Chapter 25
Viewers 5k

🏡 Chapter 25

လက်ဖက်ကြက်ဥ (၁)



သူ ကျန်းရုံဝမ်းအိမ်သို့ရောက်သောအခါ ကျန်းရုံဝမ်းက အိမ်ရှေ့မှဘိလပ်မြေခင်းထားသည့် ဟင်းလင်းပြင်တွင် သူ့မြေးမလေးနှင့် ကစားနေ၏။


ကလေးမလေးက အုတ်နီခဲအပိုင်းလေးကိုကိုင်ကာ ဘိလပ်မြေခင်းထားသည့်အပေါ်၌ အဝိုင်းများဆွဲကာ ပြီးလျှင် ပေါင်းပင်မျိုးစုံကို ထိုအဝိုင်းထဲထည့်ပြီး ၎င်းကသူမ၏အရွက်များဟု ဆို၏။


ဖုန်းရီက ကျန်းရုံဝမ်း၏အိမ်ကိုကြည့်ကာ မေးလိုက်သည်။

“ဦးလေးရုံဝမ်း ကျွန်တော်တို့အိမ်ဆောက်ချင်ရင် ဘာတွေလုပ်ရမှာလဲ…”


ကျန်းရုံဝမ်းက ဖုန်းရီတစ်ယောက် ဘာကြောင့် ရုတ်တရက်ကြီး မေးလာမှန်းမသိသော်လည်း ပြန်ဖြေပေးလိုက်သည်။

“အိမ်ဆောက်ချင်ရင် အရင်ဆုံးအုတ်မြစ်ချဖို့ ရွာကခွင့်ပြုတာကိုလိုတယ်… ရွာကခွင့်ပြုပြီဆိုမှ အုတ်တွေကြွေပြားတွေဝယ်ပြီး အိမ်စဆောက်လို့ရပြီ…”


လုပ်ရမည်များကို သိသွားပြီးနောက် ဖုန်းရီက 'အုတ်မြစ်ဘယ်လိုချရမလဲ၊ဘယ်ပန်းရံသမားကကောင်းလဲ၊ ထုံးကျောက်ဘယ်မှာဝယ်ရမလဲ 'စသဖြင့် အသေးစိတ်စမေးလာသည်။


အစပိုင်းတွင်ကျန်းရုံဝမ်းက ဖုန်းရီအား အိမ် မည်သို့ဆောက်သည့်အကြောင်း ဂုဏ်ယူစွာပြောပြနေသော်လည်း ဖုန်းရီ၏မေးခွန်းများက များသထက်များလာသောအခါ သူဖြေရခက်လာသည်။


“ငါ့မြေးလေး တစ်ရေးအိပ်ရမယ့်အချိန်ရောက်ပြီ ငါသူ့ကိုသွားသိပ်လိုက်ဦးမယ်…”

ကျန်းရုံဝမ်းက ထိုသို့ပြောပြီးနောက် သူ့မြေးမလေးကိုချီကာ ထွက်သွားလေသည်။


တစ်ဖက်တွင်ဖုန်းရီက အိမ်တစ်လုံးဆောက်နိုင်ရန်အတွက် ပိုက်ဆံစုရန် မည်မျှကြာနိုင်မည်ကို စတင်တွက်ချက်လိုက်သည်။ အရာအားလုံးသာ ချောချောမွေ့မွေ့ရှိပါက သူတို့ နောက်နှစ်ကုန်၌ စတင်လုပ်နိုင်လိမ့်မည်။


ကောင်းလိုက်တာ…


ညစာစားသောအချိန်တွင် ဖုန်းရီက ကျန်းလီယွင်အားအကြံပေးလိုက်သည်။

“အစ်မလီယွင် ကျွန်တော်တို့ သံအိုးနောက်တစ်ခု ဝယ်ကြမလား အဲ့လိုဆို ကျွန်တော် ဖက်ထုပ်တစ်သုတ်ကြော်ပြီးတာနဲ့ နောက်တစ်သုတ်ကို တန်းကြော်လို့ရတာပေါ့…”


