Chapter 3
Viewers 1k

🏡 Chapter 3


ငြင်းဆိုခြင်း






ငယ်ငယ်ကတည်းက ခြင်းတောင်းတစ်လုံးနှင့်မြက်သွားဖြတ်ရသည်မှာ သူမအတွက်ဘာမှမဟုတ်ပေ။ လယ်ယာများကိုအိမ်ထောင်စုများနှင့် ချုပ်ဆိုပြီးသည့်နောက် သူမအစ်ကိုကြီးက ကွန်မြူနတီ၌အလုပ်သွားလုပ်ပြီး ညဘက်ပြန်လာသည်မှာလည်း ရှားပါးလှသည်။ သူမအစ်မကလည်း အလယ်တန်းပြီးသွားသောအခါ လယ်ထဲဆင်းမည့်အစားမြို့ထဲ၌ အလုပ်သွားလုပ်လေသည်။




လယ်အလုပ်များကို သူမနှင့်သူမအဖေတို့ကသာ အများဆုံးလုပ်ရသည်။ ဆိုဖာစက်ရုံ၌ အလုပ်စလုပ်သည့်နောက် သူမက နေ့ဘက်တွင် စက်ရုံ၌အလုပ်လုပ်ပြီး ညနေခင်းဆိုပါကမနားနိုင်ဘဲ လယ်ထဲသွားရသည်။




သူမက အလုပ်လုပ်ရပေမည်။ ၎င်းကို ရှောင်လွှဲ၍မရပေ။




စပါးရိတ်သိမ်းချိန်ရောက်သောအခါ အခြားသူများ၏စပါးများကို ဖြတ်ပြီးသော်လည်း သူမစပါးများကမူ လယ်ကွင်းထဲတွင်ရှိနေဆဲဖြစ်သည်။ သူမသာ စပါးသွားမရိတ်ပါက လယ်ကွင်းထဲတွင် စပါးများပုပ်အောင် ထားလိုက်ရပေမည်။




သူမအဖေက မသန်စွမ်းဖြစ်ကာ အမေကနေမကောင်းသဖြင့် သူမက ဤအတိုင်းထား၍မရပေ။




လယ်အလုပ်က အမှန်တကယ်ကို ပင်ပန်းလှကာ သူမသာပိုက်ဆံရှိလာပါက 'ဘယ်တော့မှလယ်မလုပ်တော့ဘူး'ဟု ကျိန်ဆိုထားခဲ့လေသည်။




သူမ မဆုံးမီနှစ်အနည်းငယ်၌ သူမက ဗီလာရပ်ကွက်တစ်ခု၌နေခဲ့ကာ ထိုနေရာ၌ သက်ကြီးပိုင်းအိမ်နီးချင်းများက သူတို့ခြံဝင်းများထဲတွင် သာယာကြည်နူးကြသည်။ သို့သော်သူမက ထိုသို့သောလှုပ်ရှားမှုမျိုးကို စိတ်မဝင်စားပေ။




အိမ်တွင် အလုပ်ကြိုးစားရသော်လည်း သူမအစ်မယူသွားနိုင်ရန် ဟင်းသီးဟင်းရွက်အပုံလိုက်ကြီးကို တစ်ခါမှစုစည်းပေးလိုစိတ် မရှိခဲ့ပေ ။ထိုကဲ့သို့ကိစ္စများက သူမ ယခင်ဘဝတွင်မဖြစ်ခဲ့သလို ဤဘဝတွင်လည်းသေချာပေါက်ဖြစ်မည်မဟုတ်ပေ။




ကျန်းလီယွင်က ပန်းကန်ဆေးကာ အိုးခွက်များကိုသန့်ရှင်းပြီးနောက် မီးဖိုချောင်ကို သန့်ရှင်းရေးစလုပ်လိုက်သည်။




သူမ၏လက်ရှိကျန်းမာရေးက အမှန်တကယ်ပင် အံ့အားသင့်စရာကောင်းလှသည်။




ပြန်လည်မွေးဖွားလာသည့်ပျော်ရွှင်မှုများက သူမရင်ထဲပြည့်နှက်နေကာ သူမကို စိတ်ပိုင်းဖြတ်နိုင်မှုများဖြင့် တောက်လောင်နေစေ၏။




