Chapter 6
Viewers 1k

🏡 Chapter 6

အုတ်နှင့်ကြွေပြားစက်ရုံ



ကျန်းလီယွင် ချက်ပြုတ်ပြီးသောအခါ သူမညီမကျန်းလီယွီကလည်း ကျောင်းမှပြန်ရောက်လာသည်။


ယနေ့က ကြာသပတေးနေ့ဖြစ်ကာ ကျောင်းဖွင့်သဖြင့် မနက်စာစားပြီးနောက် ကျန်းလီယွီက ကျောင်းမသွားမီတွင် သူမကို လာနှိုးသွားသည်။ သူမက ယခုမှ ပြန်ရောက်လာလေသည်။


အိမ်ပြန်ရောက်သောအခါ အသားနုတ်နုတ်စင်းနှင့်ကြက်ဥမွှေကြော်အနံ့က လေထဲတွင်ပျံ့နေ၏။ ပိန်လှီနေသည့်ကျန်းလီယွီက နှုတ်ခမ်းသပ်လိုက်ပြီး သူမအကြည့်များကထမင်းစားပွဲပေါ်တွင်သာ ကျောက်ချနေလေသည်။


“စားလို့ရပြီ…”

ကျန်းလီယွင်ကပြုံးကာ သူမညီမလေး၏ခေါင်းကို ပုတ်လိုက်သည်။


သူမက မငယ်တော့ပေ။ သူမသေသွားချိန်တွင် သူမနှင့်ရွယ်တူအချို့က အဖွားများပင်ဖြစ်နေကြသည်။ သူမ၏ယခင်ဘဝတွင် ကျန်းလီယွီကို သူမ၏သမီးသဖွယ်ဆက်ဆံခဲ့ပြီး ဤဘဝတွင်မူ...ကျန်းလီယွီကို သူမ၏မြေးမလေးလိုသာ ခံစားနေမိလေသည်။


ထိုကလေးတွင် ကြွပ်ဆတ်ကာ သိသိသာသာကို အာဟာရချို့တဲ့နေသည့်ဆံပင်များ ရှိ၏။သူမက အာဟာရရှိသောစားစရာများ ပိုစားရန်လိုသည်။


“နောက်ဆုံးတော့ စားလို့ရပြီပေါ့…”

ကျန်းလီဖျင်က ပျော်ရွှင်တကြီးအော်ဟစ်လိုက်ကာ မီးဖိုချောင်ထဲသို့ တန်းဝင်သွားသည်။


ယခုကာလများတွင် လူတိုင်းက အတော်လေးရိုးရှင်းသည့်အစားအစာများသာ စားကြသည်။ ကျန်းလီဖျင်က မြို့ထဲမှသူနှင့်အိမ်ထောင်ကျသွားသော်လည်း မနက်စာက ဆန်ပြုတ်နှင့်ဆားစိမ်အရွက်များ ဖြစ်နေဆဲဖြစ်သည်။ သူမက ဗိုက်ဆာနေပြီဖြစ်သဖြင့် ယောက်မကိုယူကာ အိုးထဲမှထမင်းတစ်ဇလုံစာလောက်ခူးထည့်ပြီးနောက် စားပွဲပေါ်သို့ယူလာလိုက်သည်။


ကျန်းလီယွင်က ကျန်းလီဖျင်ပြီးမှ ဝင်သွားလိုက်သည်။ သူမက ဦးဆုံး ကျန်းလီယွီအတွက် ထမင်းတစ်ပန်းကန်ထည့်ကာ သူမအတွက် တစ်ပန်းကန်ထပ်ထည့်လိုက်သည်။ထို့နောက်မှသာ ထမင်းစားပွဲ၌ထိုင်လိုက်ကြသည်။ စားပွဲပေါ်သို့ ဟင်းပွဲများရောက်လာသည်နှင့် ကျန်းလီယွင်က ကျန်းလီဖျင်ယူထားပြီးသားဖြစ်သည့် ဝက်သားနှင့်ကြက်ဥမွှေကြော်အား ခွဲပေးလိုက်သည်။


သူမသာ ဝေစုမခွဲပေးလိုက်လျှင် သူမမိဘများက အရသာရှိသည်များကိုကလေးများအတွက်ဟုဆိုပြီး လုံးဝမထိဘဲ ချန်ထားကြမည်ဖြစ်သည်။ ထို့နောက် ကျန်းလီဖျင်ကသာအားလုံးကုန်အောင် စားသွားလိမ့်မည်။


