Chapter 8
Viewers 1k

🏡 Chapter 8

နားလည်မှုလွဲမှားခြင်း



သူမ၏ မွေးချင်းမောင်နှမများက သူမအား လယ်ထဲအလုပ်လုပ်ခိုင်းသောအခါတွင်လည်း ဖုန်းရီက ကောက်ရိတ်ခြင်း၊ မျိုးစေ့ကြဲခြင်းတို့ကို တိတ်တဆိတ်ကူညီပေးခဲ့သည်။ သူမအတွက်မူ ဖုန်းရီက သူမ၏ မွေးချင်းမောင်နှမများထက်ပင် ရင်းနှီးခဲ့သည်။


ကောင်းပြီ... အခုကစပြီး သူ့ကို မောင်အရင်းလို သဘောထားတာပေါ့...


ကျန်းလီယွင်က ကြက်ဥကြော်များပေးရန် အကြောင်းပြချက်ကောင်းများ စဉ်းစားလာခဲ့သည်။ 

“အရင်က ငါ့ကို စပါးရိတ်တုန်းက ကူညီပေးခဲ့တယ်မလား...ဒီကြက်ဥတွေက ကျေးဇူးဆပ်တာလို့ သဘောထားလိုက်...”


“အစ်မလီယွင်...”

ဖုန်းရီက အပြစ်ရှိသော မျက်နှာလေးဖြင့် ခေါ်လာသည်။ 

“အစ်မကို ဘယ်သူပြောပြတာလဲ...”


“ငါ ခန့်မှန်းလိုက်တာ...နင့်အပြင် ငါ့ကို ကူညီမယ့်သူ ဘယ်သူရှိလို့လဲ...”

သူမ၏ ယခင်ဘဝမှ သိလာခဲ့သည်ဟု ပြော၍မရချေ။ သို့ရာတွင် ဤနှစ်များတွင် ဖုန်းရီနှင့် မတွေ့ဖြစ်ပေ။ သူက ပိန်ပါးဆဲဖြစ်ကာ အလုပ်များစွာ လုပ်နိုင်မည့်ပုံမပေါ်ပေ။


ထိုအချိန်များတွင် သူမ ဖုန်းရီကို အမှန်တကယ် အာရုံမစိုက်ဖြစ်ခဲ့ပေ။


ဖုန်းရီက ခေါင်းငုံ့ရင်း ပြောလာသည်။

“ကျွန်တော်... ကျွန်တော်...”


“ဖုန်းရီ... အလုပ်ပြန်လုပ်တော့...”

အဝေးမှ တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။


ထိုအုတ်နှင့်ကြွေပြားစက်ရုံမှ အလုပ်သမားများမှာ ထမင်းစားချိန် ခဏနားခွင့်ရသော်လည်း မကြာမြင့်ပေ။


သူ့အား ခေါ်သူကို တစ်ချက်ငဲ့ကြည့်ပြီးနောက် ကျန်းလီယွင်ကို ကြည့်လိုက်သည်။ ထို့နောက် မလိုလားဟန်ဖြင့် တွန့်ဆုတ်စွာ ထွက်သွားခဲ့သည်။


သူမထက် အရပ်ရှည်သူက သူမရှေ့တွင် အောက်ကျို့သည်းခံနေသော ပုံကို မြင်ရသောအခါ သူမ မရယ်ဘဲမနေနိုင်ပေ။ 

“မြန်မြန်လုပ်...ကြက်ဥတွေ စားလိုက်တော့...ပြီးရင် အလုပ်ဆက်လုပ်တော့... ငါလည်း အလုပ်ပြန်စ ရဦးမှာ...”


“ဟုတ်ကဲ့...”

ဖုန်းရီပြန်ဖြေလိုက်သည်။ သူက လက်နှင့် ကြက်ဥမွှေကြော်ကို ကိုင်စားလိုက်သည်။ ကြွေခွက်ကို ကျန်းလီယွင်ဆီ ပြန်ပေးပြီးနောက် ဆက်ပြီး မတ်တတ်ရပ်နေခဲ့သည်။


ဖုန်းရီ အလုပ်နောက်ကျ၍ အဆူခံရမည်ကို စိုးရိမ်သဖြင့် ကျန်းလီယွင်က ပြောလိုက်သည်။

“ငါပြန်လိုက်တော့မယ်... ညနေကျမှပဲ ငါနင့်ဆီ လာခဲ့တော့မယ်...”