“ငါလည်း အဲ့လိုတွေးနေတာ အဖေ မနက်ဖြန်နေ့လယ်ကျရင် စက်ရုံသွားပြီး အစ်ကိုကြီးစွင်းကျင်ရှန်းကို ဒယ်အိုးတစ်လုံးလောက် ထပ်ဝယ်လာဖို့ပြောပေးပါဦး…”


သူမသည်လည်း ဒယ်အိုးနှစ်လုံးတည်းနှင့် မလောက်သလိုခံစားနေရ၏။ သုံးအိုးမှ လုံလောက်လိမ့်မည်။


ယနေ့ သူမတို့ဖက်ထုပ်ကြော်ပြီးသောအခါ ကြွေဇလုံထဲ သွန်ထည့်ပြီး ရောင်းခဲ့၏။ သို့သော် ရာသီဥတုအေးလာပါက ဖက်ထုပ်များကို ထိုသို့ရောင်းလျှင် ခဏလေးအတွင်းအေးသွားမည်ဖြစ်သည်။


ထို့ကြောင့် ဖက်ထုပ်ကြော်များကို အိုးထဲမှမထုတ်ဘဲထားသည်က ပိုကောင်းသည်။ အဖုံးပိတ်ထားပါက ဖက်ထုပ်ကြော်များကို နွေးနွေးလေးဆက်ဖြစ်နေစေလိမ့်မည်။


ဖက်ထုပ်ကြော်များအပြင် ပေါက်စီကြော်များလည်းလုပ်၍ရသည်။ ရှန်ကျန်းပေါင်ဟုသိကြသည့် ပေါက်စီကြော်က ဖက်ထုပ်ကြော်နှင့်အတူတူပင်။ ပေါက်စီများကိုပေါင်းမည့်အစား ဖက်ထုပ်ကြော်သလို ကြော်လိုက်ခြင်းဖြစ်သည်။


သူမ၏ယခင်ဘဝတွင် ပေါက်စီကြော်၊ ဖက်ထုပ်ကြော်တို့အပြင် ပဲနို့များပင် ရောင်းခဲ့သည်။


ပဲနို့လုပ်ရသည်က အတော်လေးရိုးရှင်း၏။ မီးဖိုပေါ်တွင်နွေးအောင်တင်ထားပြီး တစ်ယောက်ယောက်လိုချင်ပါက ချက်ချင်းထည့်ပေးလိုက်ရုံသာ ဖြစ်သည်။ သို့သော် လက်ရှိတွင် သူတို့က ကိုယ်ပိုင်ဆိုင်နေရာမရှိသေးသလို လုပ်စရာလည်းများနေသဖြင့် ပဲနို့ကျိုရောင်းရန်မှာ အဆင်မပြေသေးပေ။ ထို့ကြောင့် သူမက ပဲနို့ကိုခဏမေ့ထားလိုက်သည်။


“ငါတို့တွေ လက်ဖက်ကြက်ဥလည်း ရောင်းလို့ရတယ်… မနက်ဖြန်ကျရင် ကြက်ဥတွေ ဈေးပေါပေါနဲ့ ဘယ်မှာဝယ်လို့ရမလဲ‌ လိုက်ကြည့်လိုက်ဦးမယ်…”

ကျန်းလီယွင်က အကြံပေးလိုက်သည်။


သူမ သိထားသလောက်ဆိုလျှင် သူမတို့ရွာထဲမှလူများက အမွေးဖြူကြက်များသာမက ဥရောင်းရန် ဥစားကြက်များကိုလည်း မွေးကြ၏။


ရွာထဲမှကြက်ဥများက အရွယ်အမျိုးမျိုးရှိသည်။ ကိုယ့်ဘာသာစားချင်ပါက အဆင်ပြေသော်လည်း ရောင်းချင်ပါက အဆင်မပြေပေ။ လက်ဖက်ကြက်ဥလုပ်ရန်အတွက်မူ ဥအရွယ်အစားတစ်ပြေးညီရှိသည့် မွေးမြူရေးခြံမှယူခြင်းက ပိုအဆင်ပြေလိမ့်မည်။


