Chapter 26
Viewers 5k

🏡 Chapter 26

လက်ဖက်ကြက်ဥ (၂)



ကျန်းလီဖျင်က ထိုအကြောင်းပြောသောအခါ သူမ၏ကိုယ်ပိုင်အတွေ့အကြုံများကိုလည်း တွေးမိသွားသည်။


သူမ အလယ်တန်းကျောင်းတက်စဉ်က လူတစ်ယောက်နှင့်စတင်တွဲခဲ့ကာ ထိုသူနှင့် သေချာပေါက်လက်ထပ်မည်ဟု တွေးထားခဲ့၏။


သူ့မိဘများက သူမကို သဘောမကျသော်လည်း သူမကအရှက်မရှိ သူတို့အိမ်သို့သွားကာ အိမ်အလုပ်များ ကူလုပ်ပေးခဲ့သည်။


ပြီးတော့ ဘာဖြစ်သွားလဲ… သူက စကားတစ်ခွန်းတောင်မချန်ဘဲ ထွက်သွားတယ်လေ…


သူမနောက်တွင် ဤအတွေ့အကြုံကြီး ကပ်ပါလာသဖြင့် မြို့ထဲတွင် လက်တွဲဖော်ကောင်းကောင်းမရှာနိုင်ဘဲ လီရွှီယန်းနှင့်သာ အခြေချခဲ့ရ၏။


လူအများစု၏မျက်လုံးထဲတွင် ဖုန်းရီက သင့်တော်သူမဟုတ်ဟု မြင်ကြမည်မှန်း ကျန်းလီယွင်က သိသည်။ လူအများက သူတို့ကိုသံသယဝင်မည်မှန်းလည်း သိသည်။သို့သော် သူမ ဂရုမစိုက်ပေ။


သူမရွေးချယ်မှု မှန်ကန်သည်ကို သူမသိ၏။


ကျန်းလီယွင် : “ငါ တခြားတစ်ယောက်ရှာမှာမဟုတ်ဘူး… ပြီးတော့ အိမ်က ငါတို့ပိုက်ဆံရှာပြီးရင် ကိုယ့်ဘာသာဆောက်လို့ရတယ်…”


“ဘာတွေပြောနေတာလဲ သူက နင့်ကို ဘာဆေးတွေကျွေးထားလို့လဲ…”


ကျန်းလီဖျင် ဆုံးအောင်‌မပြောနိုင်မီမှာပင် ကျန်းလီယွင်ကဖြတ်ပြောလိုက်သည်။

“ဖုန်းရီက အစ်မယောက်ျားထက် အများကြီးသာတယ် သူက အရမ်းလုပ်နိုင်စွမ်းရှိတယ်…”


ကျန်းလီဖျင်က အဖေကျန်းတို့ကို ကြည့်ကာပြောလာ၏။

“အဖေ အမေ တစ်ခုခုပြောဦးလေ သမီးလီယွင်နဲ့အောင်သွယ်ပေးတဲ့ ကျိုးတဖေးက ဖုန်းရီထက်အများကြီးသာတယ် ဟုတ်တယ်မလား…”


ဖုန်းရီလည်း ဘေးတွင်ရှိနေသဖြင့် အဖေကျန်းတို့လင်မယား၏အကျင့်စရိုက်များအရ ဖုန်းရီကိုရှေ့ထားပြီးမကောင်းမပြောနိုင်ကြပေ။ ဝူရှောင်ချွန်းက ပြန်ဖြေလိုက်သည်။

“ဖုန်းရီလည်း ကောင်းပါတယ်…”


ကျန်းလီဖျင်က ဒေါသထွက်သွားသည်။

“ကျန်းလီယွင် နင်မကြာဘူး နောင်တရလာမှာပါ…”


ကျန်းလီယွင် : “အစ်မ ငါနောင်တရမှာမဟုတ်ဘူး လီမိသားစုက မထွက်လာဘူးဆိုရင် နင်ကသာ နောင်တရမယ့်သူ…”


