Chapter 20
Viewers 4k

🏡 Chapter 20

လေ့ကျင့်ခြင်း



ကျန်းရုံဝမ်း၏ အိမ်မှာ အုတ်နှင့် ကြွေပြားများဖြင့် ဆောက်လုပ်ထားသော အိမ်အသစ်ဖြစ်သဖြင့် ကျန်းလီယွင်၏ အိပ်ခန်းထက်စာလျှင် သူတို့အိမ်မှ ထင်းထားသော အခန်းက များစွာပိုကောင်း၏။


ကျန်းရုံဝမ်းက သဘောတူလိုက်သည်။ သူ့သားအငယ်အိမ်က နှစ်ထပ်အိမ်ဖြစ်သောကြောင့် တောင်ဘက် အောက်ထပ်တွင် ထမင်းစားခန်းရှိပြီး ထင်းထားသော အခန်းတစ်ခန်းရှိသည်။ ထိုအခန်းဘေးတွင် မီးဖိုချောင်နှင့် ဝက်ခြံလည်း ရှိသည်။ အပေါ်ထပ်တွင် အခန်းနှစ်ခန်းသာ ရှိသည်။ တစ်ခန်းက ကျန်းရုံဝမ်းနှင့် ဇနီးနေထိုင်ပြီး ကျန်တစ်ခန်းက သားအငယ်အခန်းဖြစ်သည်။ ဖုန်းရီနေနိုင်သော တစ်ခုတည်းသော နေရာမှာ ထင်းထားသော အခန်းသာ ဖြစ်သည်။


ထင်းတဲဟု ခေါ်သော်လည်း ကြမ်းပြင်မှာ ကွန်ကရစ်လောင်းထားသောကြောင့် အခြေအနေမဆိုးပေ။


ကျန်းလီယွင်က ကြမ်းပြင်တွင် ကောက်ရိုးထူထူခင်းပြီး အပေါ်က ဖျာထပ်ခင်း၍ စောင်ပါထားပေးပြီး ဖုန်းရီအတွက် ရိုးရှင်းသော အိပ်ရာကို ပြင်ဆင်ပေးသည်။


“လောလောဆယ်တော့ ဒီလိုလေး ပြင်ထားပေးမယ်...”

ကျန်းလီယွင်က ပြောသည်။


“ကျွန်တော်အဆင်ပြေပါတယ်...”

ဖုန်းရီက ဖြေသည်။ သူ အုတ်နှင့် ကြွေပြားစက်ရုံ၌ အလုပ်လုပ်စဉ်က နေထိုင်ရသော အဆောင်မှာ လူအများနှင့် တစ်ခန်းထဲတွင် ပေါင်းနေရပြီး ရရာဖြင့် ဖြစ်သလိုဖန်တီးထားသော အိပ်ရာများဖြစ်သည်။


ကျန်းလီယွင်က ကျန်းရုံဝမ်း၏ ထင်းတဲသော့ကို ယူပြီးနောက် ဖုန်းရီကို ခေါ်၍ သားသတ်သမားနေရာသို့ ဝက်သားဝယ်ရန် သွားလိုက်သည်။ သူမတို့ ဝက်သားဝယ်လာပြီးနောက် အတော်လေး နောက်ကျနေပြီ ဖြစ်သည်။


ကျန်းလီယွင်က ဖုန်းရီကို ကျန်းရုံဝမ်း အိမ်တွင် အိပ်ရန်ပြောပြီး သူမလည်း သူမအိမ်သို့ အနားယူရန် ပြန်လာခဲ့သည်။


ကျန်းလီယွင် အိမ်ပြန်ရောက်သောအခါ တစ်မိသားစုလုံး အိပ်နေပြီ ဖြစ်သည်။


သူမ အိပ်ရာပေါ် လှဲလှောင်းပြီး အမျိုးမျိုးသော အကြောင်းအရာများအကြောင်း တွေးတော ချိန်ဆနေသည်။ ယခုလက်ရှိတွင် သယ်ယူရန် ယာဉ်မရှိသောကြောင့် အမှန်ပင် အဆင်မပြေပေ။ အနာဂတ်တွင် သူမ ပိုက်ဆံရလာသောအခါ သုံးဘီးယာဉ်ဝယ်မည်။ စက်ဘီးစီးရသည်က မြန်ဆန်သော်လည်း မီးသွေးမီးဖို သံဒယ်ပြားကဲ့သို့ ပစ္စည်းများအားလုံး သယ်ဆောင်ရန်မှာ သုံးဘီးက ပို၍ သင့်တော်သည်။ 