သူမက တစ်စုံတစ်ခုကို အလောတကြီးလုပ်ချင်လာသည်။




သန့်ရှင်းရေးလုပ်နေချိန်၌ သူမစိတ်က ဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။




စက်ရုံအလုပ်နှင့် လယ်အလုပ်များကို ညှိနေရသဖြင့် သူမက အိမ်အလုပ်လုပ်ရန်အချိန်မရှိပေ။ အိမ်ကအတော်လေးရှုပ်ပွနေ၏။ ပန်းကန်ဆေးပြီးသောအခါ ကျန်းလီယွင်ကတံမြက်စည်းသွားယူပြီး ကြမ်းပြင်ကိုလှည်းလိုက်သည်။




သူမအလုပ်ရှုပ်နေချိန်၌ သူမအစ်မကျန်းလီဖျင် ပြန်ရောက်လာသည်။




ကျန်းလီယွင်က အသက်20ရှိနေပြီဖြစ်ကာ ကျန်းလီဖျင်ကသူမထက်2နှစ်ကြီးသဖြင့် 22နှစ်ဖြစ်သည်။




သူတို့မိဘများက ကျန်းမာရေးပြဿနာရှိသော်လည်း ကြည့်ကောင်းကြရာ သူတို့မောင်နှမလေးယောက်ကလည်း အတော်လေးဆွဲဆောင်မှုရှိလေသည်။




အသက်22နှစ်အရွယ် ကျန်းလီဖျင်က မျက်လုံးကြီးကြီး၊ အသားဖြူဖြူ၊ ကောက်ထားသည့်ဆံပင်၊ နှုတ်ခမ်းနီတို့အပြင် သေသပ်တိကျနေသည့်မျက်ခုံးများက အလွန်သိမ်မွေ့သည့်အသွင်ကို ဖြစ်ပေါ်စေ၏။




သူမ၏ဝတ်စုံက ကျေးလက်မှသူများနှင့် လုံးလုံးကို ကွဲထွက်နေသည်။ နက်ပြာရောင်ပိုလီရှပ်က ခါးနေရာ၌ချပ်ရပ်နေပြီး ကြွပ်ဆတ်နေအောင်မီးပူတိုက်ထားသည့် အနက်ရောင်ဘောင်းဘီကိုဝတ်ကာ ဒေါက်အလွန်မမြင့်သည့် သားရေဖိနပ်ကို စီးထား၏။ ဤဝတ်စုံနှင့်ပင် သူမက‌ အတော်လေးစတိုင်ကျသည်ဟု ကျေးလက်မှာသာမက မြို့ပေါ်တွင်ပါ သတ်မှတ်နိုင်လေသည်။




ကျန်းလီဖျင်က သေသပ်စွာဝတ်စားထားပြီး မာနတစ်ခုကိုဖော်ပြထားကာ ယိုယွင်းနေသောအိမ်ကိုကြည့်လိုက်သောအချိန်တွင်ပင် စက်ဆုပ်မှုတစ်ခုက သူမမျက်လုံးထဲတွင်ဖြစ်ပေါ်နေ၏။




ကျန်းလီယွင်၏ခံစားချက်များက အနည်းငယ်ရှုပ်ထွေးသွားသည်။




သူမငယ်ရွယ်စဉ်က အိမ်တွင်ပင်ပင်ပန်းပန်းအလုပ်လုပ်နေရသောကြောင့်သာ အခွင့်မသာခဲ့ရခြင်းဟု ခံစားခဲ့ရသဖြင့်  သူမအစ်မ‌အပေါ် နာကျည်းခဲ့လေသည်။




သို့သော် ဆိုဖာစက်ရုံ၌ ကိုယ်ပိုင်ပိုက်‌ဆံကို ရလာသောအခါ ထိုမုန်းတီးသည့်ခံစားချက်များက ပျောက်ကွယ်သွားသည်။




