Chapter 5
Viewers 1k

🏡 Chapter 5

ချက်ပြုတ်ခြင်း



သူမ၏ ယခင်ဘဝတွင် သူမအတွက်မြတ်နိုးစရာ အနည်းငယ်သာရှိလေသည်။


သူမက အလုပ်အကိုင်ဘက်တွင် အောင်မြင်ခဲ့သော်လည်း အသက်ကြီးလာသောအခါ တစ်ယောက်တည်းအထီးကျန်စွာ အဆုံးသတ်ခဲ့ရသည်။


သူမထံ၌ သားတစ်ယောက်ရှိကာ အချိန်အကြာကြီးအထိ သားဖြစ်သူက သူမဘဝတွင် အရေးကြီးဆုံးဖြစ်လာခဲ့သည်။ သူက သူမဘဝရှေ့ဆက်စေသည့်အရာဖြစ်ကာ အခက်အခဲများစွာပြီးမှ မွေးလာခဲ့သည့်အဖိုးတန်ရတနာလေး ဖြစ်သည်။


သူမက သားဖြစ်သူအတွက် သူမငယ်ရွယ်ချိန်တွင်မရနိုင်ခဲ့သည့် အရာအားလုံးကို ဖြည့်ဆည်းပေးချင်ခဲ့သည်။


သူမဘဝ၏ အခက်ခဲဆုံးအချိန်များတွင်ပင် သူမသားကို မှားယွင်းစွာမဆက်ဆံခဲ့ပေ။ သူမက သူ့အပေါ်အလွန်တန်ဖိုးထားကာ ဖုန်းရီသည်လည်း အိမ်ကိုချစ်ပါကအိမ်၏ကျီးကန်းကိုပါ ချစ်သကဲ့သို့ သားဖြစ်သူအပေါ်တန်ဖိုးထားခဲ့သည်။


သို့သော် ထိုကလေးကမူ သူမတို့ကို ထိုသို့တစ်ပုံစံတည်းအရေးမထားခဲ့ပေ။


သူမူလတန်းတက်နေချိန်များတွင် သူမတို့၏မုန့်ဆိုင်လေးက သူ့ကိုအရှက်ရစေသည်ဟုဆိုကာ သူမတို့အပေါ် အထင်သေးခဲ့သည်။


သို့သော် ၎င်းက အများပြည်သူတက်နေသည့်ကျောင်းဖြစ်ကာ သူ့အတန်းဖော်များ၏မိဘများသည်လည်း အလုပ်အကိုင်မျိုးစုံရှိကြလေသည်။ အချို့ကလမ်းပေါ်တွင် စက်ဘီးပြင်ကြပြီး အချို့ကဈေးရောင်းကာ အချို့ကမူ သုံးဘီးနင်းရင်း ပိုက်ဆံရှာကြသည်။


အခြားကလေးများက သူတို့မိဘများကို အထင်မသေးပေ။သူမတို့ဘေးဆိုင်မှ လင်မယားနှစ်ယောက်၏သမီးဆိုလျှင် နေ့တိုင်းနေ့တိုင်းဆိုင်တွင် အိမ်စာလုပ်ကာ မိဘများကိုကူလုပ်ပေးလေ့ရှိသည်။


သူမက ကူကယ်ရာမဲ့သွားကာ ကလေးကြီးလာပါကအဆင်ပြေသွားမည်ဟုထင်ခဲ့သော်လည်း ကိစ္စများကပို၍သာ ဆိုးရွားလာခဲ့သည်။


သူအလယ်တန်းရောက်သောအခါ ပိုက်ဆံများပိုတောင်းလာ၏။ သူ တစ်ယောက်တည်းသုံးသောပိုက်ဆံက သူမနှင့်ဖုန်းရီနှစ်ယောက်ပေါင်းစရိတ်ထက် များလေသည်။


သူမက အချိန်အတန်ကြာအောင် ဘယ်လိုလုပ်ရမည်ကိုရုန်းကန်နေခဲ့ရပြီး သူမ၏ပညာအရည်အချင်းမပြည့်ဝမှုကြောင့်များ သူမကလေးကို ကောင်းကောင်းမပျိုးထောင်နိုင်ခြင်းလားဟု သိချင်လာခဲ့သည်။


ကလေး၏ပညာရေးလုပ်ဆောင်ချက်များကလည်း ဆက်တိုက်ဆိုသလို ဆိုးရွားနေပြီး သူ အထက်တန်းတက်နိုင်ရန်အတွက် သူမက ပိုက်ဆံများပင်သုံးခဲ့ရသည်။ ပုံမှန်အရဆိုလျှင် သူကကောလိပ်ဝင်ခွင့်စာမေးပွဲ၌ ကောလိပ်တစ်ခုတက်နိုင်ရန် အရည်အချင်းမပြည့်မှီခဲ့သော်လည်း အဆုံးတွင် သက်မွေးကောလိပ်တစ်ခုကို တက်နိုင်ခဲ့သည်။


