Chapter 9
Viewers 1k

🏡 Chapter 9

အစီအစဉ်များ



အုတ်နှင့် ကြွေပြားစက်ရုံတွင် အလုပ်လုပ်ချိန်မှ စ၍ သူ ယခင်ထက် ကောင်းမွန်စွာ စားသောက်လာနိုင်သည်။ ယခင် ဖုန်းအိမ်တွင် နေစဉ်က အဖေဖုန်းမှာ ဖုန်းရီ အစားများစွာ စားခြင်းကို မနှစ်မြို့ပေ။ ထို့အပြင် သူ စက်ရုံတွင် အလုပ်လုပ်ချိန်မှစ၍ ဖုန်းအိမ်မှ အစားအစာ အနည်းငယ်မျှပင် မထောက်ပံ့တော့သောကြောင့် ဖုန်းမိသားစုမှာ ဝေဖန်ခံခဲ့ရသည်။ ဖုန်းရီကမူ စက်ရုံတွင် အနည်းဆုံး ဝလင်စွာ စားသောက်နိုင်သေးသည်။


အနပ်တိုင်း ဟင်းသီးဟင်းရွက်နှင့်ဟင်းများ ဝယ်စားရန် ဆယ်ယွမ်ဟူသော ငွေပမာဏက မလောက်ငှပေ။ သို့ရာတွင် သူက နေ့စဉ် ဟင်းသီးဟင်းရွက်အနည်းငယ်မျှသာ ဝယ်ပြီး နှစ်နပ်ခွဲစားသောကြောင့် လုံလောက်ပေသည်။


ထို့အပြင် စက်ရုံဝန်ထမ်းများမှ သူ့ကို မနှစ်သက်သော သူများ ရှိသော်လည်း သူ့ကို သနားပြီး ဂရုစိုက်ပေးကြသော လူကြီးများလည်း ရှိသည်။ ထိုသူများက အိမ်မှ သယ်လာသော ဆားစိမ်ဟင်းသီးဟင်းရွက်များကို သူ့အား မျှဝေပေးကြသည်။ 


ငယ်စဉ်ကလည်း ကျန်းလီယွင်မှာ သူကို အစားအသောက်ရှာဖွေရန် ခေါ်ဆောင်သွားခဲ့ဖူးသည်။ သူ ထိုအတွေ့အကြုံများကို မှတ်မိနေဆဲဖြစ်သည်။ တစ်ခါတစ်ရံ သူများ၏ အလုပ်ကို ကူညီပြီး လုပ်အားခအနေဖြင့် အစားအစာများနှင့် လဲလှယ်လေ့ရှိသည်။


သူ အားသည့်အချိန်တိုင်း ကန်တင်းတွင် ကူညီပေးလေ့ရှိပြီး အစားအစာအချို့ ပြန်လည်ရရှိတတ်သည်။ စက်ရုံခေါင်းဆောင်မှ ဝက်ခြေထောက် ပဲပိစပ်စတူးစားသောနေ့များတွင် ပဲပိစပ်အချို့ သူရရှိတတ်သည်။ 


ဤသို့ဖြင့် ဤနှစ်များတွင် သူ မဆာလောင်တော့သော်လည်း ကြက်ဥမွှေကြော်၏ အနံ့အရသာမှာ သူ့ကို ပျော်ရွှင်စေသည်။


အဲ့ဒါက ကျန်းလီယွင် ချက်ပေးတာကို …


ထိုအရာက သူ့ဘဝတွင် စားဖူးသမျှထဲမှာ အကောင်းဆုံးသော ကြက်ဥမွှေကြော်ပင် ဖြစ်သည်။


“လီယွင် မင်းကို ဘာပြောတာလဲ...” 

ကျန်းလီဟိုင်က ဖုန်းရီကို မေးသည်။


ဖုန်းရီက စားလက်စ ကြက်ဥမွှေကြော်ကို ပါးစောင်ဆီကပ်ရင်း ပြန်ဖြေသည်။ 

“ထူးထူးခြားခြား မဟုတ်ပါဘူး...”