ဒါပေါ့ အဲ့ဒါက အလောတကြီးလုပ်စရာမလိုပါဘူး…


ကျန်းလီယွင်နှင့် ဖုန်းရီတို့က အင်အားများပြည့်နေကာ အဖေကျန်းနှင့် ဝူရှောင်ချွန်းတို့လည်း အတူတူပင်ဖြစ်သည်။


ယနေ့ညတွင် ကျန်းလီယွင်ကဖုန်းရီအား ဖက်ထုပ်အခုတစ်ထောင်အတွက် လုံလောက်သည့်အသားများကို သွားဝယ်ခိုင်းလိုက်သည်။ ထုံးစံအတိုင်း ဖုန်းရီကအသားနုတ်နုတ်စင်းပြီး သူမကဂျုံနယ်၏။


မနက်ဖြန်ကျရင် ငါတို့တွေအကြီးကြီးလုပ်ရတော့မယ်…


နောက်တစ်နေ့မနက်တွင် ကျန်းလီယွင်က လေးနာရီ၌ နိုးလာ၏။


သူမ အိပ်ရာထလာသောအခါ အဖေကျန်းနှင့်ဝူရှောင်ချွန်းတို့က နိုးနေပြီဖြစ်သည်။


“အဖေနဲ့အမေ သမီးက ဖက်ထုပ်ရွက်လိပ်လိုက်မယ်… အမေတို့ကအဆာသွပ်ပြီးဖက်ထုပ်ထုပ်လိုက်နော်… မနက်စာလုပ်မနေနဲ့တော့… ဖက်ထုပ်နည်းနည်းကိုပဲ ပြုတ်စားလိုက်ကြမယ်,”

သူတို့က ဖက်ထုပ်သွားရောင်းမည်ဖြစ်သဖြင့် မနက်စာမစားဘဲ သွား၍မရပေ။


သို့သော် ဖက်ထုပ်ကြော်ရန်က ရှုပ်‌ထွေးသဖြင့် ပြုတ်ပြီးစားရန်သာ လုပ်လိုက်ကြသည်။


ငါးနာရီထိုးသောအခါ ကျန်းလီယွင်က ဖုန်းရီကိုသွားနှိုးလိုက်ပြီး ပစ္စည်းအားလုံးကို လှည်းပေါ်တင်ကာ မြို့ဆီသို့ဦးတည်လိုက်ကြသည်။


သူတို့က ကျန်းလီယွီကိုထားခဲ့သော်လည်း မနက်စာပြင်ပေးခဲ့၏။ ကျန်းလီယွီ၏ကျောင်းက အိမ်နှင့်တော်တော်နီးကာ ပုံမှန်ဆိုလျှင်လည်း သူမဘာသာကျောင်းသွားနေကျသဖြစ်သဖြင့် သူမကို စိုးရိမ်စရာမလိုပေ။


“အမေ မြို့ထိလမ်းလျှောက်နိုင်ရဲ့လား…”

မြို့ကိုသွားသည့်လမ်းတွင် ကျန်းလီယွင်က ဝူရှောင်ချွန်းကိုစိတ်ပူသွားသည်။


ဝူရှောင်ချွန်းက တုံ့ဆိုင်းမနေဘဲပြန်ဖြေလာ၏။

“အမေလျှောက်နိုင်ပါတယ်…”


အဲ့လိုဆိုကောင်းတယ်…


သူတို့မြို့ထဲရောက်သောအခါ ယမန်နေ့ကထက် စောနေပြီး ခြောက်နာရီပင် မထိုးသေးပေ။


အစောကြီးရှိသေးသော်လည်း မနက်ခင်းဈေးက လူများစွာနှင့် စည်ကားနေပြီဖြစ်သည်။ လူများက သူတို့ကိုမြင်သောအခါ ဖက်ထုပ်ကြော်ရရန် ဘယ်လောက်စောင့်ရမလဲမေးမြန်းလာကြသည်။


ဖုန်းရီက မကျွမ်းကျင်သေးသဖြင့် ဖက်ထုပ်ကြော်တစ်သုတ်လျှင် မိနစ်နှစ်ဆယ်ခန့်ကြာ၏။ ကျန်းလီယွင်က ဝယ်သူများအား ‌ကြာချိန်အသိပေးလိုက်သောအခါ အချို့ကချက်ချင်းပိုက်ဆံပေးပြီး ခဏနေမှ ဖက်ထုပ်ကြော်လာပြန်ယူမည့်အကြောင်း ပြောလာကြသည်။