ထို့အပြင် ရာသီဥတု အေးလာတော့မည် ဖြစ်ရာ ဖုန်းရီတွင် အနွေးထည်မရှိပေ။ ကျန်းလီယွင်က သူ့အတွက် အနွေးထည်နှင့် စောင်များ ပြင်ဆင်ပေးရန် လိုအပ်သည်။ အခြား လိုအပ်သော ပစ္စည်းများလည်း ရှိနေသေးသည်။


သူမ၏ ယခင်ဘဝနှင့် ယှဉ်လျှင် ကုန်ဈေးနှုန်းများက သက်သာသည်ဟု ခံစားခဲ့ရသော်လည်း ဤခေတ်သို့ ပြန်လည်ရောက်ရှိလာသောအခါတွင် အရာအားလုံးက ဈေးကြီးနေဆဲပင် ဖြစ်သည်ကို တွေ့လိုက်ရသည်။


ဥပမာပြောရလျှင် သူမ ပြန်လည်မွေးဖွားမလာမီတွင် ပုံမှန်လူတစ်ယောက်၏ တစ်လ လစာငွေမှာ ယွမ်ထောင်ဂဏန်းဖြစ်ပြီး စက်ဘီးတစ်စီး ဝယ်မည်ဆိုပါက ယွမ်နှစ်ရာဝန်းကျင် ကုန်ကျမည် ဖြစ်သည်။


ယခုတွင် ပုံမှန်လူတစ်ယောက်၏ တစ်လ လစာငွေမှာ ယွမ်တစ်ရာဖြစ်ပြီး စက်ဘီးတစ်စီး ဝယ်မည်ဆိုပါက ယွမ်တစ်ရာထက်ပင် ကုန်ကျမည် ဖြစ်သည်။


ထိုကြောင့် ထိုခေတ်က လူများမှာ အရာအားလုံးကို အသုံးပြုကြပြီး ပုလင်းများ၊ ဘူးခွံများကို လွှတ်ပစ်ရန် ဝန်လေးကြသည်။


ထိုအရာများကို တွက်ချက်ပြီးနောက် ကျန်းလီယွင်က တဖြည်းဖြည်း အိပ်ပျော်သွားသည်။


တစ်ဖက်တွင်မူ ဖုန်းရီမှာ မည်မျှ ကြိုးစားပါစေ အိပ်မပျော်နိုင်ပေ။ ယနေ့ ဖြစ်ပွားခဲ့သော အရာများက သူ့ကို အလွန့်အလွန် လွှမ်းမိုးနေလေသည်။


ငါ ကျန်းလီယွင်နဲ့ တွဲနေပြီတဲ့...


ဖုန်းရီက အလွန်ပျော်ရွှင်နေပြီး နေ့လည်က ကျန်းလီယွင် ပေးထားသော ကြွေခွက်လေးကို ထုတ်၍ ကျန်သေးသော ဖက်ထုပ်ကြော်များကို စားလိုက်သည်။


ဖက်ထုပ်များက အေးသွားပြီ ဖြစ်သောကြောင့် ပူနေစဥ်ကကဲ့သို့ စားမကောင်းတော့ပေ။ သူ့အတွက်မူ အလွန် အရသာရှိဆဲပင် ဖြစ်သည်။


ငါ ကျန်းလီယွင်ကို ကူညီမယ်... ငါ့ ဘဝတစ်လျှောက်လုံး သူနဲ့အတူရှိသွားမယ်...


ကျန်းလီယွင် ဆိတ်ဆွဲခဲ့သော သူ့နားရွက်ကို ကိုင်ရင်း သူမ သူ့အတွက် ပြင်ဆင်ပေးခဲ့သော အိပ်ရာလေးကို ကြည့်နေမိသည်။


တိတ်ဆိတ်၍ မှောင်မဲနေသော ထင်းတဲတွင် ရုတ်တရက် ရယ်သံများက ပဲ့တင်ထပ်လာသည်။


ဖုန်းရီအတွက် အိပ်ပျက်ညတစ်ည ဖြစ်ခဲ့သည်။ သူ မူလက ကောင်းကောင်းအိပ်၍ ကျန်းလီယွင်ကို နောက်နေ့တွင် အားအင်အပြည့်ဖြင့် ကူညီလိုသော်လည်း အိပ်မရပေ။


နောက်ဆုံးတွင် အိပ်ပျော်သွားသော်လည်း မကြာမီ ပြန်နိုးလာခဲ့သည်။


အပြင်ဘက်တွင် မှောင်နေဆဲဖြစ်ပြီး သူ ခဏသာ အိပ်လိုက်ရသည်။ သူ အိပ်ရာထ နောက်ကျပါက ကျန်းလီယွင်ကို အချိန်မီ မကူညီနိုင်မည်ကို စိုးရိမ်သည်။ ဖုန်းရီ လျင်မြန်စွာ အိပ်ရာမှ ထလိုက်သည်။


ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး လမ်းပေါ်တွင် မည်သူမျှ မရှိသေးပေ။


