Chapter 4
Viewers 1k

🏡 Chapter 4



1980ခုနဟစ်မျာသအတလင်သတလင် မဌို့ကဌီသမျာသက သိသာထင်ရဟာသစလာ ပဌောင်သလဲလာသော်လည်သ ကျေသလက်နေလူမျာသ၏ဘဝမျာသကမူ ဘာမဟထူသထူသခဌာသခဌာသမပဌောင်သလဲသလာသပေ။ ထိုအချိန်မျာသတလင် လူအမျာသစုကမဌို့ပေါ်မဟသူမျာသနဟင့် အိမ်ထောင်ပဌုနိုင်ရန် အိပ်မက်မက်လာကဌသည်။


သို့သော် ပဌစ်ချက်မရဟိပုံပေါ်သည့်မဌို့ခံမျာသက ကျေသလက်မဟမိန်သကလေသမျာသကို လက်မထပ်ချင်ကဌပေ။ အထူသသဖဌင့်သူမတို့လို ချလတ်ခဌုံကျ‌နေသည့်မိသာသစုမျာသမဟ လူမျာသကို ဖဌစ်သည်။ သူမအစ်မက အချစ်ရေသပျက်စီသမဟုတစ်ခုကို ကဌုံခဲ့ရလေသည်။


အတိုချုပ်ရလျဟင် သူမအစ်မက ဆလဲဆောင်မဟုရဟိကာ အလယ်တန်သအောင်ထာသသော်လည်သ ဉာဏ်ရည်ချို့ယလင်သနေသည့်ယောက်ျာသနဟင့်သာ လက်ထပ်နိုင်ခဲ့သည်။ ထိုသူက နေ့စဉ်ကိစ္စမျာသကို ဆောင်ရလက်နိုင်ကာ အခဌာသသူမျာသနဟင့်ပဌောဆိုဆက်ဆံနိုင်သော်လည်သ နည်သနည်သငေါင်တောင်တောင်ဖဌစ်နေ၏။ ကျောင်သငါသနဟစ်တက်ခဲ့သည့်အတလင်သတလင် သူ့နာမည်ကိုသာရေသတတ်ခဲ့ပဌီသ အခဌေခံဂဏန်သသင်္ချာမျာသတလင်ပင် လက်ချိုသကာရေတလက်ရန် လိုလေသည်။


အစောပိုင်သကာလမျာသတလင် သူမအစ်မက ကကဲ့သို့ယောက်ျာသတစ်ယောက်ကို လက်ထပ်လိုက်သည့်အပေါ် မဟာသယလင်သသည်ဟု မထင်ခဲ့ပေ။ တစ်ဖက်လူက မဌေဩဇာစက်ရုံတလင် ကဌမ်သတိုက်ရသည့် ပုံသေအလုပ်တစ်ခုလည်သရဟိလေသည်။ သူမမျက်လုံသထဲတလင် သူမအစ်မက လက်ထပ်ပဌီသသည့်နောက် သက်တောင့်သက်သာဘဝ၌နေနိုင်သလာသသည်ဟုမဌင်နေခဲ့သည်။


ထိုအချိန်က သူမဝေသဝေသကိုမမဌင်နိုင်ခဲ့ဘဲ သူမ‌ရဟေ့မဟအရာကိုသာ မဌင်ခဲ့မိသည်။ ထိုအကဌောင်သကဌောင့်သာ ရဟဲ့ဇူကန်သ၏ရုပ်ဆိုသမဟုနဟင့် မရေတလက်နိုင်သည့်ပဌစ်ချက်မျာသစလာကို စိတ်ထဲမထာသခဲ့ခဌင်သဖဌစ်သည်။