ကျန်းလီဟိုင်က ကျန်းလီယွင်နှင့် ဖုန်းရီ ပြောသမျှကို လွန်စွာ သိလိုခြင်းမရှိပေ။ လီဟိုင်မှာ လီယွင်ထက် ငါးနှစ်ကြီးသောကြောင့် သူ၏ မျက်စိရှေ့တွင် သူမတို့ အရွယ်ရောက်သည်ကို စောင့်ကြည့်ခဲ့ရပြီး သူမတို့ ဆက်ဆံရေးကောင်းသည်ကို သိထားသည်။ သူ့ညီမက ဖုန်းရီနှင့် စကားပြောသည်မှာ ပုံမှန်ပင် ဖြစ်သည်။


သူ(လီဟိုင်) စကားလမ်းကြောင်းပြောင်းလိုက်သည်။ 

“ဒီနေ့ စက်ရုံမှာ ကြက်သားပေါ်မှာ...စားကောင်းမယ့်ပုံပဲ...ကံမကောင်းတာက ငါတို့ကတော့ ကြက်သွေးနည်းနည်းပဲ ရနိုင်မှာ...”


မကြာသေးမီ နှစ်များတွင် တည်ဆောက်ရေးလုပ်ငန်းများ ထွန်းကားလာပြီး အနီးနားရှိ မြို့ကြီးများတွင် အုတ်နှင့် ကြွေပြားများ သိသာစွာ လိုအပ်နေခဲ့သည်။ စက်ရုံ၏ ကုန်ထုတ်အားမှာ လိုအပ်ချက်ကို မမှီပေ။ စက်ရုံ၏ အကျိုးအမြတ်များ တိုးမြင့်လာပါက သူတို့၏ လုပ်ခလစာများ တိုးလာရုံသာမက ခေါင်းဆောင်များက ကောင်းမွန်သော အစားအသောက်များနှင့် ဖျော်ရည်များပါ နေ့စဉ် စားသောက်နိုင်လာသည်။


ကန်တင်းမှ တို့ဟူးဟင်းရည်၊ တို့ဟူးနှပ်တို့ဖြင့် ဝန်ဆောင်မှုပေးသည်။ သို့ရာတွင် ခေါင်းဆောင်များမှာမူ အထူးဟင်းပွဲများ စားသုံးနိုင်သည်။ ယနေ့တွင် ကြက်သားအချို့ စားနိုင်လောက်သည်။


စက်ရုံဝန်ထမ်းများမှာ အားကျသောအကြည့်များဖြင့် အဝေးမှသာ ကြည့်ရှုနိုင်ကြသည်။


ဖုန်းရီလည်း အလွန် ဆာလောင်နေပြီဖြစ်သောကြောင့် သူလည်း ကြက်သားစားချင်မိသည်မှာ သဘာဝပင်။


ဒါပေမယ့် ငါ့မှာ ဒီနေ့ ကြက်ဥမွှေကြော် ရှိတယ်...

ထိုအကြောင်းတွေးရင်း ဖုန်းရီ ပျော်ရွှင်နေမိသည်။


“ရှဲ့ဇူကန်းက ဘာအရည်အချင်းမှ မရှိဘဲ နေ့တိုင်း အစားကောင်း အသောက်ကောင်း စားနေနိုင်တာပဲ...ဒါ တော်တော်လေးတော့ မတရားဘူး…”

ကျန်းလီဟိုင်က ဆက်ပြောသည်။


ဤအုတ်နှင့် ကြွေပြားစက်ရုံတွင် ကျန်းလီဟိုင် မနှစ်မြို့ဆုံးသူမှာ သူနှင့် သက်တူရွယ်တူ ရှဲ့ဇူကန်းပင် ဖြစ်သည်။ ရှဲ့ဇူကန်းမှာ နေ့တိုင်း အလုပ်မလုပ်ဘဲ စက်ရုံအနှံ့လျှောက်သွားနေပြီး သယ်ယူပို့ဆောင်ရေးဌာနမှ လစာရနေခြင်းဖြစ်သည်။


ငါ(လီဟိုင်)ကျတော့ရော... သယ်ယူပို့ဆောင်ရေးဌာနကိုတောင် မဝင်နိုင်သေးဘူး...