သူမဘဝကိုသူမဘာသာ နေထိုင်ရမည်ဖြစ်ကြောင်း သဘောပေါက်လာခဲ့သည်။ သူမအစ်မကို အပြစ်တင်နေခြင်းက ဘာမှဖြစ်လာမည်မဟုတ်ပေ။ ၎င်းကအချိန်ကုန်ရုံသာရှိမည်။




အခုပြန်လည်မွေးဖွားလာပြီးနောက် ကောင်းမွန်စွာဝတ်စားထားသည့်အစ်မဖြစ်သူကိုပြန်တွေ့လိုက်ရသောအခါ သူမကသက်ပြင်းသာချလိုက်မိသည်။




သူမ၏ ယခင်ဘဝတွင် ကျန်းလီဖျင်က မျှော်လင့်ချက်မဲ့သည့်နှလုံးသားဖြင့် အဆုံးသတ်သွားပြီး သာမာန်ဘဝကိုသာရောက်သွားသည်။ ယခုစိတ်အားတက်ကြွမှုအပြည့်ရှိနေသည့် ကျန်းလီဖျင်ကိုမြင်လိုက်ရသောအခါ ကျန်းလီယွင်က ပို၍ပင်ဝမ်းနည်းသွားသည်။




စိတ်အားတက်ကြွမှုအပြည့်ဖြင့် ကျန်းလီဖျင်က ဝေဖန်ချက်ပေးလာ၏။


“လီယွင် နင်က အခုဆိုအသက်20တောင်ရှိနေပြီလေ နည်းနည်းလောက်ဖြစ်ဖြစ် ပြင်ပြင်ဆင်ဆင်လေးနေပါလား … ဆိုဖာစက်ရုံက အလုပ်သမားတွေထဲမှာ သေချာပေါက်နင်ကပုံအတုံးဆုံးပဲ…”




“ငါ့မှာ ပိုက်ဆံမရှိဘူး…”


ကျန်းလီယွင်က ပြန်ဖြေလိုက်သည်။ စက်ရုံတွင် သူမပုံစံကအမှန်ပင်ပုံတုံးနေလေသည်။ အခြားမိန်းကလေးများက သူမအစ်မလောက်စတိုင်မကျသော်လည်း အနည်းဆုံးအနေဖြင့် အလှည့်ကျဝတ်ဆင်နိုင်သည့် အဝတ်အစားသစ်အချို့ရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့်သူမ၏အဝတ်အစားများမှာ သူမအစ်မဆီမှ အကျများဖြစ်သည်။




“နင် လတိုင်းလစာရတာကို ဘယ်လိုဖြစ်ပြီး ပိုက်ဆံမရှိရတာလဲ…”


ကျန်းလီဖျင်က မေးခွန်းထုတ်လာသည်။




ကျန်းလီယွင်က အသံတိတ်နေသည်။




သူမက လတိုင်းလစာရသည်မှာ မှန်သော်လည်း ဆိုဖာစက်ရုံမှလစာက မများလှပေ။ ဆိုဖာစက်ရုံဖြစ်စေ၊ ကွန်မြူနတီ၏အုတ်နှင့်ကြွေပြားစက်ရုံဖြစ်စေ လုပ်အားခများကို ဦးဆုံးမပေးတတ်ကြပေ။ ထိုနေရာများ၌ အလုပ်လုပ်သူများက ရွာခံလယ်သမားများဖြစ်သဖြင့် အလုပ်အမှတ်များဖြင့်ပေးသည်။




သူတို့က လုံးလုံးပိုက်ဆံမရခြင်း မဟုတ်ပေ။ စက်ရုံကအခြားပစ္စည်းများကို ထောက်ပံ့ပေး၏။




သူမအစ်ကိုက 1978ခုနှစ်၌ အုတ်နှင့်ကြွေပြားစက်ရုံတွင်အလုပ်စလုပ်ခဲ့ကာ အလုပ်အမှတ်များရခဲ့သည်။ ထို့အပြင်တစ်နေ့လျှင်စားစရိတ် 20ဆင့်လည်းရလေသည်။ အချိန်ပိုသို့မဟုတ် အရဲစွန့်ရသည့်အလုပ်မျိုးလုပ်ရပါက ထပ်ပေါင်းထောက်ပံ့ကြေးများလည်းရှိသည်။ လကုန်သောအခါ သူကခက်ခက်ခဲခဲဖြင့်10ယွမ်ရအောင် လုပ်နိုင်ခဲ့သည်။