သူမကိုယ်၌က မူလတန်းမပြီးခဲ့သဖြင့် စိတ်ထဲမထားခဲ့ပေ။သူမက သူ့အတွက် အိမ်တစ်လုံး၊ ကားတစ်စီးဝယ်ပေးပြီး အိမ်ထောင်ရေးကိုလည်း ကူစီစဉ်ပေးခဲ့သည်။


ထိုအချိန်တွင် ဖုန်းရီက ကျန်းမာရေးမကောင်းဖြစ်လာသည်။


ထိုအချိန်တွင် သူမထံ၌ စုငွေအလုံအလောက်ရှိသော်လည်း ဖုန်းရီနေမကောင်းဖြစ်ပြီး ဆေးရုံတင်ရန်လိုလာသောအခါ ကိစ္စအများစုက မိသားစုမှကူကိုင်တွယ်ပေးရန် လိုအပ်လာသည်။ သူမက ရွေ့လျားနိုင်မှုအကန့်အသတ်ရှိသဖြင့် သူမသားကို အကူအညီတောင်းခဲ့သည်။


မထင်မှတ်ထားစွာဖြင့် သူမသားက နည်းနည်းလေးပင် မစိုးရိမ်ခဲ့ပေ။ ဆေးရုံစရိတ်ရှင်းသည့် ရိုးရှင်းသည့်ကိစ္စလေးကိုပင် သူမက အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ရသည်။


သူမက ဖုန်းရီကိုဆေးရုံတွင် များများအဖော်ပြုပေးသင့်ကြောင်း အကြံပေးလိုက်သောအခါ သားဖြစ်သူက အေးစက်စွာသာပြန်ပြောခဲ့လေသည်။

“သူက ကျွန်တော့်အဖေမဟုတ်ဘူး…”


ထိုအချိန်တွင် သူမရင်ထဲ စိတ်ပျက်သွားသည်။


ဖုန်းရီတွင် သွေးရင်းကလေးမရှိဘဲ ဤကလေးအပေါ်တွင်သာ သူ့သားအရင်းလိုဆက်ဆံခဲ့၏။ သူတို့ပထမဆုံးအတူရှိသောအချိန်တွင် ကလေးက မူကြိုတက်ခါစသာဖြစ်ပြီး ဖုန်းရီကသာ သူ့ကိုကျောင်းပို့ကျောင်းကြိုလုပ်ကာ၊ သူ့အဝတ်များလျှော်ပေးသည်။ သူ့အတွက် ချက်ပြုတ်ပေးသည်။ သူကစားရန်အပြင်ခေါ်သွားပေးခဲ့သည်။


အစောပိုင်းနှစ်များတွင် ကလေးအူအတက်ပေါက်ခဲ့သည့်အချိန်၌ ဖုန်းရီက စိတ်ပူလွန်းသဖြင့် ရက်အနည်းငယ်ခန့် အိပ်မပျော်နိုင်ခဲ့ပေ။


ဤကလေး ကောလိပ်တက်သည့်အချိန်တွင်ပင် ဖုန်းရီက သူ့အိတ်များကိုသယ်ကာ လိုက်ပို့ပေးခဲ့လေသည်။


ထို့အပြင် ဤနှစ်များ၌ ကလေးက ဖုန်းရီကိုအဖေဟုသာခေါ်နေခဲ့ခြင်းဖြစ်သည်။


ဖုန်းရီက ဤလောကကြီးထဲမှ အဖေအများစုထက် ပိုကောင်းပေးခဲ့သော်လည်း ထိုကလေးက နည်းနည်းလေးပငိ ကျေးဇူးမသိတတ်ခဲ့ပေ။


ထို့နောက်တွင် သူမက ထိုကလေးကို အကူအညီတောင်းခြင်းရပ်ခဲ့ပြီး အံ့ဩစရာကောင်းစွာပင် သူက ဆေးရုံကိုလာပင်မလာတော့ပေ။


ဖုန်းရီမဆုံးမီတွင် ထိုကလေးနှင့်တစ်ခါလောက် စကားပြောချင်နေသဖြင့် သူမက လှမ်းခေါ်ခဲ့သော်လည်း ရောက်မလာခဲ့ပေ။


