👻 Chapter 33
Viewers 3k

👻Chapter 33




ချန်းအန်ဟိုတယ်တွင် ရှီကျား မျက်နှာသစ်သွားတိုက်လျက် အနားယူရန်ပြင်ဆင်နေခဲ့လေသည်။ သေမတတ်ပျင်းလွန်းရကား အိပ်ယာပေါ်လှဲချလျက် သူ၏ဖုန်းနှင့်ကစားလိုက်လေသည်။ သူဟိုဟိုသည်သည်လျှောက်ကြည့်နေစဥ် မက်ဆေ့တစ်စောင်၀င်လာခဲ့၏။


【ချန်းထောင်: ဟီးဟီးဟီး... 】


ရှီကျားမှာ မျက်နှာသေဖြင့်သာတုန့်ပြန်လိုက်လေသည်: 【ဟီးဟီးဟီး.. 】


【 ချန်းထောင်: ဟီးဟီးဟီးဟီး 】


【 ရှီကျား: ဟီးဟီးဟီးဟီး.. 】


【 ချန်းထောင်: အစ်ကိုကျား…… 】


【 ရှံကျား: ထောင်စစ်……】


ထို့နောက်၂ယောက်သားတိတ်ဆိတ်သွားခဲ့ကြလေသည်။ ၅မိနစ်မျှကြာပြီးနောက် ချန်းထောင်မှာ နောက်ဆုံးတွင် စာပြန်လာခဲ့လေသည်။ 


: 【 ညီကိုကျားရေ...မင်းကအတော် သွေးအေးလှချည်လား..ဘာဖြစ်နေတာလဲတောင်မမေးတော့ဘူးပေါ့ ! 】


ရှီကျားသူ၏ကျောကိုဆန့်လျက်ထထိုင်လိုက်လေသည်။


: 【 အိုး..ဘာဖြစ်လို့တုန်း ? 】


【 ချန်းထောင်: ဒီနေ့မင်းmomentမှာ မင်းရဲ့တည်နေရာကိုပြနေတယ်ရော်..မင်းSစီရင်စုကိုရောက်နေတာလား...ဘယ်နားမှာလဲ ? 】


【 ရှီကျား: ချန်းအန် 】


【 ချန်းထောင်: !!! 】


【 ချန်းထောင်: ညီကိုရေ..ကောင်းကင်ကမင်းကိုကူညီပေးနေတာသေချာတယ်..ကောင်းကင်ဘုံကတောင်မင်းကို ဒီကားကိုရွေးစေချင်နေတာ..ဒီမှာကားတစ်ကားရှိတယ်..တကယ်တော့ ငါမနေ့ထဲက မင်းကိုSစီရင်စု ချန်းအန်ကိုသွားခိုင်းမလို့ပဲ...ဒီနေ့လည်းကျရော မင်းက Sစီရင်စုကိုတောင်ရောက်နေပြီ...ကံကြမ္မာပဲဖြစ်မယ်...မင်းဒါရိုက်တာလီကိုမှတ်မိသေးလား...မနှစ်ကမင်း သရဲကားတစ်ကားမှာနည်းနည်းပါဖူးတယ်လေ..ဒါရိုက်တာလီကမင်းကိုမှတ်မိလိမ့်မယ်လို့ ငါထင်တောင်မထင်ထားဘူး..ဒီနှစ်ဒါရိုက်တာလီက ဘတ်ဂျက်ကြီးကြီးနဲ့ရှေးခေတ်ကားကြီးတစ်ကားရိုက်ဖို့လုပ်နေတာ..ရိုက်မှာက ချန်းအန်မှာပဲ..မင်းကို အရံဇာတ်ရုပ်အနေနဲ့ သူကထည့်ချင်နေတာ 】


ထိုစာတစ်ပိုဒ်လုံးကိုကြည့်လျက် ရှီကျား မျက်ခုံးတို့တွန့်ချိုးသွားခဲ့သော်လည်း ဘာမျှမဆိုခဲ့ချေ။ 