ဝယ်သူများကို မှတ်နေရသဖြင့် သူတို့မိသားစုက အလုပ်များသွားသည်။


ကျန်းလီယွင်က ဖက်ထုပ်ရောင်းကာ သူမအားသွားသည့်အချိန်၌ ဖက်ထုပ်ရွက်လိပ်ပေးသည်။ ဝူရှောင်ချွန်းနှင့်အဖေကျန်းက အဆာသွပ်ကာ ဖက်ထုပ်ထုပ်ရန်ပင်တိုင်လုပ်ပြီး ဖုန်းရီက ဖက်ထုပ်ကြော်ရာတွင်သာ အာရုံစိုက်ထား၏။


သူတို့စီးပွားရေးက ယမန်နေ့ကကောင်းသည်ဆိုလျှင် ယနေ့ကပို၍ပင် ကောင်းသေးသည်။


အချို့က ယမန်နေ့က ဖက်ထုပ်ကြော်အရသာရှိသဖြင့် လာထပ်ဝယ်ကြသည့်သူများဖြစ်သည်။ အချို့က ယမန်နေ့ကသတင်းကြားကာ မစားလိုက်ရသဖြင့် ယနေ့လာမြည်းစမ်းကြခြင်းဖြစ်သည်။


ပုံမှန်အားဖြင့်လူတစ်ယောက်ဆိုလျှင် ဖက်ထုပ်ကြော် ၆ခုကို ဆင့် ၅၀ဖိုး‌ဝယ်လိုက်ပါက မနက်စာအတွက် ဖူလုံသွားပြီဖြစ်သည်။ ဝယ်သူအများစုက ဤပမာဏသာ ဝယ်ကြ၏။တစ်မိသားစုလုံးအတွက် ဝယ်သည့်သူများလည်း ရှိပေသည်။


“ဒီဖက်ထုပ်ကြော်က ဆန်ပြုတ်နဲ့တအားလိုက်တယ်… မနေ့က ခြောက်ခုဝယ်ခဲ့တာ တစ်ယောက်နှစ်ခုဆိုကွက်တိဘဲ ဒီနေ့လည်း ခြောက်ခုထပ်ဝယ်ဦးမယ်…”


“ငါ့သားက သူများတွေစားတာကို မြင်ပြီးကတည်းက စားချင်နေတာလေ အဲ့ဒါကြောင့်နည်းနည်းလာဝယ်တာ…”


“ငါ ဖက်ထုပ်အကြောင်းကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပေမယ့်… တစ်ခါမှမစားဖူးသေးဘူး အဲ့ဒါကြောင့်လာဝယ်တာ…”


...


ဝယ်သူအများစုက အချင်းချင်းသိကြသဖြင့် သူတို့ကြားထဲတွင်စကားဝိုင်းများဖြစ်လာသည်။


ယနေ့ကတနင်္လာနေ့ဖြစ်ကာ ကျောင်းသားများက ကျောင်းတက်ရသဖြင့် အချို့ကျောင်းသားများက ဖက်ထုပ်ကြော်များကို မြင်သောအခါ မနက်စာအတွက် ဝယ်လိုက်ကြသည်။


ကျန်းလီယွင်က အလွန်အလုပ်များနေသော်လည်း ခံစားချက်ကောင်းနေ၏။


ဒီဘဝမှာဆိုင်ဖွင့်တာက ငါ့ရဲ့အရင်ဘဝထက် ပိုပြီးသက်တောင့်သက်သာရှိတယ်…


အဲ့ဒီတုန်းကဆို ငါတစ်ယောက်တည်း ဘာအကူအညီမှမရှိဘဲ အကုန်လုံးလုပ်ခဲ့ရတာ… ငါ့ရဲ့ကျေးဇူးမသိတတ်တဲ့သားကလည်း တစ်ခါတစ်လေပြဿနာရှာလို့ ပိုက်ဆံရှာတာကိုပဲ အာရုံစိုက်လို့မရနေဘူး…