သူမ၏ လျှို့ဝှက်စုငွေထဲမှ ငွေအချို့ကို သုံးပြီး ကြက်သားဝယ်လာခဲ့သည်။ သေချာပေါက် ဖုန်းရီအတွက် အချို့ယူသွားပေးမည် ဖြစ်သည်။ 


“အစ်မ ညကျ လာဦးမှာလား...”

ဖုန်းရီက အံ့ဩသွားပြီး ကြက်ဥကြော်များစားရင်း ပလုတ်ပလောင်းဖြင့် မေးလိုက်သည်။


“ဟုတ်တယ်... ငါ့ကို စောင့်နေနော်...”

ကျန်းလီယွင်က ပြန်ဖြေသည်။


စကားပြောပြီးနောက် ကျန်းလီယွင်က စက်ရုံမှ အလျင်အမြန်ပြန်လာခဲ့သည်။ နေ့လည်ပိုင်းတွင် သူမမှာ လုပ်စရာအများအပြားရှိသည်။


ဖုန်းရီက နေရာမှာပင် မတ်တတ်ရပ်ရင်း ကျန်းလီယွင် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူ့အလုပ်သို့ အလောတကြီးသွားလိုက်သည်။


ကြက်ဥမွှေကြော်က အေးသွားသော်လည်း အရသာရှိဆဲဖြစ်သည်။ အထူးသဖြင့် အထဲတွင် ပါဝင်သော အသားနှင့် ဆီပင်။


ဖုန်းရီက ဖြည်းညှင်းစွာ အရသာခံစားရင်း ကြိုက်လွန်း၍ ဝါးပင် မဝါးချင်ပေ။ 


ကျန်းလီယွင်က သူ့ကို ထပ်ပြီး 'အနှောင့်အယှက်မဖြစ်တော့ဘူး'ဟု သူထင်သည်။ ယနေ့တွင် သူမက သူ့အား လာတွေ့ရုံသာမက သူ့အတွက် အစားအစာများပင် ယူလာပေးခဲ့သေးသည်။


ကျန်းလီယွင်က ညနေကျရင် ပြန်လာဦးမည်။


ဖုန်းရီမှာ စိတ်ခံစားချက် အလွန်ကောင်းနေသည်။ သူက ကျန်းလီဟိုင်နှင့်အတူ အလုပ်မှပြန်ရန် တိတ်တဆိတ် ဆက်သွယ်လိုက်သည်။


×××××


ဖုန်းရီ၏ မှတ်ဉာဏ်များက အတိတ်ကာလသို့ ပြန်ရောက်သွားသည်။ သူ အစောပိုင်းကာလများကို ကွက်ကွက်ထင်ထင်မှတ်မိနေသေးသည်။


သူ၏အမေထံမှ မတူမတန်ကြောင်းပြသော အကြည့်များ၊ သူ၏ အမေဘက်မှ ဘိုးဘွားများ၏ မနှစ်မြို့ကြောင်းပြသသော အပြုအမူများကို သူမှတ်မိသည်။


သူတို့အားလုံးက သူ့ကို မနှစ်သက်ကြပေ။ ဆူပူကြိမ်းမောင်းခြင်း၊ ရိုက်နှိက်ခြင်း၊ ဆွဲဆိတ်ခြင်းများသာ ပြုလုပ်ခဲ့ကြပြီး သူ့ကို မည်သို့မည်ပုံ စကားပြောရမည်ဆိုသည်ကိုပင် မသင်ပေးကြပေ။ အကျိုးဆက်အနေဖြင့် ထိုအချိန်က သူ့ပတ်ဝန်းကျင်မှ သူများ ပြောသော စကားလုံးများကိုပင် သူနားမလည်ချေ။


ဒါပေါ့...သူ့ကို ဘယ်သူမှ မနှစ်သက်ကြဖူးဆိုတာ သူသိပါတယ်...