1981ခုနှစ်၊ ဇန်နဝါရီလတွင် အုတ်နှင့်ကြွေပြားစက်ရုံက ပြန်လည်တည်ဆောက်ရေးလုပ်ခဲ့ပြီး အလုပ်အမှတ်များမှလစာစနစ်သို့ ပြောင်းလဲခဲ့သည်။ ထိုအချိန်တွင် သူမအစ်ကိုက ပထမအဆင့်အလုပ်သမားဖြစ်သဖြင့် တစ်နေ့ကိုတစ်ယွမ် ရလေသည်။သူ၏တစ်လဝင်ငွေက 33ယွမ်ဝန်းကျင်ရှိကာ အမျိုးမျိုးသောထောက်ပံ့ကြေးများ ထပ်ပေါင်းထည့်လိုက်ပါက ယွမ်40နီးပါးဖြစ်သည်။




နောက်ပိုင်းတွင် တိုင်းပြည်၏အခြေခံအဆောက်အအုံများ အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးလာမှုကြောင့် အုတ်နှင့်ကြွေပြားစက်ရုံ၏အမြတ်များက တိုးတက်လာကာ သူမအစ်ကို၏လစာကလည်း တစ်နှစ်ပြီးတစ်နှစ် တိုးလာခဲ့သည်။ ထို့နောက်တွင် သူက တစ်လလျှင်ယွမ်100ကျော်ထိ ရရှိလာသည်။




ရှဲ့ဇူကန်းက အုတ်နှင့်ကြွေပြားစက်ရုံ၏သယ်ယူပို့ဆောင်ရေးအဖွဲ့၌ အလုပ်လုပ်ခဲ့သည်။ သူက လှေဖြင့် ပစ္စည်းပို့ဆောင်ရာတွင် တစ်ခါမှမပါဝင်ခဲ့သော်လည်း ထပ်ပေါင်းထောက်ပံ့ကြေးများရကာ ၎င်းက သူ့လစာ၏သုံးပုံနှစ်ပုံစာလောက်ရှိသည်။




1987ခုနှစ်တွင် ရှဲ့ဇူကန်း၏တစ်လဝင်ငွေက ယွမ်200နီးပါး ဖြစ်လာသည်။




သို့သော် ဆိုဖာစက်ရုံက မတူပေ။




ဆိုဖာစက်ရုံမှအလုပ်က အုတ်နှင့်ကြွေပြားစက်ရုံထက် ပေါ့ပါးသဖြင့် အကျိုးအမြတ်လည်းနိမ့်သည်။ ယခုချိန်တွင် သူမ၏တစ်လ,လစာက ယွမ်40မှ50ဝန်းကျင်ခန့်သာ ရှိသည်။




“နင် အသက်လေးဆယ်ကျော် ငါးဆယ်ကျော်တွေဖြစ်လာတဲ့အချိန်ကျ ဘာလုပ်မှာလဲ… ဒီနေ့ခေတ်မှာ ပစ္စည်းတွေကရှားပါးနေတာ ဈေး‌လည်းမနည်းဘူး… ဝက်သားတစ်ကီလိုတောင်မှ တစ်ယွမ်လောက်ပေးနေရတယ်…”


ကျန်းလီဖျင်က ရေရွတ်လာသည်။




" နင်က အ,လိုက်တာ ကိုယ့်ပိုက်ဆံတွေအားလုံးကို သူများတွေအပေါ်ဖြုန်းပေးနေတယ်… ဒါပေမယ့် နင်မိသားစုကောင်းကောင်းတစ်ခုကို လက်ထပ်နိုင်သွားတာနဲ့ ကိုယ့်လစာကို ကိုယ့်အတွက်ကိုယ် သိမ်းထားလို့ရပြီ…"




ကျန်းလီဖျင်ကပြောနေရင်း သူမအမေလာနေသည်ကိုမြင်သောအခါ အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။