ယခုချိန်တွင်လူများက အိပ်ရာစောစောထတတ်သဖြင့် 7နာရီခွဲ၊ 8နာရီလောက်၌ ဝယ်သူများ တဖြည်းဖြည်းပါးလာသည်။


သူတို့ထံမှကျောင်းက 7နာရီခွဲမတိုင်ခင်စဖွင့်ကာ စက်ရုံများက 8နာရီ၌အလုပ်စ၏။


ကံကောင်းစွာဖြင့် သူတို့ထံတွင် ဖက်ထုပ်ကြော်အနည်းငယ်သာကျန်၏။


ကျန်းလီယွင်က နည်းနည်း‌အား‌သွားသောအခါ ဖုန်းရီတစ်ယောက် ဖက်ထုပ်ကြော်ရင်း ချွေးများထွက်နေသည်ကို မြင်သွားသည်။ ကျန်းလီယွင်က သူမယူလာသည့် လက်ကိုင်ပုဝါကိုထုတ်ကာ သူ့ချွေးများကို သုတ်ပေးလိုက်သည်။


ဖုန်းရီက ခဏလောက်တောင့်တင်းသွားကာ သူ၏အသားညိုညိုပေါ်တွင် အနီရောင်တစ်စွန်းတစ ပေါ်လာ၏။


ကျန်းလီယွင်က ရယ်လိုက်မိကာ သူ့ချွေးများကိုဆက်သုတ်ပေးလိုက်သည်။


တောင့်ခဲနေသောဖုန်းရီကို ကျန်းလီယွင်က လောဆော်လိုက်သည်။

“မြန်မြန်လေး ဒီအိုးကိုရွှေ့လိုက်တော့ ဖက်ထုပ်‌တွေတူးတော့မယ်…”


ဖုန်းရီက ချက်ချင်းခေါင်းငုံ့ကာ ဖက်ထုပ်များကိုဆယ်လိုက်ပြီး အဖေကျန်းနှင့်‌ဝူရှောင်ချွန်းတို့အား တစ်ချက်ခိုးကြည့်လိုက်သည်။


သူတို့ထံတွင် ထူးထူးခြားခြား ဘာအမူအရာမှမရှိမှသာ စိတ်အေးသွားပြီး ဖက်ထုပ်ဆက်ကြော်လိုက်သည်။


သူက အင်အားသုံးရသောအလုပ်ကို နေသားကျနေသော်လည်း ဖက်ထုပ်ကြော်ခြင်းကမူ သူလုပ်နေကျများနှင့်မတူပေ။


ယမန်နေ့က သူ ဒယ်အိုးများအား ဆက်တိုက်ဆိုသလိုဟိုရွှေ့သည်ရွှေ့လုပ်ခဲ့ရ၏။ ယနေ့မနက် သူနိုးလာသောအခါ လက်မောင်းများနာနေသော်လည်း မည်သူ့ကိုမှ ထုတ်မပြောခဲ့ပေ။


သို့သော်အခုတွင်မူ


လက်မောင်းနည်းနည်းလေးနာတာက ဘာမလို့လဲ… ငါ နောက်ထပ်တစ်ရက်လုံးတောင် အလုပ်လုပ်နိုင်တယ်…


မနက်စောစောတွင် ကျန်းလီယွင်က အိပ်ရာနိုးလာပြီး ခဏခန့်အလုပ်များနေခဲ့သည်။ ဖုန်းရီထံမှ ချွေးများကိုသုတ်ပေးပြီးနောက် သူမချွေးများကိုလည်းသုတ်လိုက်ကာ ပလတ်စတစ်ခုံပေါ်တွင် ထိုင်နားလိုက်သည်။ သူမက နောက်ဆုံးကျန်သည့်ဂျုံများကို နယ်နေလိုက်သည်။


“အဖေနဲ့အမေ လီယွင် တကယ်ပဲနင်တို့လား ဘယ်လိုဖြစ်ပြီး မြို့ထဲမှာ ဆိုင်လာဖွင့်ကြတာလဲ…”