ဖုန်းရီက ကျန်းလီယွင်၏ အိမ်သို့ လှည့်ပတ်ကြည့်၍ ရေသယ်နှင့် အညစ်ကြေးများ သယ်သောပုံးများကို ယူ၍ မြစ်မှ ရေသယ်ပြီး သစ်ပင်များကို လောင်းလိုက်သည်။


ယမန်နေ့ နေ့လည်က ရေလောင်းခဲ့သော်လည်း ထပ်လောင်းပါက ကိစ္စမရှိပေ။


အဖေကျန်းနှင့် အမေကျန်းမှာ ယမန်နေ့ညက အတွေးများပြီး အိပ်ရာဝင် နောက်ကျခဲ့သောကြောင့် ယနေ့ အိပ်ရာထနောက်ကျလေသည်။ တစ်ဖက်ခြံက လူအိုကြီးဖုန်း(အဖေဖုန်း)ကမူ ပုံမှန်အတိုင်း မနက်လေးနာရီတွင် အိပ်ရာထသည်။


လူအိုကြီးဖုန်းက မငယ်ရွယ်တော့သည့်အပြင် ယခုခေတ်၌ အလုပ်သမား မရှားပါးသောကြောင့် စက်ရုံမှ သူ့ကို အလုပ်မခန့်ပေ။ ထို့ကြောင့် သူက လယ်အလုပ်များ လုပ်ကိုင်သော်လည်း ဝင်ငွေ မများလှပေ။


လူအိုကြီးဖုန်း၏ ဒုတိယမိန်းမ (ဖုန်းရီ၏အမေ)က သားတစ်ယောက် သမီးတစ်ယောက် ထပ်မွေးပြီး ကလေးများက ငယ်ရွယ်သေးသောကြောင့် အနာဂတ်တွင် ကုန်ကျစရိတ်များပြားပေဦးမည်။


လူအိုကြီးဖုန်းနှင့် သူ့ဇနီး ကျိုးချောင်ရှား(ဖုန်းရီ၏အမေ)တို့က ဟင်းသီးဟင်းရွက်များစွာ စိုက်ပျိုးထားပြီး လူအိုကြီးဖုန်း (အဖေဖုန်း)က နေ့တိုင်း မြို့သို့ သွား၍ ရောင်းချသည်။


သူတို့က နှစ်တိုင်း ပိုးမွေးမြူပြီး ယွမ်ရာဂဏန်း ငွေရှာနိုင်သည့်အပြင် ဝက်များ၊ သိုးများကိုလည်း မွေးမြူကြသောကြောင့် ဝင်ငွေမနည်းပေ။


လွန်ခဲ့သောညက ခူးဖြတ်ထားသော ဟင်းသီးဟင်းရွက်များကို တောင်းနှစ်တောင်းတွင် ထည့်ပြီး ထိုတောင်းများကို စက်ဘီး၏ အနောက်ခုံတွင် တွဲချည်ပြီး မြို့ထဲသို့ အဖေဖုန်း ထွက်လာခဲ့သည်။


သူ အိမ်မှ ထွက်လာသည်နှင့် ဘေးအိမ်တွင် လူရိပ် မြင်လိုက်သည်။


တစ်ယောက်ယောက် အသီးအရွက်တွေ လာခိုးနေတာလား... ဒါပေမယ့် အသီးအရွက်က ကျေးလက်က အိမ်တိုင်းမှာ၊ နေရာတိုင်းမှာ တွေ့ရတာကို... ဘယ်သူက ခိုးမှာလဲ...


နေပါဦး... ရေလောင်းနေတဲ့ ပုံပဲ...


ထိုလူက အရပ်ရှည်သည်။ သူက ကျန်းမိသားစုဝင်နှင့် မတူသော်လည်း ကျန်းမိသားစုပိုင် စိုက်ခင်းများကို ရေလောင်းနေသည်။


အဖေဖုန်းက စက်ဘီးကို တွန်းလာပြီး နီးကပ်လာသောအခါ ဖုန်းရီကို မှတ်မိသွားသည်။ ရုတ်တရက် ယမန်နေ့က “ဖုန်းရီ သံဒယ်ပြားများ ကိုင်ရင်း ပြန်ရောက်လာကြောင်း” သူ့ကို တစ်ယောက်ယောက်မှ ပြောခဲ့သည်ကို သတိရသွားသည်။


အုတ်နှင့်ကြွေပြားစက်ရုံမှ လစာ ရနေသည်ဖြစ်ရာ ဖုန်းရီသာ ခွင့်ယူပါက ဝင်ငွေနည်းသွားမည် ဖြစ်ကြောင်း အဖေဖုန်းမှ အကြိမ်များစွာ ဆူငေါက်ခဲ့ဖူးသည်။


