်ရွယ်စဉ်ကာလများ၌ ကိုယ့်ကိုကိုယ်ပြင်းပြင်းထန်ထန်အလုပ်လုပ်စေခဲ့သည့်အပြင် ကိုယ်တစ်ပိုင်းသေသွားပြီးနောက်၌ မရေတွက်နိုင်လောက်အောင် ခွဲစိတ်မှုများလုပ်ခဲ့ရသဖြင့် ဖုန်းရီဆုံးသွားပြီးနောက်သူမကျန်းမာရေးက လျင်မြန်စွာယိုယွင်းလာခဲ့သည်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် သူမ၏ကျန်းမာရေးက ကျဆင်းလာခဲ့သည်။




မထင်မှတ်ထားစွာဖြင့် သူမက အသစ်တစ်ဖန်စတင်နိုင်မည့် အခွင့်အရေးရလာလေသည်။




ကျန်းလီယွင်က သူမ၏ဆန်ပြုတ်ကို လက်စသတ်လိုက်ကာ ပန်းကန်ကို မီးဖိုပေါ်သို့တင်လိုက်သည်။ သူမအမေက ပန်းကန်များဆေးရန်လုပ်နေသည်ကို မြင်သောအခါ သူမကဝင်ဆေးပေးလိုက်သည်။




အမေကျန်းက ပိန်လျနေကာ သူမ၏ခြေလက်များက ကောက်ရိုးလိုဖြစ်နေပြီး အရိုးများအပေါ်၌ အရေခွံတစ်လွှာသာ အုပ်ထားသလိုဖြစ်နေ၏။




နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန်ရာသီသွေးဆင်းခဲ့မှုက သူမခန္ဓာကိုယ်မှအာဟာရများကို ယူဆောင်သွားကာ ပြင်းထန်သည့်အာဟာရပြတ်လပ်မှု ဖြစ်လာစေသည်။




သူတို့က သူမကို ဆရာဝန်များနှင့်ပြကြည့်ခဲ့သော်လည်း ထိုခေတ်ကာလ၌ မြို့သေးသေးလေးမှ ဆေးဖက်ဆိုင်ရာပစ္စည်းများမှာ အလွန်အကန့်အသတ်ရှိသဖြင့် သူမအခြေအနေက မတိုးတက်လာခဲ့ပေ။




ကျန်းလီယွင်က ပန်းကန်ဆေးရင်း သူမ၏အမေကို လှမ်းကြည့်နေမိသည်။




သူမညီမလေးပျောက်ပြီး မကြာမီမှာပင် သူမအမေက ဆုံးသွားခဲ့သည်။ သူမအမေကိုမတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည်။




သူမအမေက ကြမ်းတမ်းသည့်ဘဝကို နှစ်ပေါင်းများစွာတောင့်ခံခဲ့ရလေသည်။ စီးပွားရေးအခြေအနေများပြောင်းလဲကာ လူတိုင်းက ပိုမိုကောင်းမွန်သည့် ဘဝများ၌ နေရတော့မည့်အချိန်မှာပင် သူမက စောစီးစွာဆုံးပါးသွားသည်။




သူမအမေက ဘဝကိုပြီးပြည့်စုံစွာခံစားနိုင်မည့် အခွင့်အရေးမရခဲ့ပေ။




သူမအမေသာမက ဖုန်းရီသည်လည်း သူတို့လုပ်ဆောင်ခဲ့သည်များ၏အသီးအပွင့်များကို ခံစားနိုင်မည့်အခွင့်အရေးလေးပင်မရဘဲ ဆုံးသွားလေသည်။




သူမ၏ ယခင်ဘဝ၌ သူမအပေါ်အကောင်းဆုံးသူကိုပြောပြပါဆိုလျှင် ဖုန်းရီသာဖြစ်လိမ့်မည်။




ကျန်းမာရေးမကောင်းနေချိန်၌ ဖုန်းရီက သူမကိုနှစ်နှစ်ဆယ်နီးပါး ဂရုစိုက်ပေးခဲ့ကာ အရာအားလုံးကို အသေးစိတ် အာရုံစိုက်ပေးခဲ့သည်။




ပြင်းထန်သော်ငြား တိုတောင်းသည့်အချစ်ရေးများက သူမကို မလှုပ်ခတ်နိုင်ချိန်တွင် နွေးထွေးမြဲမြံကာ ဖြေးဖြေးမှန်မှန်ဖြင့်ဆက်ဆံရေးတစ်ခုက သူမနှလုံးသားကိုလှုပ်ရှားစေခဲ့သည်။




သူမက 1997ခုနှစ်တွင် ကိုယ်တစ်ပိုင်းသေသွားခဲ့သည်။




သူမ ကိုယ်တစ်ပိုင်းသေသွားပြီးနောက် ရှဲ့ဇူကန်းကထောင်ကျသွားသဖြင့် ရှဲ့မိသားစုက သူမအပေါ်ပြဿနာများရှာလာပြီး သူမမိသားစုထဲတွင်လည်း အခြားကိစ္စများဖြစ်ပေါ်လာခဲ့သည်။ သူမအတွက် အတွင်းရောအပြင်ပါ  အခက်ခဲဆုံးဖြစ်နေချိန်၌ ဖုန်းရီက သူမ၏အားကိုးရာဖြစ်ပေးခဲ့သည်။ သူမရှိပါက သူမတောင့်ခံနိုင်ခဲ့မည်မဟုတ်ပေ။