ရုတ်တရက်ပင် ကျန်းလီဖျင်၏အသံ ထွက်လာ၏။


ကျန်းလီယွင်က လှည့်ကြည့်လိုက်သောအခါ ကောင်းကောင်းမွန်မွန်ဝတ်ဆင်ထားသည့် ကျန်းလီဖျင်ကိုမြင်သွားသည်။


သူမက လိမ္မော်ရောင်တောက်တောက် နိုင်လွန်တီရှပ်ကိုဝတ်ထားကာ အလွန်စွဲမက်ဖွယ်ကောင်းနေ၏။


“အစ်မ…”

ကျန်းလီယွင်က ပြန်ခေါ်လိုက်သည်။


“မြို့ထဲမှာဆိုင်ဖွင့်တာကို ဘာလို့ငါ့ကိုမပြောကြတာလဲ…”

ကျန်းလီဖျင်က ညည်းညူလာ၏။


ငါ့ညီမနဲ့မိဘတွေက မြို့ထဲမှာဆိုင်ဖွင့်တာကို ငါက မသိဘူးတဲ့…


“ဒါက ရုတ်တရက်ကြီး ဆုံးဖြတ်လိုက်တာမလို့ပါ…”

ကျန်းလီယွင်က ရှင်းပြလိုက်သည်။

“အစ်မက ဒီရက်တွေမှာ အိမ်ကိုရောက်မလာဘူးလေ… ငါတို့ကလည်း လီမိသားစုကိုမသွားချင်ဘူး အစ်မကိုပြောပြဖို့အချိန်မရှိဘူး ဖြစ်သွားတယ်…”


ကျန်းလီဖျင်၏ယောက်ျား၊ ဉာဏ်ရည်ချို့တဲ့နေသည့်သူ နာမည်က လီရွှီယန်းဖြစ်သည်။ လီရွှီယန်း၏မိဘများက ကျန်းလီဖျင်နှင့် အဆင်ပြေသော်လည်း သူတို့က အဖေကျန်းတို့အပေါ် သဘောမကျပေ။


လက်ရှိအချိန်တွင် သူတို့မိသားစု၏ဆင်းရဲမွဲတေမှုကိုအသာထား မြို့နေသူအများစုက ကျေးလက်မှသူများကို အလိုလိုနေရင်းပင် အထင်သေးကြ၏။


လီမိသားစုက မည်သို့မှစော်စော်ကားကား ထုတ်မပြောသော်လည်း အဖေကျန်းနှင့် ဝူရှောင်ချွန်းတို့က လီမိသားစု၏ အထင်သေးမှုကို ခံစားနိုင်၏။ သူတို့ကလည်းနဂိုကတည်းက သူတို့ကိုယ်သူတို့ နိမ့်ကျသည်ဟု မှတ်ယူနေကြခြင်းဖြစ်သည်။ ကျန်းလီယွင်က သူမ၏ယခင်ဘဝတွင် သူတို့မိသားစုနှစ်စုက အဆက်အဆံနည်းခဲ့သည်ကို မှတ်မိနေသေးသည်။


နှစ်သစ်ကူး၊ ဆွေမျိုးများဆီသို့ အလည်သွားသည့်အချိန်ပင် သူမနှင့် ကျန်းလီဟိုင်တို့သာ လီအိမ်ကိုသွားကြပြီး သူမမိဘများက မသွားပေ။


လီမိဘများကလည်း သူတို့အိမ်ကို တစ်ခါမှအလည်မလာဖူးပေ။ သို့သော်လီရွှီယန်းကိုမူ သူမအစ်မက တံခါးနားမှ ပုရွက်ဆိတ်များ၊ ကြက်များကိုကြည့်ရန် ခေါ်လာပေးတတ်သည်။


“နင်က ငါ့ကို အပြင်လူလိုဆက်ဆံနေတာပဲ…”

ကျန်းလီဖျင်က နှုတ်ခမ်းစူလိုက်သည်။


“အိမ်ထောင်ကျသွားတဲ့ သမီးမိန်းကလေးဆိုတာက ဖိတ်သွားတဲ့ရေလိုပဲလို့ နင်ပဲ ပြောခဲ့တာမဟုတ်ဘူးလား…”