အဖေဖုန်းက ဖုန်းရီ သံဒယ်ပြားကို ကျန်းလီယွင်ထံ ပေးပြီး စက်ရုံသို့ ပြန်လိမ့်မည်ဟု တွေးထားသော်လည်း ယမန်နေ့က ဖုန်းရီ မပြန်ပေ။ ကျန်းမိသားစု စိုက်ခင်းကို မနက်အစောပင် ရေလောင်းပေးနေသေးသည်။


အဖေဖုန်းက ဒေါသထွက်လာခဲ့သည်။ 

“ဖုန်းရီ... ကိုယ့်အလုပ်ကိုယ် မလုပ်ဘဲ သူများကို ကူညီနေတယ်... ကိုယ့်စိုက်ခင်းကို ရေလောင်းမယ့်အစား သူများ စိုက်ခင်းကို ရေလောင်းနေတယ်ပေါ့လေ...”


အဖေဖုန်းက ဟင်းရွက်များ ရောင်းချခြင်းဖြင့် ငွေရှာနေသူဖြစ်သောကြောင့် သူ့ကိုယ်ပိုင် စိုက်ခင်းများကို အလွန် ဂရုစိုက်သည်။ သူက နေ့တိုင်း ရေလောင်းရသဖြင့် ပင်ပန်းနေလေ့ရှိသည်။


သို့ရာတွင် ဖုန်းရီက ဂရုမစိုက်ဘဲ ပြန်ဖြေသည်။

“ခင်ဗျားအိမ်က ကျွန်တော့်အိမ် မဟုတ်ဘူး...”


ဖုန်းအိမ်က ဖုန်းရီ၏ အိမ်မဟုတ်ပေ။ သူ ငယ်စဉ်မှ အရွယ်ရောက်သည်အထိ ဖုန်းအိမ်ကို သူ့အိမ်ဟု မသတ်မှတ်ဖူးပေ။


သူက ကျန်းမိသားစုဝင် ဖြစ်ချင်သည်။


ကျန်းလီယွင်က သူ့အပေါ် အလွန်ကောင်းသည်။ ကျန်းမိဘများကလည်း သူ့အပေါ် ကောင်းသည်။


သူ ငယ်စဉ်မှစ၍ ကျန်းအိမ်တွင် အချိန်ဖြုန်းလေ့ရှိပြီး ကျန်းမိဘများက သူ့ကို မည်သည်မှ မပြောပေ။


အဖေဖုန်းက ဒေါသတကြီး ပြောလာသည်။

“မင်း ဘာပြောလိုက်တာလဲ... မင်းမှာ အရည်အချင်းရှိရင် အိမ်ပြန်မလာခဲ့နဲ့...”


“ကျွန်တော့်မှာ အရည်အချင်းရှိတယ်...”

ဖုန်းရီက ပြန်ဖြေသည်။ ကျန်းလီယွင်က သူ့ကို နှင်မထုတ်မချင်း ဖုန်းအိမ်သို့ သူ မပြန်ချင်ပေ။


မူလတွင် ဖုန်းရီက ဖုန်းမိသားစုကို ငွေများ ပို့ပေးပြီးမှသာ ဆက်ဆံရေးကို ဖြတ်တောက်မည်ဟု စီစဉ်ထားသော်လည်း ယခု သူ့တွင် ချစ်သူရှိနေပြီး အနာဂတ်တွင် ဖုန်းမိသားစုကို ပိုက်ဆံ ပို့ပေးတော့မည် မဟုတ်ပေ။


သူ့ကိုယ်ပိုင်ဝင်ငွေများမှာ ကျန်းလီယွင်အတွက်သာ ဖြစ်သည်။


“ဖုန်း သားရဲကောင်...”

အဖေဖုန်းက စတင်ဆူဆဲလာသည်။


ရုတ်တရက် သူဖတ်ဖူးသော သိုင်းဝတ္ထုများကို ဖုန်းရီ သတိရမိသည်။ ဇာတ်ဆောင်မှ “သားရဲကောင်၊ တိရစ္ဆာန်ကောင် “ဟု အခေါ်ခံရသောအခါ “သားရဲကောင်... ဘယ်သူ့ကို ဆဲနေတာလဲ...” ဟု မေးခွန်းထုတ်လိုက်သည်။


ဖုန်းရီက ထိုဝတ္ထုအတိုင်း မေးလိုက်သည်။

“သားရဲကောင်... ဘယ်သူ့ကို ဆူဆဲနေတာလဲ...”


အဖေဖုန်းမှ ပြောလာသည်။

“သားရဲကောင် မင်းကို ပြောနေတာ...”


