Chapter 19
Viewers 4k

🏡 Chapter 19

ပြောင်းရွှေ့နေထိုင်ခြင်း



နောက်တစ်နေ့တွင် သူမ ဆိုင်ကို မပြင်ဆင်နိုင်သေးဘဲ စက်ရုံမှ ဖုန်းရီ၏ လုပ်ဖော်ကိုင်ဖက်များအတွက် ဖက်ထုပ်များ ပြုလုပ်ပေးသည်။


ကျန်းလီဟိုင်အကြောင်းတွေးမိသောအခါ စက်ရုံမှ လုပ်ဖော်ကိုင်ဖက်များ သူမအစ်ကိုကို စောင့်ရှောက်ပေးစေရန်အတွက် မျက်နှာသာပေးစေရန် သူမတွင် တာဝန်ရှိသကဲ့သို့ ခံစားမိသည်။


အိမ်ပြန်ရောက်သောအခါ ဝင်ပေါက်တွင် ပဲပိစပ် အခွံခွာနေသော သူမအမေနှင့် ဥယျာဉ်ထဲတွင် ရေလောင်းနေသော သူမအဖေကို တွေ့လိုက်ရသည်။ 


လွန်ခဲ့သော ရက်များက မိုးနည်းသောကြောင့် သူမတို့ စိုက်ခင်းက ဟင်းရွက်များမှာ ကျန်းမာသည့်ပုံ မရပေ။


ရာသီဥတုနှင့် ပတ်သက်ပြီး ကျန်းလီယွင်က မိုးကာများ ပြင်ဆင်ထားသည်။ သူမက ပိုက်ဆံအနည်းငယ်သုံးပြီး ဆေးသုတ်ထားသော ပုံးလေးပုံး ဝယ်ယူခဲ့ပြီး အလယ်တွင် ဝါးချောင်းများ စိုက်ကာ ဘေးဘက်တွင် ဘိလပ်မြေနှင့် သဲများဖြည့်၍ ကွန်ကရစ်လောင်းပြီး ကွန်ကရစ်ခြောက်သောအခါ ဝါးကို ဆွဲထုတ်လိုက်သည်။


ထိုနည်းဖြင့် ကွန်ကရစ်က အပြည့်အဝခြောက်သွေ့ပြီး ဝါးလုံးများ စိုက်ရန် အခြေစိုက်ပုံးလေးပုံး ရလာခဲ့သည်။ 


ဆိုင်အတွက် ပြင်ဆင်နေစဉ်တွင် သူမက အောက်ခြေတွင် ဝါးလုံးများ ထည့်ကာ ရိုးရှင်းသော အောက်ခံဘောင်ပြုလုပ်ပြီး အပေါ်မှ ပလပ်စတစ်အခင်းဖြင့် ဖုံးအုပ်လိုက်သည်။ အစွန်းများတွင် အုတ်ခဲများဖြင့် ဖိထားသောကြောင့် မိုးအလွန်ကြီးလျှင်ပင် ဆိုင်အတွင်းမှ သူများ မိုးမစိုနိုင်ပေ။


သေချာပေါက် နေရောင်ခြည်ပါ ကာကွယ်နိုင်ပေသည်။ သူမ ယခင်ဘဝ၌ ကွာရှင်းပြီး ကလေးတစ်ယောက်ကို ဂရုစိုက်ရင်း သူမတစ်ယောက်ထဲ ဆိုင်ဖွင့်၍ ထိုအတွေ့အကြုံများ ရလာခြင်းဖြစ်သည်။ 


“အဖေနဲ့အမေ... သမီး ပြန်ရောက်ပြီ...”

ကျန်းလီယွင်က အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။


အဖေကျန်းက ပြုံးပြသော်လည်း တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။ အမေကျန်းက ဖုန်းရီအား ပြန်နှုတ်ဆက်လာသည်။

“ရှောင်ရီလည်း ပါလာတာကိုး... မတွေ့ရတာတောင် ကြာပြီ...”


သူမက ထိုင်ခုံကို ယူပေးကာ ရေတစ်ခွက် ယူပေးရန် ပြင်သည်။


“အမေ ထိုင်ပါ... ဖုန်းရီကို အားနာစရာ မလိုပါဘူး...”