အိမ်ထောင်ကျပြီးပြီဖြစ်သဖြင့် သူမက အိမ်မှကိစ္စများတွင် ဝင်မပါသင့်တော့သည့် ပုံစံဖြင့် ကျန်းလီယွင်က ပြန်ပြောလိုက်သည်။


ကျန်းလီဖျင်က ရုတ်တရက်ပင် အနည်းငယ်ဝမ်းနည်းသွားသည်။


ဤအချိန်တွင် ကျန်းလီယွင်က အနည်းငယ်ပုံပျက်သွားသည့် ဖက်ထုပ်ကြော်များကို ပန်းကန်တစ်ခုနှင့်ထုပ်နေခြင်းဖြစ်ကာ သူမကိုလှမ်းမေးလိုက်သည်။

“စားမလား…”


“စားမှာပေါ့…”

ကျန်းလီဖျင်က ဖက်ထုပ်ကြော်များကိုယူပြီး ခေါက်စားပွဲတွင်ဝင်ထိုင်ကာ ရှာလကာနည်းနည်းထည့်လိုက်သည်။

“ဖက်ထုပ်ကြော်တဲ့နည်းလမ်းကို ဘယ်ကသင်ခဲ့တာလဲ”


“ငါစီရင်စုမြို့ကို သွားတုန်းကသင်ခဲ့တာ…”

တကယ်တမ်းတွင် သူမက စီရင်စုမြို့အား စက်ရုံခေါင်းဆောင်များ အိမ်ထောင်ပရိဘောဂ ခင်းကျင်းပြသပွဲလုပ်ရာ၌ အဖော်လိုက်ပေးသည့်တစ်ခါတည်းသာ ရောက်ဖူးခြင်းဖြစ်သည်။


လက်ရှိကာလတွင် ရွာထဲမှလူအများစုက ကောင်တီကိုတောင်မရောက်ဖူးကြပေ။ ထို့ကြောင့် ရွာသားများ၏အမြင်တွင် သူမစီရင်စုမြို့ကိုသွားနိုင်ခဲ့သည်က အတော်လေးအထင်ကြီးစရာ ဖြစ်နေခဲ့ပေသည်။


“ဒီဖက်ထုပ်ကြော်တွေက တကယ်ကိုအရသာရှိတာပဲ...”

ကျန်းလီဖျင်က စိတ်ကျေနပ်စွာစားလိုက်သည်။


ပြီးတော့ အထဲမှာ အသားတွေနဲ့ပြည့်နေတာပဲ…


လီမိသားစုက သူမအပေါ်ကောင်းကောင်းဆက်ဆံသော်လည်း ပိုက်ဆံမပေးကြပေ။ ပုံမှန်နေ့များဆိုလျှင် သူမက ပေါက်စီတစ်လုံးဝယ်စားရန်ပင် အတော်လေးတွေဝေနေရ၏။


သူမ လက်မထပ်မီက မြို့ထဲမှမိသားစုတစ်ခုတွင် အိမ်ဖော်လုပ်ခဲ့သော်လည်း လက်ထပ်လိုက်ပြီးနောက် အလုပ်ဆက်မလုပ်တော့ပေ။ လတ်တလောအတွင်းတွင် သူမ လက်မထပ်မီ စုထားခဲ့သည့်ပိုက်ဆံနှင့် သူတို့လက်ထပ်ပွဲက လီမိသားစုပေးခဲ့သည့်စာအိတ်နီများအား သုံးနေခြင်းဖြစ်သည်။


သို့သော် စာအိတ်နီထဲမှပမာဏမှာ ယွမ်ဒါဇင်အနည်းငယ်လောက်သာရှိသဖြင့် ယခုဆိုလျှင် အားလုံးနီးပါး သုံးပြီးနေပြီဖြစ်သည်။


ကျန်းလီယွင်ပေးသည့် ဖက်ထုပ်ကြော်လေးခုစားပြီးသောအခါ ကျန်းလီဖျင်က ထပ်ပြောလိုက်သည်။

“လီယွင် ငါ့ကိုနည်းနည်းထပ်ပေးပါဦး…”