“ဟုတ်တယ်... သားရဲကောင်က ကျွန်တော့်ကို ဆူနေတာ…”

ဖုန်းရီက ပြုံးလိုက်သည်။


အဖေဖုန်းက ဒေါသများ တလိပ်လိပ်တက်လာပြီး ဖုန်းရီကို ရိုက်ရန် ပြေးလာသည်။ ထိုအခိုက် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားသည်။


ဖုန်းရီက သူ့ထက် ခေါင်းတစ်လုံးစာ အရပ် ပို၍ မြင့်နေသည်။


ဖုန်းရီ အုတ်နှင့် ကြွေပြားစက်ရုံသို့ အလုပ်ဝင်သောအခါ အသက်၁၆နှစ်သာ ရှိသေးပြီး ထိုအချိန်က ဖုန်းရီမှာ အလွန်သေးငယ်ကာ အာဟာရချို့တဲ့နေခဲ့သည်။


ထိုအချိန်က အဖေဖုန်းနှင့် ဖုန်းလောင်တ၊ ဖုန်းလောင်အာ့တို့က ဖုန်းရီကို အလွယ်တကူ ဖိနှိပ်၍ ရိုက်ပုတ်နိုင်ကြသည်။


ယခုတွင်မူ...


အဖေဖုန်းက ဖုန်းရီကို မနိုင်မှန်း သိသောအခါ လက်သီးကျစ်ကျစ်ဆုတ်၍ အံကြိတ်ပြီး ပြောလာသည်။

“ဖုန်းရီ ငါပြန်လာမှ မင်းနဲ့ စာရင်းရှင်းမယ်...”


ထိုသို့ ပြောပြီးနောက် စက်ဘီးကိုတွန်း၍ ထွက်သွားသည်။


သူ မြို့သို့သွား၍ ဟင်းရွက်ရောင်းရဦးမည် ဖြစ်သည်။


ဖုန်းရီက အဖေဖုန်းကို တစ်ချက်ငဲ့ကြည့်ပြီး အပင်များကို ရေဆက်လောင်းနေခဲ့သည်။


သူ အဖေဖုန်းကို ထပ်မံ၍ မကြောက်တော့ပေ။


သူ ငယ်ရွယ်ပြီး အားနည်းစဉ်က မခုခံနိုင်ဘဲ သွားစရာ နေရာမရှိသောကြောင့် သည်းခံ၍ ဆက်နေရခြင်းဖြစ်သည်။ ယခု မတူတော့ပေ။


အဖေဖုန်းသာ သူ့ကို ရိုက်ပါက သူ ရဲကို အကြောင်းကြားလိုက်မည် ဖြစ်သည်။


အချိန်များက ပြောင်းလဲသွားပြီ ဖြစ်သည်။


ဖုန်းရီက သီချင်းလေး ညည်းရင်း ကျန်းမိသားစုပိုင် စိုက်ခင်းများကို ရေလောင်းနေသည်။


အဖေကျန်း နိုးလာသောအခါ သူ့စိုက်ခင်းများက စိုစွတ်နေပြီ ဖြစ်သည်။


အဖေကျန်း “...”


“ဦးလေးကျန်း... ဘာလုပ်ချင်တာ ရှိသေးလဲ... ကျွန်တော် ကူညီမယ်...”

ဖုန်းရီ၏ တက်ကြွသော အမူအရာများကို တွေ့ပြီးနောက် အဖေကျန်းက ယာဂုကြိုချက်ရန် မီးဖိုချောင်ထဲသို့သာ သွားလိုက်သည်။


ဖုန်းရီက ချက်ချင်း လိုက်ပါ၍ မီးမွှေးပေးသည်။


နေထွက်လာသောအခါ ချောင်းထိုရွာမှ လူများ နိုးထလာကြသည်။ အိမ်တိုင်းရှိ မီးခိုးခေါင်းတိုင်မှ မီးခိုးငွေ့ဖြူဖြူများ ထွက်လာကြသည်။


ကျန်းလီယွင်လည်း ထိုအချိန်တွင် နိုးလာခဲ့ပြီး ဖုန်းရီ မီးမွှေးနေသည်ကို တွေ့လိုက်သည်။


“ဖုန်းရီ... ငါ့ကို ကူပြီး ဝက်သား နုတ်နုတ်စဉ်းပေးပါဦး... နင်က အသားကို နုတ်နုတ်စဉ်းပေး ငါက ဂျုံမုန့်ညက်နယ်မယ်... ငါတို့ ဖက်ထုပ်အတူလုပ်ကြရအောင်...” 