“လီယွင် ငါဒီတစ်ခေါက်လာတာက နင့်အတွက် သင့်တော်တဲ့သူတစ်ယောက်အကြောင်းလာပြောပြတာ, ငါ့ယောက္ခထီးက မြေဩဇာစက်ရုံမှာ အလုပ်လုပ်တာသိတယ်မလား…  အဲ့ဒီစက်ရုံမှာ ကျိုးတဖေးလို့ခေါ်တဲ့သူတစ်ယောက်ရှိတယ်… သူ့မိန်းမက အသည်းရောင်အသားဝါရောဂါနဲ့ဆုံးသွားပြီ…အခု သူကနောက်မိန်းမရှာနေတယ်…”




ကျန်းလီယွင်က အသည်းရောင်အသားဝါရောဂါအကြောင်းသိသည်။ 1980ခုနှစ်များတွင် ဤရောဂါက သူတို့ဒေသများကို ဖျက်ဆီးလာပြီး သူမတို့ရွာမှ လူအချို့လည်းဖြစ်သွားကာ အချို့ဆိုလျှင် ဤရောဂါဖြင့်သေသွားသည်။




သူမအစ်မက အိမ်ထောင်ရေးအကြောင်းပြောလာမှသာ သူမက ယနေ့ဘာနေ့ဆိုသည်ကို သတိပြုမိသွားသည်။




ကျန်းလီယွင် ရှဲ့ဇူကန်းနှင့်တွေ့ပြီးနောက်တစ်နေ့တွင် ကျန်းလီဖျင်က အိမ်ထောင်ရေးအကြောင်းပြောလာပြီး မုဆိုးဖိုကျိုးတဖေးနှင့်လက်ထပ်ရန် လောဆော်ခဲ့သည့်အကြောင်း  ထင်ရှားစွာမှတ်မိနေသည်။




ဒါဆို....မနေ့ညကမှ ငါ ရှဲ့ဇူကန်းနဲ့ပထမဆုံးတွေ့ခဲ့တာပေါ့…




သူတို့က တစ်ရွာတည်းမှမဟုတ်ပေ။ ရှဲ့ဇူကန်းက သူမထက်ခြောက်နှစ်ကြီး၏။




ယမန်နေ့မတိုင်မီက သူမအစ်ကိုဆီမှ ရှဲ့ဇူကန်းတို့သားအဖအကြောင်းကိုကြားဖူးသော်လည်း ရှဲ့ဇူကန်းကိုကိုယ်တိုင်မမြင်ဖူးသေးပေ။




သူမက ရုပ်ရှင်ကြည့်ရန် တစ်ဖက်ရွာသို့သွားခဲ့ရာမှ ရှဲ့ဇူကန်းနှင့်သိခဲ့ခြင်း ဖြစ်သည်။




ကျေးလက်ဒေသများတွင် လူများက မြို့ပေါ်သွားရန်အတွက် လက်မှတ်ဝယ်ရန် တွန့်ဆုတ်တတ်ကြ၏။ သို့သော်သူတို့က ရုပ်ရှင်များကို ကြည့်နိုင်ဆဲဖြစ်သည်။




ရံဖန်ရံခါများ၌ ရုပ်ရှင်ပြစက်ဆရာက ကျေးလက်ဘက်သို့လာပြီး နေရာတစ်ခုရွေးကာ ရွာသားများကိုရုပ်ရှင်ပြပေးလေ့ရှိသည်။ ရုပ်ရှင်ပြမည့်အကြောင်းသတင်းပြန့်သွားသည်နှင့် အနီးနားမှရွာများကလည်း လာကြည့်ကြသည်။




သူမကနေ့ခင်းဘက်တွင် ဆိုဖာစက်ရုံ၌အလုပ်လုပ်၏။သူမ၏လုပ်ဖော်ကိုင်ဖက်က အနားမှရွာတွင် သူမ မကြည့်ဖူးသေးသည့် "Heroes Emerge in Youth Since Ancient Times"ဟူသည့်ရုပ်ရှင်ပြမည့်အကြောင်းပြောပြလာသည်။ ဆိုဖာစက်ရုံက မနက်ဖြန်တစ်ရက်ပိတ်သဖြင့် သူမက သွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။