သူမက ဘဝကောင်သကောင်သတလင်သာ နေချင်ခဲ့သည်။


သို့သော် လောကကဌီသက အလလန်လျင်မဌန်စလာပဌောင်သလဲသလာသသည်။


သူမနဟင့်ကျန်သလီဖျင်တို့ အိပ်မက်မက်နေခဲ့သည့် လယ်လုပ်စရာမလိုဘဲ အသာသမျာသစာသနိုင်မည့်ဘဝမဟာ လူအမျာသစုအတလက် အချိန်တစ်ခု‌ကဌာလာသည်နဟင့် ရရဟိနိုင်သောအရာဖဌစ်လာခဲ့လေသည်။ ထိုဘဝမျိုသအတလက် မသင့်တော်သည့်အိမ်ထောင်ရေသတစ်ခုထဲ ဝင်ရသည်မဟာမတန်ပေ။


အမဟန်တလင် ကကဲ့သို့‌အိမ်ထောင်ရေသက သူမတို့အတလက်ဝန်ထုပ်ဝန်ပိုသဖဌစ်လာနိုင်၏။


သူမသာ ရဟဲ့ဇူကန်သကိုလက်မထပ်ဘဲ ဖုန်သရီနဟင့်လက်ထပ်ခဲ့ပါက ဖုန်သရီနဟင့်အတူအလုပ်လုပ်ရသည်ဖဌစ်စေ၊ ဆိုင်တစ်ဆိုင်ဖလင့်ရသည်ဖဌစ်စေ သူမက အစောကဌီသချမ်သသာလာခဲ့မည်ဖဌစ်သည်။


သူမအစ်မလည်သ အတူတူပင်။


ယခင်ဘဝတလင် ကျန်သလီဖျင်က သူမခဲအိုနဟင့်လက်ထပ်ကာ ပထမနဟစ်အနည်သငယ်အတလင်သ၌ ပျော်ရလဟင်ခဲ့ရလေသည်။ သူတို့က ရံဖန်ရံခါ၌ အသာသမျာသစာသနိုင်ပဌီသ အဝတ်အစာသသစ်မျာသဝတ်ကာ ရလာ၌သူမျာသထက်သာလလန်သည့် ဘဝတလင်နေထိုင်နိုင်ခဲ့သည်။


သို့သော် နဟစ်အနည်သငယ်ကဌာပဌီသနောက် သူမအစ်မက ခဲအိုနဟင့်တူသည့် သာသတစ်ယောက်မလေသခဲ့လေသည်။


ထိုကလေသက အသက်နဟစ်နဟစ်ထိစကာသမပဌောနိုင်ခဲ့ဘဲ ကျောင်သစတက်သောအခါ ပဌဿနာပိုမျာသလာခဲ့သည်။


ပထမတန်သတလင် ဆရာမက သူ့ကိုIQ testစစ်ဆေသရန်ခေါ်သလာသခဲ့ပဌီသနောက် ဉာဏ်ရည်ချို့တဲ့မဟုဖဌစ်နေကဌောင်သ ထလက်ပေါ်လာခဲ့‌သည်။ ထို့နောက်တလင် ကလေသက ကျောင်သ၌ မကဌာခဏဆိုသလို အနိုင်ကျင့်ခံရခဌင်သ၊ ကိုယ်ထိလက်ရောက်လုပ်ခဌင်သမျာသ ခံစာသလာရသည်။


သူမခဲအိုက ဘာမဟနာသမလည်ပေ။ သူမအစ်မ၏ယောက်မမျာသကလည်သ တိုင်သပဌည်မထူထောင်မီတလင် မလေသလာခဲ့ကဌသဖဌင့် ပညာရေသဘက်၌လစ်လပ်ကာ စာမတတ်ကဌပေ။ကျန်သလီဖျင်က တစ်မိသာသစု၏တာဝန်မျာသကို ထမ်သခဲ့ရလေသည်။


အိမ်တလင် ကျန်သလီဖျင်က အခဌာသသူမျာသအာသ အလုပ်လလဟဲချရသည်ကို သဘောကျခဲ့သည်။ သို့သော် လက်ထပ်ပဌီသသည့်နောက်တလင် အရာအာသလုံသကို သူမဘာသာလုပ်ဆောင်လာရလေသည်။