သယ်ယူပို့ဆောင်ရေးဌာနကို ဝင်ရောက်နိုင်ရန်မှာ အဆက်အသွယ်များစွာရှိရန် လိုအပ်သည်။ ကျန်းမိသားစုတွင် အဆက်အသွယ်မရှိပေ။ ထို့အပြင် သူ(လီဟိုင်)၏ လစာများမှာလည်း သူ့မိသားစုအတွက် သုံးစွဲရသည်။


စက်ရုံတွင် လက်မထပ်ရသေးသော အမျိုးသားများမှာ လစာကို ကိုင်တွယ်ခွင့်မရှိဘဲ မိဘများမှ နောင်တစ်ချိန် လက်ထပ်ရာတွင် သုံးရန် စုဆောင်းပေးလေ့ရှိသည်။ သူ့အတွက်မူ လစာများကို အပ်ပြီးနောက် အမေကျန်းဆေးကုသရာတွင် သုံးရသဖြင့် သူ့လက်ထဲတွင် မကျန်ပေ။


သူ့တွင် ချစ်သူကောင်မလေးရှိပြီး လွန်ခဲ့သော အချိန်ကာလများထဲမှ လက်ထပ်ချင်နေပြီ ဖြစ်သော်လည်း သူ၏ မိသားစုမှာ ခန်းဝင်လက်ဖွဲ့ပင် မတတ်နိုင်ပေ။ သူတို့တွင် အိမ်အသစ် ဆောက်ရန်လည်း ပိုက်ဆံမရှိပေ။


ရှဲ့ဇူကန်းမှာ ချစ်သူရည်းစားပင်မရှိသဖြင့် အခြေအနေမှာ လုံးဝကွာခြားသည်။ သူ(လီဟိုင်)က လက်ထပ်ရန် မတတ်နိုင်ခြင်းဖြစ်သော်လည်း ရှဲ့ဇူကန်းမှာ ကပ်စေးနည်းခြင်းသာဖြစ်သည်။ ရှဲ့မိသားစုပိုင် ကြွေပြားကပ် နှစ်ထပ်အိမ်အသစ်ကြီးမှာ မိန်းကလေးများကို ရှဲ့ဇူကန်းအား လက်ထပ်ချင်စိတ် ဖြစ်ပေါ်စေသည်။


သူ(လီဟိုင်)သာ ရှဲ့မိသားစုတွင် မွေးဖွားလာခဲ့ပါက ယခုကဲ့သို့ ပန်းရံသမားမဖြစ်လာလောက်ပေ။ တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရပြီး မြို့ပေါ်တွင် တည်ငြိမ်သော အလုပ်အကိုင်ကောင်း ရနေလောက်ပြီဖြစ်သည်။


ကျန်းလီဟိုင်မှာ ရှဲ့ဇူကန်းကို မည်သည့်အချိန်ကမျှ သဘောမကျပေ။ ဖုန်းရီအား အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

“မင်းသိလား... ရှဲ့ဇူကန်းက မြို့မှာစားသောက်သမျှကို စက်ရုံကို ပြေစာပြပြီး ငွေပြန်တောင်းနေတာကွ...စက်ရုံကို သူ့အပိုင်လို့ကို သဘောထားနေတာကွာ...”


သူတို့ စကားပြောနေစဉ် ရှဲ့ဇူကန်းက သူတို့ဆီ ဦးတည်ပြီး လမ်းလျှောက်လာလေသည်။


ကျန်းလီဟိုင်က စကားပြောနေသည်ကို ရပ်ကာ မတ်တတ်ရပ်ပြီး ရှဲ့ဇူကန်းကို ကြည့်လိုက်သည်။


ရှဲ့ဇူကန်းက သူ့ထက် အရပ်ပိုမြင့်သော ကျန်းလီဟိုင်ကို ပြုံးပြရင်း ပြောလိုက်သည်။

“ကျန်းလီဟိုင်...မင်းရဲ့ ဒုတိယညီမက ဒီရောက်နေတယ်လို့ ငါကြားတယ်...သူ ဘာလို့ ငါ့ဆီ လာမရှာတာလဲ...”


ကျန်းလီဟိုင်က ပြန်ဖြေသည်။

“သူက မင်းကို ဘာလို့ လာရှာရမှာလဲ...”


ရှဲ့ဇူကန်းက ထပ်မံ၍ ပြုံးပြပြန်သည်။


ရှဲ့ဇူကန်းနှင့် တစ်ရွာထဲနေသော စက်ရုံဝန်ထမ်းမှ ကျန်းလီဟိုင်ကို ကြည့်ရင်း ပြောလိုက်သည်။

“မင်းညီမက မနေ့က ရှဲ့ဇူကန်းနဲ့ ရုပ်ရှင်သွားကြည့်ကြတာလေ...”