နောက်ပိုင်းတွင် သူတို့အတူတူဆိုင်ဖွင့်သောအခါ သူမကအများဆုံးအနေဖြင့် ဝှီးချဲပေါ်တွင်ထိုင်ပြီး ဖက်ထုပ်ရွက်များလိပ်ပေးရုံသာလုပ်နိုင်ခဲ့သည်။ အလုပ်အများစုကို ဖုန်းရီလုပ်ပေးခဲ့ခြင်းဖြစ်သည်။




ထို့နောက် အွန်လိုင်းစတိုးစဖွင့်သောအခါ ဖုန်းရီက သူမကိုစောင့်ရှောက်ပေးရုံသာမက အမျိုးမျိုးသောကိစ္စရပ်များတွင်ပါ ကူညီပေးခဲ့၏။




နောက်ပိုင်းတွင် ဖုန်းရီက ငယ်ရွယ်စဉ်တွင်ပြင်းပြင်းထန်ထန်ပင်ပန်းခဲ့မှုများကြောင့်လားမသိ ကင်ဆာဖြစ်လာခဲ့လေသည်။




သူက အိပ်ရာပေါ်လဲပြီး အပြင်းအထန်နေမကောင်းဖြစ်ကာ ဘာမှမလုပ်နိုင်တော့သည့် နောက်ဆုံးနေ့ရက်များမှလွဲ၍ နားနားနေနေ နေနိုင်သောအချိန်ဟူ၍မရှိခဲ့ပေ။




ထိုအချိန်တွင်ပင် ဖုန်းရီက သူမကိုဂရုစိုက်ပေးမည့်သူမရှိမည်ကို စိုးရိမ်နေခဲ့လေသည်။




ကျန်းလီယွင်၏မျက်လုံးများ စပ်လာကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုမှတ်ဉာဏ်များကို သူမရင်ထဲ၌ မြုပ်နှံလိုက်သည်။




ဒုတိယအကြိမ် အခွင့်အရေးရခဲ့ပါက သူမဂရုစိုက်သောသူများ ကောင်းကောင်းနေနိုင်ရန် မျှော်လင့်မိလေသည်။




လက်ရှိအချိန်မှာ 1987ခုနှစ်ဖြစ်သည်။




သူတို့၏မြို့ငယ်လေးက 1970ခုနှစ်များနှင့်ယှဉ်လျှင် အနည်းငယ်ပြောင်းလဲလာသော်လည်း နောက်နှစ်ဆယ်အတွင်းတွင် နိုင်ငံက အကြီးအကျယ်ကိုပြောင်းလဲသွားမည်ဖြစ်ကြောင်း သူမသိထားလေသည်။




မရေတွက်နိုင်သည့် အခွင့်ကောင်းများစွာက သူမကိုစောင့်မျှော်နေကြသည်။




သို့သော် ထိုမတိုင်မီတွင် သူမ၏လက်ရှိအခြေအနေကို ဦးဆုံးနားလည်ရန်လိုသည်။




သူမက 2024ခုနှစ်၌သေဆုံးခဲ့ကာ 1980ခုနှစ်များမှကိစ္စများကိုမှတ်မိသေးသော်လည်း အများစုက သူမမှတ်ဉာဏ်ထဲမှ လွင့်ပြယ်နေပြီဖြစ်သည်။




“အမေ ဒီနေ့နေ့လယ်စာဘာလုပ်မှာလဲ…”


ကျန်းလီယွင်က စိတ်အားတက်ကြွအောင်လုပ်လိုက်ကာ  သာမာန်ကာလျှံကာဖြင့် သူမအမေကို မေးလိုက်သည်။




သူမအမေက ပြန်ဖြေ၏။


“အမေ သမီးတို့အဖေကို မြို့ထဲမှာစားစရာတွေသွားဝယ်ခိုင်းထားတယ်… သူဘာတွေဝယ်လာမလဲဆိုတာတော့ အမေလည်းမသိဘူး နင့်အစ်မကပြန်လာတော့မှာဆိုတော့ သူ့အတွက် အရသာရှိတာလေးတွေ ပြင်ပေးလို့ရတယ်…”




သူမအမေ၏စကားကိုကြားသောအခါ ကျန်းလီယွင်က သူမ ယနေ့ အလုပ်သွားစရာမလိုကြောင်း သိသွားသည်။




အစောပိုင်းနှစ်များတွင် စက်ရုံများက တစ်ခါတလေတွင် နိုင်ငံပိုင်ဖြစ်ကာ သို့မဟုတ် အစုအဖွဲ့တစ်ခုက စီမံကွပ်ကဲကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် သူတို့မြို့က ယခုချိန်၌ ကွန်မြူနတီတစ်ခုဟု ရည်ညွှန်းနိုင်ပြီး အုတ်နှင့်ကြွေပြားစက်ရုံရှိလေသည်။ သူမတို့ရွာ၌ ဆိုဖာစက်ရုံတစ်ခုရှိသည်။