အချိန်အများစုတွင် ထင်းတဲ၌သာ တစ်ယောက်တည်းနေရင်း ဘာလုပ်ရမည်ကို မသိပေ။ တိတ်တဆိတ် ကောက်ရိုးလေး ဝါးပြီး ၎င်း၏ ချိုမြိန်မှုကို အရသာခံနေလေ့ရှိသည်။


သူ ကောက်ရိုး၏ အရသာကို နှစ်သက်ပေသည်။


အသက်လေးနှစ်အရွယ်တွင် သူ၏ အမေမှာ နောက်အိမ်ထောင်ပြု၍ သူ့ကို ဖုန်းမိသားစုထံသို့ ပို့လိုက်သည်။


ထိုအချိန် မတိုင်မီတွင် သူအပြင်ထွက်ခဲသည်။ ရုတ်တရက် လုံးဝကို စိမ်းသက်သော ပတ်ဝန်းကျင်သို့ ဝင်ရောက်လိုက်ရသောအခါ အလွန်အမင်း ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။ အထူးသဖြင့် ဝမ်းကွဲညီအစ်ကိုများ ဖြစ်ကြသော လောင်တ၊ လောင်အာ့၊လောင်စန်းတို့ကြောင့် ဖြစ်သည်။

[T/N: အရှေ့တွင် လောင်စန်းမပါသော်လည်း ဤနေရာတွင် E translator မှ လောင်စန်းပါ ရေးထားသဖြင့် ထိုအတိုင်း ဘာသာပြန်ထားသည်။]


သူက စကားလည်း ကောင်းစွာ မပြောဆိုနိုင်သေးရုံသာမက ပတ်ဝန်းကျင်မှလူများ ပြောသော စကားများကိုပင် နားမလည်ချေ။ သူက စိုးရိမ်ထိတ်လန့်စွာနေခဲ့ရပြီး လောင်တ၏ သူ့လက်မောင်းအား ဆွဲဆိတ်ခြင်း၊ လောင်အာ့၏ သူ့အား တွန်းချခြင်းတို့ကို တုန်တုန်ယင်ယင်ဖြင့် ခွင့်ပြုထားရသည်။ 


သူ မခုခံရဲပေ။ ခုလည်း မခုခံနိုင်ပေ။ အသက်လေးနှစ်အရွယ် ကလေးတစ်ယောက်အနေဖြင့် လောင်တနှင့် လောင်အာ့တို့မှာ မျှော်စင်ကြီးများလို မြင့်မားပြီး အားကြီးကြသည်။


ငါက တကယ့်ကို အချစ်မခံရတဲ့သူပဲ... ဘယ်သူမှ ငါ့ကို မနှစ်သက်ကြဘူး...


ထိုအချိန်က သူ့ခံစားချက်ကို ရှင်းလင်းစွာ မပြောပြတတ်ပေ။ သူသိသမျှက အလွန်နာကျင်ခြင်းပင်။ အရိုက်ခံရလွန်း၍ သေတော့မည်ဟု တွေးမိသောအချိန်၌ ကျန်းလီယွင်က ထွက်ပေါ်လာခဲ့သည်။ သူ့ကို လောင်တနှင့် လောင်အာ့တို့၏ အနိုင်ကျင့်ခြင်းမှ ကာကွယ်ပေးခဲ့သည်။


ထိုအချိန်က ကျန်းလီယွင် ဘာပြောလိုက်သည်ကို သူနားမလည်သော်လည်း သူမ၏ အသွင်အပြင်ကိုမူ ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။ 


ထိုကာလက ဆောင်းရာသီဖြစ်သည်။ ငါးနှစ်အရွယ် ကျန်းလီယွင်က ဆံပင်တိုတို၊ သေးငယ်ပြီး အသားပတ်နေ၍ နီရဲနေသော မျက်နှာ၊ ချည်သားအနွေးထည် အဟောင်းလေးနှင့်ဖြစ်သည်။ နှာစေးနေ၍ နှာခေါင်းအောက်မှာ နှာရည်တွဲလဲလေးဖြင့်ပင်။


ဖုန်းလောင်တ၊ ဖုန်းလောင်အာ့တို့နှင့် ယှဉ်လျှင် ကျန်းလီယွင်မှာ အတော်ပင် သေးငယ်ပုံရသော်လည်း သူမက သူတို့အား လုံးဝမကြောက်ပေ။