ထို့နောက် သူက ရှဲ့ဇူကန်းဘက် လှည့်၍ ပြောသည်။

“ရှဲ့ဇူကန်း.... သူ မင်းနဲ့ တွေ့တာ မကြာသေးဖူးဆိုတော့...မင်းကို လာရှာဖို့တော့ မဖြစ်နိုင်ဘူး...ငါထင်တာတော့ သူ ဒီကိုလာတာ မင်းအခြေအနေကို လာစုံစမ်းတာဖြစ်မယ်...”


အုတ်နှင့်ကြွေပြားစက်ရုံမှာ ရှဲ့ဇူကန်းနေထိုင်သော ရွာနှင့် မဝေးလှပေ။ ယမန်နေ့ညက ရှဲ့ဇူကန်း၏ရွာတွင် ဇာတ်ကားသစ် ရုံတင်ပြသခဲ့သည်။ ထို့ကြောင့် စက်ရုံမှ လူများစွာက ထိုရွာသို့ သွား၍ ရုပ်ရှင်ကြည့်ခဲ့ကြသည်။


သူတို့အားလုံးက ရှဲ့ဇူကန်းကို သိကြသော်လည်း ကျန်းလီယွင်ကို မသိကြပေ။ သို့သော် တူညီသော ကွန်မြူနတီ အောက်တွင်ဖြစ်သဖြင့် သူမအကြောင်းစုံစမ်းရန်မှာ လွယ်ကူလှသည်။


ယမန်နေ့ညက ကျန်းလီယွင်က ရှဲ့ဇူကန်းနှင့်အတူ ရုပ်ရှင်ကြည့်ခဲ့သဖြင့် ယနေ့ စက်ရုံသို့ ရှဲ့ဇူကန်းအကြောင်း လာရောက်စုံစမ်းခြင်းမှာ ဖြစ်နိုင်ခြေများသည်။


စက်ရုံရှိ အလုပ်သမားများက စတင်၍ စနောက်ကြသည်။

“ရှဲ့ဇူကန်း… ကျန်းလီယွင်က လှလားကွ...”


“ကျန်းညီအစ်မတွေ အကုန် လှကြတယ်...”


“ဒါသာ အလုပ်ဖြစ်ခဲ့ရင် ကျန်းလီဟိုင်က မင်းယောက်ဖဖြစ်လာတော့မှာပေါ့...”


“ရှဲ့ဇူကန်း...ကျန်းလီယွင်က ဒီနေ့ စက်ရုံထိတောင် လာရှာပုံပေါက်ရင် မင်းကို အရမ်း စိတ်ဝင်စားနေတာ ဖြစ်မယ်...”


“ကျန်းလီဟိုင်... မင်းညီမ မင်းကို ဘာပြောသေးလဲ...”


ကျန်းလီဟိုင်မှာ ထိုလူများ၏ ဝန်းရံမေးမြန်းခြင်းကို ခံနေရကာ သူ၏ မျက်နှာမှာ နီမြန်းလာပြီး စိတ်ရှုပ်ထွေးကာ ဒေါသထွက်လာတော့သည်။


ဖုန်းရီက ကျန်းလီဟိုင်ဘေးတွင် မတ်တတ်ရပ်နေပြီး ခေါင်းငုံ့ထားရင်း မည်သည်မျှ ဝင်မပြောပေ။


ကျန်းလီယွင် ရုတ်တရက် ငါ့ကို လာရှာပြီး ကြက်ဥမွှေကြော်ပေးတာက ရှဲ့ဇူကန်းအကြောင်း မေးချင်လို့များလား...


ဖုန်းရီမှာ ချက်ချင်းပင် စားလက်စ ကြက်ဥမွှေကြော်က အရသာမရှိတော့သယောင် ခံစားမိသည်။ ထိုအစား အနည်းငယ်မျှပင် ခါးသက်လာသေးသည်။


×××××


ဖုန်းရီနှင့် တွေ့ဆုံပြီးနောက် ကျန်းလီယွင်၏ စိတ်ခံစားချက်များ ငြိမ်သက်သွားခဲ့သည်။ သူမ ဂရုစိုက်သောသူများအားလုံး ကောင်းမွန်စွာ ရှိနေကြသည်။ 


ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလိုက်သလဲ...