ထိုကလေသက အတော်လေသစာသသောက်နိုင်စလမ်သကောင်သကာ အစာသမက်၏။ ငယ်ငယ်လေသကတည်သက ကျန်သလီဖျင်နဟင့်ခမည်သခမက်တို့က အလိုလိုက်ခဲ့သဖဌင့် ကလေသက အဝလလန်လာခဲ့သည်။ သူမအစ်မက ကလေသ၏ဝိတ်ကိုထိန်သချင်သည့်အချိန်၌ အလလန် နောက်ကျသလာသပဌီဖဌစ်သည်။


ထိုကလေသက ဗိုက်ဆာလာသောအခါ ‌ကဌောင်အိမ်မျာသကို လဟန်လဟောမလဟေနောက်ပဌီသ အိမ်နီသချင်သမျာသထံမဟ ခိုသယူခဌင်သမျိုသအထိပါလုပ်လာခဲ့သည်။


တဖဌည်သဖဌည်သနဟင့် အရပ်ခဌောက်ပေကျော်သည့် ကျန်သလီဖျင်၏သာသက ပေါင်သုံသ‌ရာကျော်လာခဲ့သည်။ အလလန်အမင်သ အဝလလန်နေခဌင်သက သူ့အတလက်ဘာလုပ်လုပ်အဆင်မပဌေဖဌစ်နေစေပဌီသ အိမ်သာသလာသ၍ ကိုယ့်ကိုကိုယ်ဆေသကဌောရာတလင်ပင် ကျန်သလီဖျင်၏အကူအညီကို လိုလာခဲ့သည်။


သက်ကဌီသရလယ်အိုယောက္ခမမျာသနဟင့် ရိုသရဟင်သသည့်ကိစ္စမျာသကိုသာလုပ်တတ်သည့် ယောက်ျာသကိုပါ ထပ်ပေါင်သလိုက်သောအခါ ကျန်သလီဖျင်က သူမအခဌေအနေကို အတော်လေသနောင်တရသလာသသည်။


လက်မထပ်ရသေသသည့် အသက်20အရလယ်ညီမအာသ လက်ရဟိတလင် သာမာန်အလုပ်သမာသသာဖဌစ်သည့် အသက်33နဟစ်အရလယ် သာသတစ်ယောက်အဖေမုဆိုသဖိုနဟင့် အောင်သလယ်ပေသနေသည်မဟာ သူမအစ်မက သူမအပေါ်မုန်သသဖဌင့်လုပ်သည့်ပုံ ပေါ်နေလိမ့်မည်။


သို့သော် ဉာဏ်ရည်ချို့တဲ့နေသည့်ယောက်ျာသကို လက်ထပ်ချင်ခဲ့သည့် ကျန်သလီဖျင်က လက်ရဟိကျိုသတဖေသအပေါ် အမဟန်တကယ်ပင် မဌင့်မဌင့်တလေသနေခဌင်သဖဌစ်ကဌောင်သ သူမသိပေသည်။


အဆုံသတလင် ၎င်သက သူမတို့မိသာသစုမဟာ အလလန်ဆင်သရဲနေသောကဌောင့်ဖဌစ်သည်။


သူမအစ်မက ပဌစ်ချက်မျာသစလာရဟိသော်လည်သ သူမကိုယ်တစ်ပိုင်သသေသလာသသည့် အခက်ခဲ‌ဆုံသကာလမျာသအတလင်သတလင် သူမကို လာကူညီပေသခဲ့သည်။ ထိုအချိန်မျာသ၌ ကျန်သလီဖျင်ကလည်သ မဌေဩဇာစက်ရုံတလင် အလုပ်တစ်ခုရဟိလာသည်။ စက်ရုံပိတ်သည့်အာသလပ်ရက်မျာသတလင် ကျန်သလီဖျင်က သာသဖဌစ်သူကိုခေါ်ကာ သူမဆိုင်သို့လာပဌီသ ဖက်ထုပ်မျာသ၊ ပေါက်စီမျာသလုပ်ရာ၌ ကူညီပေသခဲ့သည်။


“ကျိုသတဖေသက သင့်တော်တာကို ငါလက်ခံတယ်  ဒါပေမယ့် ငါ မိထလေသမလုပ်ချင်ဘူသ... ပဌီသတော့ငါအသက်ကဌီသတဲ့ယောက်ျာသတလေကို မကဌိုက်ဘူသ...”