ချန်းထောင်မှာ အလွန်လျင်မြန်စွာ စာရိုက်လာပြန်သည်။


: 【 ညီကိုကျား..မင်းတစ်ခါမှတရား၀င်ဇာတ်ရုပ်မျိုး လက်မခံမှန်း ငါသိပါတယ်...ဒါပေမယ့် မင်းအမြဲ ဖြတ်လျှောက်ခန်းလေးပဲရိုက်နေတာလည်း မဟုတ်သေးဘူး...မင်းကအခုငယ်သေးတယ်..တစ်ယောက်တည်း စားနိုင်သောက်နိုင် ရပ်တည်နိုင်ရင်လုံးလောက်ပြီဆိုပေမယ့် မင်းအနာဂတ်မှာ လက်ထပ်ပြီး ကလေးတွေရှိလာတဲ့အခါရော...ပိုက်ဆံလိုမှာပဲလေ...မင်းရဲ့ ရုပ်ရည်လေးကလည်းမဆိုးတာကို ဖြတ်လျှောက်ခန်းလေးပဲ ရိုက်နေတော့ မင်းအနာဂတ်မှာ ဘယ်လို ဆက်ရှင်သန်မှာလဲ...ညီကို ဒါတကယ်ရှားတဲ့အခွင့်အရေးနော်...ဒါရိုက်တာလီက ဂဏန်း၆လုံးကနေစပေးမှာ...ပိုအရေးကြီးတာက မင်းဒီဇာတ်ရုပ်ကိုအမှီပြုပြီး အနုပညာလောကထဲ၀င်လို့ရတယ် 】


ချန်းထောင်မှာ အလွန်အဓိပ္ပါယ်ရှိရှိဆိုလာပြီး စကားလုံးတစ်လုံစီတိုင်းမှာ ရိုးသားလေသည်။


ရှီကျားသည်လည်း ဤသူငယ်ချင်းက သူ့အပေါ် အလွန်ကောင်းမှန်း သိလေသည်။ သူ့အပေါ်မစစ်မှန်သူမျိုးဖြစ်ခဲ့ပါက သူဘွဲ့ရပြီးသည်အထိတောင် အတန်းဖော်ဟောင်းအား ဇာတ်ကားများရိုက်ရန်မည်သို့ရှာပေးနေလိမ့်မည်နည်း။ 


ချန်းထောင်နှင့် သူငယ်ချင်းဖြစ်ရခြင်းမှာ ရှီကျား၏ကံကောင်းမှုဖြစ်၏။ ချန်းထောင်က ခံစားချက်ကိုဦးစားပေးကာ သစ္စာရှိသူလည်းဖြစ်သည်။ သူ့တွင် လိုအပ်ချက်များစွာ ရှိနေစဥ်ကပင် ချန်းထောင်မှာ သူ့အတွက် ဇာတ်ကားအများအပြားရှာပေးခဲ့လေသည်။ အခြားလူတစ်ဦးသာဆိုလျှင် လုံး၀ကူညီပေးလိုစိတ်ရှိကြမည်မဟုတ်ချေ၊ 


ရှီကျား သူ၏လည်တိုင်မှ အဆောင်ကိုပွတ်သပ်လိုက်လေသည်။ 


ယနေ့ထိုဆရာသခင်လေးများမှာ ယင်ယန်မျက်လုံးကိုဖွင့်လျက် သူ့ကိုကြည့်ခဲ့သည့်တိုင် ယင်စွမ်းအင်အနည်းငယ်မျှကိုသာ မြင်နိုင်တော့လေသည်။ ၄င်းမှာ ဖေးယွီကြည့်စဥ်က အနက်ရောင်ထုကြီးကိုမြင်ခဲ့ရသည်နှင့်ကွာခြားလှ၏။ ဆရာယဲ့ကလည်း သူ့ကိုပုံမှန်အတိုင်းနေထိုင်၍ရပြီဟုဆိုခဲ့သည်။ သူ၏ယင်စွမ်းအင်မှာ သူများတကာကို သွား၍သက်ရောက်တော့မည်မဟုတ်ချေ။ ထိုလူများမှာ သူ့ထံမှ လျှံကျလာသော ယင်စွမ်းအင်များ ငြိတွယ်ခံရလျှင်တောင်

နေရောင်အောက်တွင် ခတ္တမျှရှိနေရုံဖြင့် ထိုယင်စွမ်းအင်များ ပြိုကွဲသွားလိမ့်မည်ဖြစ်သည်။


 á€á€˝á€ąá€¸á€€á€źá€Šá€şá€ˇá€•ဟဎးန္ဏက် ရှီကျား မက်ဆေ့ပြန်ပို့လိုက်လေသည်။ 


: 【 ဘာကားလဲ..ဇာတ်ညွှန်း ရှိလား..? 】


【 ချန်းထောင်: ညီကိုရေ မင်းဒီလိုပဲနေထိုင်နေလို့မရဘူး... 】


【 ချန်းထောင်: ငလူး!!!ညီကိုကျား...မင်းဒီကားကိုရွေးတော့မှာလား ?! 】


ရှီကျား ပြုံးနေသောအီမိုဂျီကိုပို့လိုက်သည်နှင့် ချန်းထောင်က ဇာတ်ညွှန်းကိုအလျင်စလိုပို့လာခဲ့လေသည်။


ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီးနောက် သူတို့၂ဦးသားမှာ ထိုဇာတ်ရုပ်ကိုလက်ခံရန်ဆုံးဖြတ်လိုက်လေသည်။ ချန်းထောင်သည် ရှီကျားအား လက်ထောက်ဒါရိုက်တာ၏ ဆက်သွယ်ရန်အချက်အလက်များကို ပေးလိုက်လေသည်။


တဖြည်းဖြည်းညနက်လာလေရာ စကားအနည်းငယ်ပြောပြီးနောက် goodnightဟုနှုတ်ဆက်လိုက်ကြလေသည်။ နှုတ်ဆက်ပြီးနောက် ရှီကျား အနည်းငယ်တွေးလိုက်ကာ နောက်ထပ်စာတစ်ကြောင်းကိုထပ်ပို့လိုက်လေသည်။ 


:【 ကျေးဇူးပဲ ထောင်စစ်... 】


【 ချန်းထောင်: ဟင်း...တို့တွေကညီကိုတွေပဲလေ မင်းလာတွေပြောနေတာတုန်း...ကျောင်းတုန်းကလည်း ငါမင်းရဲ့ဆွဲဆောင်မှုတွေကိုငှားသုံးပြီး ဂျူနီယာညီမလေးတွေအကောင့်ကိုအပ်ခဲ့ဖူးတာပဲ...ဟား ဟား ဟား..ကဲအချိန်မရတော့ဘူး..ငါအိပ်တော့မယ်...မနက်ဖြန် ရိုက်ကူးရေးကိုသွားဖို့ စောစောထရမှာ... 】


ညီအစ်ကိုများကြားထဲတွင် တချို့အရာများက ပြောနေသရာမလိုအပ်ချေ။ သူတို့ရင်ထဲမှ အလိုလိုနားလည်လေသည်။


ရှီကျားမှာ လက်ထောက်ဒါရိုက်တာကို wechatတွင် အပ်လိုက်ကာ သဘက်ခါတွင် ရိုက်ကူးရန်လာမည်ဖြစ်ကြောင်းအတည်ပြုလိုက်လေသည်။ သူရိုက်ရမည့်အခန်းများမှာ သိပ်များသည်ဟု မဆိုနိုင်ချေ။ သို့တိုင်အောင် အရေးပါသော ဇာတ်ရုပ်တစ်ခုဖြစ်နေဆဲပင်။ ချန်းထောင်ပြောခဲ့သလိုပင် ဒါရိုက်တာ၀မ်သည် ဤတစ်ကြိမ်တွင် အလှမ်းကြီးကြီးလှမ်းချင်ပုံပေါ်သည်။ မနှစ်ကပင် သူသည်ပြည်တွင်း သရဲကားတစ်ကားကို ရိုက်နေဆဲဖြစ်သော်လည်း ဤနှစ်တွင်တော့ ထိုမှ ဘတ်ဂျက်အကြမ်းစား ကားကြီးကိုရိုက်လာခဲ့သည်။


ဤသဲထိတ်ရင်ဖိုရုပ်ရှင်မှာ ရှေးခေတ်တွင်ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။ အစောပိုင်းထန်မင်းဆက် ထိုက်စုန့်အင်ပါယာ လီရှီးမင်လက်ထပ်တွင်ဖြစ်သည်။ ထန်မင်းဆက်မှာ ငြိမ်းချမ်းရေးအဒွန့်ရှည်ကာ တည်ငြိမ်ပြီး အခြားတိုင်းပြည်များက ရှိန်ကြရသည်။ သို့သော်ထိုတည်ငြိမ်သောရေပြင်၏အောက်တွင် ချန်းအန်တွင် အလွန် ထူးဆန်းသော လူသတ်မှုတစ်ခုရှိနေခဲ့လေသည်။ ပထမဆုံးအသတ်ခံရသူမှာ ရွှမ်း၀ူဂိတ်ကိုစောင့်ကြပ်သော စစ်သည်ရဲမက်တစ်ဦးဖြစ်ခဲ့သည်။


မကြာခင်မှာပင် ၄င်းမှာ လီကျန်းချန်း၏၀ိညာဥ်လက်ချက်ဖြစ်ကာ ချန်းအန်တွင်နေထိုင်သူတိုင်းကို ခြောက်လှန့်နေခြင်းဖြစ်သည်ဟု သတင်းများထွက်လာခဲ့လေသည်။