သူမ ဖုန်းရီကို အလုပ်ထွက်ရန် တွန်းအားမပေးနိုင်ပေ။ သူမ၏အစ်မ ကျန်းလီဖျင်နှင့် မတူသည်မှာ သူမ၏ အစ်မက လောဘကြီး၍ အရာရာကို လိုချင်မက်မောသည်။ ကျန်းလီယွင်က ခြိုးခြံချွေတာပြီး ငွေဖြုန်းလေ့မရှိပေ။ ဆိုဖာစက်ရုံ၌ အလုပ်လုပ်စဉ်ကပင် နေ့လည်စာကို အိမ်ပြန်စားလေ့ရှိသည်။ 


သူမက အစဉ်အမြဲ ငွေရှာရန် နည်းလမ်းများ ရှာဖွေလေ့ရှိသည်။ လက်တလောတွင် သူမ၌ စုဆောင်းငွေ ယွမ်တစ်ရာဝန်းကျင်ရှိသည်။ သူမအသက်အရွယ်မိန်းကလေးတစ်ယောက်အတွက် များပြားသော ငွေပမာဏဖြစ်သော်လည်း လွန်စွာ များပြားနေခြင်းမျိုးမဟုတ်ပေ။ အနည်းငယ်မျှ သုံးလိုက်လျှင်ပင် ကုန်ဆုံးသွားနိုင်သည်။


နောင်တွင် သူမဘာလုပ်ရမည်ကို သူမ မဆုံးဖြတ်ရသေးပေ။ ဖုန်းရီကို ရုတ်ခြည်းအလုပ်ထွက်ခိုင်းလျှင်လည်း ဖုန်းမိသားစုအား စိတ်ပျက်စေမည် ဖြစ်သည်။ 

ဖုန်းရီကရော...သူအလုပ်ထွက်ပြီး ဘယ်မှာ အိပ်ပြီး ဘာသွားစားမလဲ...


လက်ရှိအချိန်တွင် သူမကိုယ်တိုင်နှင့် ဖုန်းရီအား ထောက်ပံ့ရန် မတတ်နိုင်ပေ။


ကျန်းလီယွင်က အရင်ဆုံး ငွေရှာရန် နည်းလမ်းများကို ရှာဖွေရန် အစီအစဉ်ဆွဲသည်။ သူမတွင် ငွေကြေးလုံလောက်လာပါက ဖုန်းရီကို အလုပ်ထွက်ပြီး သူမနှင့်အတူ အလုပ်လုပ်ကိုင်စေမည်။


ပိုက်ဆံရှာဖို့အတွက်ကတော့...


ယခင်ဘဝက သူမစောစီးစွာ အင်တာနက်နှင့် ထိတွေ့ခဲ့ပြီး အမျိုးမျိုးသော အကြောင်းအရာများကို သင်ယူရန် ဆန္ဒရှိခဲ့သည်။ ယခုခေတ်တွင် ငွေရှာရန် နည်းလမ်းပေါင်းစုံရှိကြောင်း သူမ သိသည်။ ဥပမာ - သူမက တစ်ဆင့်ခံပြန်ရောင်းနိုင်သော်လည်း ထိုနည်းလမ်းနှင့် သူမ ကိုက်ညီမှုမရှိပေ။


အင်တာနက်‌ကော်နက်ရှင်မရှိဘဲ ကျေးလက်ဒေသ၌ အရောင်းအဝယ်လုပ်၍ ငွေရှာခြင်းက သူမအတွက် မဖြစ်နိုင်သလောက်ပင်။ ဤနယ်ပယ်၌ သူမ၏ ဗဟုသုတမှာ အကန့်အသတ်ရှိသည်။


သူမ နားလည်တတ်ကျွမ်းသောအရာများကို အခြေခံ၍ ငွေရှာရန် ကြိုးပမ်းရမည်ဖြစ်သည်။ 


သူမ သိနားလည်သည့်အရာဖြင့် ငွေရှာရမည်။

ယခင်ဘဝ၌ သူမကွာရှင်းပြီးနောက် သူမကိုယ်သူမနှင့် မိသားစုကို ထောက်ပံ့ရန် မြို့ထဲ၌ စားပွဲကောင်တာလေးဖြင့် မနက်စာ ရောင်းချခဲ့သည်။ ပျံကျဈေးသည်ဘဝမှ စတင်ခဲ့ရာ နောက်ပိုင်းတွင် ကိုယ်ပိုင်ဆိုင်လေး ပိုင်ဆိုင်လာနိုင်ခဲ့သည်။