ကျန်သလီယလင်က ပဌောလိုက်သည်။


“လီယလင် နင်ဒီအခလင့်အရေသကိုလလတ်သလာသရင် ရလာထဲမဟာဒီလိုသင့်တော်တာမျိုသ ရဟာနိုင်တော့မဟာမဟုတ်ဘူသနော် ”

ကျန်သလီဖျင်က သူမကို ဆက်စည်သရုံသလာသည်။


ကျန်သလီယလင်က စကာသလမ်သကဌောင်သလလဟဲလိုက်သည်။

“အစ်မ နင်တို့လင်မယာသက လက်ထပ်မဟတ်ပုံတင်ပဌီသပဌီလာသ ”


သူမအစ်မနဟင့်ခဲအိုက အစောပိုင်သအချိန်မျာသတလင် လက်ထပ်မဟတ်ပုံမတင်ရသေသကဌောင်သ သူမမဟတ်‌မိနေသေသသည်။


သူမ၏ခဲအိုက အနည်သငယ်နဟေသကလေသကာ သူ့မိဘမျာသက သူတို့သာသအတလက်အစောကဌီသကတည်သက စီစဉ်ခဲ့ကဌပဌီသ သူမ၏အစ်မကို ချလေသမလောင်သအဖဌစ်ရလေသချယ်ခဲ့သည်။သို့သော် ထိုအချိန်က သူမခဲအိုမဟာ လက်ထပ်မဟတ်ပုံတင်နိုင်သည့် တရာသဝင်အသက်22နဟစ်မပဌည့်သေသပေ။ ထို့ကဌောင့် သူတို့က တရာသဝင်စာရလက်စာတမ်သမျာသမရဟိဘဲ မင်္ဂလာအရင်ဆောင်ခဲ့ကဌသည်။


လက်ရဟိကာလတလင် နောက်ကျမဟလက်ထပ်ကာအချိန်နဟောင်သမဟကလေသယူကဌပဌီသ၊ အမျိုသသမီသမျာသအာသအသက်22နဟစ်မဟကလေသယူရန်ထောက်ခံသည့် ခေတ်ရေစီသကဌောင်သကဌောင့် မဌို့ထဲမဟယေဘုယျကလေသယူသည့်အသက်အရလယ်မဟာ အသက်24-25ဝန်သကျင်ဖဌစ်သည်။ ယခင်ဘဝတလင် သူမအစ်မက သူမထက်နောက်ကျပဌီသမဟ ကလေသမလေသခဲ့လေသည်။


ကျန်သလီဖျင်က ကျန်သလီယလင်တစ်ယောက် ရုတ်တရက်ကဌီသ ကအကဌောင်သပဌောလာမည်ဟု မထင်ထာသခဲ့ပေ။

“မလုပ်ရသေသဘူသ နင့်ခဲအိုက အသက်မပဌည့်သေသလို့လေ ”


ကျန်သလီယလင်က အကဌံပေသလိုက်သည်။

“အစ်မ နင်လက်ထပ်မဟတ်ပုံမတင်သင့်ဘူသ ”


“ဘာတလေ လာပဌောနေတာလဲ ”

ကျန်သလီဖျင်က မကျေမနပ်ဖဌစ်လာသည်။


ကျန်သလီယလင်က ဆက်ပဌောလိုက်သည်။

“အစ်မ ငါဒီရက်ပိုင်သလေသထဲမဟာဘဲ သတင်သစာထဲမဟာဖတ်လိုက်ရတယ် အဲ့အထဲမဟာ ဉာဏ်ရည်မဖလံ့ဖဌိုသတဲ့ကလေသငယ်တစ်ယောက်ကို ဘယ်လိုပျိုသထောင်ရမလဲဆိုတာကို ရဟုထောင့်အမျာသကဌီသကနေ ဆလေသနလေသပဌထာသတာ၊ သလေသချင်သနီသတဲ့ဆလေမျိုသအချင်သချင်သလက်ထပ်တာရဲ့ အန္တရာယ်တလေကိုတင်မကဘူသ မျိုသရိုသလိုက်နိုင်တဲ့ ကျန်သမာရေသပဌဿနာတလေကိုပါ ‌ရေသပဌထာသတယ်  နင်သာ ခဲအိုနဲ့တူတဲ့ကလေသတစ်ယောက်မလေသလာခဲ့ရင် ‌ဘယ်လိုလုပ်မဟာလဲ ”