ဖုန်းရီ၏ စိတ်ထဲတွင် ကျန်းလီယွင်မှာ မတွေးတတ်လောက်အောင် အလွန်ကို မြင့်မားနေခဲ့သည်။ 


အရပ်မြင့်မားသော ကျန်းလီယွင်က သူ့လက်အား ဆွဲ၍ သူမအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ သူမ အိတ်ကပ်ထဲမှ လက်တစ်ဆုပ်အပြည့် ဖရုံစေ့များကို ထုတ်ကာ အခွံခွာ၍ သူ့ကို ကျွေးခဲ့သည်။


ကျန်းလီယွင်ကမူ သူ့ကို နှစ်သက်သည်ဟု ဖုန်းရီ ခံစားခဲ့ရသည်။


သူ့ထက် အသက်ကြီးသူများထဲတွင် ကျန်းလီယွင် တစ်ယောက်တည်းကသာ သူ့ကိုနှစ်သက်သည်။


ထိုအချိန်က ဖုန်းရီတွင် အခြားဘာအတွေးမှ မရှိခဲ့ပေ။ ကျန်းလီယွင်နောက်သို့သာ လိုက်ချင်ခဲ့သည်။


ကျန်းလီယွင်က သူနောက်ကနေ တကောက်ကောက်လိုက်ခြင်းကို သဘောတူသည့်အပြင် သူ့ကို စကားလည်း သင်ပေးခဲ့သည်။


ထိုမတိုင်မီက သူစကားပင် မပြောတတ်သေးချေ။ ကျန်းလီယွင်ကသာ သူ့ကို စကားတစ်ကြောင်းချင်းစီ သင်ကြားပေးကာ သူမအား “အစ်မ” ဟု ခေါ်ခိုင်းခဲ့သည်။


ကျန်းလီယွင်က မောင်လေး၊ ညီမလေးများ လိုချင်သော်လည်း သူမတွင် မောင်၊ညီမအရင်းများ မရှိသောအခါ ဖုန်းရီကို သူမ၏ မောင်အရင်းတစ်ယောက်သဖွယ် ဆက်ဆံခဲ့သည်။


သူက အလွန်ကံကောင်းသည်ဟု ခံစားရပြီး ပျော်ရွှင်နေခဲ့သည်။ သူလည်း ကျန်းလီယွင်၏ မောင်ငယ်လေးလုပ်ရန် ဆန္ဒရှိခဲ့သည်။


ဒါက ငါ့ရဲ့ အပျော်ရွှင်ရဆုံး အချိန်ပဲ...


ဖုန်းမိသားစုက သူ့ကို သဘောမကျပေ။ သူ့ကို ထိန်းချုပ် ကန့်သတ်ခြင်းလည်း မရှိပေ။ ထို့ကြောင့် သူက ကျန်းလီယွင်နောက် တစ်နေကုန် လိုက်လေ့ရှိသည်။


ကျန်းလီယွင် အနည်းငယ် ကြီးပြင်းလာသောအခါ သူမက မြက်ရိတ်ရန် တာဝန်ပေးခံရသည်။ သူက ခြင်းတောင်းလေးကိုင်ရင်း ကျန်းလီယွင် မြက်ရိတ်သည်ကို အဖော်ပြုပေးခဲ့သည်။


ကျန်းလီယွင်က သူ့ကို ကမ္ဘာပေါ်မှ အမျိုးမျိုးသော အရာများအကြောင်း ပြောပြပေးခဲ့သည်။ အစားအစာမျိုးစုံ ရှာဖွေရန်လည်း ခေါ်ဆောင်သွားလေ့ရှိသည်။ သူက များစွာ အကူအညီမပေးနိုင်သေးသော်လည်း ကျန်းလီယွင်ကမူ သူအား အစားအစာများ မျှဝေပေးခဲ့သည်။


နောက်ပိုင်းတွင် ကျန်းလီယွင် ကျောင်းတက်ရပြီး သူကလည်း လိုက်ပါမြဲဖြစ်သည်။


ဖုန်းမိသားစုမှ သူ့ကို ကျောင်းမထားပေးသောကြောင့် ဖုန်းရီမှာ ကျောင်းမတက်နိုင်ပေ။ သူက ကျန်းလီယွင်၏ စားပွဲအောက်တွင် ပုန်းနေလေ့ရှိသည်။


