Chapter 10
Viewers 1k

🏡 Chapter 10

ကြက်ပေါင်



ကျန်းလီယွင် ငွေလက်မှတ်အချို့ပေးပြီး ကြက်ကို အိမ်ပြန်သယ်လာခဲ့သည်။ အိမ်ပြန်ရောက်လျှင်ပင် ပိုးစာရွက်များ အခြောက်လှန်းနေသော အဖေကျန်း(ကျန်းထော့ကျိုး)ကို တွေ့လိုက်ရသည်။


အိမ်ထောင်စုတိုင်းတွင် ပိုးမွေးမြူရန် ပိုးစာပင်များ ရှိကြသည်။ ကျန်းအိမ်တွင် နေရာအခက်အခဲနှင့် လူအင်အားမလုံလောက်သောကြောင့် အဖေကျန်းက ပိုးမမွေးပေ။ ထိုအစား ငွေစအချို့ရရှိရန် ပိုးစာရွက်များခူး၍ ရောင်းချသည်။ ယခု ရာသီဥတုတွင် အရွက်အစိုများက မရောင်းရသောကြောင့် အဖေကျန်းက အခြောက်ခံနေခြင်းဖြစ်သည်။


ပိုးစာရွက်များက ဆေးဘက်ဝင်သောကြောင့် အရွက်ခြောက်ဝယ်ယူသူများ ရှိသည်။ လူများက လိမ္မော်သီးအခွံများကိုလည်း အလဟဿအဖြစ်မခံပေ။ လိမ္မော်သီးစားပြီးပါက အခွံကို နေလှန်း၍ ရောင်းချကြသည်။


“လီယွင်... ကြက်ဝယ်ခဲ့တာလား...”

အဖေကျန်းက မေးသည်။


ကျန်းလီယွင်က ပြန်ဖြေသည်။

“ဟုတ်...ကြက်သားစားချင်လာလို့ ဝယ်လာခဲ့တာ... သမီး ရေနွေးတည်ထားမယ်... အဖေ ကြက်ကိုင်ပေးလို့ရမလား...”


နေ့လည်စာကို အသားစားထားသောကြောင့် ညနေ၌ ကြက်သားစားခြင်းက မသင်တော်ဟု အဖေကျန်း ခံစားရသည်။

“ဒီနေ့အတွက်လား...”


“ဟုတ်ကဲ့...”

ကျန်းလီယွင်ပြန်ဖြေသည်။


အဖေကျန်းက တွန့်ဆုတ်သွားသော်လည်း မည်သည်ကိုမျှ ဝင်မပြောဘဲ ကြက်ကို ကိုင်ပေးနေသည်။


ကျန်းလီယွင်က ထိုအရာကို အံ့ဩမနေပေ။ သူမဖခင်က သူ၏ မသန်စွမ်းမှုကြောင့် စည်းကမ်းတင်းကြပ်ပြီး သူ့ကိုယ်သူ မိသားစု၏ ဝန်ပိုတစ်ယောက်ဟု ခံစားနေသူဖြစ်သည်။ သူမမိခင်ကလည်း မကျန်းမာသောကြောင့် ဆေးကုသစရိတ်များအတွက် ကလေးများအပေါ်တွင် မှီခိုနေကြရသည်။ ထို့ကြောင့် ကလေးများရှေ့တွင် သူမ(အမေကျန်း)က မျက်နှာထား တင်းတင်းဖြင့် မနေနိုင်ပေ။


ကြက်ကိုင်ခြင်းက အနည်းငယ်ကြာမြင့်လာသောအခါ သူမ၏ဖခင်နှင့်သာ တာဝန်လွှဲခဲ့ပြီး ကျန်းလီယွင် ရေနွေးအိုးတည်သည်။ ကြက်ကိုင်ပြီးနောက် အမွေးနုတ်ရန် ရေနွေးထဲ၌ စိမ်ထားရမည်ဖြစ်သည်။


သူမတို့အိမ်က ပုံမှန်အားဖြင့် ကြက်သားကို ပြုတ်လေ့ရှိသည်။ အမေကျန်းနှင့် ကျန်းလီယွီအတွက် ကြက်စွပ်ပြုတ်လုပ်ပေးခြင်းဖြစ်သည်။


သို့ရာတွင် နှစ်လအတွင်း ကြီးပြင်းလာသော အမွေးဖြူကြက်များဖြစ်သဖြင့် ကြက်စွပ်ပြုတ်မှာ များစွာ အာဟာရကြွယ်ဝခြင်းမရှိပေ။ ကျန်းလီယွင်က ကြက်သားကို ခုတ်ပိုင်ကာ အိုးထဲ၌ အလုံပိတ်၍ နှပ်ထားလိုက်သည်။ အိမ်လုပ်ပဲငံပြာရည်နှင့် အရသာကို မွမ်းမံလိုက်ရာ ကြက်သားမှာ အညိုရောင်သန်းလာသည်။


အရောင်အဆင်းကလွဲ၍ အနံ့က အရသာရှိမည့်ပုံပင် ဖြစ်သည်။


အသားပဲလေ...