ပိုပြီးရယ်ချင်စရာကောင်းသည်မှာ ဖုန်းရီဆုံးသွားပြီးနောက် ထိုကလေးက သူမကို ထောင်မှလွတ်လာသည့်ရှဲ့ဇူကန်းနှင့် ပြန်ပေါင်းစေချင်ခဲ့လေသည်။


ရှဲ့ဇူကန်းက သူမကို ကိုယ်တစ်ပိုင်းသေသွားအောင် လုပ်ခဲ့ခြင်းဖြစ်သည်။

ဒါတောင် ငါ့သားက သူနဲ့ပြန်ပေါင်းစေချင်နေတယ်တဲ့လား…


ရှဲ့ဇူကန်းက တကယ်ပင် အတော်လေးအကြင်နာမဲ့၏။သူမ၏ယောက္ခမများက သူမအပေါ်သတိထားခဲ့ကြသော်လည်း ရှဲ့ဇူကန်းကိုမူ လွန်ကဲစွာကောင်းပေးကြသည်။


ဒါပေမယ့် သူဘာပြန်ပေးခဲ့လဲ… လောင်းကစားလုပ်တာအပြင် ပိုက်ဆံအတွက်နဲ့သူ့မိဘတွေကိုတောင် ပြန်တိုက်ခိုက်ခဲ့တယ်…


ရှဲ့ဇူကန်းထောင်ကလွတ်လာပြီးသည့်နောက်တွင် ဘာမှမလုပ်ခဲ့ပေ။ သူ့ကိုထောက်ပံ့ပေးရန်အတွက် သူ၏အသက်၇၀ကျော် မိအိုဖအိုများက လမ်းပေါ်ထွက်ပြီးအလုပ်လုပ်ခဲ့ရသည်။


သူမ၏သားက ရှဲ့ဇူကန်းနှင့်အလွန်တူ၏။


ဒီလိုသားမျိုးရှိတာ ဘာအသုံးဝင်လို့လဲ…


ထို့နောက်တွင် သူမက ထိုကလေးအား ပိုက်ဆံပေးနေသည်ကို ရပ်တန့်ခဲ့ကာ နောက်ထပ်မတွေ့တော့ဘဲ သူမ၏သေတမ်းစာထဲတွင်ပင် သူမ သေသွားသောအခါ သူမ၏ပိုင်ဆိုင်မှုအားလုံးကို လှူဒါန်းမည်ဟု ဆုံးဖြတ်ခဲ့သည်။


ထိုကလေး သူမကြုံခဲ့ရသည့် အခက်အခဲများကိုရင်ဆိုင်စရာမလိုဘဲ ကောင်းကောင်းနေနိုင်ရန် သူမ အလုပ်ကြိုးစားခဲ့ခြင်းဖြစ်သည်။


သို့သော် ထိုကလေးက ၎င်းနှင့်မထိုက်တန်ပေ။ ထို့ကြောင့်သူမနှင့်ဖုန်းရီတို့ ခက်ခက်ခဲခဲရှာဖွေခဲ့သည့် ပိုက်ဆံများအားသူ့ကိုပေးသုံးစရာ အကြောင်းမရှိပေ။


သူမက သူ့အပေါ်ဘာအကြွေးမှ မတင်ထားပေ။


သူမက သူ့ကိုပျိုးထောင်ပေးခဲ့သည်၊ သူ့ပညာရေးကိုထောက်ပံ့ပေးခဲ့သည်၊ အိမ်တစ်လုံး၊ကားတစ်စီးဝယ်ပေးခဲ့သည်၊ အစရှိသည်များကို လုပ်ပေးခဲ့၏။ သူမလုပ်နိုင်သမျှအားလုံးကို လုပ်ပေးခဲ့ပြီးပြီဖြစ်သည်။


သူက ရှဲ့ဇူကန်းကိုပိုကောင်းတယ်လို့ထင်ရင် ရှဲ့ဇူကန်းဆီလိုက်သွားလေ… ငါ့ကိုလာမရှာနဲ့…


သူမက ဆုံးဖြတ်ချက်ချပြီးသည်နှင့် စိတ်မပြောင်းတော့ပေ။


သူမသားက သူမရှေ့တွင် ဒူးထောက်ပြီးငိုပြလာလျှင်ပင် စိတ်ပြောင်းမည်မဟုတ်ပေ။


သို့သော် ထိုအချိန်တွင် သူမမြင်တွေ့ခဲ့ရသည်များက အတော်လေးရုပ်ရှင်ဆန်လှသည်။ ထိုအချိန်မှသာ သူမသားက သူ့မိန်းမအပေါ်ဖောက်ပြန်နေပြီး ကိုယ်ဝန်ဖြင့် မယားငယ်တစ်ယောက်ရှိနေကြောင်း သိခဲ့ရသည်။ ၎င်းကဖုန်းရီ အပြင်းအထန်နေမကောင်းဖြစ်နေချိန်၌ ဖြစ်သွားခြင်းဖြစ်သည်။