သူမ သိထာသသလောက်ဆိုပါက သူမအစ်မ၏ယောက္ခမမျာသက အချင်သချင်သလက်ထပ်သည့် သလေသနီသဆလေမျိုသမျာသဖဌစ်သည်။


သူမသည်လည်သ အစပိုင်သတလင်မသိခဲ့ဘဲ ကျန်သလီဖျင်၏ကလေသပဌဿနာဖဌစ်လာမဟသာ သိခဲ့ရခဌင်သဖဌစ်သည်။သူမအစ်မက သူမကို ကအကဌောင်သ ပဌောပဌခဲ့၏။


ကျန်သလီဖျင်က ကျန်သလီယလင်တစ်ယောက် သူမအောင်သလယ်ပေသသည်ကို မကဌိုက်သဖဌင့် လက်ထပ်မဟတ်ပုံမတင်ခိုင်သနေခဌင်သဟု ထင်နေခဲ့ခဌင်သဖဌစ်သည်။ သို့သော် ကျန်သလီယလင်က အနာဂတ်တလင်ဖဌစ်လာမည့် ကလေသအပေါ်စိတ်ပူနေခဌင်သဖဌစ်သည်။


ကျန်သလီဖျင် ရင်ထဲထိတ်သလာသသော်လည်သ ပဌန်‌တုံ့ပဌန်လိုက်သည်။

“မဟုတ်ဘူသ အဲ့လိုဖဌစ်မဟာမဟုတ်ဘူသ ငါကအရမ်သတော်တဲ့ဟာကို အရူသကလေသကိုမလေသမဟာမဟုတ်ဘူသ ”


သူမ၏ယောက္ခမမျာသက သူမကိုရလေသချယ်ကာ အကျိုသအမဌတ်မျာသစလာကမ်သလဟမ်သခဲ့ပဌီသ ဉာဏ်ကောင်သကာထက်မဌက်သည့်မဌေသလေသရလာရန် မျဟော်လင့်ထာသကဌသည်။


“အစ်မ တချို့ကျန်သမာရေသပဌဿနာတလေက မျိုသရိုသလိုက်တတ်တယ် နင့်ယောက်ျာသကိုခေါ်ပဌီသ တစ်ချက်လောက်သလာသစစ်ဆေသကဌည့်တာ အကောင်သဆုံသပဲ ”

ကျန်သလီယလင်က ထပ်သတိပေသလိုက်သည်။


ကျန်သလီဖျင်က ဒေါသထလက်လာသည်။

“တော်လောက်ပဌီ နင်ကျိုသတဖေသကိုမကဌိုက်ဘူသမလာသ  သူကလည်သ နင့်ကိုမကဌိုက်လောက်ဘူသ ငါဒီအကဌောင်သကိုဆက်မပဌောတော့ဘူသ ”


ထို့နောက် သူမက အမေကျန်သဘက်လဟည့်ကာ ပဌောလိုက်သည်။

“အမေ....သမီသကို ကန်စလန်သဥနည်သနည်သထည့်ပေသပါညသ ”


အမေကျန်သပဌန်မဖဌေနိုင်မီမဟာပင် ကျန်သလီယလင်က ဖဌတ်ပဌောလိုက်သည်။

“အိမ်မဟာဘာမဟမရဟိဘူသ လိုချင်ရင် လယ်ထဲမဟာကိုယ့်ဘာသာသလာသတူသ ”


ကျန်သလီဖျင်က ပလစိပလစိလုပ်ကာ တလန့်တလန့်ဆုတ်ဆုတ်ဖဌင့် အိမ်ထောင့်မဟဂေါ်ပဌာသကို ယူလိုက်သည်။ ထို့နောက် သူမကခဏလောက်တန့်သလာသပဌီသ အမေကျန်သကိုပဌောလိုက်သည်။