“မရှိတော့ဘူး ဒီဖက်ထုပ်ကြော်တွေကို ရောင်းဖို့လုပ်ထားတာ…”

ကျန်းလီယွင်က ပြန်ပြောလိုက်သည်။


“နင်က အရမ်းကပ်စီးနည်းတာပဲ…”


“ဒါဆိုလည်း နင်ကပဲ စေတနာကြီးကြီးထားပြီး ငါ့အတွက်ဂျုံချောင်းကြော်နဲ့ ပန်ကိတ်နည်းနည်း ဝယ်ပေးပါလား…”

ကျန်းလီယွင်က ပြန်တုံ့ပြန်သည်။


ကျန်းလီယွင်အတွက် ဂျုံချောင်းကြော်နှင့် ပန်ကိတ်များဝယ်ရန် ပိုက်ဆံမသုံးချင်သဖြင့် ကျန်းလီဖျင်က ချက်ချင်းစကားလွှဲကာ ဖုန်းရီကို လက်ညှိုးထိုးပြီးမေးလိုက်သည်။

“ဒါနဲ့ သူကဘယ်သူလဲ…”


ငါ့ညီမက ဒီလိုခံ့ညားတဲ့ကောင်လေးကို ဘယ်ကရှာတွေ့ခဲ့တာလဲ…


ကျန်းလီယွင်က ပြုံးကာပြန်ဖြေလိုက်သည်။

“သူကဖုန်းရီလေ ငါတို့က တွဲနေကြတာ…”


ဖုန်းရီက ကျန်းလီဖျင်ကို တစ်ခါမှသဘောမကျခဲ့ပေ။သူငယ်ငယ်က ကျန်းလီဖျင်တစ်ယောက် ကျန်းလီယွင်အား အနိုင်ကျင့်သည်ကိုမြင်ခဲ့ဖူး၏။


သို့သော် ယခု သူက ကျန်းလီယွင်နှင့်တွဲနေသဖြင့် ကျန်းလီယွင်၏အစ်မက သူ၏အစ်မလည်းဖြစ်သည်။


သူ့ကိုမိတ်ဆက်ပေးသည်ကိုကြားသောအခါ ဖုန်းရီကချက်ချင်းနှုတ်ဆက်လိုက်သည်။

“အစ်မလီဖျင်…”


ပြီးခဲ့သည့်နှစ်များတွင် ဖုန်းရီက အုတ်နှင့်ကြွေပြားစက်ရုံတွင်သာနေကာ ကျန်းလီဖျင်ကလည်း မြို့သို့ဆက်တိုက်သွားနေ၏။ သူတို့နှစ်ယောက် အချင်းချင်းမတွေ့သည်မှာ 2နှစ်3နှစ်လောက်ရှိပြီဖြစ်ကာ ဤနှစ်များတွင် ဖုန်းရီကလည်း အတော်လေးပြောင်းလဲသွားသည်။ ကျန်းလီဖျင်က ကျန်းလီယွင် မိတ်မဆက်ပေးမီအထိ သူ့ကိုဖုန်းရီမှန်း မသိခဲ့ပေ။


ယခု ကျန်းလီယွင်မိတ်ဆက်ပေးလာမှသာ သူမက ဖုန်းရီနှင့်ပတ်သက်သည့်အရာအားလုံးကို သတိရသွားသည်။


ကျန်းလီဖျင်က ကျန်းလီယွင်အား မယုံနိုင်စွာကြည့်လိုက်မိသည်။

“နင်က သူနဲ့တွဲနေတာလား…”


“ဟုတ်တယ်…”


“နင် ရူးနေပြီ…”

ကျန်းလီဖျင်က အော်မိသွားသည်။

“သူ့မှာက အိမ်ပိုင်တောင်မရှိဘူးလေ အိမ်မရှိတဲ့လူတစ်ယောက်ကို ဘယ်လိုလက်ထပ်မှာလဲ… ပြီးတော့ လူတစ်ယောက်နဲ့တွဲနေပြီးမှ လက်မထပ်ဖြစ်ခဲ့ရင် နောက်ထပ်လက်တွဲဖော်ကောင်းရှာဖို့က မလွယ်တော့ဘူး‌နော်…”



🏡🏡🏡