သူမက ကျန်းလီဖျင်ကို အလိုလိုက်မည်မဟုတ်ပေ။


ကျန်းလီယွင်က ကြက်ဥမွှေကြော်ကို ဝေစုခွဲပေးပြီးသောအခါ သူမ၏ကြွေခွက်လေးထဲ၌ ဝေစုနည်းနည်းထည့်လိုက်သည်။


သူမက ဖုန်းရီအတွက် ချန်ထားလိုခြင်းဖြစ်သည်။


မိသားစုမှအစားအစာများကို ဖုန်းရီအား ပေးခြင်းမှာ အနည်းငယ်မသင့်တော်သော်လည်း ကျန်းလီယွင်က ဘာစနိုးစနောင့်မှမဖြစ်ပေ။ သူမက အသက်16နှစ်ကတည်းက ဆိုဖာစက်ရုံ၌အလုပ်ဝင်ခဲ့ပြီး အခုဆိုလျှင်အလုပ်လုပ်သည်မှာ လေးနှစ်ကျော်သွားပြီဖြစ်သည်။ သူမလစာရသောအခါ နှစ်ယွမ်ကိုသူမအတွက်သိမ်းပြီး ကျန်သည့်ပိုက်ဆံအားလုံးကို သူမမိသားစုဆီပေး၏။


၎င်းက အကုန်မဟုတ်သေးပေ။ သူမက မောင်နှမများကြားတွင် လယ်အလုပ်လုပ်ရဆုံးသူဖြစ်သည်။


ကျန်းလီဖျင်၏ထောက်ပံ့ငွေက သူမထက်နည်းကာ ယနေ့ဆိုလျှင်အိမ်မှဟင်းသီးဟင်းရွက်အများကြီးကိုပါ ယူသွားသေးသည်။ 

ငါ့အတွက် ကြက်ဥမွှေကြော်လေး နည်းနည်းဖယ်ထားတာက ဘာမှမဖြစ်ဘူးမလား…


လစာထောက်ပံ့ခြင်းအကြောင်းပြောရလျှင် လက်ရှိခေတ်၌ မိသားစုတစ်စုတွင် အိမ်မခွဲရသေးသရွေ့ သားသမီးများက သူတို့ဝင်ငွေ၏တစ်စိတ်တစ်ပိုင်းအား မိဘများဆီ အပ်ရလေသည်။ သူမအစ်ကိုနှင့်အစ်မတို့ကလည်း လစာအပ်ရသည်။


ထို့ကြောင့် ကျန်းလီဖျင်က အိမ်ထောင်မကျမီတွင် ဆံပင်ကောက်ရန်ပင် မတတ်နိုင်ခဲ့ပေ။


ထိုအချိန်များတွင် ကျန်းလီဖျင်က မြို့ထဲ၌ ထူးဆန်းသည့်အလုပ်များလုပ်ပြီး ဆိုဖာစက်ရုံတွင် အလုပ်လုပ်သည့်သူမနှင့်တန်းတူ ပိုက်ဆံရှာနိုင်ခဲ့သည်။ သို့သော် ထောက်ပံ့ငွေနည်းနည်းပဲပေးလျှင်ပင် သူမအတွက် တစ်လလျှင်ဆယ်ယွမ်ဝန်းကျင်သာစုနိုင်လေသည်။


ဤမစို့မပို့ပမာဏလေးဖြင့် ကျန်းလီဖျင်က တစ်ခါတစ်လေပစ္စည်းသေးသေးလေးများ ဝယ်လာတတ်ပြီး ၎င်းကအကုန်ပင်ဖြစ်သည်။


လက်ရှိနေထိုင်ရေးကုန်ကျစရိတ်များက ပျမ်းမျှရသည့်လစာထက် အတော်လေးမြင့်နေ၏။


သူမအစ်ကိုကျန်းလီဟိုင်ကမူ အုတ်နှင့်ကြွေပြားစက်ရုံတွင်ခက်ခက်ခဲခဲလုပ်ကာ လစာမြင့်မြင့်ရပြီး တစ်လလျှင် ယွမ်တစ်ရာခန့်ရသည်။ သို့သော် သူက အိမ်တွင်စားသောက်ခြင်းမရှိသလို တစ်စုံတစ်ယောက်ကို ပိုးပန်းမည့်အတွက် ကုန်ကျစရိတ်လည်းရှိသဖြင့် တစ်လလျှင်ယွမ်ခြောက်ဆယ်လောက်သာပို့ပေး၏။ 