ပြောစရာမလိုအောင်ပင် ဒါရိုက်တာလီသည် ရှီကျား၏ ဖြူလျော်လျော်နှင့် ကြက်သီးထဖွယ်ကောင်းသော မျက်နှာကို အလွန်ဂရုစိုက်လေသည်။


ချင်အင်ပါယာ သင်္ချိုင်းဂူတွင် မည်သည်တို့ဖြစ်ပျက်နေမှန်းတော့ မသိနိုင်ချေ။ ယဲ့ကျင်းကျီမှာ အလုပ်များလွန်း၍ တနေကုန် သူ၏အရိပ်ကိုပင်မမြင်နိုင်ချေ။ ရှီကျားအတွက် အဆောင်ကို သန့်စင်ပေးရန်လိုသောအခါမှသာပေါ်လာတတ်လေသည်။ ရှီကျားက ယဲ့ကျင်းကျီအား သူ့တွက်ရိုက်ကူးရေးရှိနေကြောင်းပြောပြလိုက်သည်။


ယဲ့ကျင်းကျီက တွေးတောလျက်ဆိုလာခဲ့သည်။


"အဆောင်က မင်းရဲ့ယင်စွမ်းအင်တွေကို တားပေးလို့ရနေပြီ...ကျန်တဲ့လူတွေကို သက်ရောက်တော့မှာမဟုတ်ဘူး...ရွှမ်းရွှယ်လောကက လူတွေပဲ မင်းကိုထူးခြားတယ်ဆိုတာ ပြောနိုင်မှာ စိတ်မပူနဲ့နော်..."


ရှီကျားခေါင်းညိတ်ကာ ပြုံးလိုက်လေသည်။ ဆရာယဲ့မှာ သူတွေးပူနေသည်ကို နားလည်ပုံရလေသည်။


ယဲ့ကျင်းကျီကအာမခံပေးလိုက်လေရာ သူ စိတ်အေးလက်အေးနှင့် ရိုက်ကူးရေးလုပ်နိုင်တော့မှာဖြစ်သည်။


ထိုကားမှာ ရွှမ်း၀ူဟုခေါ်လေသည်။ အဓိကဇာတ်ဆောင်၂ဦးလုံးမှာ အနုပညာလောကထဲမှ ထိပ်တန်းများဖြစ်ကြသည်။ အဆင့်အတန်းတစ်ခုသတ်မှတ်ခံရသော နာမည်ကျော်တိုင်းမှာ အတွေ့အကြုံရှိသူများဖြစ်ကြ၏။ 


ရှီကျား သူတို့နှင့်အတူရိုက်ရမည့်အခန်းရှိလေရာ တစ်ယောက်ကိုတစ်ယောက်မိတ်ဆက်လိုက်ကြသည်။ ၂ဦးစလုံးမှာ သဘောကောင်းကြပြီး ငါတလူလူအကျင့်စရိုက်မျိုးရှိမနေကြချေ။ ရှီကျားယခင်ကဆုံဖူးသော နာမည်ကြီးများနှင့် အလွန်ကွာခြားလေသည်။


အဆုံးတွင်တော့ ရှီကျားမှာ ယခင်က အရံ ဖြတ်လျှောက်roleများသာ ရိုက်ဖူးခဲ့လေရာ သူ၏သရုပ်ဆောင်မှုတွင် လိုအပ်ချက်ရှိနေဆဲဖြစ်သည်။ သို့နှင့် ဒါရိုက်တာလီက သူ့အား အကြိမ်အနည်းငယ် လမ်းညွှန်ပေးခဲ့ရလေသည်။ သူသည်လျင်မြန်စွာသင်ယူပြီး ၂ရက်အတွင်းမှာပင် ရိုက်ကူးရေးနှင့်အသားကျလာခဲ့လေသည်။


ဒါရိုက်တာလီမှာ စခရင်ပေါ်မှ ငယ်ရွယ်၍ ရှင်းသန့်သော မျက်နှာလေးကိုကြည့်လျက် ဂုဏ်ယူစွာဆိုလာခဲ့သည်။ 


"ဘယ့်နှယ်လဲ...ငါပြောသလိုပဲ..ရှီကျားက မကျော်ကြားဘူးဆိုပေမယ့် သူ့မျက်နှာက ခံစားချက်တစ်မျိုးပေးတယ်..ဟုတ်..သူ့အခန်းတွေဆို ကျောချမ်းသလို ကြက်သီးထသလိုမခံစားရဘူးလား"


ဘေးမှလက်ထောက်ဒါရိုက်တာမှာ ခေါင်းတဆတ်ဆတ်ညိတ်လာခဲ့လေသည်။ 


"အရမ်းကျောချမ်းဖို့ကောင်းတာပဲ...ကြက်သီးတွေတောင််ထလာပြီ...အရမ်းမိုက်တယ်..ဒါရိုက်တာလီ..ဒီတစ်ယောက်က ရုပ်ကလေးလည်းမဆိုးဘူး ..ဒါပေမယ့် သူ့နာမည်ကိုကျ ဘာလို့တစ်ခါမှမကြားဖူးရတာလဲ..."