သူ့မိသားစု၏ အခြေအနေကို သိသွားသော ဆရာမက နောက်ဆုံးတွင် သူ့ကို စားပွဲအောက်မှ ဆွဲထုတ်ကာ စာသင်ချိန်အတွင်း ကျန်းလီယွင်ဘေးခုံတွင် ထိုင်စေသည်။  


သေချာပေါက်ကို သူ့မှာ ဖတ်စာအုပ်တော့ မရှိဘူးပေါ့...


စာသင်ချိန်အတွင်း ဆူညံနေပါက အပြင်ထုတ်ခံရမည်ဟုလည်း ဆရာမက သတိပေးသေးသည်။


သေချာပေါက် သူ ဘာအသံမှ မထွက်စေရပေ။ သူက သူမနှင့်အတူ ရှိနေချင်သည်။


ကျန်းလီယွင် ကျောင်းတက်သမျှ သုံးနှစ်တာကာလလုံး သူလိုက်ပါခဲ့သည်။ ကျန်းလီယွင်နှင့်အတူ စာသင်ခန်းထဲတွင် ရှိပါက သူက သူမဘေးတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ 


နောက်ပိုင်းတွင် ကျန်းလီယွင်အမေမှာ ကိုယ်ဝန်ရှိလာခဲ့သည်။


ထိုအချိန်က သွေးရင်း မောင်ညီမများရှိလာပြီးနောက် ကျန်းလီယွင် သူ့ကို ဂရုမစိုက်တော့မည်ကို ပူပန်ခဲ့ရသည်။


သူစိုးရိမ်ပူပန်နေသမျှက အမှန်ဖြစ်လာခဲ့သည်။


ကျန်းလီယွင်၏ ညီမလေးမွေးဖွားလာသောအခါ သူမက သူနှင့်အတူ မကစားတော့ပေ။


ထိုအချိန်တွင် သူ့အသက်က ဆယ်နှစ်ရှိပြီဖြစ်သောကြောင့် ဖုန်းမိသားစုက သူ့ကို စတင်အလုပ်လုပ်စေသည်။ သူ့တွင် ကျန်းလီယွင်နှင့် တွေ့ရန် အချိန်များများစားစားမရှိပေ။


သို့ရာတွင် သူမကို နေ့စဉ်မြင်နိုင်သေးသည်။ ရံဖန်ရံခါတွင် ကျန်းလီယွင်က သူနှင့်အတူ သူမညီမကို ခေါ်၍ သုံးယောက်သား မြက်ရိတ်ထွက်ခြင်း ငါးဖမ်းခြင်းတို့ကို လုပ်ဖြစ်သည်။


ထိုအချိန်၌လည်း သူပျော်ရွှင်ဆဲပင်။


အချိန်များ ကုန်ဆုံးလာသောအခါ သူနှင့် ကျန်းလီယွင်နှစ်ယောက်လုံး ကြီးပြင်းလာကြသည်။


ကျန်းလီယွင်မှာ ကြီးပြင်းလာလေလေ ပို၍ လှလာလေလေဖြစ်သည်။ သူ့မျက်လုံးထဲတွင် သူမသာ ကမ္ဘာပေါ်တွင် အလှဆုံး အထူးချွန်အပြောင်မြောက်ဆုံး မိန်းကလေးဖြစ်သည်။


ငါ ကျန်းလီယွင်ကို သဘောကျတယ်... သူ့ကို အရမ်း...အရမ်းကိုမှ သဘောကျတယ်...