စားပွဲလေးဖြင့် ဈေးရောင်းချခြင်းက သူမနှင့် သင့်တော်ပြီး တည်ငြိမ်သော ငွေရလမ်းကြောင်းတစ်ခုဖြစ်သည်။ သို့ရာတွင် ၁၉၈၀နောက်ပိုင်းနှစ်များတွင် မနက်စာ ရောင်းချခြင်းက ဝင်ငွေ မများနိုင်ပေ။ အဓိက အကြောင်းပြချက်မှာ မြို့တွင် လူဦးရေနည်းပါးကာ ဝင်ငွေမှာလည်း အကန့်အသတ်နှင့် ဖြစ်၍ပင်။


၁၉၉၀နှစ်များတွင် သူမနေထိုင်ရာမြို့လေးတွင် စက်ရုံများစွာပေါ်ပေါက်လာသောကြောင့် ဈေးဆိုင်ငယ်လေးများနှင့် သူမ၏ မနက်စာဆိုင်လေးသည်လည်း ရှင်သန်လာခဲ့သည်။


ထိုအချိန်ကာလ၌ ဒေသခံမျာသာမက အခြားဒေသမှ လူများပါ လာရောက်၍ အလုပ်လုပ်ကြသည်။ စားသုံးသူများပြားလာသောအခါ သူမ၏ မနက်စာဆိုင်လေးသည်လည်း သဘာဝကျကျပင် ရှင်သန်လာခဲ့ပေသည်။


သို့ရာတွင် ယခုမှာမူ မတူတော့ချေ။ ယခင်ဘဝတွင် နောက်နှစ်အစပိုင်း၌ ဆိုဖာစက်ရုံ ရောင်းအားကျဆင်းမှုကြောင့် ပိတ်ရက်များပြားလာခဲ့ပြီး သူမလည်း မြို့ထဲ၌ ဆိုင်လေးစတင်ခဲ့သည်။ 


သူမ ခြံထဲ၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကာ ရောင်းချပြီး မျှစ်များဖြင့် ပြုလုပ်ထားသော သနပ်များပါ လက်လီလက်ကားပေးရာ တစ်ရက်လျှင် လေး ငါးယွမ်မျှ ဝင်ငွေရခဲ့သည်။ ဤအခြေအနေကို ဆက်ထိန်းထားရင်း တစ်လလျှင် ယွမ်တစ်ရာကျော် ငွေရှာနိုင်ပေမည်။ ထိုပမာဏက မဆိုးလှပေ။ ပြဿနာမှာ သူမ မည်သည့်အရာအား ရောင်းစေကာမူ နောက်ရက်အနည်းငယ်အကြာတွင် တူညီသောပစ္စည်းများ လိုက်ရောင်းကြသူများပင် ဖြစ်သည်။


ဈေးတွင် အလုပ်လက်မဲ့များဖြင့် ပြည့်နှက်နေရာ တစ်ယောက်ယောက်မှ စားပွဲအသေးလေးဖြင့် တစ်ခုခုရောင်းရင်း ငွေရှာနိုင်သည်ကို တွေ့ပါက သူတို့ပါ လိုက်လုပ်ကြလေ့ရှိသည်။


ဈေး(market)ကတော့ သိပ်မကြီးပါဘူး...


သူမ မနက်စာရောင်းချစဉ်ကပင် ငွေရှာရခက်ခဲသော်လည်း အခြားသူများထက် အနည်းငယ် ပိုသာခဲ့သည်။


သင့်တင့်လျောက်ပတ်စွာ ငွေရှာရန်မှာ မတူညီသော အရာများကို ရောင်းချရမည် ဖြစ်သည်။ သတင်းအချက်အလက်များပြားသော ခေတ်ကာလကို ပြန်တွေးကြည့်လျှင် သူမ၏ မြို့၌ မရှိသေးသောအရာများကို သူမသိသည်။


ရက်အနည်းငယ်ကြာပြီးနောက် သူမ မြို့သို့သွားရန် စီစဉ်ခဲ့သည်။ အသစ်အဆန်းကို စမ်းကြည့်ချင်ကြသော လူများ၏ စိတ်ကိုအခြေခံကာ ရောင်းချရန် ကောင်းမွန်မည့် အရာများကို ရှာဖွေခဲ့သည်။ ဆိုင်လေးတစ်ဆိုင်ဖွင့်ခြင်းက သူမဘဝတွင် ရွှေအိုးပိုက်မိခြင်းပင်ဖြစ်သည်။


ချင့်ချိန်စဉ်းစားရင်း ကျန်းလီယွင် သူမရွာသို့ လမ်းလျှောက်သွားခဲ့သည်။ အိမ်တစ်အိမ်ရောက်သောအခါ သူမ ပြောလိုက်သည်။

“အန်တီ ယွီရှန်း... ကြက်တစ်ကောင်ဝယ်ချင်လို့ပါ...”