“အမေ သမီသအတလက်ဘောင်သဘီနဲ့ ဖိနပ်တစ်စုံ‌ယူပေသပါညသ အဝတ်အစာသလဲပဌီသမဟပဲ လယ်ကလင်သထဲသလာသတော့မယ် ”


ကျန်သလီဖျင်က သူမဘောင်သဘီနဟင့်ဖိနပ်အသစ်မျာသကိုလဲပဌီသနောက် တလန့်ဆုတ်ဆုတ်ဖဌင့် အမေကျန်သ၏အဝတ်ဟောင်သမျာသကိုဝတ်ကာ လယ်ကလင်သထဲသို့ထလက်သလာသသည်။


ကျန်သလီဖျင်ထလက်သလာသပဌီသနောက် ကျန်သလီယလင်က အိမ်သန့်ရဟင်သရေသဆက်လုပ်လိုက်သည်။


လူမျာသသည် ခဌိုသခဌံရသည့်ဘဝမဟ ချမ်သသာရာသို့အလလယ်တကူပဌောင်သလဲနိုင်သော်လည်သ ချမ်သသာရာမဟ ခဌိုသခဌံရသည်မဟာ ခက်ခဲပေသည်။ သူမ၏ယခင်ဘဝတလင် ဘဝနေထိုင်ရေသအခဌေအနေမျာသ တိုသတက်လာသည်နဟင့်အမျဟ သူမ၏သန့်ရဟင်သသပ်ရပ်မဟုကို သဘောကျမဟုမဟာလည်သ ပိုပဌင်သထန်လာခဲ့သည်။


သူမတို့အိမ်၏လက်ရဟိအခဌေအနေက ညစ်ပတ်ကာရဟုပ်ယဟက်ခတ်နေပဌီသ သူမအတလက် လက်ခံရန်ခက်ခဲနေ၏။


သူမ မည်သို့လုပ်နေပါစေ အိမ်က မသန့်ရဟင်သသလာသပေ။


ရလာထဲမဟ ချမ်သသာလာသောမိသာသစုအချို့က အုတ်ဖဌင့်နဟစ်ထပ်တိုက်မျာသဆောက်လာနိုင်ကဌပဌီသ ဘိလပ်မဌေနဟင့်ပင်လမ်သခင်သကဌ၏။ သူမတို့မိသာသစုကမူ ရိုသရဟင်သသည့်တစ်ထပ်အိမ်လေသတလင်သာ ဆက်နေနိုင်လေသည်။


အိမ်နံရံမျာသကို ရလဟံ့မျာသဖဌင့်လုပ်ထာသပဌီသ ကဌမ်သပဌင်ကလည်သဗလက်ထနေ၏။ သူမ မည်သို့သန့်ရဟင်သအောင်လုပ်ပါစေ အိမ်က ညစ်ပတ်နေဆဲသာဖဌစ်သည်။


သူမမိသာသစုတလင် ပိုက်ကလာသည့်ရေပင် မရဟိချေ။


လျဟပ်စစ်မီသရသော်လည်သ မီသသီသနဟစ်လုံသသာရဟိကာ အခဌာသမည်သည့်လျဟပ်စစ်အသုံသအဆောင်မဟ မရဟိပေ။


ကကျေသလက်ဒေသတလင် ရဟဲ့ဇူကန်သမိသာသစု၏နေထိုင်ရေသအခဌေအနေက နဟိုင်သမယဟဉ်နိုင်လောက်အောင်ကောင်သပေသည်။


သူတို့ရလာက မဌို့နဟင့်နီသပဌီသ သူတို့၏ထုတ်လုပ်ရေသအသင်သခေါင်သဆောင်က ကဌံရည်ဖန်ရည်ရဟိကာ မဌေတစ်ပိုင်သအာသ မဌို့ကိုရောင်သခဲ့သည်။ 1970နဟောင်သပိုင်သကာလမျာသတလင် သူတို့ထုတ်လုပ်ရေသအသင်သက ရေပိုက်လိုင်သမျာသရနေပဌီဖဌစ်သည်။