ကျန်းလီယွင်၏ ဆုံးဖြတ်ချက်ပြတ်‌သားသောအကြည့်ကို မြင်သောအခါ ကျန်းလီဖျင်၏ရင်ထဲတွင် မီးတောက်လာသလို ခံစားလာရသည်။ သူမက မာမာထန်ထန်မျက်နှာဖြင့် ချက်ချင်းလှည့်ထွက်သွားလိုက်သည်။


ကျန်းလီယွင်က တိတ်တဆိတ်သက်ပြင်းချလိုက်ကာ ဝယ်သူရောက်လာသဖြင့် ချက်ချင်းကြိုဆိုလိုက်သည်။


ယခုဆိုလျှင် ရှစ်နာရီကျော်ပြီဖြစ်သဖြင့် မနက်ဈေးမှဆိုင်များက စပိတ်နေပြီဖြစ်သည်။


ဈေးထဲတွင် အရွက်ရောင်းသည်က ငွေများစွာမရပေ။


ဤရက်များတွင် အသားက အတော်လေးဈေးကြီးသော်လည်း ဟင်းသီးဟင်းရွက်များက ဈေးပေါကာ တစ်ယူနစ်လျှင် ဆင့်အနည်းငယ်သာရှိသည်။ အိမ်မှအရွက်များအား မြို့ပေါ်၌ လာရောင်းသောသူများက အခြားသူများက လေး၊ ငါးယွမ်လောက်ရနေချိန်၌ တစ်ယွမ်၊နှစ်ယွမ်လောက်သာရကြသည်။


သို့သော် လယ်သမားများဖြစ်သဖြင့် ၎င်းအား အပိုဝင်ငွေအဖြစ်မြင်ကြကာ အမြတ်နည်းနည်းလေးသာရသော်လည်း စိတ်ထဲမထားကြပေ။


လူအိုကြီးဖုန်းက သူ့ပိုက်ဆံပုံးထဲမှ ပိုက်ဆံများကိုရေတွက်လိုက်သည်။ သူ မလာမီတွင် အကြွေတစ်ယွမ်ဖိုး ယူလာခဲ့ပြီး အခုသုံးယွမ်ရှိနေရာ သူ ယနေ့နှစ်ယွမ်ရခဲ့သည်ဟုဆိုလို၏။


၎င်းက မဆိုးပေ။ သို့သော် ဖက်ထုပ်ကြော်ဆိုင်၏စီးပွားရေးက များစွာပိုကောင်းလေသည်။


ဖုန်းလောင်ထိုက မကျေနပ်ပေ။


သူ့ဘေးမှသူက ဖုန်းလောင်ထိုတစ်ယောက် ဖက်ထုပ်ကြော်ဆိုင်အား ဆက်တိုက်ကြည့်နေသည်ကိုမြင်သောအခါ ပြောလိုက်သည်။

“ဖက်ထုပ်ကြော်က မွှေးလိုက်တာ... ကြည့်ရတာအရသာရှိမယ့်ပုံပဲ ဒါပေမယ့် အရမ်းဈေးကြီးလွန်းတယ်…”


“ဟုတ်တယ်… တစ်ခုဆယ်ဆင့်ဆိုတာကတော့ အရမ်းဈေးကြီးတယ်…”


“မြို့ထဲမှာ ချမ်းသာတဲ့သူတွေ အများကြီးရှိတာပဲနော် ခုဏတုန်းကဆို လူတွေက တန်းတောင်စီနေတာ…”


“အခုကာလမှာ ယွမ်တစ်မီလီယမ်လောက် ချမ်းသာတဲ့သူ နည်းနည်းတော့ရှိတယ်… သူတို့က ပိုက်ဆံမရှားကြဘူးလေ…”


“ငါတို့ဘက်မှာ ကြက်မွေးတဲ့သူတစ်ယောက်ရှိတယ် သူတို့က ကြက်တစ်သုတ်ရောင်းရင် ယွမ်တစ်ထောင်ကျော်လောက်ရတာတဲ့…”


...