အဖေကျန်းနှင့် အမေကျန်းမှာ မွှေးပျံ့သော ကြက်သားအနံ့၏ ဆွဲဆောင်မှုကို မခုခံနိုင်တော့ပေ။ ကျန်းလီယွင်က ဟင်းချက်ရာတွင် အာရုံစိုက်ရင်းဖြင့် မနက်ဖြန် သူမ၏ အစီအစဉ်များကို ချင့်ချိန်စဉ်းစားနေပေသည်။


ဆိုဖာစက်ရုံမှ သူမ၏ လုပ်ဖော်ကိုင်ဖက်များအကြောင်း ပြန်တွေးနေမိသည်။ မနက်ဖြန် သူမအလုပ်သွားရမည် ဖြစ်သော်လည်း သူမ လုပ်ဖော်ကိုင်ဖက်များကို မမှတ်မိသေးပေ။


ဟင်းကျက်သောအခါ ကျန်းလီယွင်က ကြက်သားကို မိသားစုလေးယောက်စာ အညီအမျှ လေးပိုင်းပိုင်းသည်။ အမေကျန်းက “သမီးအစ်ကိုအတွက်ရော...မချန်ထားတော့ဘူးလား”ဟု မေးလိုက်သည်။


“ဘာလို့ သူ့အတွက် ချန်ထားရမှာလဲ...ကြက်က သမီး ဝယ်လာတာကို... အစ်ကိုက ဘယ်တုန်းက အိမ်အတွက် ဘာပါလာဖူးလို့လဲ...”

ကျန်းလီယွင် ပြန်ဖြေသည်။


ကျန်းလီဟိုင် ငွေပိုရှာနိုင်စဉ်ကလည်း လယ်အလုပ်များကို လုပ်မကူဘဲ အိမ်မှ ဆန်များကိုပါ သယ်ယူသွားပြီး စက်ရုံ၌ အသားနှင့် လဲစားလေ့ရှိသည်။ 


ကျန်းလီယွင်၏စကားများကို ကြားပြီးနောက် အမေကျန်းက မရမက တောင်းဆိုခြင်းမရှိပေ။ ကြက်တစ်ကောင်၏ လေးပုံတစ်ပုံဆိုသည်မှာ အလွန်နည်းပါးသော ပမာဏဖြစ်သည်။ သူမ တစ်ထိုင်တည်းပင် စားပစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူမဝေစု ကြက်ပေါင်ကို ပိန်ပါးနေသော ဖုန်းရီအား ပေးရန် ချန်ထားလိုက်သည်။


ယခင်ဘဝ၌ ရှဲ့ဇူကန်း၏ ကားနှင့်တိုက်မိ၍ ကျန်းလီယွင် ကိုယ်တစ်ပိုင်းအကြောသေသွားခဲ့ရာ သူမ၏ စုဆောင်းငွေများမှာ ဆေးစရိတ်အတွက် မလောက်ငှပေ။ ထိုအချိန်က ဖုန်းရီမှာ အပြင်ထွက် အလုပ်လုပ်၍ ရငွေများ အားလုံးကိုသုံးပြီး နေရာတိုင်းမှ ပိုက်ဆံချေးငှားကာ သူမဆေးစရိတ်အတွက် အသုံးပြုခဲ့သည်။


သူမ ဆေးရုံမှ ဆင်းသောအခါ ဖုန်းရီတွင် အကြွေးများစွာ တင်ကျန်နေခဲ့သည်၊ သို့ရာတွင် သူမခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေရန် ကြက်စတူးဟင်းများ ဝယ်ကျွေးဆဲပင်ဖြစ်သည်။ ကြက်ခြေထောက်၊ ကြက်တောင်ပံကဲ့သို့ အရိုးပိုင်းများသာ စား၍ အသားပိုင်းများကို သူမနှင့် သူမ၏သားအား ကျွေးခဲ့သည်။


အတိတ်အကြောင်း ပြန်တွေးမိသည်နှင့် ဖုန်းရီအား တွေ့ရန် စိတ်အားထက်သန်လာသည်။ အုတ်နှင့်ကြွေပြားစက်ရုံသို့ သွားရာလမ်းတွင် ကားလမ်းဖြတ်ကူးရန် စောင့်ဆိုင်းနေခိုက် တိုက်ဆိုင်စွာပင် ဖုန်းရီနှင့်တွေ့ခဲ့သည်။ 


“အစ်မလီယွင်...”