ကျန်းလီယွင် ဆိုဖာစက်ရုံသို့ အလုပ်ဝင်သောအခါ သူတို့ တွေ့ဆုံရန် ပိုခက်ခဲသွားသည်။


သူမ အလုပ်ဆင်းချိန်တွင် သွားရှာလျှင်လည်း သူမမှာ အမြဲ အလုပ်မျိုးစုံဖြင့် ရှုပ်ယှက်ခတ်နေဆဲဖြစ်သည်။ သူမကို တိတ်တဆိတ် ကူညီရန်သာ တတ်နိုင်ပြီး စကားပင် မပြောဖြစ်ပေ။


နောက်ပိုင်းတွင် သူလည်း အုတ်နှင့်ကြွေပြားစက်ရုံသို့ အလုပ်ဝင်ခဲ့သည်။


အုတ်နှင့်ကြွေပြားစက်ရုံတွင် ပထမညအလုပ်ဆင်းပြီးနောက် သူမအား ရှာရန် တိတ်တဆိတ် ပြန်လာခဲ့သည်။


သူ့ကို တွေ့သဖြင့် ကျန်းလီယွင်မှာ အံ့အားသင့်သွားသည်။ 

“ဘာလို့ ပြန်လာတာလဲ... စက်ရုံမှာ အလုပ်လုပ်နေတာကို ညဘက်ပြန်မလာနဲ့လေ... မဟုတ်ရင် ဖုန်းမိသားစုက နင့်မှာ အားအပြည့်နဲ့ တက်ကြွနေတယ်ဆိုပြီး ညဘက်ပါ အလုပ်ခိုင်းနေလိမ့်မယ်...”


သူမ သူ့ကို ပြောပြီးသည့်အခါ သူမညီမလေးကို ချီရင်း နူးညံ့ငြင်သာစွာ ပြောဆိုနေခဲ့သည်။ 


သူလည်း “မလွယ်ကူ”ဟု ခံစားရပြီး စက်ရုံဆီ ပြန်သွားချင်ခဲ့သည်။ သို့ရာတွင် စက်ရုံသို့ မပြန်သေးဘဲ ဖုန်းလောင်အာ့ထံ အပြေးသွားခဲ့သည်။


ဖုန်းလောင်အာ့မှ သူ့ကို “ကျန်းလီယွင် နောက်လိုက်ဖို့ဘဲ သိတဲ့ကောင်”ဟု ဆူပူကြိမ်းမောင်းခဲ့သည်။ သူ၏ တည်ရှိမှုကြောင့် ကျန်းလီယွင် စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း၊ သူမလည်း အရွယ်ရောက်ပြီး အလုပ်အကိုင် အတည်တကျ ရှိပြီဖြစ်၍ မကြာမီ ဘဝလက်တွဲဖော်ရှာတော့မည် ဖြစ်ကြောင်း သူ့ကို ပြောပြခဲ့သည်။ သူ ကျန်းလီယွင်ဘေးတွင် ဆက်လက်ရှိနေပါက သူမအတွက် ခက်ခဲနိုင်ကြောင်း ဖုန်းလောင်အာ့မှ အခိုင်အမာ ပြောဆိုခဲ့သည်။


ထိုနေ့က သူပြန်သွားပြီးနောက် ဘာလုပ်ရမည် မသိ ဖြစ်ခဲ့သည်။


အုတ်နှင့်ကြွေပြားစက်ရုံ၌ ပထမနေ့တွင် သူ့တွင် အလုပ်တာဝန်များစွာ မရှိသော်ငြား နောက်ပိုင်းရက်များတွင် တာဝန်မှာ ပို၍ပို၍ များပြားလာခဲ့သည်။


စက်ရုံမှ အလုပ်သမားအသစ်များ ခေါ်ယူစုဆောင်းသောအခါ အစပိုင်းတွင် ဖုန်းမိသားစုမှ လောင်တနှင့် လောင်အာ့တို့လာလိမ့်မည်ဟု စက်ရုံမှ မျှော်လင့်ထားခဲ့သည်။


ဖုန်းမိသားစုမှ ပိန်သေး၍ ညှက်သော ဖုန်းရီကို စေလွှတ်လိုက်သောအခါ စက်ရုံမှ မကျေနပ်တော့ပေ။ ဖုန်းရီပတ်ဝန်းကျင်မှ လုပ်ဖော်ကိုင်ဖက်များကလည်း သူ့ကို သဘောမကျပေ။ သူ့ကို “အားနည်းတဲ့ ယောက်ျားနဲ့ မတူတဲ့ ကောင်”ဟု ခေါ်ကြသည်။ ဖုန်းမိသားစုမှ သူ့ကို တဝန်ယူမည် မဟုတ်ကြောင်း၊ သူ မည်သူ့ကိုမျှ လက်ထပ်နိုင်မည်မဟုတ်ဘဲ တစ်သက်လုံး လူပျိုကြီးဘဝဖြင့် အရိုးထုတ်ရမည်ဖြစ်ကြောင်း လှောင်ပြောင်ကြသည်။