ကျန်းလီယွင်က ပြောလိုက်သည်။


ဖုန်းရီက ချက်ချင်း လုပ်လက်စ မီးမွှေးခြင်းကို ရပ်ပြီး လက်ဆေး၍ ကျန်းလီယွင်ကို ဝက်သား ကူစဉ်းပေးသည်။


အဖေကျန်းက ဖုန်းရီကို ကြည့်ပြီး တိတ်တဆိတ် မီးဖိုနားတွင် မီးမွှေးနေသည်။


ကျန်းမိသားစုတွင် ဓားတစ်လက်သာရှိသောကြောင့် ကျန်းလီယွင်က နောက်တစ်လက် ထပ်ဝယ်လာသည်။ ဖုန်းရီက ဓားနှစ်လက်ဖြင့် စည်းချက်ကျကျ အသားစဉ်းနေသည်။


ဖုန်းရီက အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် အသားစဉ်းနေသည်။


အသားကို နုတ်နုတ်စဉ်းရသည်က အတော်လေး ပင်ပန်းသောကြောင့် ယခင်ဘဝ၌ ကျန်းလီယွင်၏ ပုခုံးများ ကိုက်ခဲလေ့ရှိသည်။ နောက်ပိုင်းတွင် အသားကြိတ်စက် ဝယ်လိုက်ပြီးနောက်မှသာ သူမ သက်သာသွားသည်။


ဖုန်းရီအတွက်မူ အသားစဉ်းရသည်က အလွန်ကို လွယ်ကူပေသည်။


ဖုန်းရီက အသားကို တည့်တည့်ခုတ်ဖြတ်ပြီး စည်းချက်ကျကျ ကိုင်တွယ်နေခြင်းဖြစ်သည်။


သူ ညည်းနေသည်က လွန်ခဲ့သော နှစ်များက “ဟုန်ချောင်”တွင် ခေတ်စားခဲ့သော အချစ်သီချင်း၏ သံစဉ်လေးဖြစ်ပြီး စွင်းကျင်ရှန်း ဝယ်လာသော ကတ်ဆက်မှ သူ နားထောင်နေကြဖြစ်သည်။


ကျန်းလီယွင်က ဖုန်းရီ၏ လှုပ်ရှားမှုမျာကို သတိမထားမိဘဲ ဂျုံနယ်ခြင်းနှင့် အလုပ်များနေသည်။


ဂျုံနယ်ရတာ ပင်ပန်းလိုက်တာ... ငါ့မှာသာ ပိုက်ဆံရှိလာရင် အသားကြိတ်စက်ထက် ဂျုံနယ်တဲ့စက်ကို အရင် ဝယ်မယ်...


ကျန်းလီယွင်နှင့် ဖုန်းရီတို့ အလုပ်လုပ်နေစဉ် အမေကျန်းက မနက်စာစားရန် ခေါ်သည်။


မနက်စာစားပြီးနောက် အလုပ်ဆက်လုပ်ကြရာ တစ်နာရီကျော် ကြာပြီးနောက် ပြင်ဆင်မှုများ ပြီးဆုံးပြီး ဖက်ထုပ်ထုပ်ရန်သာ ကျန်တော့သည်။


ယနေ့တွင် ဆိုင်ဖွင့်ရန် မလိုသောကြောင့် ဖက်ထုပ်များ ထုပ်ရန် အလျင်မလိုပေ။


ကျန်းလီယွင်က ဖုန်းရီကို ပစ္စည်းများ တွန်းလှည်းပေါ်တင်ခိုင်းပြီးနောက် ပြောလိုက်သည်။

“ဖုန်းရီ အုတ်နဲ့ကြွေပြားစက်ရုံကို သွားရအောင်... အားလုံးကို အဲ့နေရာမှာတင် ငါ ဖက်ထုပ်ကြော် ကြော်ကျွေးမယ်...”


သူမက သူမ၏ အရည်အချင်းကို လေ့ကျင့်လိုသည်။


“ဟုတ်ကဲ့...”

ဖုန်းရီက ပြန်ဖြေပြီး လှည်းကို ကူဆွဲပေးသည်။


ကျန်းမိသားစုမှ ထွက်လာပြီးသောအခါ ဖုန်းရီက ဘေးခြံတွင် အပင်ရေလောင်းနေသော သူ့အမေကို တွေ့လိုက်သည်။


ဖုန်းရီက သူ့အမေကို နှုတ်မဆက်ဘဲ မမြင်ချင်ယောင်ဆောင်ကာ ကျန်းလီယွင်ကို ပြောလိုက်သည်။

“အစ်မလီယွင်... လှည်းပေါ်ထိုင်ပါလား... ကျွန်တော် တစ်လမ်းလုံး ဆွဲသွားပေးမယ်...”