သူမကို တွေ့သည်နှင့် ဖုန်းရီမှ စိတ်လိုလက်ရပြုံးပြီး နှုတ်ဆက်သည်။


ကျန်းလီယွင်မှာ ဖုန်းရီက အလွန်နှစ်လိုဖွယ်ကောင်းကြောင်းခံစားမိပြီး သူ၏ပါးများကို ဖျစ်ပြီး နမ်းချင်လာသည်။ သို့သော်လည်း ရှက်စရာကောင်းနေလိမ့်မည်ဟု တွေးကာ သူမကိုယ်သူမ ထိန်းချုပ်လိုက်သည်။


နှစ်များကြာမြင့်သွားသော်လည်း ဖုန်းရီက အနည်းငယ်မျှသာ ထွားလာခဲ့သည်။


“ဖုန်းရီ...ငါနင့်အတွက် ကြက်ပေါင် ယူလာတယ်... စားလိုက်ဦး...”

ကျန်းလီယွင်က ကြွေခွက်လေးကို လှမ်းပေးသည်။


ဖုန်းရီ ရုတ်တရက် အံ့အားသင့်ပြီး ကြက်သေသေသွားသည်။ 

ငါ ကြက်ဥမွှေကြော်လည်း စားပြီးပြီလေ... ကျန်းလီယွင်က ငါ့ကို ကြက်ပေါင်ထပ်ပေးတယ်ပေါ့...


“အစ်မလီယွင်… အစ်မဘာသာ စားလိုက်ပါ...”

ဖုန်းရီက အလျင်အမြန် ပြန်ဖြေသည်။


ကျန်းလီယွင်က ကြွေခွက်ကို ဖုန်းရီလက်ထဲ တွန်းပေး၍ ပြောလိုက်သည်။

“ငါ စားပြီးပြီ... ဒါ နင့်အတွက်...”


သူမ ကြွေခွက်အား လက်လွှဲပေးသောအခါ ဖုန်းရီ၏ လက်များကို သတိထားမိသည်။ သူ့လက်ချောင်းများက သွယ်လျရှည်လျားကာ ကြမ်းတမ်းပြီး အသားမာများနှင့် ပြည့်နေသည်။


အိမ်အလုပ် မည်သည်မျှ မလုပ်ဘဲ အပျင်းကြီးနေသော အသက်ဆယ့်ကိုးနှစ်အရွယ် သူမသားနှင့် ယှဉ်လျှင် ဖုန်းရီအတွက် လွန်စွာ စိတ်မကောင်းဖြစ်မိသည်။


ထိုအခြင်းအရာမှာ ပညာ၏တန်ဖိုးပင်ဖြစ်သည်။


ဖုန်းရီက ကျောင်းမတက်ခဲ့ရသောကြောင့် အိမ်ထောင်စုစာရင်း၌ သူ၏ ပညာအရည်အချင်းမှာ စာမတတ်သူ ဟူ၍ ဖြစ်သည်။ ၁၉၆၀နှစ်များတွင် ရွာမှ လူအများစုမှာ အခြေခံမူလတန်းအဆင့်အထိ ပညာသင်ယူကြရသည်။ ကျန်းလီယွင်က မူလတန်းတက်၍ စာမေးပွဲဖြေခဲ့သောကြောင့် သူမ၏ အိမ်ထောင်စုစာရင်း၌ ပညာအရည်အချင်းမှာ မူလတန်းအောင်ဟူ၍ ဖြစ်သည်။


ရွာမှ သက်တူရွယ်တူများကြားတွင် စာမတတ်သူမှာ အနည်းငယ်သာရှိသော်လည်း ဖုန်းရီမှာ ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။ သို့ရာတွင် ဖုန်းရီက ကျန်းလီယွင် ကျောင်းတက်စဉ်က အမြဲလိုက်ပါခဲ့သောကြောင့် စကားလုံးအချို့ကို သင်ကြားခဲ့ရပြီး စာဖတ်ခြင်း စာလေ့လာခြင်းတွင် အခက်အခဲမရှိပေ။