ကျန်းလီယွင်က အမေကျန်းလက်ကို ဆွဲရင်း ပြောလိုက်သည်။


“လီယွင်...ဖုန်းရီကို ထိုင်ခုံပေးလိုက်ပါဦး...”

အမေကျန်းက ဆိုသည်။


ဖုန်းရီက သံဒယ်ပြားများကို ချကာ ကျန်းလီယွင်အတွက် ထိုင်ခုံကို လျင်မြန်စွာ ယူလာပေးပြီး ပြောလိုက်သည်။

“ကျွန်တော့်ဘာသာ လုပ်လိုက်ပါမယ်...”


ထိုသို့ပြောပြီးသော်လည်း သူ မထိုင်သေးပေ။


သူ အနည်းငယ် မသက်မသာ ခံစားနေရသည်။


ကျန်းလီယွင်က ငါနဲ့ အတူရှိချင်တယ်လို့ ပြောတယ်... သူ ပြောခဲ့တယ်... သူ့မိဘတွေက ငါနဲ့ သဘောမတူရင်ရော...စိတ်ဆိုးသွားရင်ရော...


ဖုန်းရီ မထိုင်ရဲပေ။


ကျန်းလီယွင်က ထိုင်ပြီးနောက် သူမ မနက်ကတည်းက အလုပ်များခဲ့သည် ဖြစ်သောကြောင့် ပင်ပန်းနေသည်။


“လီယွင်... ဘာလို့ ထိုင်နေတာလဲ...”

အမေကျန်းက ကူရာကယ်ရာမဲ့စွာ မေးလိုက်သည်။ ဧည့်သည်ကို ထိုင်ခုံ မပေးဘဲ အိမ်ရှင်က ထိုင်နေခြင်းက မသင့်တော်ပေ။


သူ့အမေ၏ အတွေးများကို ခန့်မှန်းပြီး ကျန်းလီယွင်က ရှင်းပြလာသည်။

“အမေ...ဖုန်းရီနဲ့သမီး တွဲနေကြပြီ...”


အမေကျန်းက ကြက်သေသေသွားသည်။


ဖုန်းရီကမူ ပျော်ရွှင်ကြည်နူးနေသည်။


အိမ်ပြန်လမ်းတစ်လျှောက်တွင် ဖုန်းရီက ရှဲ့ဇူကန်းထံမှ မဟုတ်တရုတ် စကားများကြောင့်သာ ကျန်းလီယွင်က သူတို့ဆက်ဆံရေးကို ပြောခဲ့သည်ဟု ထင်ကြေးပေးထားသော်လည်း ယခုအခါတွင် ကျန်းလီယွင်က သူမ မိဘများကို ဖွင့်ပြောလိုက်သည်။


ကျန်းလီယွင်က ဖုန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“ဖုန်းရီ... အဖေ့ကို ကူပြီး အပင်ရေလောင်းပေးလိုက်ဦး...”


“ဟုတ်ကဲ့...” 

ဖုန်းရီက ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားရာ ခြေလှမ်းများက ပေါ့ပါးနေပြီး ပျံတက်တော့မည့် အတိုင်းပင် ဖြစ်နေသည်။


ဖုန်းရီထွက်သွားသည်ကို မြင်ပြီးနောက် ကျန်းလီယွင်က ပြောသည်။

“အမေ... သမီး ဖုန်းရီကို တကယ် သဘောကျတယ်... သူနဲ့ လက်ထပ်ချင်တယ်...”


အမေကျန်းက ပြောလာသည်။

“ဒါပေမယ့်... သူ့မှာ ကိုယ်ပိုင်အိမ်တောင် မရှိဘူးလေ…”


“အစ်မ လက်ထပ်ခဲ့တဲ့ ဟို အရူးကောင်ထက်တော့ သာပါသေးတယ်...”