ရှီကျားမှာ အဖွဲ့သားများကြားတွင် ရေထဲမှ ငါးလိုပင်။ 


၂ရက်မျှindoorရိုက်ကူးပြီးနောက် အဖွဲ့သားများမှာ ရုပ်ရှင်မြို့တော်ထဲတွင် outdoor sencesများရိုက်ကူးရန်ပြင်လိုက်ကြလေသည်။


ထို၂ရက်အတွင်းတွင် ရှီကျား၏ ဇာတ်၀င်ခန်းများမှာ အလွန်နည်းပါးလေသည်။ တစ်နေ့တွင် ၂ခန်း ၃ခန်းမျှသာရှိလေသည်။ သို့သော်သူသည် အရံဇာတ်ကောင်လေးမျှသာဖြစ်လေရာ အဓိကမင်းသား မင်းသမီးများကဲ့သို့ သာမာန်ကာလျှံကာအနားမယူနိုင်ချေ။ သူသည်ဇာတ်ကောင်၏ ၀တ်ရုံနှင့် ဆံပင်တုကို တနေကုန်၀တ်ထားရလေသည်။ လုပ်စရာမရှိလျှင် ရှီကျားမှာ ရိုက်ကူးရေးအဖွဲ့သားများ ပစ္စည်းရွေ့ရာတွင်ပင် ၀ိုင်းကူလေ့ရှိသည်။


ရိုက်ကူးရေးအဖွဲ့မှ ၀န်ထမ်းတစ်ယောက်က အလွန်ကျေးဇူးခဲ့သည်။


"တကယ် တကယ်ကျေးဇူးအများကြီးတင်ပါတယ်...ရှောင်ကျားရယ်...တို့တွေလည်းဒီကားရိုက်ဖို့ ရုပ်ရှင်မြို့တော်ကို ရုတ်တရက်ပြောင်းလာရတော့ အဆင်သင့်မဖြစ်သေးတာတွေ အများကြီးရှိနေသေးတယ်လေ"


ရှီကျားအတွက် အခြားလူများနှင့် ရင်းနှီးရန် အခွင့်အရေးမှာ ရှားလေသည်။ အဖွဲ့သားများမှာ သူသည် အလွန်နှိမ့်ချတတ်ပြီး ဆက်ဆံရလွယ်ကာ ကြင်နာတတ်သူဟု မြင်ကြသည်။ သို့သော် သူကိုယ်တိုင်မှာတော့ အခြားသူများနှင့် ရင်းနှီးစွာဆက်ဆံရသည်ကို အလွန်ပျော်ရွှင်ကျေနပ်နေမှန်း မသိကြချေ။ နှစ်ဆယ့်သုံးနှစ်လုံးလုံးသူသည် လူအများနှင့်မဆက်ဆံပဲ သီခြားနေခဲ့ရသည်။ ယခုပုံမှန်လူတစ်ယောက်နှယ်နေထိုင်နိုင်ခြင်းမှာ ကမ္ဘာပေါ်တွင် ပျော်စရာအကောင်းဆုံးအရာဖြစ်လေသည်။


နောက်ဆုံး ပစ္စည်းပုံးကိုရွေ့ပြောင်းပေးပြီးနောက် ရှီကျားမှာ ရုပ်ရှင်မြို့တော်၏ လမ်းပေါ်တွင်ရပ်နေခဲ့ပြီး နေလုံးတဖြည်းဖြည်း၀င်သွားသည်ကိုကြည့်နေခဲ့လေသည်။ည


ရုပ်ရှင်မြို့တော်တွင် ရွှမ်း၀ူ၏ရိုက်ကူးရေးအဖွဲ့တစ်ခုတည်းသာရှိနေခြင်းမဟုတ်ချေ။ တချို့ဖြတ်လျှောက်များနှင့် အရံဇာတ်ကောင်များမှာလည်း လမ်းဘေးတွင် ငုတ်တုတ်ထိုင်လျက် ဒါရိုက်တာမှ သူတို့အား ရိုက်ကူးရန်ခေါ်သည်ကိုစောင့်နေခဲ့ကြလေသည်။