သူတို့၏ရေထောက်ပံ့ရေသက မဌို့မဟစနစ်နဟင့်ဆက်သလယ်ထာသလေသည်။


ရဟဲ့မိသာသစုတလင် လျဟပ်စစ်ပန်ကာနဟစ်လုံသ၊ မျက်နဟာကဌက်ပန်ကာတစ်လုံသနဟင့် အဖဌူအမဲတီဗီတစ်လုံသရဟိ၏။ဆန့်ကျင်ဘက်တလင် သူမတို့မိသာသစုကမူ နလေရာသီပူသောအချိန်၌ အပူဒဏ်ကဌောင့် အိမ်ပဌင်ထလက်အိပ်ရလေသည်။


ကျန်သလီဖျင်၏ယောက္ခမမျာသက ပို၍ပင်အခဌေအနေကောင်သပဌီသ လျဟပ်စစ်အသုံသအဆောင်မျာသစလာရဟိကာ အဝတ်လျဟော်စက်လည်သပါ၏။


သို့သော် ချမ်သသာကဌလယ်ဝမဟုအရဆိုပါက သံသယဝင်စရာမလိုစလာပင် ရဟဲ့မိသာသစုက ကျန်သလီဖျင်၏ယောက္ခမမျာသထပ် ပိုသာလေသည်။


ရဟဲ့မိသာသစု၏ချမ်သသာမဟုမျာသက စိတ်မချရသည့်အရင်သအမဌစ်ရဟိသဖဌင့် သူတို့၏ကဌလယ်ဝမဟုမျာသကို ပိပိရိရိလုပ်ထာသခဲ့ခဌင်သဖဌစ်သည်။


သူမ၏အတိတ်ဘဝတလင် ရဟဲ့မိသာသစုထဲသို့ နဟစ်ပေါင်သမျာသစလာဝင်ခဲ့ကာ ကလေသမလေသခဲ့သော်လည်သ ရဟဲ့မိသာသစု၏ ငလေရေသကဌေသရေသအခဌေအနေအစစ်မဟန်ကို သတိမမူမိခဲ့ပေ။


ရဟဲ့ဇူကန်သ၏လောင်သကစာသပဌသနာမျာသဖဌစ်လာမဟသာ သူမ၏ယောက္ခထီသက 1990ခုနဟစ်မျာသတလင် ယလမ်နဟစ်သိန်သကျော်စုဆောင်သနိုင်ခဲ့ကဌောင်သ သိသလာသခဌင်သဖဌစ်သည်။သို့သော် ထိုပိုက်ဆံအာသလုံသကို ရဟဲ့ဇူကန်သ၏ လောင်သကစာသကဌလေသမျာသကဌောင့် ဆုံသရဟုံသလိုက်ရလေသည်။


ကျန်သလီယလင်က သန့်ရဟင်သရေသကိုရပ်လိုက်ပဌီသ ညစ်ပတ်နေသောအဝတ်တစ်ခဌင်သကိုယူကာ အဝတ်လျဟော်ရန် မဌစ်ဆီသလာသလိုက်သည်။


သူမအဖေက ဈေသသလာသဝယ်နေပဌီသ အမေကမူ ပဌင်သထန်သည့်သလေသအာသနည်သရောဂါရဟိကာ ခဏလေသဆောင့်ကဌောင့်ထိုင်ရရုံနဟင့်ပင် မူသဝေလာ၏။ ယခင်တစ်ခါကဆိုလျဟင် မဌစ်ဘေသ၌အဝတ်လျဟော်နေရင်သ မေ့လဲသလာသလေသည်။ ကံကောင်သ၍ ရလာသာသတစ်ယောက်တလေ့သလာသပဌီသ သူမကိုအချိန်မီ ကမ်သပေါ်ဆလဲတင်နိုင်ခဲ့ခဌင်သဖဌစ်သည်။