ကျန်းလီယွင်က ပြောသည်။


အမေက သက်ပြင်းချလျက် ပြောလာသည်။

“ကိုယ့်ခဲအိုကို မကောင်းမပြောရဘူး…”


“အမေ... သမီး ဖုန်းရီကို သဘောကျတယ်... ဒီနေ့ စက်ရုံက လူတွေကိုလည်း သမီးတို့ တွဲနေကြောင်း ပြောခဲ့တယ်...”

ကျန်းလီယွင်က သူမအမေ လက်ခံလာအောင် ခိုင်ခိုင်မာမာ ပြောလိုက်သည်။


“ဒါပေမယ့် ... ဒါပေမယ့် ...”

အမေကျန်းက ပြောရခက်နေသည်။


“အမေ စိတ်မပူပါနဲ့... သမီး ကောင်းကောင်းလုပ်မှာပါ...”

ကျန်းလီယွင်က သူမအမေအား သိမ်းသွင်းနေသည်။


ငယ်ရွယ်စဉ်က အမေကျန်းမှာ ဆုံးဖြတ်ချက်ပြတ်သားပြီး အဖေကျန်းအား လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် သူမ၏ ကျန်းမာရေးက ဆိုးရွားလာပြီး ကလေးများအပေါ် မှီခိုလာရသောအခါ မိဘများ၏ အာဏာကို ဆုံးရှုံးလိုက်ရသည်။


“အနာဂတ်မှာ သမီး ဘယ်မှာနေမလဲ...”

အမေကျန်း မေးလာသည်။


“အမေ... သမီး ငွေရှာမယ်... ဗီလာဆောက်ပြီး အမေနဲ့ အတူ နေမယ်...”

ကျန်းလီယွင်က ဖြေသည်။


ကျေးလက်ဒေသ၌ အလုပ်သမားခ သက်သာသောကြောင့် အိမ်ဆောက်ခြင်းက များစွာ မကုန်ကျပေ။ ယခုခေတ် ရွာသားများက ရိုးရှင်းသော အိမ်များကို ဆောက်လုပ်လာကြပြီး ယွမ်ငါးထောင်ခန့် ကုန်ကျသည်။ ပို၍ အရည်အသွေးကောင်းသော အိမ်များကမူ ပို၍ ကုန်ကျပေမည်။


အမေကျန်းက စိတ်ပူနေဆဲပင်ဖြစ်သည်။


အမေကျန်း မည်သို့ ပြောသည်ဖြစ်စေ ကျန်းလီယွင်က ဖုန်းရီနှင့် အတူ နေထိုင်မည်ဖြစ်သည်။ အမေကျန်းကို နှစ်သိမ့်ပြီးနောက် သံဒယ်ပြားနှစ်ခုနှင့် သူမဘာသာသူမ အလုပ်ရှုပ်နေသည်။ 


ချိန်ဆကြည့်ပြီးနောက် သူမ ဝယ်ထားသော အပေါက်တစ်ပေါက်ပါသော မီးဖိုက သံဒယ်ပြားများနှင့် မလုံလောက်ပေ။


ပိုကြီးသော အပေါက်သုံးပေါက်ပါသော မီးဖိုကို သူမတို့ လိုအပ်သည်။ အမှန်တွင် ဂတ်စ်မီးဖိုက အကောင်းဆုံးဖြစ်သော်လည်း ဂတ်စ်မီးဖိုနှင့် ဂတ်စ်ဖိုးက ဈေးကြီးနေဆဲ ဖြစ်သည်။


ဖုန်းရီ သူမ အဖေကို ကူညီပြီးသည်ကို မြင်သောအခါ ကျန်းလီယွင်က အော်ခေါ်လိုက်သည်။

“ဖုန်းရီ... ငါနဲ့အတူ မြို့ကိုလိုက်ခဲ့ဦး... ငါ ပိုကြီးတဲ့ မီးသွေးမီးဖို ဝယ်ချင်လို့...”