ထိုလမ်းမှာ ရှေးခေတ်ချန်းအန်၏ ကျူးရွှယ်လမ်းဖြစ်သည်။ လမ်းတစ်ဖက်တစ်ချက်စီတွင် မော်ဒန်ခေတ်တွင်သာဆောက်လုပ်ထားသော သစ်အဆောက်အဦးများရှိလေသည်။ အဆောက်အဦးများကို အလွန်လက်ရာမြောက်စွာ ဂရုတစိုက်ဆောက်လုပ်ထားခဲ့ပြီး ခမ်းနားခဲ့သော ထန်မင်းဆက် ညနေရှူခင်းကို ခပ်ပြပြပုံဖော်ပေးနေခဲ့သည်။ 


ကျူးရွှယ်လမ်းပေါ်တွင် ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ရှိနေပုံပေါ်သည်။ ရှီကျား သူ၏ရှေးခေတ်၀တ်ရုံနှင့်ပင် လမ်းတစ်လျှောက် ဆင်းလာခဲ့လေသည်။ သူ့ကဲ့သို့ပင်ရှေးခေတ်၀တ်စုံများ၀တ်ဆင်ထားသူများကို အဓိကလမ်းမကြီး၏ နေရာအနှံ့တွင် တွေ့နိုင်လေသည်။ မည်သူကမျှထူးဆန်းသည်ဟု မထင်ကြချေ။ လမ်းတစ်၀က်မျှအရောက်တွင် တွန်းလှည်းလေးနှင့် စွန်များတင်နေသည်ကိုသူ တွေ့လိုက်ရ၏။


ဤတွန်းလှည်းလေးမှာ စွန်အမျိုးပေါင်းစုံစွာခင်းကျင်းထားသော်လည်း မည်သူကမျှကြည့်မနေခဲ့ချေ။ ၄င်းမှာ ရိုက်ကူးရေးတစ်ခုကပိုင်သော ပစ္စည်းမှန်း သိသာလေသည်။ 


ထိုအချိန်၌ပင် မလှမ်းမကမ်းမှ စိတ်မရှည်သောအော်ငေါက်သံတစ်ခုကိုကြားလိုက်ရလေသည်။ 


"ဒီနားမှာဘာလို့ လာပိတ်နေတာလဲ..သွားသွား.."


ရှီကျားခေါင်းကိုမော့လျက် လိုက်ကြည့်လိုက်လေသည်။ ရှေးဟောင်းအနက်ရောင်၀တ်ရုံကို၀တ်ဆင်ထားသော အမျိုးသားမှာ လမ်းပေါ်သို့ထွက်လာပြီး ရိုက်ကူးရေးအဖွဲ့သားများကို လမ်းဖယ်ပေးလိုက်သည်အား တွေ့လိုက်ရလေသည်။ ထိုအမျိုးသား၏နှုတ်ခမ်းမှာ ပွင့်ဟပြီး တောင်းပန်လာသော အသံမှာ ညင်သာကာ ခပ်နိမ့်နိမ့်ဖြစ်သည်။


"ကိုယ်တော်....ဒီလူမတော်မလျော်ပြုမူမိပါတယ်"


၀င်လက်စနေမင်း၏ ရောင်ခြည်များမှ စန်းရှန်းတောင်အောက်တွင် လုံး၀ပျောက်ကွယ်သွားခဲ့လေသည်။ ရှီကျား အဝေးမှ ထိုအမျိုးသားကိုကြည့်နေမိသည်။ တဖက်လူမှာ သူ၏အကြည့်ကိုခံစားမိပုံဖြင့် သူ့အားပြန်လှည့်ကြည့်လာပြီး သူတို့၂ဦး၏အကြည့်များဆုံတွေ့သွားခဲ့လေသည်။


ထိုအမျိုးသားမှာ ခန့်ညားသော မျက်နှာနှင့် လူငယ်တစ်ဦးသာဖြစ်သည်။ သူ၏ရုပ်ရည်မှာ အနုပညာလောကတွင် ထိပ်ဆုံးတွင်မရှိနိုင်သို တစ်ချက်မျှကြည့်ရုံနှင့် တသက်မမေ့နိုင်သော မျက်နှာမျိုးလည်းမဟုတ်ချေ။ သို့သော် ဒုတိယတစ်ကြိမ်လှည့်ကြည့်မိအောင်တော့ ဆွဲဆောင်နိုင်လေသည်။ မျက်၀န်းအစုံမှာ အလွန်ကြီးမားသည်ဟုမဆိုနိုင်ပဲ အပြုံးရိပ်တချို့ပါ၀င်နေခဲ့သည်။ ရှီကျားကသူ့အားစိုက်ကြည့်နေခြင်းကို ပြန်ကြည့်နေခဲ့လေသည်။ ထို့နောက် ခေါင်းကိုတစ်ချက်အသာညိတ်လျက် ပြုံးပြလာခဲ့လေသည်။