နောက်ပိုင်း သူမသားငပျင်း ကျောင်းတက်ရသောအခါ ဖုန်းရီက ကိုယ့်ဘာသာ စာလေ့လာ၍ အခြေခံအဆင့်နှင့် အလယ်တန်းအဆင့် သင်္ချာကိုပင် သင်ကြားပေးခဲ့သေးသည်။ 


ထို့နောက်တွင် ကျန်းလီယွင်ဆိုင်မှာ နိုင်ငံခြားမှ အမှာများ ရရှိလာသောအခါတွင်လည်း ဖုန်းရီက အင်္ဂလိပ်စာလေ့လာ၍ သူမအား ကူညီခဲ့သေးသည်။ သူက စကားပြော လွန်စွာ မကျွမ်းကျင်သော်လည်း အီးမေးလ်ပို့ခြင်းကဲ့သို့ ရေးသား၍ ဆက်သွယ်ပြောဆိုခြင်းများ ပြုလုပ်နိုင်သည်။


အကယ်၍ ဖုန်းရီသာ ကျောင်းတက်ခွင့်ရပါက ယခုအချိန်တွင် တက္ကသိုလ်မှပင် ဘွဲ့ရနေပြီဖြစ်သည်။ ဤခေတ်ကာလတွင် ဖုန်းရီတစ်ယောက်တည်းသာ အခွင့်အရေးလွဲချော်ခဲ့သည် မဟုတ်ပေ။ ကျန်းလီယွင်လည်း ကျောင်းဆက်တက်ရန် အခွင့်အရေးသာရှိခဲ့လျှင် ဤမျှနှင့် ရပ်တန့်သွားမည်မဟုတ်ပေ။ 


နောက်ပြီး သူမအစ်ကို...


ထိုနေ့ရက်များတွင် ရွာမှ မြို့သို့ ဂျူနီယာအထက်တန်းကျောင်း သွားတက်နိုင်သူမှာ တစ်ယောက် နှစ်ယောက်သာရှိသည်။ ထိုအထဲတွင် သူမအစ်ကိုလည်း အပါအဝင်ဖြစ်သည်။ မြို့ကျောင်းတက်ပြီးနောက် စာမေးပွဲများ၌ အဆင့်တစ်ရခဲ့သည်။ သို့ရာတွင် ကျန်းမိသားစုက ကျူရှင်ခများ မတတ်နိုင်သည့်အပြင် ကျန်းလီဟိုင်က ကျောင်းလခများ အကြွေးတင်နေပြီး စာအုပ်ဖိုး ဘောပင်ဖိုးပင် မတတ်နိုင်ပေ။ 


မြို့သား ကျောင်းသားများက သူ့အား စနောက်ကြသည်။ တရုတ်ဘာသာဆရာကလည်း သူ့အား မနှစ်သက်ပေ။ အတန်းထဲ၌ ကိစ္စတစ်ခုခုဖြစ်ပါက ဆရာမှ သူအား အပြစ်တင်လေ့ရှိသည်။ ကျေးလက်တွင် နေခဲ့ဖူးသော အတွေ့အကြုံရှိသည်ကို အကြောင်းပြက သူ့အား အိမ်သာ ဆေးခိုင်းခဲ့သည်။ 


တစ်နှစ်မျှ စာသင်ပြီးနောက် ကျန်းလီဟိုင်က လက်လျှော့လိုက်သည်။ သူ၏ သင်္ချာဆရာက သူ့ကို နှစ်သက်သဖြင့် အိမ်သို့ မကြာခဏ လာရောက်ကာ ကျောင်းဆက်တက်ရန် တိုက်တွန်းတတ်သော်လည်း သူက ခေါင်းမာစွာ ငြင်းဆန်မြဲပင်ဖြစ်သည်။