သူမအတွက် ဤသို့သားမျိုး မရှိသည်ကမှပိုကောင်း ပေသည်။


သူမက သေတမ်းစာကို လူသိရှင်ကြားကြေညာခဲ့ပြီး သူမ၏စီးပွားရေးလုပ်ငန်းများကို တစ်စုတစ်စည်းတည်းဖြစ်စေခဲ့ကာ သူမကိုဂရုစိုက်ပေးရန်အတွက် လူအနည်းငယ်ငှားခဲ့သည်။


သူမသေသွားပါက သူမကိုစောင့်ရှောက်ပေးသူများက မည်သည့်ပိုက်ဆံမှ ရမည်မဟုတ်ပေ။ သူတို့က သူမအပေါ် စိတ်ရင်းအပြည့်ဖြင့်ဂ ရုစိုက်ပေးကြသည်။


သို့သော် ထိုလူများ မည်သို့ဂရုစိုက်ပေးနေပါစေ ဖုန်းရီနှင့်မယှဉ်နိုင်ပေ။


ကျန်းလီယွင်က ယခင်ဘဝတွင် သူမ၏နှစ်ပေါင်းများစွာကိုစတေးပြီးပျိုးထောင်ခဲ့ရသည့် သားအပေါ် ဘာသံယောစဉ်မှမကျန်သော်လည်း ဖုန်းရီကမူ...


သူမ သူ့ကို တကယ်လွမ်းနေမိသည်။


အဝတ်လျှော်ပြီးသောအခါ ကျန်းလီယွင်က အိမ်ပြန်လာခဲ့ပြီး ကျန်းလီဖျင်လည်း ပြန်လာသည်ကို တွေ့လိုက်ရသည်။သူတို့အဖေက အိမ်ပေါက်ဝတွင်ထိုင်ပြီး ရွှေပဲသီးများကိုအခွံခွာနေ၏။


ရွှေပဲသီးက မရင့်သည့်ပဲပိစပ်မျိုးဖြစ်ကာ အခွံဖြင့်ပြုတ်၍ရသလို အခွံခွာပြီးလည်း ချက်နိုင်၏။


ကျန်းလီယွင် သေသည့်အချိန်တွင် သူမအဖေဆုံးသွားသည်မှာ အတော်ကြာသွားပြီဖြစ်သည်။


သူမအမေဆုံးသွားပြီးနောက် သူမအဖေက ပို၍ပင်တသီးတသန့်ဖြစ်လာပြီး နှစ်အနည်းငယ်အတွင်းမှာပင် သူမအမေနောက်သို့ လိုက်သွားလေသည်။


ယခုနှစ်တွင်သူမအဖေက အသက်55နှစ်ရှိနေပြီဖြစ်သည်။သူ့ဆံပင်များက မီးခိုးရောင်ပြောင်းနေပြီး သွားအနည်းငယ်သာကျန်တော့ကာ လုံးဝကိုအဖိုးအိုကြီးတစ်ယောက်ပုံစံ ဖြစ်နေ၏။


သူမ ငယ်ငယ်က အသက်ငါးဆယ်ကျော်လူတစ်ယောက်မှာ ဤကဲ့သို့အိုမင်းနေပြီး ဆုံးသွားသည်မှာ ပုံမှန်ဟုထင်ခဲ့သည်။


သို့သော်1980ခုနှစ်မှစ၍ နေထိုင်ရေးအခြေအနေများတိုးတက်လာကာ သူမတစ်ချိန်က'အို'သည်ဟုထင်ခဲ့သည့် အသက်ငါးဆယ်ကျော်များက နောက်ထပ်ဆယ်စုနှစ်နှစ်ခု၊သုံးခုလောက်အထိ နေနိုင်လာကြလေသည်။ သူမအမေနှင့်အသက်အရွယ်တူသည့် ရွာမှလူအများစုက သူမဆုံးသွားချိန်တွင် အသက်ရှင်နေကြဆဲဖြစ်သည်။


သူမအဖေနှင့်အမေက အစောကြီးဆုံးသွားကြကာ ပျော်ရွှင်မှုများကို မခံစားခဲ့ရပေ။


ကျန်းလီယွင်က သူမအဖေကိုမေးလိုက်သည်။

“အဖေ ဒီနေ့ ဘာအရွက်တွေဝယ်ခဲ့လဲ…”