ကျန်းလီဖျင်က ကျန်းလီဟိုင်၏ပြန်ပို့ငွေက သူ့လစာနှင့်ယှဉ်ပါက အတော်လေးနည်းပုံပေါ်နေသဖြင့် သူမကလည်းထောက်ပံ့ငွေများများပို့ရန် ငြင်းဆန်လာလေသည်။


ကျန်းလီယွင်က ကြက်‌ဥမွှေကြော်နည်းနည်းဖယ်လိုက်သည်ကို မြင်သောအခါ ကျန်းလီဖျင်က ထေ့ငေါ့ပြောလိုက်သည်။

“အဲ့ဒါ အစ်ကိုကြီးအတွက်လား… သူကနေ့တိုင်းစက်ရုံမှာစားစရာကောင်းတွေ စားနေရတာပဲလေ… နင် စိတ်ပူပေးစရာလိုမှာမဟုတ်ဘူး…”


ကျန်းလီယွင်က ပြန်ပြောလိုက်သည်။

“အစ်ကိုကြီးအတွက်မဟုတ်ပါဘူး… ငါ့အတွက် ငါဖယ်ထားတာ…”


ကျန်းလီဖျင်က မယုံပေ။ ကျန်းထော့ကျိုးကလည်း ဤကိစ္စများကို ဂရုမစိုက်တတ်ပေ။ ကျန်းလီယွီကမူ စားသောက်ရာတွင်သာ အာရုံစိုက်နေ၏။ ဝူရှောင်ချွန်းကသာ အသံတိုးတိုးလေးဖြင့် ပြောလာသည်။

“အမေ ကြက်ဥတွေအများကြီးမစားနိုင်ဘူး… လီဖျင်နဲ့လီယွင် သမီးတို့နည်းနည်းလောက်ကူစားပါလား…”


ကျန်းလီယွင်က ဝေစုခွဲပေးသောအခါ ဝူရှောင်ချွန်းအားအများဆုံးပေးလိုက်ပြီး သူမနှင့်ကျန်းလီဖျင်က အနည်းဆုံးဖြစ်သည်။


ကျန်းလီယွင်က ပြန်ပြောလိုက်သည်။

“အမေများများစားသင့်တယ် ဆရာဝန်က အမေအာဟာရပြည့်ဖို့ဆိုရင် များများစားရမယ်လို့ပြောထားတယ်လေ…”


သူမ သိတတ်စအရွယ်ကတည်းက ဝူရှောင်ချွန်းက အမြဲပင်ပိန်လှီချိနဲ့နေခဲ့၏။


ရှည်လျားသည့်ရာသီစက်ဝန်းများကြောင့် တစ်ခါတစ်လေတွင် ဆရာဝန်နှင့်တွေ့ကာ ယွင်နန်ပိုင်ယောင်လိုဆေးများသောက်ပါက ခဏတာ အခြေအနေတိုးတက်လာသော်လည်း အချိန်အချို့ကြာပြီးလျှင် ရောဂါပြန်ထလာပြန်သည်။


အတိုချုပ်ပြောရလျှင် သူမအခြေအနေက အမြဲတက်လိုက်ကျလိုက်ဖြစ်နေခဲ့သည်။


သူတို့မိသားစုက ပိုက်ဆံရှိပြီး ဝူရှောင်ချွန်းအတွက် အာဟာရပြည့်စေသည့်အစားအစာများ ထောက်ပံ့ပေးနိုင်ပါက သူမအခြေအနေ သိသာထင်ရှားစွာ တိုးတက်လာမည်ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူတို့မိသားစုက ဆင်းရဲနေပြီး ဝူရှောင်ချွန်းကလည်း အစားအစာကောင်းများဆိုလျှင်သူများအတွက် ချန်ပေးရသည်အား နေသားကျနေပြီဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ထိုအခြေအနေနှင့်ပင် ဝူရှောင်ချွန်းကကျန်းလီယွီမပျောက်သွားခင်အထိ တောင့်ခံနိုင်ခဲ့လေသည်။ဆယ်နှစ်ကြာပြီးနောက် ကျန်းလီယွီပျောက်သွားသောအခါ သူမ ဆက်မတောင့်ခံနိုင်‌တော့ပေ။ သူတို့သာ ယခုမှစ၍ သူမကို သေချာဂရုစိုက်သွားပါက သူမ၏ချို့တဲ့မှုများကိုဖြည်းဖြည်းချင်း ပြန်ဖြည့်ဆည်းနိုင်လာလိမ့်မည်။