လက်တွေ့တွင် ကျန်းလီဟိုင်၏ ဆုံးဖြတ်ချက်မှာ ကျန်းလီဖျင်အပေါ်၌ လွှမ်းမိုးမှုရှိသည်။ ကျန်းလီဖျင်က အနိုင်ကျင့်ခံရသောအခါတွင် ကျန်းလီဟိုင်နှင့် မတူဘဲ ပိုကောင်းသော ဘဝတွင် နေထိုင်နိုင်ရန် များစွာသည်းခံခဲ့သည်။ သူများ၏ ရန်စခြင်းကို ဂရုစိုက်မနေဘဲ သူမကိုယ်သူမ သနားစရာကောင်းသည့်ပုံပေါ်အောင် ဟန်ဆောင်၍ အထင်ကြီးစရာကောင်းသော ချစ်သူကောင်လေးပင် ရှာနိုင်ခဲ့သေးသည်။


သူမကျောင်းတက်သော ကာလများတွင် သက်တောင့်သက်သာဖြင့် ဖြတ်သန်းခဲ့ပြီး ဂျူနီယာအထက်တန်း အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ကံမကောင်းစွာပင် သူမ၏ ပညာရေးအမှတ်များက သက်မွေးကျောင်းအတွက် လုံလောက်မှုမရှိသည့်အပြင် အထက်တန်းကျောင်းထားပေးရန်လည်း ကျန်းမိသားစုမှ မတတ်နိုင်ပေ။


ထိုအချိန်က ကျန်းလီဖျင်မှာ သူမချစ်သူနှင့် လက်ထပ်ရန် စိတ်အားထက်သန်နေရာ မြို့မှာပင် နေထိုင်ခဲ့သည်။ သို့ရာတွင် သူမချစ်သူ၏ မိဘများမှ အပြင်းအထန်ကန့်ကွက်ခဲ့သည်။ နှစ်ပေါင်းများစွာ သည်းခံခဲ့သော်လည်း နောက်ဆုံးတွင် သူမတို့ ဝေးကွာသွားခဲ့သည်။ သူမချစ်သူတို့မိသားစုက အခြားမြို့သို့ပင် ပြောင်းရွှေ့သွားကြသည်။ 


ကျန်းလီဟိုင်သာမက ကျန်းလီဖျင်ပါ သူတို့ အခက်အခဲနှင့် သူတို့ဖြစ်ရာ မိသားစုအား မကျေမနပ်ဖြစ်သည်မှာ အံ့အားသင့်စရာပင် မရှိပေ။ သူမသားနှင့် ယှဉ်လျှင် သူတို့ကမှ သာသေးသည်။


ထိုအခြင်းအရာများကို မြင်တွေ့ရသောကြောင့် ကျန်းလီယွင်၏ ငွေရှာရန် ဆုံးဖြတ်ချက်မှာ ပို၍ ခိုင်မာလာခဲ့သည်။


ဖုန်းရီက ကြွေခွက်ကို လက်၌ကိုင်ရင်း မျက်နှာတွင် မည်သည့်အမူအရာမျှ မပြပေ။ သူ မသက်မသာ ခံစားနေရပြီး ရင်ထဲတွင် လေးလံနေကာ အသက်ပင် ဝဝမရှုနိုင်ပေ။ 


ကျန်းလီယွင်က ငါ့ကို ကြက်ဥကြော်တွေပေးတယ်... အခုလည်း ကြက်သားပေးနေပြန်ပြီ... သူ ငါ့ကို ဘာအကူအညီတောင်းချင်လို့များလဲ...ရှဲ့ဇီကန်းနဲ့များ ဆိုင်နေမလား...


ဖုန်းရီ မေးလိုက်သည်။

“အစ်မလီယွင်... ကျွန်တော့်ကို လာရှာတာ ကိစ္စရှိလို့များလား...”


ရှဲ့ဇီကန်းအကြောင်းဆို ဘယ်လိုပြောရပါ့မလဲ...


ရှဲ့ဇီကန်းက အရပ်ပုပြီး ကြည့်မကောင်းဘူးလို့ ပြောလိုက်ရမလား...ဒါပေမယ့် သူက ရှဲ့ဇီကန်းနဲ့ တွေ့ဖူးပြီးသားဆိုတော့ သိပြီးသားပဲဖြစ်မှာ...


ရှဲ့ဇီကန်းက အလုပ်မလုပ်ချင်ဘဲ အပျင်းထူတဲ့အကြောင်း ပြောလိုက်ရမလား... ဒါပေမယ့် ရှဲ့မိသားစုက ချမ်းသာတယ်လေ...


သူ(ကျန်းလီယွင်)က မိသားစုကောင်းနဲ့ လက်ထပ်ချင်တယ် ပြောဖူးတယ်... မိသားစုကောင်းဆိုတာ လက်တွေ့မှာ ချမ်းသာတဲ့ မိသားစုလေ...