1967ခုနှစ်၌မွေးလာပြီး 1983ခုနှစ်၊ အသက်16နှစ်အရွယ်မှစ၍ သူမက ဆိုဖာစက်ရုံ၌ အလုပ်ဝင်ခဲ့သည်။




အစောပိုင်းကာလများတွင် စက်ရုံ၏လုပ်ဆောင်ချက်များက လက်ခံနိုင်ဖွယ်ရှိသော်လည်း ဤနှစ်ဝန်းကျင်မှစ၍ အကျိုးအမြတ်များ ကျဆင်းလာကာ ရံဖန်ရံခါ၌ပိတ်ရက်များ ပေးလေ့ရှိသည်။




သူမနှင့်ရှဲ့ဇူကန်းတို့ဆက်ဆံရေးကို အတည်ပြုခဲ့သည်မှာ ဤနှစ်ကုန်လောက်ဖြစ်ပြီး နောက်နှစ်တွင်လက်ထပ်ရန် စီစဉ်ခဲ့ကြသည်။




“လီယွင် သွား ပဲပိစပ်နည်းနည်းလောက်ခူးလာခဲ့ပါလား… သမီးအစ်မ အိမ်ပြန်ယူသွားပြီးစားလို့ရတာပေါ့… ပြီးတော့ပိန်းဥနဲ့ကန်စွန်းဥနည်းနည်းလောက် တူးလိုက်ဦး… လယ်ထဲမှာ ဆောင်းဖရဲသီးတစ်လုံးရှိတာကို အမေမှတ်မိပါသေးတယ် အဲ့ဒါပါယူခဲ့…”


သူမအမေက ဆက်တိုက်ဆိုသလိုခိုင်းလာ၏။




ကျန်းလီယွင်က ပြန်ဖြေလိုက်သည်။


“အစ်မလိုချင်ရင် လယ်ထဲမှာ သူ့ဘာသာသူသွားခူးလို့ရတာပဲ…”




သူမအမေက အသံတိတ်သွားကာ ရှက်ရွံ့မှုတစ်ခုက သူမမျက်နှာပေါ်၌ဖြစ်ပေါ်လာသည်။




ကျန်းလီယွင်က သတိမထားမိယောင်ဆောင်ကာ ပန်းကန်များကို ဆက်ဆေးလိုက်သည်။




သူမမိဘများ၌ သားတစ်ယောက်နှင့် သမီးသုံးယောက်ရှိကာ မောင်နှမလေးယောက်ထဲ၌ သံသယဝင်စရာမလိုစွာပင် သူမက နစ်နာမှုအများဆုံးကို ရင်ဆိုင်ရသူဖြစ်သည်။




သူမ၏အစ်ကိုကြီးက ပထမဆုံးကလေးအပြင် သားဦးလည်းဖြစ်သဖြင့် အိမ်တွင်အလိုလိုက်ခံရဆုံးဖြစ်သည်။ သူမအဖွားရှိစဉ်ကဆိုလျှင် ကောင်းသည့်မည်သည့်အရာကိုမဆို သူမအစ်ကိုကြီးကို ကွယ်ရာ၌ပေးလေ့ရှိသည်။




သူမအစ်ကိုကြီး၏ဘဝက လုံးလုံးကိုမဆိုးရွားခဲ့ပေ။




သူမအစ်မဆိုလျှင် မိန်းကလေးဖြစ်သော်လည်း မိသားစုထဲတွင် ပထမဆုံးသမီးဖြစ်သဖြင့် ကောင်းကောင်းဆက်ဆံခံရသည်။ အထူးသဖြင့်သူမကိုယ်သူမ အစ်ကိုကြီးနှင့်ယှဉ်လေ့ရှိကာ သူ့ကိုမကျော်နိုင်ပါက သောင်းကျန်းတတ်လေသည်။




ငိုသည့်ကလေးက ချိုချဉ်ရ၏။ သူမအစ်မက ဘာမှသိပ်ပြီးမခံစားခဲ့ရပေ။ ဥပမာပြရလျှင် ရှောင်ယွီမွေးလာခဲ့ချိန်ကဖြစ်သည်။ ထိုအချိန်က မိသားစုကိစ္စများစွာဖြစ်နေသော်လည်း သူမအစ်မက မည်သည့်ပြဿနာမှမရှိဘဲ မြို့တွင် အလယ်တန်းဆက်တက်နိုင်ခဲ့လေသည်။




သူမကမူ ငယ်ငယ်ကတည်းက သူမအစ်မ၏အင်္ကျီအကျများကိုဝတ်ဆင်ရရုံသာမက အိမ်အလုပ်အများစုနှင့် လယ်အလုပ်များကိုလည်းလုပ်ခဲ့ရသည်။






🏡🏡🏡