ကျန်းလီယွင်က နောက်မှကြက်တစ်ကောင်ဝယ်ပြီး ဝူရှောင်ချွန်းအတွက် ကြက်သားနှပ်ပေးရန် စဉ်းစားလိုက်သည်။


သူမ၏ ယခင်ဘဝ၌ အခုလိုချိန်တွင် ကြက်တစ်ကောင်ဝယ်ရန် ပိုက်ဆံအပိုမသုံးရက်ဘဲ အရေးပေါ်အခြေအနေများအတွက် ပိုက်ဆံစုထားချင်ခဲ့၏။


သို့သော် ယခုဒုတိယတစ်ကြိမ် အခွင့်အရေးရလာပြီး ပိုက်ဆံက အနာဂတ်တွင် တန်ဖိုးနည်းသထက်နည်းလာမည်ကို သိနေသဖြင့် သူမစိတ်များလည်း ပြောင်းလဲသွားပြီဖြစ်သည်။


သူမက ပိုက်‌ဆံကိုမဆင်မခြင်ဖြုန်းမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူမစီးပွားရေးတစ်ခုစလုပ်ချင်ပါက ငွေအလုံးအရင်းလိုက်လိုအပ်၏။


သို့သော် ပိုက်ဆံသုံးရမည့်အရာများကိုလည်း ရှောင်နေ၍မဖြစ်ပေ။


ထို့အပြင် ယနေ့က သူမ ပြန်လည်‌မွေးဖွားလာသည့်နေ့ဖြစ်ရာ ထိုအတွက် ဂုဏ်ပြုသည်ဟုလည်း မှတ်ယူနိုင်၏။


ကျန်းလီယွင်က ထမင်းနှင့်ဆားစိမ်အရွက်စွပ်ပြုတ်လုပ်ခဲ့ကာ တစ်ခါတည်းနှစ်ပန်းကန်စာလောက် စားလိုက်သည်။အစားနည်းသည့်ဝူရှောင်ချွန်းမှလွဲ၍ အခြားသူများကလည်း အတော်စားကြ၏။


စားသောက်ပြီးသောအခါ ကျန်းလီဖျင်က အသီးအရွက်များကိုယူပြီး စက်ဘီးဖြင့်မြို့ပေါ်ပြန်သွားသည်။


အစက သူမတွင်စက်ဘီးမရှိပေ။ အိမ်ထောင်ကျပြီးမှ သူမယောက္ခမများက ဝယ်ပေးထားခြင်းဖြစ်သည်။


ကျန်းလီယွင်က ပန်းကန်ဆေးပြီးနောက် ဖယ်ထားသည့်ကြက်ဥမွှေကြော်ခွက်လေးကိုယူကာ ဖုန်းရီကိုတွေ့ရန်အတွက် အုတ်နှင့်ကြွေပြားစက်ရုံသို့သွားလိုက်သည်။


အုတ်နှင့်ကြွေပြားစက်ရုံက သူမတို့အိမ်မှ အနည်းငယ်ဝေးသော်လည်း အလွန်လည်း မဝေးပေ။ လမ်းလျှောက်သွားပါက လေးဆယ့်ငါးမိနစ်လောက်သွားရပြီး စက်ဘီးနှင့်ဆိုပါက ဆယ်မိနစ်သာကြာသည်။


ကျန်းလီဟိုင်က အုတ်နှင့်ကြွေပြားစက်ရုံတွင် အလုပ်စလုပ်ကတည်းက အိမ်ပြန်လာသည်ကရှား၏။ သူပြောသည်မှာ အိမ်နှင့်ဝေးပြီး စက်ရုံမှအလုပ်က ပင်ပန်းသောကြောင့်ဟုဆို၏။ အမှန်တွင် သူကအလုပ်ဆင်းပြီးလျှင် အိမ်ပြန်ပြီးလယ်အလုပ်များမလုပ်ချင်သောကြောင့် ဖြစ်သည်။


ကျန်းလီယွင် ဤသို့ထင်သည်မှာ အလုပ်များသည့်ကောက်ရိတ်သိမ်းကာလ၌ ဖုန်းရီက စက်ရုံမှပြန်လာပြီး သူမကို ကူညီပေးခဲ့ဖူးသောကြောင့်ဖြစ်သည်။