သူတို့ရွာမှ ယောကျ်ားအချို့က ပစ္စည်းများ သယ်သော လှည်းပေါ်တွင် မိန်းမနှင့် ကလေးများတင်ဆောင်၍ မြို့သို့ သွားလေ့ရှိသည်ကို မြင်ဖူးသည်။ ဖုန်းရီလည်း ကျန်းလီယွင်ကို ထိုသို့ တင်ဆောင်သွားချင်သည်။


ကျန်းလီယွင်က ဦးလေးကျန်းထံမှ တွန်းလှည်းအကြီးတစ်ခုကို ငှားရမ်းလိုက်သည်။ လှည်းပေါ်တွင် ပစ္စည်းများနှင့် ပြည့်နှက်နေသော်လည်း လူတစ်ယောက်စာထိုင်ရန် နေရာရှိသေးသည်။


သို့ရာတွင် ပစ္စည်းများသာမက လူကိုပါ ဆွဲသွားရန်မှာ ဖုန်းရီအတွက် များပြားလွန်းပေသည်။


ကျန်းလီယွင်မှ ပြောသည်။

“ငါ့ဘာသာ လမ်းလျှောက်လိုက်မယ်...”


ဖုန်းရီက စိတ်ပျက်သွားသည်။


ထိုအချိန်တွင် ဘေးအိမ်မှ ကျိုးချောင်ရှား(အမေဖုန်း)က မျက်မှောင်ကြုတ်၍ ပြောသည်။

“ဖုန်းရီ... အဲ့မှာ ဘာလုပ်နေတာလဲ... ဘာလို့ အလုပ်မသွားတာလဲ...”


ဖုန်းလောင်ထို (အဖေဖုန်း)က ဤနှစ်တွင် အသက် ၅၀ထဲတွင် ဖြစ်ပြီး ကျိုးချောင်ရှား (အမေဖုန်း)က အသက် ၄၀ထဲတွင် ဖြစ်သည်။


ဖုန်းရီက ချောမောခံ့ညားသည်။ အမေဖုန်းကလည်း ရုပ်ရည်မဆိုးလှပေ။ ထို့ကြောင့်သာ ဖုန်းလောင်ထိုက သူမကို ကောင်းမွန်စွာ ဆက်ဆံပြီး သူမနှင့် မွေးဖွားလာသော ကလေးများကိုလည်း မျက်နှာသာပေးသည်။


ကျိုးချောင်ရှား ဖုန်းမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ရာတွင် ဖုန်းလောင်ထိုက ၁၀နှစ်ကျော် အသက်ပိုကြီးသောကြောင့် ပိုင်ဆိုင်မှု ငွေကြေးများမှာ အာမခံချက်ရှိသည်။ အဖွားဖုန်း ကွယ်လွန်သွားသည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်သော်လည်း သက်ရှိထင်ရှားရှိစဉ်က ဖုန်းလောင်တ နှင့် ဖုန်းလောင်အာ့တို့ ညီအစ်ကိုများကို ဂရုစိုက်ပေးခဲ့သောကြောင့် များစွာ ခက်ခဲခဲ့ခြင်းမရှိပေ။


ဖုန်းအိမ်၌ ကံမကောင်းဆုံးသူမှာ ဖုန်းရီဖြစ်သည်။


ဖုန်းရီ၏ ကံဆိုးမိုးမှောင်ကျမှုများ ဒုက္ခများမှာ ကျိုးချောင်ရှားက သူ့ကို မနှစ်သက်ခြင်းကြောင့်သာ ဖြစ်သည်။


ကျိုးချောင်ရှားသာ ဖုန်းရီကို တန်ဖိုးထားပါက အလှလေး ကျိုးချောင်ရှားကို လက်ထပ်ယူထားပြီး အသက်ကွာခြားမှုပါ ရှိသောကြောင့် ဖုန်းလောင်ထိုက ဂရုမစိုက်ဘဲ နေမည်မဟုတ်ပေ။ အနည်းဆုံး ယခုထက် ကောင်းမွန်စွာ ဆက်ဆံခံရမည်ဖြစ်သည်။ အစားတစ်လုတ်စာဖြစ်ဖြစ် ပိုဝလင်စွာ စားသောက်နိုင်ပေမည်။ ဖုန်းရီ ဖုန်းမိသားစုထဲ ဝင်ရောက်လာသောအခါ ရွာမှ အစားအသောက်များ ထောက်ပံ့ကြပြီး နောက်ပိုင်း မြေများ ခွဲဝေကြသောအခါ ဖုန်းရီက သူ့ဝေစုကို ရရှိပေမည်။ ဖုန်းရီကို အစားတစ်လုတ်ကျွေးရန် ဖုန်းမိသားစုက ငွေကြေးပြတ်လပ်မနေပေ။


ဖုန်းလောင်ထိုက ဖုန်းရီကို လျစ်လျူရှုပြီး အလေးမထားရခြင်းမှာ ကျိုးချောင်ရှားက ဖုန်းရီကို မနှစ်သက်သောကြောင့် ဖြစ်သည်။ ဖုန်းလောင်တ နှင့် ဖုန်းလောင်အာ့တို့လည်း ထို့အတူပင်ဖြစ်သည်။