ဖုန်းရီ တွေးလေလေ စိတ်မသက်မသာ ဖြစ်လေလေပင် ဖြစ်သည်။


ကျန်းလီယွင်က အမှန်တွင် ဖုန်းရီနှင့် ဆွေးနွေးစရာ မရှိပေ။ သူနှင့် တွေ့ချင်၍ လာခဲ့ခြင်းသာဖြစ်သည်။ သို့ရာတွင် ဖုန်းရီက ထိုသို့မေးလာသောအခါ အနာဂတ်တွင်လည်း ဖုန်းရီကို သူမပြောပြရမည်ဖြစ်ကြောင်း တွေးရင်း ပြောလိုက်မိသည်။

“ငါနင့်ကို ပြောစရာရှိလို့ လာခဲ့တာ...”


ထိုစကားကြားသောအခါ ဖုန်းရီမှာ ရုတ်တရက် နှလုံးခုန်ပင်မမှန်တော့ပေ။


ကျန်းလီယွင်က ဆက်ပြေသည်။

“ဖုန်းရီ... ငါ သိပ်မကြာခင် ဆိုဖာစက်ရုံကနေ အလုပ်ထွက်မယ်... ဈေးဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်မယ် စိတ်ကူးတယ်...အဲ့အချိန်ကျရင် နင်လာပြီး ကူညီပေးနိုင်မလား...”


ဖုန်းရီက ရှဲ့ဇူကန်းအကြောင်းမေးတော့မည်ဟု ထင်ထားသောကြောင့် ကြောင်အသွားပြီးမှ အလျင်အမြန်ပြန်ဖြေသည်။ 

“ကျွန်တော် လုပ်ချင်ပါတယ်...”


“တကယ် လုပ်ချင်တာလား...ငါ့ကို ကူညီဖို့က ခက်ခဲနိုင်ပြီးတော့ စက်ရုံကလို ငါ လစာပေးနိုင်ချင်မှ ပေးနိုင်မှာနော်...”

ကျန်းလီယွင်မှ ပြောသည်။


အုတ်နှင့်ကြွေပြားစက်ရုံတွင် ကာယအလုပ်များလုပ်ရသော်လည်း ထိုက်တန်သော လုပ်ခလစာ ရရှိကြသည်။ ဖုန်းရီသာ သူမကို ကူညီမည်ဆိုပါက အစပိုင်းတွင် လစာကောင်းစွာ ပေးနိုင်လိမ့်မည် မဟုတ်ပေ။


ဖုန်းရီ ရှာသမျှငွေအား ဖုန်းမိသားစုမှ သုံးစွဲခြင်းကိုလည်း သူမ ကာကွယ်ပေးချင်ခဲ့သည်။


အတိတ်ဘဝမှ မှတ်ဉာဏ်အရ နောက်နှစ်တွင် ဖုန်းရီ အပြင်ထွက် အလုပ်လုပ်ကာ သူ့မိသားစုအား ပိုက်ဆံပို့ပေးရမည် ဖြစ်သည်။


ကျန်းလီယွင်က သူမအပေါ် စစ်မှန်စွာ ဂရုစိုက်ပေးခဲ့သော သူမ၏မိဘများနှင့် ညီမလေးအား စောင့်ရှောက်ပေးရန် ဆန္ဒရှိသည်။ သူမမိဘများက ဆင်းရဲသောကြောင့်သာ သူမကို မထောက်ပံ့နိုင်ခြင်းဖြစ်သည်။ သူတို့တွင် ဂွမ်းကပ်မွေ့ယာအသစ်များရှိပါက သူတို့ညီအစ်မအတွက်ပေးပြီး သူမမိဘများက အဟောင်းကိုသာ ဆက်သုံးသည်။


သူမငယ်စဉ်က အဖျားကြီး၍ ညလယ်တွင် ကယောင်ကတမ်းအော်သောအခါ အမေကျန်းမှာ စိုးရိမ်ပူပန်နေတတ်ပြီး အဖေကျန်းက ဆရာဝန်ဆီ ပွေ့ချီသွားလေ့ရှိသည်။


ဖုန်းရီကို သူမအိမ်သို့ ခေါ်လာလျှင်ပင် မိသားစုများက မည်သည်ကိုမျှ မဆိုကြပေ။


ဖုန်းမိသားစုကလား...သူတို့က ဖုန်းရီကို မိသားစုလိုတောင် ဆက်ဆံတာ မဟုတ်ဘူး...