၁၉၈၀နှစ်များတွင် စီးပွားရေးက တဖြည်းဖြည်း ပွင့်လင်းမြင်သာမှုရှိလာပြီး သာမန်လူများ၏ လိုအပ်ချက်များသည်လည်း တဟုန်ထိုးမြင့်တက်လာခဲ့သည်။


အုတ်နှင့်ကြွေပြားစက်ရုံမှာ အကျိုးအမြတ်များခဲ့သည်။ အကြောင်းရင်းမှာ မြို့ပြအနီးရှိ မရေမတွက်နိုင်သော လူများနှင့် သူတို့ကွန်မြူနတီက အိမ်ဆောက်ချင်သူများကြောင့်ပင်ဖြစ်သည်။ ဆိုဖာစက်ရုံကဲ့သို့ အချို့သော စက်ရုံများမှာမူ ခေတ်နောက်ကျကျန်ခဲ့သော ထုတ်ကုန်ဒီဇိုင်းများနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကြောင့် အခြားစက်ရုံအသစ်များထံ၌ ဖောက်သည်များဆုံးရှုံးကာ အကျိုးအမြတ်ကျဆင်းသွားသည်။ 


ဤခေတ်ကာလ၌ လိုအပ်ချက်များစွာ ရှိနေဆဲပင်။ ဥပမာ- ၁၉၈၀အလယ်နှစ်များတွင် ကြက်နှင့် ဘဲဈေးများ မြင့်တက်ခဲ့သည်။ ၁၉၈၀ခုနှစ်တွင် အမွေးအဖြူရောင်ကြက်ကို ဈေးကွက်၌ စတင်မိတ်ဆက်လာကြသည်။ ၁၉၈၀အလယ်နှစ်များတွင် ထိုကြက်များကို သားဖောက်ကာ တည်ငြိမ်သော ဝင်ငွေလမ်းကြောင်းဖြင့် ချမ်းသာကြွယ်ဝလာကြသည်။


ထိုအရာက ခေတ်ရေစီးကြောင်းဖြစ်လာပြီး မကြာမီ နှစ်များတွင် မိသားစုများစွာက ရွာ၌ ကြက်များ မွေးမြူလာကြသည်။ ၁၉၆၀နှစ်များနှင့် ၁၉၇၀နှစ်များတွင် ကန့်သတ်မှုများခဲ့သော်လည်း ယခုလို အခွင့်အရေးများ ရလာသောအခါ အများစုမှာ အောင်မြင်သော စွန့်ဦးတီထွင်သူများ ဖြစ်လာကြသည်။ 


ပုံမှန်အရာများကို လုပ်လျှင် ထူးခြားပြောင်မြောက်စွာ ငွေရှာနိုင်ရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါသောကြောင့်ပင်ဖြစ်သည်။ ဥပမာ- တစ်စုံတစ်ယောက်မှ ကြက်မွေးပြီး စီးပွားဖြစ်လျှင် အခြားသူများကပါ လိုက်လုပ်ကြသည်။ ဘဲမွေးခြင်း၊ ဆားစိမ်ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း၊ စတော်ဘယ်ရီစိုက်ပျိုးခြင်း၊ ဝက်မွေးမြူခြင်း၊ ဆိုင်ဖွင့်ခြင်းများ ကဲ့သို့ဖြစ်သည်။


ထိုသို့ လုပ်ဆောင်ခြင်းက အကျိုးအမြတ်ရှိမည်ဖြစ်ကြောင်း အာမခံချက်မရှိပေ။ သာဓကအနေဖြင့် အမွေးဖြူကြက်များ မွေးမြူခြင်းအကြောင်း ပြောရလျှင် ဈေးကွက်မှာ ကျယ်ပြန့်ခြင်းမရှိပေ၊ ကြက်အစာများမှာလည်း ဈေးမသက်သာပေ။ အစပိုင်းတွင် ကြက်မွေးမြူပြီး စီးပွားဖြစ်ကြသော်လည်း နောက်ပိုင်းတွင် လူများစွာက လိုက်ပါလုပ်ဆောင်လာကြသောအခါ ရောင်းလိုအားမှာ ပိုလျှံသွားမည်ဖြစ်သည်။ 


ကံကောင်းစွာပင် ကြက်ကောင်ရေအနည်းငယ်နှင့် အိမ်တွင်မွေးမြူကြခြင်းဖြစ်သဖြင့် အမြတ်မကျန်ပါကလည်း များစွာ ဆုံးရှုံးခြင်းမရှိနိုင်ပေ။ 


“လီယွင်...ဒီနေ့ ငါတို့အိမ်မှာ နေမကောင်းတဲ့ ကြက်မရှိဘူး...”