ထိုအချိန်တွင် သူလည်း လက်ထပ်ခြင်းနှင့် ပတ်သက်၍ ချင့်ချိန်စဉ်းစားနေမိသည်။


ကျန်းလီယွင်က အခြားတစ်ယောက်ယောက်နှင့် လက်ထပ်လိမ့်မည်ဆိုသောအတွေးက သူ့ကို စိတ်မသက်မသာဖြစ်စေသည်။


သို့သော်လည်း သူ သူမကို လက်မထပ်နိုင်သည်မှာလည်း ရှင်းလင်းပေ၏။ သူ့တွင် နေထိုင်ရန် သင့်တော်သော ကိုယ်ပိုင်နေရာဟူ၍ပင် မရှိ၊ ဖုန်းအိမ်တွင် ထင်းတဲ၌သာ သူအိပ်ရ၏။


သူ့တွင် ပိုက်ဆံမရှိပေ။ စက်ရုံမှ ရသော လုပ်အားခမှန်သမျှကို သူ့ပထွေးက သိမ်းယူသွားသည်။ 


ငါ ဘယ်လိုများ ကျန်းလီယွင်ကို လက်ထပ်နိုင်ပါ့မလဲ...


ထို့အပြင် ကျန်းလီယွင်က သူ့အပေါ် မောင်တစ်ယောက်လိုသာ မြင်သည်။ သူ့အပေါ် စိတ်ခံစားချက်မရှိပေ။


မဟုတ်သေးဘူး...ကျန်းလီယွင်မှာ အခုဆို ညီမအရင်း ရှိလာပြီဆိုတော့... ငါ ဆက်ပြီး မောင်တစ်ယောက်လိုတော့ ဟန်ဆောင်လို့ မရတော့ဘူးပဲ...


ကျန်းလီယွင်က ကောင်းမွန်ပြီး သင့်တော်သော အမျိုးသမီးလေးဖြစ်သည်။ တစ်နေ့တွင် သူမ၌ လက်တွဲဖော်ရှိလာမည်ပင်။


သူ့စိတ်ထဲ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူ သူမနှင့်တွေ့လျှင် ပြောစရာ များစွာရှိသည်။


သို့သော်လည်း သူ သူမနှင့် ဆုံတိုင်း သူမက လျင်မြန်စွာပင် နှုတ်ဆက်၍ ထွက်ခွာသွားလေ့ရှိသည်။


သူတို့ အရွယ်ရောက်လာသဖြင့် သံသယဖြစ်ဖွယ် အခြေအနေများကို ရှောင်ရှားရမည် ဆိုသည်ကို သူသိပေသည်။ သူသာ သူမနောက် ဆက်လက်လိုက်ပါနေပါက ရွာသူရွာသားများထံမှ သူမ ဆူပူကြိမ်းမောင်းငေါက်ငမ်းခံရမည်ဖြစ်သည်။


အတိတ်တွင် ရွာသားများက သူ့ကို “ကျန်းလီယွင်၏ ခင်ပွန်းလေး”ဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်။ သူတို့ ငယ်စဉ်က ထိုသို့ ခေါ်ခြင်းက ကိစ္စမရှိသော်လည်း ယခု သူတို့ အရွယ်ရောက်လာပြီဖြစ်သောကြောင့် ကျန်းလီယွင်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။


ကျန်းလီယွင်က မိန်းမကောင်းလေးဖြစ်သောကြောင့် သူမက ချမ်းသာကြွယ်ဝပြီး ထူးချွန်သောသူတစ်ယောက်နှင့် လက်ထပ်နိုင်ပေလိမ့်မည်။ သူမနှင့်သူ အတူရှိရန်က မဖြစ်နိုင်ပေ။