ကျိုးချောင်ရှား ထပ်မံမွေးသော ဖုန်းမိသားစုကလေးများမှာ ထိုကဲ့သို့ အနိုင်ကျင့်မခံရပေ။


ကျန်းလီယွင် ထိုအကြောင်းကို သတိထားမိပြီး ငယ်စဉ်အခါမှ စ၍ ကျိုးချောင်ရှားကို သဘောမကျပေ။ ကျိုးချောင်ရှား၏ အခြားကလေးနှစ်ယောက်ကိုလည်း မျက်နှာသာမပေးခဲ့ပေ။


ယခင်ဘဝတွင် သူမ ကိုယ်တစ်ပိုင်းအကြောမသေမီတွင် ဖုန်းရီက တစ်လျှောက်လုံး ရှာဖွေစုဆောင်းရရှိသမျှ ငွေကြေးများကို ဖုန်းမိသားစုသို့ ပို့ပေးနေကြောင်း သိခဲ့ရသည်။ သူမက မကျေမချမ်းဖြစ်ဖူးသော်လည်း သူမတို့ လက်ထပ်ပြီးသောအခါ ဖုန်းရီက ကျိုးချောင်ရှားကို လျစ်လျူရှုလိုက်သည်။


နောက်ပိုင်းတွင် သူမတို့ ချမ်းသာလာသောအခါ ကျိုးချောင်ရှားက လာရှာသော်လည်း ဖုန်းရီက လုံးဝကို လျစ်လျူရှုခဲ့သည်။


သို့ရာတွင် ကျိုးချောင်ရှားက စိတ်အနှောင့်အယှက်ပေးရာတွင် အရည်အချင်းရှိသည်။ ဖုန်းရီ သေဆုံးသွားသောအခါ ဖုန်းရီထံမှ အမွေများကို ဝေစုရချင်နေသေးသည်။


ကျိုးချောင်ရှား ထိုသို့ ပြုလုပ်မည်ကို စိုးရိမ်သည့်အပြင် ကျန်းလီယွင်၏ လှုပ်ရှားနိုင်ခြင်းသည်လည်း အကန့်အသတ်နှင့် ဖြစ်သောကြောင့် ဖုန်းရီက ပိုင်ဆိုင်မှု မှန်သမျှနှင့် စီးပွားရေးအားလုံးကို သူမနာမည်အောက်တွင် ဝယ်ယူထားခဲ့သည်။ 


ထိုကြောင့် နောက်ဆုံးတွင် ကျိုးချောင်ရှားနှင့် သူမ၏ ကလေးများက ဖုန်းရီထံမှ အမွေ မရနိုင်ခဲ့ပေ။


အရင်ဘဝတုန်းက ဖုန်းရီက ကျိုးချောင်ရှားကို ဂရုမစိုက်ခဲ့ပေမယ့် အခုဘဝမှာရော...


ကျိုးချောင်ရှား ပြောပြီးသွားသောအခါ ဖုန်းရီက နောက်ဆုံးတွင် သူမကို ကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။ 

“ကျွန်တော် အလုပ်ကို ထပ်မသွားတော့ဘူး...”


သူက ကျန်းလီယွင်နှင့်အတူ ဆိုင်ဖွင့်ရန် စီစဉ်ထားသည်။


“နင် အလုပ်မသွားတော့ဘူး ဟုတ်လား... နင့်ကို ဘယ်သူက အလုပ်ပျက်လို့ ရတယ်လို့ ပြောလဲ...”

ကျိုးချောင်ရှားက လွန်စွာ ဒေါသထွက်လာသည်။


ဖုန်းရီက အုတ်နှင့် ကြွေပြားစက်ရုံတွင် အလုပ်လုပ်သည်။ တစ်နှစ်လျှင် ယွမ်၁၀၀၀ကျော် ဝင်ငွေရှိပြီး ထိုငွေများ အားလုံးကို ဖုန်းမိသားစုကို ထောက်ပံ့ရသည်။ သူမ ဖုန်းရီကို အလုပ်နားခွင့် မပေးနိုင်ပေ။


“ကျွန်တော် မသွားချင်လို့ အလုပ်မသွားတော့တာ...”

ဖုန်းရီက ပြန်ဖြေသည်။


“နင်ဘယ်တုန်းက မနာခံတတ်ဘူး ဖြစ်သွားတာလဲ... အခုချက်ချင်း စက်ရုံကို ပြန်လိုက်တာ ကောင်းမယ်နော်...”

ကျိုးချောင်ရှားက ခက်ထန်တင်းမာသော မျက်နှာထားဖြင့် အမိန့်ပေးလိုက်သည်။


ဖုန်းရီက ရိုးရှင်းစွာပင် သူမအား လျစ်လျူရှုလိုက်သည်။



🏡🏡🏡