အဖေကျန်းက ငယ်စဥ်က ခြေထောက်ကျိုးခဲ့ကာ သင့်တော်သည့်ကုသမှုမရခဲ့သဖြင့် ထော့ကျိုးဖြစ်လာခဲ့သည်။


ထိုအချိန်မှ ကလေးများက နာမည်ကောင်းကောင်းဟူ၍မရှိဘဲ သူခြေထောက်မကောင်းသည့်နောက်ပိုင်းတွင် လူတိုင်းက သူ့ကိုကျန်းထော့ကျိုးဟု ခေါ်လာကြသည်။ တဖြည်းဖြည်းနှင့် ၎င်းကပင် သူ့နာမည်ဖြစ်လာခဲ့သည်။


နောက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဖွဲ့စည်းပြီးနောက် ထိုနာမည်ကို သူ၏အိမ်ထောင်စုစာရင်းထဲတွင်ပါ ရေးထားလေသည်။


အမေကျန်းကမူ နွေဦးတွင်မွေးလာကာ မျိုးရိုးနာမည်က 'ဝူ' ဖြစ်သဖြင့် ဝူရှောင်ချွန်းဟုခေါ်သည်။ ရွာထဲမှသူများက သူမကို ရှောင်ချွန်းဟုခေါ်ကြသည်။


သူ့ဒုတိယသမီးကျန်းလီယွင် မေးသည်ကိုကြားသောအခါ အဖေကျန်းက ပြုံးဖြီးကာပြန်ဖြေလိုက်သည်။

“အဖေတို့ဟူးတစ်တုံးနဲ့ ဝက်သားပေါင်တစ်ဝက်ဝယ်ခဲ့တယ်…”


တို့ဟူးဆိုသည်ကိုကြားသောအခါ ကျန်းလီယွင်ကမနေနိုင်ဘဲရယ်လိုက်မိကာ ပြန်ပြောလိုက်သည်။

“သမီး သွားချက်လိုက်မယ်…”


သူမအဖေမြို့ထဲကိုဈေးဝယ်သွားတိုင်း တို့ဟူးက စာရင်းထဲတွင်အမြဲပါ၏။


သူမအစ်ကိုအိမ်ထောင်ကျပြီးနောက်တွင် သူတို့မိသားစုကအသီးအရွက်ထက်ပိုသည်များကို စားနိုင်ရန် ရုန်းကန်လာရ၏။ သူမအဖေ ဈေးဝယ်သွားသောအခါ အသားများကိုမဝယ်နိုင်ပေ။ ထို့ကြောင့် သူက နေ့တိုင်းတို့ဟူးတစ်တုံး ဝယ်လာလေ့ရှိသည်။


သူမ၏ယောက်မက ထိုအချက်ကြောင့် မကျေမနပ်ဖြစ်ကာ တို့ဟူးကိုမြင်ရုံနှင့်ပင် ခေါင်းမူးလာသည်ဟုဆို၏။


သို့သော် လက်တွေ့တွင်လည်း အခြားရွေးချယ်စရာရှိမနေပေ။ အသားက သူမတို့မတတ်နိုင်သည့် ဇိမ်ခံစားစရာဖြစ်နေသည်။


သူမ၏ ယခင်ဘဝတွင် ရှဲ့ဇူကန်းနှင့်လက်ထပ်ချင်ခဲ့သည်မှာ ရှဲ့မိသားစု၏အစားအစာကောင်းများကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်၏။


ကောင်းကောင်းမွန်မွန်စားနိုင်ရန် အမြဲရုန်းကန်နေရသည့်သူများ၊ အထူးသဖြင့် အသားစားချင်သည့်သူများအတွက် အသားအမြဲစားနိုင်သူများက စိတ်ကူးမကြည့်နိုင်သောအရာဖြစ်သည်။


သူမ ယခင်ဘဝတွင် ရှဲ့မိသားစုထဲသို့ ပထမဆုံးဝင်သွားသည့်အချိန်၌ နေ့တိုင်းအသားဟင်းပွဲများကို မြင်သောအခါ သူမကိုယ်သူမ အကောင်းဆုံးဘဝတွင်နေရပြီဟု ထင်စေခဲ့ပြီး မည်သည့်အလုပ်ပမာဏကိုမဆို လုပ်နိုင်စွမ်းအပြည့်ဖြစ်နေ၏။


ရှဲ့ဇူကန်းနှင့်ကွာရှင်းပြီးနောက် မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပြီး သူမလက်ထဲပိုက်ဆံရှိလာသောအခါ သူမက နေ့တိုင်းအသားစားပြီး တစ်ခါစားလျှင် ထမင်းနှစ်ပန်းကန်ခန့် စားလေ့ရှိသည်။