ဖုန်းရီက ကျန်းလီယွင်နောက်သို့ ချက်ချင်း ပြေးလိုက်လာသည်။


သူမက ပြုံး၍ အိမ်မှ ဝါးလုံးကို ယူပြီး ဖုန်းရီကို သယ်ခိုင်းကာ မြို့သို့ ထွက်လာသည်။


သူမတို့ မီးသွေးမီးဖိုတစ်ခုကို ဝယ်ယူလိုက်ပြီး ဂျုံ ငါးဆယ်ပေါင်နှင့် မိမိအကြိုက်ထည့်စားရန် ပြင်ပေးထားသော ဆား၊ ငရုတ်ကောင်း စသည်များကို ဆိုင်အတွက် ဝယ်ယူလိုက်သည်။ 


ဝက်သားကိုမူ ရာသီဥတုက အေးသောကြောင့် လူများက ညနေတွင် ဝက်သားပေါ်၍ စိုစွတ်သော အဝတ်ဖြင့် ပတ်ကာ မနက်ဈေးတွင် ရောင်းချကြသည်။


ထိုအရာကို ကျန်းလီယွင်က သတိထားမိပြီး ညနေ ၇နာရီ ၈နာရီဝန်းကျင်မှ ဝက်သတ်သမားထံသွား၍ ဝက်သား ဝယ်ယူရန် စီစဉ်ထားသည်။


သူမတို့ ရွာပြန်ရောက်သောအခါ မှောင်နေပြီဖြစ်သည်။


ကျန်းလီယွင်က ပြောလိုက်သည်။

“အိမ်အရင်ပြန်ပြီး ညနေစာ စားရအောင်...ပြီးရင် နင်နေဖို့ နေရာ ပြင်ဆင်ပေးမယ်...”


သူမတို့အိမ်တွင် အိပ်ရန် အခန်းနှစ်ခန်းသာ ရှိပြီး ထမင်းစားခန်းတွင် ကောက်ရိုးများ ဖြန့်ခင်း၍ အိပ်နိုင်သည်။


ဖုန်းရီ သူများအိမ်တွင် သွားနေပါက နေရာထိုင်ခင်းက အတူတူပင် ဖြစ်နိုင်သည်။


ကျန်းလီယွင်က အခြားလူများ ပြောကြမည်ကို မစိုးရိမ်သော်လည်း အမေကျန်းနှင့် အခြားသူများက ဂရုစိုက်ကြသည်။


“ဟုတ်ကဲ့...”

ဖုန်းရီက ခေါင်းညိတ်သည်။


သူ ယနေ့ တစ်နေ့လုံး စိတ်လှုပ်ရှားနေခဲ့ပြီး ကျန်းလီယွင် ပြောသမျှကို သဘောတူခဲ့သည်။


ကျန်းလီယွင်က အသံလွင်လွင်ဖြင့်ရယ်မော၍ ဖုန်းရီ၏ နားသန်သီးလေးအား ဆွဲဆိတ်လိုက်သည်။

“လိမ္မာလိုက်တာ...”


ဖုန်းရီက အေးခဲသွားသည်။


သို့ရာတွင် ကျန်းလီယွင်က ဖုန်းရီကို စနောက်ရသည်ကို ပျော်ရွှင်နေသည်။


×××××


ကျန်းလီယွင်နှင့် ဖုန်းရီ ကျန်းအိမ်သို့ ပြန်ရောက်လာသောအခါ ညနေ ၆နာရီကျော်ပြီ ဖြစ်ပြီး ကောင်းကင်ကြီးက မဲမှောင်နေလေပြီ ဖြစ်သည်။ ပင်မအခန်း၏ တံခါးက ဖွင့်လျက်ရှိနေပြီး အလင်းရောင်များ ထွက်ပေါ်နေသည်။


ကျန်းလီယွင်က တံခါးကို တွန်းဖွင့်လိုက်သောအခါ ဝါးကုလားထိုင်တွင် ထိုင်၍ ခွေးခြေပေါ်တွင် စာအုပ်တင်ပြီး စာကို စိတ်ဝင်တစားလုပ်နေသော ကျန်းလီယွီကို တွေ့လိုက်ရသည်။ သူမ ခေါင်းက စာအုပ်နှင့် ထိလုနီးပါး ဖြစ်နေသည်။


“လီယွီ... ခေါင်းနည်းနည်းမော့ဦး...”