ဆောင်းတွင်းဆိုလည်း ဖုန်းရီဆီမှာ ဆောင်းဝတ်အနွေးထည် တစ်ထည်မရှိဘူး... ကန်စွန်းဥတောင် နပ်မှန်အောင် မစားရဘူး...


၁၉၇၀နှစ်တွေမှာလည်း ထုတ်လုပ်ရေးအသင်းက ဝေစုသိပ်မရဘူး... ဖုန်းမိသားစုကြောင့်သာ မဟုတ်ရင် သူ စားစရာပိုရမှာ...


ကျန်းလီယွင်ထက်ပင် ဖုန်းရီက ဖုန်းမိသားစုတွင် အလုပ်ပိုလုပ်ရသေး၏။


“လစာပေးဖို့ မလိုပါဘူး... ထမင်းကျွေးရင် ရပါပြီ...”

ဖုန်းရီက အလျင်အမြန် ပြန်ဖြေသည်။


ကောင်းလိုက်တာ...ကျန်းလီယွင်နဲ့ အတူ အလုပ်လုပ်ရမယ်... လစာမယူဘဲ အခမဲ့ကို ကူညီချင်တာ...


“နင်လစာ မလိုချင်ဘူး...ဟုတ်လား... နင့်အမေ ဆူမှာ မကြောက်ဘူးလား...”

ကျန်းလီယွင် မေးလိုက်သည်။


ယခင်ဘဝတွင် သူမတို့ နှစ်ယောက်လက်ထပ်သည့်အချိန်အထိ ဖုန်းရီက သူ့အမေထံ ပိုက်ဆံအပ်ရသည်။ သူမတို့ လက်ထပ်ပြီးနောက်မှ ရပ်သွားသည် ဖြစ်၏။


“သူ စိတ်ဆိုးလည်း ဂရုမစိုက်ပါဘူး...”

ဖုန်းရီက ထူးမခြားနားမျက်နှာပေးဖြင့် ဖြေသည်။


သူ့တွင် သူ့အမေနှင့် ပတ်သက်ပြီး သံယောဇဉ်မရှိလှပေ။ သူမက သူ့အား သားတစ်ယောက်အဖြစ် သဘောမထားပါက သူကလည်း အမေအရင်းအဖြစ် သဘောမထားနိုင်ပေ။


သူ့အမေက သူ့အား ငွေကုန်ကြေးကျခံကာ ကျွေးမွေးပြုစု ပျိုးထောင်ပေးခဲ့သည်ဟု ပြောပါကလည်း သူမဆီတွင် သူ့ငွေ ယွမ်သုံးထောင်ကျော် အကြွေးတင်နေကြောင်း တွက်ပြလိုက်မည်ပင်ဖြစ်သည်။


သူအသက်ဆယ့်ခြောက်နှစ်မှ စတင်ပြီး စက်ရုံတွင် အလုပ်လုပ်လာရာ သုံးနှစ်ကြာပြီးနောက် ယွမ်နှစ်ထောင့်ရှစ်ရာကျော် စုဆောင်းမိခဲ့သည်။ သူအစက သူ့အကြွေးများ ရှင်းလင်းကာ နှစ်ကုန်လျှင် အလုပ်ထွက်မည်ဟု ရည်မှန်းထားသည်။


သူက မည်သည့်နေရာတွင်မဆို အလုပ်လုပ်နိုင်ပြီး သူဘာသာသူ ပိုက်ဆံစုမည်။ သူ ကျန်းလီယွင်ကို လက်ထပ်နိုင်ရန် ငွေစုဆောင်းမည်။


ဤကား သူ့အိပ်မက်ပင်ဖြစ်သည်။ ကျန်းလီယွင်တွင်မူ ပိုကောင်းသော ရွေးချယ်မှုများရှိ၍ သူ့အတွက် မဖြစ်နိုင်လောက်ဟု ခံစားမိသည်။


ပွဲတော်အချိန်ကျပါက ရွာပြန်လာပြီး အဝေးမှ ကျန်းလီယွင်ကို သူကြည့်မည်။


အခု ကျန်းလီယွင်က အကူအညီတောင်းနေပြီဆိုတော့... ငါတို့ လက်မထပ်ဖြစ်သေးရင်တောင် အတူတူရှိနေရမှာ ...သိပ်ကောင်းတာပဲ....