အခုသူမက ပိန်သွယ်နေသော်လည်း ရှဲ့ဇူကန်းကြောင့်ကိုယ်တစ်ပိုင်းသေသွားသည့်အချိန်တွင် သူမဝိတ်က140kgနီးပါးရှိနေပြီဖြစ်သည်။ ဖုန်းရီက အင်အားရှိ၍သာ မဟုတ်ပါက သူမကို ဂရုစိုက်ပေးနိုင်မည်မဟုတ်ပေ။


ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ ချက်ချင်းပဲ အသားစားရတော့မယ်ဆိုတော့ တော်တော်လေးကောင်းတာပဲ…


ကျန်းလီယွင်က ဝက်သားကို လက်ထဲတွင်ချိန်ဆလိုက်ပြီးနောက် အသီးအရွက်များကိုကြည့်ကာ ဘာချက်ရမလဲတွေးကြည့်လိုက်သည်။


ဤရာသီတွင် လယ်ထဲ၌ အသီးအရွက်များ ပေါနေသဖြင့် ကျန်းလီဖျင်က တွန့်ဆုတ်မနေဘဲ အများကြီးပြန်ယူလာသည်။


အဖေကျန်း အခွံခွာနေသည့်ပဲသီးများကို သူမ ယူလာခဲ့ခြင်းဖြစ်သည်။ အစက သူမဘာသာခွာနေသော်လည်း အဖေကျန်းပြန်ရောက်လာသည်ကိုမြင်သောအခါ ပဲသီးတောင့်ပေါ်၌ ရွစိရွစိဖြစ်စေသည့် ပိုးဖလံများရှိသည်ဟုဆိုပြီး အဖေကျန်းကို ကူခွာခိုင်းလိုက်သည်။


အခု ကျန်းလီယွင်ပြန်ရောက်လာသည်ကို မြင်သောအခါ သူမက လှမ်းပြောလိုက်သည်။

“လီယွင် ငါ့ကိုပိန်းဥအခွံဝိုင်းခွာပေးဦး ဘယ်လိုခွာရမလဲငါမသိဘူး…”


ဤရာသီတွင်ပိန်းဥများက ရင့်နေပြီဖြစ်ကာ စတူးလုပ်သည်ဖြစ်စေ၊နှပ်သည်ဖြစ်စေ အရသာရှိ၏။


ပိန်းဥက ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝသည့်အစားအစာဖြစ်သည်။ ကျန်းလီယွင် ပြန်မမွေးဖွားမီက ပိန်းဥကို အဓိကအစားအစာအဖြစ်စားခဲ့သော်လည်း ယခုချိန်တွင် လူများက ပိန်းဥကိုချက်ပြုတ်ရန်အသုံးပြုလာ၍ အခွံခွာရန် လို၏။


ကျေးလက်များတွင် လူများက တံစဉ်ကိုသုံးကာ အခွံခွာကြပြီး အတော်လေး‌ကျွမ်းကျင်ရန်လို၏။ ထို့အပြင် အချို့က ပိန်းဥအခွံခွာရင်း လက်များပင် ယားလာတတ်သည်။


ကျန်းလီဖျင်က ထိုကဲ့သို့ အလုပ်များကို မလုပ်ချင်နေခြင်းသာဖြစ်သည်။


ကျန်းလီယွင်က ပြန်ပြောလိုက်သည်။

“အခွံခွာစရာမလိုဘူး အစ်မ ဒီအတိုင်းပြုတ်လိုက် ပြီးမှခွာ…”


သူမက ကျန်းလီဖျင်ကို ပိန်းဥအခွံခွာပေးရန် ပျင်းနေသည်။


“အဲ့လိုလုပ်လို့ ရလို့လား…”

ကျန်းလီဖျင်က ပြန်မေးလိုက်သည်။


“ရတယ် အခွံမခွာရင် ပိန်းဥကအကြာကြီးထားလို့ရတယ် အဲ့လိုဆို ကြိုက်တဲ့အချိန်စားလို့ရတာပေါ့…”

ကျန်းလီယွင်က ရှင်းပြလိုက်သည်။


၎င်းက တကယ်ရသော်လည်း ကျေးလက်မှသူများကမူ အခွံအရင်ခွာရသည်ကိုသာ အသားကျနေကြ၏။


ကျန်းလီဖျင်က ဘာမှထပ်မပြောလာတော့ဘဲ အသီးအရွက်များကို စီစဉ်လိုက်သည်။


သူမယောက္ခမများက သူမမိဘအိမ်ပြန်မည့်အကြောင်းသိသွားသောအခါ ရွာမှအသီးအရွက်များက လတ်ဆတ်ပြီး ပိန်းဥနှင့်ကန်စွန်းဥများက အရသာရှိသည်ဟု ရိုးတိုးရိပ်တိတ်ပြောလာခဲ့၏။ သူမကို အသီးအရွက်များ ယူလာရန် အရိပ်ယောင်ပြနေခြင်းပင်။