ကျန်းလီယွင်က သတိပေးသည်။


ကျန်းလီယွီက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ဖုန်းရီကို နှုတ်ဆက်လိုက်သည်။

“အစ်ကိုဖုန်းရီ...”


ကျန်းလီယွီက တသီးတသန့်နေတတ်သော အင်ထရိုဗာတ် ဖြစ်သည့်အပြင် ဖုန်းရီသည်လည်း ထို့အတူပင်ဖြစ်သည်။ 

“မင်္ဂလာပါ...လီယွီ...”


သူတို့နှစ်ယောက် နှုတ်ဆက်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။


ကျန်းမိသားစုအိမ်၏ မီးဖိုချောင်က အိမ်၏ မြောက်ပိုင်းတွင် ရှိသည်။ ကျန်းလီယွင်က အိုးအဖုံးကို မ၍ အထဲ၌ ကြက်ဥမွှေကြော်၊ ပဲပိစပ်နှင့် ဆားစိမ်ဟင်းရွက်များကို ရေနွေးနှင့် ပေါင်းထားသည်ကို တွေ့လိုက်ရသည်။ ထမင်းအိုးအကြီးတစ်ခုလည်း ရှိသေးသည်။


“ဖုန်းရီ... စားကြရအောင်...”

ကျန်းလီယွင်က ခေါ်လိုက်သည်။


အဖေကျန်းနှင့် အမေကျန်းတို့က စောစီးစွာ မနက်စာစားလေ့ရှိသည်။ ထို့ကြောင့် နေ့လည်စာကိုလည်း စောစီးစွာ စားကြသည်မှာ သဘာဝပင်။ ထို့နောက် ညနေလေးနာရီဝန်းကျင်တွင် ဗိုက်ဆာလာကြသည်။ ပုံမှန်နေ့ရက်များတွင် ကျန်းလီယွင်ပြန်လာသည်ကို စောင့်၍ အတူတူ စားကြသော်လည်း ယနေ့တွင် မည်သည်အချိန်မှ ပြန်လာမည်ကို မသိသည်က တစ်ကြောင်း၊ အိမ်မှ မထွက်မီ သူမကို မစောင့်ဘဲ စားနှင့်ရန် ပြောခဲ့သောကြောင့် တစ်ကြောင်း စောစီးစွာ စားလိုက်ကြသည်။


ယခုအချိန်တွင် ကျန်းမိဘများက ညစာစားပြီးသောကြောင့် သူတို့၏ အခန်းသို့ ပြန်ကာ အနားယူနေကြသည်။ ဤအခြေအနေက နှစ်ဦးနှစ်ဖက် အဆင်ပြေနေသည်။


ကျန်းလီယွင်၏ ထမင်းစားရန် ဖိတ်ကြားချက်ကို ကြားသောအခါ ဖုန်းရီက သူမကို ကူညီ၍ ထမင်းဝိုင်းပြင်ပေးပြီး အတူတူ စားကြသည်။


ဖုန်းရီက ကျန်းမိသားစုအိမ်နှင့် အလွန် ရင်းနှီးကျွမ်းဝင်မှုရှိသည်။ သူ ငယ်စဉ်ကတည်းက ကျန်းလီယွင်က သူမအိမ်သို့ ခေါ်လာလေ့ရှိသောကြောင့်ဖြစ်သည်။ သို့ရာတွင် သူ ကျန်းအိမ်၌ မစားဖြစ်ပေ။


သူက ငယ်သေးသော်လည်း သူများအိမ်၌ ထမင်းစားခြင်းက မသင့်တော်ကြောင်း သိသည်။ အထူးသဖြင့် ကျန်းမိသားစုကဲ့သို့ မပြေလည်သောအိမ်မျိုးတွင် ဖြစ်သည်။


ယခု ကျန်းမိသားစု၏ ထမင်းဝိုင်းသို့ ရောက်ရှိနေပြန်သည်။ ကျန်းလီယွင်နှင့် အတူ ထမင်းစားရခြင်းက ဖုန်းရီကို အားရကျေနပ်ပြီး တင်းတိမ်ရောင့်ရဲစေသည်။


သူက ကြက်ဥမွှေကြော်သို့ လက်မလှမ်းဘဲ ကျန်းလီယွင်ကိုသာ ကြည့်၍ ထမင်းအလုတ်ကြီး စားနေသည်။


“ထမင်းက အရမ်း အရသာရှိနေတာလား...”