ထို့နောက်တွင် သူ ကျန်းလီယွင်နှင့် တွေ့ဆုံရန် နည်းလမ်းများရှာ၍ သွားတွေ့သော်လည်း သူ၏ စိတ်ခံစားချက်ကိုမူ မဖော်ပြရဲပေ။


သူတို့က သာမာန်အိမ်နားနီးချင်းသာဖြစ်ပြီး တွေ့ဆုံပါက နှုတ်ဆက်စကားဆိုပြီး ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်များနေပေမည်။


သူ ဖုန်းအိမ်တွင် ထမင်းစားရန် ပြန်သွားလျှင် ကျန်းအိမ်၏ လယ်လုပ်ငန်းအများစုကို ကျန်းလီယွင်မှ လုပ်ကိုင်ရသည်။ ထိုအကြောင်းကို သိသောအခါ သူမကို ကူညီပေးချင်ခဲ့သည်။


ဖုန်းလောင်အာ့က ကျန်းလီယွင်ကို စိတ်ဝင်စားခဲ့သည်။ ကျန်းလီယွင်ကို လယ်အလုပ်များမှ ကူညီပေးသောအခါ ဖုန်းလောင်ထို(အဖေဖုန်း)မှ တားမြစ်ခဲ့သည်။ ကျန်းမိသားစုမှာ ဝန်များလွန်းသည်ဟု အဖေဖုန်းထင်သည်။ ကျန်းလီယွင်က သူမ မိသားစုကိုသာ အာရုံစိုက်နေမည်ဆိုပါက လက်ထပ်ပြီးနောက်တွင် သူတို့ဖုန်းအိမ်မှ ပိုင်ဆိုင်မှုများကိုပါ သူမမိသားစုထံ ယူဆောင်သွားမည်ဖြစ်သည်။ ထို့ကြောင့် အဖေဖုန်းမှာ ဖုန်းလောင်အာ့ကို ကျန်းလီယွင်နှင့် လက်ထပ်ရန် သဘောမတူပေ။


ထို့အပြင် ကျန်းလီယွင်မှာ ဦးစီးဦးဆောင်ပြုလိုသော စိတ်ဓာတ်ရှိပြီး ဖုန်းမိသားစုနှင့် မသင့်တော်ဟု ခံစားမိသည်။ ကျန်းမိသားစုထက်စာလျှင် ဖုန်းမိသားစုမှာ အနည်းငယ်ပြေလည်သော်လည်း အလွန်အဆင်ပြေနေခြင်းမျိုးမဟုတ်ပေ။ ဖုန်းလောင်ထို(အဖေဖုန်း)မှာ ဇနီးဟောင်းနှင့် သားနှစ်ယောက်ရှိပြီး ဖုန်းရီအမေနှင့် လက်ထပ်ပြီးနောက် သားတစ်ယောက်၊ သမီးတစ်ယောက် မွေးဖွားရာ သားအရင်း သုံးယောက်ကို လက်ထပ်ပေးရန်ပင် အတော်ဖိအားများနေပြီဖြစ်သည်။


ဖုန်းရီအတွက် လက်ထပ်ခြင်းကိစ္စများ၊ ခန်းဝင်ပစ္စည်းများ စသည်တို့ကို အဖေဖုန်းမှ ဂရုစိုက်ပေး၊ ထောက်ပံ့ပေးလိမ့်မည် မဟုတ်ပေ။ 


ထို့ကြောင့် ဖုန်းလောင်အာ့မှာ ကျန်းလီယွင်ကို မကူညီနိုင်ပေ။ ဖုန်းရီကမူ ညပိုင်းတွင် ကျန်းလီယွင်၏ လယ်အလုပ်များကို သွား၍ ကူညီပေးလေ့ရှိသည်။


အတင်းအဖျင်းများကို ကြောက်သဖြင့် မည်သူမှ မရှိသော ညလယ်ပိုင်းတွင်သာ ဖုန်းရီ သွားကူညီခဲ့သည်။ မမျှော်လင့်ဘဲ ကျန်းလီယွင်က သူ့ကို ခန့်မှန်းနိုင်ပြီး ကြက်ဥမွှေကြော်ပင် လာပို့ပေးသွားသည်။


ကြက်ဥမွှေကြော်မှာ အသားလေးတောင် ပါသေးတာ...



🏡🏡🏡