တစ်ဖက်ရွာသို့ရောက်သောအခါ လူများပြည့်ကြပ်နေပြီး ထိုင်စရာနေရာရှာမရတော့သည်ကို တွေ့လိုက်ရ၏။ သူမက အနောက်တွင်မတ်တတ်ရပ်ကာ ဝေးဝေးမှကြည့်တော့မည့်အချိန်မှာပင် အလုပ်မှသူငယ်ချင်းတစ်ယောက်က ရှဲ့မိသားစုဦးထားသည့် နေရာတစ်ခုသို့ခေါ်သွားကာ ရှဲ့ဇူကန်းနှင့်မိတ်ဆက်ပေးလာသည်။




အလုပ်လုပ်သည်မှာ လေးနှစ်ကျော်လာသည့်အပြင် အိမ်တွင် ကိစ္စများစွာကိုလည်း စီစဉ်ခဲ့ဖူးသဖြင့် သူမသူငယ်ချင်းက သူမကို ရှဲ့ဇူကန်းနှင့်ရင်းနှီးစေချင်ကြောင်း သဘောပေါက်သွားသည်။




သူမက တုံ့ဆိုင်းမှုမရှိဘဲ ရှဲ့ဇူကန်းနှင့်စကားပြောခဲ့သည်။ သူတို့က အတော်လေးသဟဇာတရှိခဲ့ကြကာ ရှဲ့မိသားစု၏နောက်ခံက သူမကိုစိတ်ဝင်စားစေခဲ့သည်။နောက်တစ်နေ့တွင် သူမအစ်မက ကျိုးတဖေးနှင့်မိတ်ဆက်ပေးလာသောအခါ သူမက ချက်ချင်းငြင်းဆန်ခဲ့လေသည်။




နောက်ပိုင်းတွင် ရှဲ့ဇူကန်းက လောင်းကစားရှုံး‌လာသောအခါ သူမအစ်မက ကျိုးတဖေးအကြောင်းခဏခဏပြန်ပြောလာသဖြင့် ထိုအချိန်က ကျိုးတဖေးကိုမရွေးချယ်မိခဲ့သည့်အတွက် နောင်တရလာခဲ့သည်။




အဟုတ်ပင်။ သူမသာ ကျိုးတဖေးကိုရွေးချယ်ခဲ့ပါက ဘာမှလုပ်စရာမလိုဘဲ သက်တောင့်သက်သာဘဝကို နေနိုင်ခဲ့မှာဖြစ်သည်။




မြေဩဇာစက်ရုံက နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင်ဖြစ်လာပြီး ကျိုးတဖေးက အရောင်းပိုင်းတွင်ထူးချွန်ရာ ကော်မရှင်ခများနှင့် မြေဩဇာစက်ရုံရှယ်ယာများမှတစ်ဆင့် များပြားသည့်ပမာဏတစ်ခု ရရှိခဲ့သည်။




သူမ ခက်ခဲနေသောအချိန်များတွင် ကျိုးတဖေးကကြွယ်‌ဝနေခဲ့သည်။ သူမပအွန်လိုင်းစတိုးစဖွင့်သည့်အချိန်တွင် မြေဩဇာစက်ရုံက ရုန်းကန်လာရသော်လည်း ရှယ်ယာရှင်များက ‌စက်ရုံမြေနေရာကိုရောင်းချခြင်းဖြင့် အမြတ်ရခဲ့ကြသည်။




နောက်ပိုင်းတွင် ကျိုးတဖေးက မြေဩဇာစက်ရုံနေရာ၌လုပ်သည့် အိမ်‌ခြံမြေတိုးတက်ရေးတွင် ရင်းနှီးမြုပ်နှံခဲ့သည်။




သူမမှတ်ဉာဏ်ထဲတွင် ကျိုးတဖေးက သူဌေးကြီးတစ်ယောက်မဟုတ်သော်လည်း သူတို့မြို့၏အချမ်းသာဆုံးလူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။