ကျန်းလီယွင်က ပြုံးပြီးမေးလိုက်သည်။


“အရသာရှိတယ်...”

ဖုန်းရီက ခေါင်းညိတ်၍ ပြောလိုက်သည်။ ထမင်းအလွတ်ကပင် အလွန် အရသာရှိပေသည်။ သူ ငယ်စဉ်က ထမင်းပင် သေချာမစားခဲ့ရပေ။


သူ အလွန်ဗိုက်ဆာသော တစ်ခါက ဖုန်းလောင်တနှင့် ဖုန်းလောင်အာ့တို့ စားပွဲပေါ်၌ ချန်ထားခဲ့သော ကန်စွန်းဥအခွံများကို ကောက်ယူစားသောက်ဖူးသည်။ ဖုန်းလောင်ထို (အဖေဖုန်း)က မြင်သွားပြီး ဖုန်းရီ ကန်စွန်းဥများ ခိုးစားနေသည်ဟု ထင်ပြီး သူခြေထောက်ကို ကန်လိုက်ရာ ပွန်းပဲ့ဒဏ်ရာများ ရလာခဲ့ဖူးသည်။ 


ထိုအချိန်က ဖုန်းရီအမေလည်း ရှိနေပြီး ဖုန်းရီ ကန်စွန်းဥအခွံများသာ စားသည်ကို သတိထားမိသော်လည်း အဖေဖုန်းကို ဆန့်ကျင်၍ တစ်ခွန်းမှ မပြောပေးခဲ့ပေ။


ကျန်းလီယွင်က ထမင်းများသာ စားနေသော ဖုန်းရီကို တင်းမာသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ပန်းကန်လုံးတစ်ခုကို ယူလိုက်ကာ ကြက်ဥမွှေကြော်များ၊ ပေါင်းထားသောပဲပိစပ် ပမာဏများများကို ကော်ထည့်ပြီး ဖုန်းရီကို ပေးလိုက်သည်။ 

“မြန်မြန်စား... ပြီးရင်... နေစရာ နေရာသွားပြင်ရအောင်...”


“ဟုတ်ကဲ့...”

ဖုန်းရီက ခေါင်းညိတ်လိုက်သည်။


ဖုန်းရီက နာနာခံခံရှိသည်ကို မြင်ရသောအခါ သူမက ပျော့ပျောင်းသောအသံဖြင့် ချော့မော့လိုက်သည်။ 

“အားရီ... ဒီနေ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်... ငါတစ်ယောက်တည်းဆိုရင် ဒီလောက် ပစ္စည်းတွေ အများကြီး သယ်နိုင်မှာ မဟုတ်ဘူး...”


“ကျွန်တော်က သန်မာပါတယ်...”

ဖုန်းရီက မဆိုင်းမတွပင် ဖြေလာသည်။


“ဟုတ်တယ်... အခု နင်က ငါ့ထက် သန်မာနေပြီ... တကယ် အံ့ဩစရာပဲ... နောက်ဆို နင့်အကူအညီ အများကြီး လိုတော့မှာ...”


“အစ်မလီယွင်... အစ်မလုပ်ချင်တာ တစ်ခုခုရှိရင် ကျွန်တော့်ကို ပြောနော်...”


“ငါ ပြောမှာပါ... ထပ်ထည့်စားဦး... နင်သာမရှိရင် ငါဘယ်လိုစီမံရမလဲ မသိဘူး... ပြီးရင် ဝက်သားသွားဝယ်ဖို့ တစ်ယောက်တည်း သွားရမှာ ... ငါ နည်းနည်းကြောက်နေတာ...”