ကျန်းလီဟိုင်က စက်ရုံ၌အုတ်သယ်သမားဖြစ်ကာ ဖုန်းရီနှင့်အတူတူပင်။


အုတ်နှင့်ကြွေပြားစက်ရုံကို ကွန်မြူနတီမှ ဦးစီးခြင်းဖြစ်ပြီး သူတို့ငှားသည့်အလုပ်သမားများမှာလည်း ကွန်မြူနတီထဲမှဖြစ်သည်။


1970ခုနှစ်များတွင် အုတ်နှင့်ကြွေပြားစက်ရုံ၌ အလုပ်လုပ်နိုင်ရန် အဆက်အသွယ်အချို့လိုခဲ့သော်လည်း သူတို့မိသားစုက အတော်လေးချွတ်ခြုံကျနေခဲ့သည်။ ထိုအချိန်တွင် ကွန်မြူနတီက သူတို့ကိုဂရုစိုက်ပေးခဲ့ပြီး ကျန်းလီဟိုင်အား စက်ရုံတွင် အလုပ်လုပ်စေခဲ့သည်။


ဖုန်းရီကမူ...


ဖုန်းရီက ကျန်းလီယွင်ထက် တစ်နှစ်ငယ်၏။ 1984ခုနှစ်တွင် အုတ်နှင့်ကြွေပြားစက်ရုံက အလုပ်သမားဦးရေကိုတိုးချဲ့လာပြီး ဖုန်းမိသားစုရှိ မည်သူကမှ စက်ရုံတွင်အလုပ်လုပ်ခြင်းမရှိသဖြင့် သူတို့လည်း နေရာခွဲတမ်းတစ်ခုရလာခဲ့သည်။


ပုံမှန်အားဖြင့် ဖုန်းရီထက်နှစ်အနည်းငယ်ပိုကြီးသည့် ဖုန်းမိသားစုမှညီအစ်ကိုများကသာ စက်ရုံတွင်အလုပ်ဝင်ရမည်ဖြစ်သည်။ သို့သော် ညီအစ်ကိုနှစ်ယောက်လုံးက ပန်းရံအလုပ်က ပင်ပန်းလွန်းသည်ဟုဆိုကာ မသွားချင်သဖြင့် ဖုန်းရီကို သူတို့အစား လုပ်ခိုင်းလိုက်ကြလေသည်။


သူတို့မသွားချင်သည့် အဓိကအကြောင်းအရင်းမှာ အုတ်နှင့်ကြွေပြားစက်ရုံမှအလုပ်သမားများက သူတို့လစာ၏တစ်စိတ်တစ်ပိုင်းအား ကွန်မြူနတီကို ပြန်ထောက်ပံ့ပေးရသောကြောင့်ဖြစ်သည်။


ထိုအချိန်က လူအိုကြီးဖုန်းမှာ သူတို့လစာမှ အများဆုံးယွမ်နှစ်ဆယ်ကိုသာ သိမ်းထားနိုင်ကြောင်း ရှင်းရှင်းလင်းလင်းလုပ်ထားခဲ့သည်။ တစ်လလောက်ပန်းရံလုပ်ပြီးမှ လက်ထဲတွင် ယွမ်နှစ်ဆယ်သာရနိုင်ကာ သူတို့လည်းအစားအစာများဝယ်စရာလိုသေး၏။ သူတို့က ၎င်းကို သဘောမကျကြပေ။


သို့သော် ဖုန်းရီအတွက်မူ မတူတော့ပေ။


ဖုန်းရီက သူ့အမေ ဖုန်းမိသားစုနှင့် နောက်အိမ်ထောင်ပြုစဉ် ပါလာခဲ့သည့် အရှုပ်ထုပ်လေးဖြစ်သည်။ လတိုင်းတွင် အစားအစာအတွက် သူ့လစာ၏ဆယ်ယွမ်ကိုသာ ရခွင့်ရှိပြီးကျန်ပိုက်ဆံများကို ကွန်မြူနတီသို့ထောက်ပံ့ရကာ ၎င်းကို ဖုန်းလောင်တနှင့်‌ ဖုန်းလောင်အာ့တို့ အိမ်ထောင်ရေးအတွက်လည်း အသုံးပြုနိုင်၏။


အလုပ်လုပ်စရာမလိုဘဲ ပိုက်ဆံရတာကောင်းတာပေါ့…


အိမ်မှာနေပြီး လယ်အလုပ်များလုပ်သည့်ကိစ္စကမူ...