တဖက်လူကပြုံးပြသည့်အခါ ရှီကျားသည်လည်း အေးတိအေးစက်မလုပ်နိုင်လေရာ ပြန်လည်ပြုံးပြလိုက်လေသည်။


သူတို့၂ဦးမှာ ဘာစကားမှမဆိုပဲ တစ်ယောက်ကိုတစ်ယောက်ဖြတ်ကျော်သွားခဲ့ကြသည်။ ခြေလှမ်းတချို့လှမ်းပြီးနောက် ရှီကျားမှာ အဘယ်ကြောင့်ရယ်မသိ နောက်ကိုလှည့်၍ကြည့်လိုက်မိသော် တဖက်လူကိုလူအုပ်ကြားထဲတွင် ရှာမတွေ့တော့ပဲ မည်သည့်နေရာကိုထွက်သွားမှန်း မသိနိုင်တော့ချေ။


သူ သာမာန်ကာလျှံကာ လျှောက်ပတ်ကြည့်နေခဲ့ပြီး ထိုအနက်ရောင်၀တ်အမျိုးသားအကြောင်းကို မော့လျော့သွားတော့သည်။


ယခင်က သူသည်သရဲကားများသာ ရိုက်လေ့ရှိလေရာ ဤကဲ့သို့ ရုပ်ရှင်မြို့တော်အစစ်မျိုးကို ရောက်ဖူးရန်အခွင့်အရေးမရှိခဲ့ဖူးချေ။ အချိန်အများစုတွင် တောင်ပေါ်ရွာလေး၏ တောအုပ်ထဲတွင် အလျင်အမြန်ရိုက်ကူးလိုက်ရသည်ကများလေသည်။ ထို့ကြောင့် ရှီကျားမှာ ပို၍ကြာကြာ လည်ပါတ်နေခဲ့လေသည်။ သူရိုက်ကူးရေးအဖွဲ့သို့ပြန်လာပြီး အထဲသို့မ၀င်မီ အဝေးမှ ကိုယ်ဟန်တစ်ခုကိုတွေ့လိုက်ရလေသည်။


ရှီကျား"..."


ရှီကျားမှာ ကိုယ်ကိုလှည့်လျက်ထွက်သွားရန်ပြင်လိုက်သော်လည်း ဖေးယွီမှာ လျင်မြန်စွာပြေးလာပြီး သူ့ကိုလာတားလေသည်။


"အစ်ကိုကျား..."


ရှီကျားမှာ ဆရာသခင်အတုလေးဖေး၏ လက်ကို တည်ငြိမ်စွာဖယ်လိုက်ပြီး သူ၏၀တ်ရုံလက်အားတွန့်ကြေသွားခြင်းမရှိစေရန် ဆွဲဖြန့်လိုက်လေသည်။


"ဒါရိုက်ကူးရေးအဖွဲ့ရဲ့၀တ်စုံ..တွန့်ကြေသွားရင် အပြောခံရမှာ"


ဖေးယွီမှာ ဟီးဟီးဟု ရယ်မောလာခဲ့သည်။ 


"အစ်ကိုကျား..ငါအရင်ရက်တွေက ပြောမှားဆိုမှားရှိဖူးပါတယ်...ငါ့ကိုဘာလို့ wechatမှာ ပြန်မအပ်သေးတာလဲ ..ငရဲဘုရင်ယဲ့လည်း ချန်အန်းကိုရောက်နေတာတွေ့တယ်...မင်းလည်းဒီမှာပဲရှိနေမှာပဲလို့ အလိုလိုသိလိုက်တယ်လေ...မင်းကရုပ်ရှင်ကားရိုက်နေမယ်တောင်ထင်မထားဘူး..ဘယ်လိုလဲ..ဘယ်လ်ုလဲ...ရုပ်ရှင်ရိုက်ရတာပျော်စရာကောင်းလား..ဘယ်လိုခံစားရလဲ"


ရှီကျားက မျက်ခုံးပင့်လျက်ဆိုလိုက်သည်။


"ဒီရက်တွေထဲ ဆရာယဲ့တောင်မှ ပထမအင်ပါယာ သင်္ချိုင်းဂူကြောင့် အရိပ်တောင်မမြင်ရအောင် အလုပ်ရှုပ်နေတာ...မင်းကတော့အတော်အားနေလို့ ငါ့ကိုလာတွေ့ဖို့အချိန်တောင်ရှိနေတယ်ပေါ့.."