ကျန်းလီယွင်က အမှောင်ကို မကြောက်ပေ။ သူမက မူလကတည်းက အရာအားလုံးကို သူမတစ်ယောက်တည်း ကိုယ်တိုင်လုပ်လာခဲ့သူ ဖြစ်သော်လည်း ဖုန်းရီက သူမကို ကူညီရသည်ကို ပျော်ရွှင်သောကြောင့် ဖုန်းရီ၏ အကူအညီ လိုအပ်သကဲ့သို့ နေလိုက်သည်။


“အစ်မလီယွင်... ကျွန်တော် ဝက်သားသွားဝယ်လိုက်မယ်... မှောင်နေပြီဆိုတော့ အစ်မ အိမ်မှာပဲ နားလိုက်ပါ...”

ဖုန်းရီမှ အကြံပေးလာသည်။


“ဒါမှမဟုတ် ငါတို့နှစ်ယောက် အတူသွားကြမလား... စကားလေးပြောရင်း လမ်းလျှောက်ရင်းပေါ့... ညနေမှာ အချိန်ဖြုန်းလို့ အကောင်းဆုံးနည်းလမ်းပဲ...”

ကျန်းလီယွင်က ပြုံးပြီး ပြောလိုက်သည်။


လမ်းလျှောက်ရင်း စကားပြောကြမယ် ... အစ်မလီယွင်နဲ့ ... ဒီလို နောက်ကျတဲ့ ညနေကြီးမှာလေ... 

ဖုန်းရီက ထိုအတွေးများဖြင့် မျက်နှာပူလာခဲ့သည်။


ကျန်းလီယွင်ကို ကူညီမည်ဆိုသော အတွေးများဖြင့် ဖုန်းရီ တစ်ကိုယ်လုံး ခွန်အားများ အပြည့်ဖြစ်လာသည်။


ကျန်းလီယွီက ဘေးတွင် အိမ်စာလုပ်ရင်း ဖုန်းရီကို ငဲ့ကြည့်လိုက်ပြီး မျက်လုံးများ မလှိမ့်ဘဲ မနေနိုင်တော့ပေ။


ဖုန်းရီက အမြဲ သူမ၏ ဒုတိယအစ်မကို ပြိုင်လုနေသည်ဟု ခံစားရသည်။


အတိတ်တွင် သူမ၏ ဒုတိယအစ်မက သူမ အိမ်စာလုပ်နေသည်ကို လာကြည့်ပေးလေ့ရှိသည်။ ယခုတွင် အစ်မက ဖုန်းရီကိုသာ အာရုံစိုက်နေသည်။


သူမက လူပိုတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။


ဘေးကပ်ရပ်အခန်းတွင် အဖေကျန်းနှင့် အမေကျန်းတို့က ပင်မအခန်းမှ ထွက်ပေါ်လာသော တိုးဖျဖျ အသံများကို ကြားနေရသည်။


နေ့လည်က ကျန်းလီယွင်က ဖုန်းရီနှင့် ထွက်သွားပြီးနောက် အမေကျန်းက အဖေကျန်းကို သူမ သမီးဖြစ်သူနှင့် ဖုန်းရီအကြောင်း ပြောပြလိုက်သည်။


ယခုတွင် စပ်စုလိုသူများက တစ်ယောက်မှ နှစ်ယောက်သို့ ပြောင်းလဲလာခဲ့သည်။


အမေကျန်းက အဖေကျန်းကို ပြောသည်။

“ကျွန်မတို့ ဘာလုပ်ကြမလဲ... ဖုန်းရီမှာက အိမ်တစ်လုံးတောင် မရှိဘူးလေ... လီယွင်သာ သူနဲ့ လက်ထပ်လိုက်ရင် ဒုက္ခများမှာ...”


အဖေကျန်းက ပြန်ဖြေသည်။

“လီဖျင်ရော လီယွင်ရော စိတ်ကူးရှိကြမှာပါ...”