စားစရာသာ ရှိနေသရွေ့ ... တံတားအောက်မှာလည်း ငါ အိပ်နိုင်တယ်...


ဖုန်းရီက သူ့အမေအား ဂရုမစိုက်သောအခါ ကျန်းလီယွင် အံ့အားသင့်သွားရသည်။ သူ့အမေကို သူ တန်ဖိုးထားသည်ဟု သူမ ထင်ထားခဲ့သည်။ အထူးသဖြင့် ယခင်ဘဝက သူ့ငွေများကို မိသားစုသို့ ထောက်ပံ့သည့်အချိန်က ဖြစ်သည်။


ယခင်ဘဝက သူမနှင့် ဖုန်းရီ လက်ထပ်ရန် တိုင်ပင်စဉ်ကလည်း သူ ဖုန်းမိသားစုကို ဂရုမစိုက်ခဲ့ပေ။ သူမတို့ ချမ်းသာလာသောအခါ အမေဖုန်းမှ ပိုက်ဆံလာချေးစဉ် ဖုန်းရီက တစ်ပြားမှ မပေးဘဲ ငွေချေးရန် ငြင်းဆိုခဲ့သည်။


ဖုန်းရီက ဖုန်းမိသားစုကို ဂရုစိုက်သော်လည်း သူမနှင့် ယှဉ်လျှင် ဖုန်းမိသားစုမှာ သူ့အတွက် အရေးမပါတော့ပေ။


ကျန်းလီယွင် စိတ်ကောင်းဝင်နေပြီး ဖုန်းရီ ဆံပင်အား ပွတ်သပ်ရင်း ပြောလိုက်သည်။ 

“အခု ကြက်ပေါင်စားတော့... ငါစဉ်းစားထားတာ နင့်ကို ပြောပြမယ်...”


လမ်းဘေး မြက်ခင်းတွင်ထိုင်ရင်း သူမ အစီအစဉ်များကို ဖုန်းရီအား ပြောပြခဲ့သည်။ 

“ငါမြို့မှာ ဈေးဆိုင်လေးဖွင့်ချင်တယ်...အရင်က မရနိုင်တဲ့အရာမျိုးပေါ့... နင် ဖက်ထုပ်ကို သိလား...မြောက်ပိုင်းက လူတွေက ဖက်ထုပ်စားကြတာ...ငါတို့ဆီမှာ မရနိုင်ဘူးလေ...ငါ ဖက်ထုပ်ကြော် ရောင်းချင်တယ်...ကုန်ကျစရိတ်က သက်သာတယ်... သံဒယ်အိုးအပြားနဲ့ မီးသွေးမီးဖို ရှိရင် ရပြီ...ငါ ကြက်ဥပန်ကိတ်ပါ ရောင်းလို့ရသေးတယ်...”


သူမ ထိုအရာများကို မြို့ပေါ်တွင် ရောင်းချမည်။ ယခင်က ထိုသို့ မလုပ်ဖူးသော်လည်း ဆိုဖာစက်ရုံတွင် အလုပ်လုပ်စဉ်ကထက် ငွေပိုရပေလိမ့်မည်။


ဖုန်းရီက တီဗီလည်း မကြည့်ဖူးရာ ဖက်ထုပ်နှင့် ပန်ကိတ်က မည်သည်မှန်း နားမလည်ပေ။ သို့ရာတွင် ကျန်းလီယွင် လုပ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။


သူ ကျန်းလီယွင်၏ အစီအစဉ်များကို ပြုံးရင်း ဂရုတစိုက်နားထောင်နေသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး သူမကို ကြက်ပေါင်အား မြည်းစမ်းကြည့်စေချင်သည်။


“ငါ စားလို့ မရသေးဘူး... နင်ပဲ စား... နင်မစားရင် ငါစိတ်ဆိုးမှာနော်...”

ကျန်းလီယွင်က မျက်မှောင်ကြုတ်လိုက်သည်။


“အစ်မလီယွင်... တစ်ကိုက်လောက်တော့ ကိုက်လိုက်ပါဦး...”

ဖုန်းရီက ပြောသည်။


ကျန်းလီယွင် ဖုန်းရီအား တစ်ချက်ကြည့်၍ ကြက်ပေါင်အား တစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက် ဖုန်းရီက ပျော်ရွှင်စွာ အရသာခံရင်း ကြက်ကြော်ကို ကိုက်စားတော့သည်။


ရှဲ့ဇူကန်းလား... သူက ဘာကောင်လဲ...



🏡🏡🏡