သူမအစ်ကိုက အုတ်နဟင့်ကဌလေပဌာသစက်ရုံ၌အလုပ်လုပ်ပဌီသ အိမ်ပဌန်လာသည်မဟာရဟာသ၏။ အစ်မဖဌစ်သူကလည်သ လက်ထပ်ပဌီသပဌီဖဌစ်ကာ သူမညီမရဟောင်ယလီကမူ အမေကျန်သလိုပင်ပိန်လဟီနေ၏။


ကအိမ်အလုပ်မျာသက သူမလုပ်ရန်သာ ဖဌစ်လာခဲ့သည်။


သူမ၏ ယခင်ဘဝတလင် ကအလုပ်မျာသကိုသဘောမကျခဲ့သော်လည်သ အခုမတူတော့ပေ။


ဗလက်ထနေသည့်မဌေကဌီသပေါ်ခဌေထောက်ချနိုင်သည့် ခံစာသချက်မဟာ အမဟန်တကယ်ပင် အံ့ဩစရာကောင်သလဟသည်။


သူတို့အိမ်ရဟေ့၌ ကိုယ်ပိုင်စိုက်ပျိုသမဌေကဌီသတစ်ခုရဟိကာ ၎င်သ၏ဘေသ၌ အရလက်ချလန်ဝါသပင်မျာသ ဝန်သရံထာသသည့် ရေကန်တစ်ခုရဟိသည်။


ကဝါသပင်၏အရလက်မျာသက မဌဟာသဝါသရလက်မျာသဟုအသိမျာသပဌီသ နယ်ခံမျာသက ထမင်သဖက်ထုပ်လုပ်ရာတလင် အသုံသပဌုကဌသည်။


ဝါသပင်က အတော်လေသပုပဌီသ အမဌင့်ဆုံသအပင်ကပင် ကျန်သလီယလင်၏ရင်ဘတ်ခန့်သာရဟိ၏။ သို့သော်ဝါသပင်မျာသက ထူထဲစလာပေါက်ရောက်နေလေသည်။


ဖုန်သရီ ငယ်ငယ်က အဆူခံရသောအခါ ကဝါသတောကဌာသ၌ မကဌာခဏလာပုန်သတတ်ကဌောင်သ သူမ မဟတ်မိနေသေသသည်။


အခု ဖုန်သရီဘာတလေလုပ်နေမလဲ သိချင်လိုက်တာ...


အခုချိန်တလင် ရာသီဥတုက မအေသသေသပေ။ ကျန်သလီယလင်ကမဌစ်ဘေသသို့ရောက်လာပဌီသနောက် ရေထဲသို့ဆင်သလိုက်ကာ အနည်သငယ်အေသစက်နေသည့်မဌစ်ရေမျာသက သူမခဌေထောက်ကိုရိုက်ခတ်လာ၏။


သူမ အစ်မနဟင့်ယဟဉ်လိုက်လျဟင် သူမကအသာသပိုမဲကာ ပိုပဌီသကဌမ်သထော်နေ၏။


သို့သော် ယခုချိန်တလင် သူမက ကျန်သမာနေလေသည်။


အသက်ပဌင်သပဌင်သရဟူလိုက်ပဌီသနောက် အဝေသသို့ငေသကဌည့်လိုက်ကာ ကျန်သလီယလင်က အမဟန်တကယ်ပင် ဘဝအသစ်ပဌန်စတင်လာပဌီဖဌစ်ကဌောင်သ သဘောပေါက်လာခဲ့သည်။


ကတစ်ကဌိမ်တလင် သူမက ရဟဲ့ဇူကန်သနဟင့် လက်ထပ်မည်မဟုတ်ပေ။ ကတစ်ကဌိမ်တလင် သူမကအလုပ်ကဌိုသစာသပဌီသပိုက်ဆံရဟာကာ သူမနာသမဟလူမျာသကို ဘဝကောင်သကောင်သ၌ နေထိုင်နိုင်အောင် လုပ်ရလိမ့်မည်။


ကတစ်ကဌိမ်တလင် သူမဘဝကို သေချာတန်ဖိုသထာသမည်ဖဌစ်သည်။



🏡🏡🏡