ကျန်းယွီရှန်းက အားနာသောမျက်နှာဖြင့် ပြောသည်။ ထိုစဉ် ကျန်းလီယွင် တစ်စုံတစ်ခုကို မှတ်မိသွားသည်။


အမေကျန်းနှင့် ကျန်းလီယွီမှာ မကြာခဏ နေမကောင်းဖြစ်ကာ ဆေးရုံရောက်သော အကြိမ်တိုင်းတွင် ဆရာဝန်က အာဟာရပြည့်ဝစွာ စားရန် အမြဲမှာလေ့ရှိသည်။ သူမတို့ မိသားစုက အသားမစားနိုင်သော်လည်း ဆေးရုံမှ ပြန်တိုင်း အဖေကျန်းက ချက်ပြုတ်ရန် ကြက်တစ်ကောင်ဝယ်လေ့ရှိသည်။


ကြက်ဈေးမှာ အမျိုးမျိုးဖြစ်သည်။ ပြည်တွင်း၌ မွေးမြူသော ကြက်များမှာ အမွေးဖြူကြက်များထက် ဈေးသက်သာသည်။ ပို၍ ဈေးသက်သာသည်မှာ နေမကောင်းဖြစ်၍ သေသွားသော ကြက်များပင် ဖြစ်သည်။ ဤရွာ၌ ရွာသားအချို့က အမွေးဖြူကြက်များကို မွေးမြူကြရာ အချို့မှာ ဖျားနာ၍ သေဆုံးသွားကြသည်။ ထိုကြက်များကို ရွာသားများထံ ရောင်းချကြခြင်းဖြစ်သည်။ 


ဤသို့ဖြင့် နာမကျန်းဖြစ်သော ကြက်များ ၊ သေဆုံးသွားသော ကြက်များကို ဝယ်ယူကြရသည်။ ဤရွာ၌ ကြက်ငှက်တုပ်ကွေးကဲ့သို့သော ရောဂါများမရှိသည်က ကံကောင်းသည်ပင်။ ထိုကြက်များကို စားသုံးသော်လည်း မသေနိုင်ပေ။


အတိတ်အကြောင်းများတွေးရင်း ကျန်းလီယွင် သက်ပြင်းချမိသည်။ ထို့နောက် ပြုံး၍ ကျန်းယွီရှန်းအား ပြောလိုက်သည်။ 

“အန်တီယွီရှန်း... ဒီနေ့တော့ ကျွန်မ ကျန်းမာတဲ့ ကြက်ပဲ ဝယ်ချင်တယ်...”


“ငါ့မှာ အရွယ်ရောက်နေတဲ့ ကြက်တချို့ရှိတယ်...လာရွေးလိုက်နော်...”

ကျန်းယွီရှန်း ပြန်ဖြေသည်။


ကျန်းယွီရှန်း၏ ခြံဝင်းထဲ ဝင်လိုက်သောအခါ ရောင်းရန်အသင့်ဖြစ်နေသော ရာနှင့်ချီသော အရွယ်အစားမျိုးစုံ အမွေးဖြူကြက်အုပ်ကို တွေ့လိုက်ရသည်။ ကျန်းလီယွင်က ဝဝဖြိုးဖြိုး ကျန်းမာပုံရသော ကြက်တစ်ကောင်ကို ရွေးချယ်လိုက်ပြီး အလေးချိန် ချိန်ခိုင်းလိုက်သည်။


“လေးပေါင်နည်းနည်းလေးကျော်တယ်...သုံးယွမ်ပဲပေး...”

ကြက်ခြေထောက်ကို ကောက်ရိုးနှင့်တွဲချည်၍ အလေးချိန်ရင်း ကျန်းယွီရှန်းက ပြောလိုက်သည်။ 



🏡🏡🏡