“သူက ဒီနှစ်ဆို 33နှစ်ရှိပြီ… နည်းနည်းအသက်ကြီးပေမယ့် ပုံစံကငယ်နေတုန်းပါပဲ မိဘနှစ်ယောက်လုံးက အလုပ်သမားတွေ… သူ့အဖေက အလုပ်လုပ်နေတုန်းပဲ အမေကတော့ ပင်စင်ယူသွားပြီ… သူ့အငြိမ်းစားလစာက နင့်လစာထက်တောင်များသေးတယ်…”


ကျန်းလီဖျင်က စိတ်ပါလက်ပါရှင်းပြလာပြီး ကျိုးတဖေးကို အလားအလာကောင်းများရှိသည့်သူဟု လုံးဝယူဆထားလေသည်။




“သူက အသက်အဲ့လောက်တောင်ရှိနေပြီဆိုတော့ ကလေးလည်းရှိမှာပေါ့ ဟုတ်လား…”


သူမသမီးနှစ်ယောက် စကားဝိုင်း‌ကို ဘေးမှနားထောင်နေသည့် အမေကျန်းက ဝင်မေးလာသည်။




ကျန်းလီဖျင်က ရှင်းပြလိုက်သည်။


“သူ့အရင်မိန်းမက မွေးပေးခဲ့တဲ့ သားတစ်ယောက်တော့ရှိတယ်… အခုဆိုငါးနှစ်ခြောက်နှစ်လောက်ရှိပြီ၊ မူကြိုတက်နေတယ်… သူ့အမေက ကလေးကိုဂရုစိုက်ထားပေးတယ်… လီယွင်သူ့ကိုလက်ထပ်လိုက်ရင် အဲ့ဒီကလေးအတွက်စိုးရိမ်စရာမလိုတော့ဘူး…”




“ကလေးရှိတာက....”


အမေကျန်းက မျက်မှောင်ကြုတ်သွားသည်။




ကျန်းလီယွင်က ဝင်ပြောလိုက်သည်။


“အစ်မ ငါမိထွေးလုပ်မှာမဟုတ်ဘူး…”


သူမ ယခင်ဘဝတွင် ကျန်းလီဖျင်ကိုငြင်းဆန်ခဲ့သည်မှာ ဤအကြောင်းကြောင့်ဖြစ်ပြီး ယခုဘဝတွင်လည်းကွဲပြားမည်မဟုတ်ပေ။




သူတို့ရွာ၌ ‘အတိတ်ဘဝတွင် မိသားစုတစ်ခုလုံးကိုသတ်ခဲ့ပါက ဤဘဝတွင်မိထွေးဖြစ်လာလိမ့်မည်’ဟူသောစကားတစ်ခွန်းရှိသည်။ ၎င်းက မိထွေးတစ်ယောက်ဖြစ်ရခြင်း၏ ခက်ခဲမှုများကို ထင်ဟပ်ပြထားပေသည်။




ဥပမာအားဖြင့် အမေအရင်းက ကလေးမကြိုက်သည့်စားစရာတစ်ခုလုပ်ပါက လက်ခံနိုင်စရာဖြစ်သည်။


သို့သော် ထိုသို့လုပ်သောသူက မိထွေးဖြစ်နေပါက ကလေးမကြိုက်သည့်အရာအား တမင်ပြင်ကာ နှိပ်စက်သည်ဟုတွေးကြမည်ဖြစ်သည်။




ကလေးများကို နှိပ်စက်သည့် မိထွေးများက တကယ်လည်းရှိတတ်သည်။ ကျန်းလီယွင်က ထိုဂုဏ်ပုဒ်ကိုမကိုင်တွယ်နိုင်ပေ။ ဝေဖန်ခံရရန်အတွက်နှင့် တစ်စုံတစ်ယောက်ကိုလက်မထပ်နိုင်ပေ။




ပြီးတော့ ကျိုးတဖေးကပိုက်ဆံရှိလည်း ဘာဖြစ်လဲ… ငါ့ အရင်ဘဝမှာတုန်းကဆို ကျိုးတဖေးထက် ပိုချမ်းသာခဲ့တာပဲလေ။… ငွေရေးကြေးရေးအတွက်နဲ့ သူ့ကိုလက်ထပ်စရာမလိုပါဘူး…