လယ်အလုပ်သည်လည်း အုတ်စီသည့်အလုပ်ကဲ့သို့ ပင်ပန်း၏။ သို့သော် လယ်အလုပ်က အမြဲတမ်းလုပ်နေရခြင်းမျိုး မဟုတ်ပေ။ ထို့အပြင် လူအိုကြီးဖုန်းက လယ်လုပ်ရာတွင်တော်၏။ သူတို့က အများကြီးလုပ်စရာမလိုသဖြင့် လယ်အလုပ်က စက်ရုံတွင်အလုပ်သွားလုပ်သည်ထက် ပိုလွယ်လေသည်။


ကျန်းလီဟိုင်က အလုပ်ပြီးလျှင် အိမ်ပြန်လာပြီးလယ်အလုပ်မလုပ်ချင်ပေ။ သို့သော် သူ့ကို လယ်အလုပ်တစ်ခုတည်းလုပ်ခိုင်းပါက သေချာပေါက်လုပ်ချင်လိမ့်မည်။


မည်သို့ပင်ဖြစ်စေ ဤသို့ဖြင့် အသက်16နှစ်အရွယ် ပိန်ညှောင်ရိုးလေးဖုန်းရီက အုတ်နှင့်ကြွေပြားစက်ရုံတွင်အလုပ်လုပ်ဖြစ်သွားသည်။


ထို့နောက်တွင် ကျန်းလီယွင် သူ့ကို မမြင်ရတော့ပေ။


သို့သော် သူတို့က အဆက်အသွယ်အချို့‌ရှိသေး၏။ ဖုန်းရီက ကျန်းလီယွင်၏အလုပ်အချို့ကိုပင် ကူညီပေးခဲ့သည်။


ထိုနှစ်များတွင် ကျန်းလီယွင်က အလုပ်ဆင်းလျှင် အိမ်အလုပ်၊ လယ်အလုပ်များကိုလုပ်ခဲ့ရပြီး ပင်ပန်းလွန်းသဖြင့်လဲပြိုလုမတတ်ဖြစ်သွားသည်။ သို့သော် တစ်ခုသောမနက်တွင် သူမလယ်ထဲသွားသောအခါ တစ်စုံတစ်ယောက်က သူမ၏စပါးတစ်ဧကအား ရိတ်ပေးထားသည်ကို မြင်လိုက်ရလေသည်။


ထို့နောက်တွင် ထိုကဲ့သို့အဖြစ်အပျက်များက ဆက်တိုက်ဆိုသလိုဖြစ်လာခဲ့သည်။


အစပိုင်းတွင် သူမကိုကူညီနေသောသူကို မသိခဲ့ဘဲ တစ်စုံတစ်ယောက်က လေဖုန်းကဲ့သို့ ကုသိုလ်ကောင်းမှုများလုပ်နေသည်ဟုထင်ခဲ့သည်။ ယခင်ကဆိုလျှင် သူတို့ထုတ်လုပ်ရေးအသင်းကလည်း လေဖုန်းကဲ့သို့ကုသိုလ်ကောင်းမှုတစ်ခါလုပ်ဖူးကာ အခြားထုတ်လုပ်ရေးအသင်းများ၏အလုပ်ကို ကူညီပေးခဲ့၏။ သို့သော် ထိုထုတ်လုပ်ရေးအသင်းမှသူများက သူတို့ကိုပြန်မကူညီလာသဖြင့် ရပ်ခဲ့ကြသည်။


ရှဲ့ဇူကန်းနှင့်ကွာရှင်းပြီးနောက် ဖုန်းရီနှင့်အတူရှိသွားသည့်အချိန်မှသာ သူမထိုအကြောင်းပြန်ပြောပြချိန်၌ ထိုကူညီပေးခဲ့သောသူမှာ ဖုန်းရီဖြစ်ကြောင်း သိခဲ့ရလေသည်။


ဖုန်းရီက ပုံမှန်ဆိုလျှင် အုတ်နှင့်ကြွေပြားစက်ရုံ၌သာ နေ၏။ သူမ လယ်အလုပ်များပြီးအောင် မလုပ်နိုင်ကြောင်းကြားလိုက်ရသောအခါ လူတိုင်းအိပ်ပျော်နေသည့်ညသန်းခေါင်အချိန်၌ ပြန်လာပြီး သူမစပါးခင်းကို ကူရိတ်သိမ်းပေးပြီးမှသာ ပြန်အိပ်လေသည်။