ကျန်းလီယွင်က လှမ်းပြောလာ၏။

“အစ်မ ငါသွားချက်တော့မလို့ ငါ့အတွက် မီးမွှေးပေးပါလား…”


ကျန်းလီဖျင်က ပြန်ပြောလိုက်သည်။

“အမေ့ကို လုပ်ခိုင်းလိုက်လေ…”


“အမေက နေသိပ်မကောင်းဘူးလေ…”

ကျန်းလီယွင်က ကျန်းလီဖျင်ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။


ကျန်းလီယွင်၏အကြည့်များကို မြင်သောအခါ ကျန်းလီဖျင်က နေရခက်စွာချောင်းဟန့်လိုက်ပြီး မီးမွှေးပေးရန် သွားလိုက်သည်။


ကျန်းလီယွင်က ၎င်းကြောင့် ရယ်လည်းရယ်ချင်သလို ဒေါသလည်းထွက်ချင်လာသည်။


သူမတို့မိဘများက ဆက်ဆံရလွယ်ကာ သူမမောင်နှမများက တစ်ယောက်တစ်မျိုးထူးကြသော်လည်း အားလုံးကဖိအားကိုကြောက်ကြလေသည်။


အချိန်ကြာလာသည်နှင့် သူမက အိမ်တွင်ဦးစီးရသည်ကို နေသားကျလာခဲ့သည်။


ကျန်းလီဖျင်က မီးမွှေးပေးနေချိန်တွင် ကျန်းလီယွင်နှင့်စကားပြောလာပြီး မြို့အကြောင်း၊ သူမတစ်နေ့ဘာဝတ်သည်၊ ဘာစားသည်များကို ကြွားလုံးထုတ်လာ၏။


ကျန်းလီယွင်နှင့် ကျန်းလီဖျင်က အလွန်မရင်းနှီးသော်လည်း ညီအစ်မများဖြစ်ပြီး ကျန်းလီဖျင်အိမ်ထောင်မကျမီတွင် သူတို့က တစ်အိပ်ရာထဲ အတူအိပ်ခဲ့ဖူးသည်။


သူတို့အစ်ကိုလည်း အချိန်တစ်ခုအထိ တစ်ခန်းတည်းတွင်အတူနေခဲ့၏။ ကျန်းလီဖျင်အသက်14နှစ်ရောက်ပြီး အပျိုဖြစ်လာသောအခါမှသာ သူမတို့အစ်ကိုက မိဘများအခန်းထဲသို့ ပြောင်းသွားခြင်းဖြစ်သည်။ သူတို့အိမ်တွင် အခန်းသုံးခန်းသာရှိပြီး တစ်ခန်းကိုချက်ပြုတ်ရန်နှင့် စား‌သောက်ရန် သုံးကာ ကျန်နှစ်ခန်းက အိပ်ခန်းဖြစ်သည်။


ကျန်းလီဖျင်က မီးပုံထဲမှသံချောင်းကိုယူရင်း ကျန်းလီယွင်ကို ပြောလာ၏။

“လီယွင် နင်ဆံပင်ကောက်ချင်လား… ငါလုပ်ပေးမယ်လေ အဲ့ဒါကအရမ်းလှတာနော်…”


ဤကာလအတွင်းတွင် မြို့ပေါ်မှနာမည်ကြီးများက သူတို့မြင်ကွင်းထဲရောက်လာပြီး ဆံပင်ကောက်ကောက်များကလည်း ရေပန်းစားလာခဲ့သည်။ သို့သော် ကျေးလက်မှသူများက ဆံပင်ကောက်ရန်အလှပြင်‌ဆိုင်သို့ မသွားနိုင်ကြပေ။ လှချင်ပချင်သည့် အချို့မိန်းကလေးများက အိမ်တွင်သံချောင်းများကိုအပူပေးကာ ဆံပင်ကောက်ကြလေသည်။


ကျန်းလီဖျင် အိမ်ထောင်မကျမီတွင် ထိုသို့လုပ်ဖူးသော်လည်း အခုဆိုလျှင် သူမက ဆံပင်ညှပ်ဆိုင်မှာသာဆံပင်သွားကောက်၏။


“မကောက်ချင်ဘူး အဲ့ဒါကဆံပင်ပျက်စီးတယ်…”