ကိုယ့်ကိုကိုယ်အားကိုးတာက သူများအပေါ်အားကိုးတာထက်ပိုကောင်းတယ်… ပြီးတော့ ငါ့ဆီမှာ ဖုန်းရီလည်းရှိနေပြီ…




“အဲ့ဒီကလေးကို စိတ်ပူနေစရာမလိုပါဘူး… နင်ကဘယ်လိုမိထွေးမျိုး ဖြစ်လာမှာမလို့လဲ… လက်ထပ်ပြီးတဲ့နောက်မှာ နင့်ယောက်ျားကိုအပိုင်ကိုင်ထားပြီး နောက်ထပ်ကလေးတစ်ယောက်ယူနိုင်ခဲ့ရင် အရင်ကလေးရှိတာ ဘာဖြစ်လဲ… ငါသာ လက်မထပ်ရသေးလို့ကတော့ ဒီလိုအခွင့်ကောင်းမျိုးကို ငါ့ဘာသာဘဲအပိုင်ယူလိုက်မှာ…”


ကျန်းလီဖျင်က ဒေါသထွက်လာသည်။




“လီယွင် မြို့ထဲကသူနဲ့လက်ထပ်လိုက်တာနဲ့ နင်နောက်ဆိုလယ်အလုပ်လုပ်စရာ လိုတော့မှာမဟုတ်ဘူးနော်…”




ကျန်းလီယွင်က တိုးတိတ်စွာသက်ပြင်းချလိုက်မိသည်။




သူမအစ်မကျန်းလီဖျင်က အလုပ်များကိုရှောင်ရာ၌ ကျွမ်းကျင်ပြီး တစ်ခါတစ်လေတွင် အိမ်အလုပ်များကို သူမကိုသာ လွှဲပေးတတ်သည်။ အစပိုင်းတွင်ထိုအကြောင်းကြောင့် သူမက ကျန်းလီဖျင်ကို သဘောမကျခဲ့ပေ။




သို့သော် သူမထိုအကြောင်းများအား ဂရုမစိုက်တော့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။




သူမအစ်မက သူမလိုပင်။ သူမတို့၏ကသောင်းကနင်းအတိတ်များကြောင့် ပိုကောင်းသည့်ဘဝ၌ နေထိုင်ချင်လေသည်။ အလယ်တန်းကျောင်းပြီးသွားသောအခါ ကျန်းလီဖျင်က မြို့ထဲမှသူနှင့်လက်ထပ်နိုင်ရန် ရည်ရွယ်ထားခဲ့သည်။




သူမတို့အိမ်က မြို့နှင့်မဝေးလှပေ။ နှစ်နာရီခန့်သာလမ်းလျှောက်ရသည်။ တူးမြောင်းကြီးတစ်ခု ကန့်လန့်ဖြတ်လျက်ရှိသည့်မြို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်အတွင်းမှာပင် ကြွယ်ဝချမ်းသာသည့်မြို့တစ်မြို့ဖြစ်သည်။ယခုအချိန်တွင် မြို့ထဲ၌စက်ရုံအနည်းငယ်တည်ရှိနေပြီး မြေဩဇာစက်ရုံလည်း အပါအဝင်ဖြစ်သည်။




1960-1970ခုနှစ်များတွင် သူတို့ကဲ့သို့ ကျေးလက်ဒေသများ၌နေသည့်သူများအတွက် အသားစားရရန်မှာ ခက်ခဲလွန်းလှသည်။ သူတို့က ကန်စွန်းဥများကို အဓိကအစားအစာအဖြစ် စားသုံးကြသည်။




ကန်စွန်းဥများက အချိန်ကြာကြာဗိုက်မပြည့်စေဘဲ စားပြီးမကြာခင်မှာပင် ဗိုက်ပြန်ဆာလာစေ၏။




သို့သော် အစားအစာနှင့် အသားကူပွန်များရှိသည့် မြို့သားများကမူ တစ်လလျှင် အကြိမ်အနည်းငယ်လောက်အသားစားနိုင်ကြသည်။






🏡🏡🏡