သူမ၏ ယခင်ဘဝတွင် ရှဲ့ဇူကန်းနှင့်လက်ထပ်ပြီးနောက် ဖုန်းရီက အုတ်နှင့်ကြွေပြားစက်ရုံမှ အလုပ်ထွက်သွားကာ အပြင်ဘက်တွင် အလုပ်ထွက်လုပ်ပြီး သူမကွာရှင်းပြီးချိန်မှသာ ပြန်ရောက်လာခဲ့သည်။


ထိုအချိန်တွင် ဖုန်းရီက အတော်လေးပြောင်းလဲသွားပြီဖြစ်သည်။


ကျန်းလီယွင်က ဖုန်းရီအား အိမ်နီးချင်းမောင်လေးလိုပင်ဆက်ဆံခဲ့၏။ ဖုန်းရီက သူမကို အကြိမ်အနည်းငယ်လောက်ကူညီခဲ့ပြီး သူမအပေါ် စိတ်ဝင်စားသည့်ပုံပေါ်လာမှသာ သူမ၏ ဖုန်း‌ရီအပေါ်အမြင်များက ပြောင်းလဲသွားခြင်းဖြစ်သည်။ ရှဲ့ဇူကန်းက သူမကို ထပ်ခါတလဲလဲပြဿနာရှာလာပြီးနောက် သူမက ဖုန်းရီနှင့်လက်ထပ်ရန် ဆုံးဖြတ်လိုက်သည်။


အချိန်အတော်ကြာခဲ့ပြီဖြစ်သဖြင့် အခုချိန်တွင် ဖုန်းရီတစ်ယောက် မည်သည့်ပုံစံဖြစ်နေမည်ကို မမှတ်မိတော့ပေ။


သို့သော် ခြုံကြည့်ရလျှင် ဖုန်းရီက မဆိုးပေ။ သူကအတော်လေးခံ့ညား၏။


ကွန်မြူနတီ၏ အုတ်နှင့်ကြွေပြားစက်ရုံက တူးမြောင်းဘေးတွင်တည်ရှိကာ နေရာအသင့်အတင့်ယူထား၏။ စက်ရုံအလုပ်သမားများက ဤနေရာတွင်အုတ်ဖုတ်ကြပြီး အနားတစ်ဝိုက်မှနေထိုင်သူများကို ရောင်း၏။ သို့မဟုတ် လှေ‌‌ဖြင့်သယ်ကာ အနားမှမြို့ကြီးများဆီသို့ တင်သွင်းလေ့ရှိသည်။


အုတ်သယ်သည့်လှေများကို တွန်းလှေဟုခေါ်သည်။


သူတို့‌ကအရှေ့တွင် တွန်းလှေတစ်စီးထားပြီး အနောက်တွင် ဒါဇင်ချီသည့်ဖောင်များဖြင့် ချိန်းရှည်ကြီးတစ်ချောင်းဖြစ်အောင် ဆွဲထားလေသည်။


လူအနည်းငယ်က တွန်းလှေပေါ်တွင်ရှိပြီး အနောက်မှဖောင်တစ်ခုစီတွင်လည်း လူသုံးယောက်စီလိုသည်။ သယ်ယူပို့ဆောင်ရေးအသင်းတစ်ခု၌ ပုံမှန်အားဖြင့်လူသုံးဆယ်မှလေးဆယ်အထိပါဝင်ကာ အုတ်နှင့်ကြွေပြားစက်ရုံ၏ သယ်ယူပို့ဆောင်ရေးအသင်းမှာလည်း အတူတူပင်ဖြစ်သည်။


သူတို့ဝင်ငွေက ကွန်မြူနတီထဲတွင် များသည်ဟုယူဆနိုင်၏။ ထောက်ပံ့ကြေးများပါ ထပ်ပေါင်းလိုက်ပါက တစ်လလျှင် ယွမ်နှစ်ရာလောက်ရ၏။ ဉာဏ်ပြေးသည့်အချို့သူများဆိုလျှင် အပြင်ဘက်တွင်အလုပ်လုပ်ကာ အပိုဝင်ငွေရှာကြသည်။