ယခင်က ကျန်းလီဖျင် မြို့၌ လက်ထပ်စဉ်ကလည်း သူတို့မိဘများက မည်သည်မျှ မတတ်နိုင်ပေ။ ယခု ကျန်းလီယွင်က ဖုန်းရီနှင့် အတူရှိနေချင်သည်။ သူတို့ မိဘများက အာဏာမရှိသကဲ့သို့ ထပ်မံ ခံစားလာရပြန်သည်။ အမှန်တွင် ကျန်းလီဖျင်ထက်စာလျှင် ကျန်းလီယွင်ကို ပို၍ ပြောမထွက်ပေ။


ကျန်းလီဖျင်က မကြာခဏပင် သူတို့မိဘများက ကျန်းလီဟိုင်ကို မျက်နှာသာပေး ဘက်လိုက်သည်ဟု စွပ်စွဲလေ့ရှိသည်။ သူတို့ ကလေးများထဲတွင် အခက်ခဲဆုံး အပင်ပန်းဆုံးမှာ ကျန်းလီယွင်ဖြစ်ကြောင်း သူတို့ သိကြသည်။


“လီယွင်က ငယ်ငယ်ကတည်းက ဖုန်းရီကို သဘောကျတာ... ကျွန်မက သူ့ကို မောင်လေးအရင်းလို သဘောထားတယ် ထင်နေခဲ့တာ...”

အမေကျန်းက တိုးညှင်းစွာ တတွတ်တွတ်ပြောနေခဲ့သည်။


အဖေကျန်းက ပြောလာသည်။

“ငါတို့မှ ထိန်းချုပ်လို့ မရပဲ... ငါတို့လည်း ဒီလိုပဲ ကြီးပြင်လာကြတာပါပဲ...“


ဘဝက တစ်ရက်ကို တစ်ကြိမ်ပဲ နေနိုင်တယ်... ငါတို့ မထိန်းချုပ်နိုင်တဲ့အရာတွေဆို လွှတ်ထားလိုက်တာ အကောင်းဆုံးပဲ...


ညစာစားပြီးနောက် ကျန်းလီယွင်က ဖုန်းရီကို သူမ ဦးလေးဆီသို့ ခေါ်သွားသည်။


ထိုဦးလေးဖြစ်သူမှာ ကျန်းရုံဝမ်း ဖြစ်ပြီး သားနှစ်ယောက်ရှိသည်။ မကြာသေးမီက သူတို့အိမ်တွင် အိမ်နှစ်လုံး ဆောက်ခဲ့သည်။ သားအကြီးက လက်ထပ်ပြီးဖြစ်ရာ ယခုတွင် အမွေးဖြူကြက်များ မွေးမြူသည်။ သားအငယ်က လက်မထပ်ရသေးဘဲ ကျန်းလီဟိုင်ကဲ့သို့ပင် အုတ်နှင့် ကြွေပြားစက်ရုံ၌ အလုပ်လုပ်သည်။ ထို့ကြောင့် အိမ်ပြန်လာသည်က ရှားသည်။

[T/N: ရှေ့ပိုင်းမှာ လီယွင်က ကျန်းရုံဝမ်းရဲ့ မိန်းမဆီက ကြက်ဝယ်ဖူးပါတယ်။]


ကျန်းရုံဝမ်းနှင့် ဇနီးဖြစ်သူက သူမတို့ သားအငယ်အိမ်တွင် ယာယီနေထိုင်ကြပြီး သူတို့အိမ်၌ အခန်းလွတ်များ ရှိသည်။


“ဦးလေးရုံဝမ်း... ဖုန်းရီ ပြန်ရောက်လာပြီး လက်တလော နေစရာမရှိလို့... ဦးလေးနေရာကို ငှားလို့ရမလား... ထင်းတဲမှာလည်း နေရလည်း ဖြစ်တယ်... ကျွန်မ သူ့အတွက် ဖျာလည်း ယူလာခဲ့တယ်...”

ကျန်းလီယွင်က တိုက်ရိုက်မေးလိုက်သည်။ 


ထိုခေတ်အခါက ဆန်စပါးကို စိုက်ပျိုး ရိတ်သိမ်းကြသောကြောင့် ကောက်ရိုးများက အရေးကြီးသော လောင်စာများဖြစ်ကြသည်။ အိမ်တိုင်း၌ သိုလှောင်ထားသော ကောက်ရိုး အများအပြားရှိကြရာ ကျန်းလီယွင်နှင့် ကျန်းလီယွီတို့၏ အခန်းကို ထင်းတဲဟုပင် သတ်မှတ်နိုင်သည်။



🏡🏡🏡