ဖေးယွီကယုံကြည်မှုရှိရှိဆိုလာသည်။


"ငါကသွားလည်း ဘာမှလုပ်လို့မှမရတာ..ဘာလို့သွားရမှာလဲ"


ရှီကျားထပ်မေးလာမည်ကိုမစောင့်ပဲ ဖေးယွီကရှင်းပြလာသည်။



"အခု ငါ့ဆရာရယ် အဲဒီစီနီယာကြီးတွေရယ်..ငရဲဘုရင်ယဲ့ရယ်ပေါင်းပြီး အင်ပါယာသင်္ချိုင်းဂူကနေ ဘာလွတ်သွားတာလဲဆိုတာ ရှာတွေ့သွားကြပြီ..ဒီလောက်အချိန်တွေကုန်သွားပြီဆိုတော့ အဲဒီအရာဘက်ကလှုပ်ရှားလာနိုင်ချေရှိတယ်..လူနည်းနည်းပါးပါးသတ်ရင်သတ်..မဟုတ်ရင် ပြဿနာရှာနေမှာပဲ...ဒါပေမယ့်အခုထိဘာသတင်းမှမကြားရဘူးလေ..မင်းရောထူးဆန်းတယ်လို့မခံစားရဘူးလား"


ရှီကျားမျက်ခုံးအသာတွန့်ချိုးလိုက်လေသည်။


"လူသတ်မယ်လို့ မင်းဘယ်လိုများတွေးနိုင်ရတာလဲ"


မင်းနည်းနည်းလောက် ပိုကောင်းတာကိုတွေးလို့မရဘူးလား...


"လူသတ်တာအပြင် သူဘာများလုပ်နိုင်မှာလဲ..အဲဒီပထမချင်အင်ပါယာ သင်္ချိုင်းဂူမှာ ဘယ်သူနေတာလဲ သိပ်တောင်တွေးစရာမလိုဘူး...သူ့တစ်သက်လူတွေကိုသတ်ဖြတ်လာတဲ့ ပထမဧကရာဇ်လေ...ဧကရာဇ်နဲ့အတူ မြှုပ်ခံလိုက်ရတဲ့ တော်၀င်ကိုယ်လုပ်တော်တွေကိုထား...အရာရှိတွေနဲ့ စစ်သားတွေတောင် အတူအမြှုပ်ခံရတာ..သူတို့ထဲကဘယ်သူ့မှာများ မိုးထိုးတက်နေတဲ့ သတ်ဖြတ်ချင်စိတ်မျိုး မရှိပဲ နေမှာလဲ...ငါမင်းကိုပဲပြောပြမယ့်တစ်ခုရှိတယ်..ဘယ်သူ့မှလျှောက်မပြောရဘူးနော်..."


ရှီကျားမှာမျက်နှာသေဖြင့်ဆိုလိုက်သည်။


"မင်းမျက်နှာကတော့ ငါဒါကိုပြန်မမျှဝေရင် ဟွာရှားလူမျိုးမဟုတ်ဘူးလို့ ပြောနေသလိုပဲ"


ဖေးယွီမှာ လက်ကိုယမ်းလျက် ရူးချင်ယောင်ဆောင်ကာဆက်ပြောလိုက်လေသည်။


"ငါ့ဆရာပြောတာ ထိုက်ကျိကျောင်းကဂိုဏ်းချုပ် ကျူးဖုန်းကျန်းရန်က လွန်ခဲ့တဲ့ရက်က ကံကြမ္မာတွက်ချက်မှုလုပ်ခဲ့တယ်တဲ့..အဲဒီတွက်ချက်မှုရလဒ်က သင်္ချိုင်းဂူကနေ လွတ်မြောက်သွားတဲ့ဟာကြီးက နဂါးအရှိန်အ၀ါရှိနေတာကိုပြခဲ့တယ်လေ...နဂါးအရှိန်အ၀ါဆိုတာ ဘာကိုဆိုလိုလဲ မင်းသိရဲ့လား..ကောင်းကင်ဘုံရဲ့တော်၀င်သားတော်ကပဲ နဂါးအရှိန်အ၀ါမျိုးရှိနိုင်တာကွ..နဂါးအရှိန်အ၀ါးကနည်းနည်းတော့ အားပျော့ပေမယ့် နဂါးအရှိန်အ၀ါဆိုတာသေချာတယ်...ဒီတော့လွတ်သွားတဲ့ဟာက ဧကရာဇ်ပဲ"


ရှီကျား အတော်လေးရှော့ခ်ရသွားခဲ့လေသည်။



👻