သို့သော် ၎င်းကခက်ခဲကာ တစ်ခါတလေ၌ အန္တာရာယ်ရှိသည့်အလုပ်ဖြစ်သည်။


သယ်ယူပို့ဆောင်ရေးအသင်းမှသူများက အုတ်များကိုလှေပေါ်သို့ တင်ပေးပြီး အလှည့်ကျစောင့်ကြည့်ရသည်။ လက်ရှိခေတ်ကာလ၏လုံခြုံရေးကလည်း အလွန်ချွတ်ခြုံကျနေ၏။ ရွက်လွှင့်ရာ၌ ဓားပြတိုက်မှုများ မကြာခဏဖြစ်တတ်ကာ လှိုင်းထန်သည့်ယန်းဇီမြစ်ထဲ၌ လှေပေါ်မှပြုတ်ကျသွားပါက တစ်ခါတည်းအသက်ပျောက်သွားလိမ့်မည်။


ဤသို့အခက်အခဲများရှိသော်လည်း ဤအချိန်တွင် လူအများက သယ်ယူပို့ဆောင်ရေးအသင်းထဲ ဝင်ချင်နေကြသည်။


မည်သို့ပင်ဖြစ်စေ အုတ်နှင့်ကြွေပြားစက်ရုံမှအလုပ်ကပင် အန္တရာယ်များနေပြီဖြစ်သည်။


သာမာန်အလုပ်သမားများက အုတ်ဖုတ်ပြီး သယ်ရရုံသာမက တစ်ခါတလေတွင် ဆောက်လုပ်ရေးအလုပ်၊ ရေစင်ပြင်သည့်အလုပ်စသည်တို့ကိုပါ လုပ်ပေးရတတ်သည်။


ယခင်က သူတို့ကွန်မြူနတီ၌ ရေစင်ပြင်ရင်းပြုတ်ကျကာသေသွားသည့်သူတစ်ဦးရှိခဲ့ပေသည်။


ထိုအကြောင်းပြောရလျှင်...


သူမမိဘများ၌ကျန်းလီဟိုင်တစ်ယောက်သာ သားယောက်ျားလေးရှိပြီး အုတ်နှင့်ကြွေပြားစက်ရုံကလည်း တစ်ဦးတည်းသောသားများအား အန္တရာယ်များသည့်အလုပ်များမလုပ်ရဟု စည်းကမ်းထုတ်ထားသည်။ထို့ကြောင့် ကျန်းလီဟိုင်က ပုံမှန်အားဖြင့် စက်ရုံထဲ၌အုတ်သယ်သည့်အလုပ်ကိုသာ လုပ်ရပြီး အခြားစွန့်စားရသည့်အလုပ်မျိုးမလုပ်ရပေ။


ဖုန်းရီက မတူပေ။ ဖုန်းမိသားစု၌ သားများစွာရှိပြီး ဖုန်းရီက သူတို့၏သွေးသားရင်းလည်း မဟုတ်ပေ။


သူ ငယ်ငယ်ကတည်းက ရေစင်များဆောက်ရန် ငြမ်းစင်မြင့်များပေါ် တက်ခဲ့ရလေသည်။


လက်ရှိကာလ၌ လုံခြုံရေးအကာအကွယ်ဟုလည်း မရှိပေ။၎င်းက အမှန်တကယ်ပင် အန္တရာယ်များလှသည့်အလုပ်ဖြစ်သည်။


ကျန်းလီယွင်က ဖုန်းရီအား စောစောစီစီးအလုပ်ထွက်လိုက်ရန် တိုက်တွန်းသင့်ကြောင်းတွေးလိုက်မိသည်။


အပြင်တွင်အလုပ်လုပ်သည်က အုတ်နှင့်ကြွေပြားစက်ရုံတွင်အုတ်များသယ်သည်ထက် ပိုကောင်း၏။


လက်ရှိအချိန်တွင် စက်ရုံက နည်းနည်းလေးပင် စည်းကမ်းတင်းကျပ်မှုရှိမနေပေ။ ကျန်းလီယွင်က မည်သူမှတားမြစ်ခြင်းကိုမခံရဘဲ စက်ရုံထဲသို့ တန်းဝင်နိုင်သွားသည်။


သို့သော် သူမက ဖုန်းရီကိုမမြင်ရဘဲ ကျန်းလီဟိုင်ကိုသာတွေ့လိုက်ရသည်။



🏡🏡