ကျန်းလီယွင်က ငြင်းလိုက်သည်။


ကျန်းလီယွင်က ဆံပင်ကောက်ရသည်ကို စိတ်မရှိသော်လည်း မလုပ်ရန်ပိုအားသာ၏။ သူတို့ချက်ပြုတ်နေချိန်တွင် ကျန်းလီဖျင်က သံချောင်းဖြင့် သူမဆံပင်ကိုကောက်ပေးတိုင်း မီးဖိုချောင်ထဲတွင် ဆံပင်ကျွမ်းသောအနံ့များဖြင့်ပြည့်နေသည်ကို မှတ်မိနေသေးသည်။


သူမဆံပင်ကို ထိုသို့လုပ်စရာမလိုဟု ထင်၏။


ကျန်းလီဖျင်က ငယ်ရွယ်သေးသဖြင့် ဆံပင်ကိုအ‌လွန်အလေးမထားဘဲ ပြန်ဖြေလိုက်သည်။

“ဆံပင်က ပြီးရင်ပြန်ရှည်လာမှာပဲလေ ပျက်စီးသွားလည်းကိစ္စမရှိပါဘူး…”


ကျန်းလီယွင်က ကျန်းလီဖျင်ကို အရေးမစိုက်တော့ဘဲ ဟင်းဆက်ချက်လိုက်သည်။


ယခင်က သူမတို့တွင် သံအိုးတစ်အိုးသာရှိခဲ့ပြီး နောက်တစ်လုံးမဝယ်နိုင်ခဲ့ပေ။ သို့သော် ဤနှစ်များအတွင်းတွင် သူတို့အခြေအနေများကလည်း အနည်းငယ်တိုးတက်လာပြီး သူမအဖေက အိုးအသေးလေးတစ်လုံး ဝယ်လာခဲ့သည်။


အိုးအကြီးကို ချက်ပြုတ်ရာတွင်သုံးပြီး ပဲပြုတ်ခြင်း၊ ပိန်းဥပေါင်းခြင်းမျိုးတွင်သုံး၏။ အိုးအသေးကိုမူ ဟင်းပွဲများပြင်ရန် သီးသန့်သုံးလေသည်။


ကျန်းလီယွင် ကိုယ်တိုင်ချက်သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း သူမ ငယ်ရွယ်စဉ်ကမူ အိမ်တွင်မကြာခဏချက်ခဲ့ရသည်။ နောက်ပိုင်းတွင် နှစ်အနည်းငယ်ခန့် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့သဖြင့် သူမ၏အချက်အပြုတ်လက်ရည်က တိုးတက်လာခဲ့သည်။


အသားပေါင်တစ်ဝက်က နည်းသော်လည်း ကံကောင်းစွာဖြင့် သူတို့ကကြက်မွေးထားကာ ကြက်ဥအနည်းငယ်ရှိ၏။


ကျန်းလီယွင်က အသားမှအဆီများကို ဝက်ဆီလုပ်ရန်လှီးထုတ်လိုက်သည်။ အသားတစ်ဝက်အား အမြှောင်းရှည်များလှီးကာ ကျန်တစ်ဝက်ကို နုတ်နုတ်စင်းလိုက်သည်။


နုတ်နုတ်စင်းထားသည်က အလွန်နည်းသဖြင့် ကြက်ဥရှစ်လုံးဖြင့် ရောလိုက်သည်။ ဝက်ဆီရသောအခါ အနည်းငယ်ခပ်ထုတ်ပြီးနောက် အသားနှင့်ကြက်ဥအရောကို ထည့်ကြော်လိုက်သည်။


အသားမြှောင်းများကို ဆားစိမ်အရွက်နှင့် အသားစွပ်ပြုတ်လုပ်ရန်သုံးလိုက်ပြီး၊ ပိန်းဥနှပ်၊ တို့ဟူးနှပ်နှင့် ရွှေပဲသီးကိုပေါင်းလိုက်သည်။ စားစရာများက အတော်လေးလက်ခံနိုင်ဖွယ်ရှိ၏။


သူမ ပြန်မမွေးဖွားလာမီတွင် ချမ်းသာပြီး အဆီများသည့်အစားအစာများ မပြတ်လပ်ခဲ့သော်လည်း သူမ၏နုပျိုနေသောခန္ဓာကိုယ်က စားချင်စိတ်အလွန်ပြင်းသည်ကို ခံစားမိနေ၏။


ကြက်ဥကြော်အနံ့ရသောအခါ သူမက တစ်ခါတည်းနှင့်ထမင်းနှစ်ပန်းကန်လောက် စားချင်သွားသည်။


ငယ်ရွယ်ရတာက တကယ်ကိုအံ့ဩစရာကောင်းတာပဲ…



🏡🏡🏡