ဤလယ်သမားများက ဖက်ထုပ်ကြော်ဝယ်စားရန် တုံ့ဆိုင်းကြ၏။ သူတို့အမြင်တွင် မြို့ထဲတွင်ရောင်းသည့်အစားအစာများက အလွန်ဈေးကြီးလေသည်။ မွေးနေ့လိုအထူးရက်မျိုးမဟုတ်သရွေ့ သူတို့က ပေါက်စီဝယ်စားရန်ပင် တွန့်တိုကြသည်။


သို့သော် အချို့လူများက ချမ်းသာ၏။ ထိုအချိန်မှာပင် ဝတ်စုံပြည့်ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်က ကျန်းလီယွင်ဆီရောက်လာပြီး ချက်ချင်းပင် ဖက်ထုပ်ကြော်ငါးယွမ်ဖိုး ဝယ်လာ၏။


“ကောင်းပါပြီ ကျွန်မအခုပဲ ထုတ်ပေးပါ့မယ်…”

ကျန်းလီယွင်က သူ့အတွက်ဖက်ထုပ်ထည့်ပေးရင်း ပြုံးကာမေးလိုက်သည်။

“လူကြီးမင်း ဘာလို့အများကြီးဝယ်တာလဲ…”


“ငါ့မှာက မိသားစုဝင်များလို့လေ…”

ထိုလူက ရယ်လိုက်သည်။


“ဒီဖက်ထုပ်ကြော်ကို ညနေပိုင်းရောရောင်းလား…”


“ကျွန်မတို့က မနက်ပိုင်းမှာပဲ ရောင်းပါတယ်…”

ကျန်းလီယွင်က ပြန်ဖြေလိုက်သည်။


“ဟုတ်လား နှမြောစရာပဲ…”

ထိုလူက စိတ်ပျက်သွားသည့်ပုံနှင့် ပြန်ပြောလိုက်သည်။


ကျန်းလီယွင်က တစ်စုံတစ်ခုကို သတိထားမိသွားကာ ပြန်ပြောလိုက်သည်။

“လူကြီးမင်းက ဘယ်အချိန်လောက်များ လိုချင်တာလဲ…”


သက်လတ်ပိုင်းလူက ပြန်ဖြေလာ၏။

“ငါတို့စက်ရုံက ဒီတလောအတွင်းမှာ နေ့တိုင်းနီးပါးကို အချိန်ပိုဆင်းနေရလို့လေ… အဲ့ဒါ သူတို့အတွက် ညလယ်စာကျွေးချင်လို့ ဒီဖက်ထုပ်တွေဆို အဆင်ပြေမယ့်ပုံပဲ…”


ကျန်းလီယွင်က ထိုလူကြီးမှာ အဝတ်အစားစက်ရုံတစ်ခုပိုင်ပြီး လက်တလောအတွင်းတွင် အမှာစာကြီးတစ်ခုကို လက်ခံထားကြောင်း သိလိုက်ရသည်။ အလုပ်တာဝန်များပြားလာမှုကြောင့် သူ့စက်ရုံမှအလုပ်သမားများက နေ့တိုင်းအချိန်ပိုဆင်းနေရသည်။


အလုပ်သမားများ၏ ကြိုးစားမှုကို သိသဖြင့် သူက သူတို့ကို ညလယ်စာကျွေးရန် စဉ်းစားနေခြင်းဖြစ်သည်။


ပုံမှန်အားဖြင့် သူတို့ကိုခေါက်ဆွဲခြောက်ထုပ်များ ပေးတတ်သော်လည်း‌ ခေါက်ဆွဲများနေ့တိုင်းစားရသည်ကလည်း ငြီးငွေ့ဖွယ်ကောင်းလာ၏။


“အလုပ်သမားတွေကို ညလယ်စာကျွေးဖို့ဆိုရင် ဖက်ထုပ်အစိမ်းဝယ်ပြီး သူတို့အိမ်မှာ ပြန်ချက်စားခိုင်းလို့ရပါတယ်… အများကြီးလိုတယ်ဆိုရင် ကျွန်မတို့ဘက်က လာပို့ပေးလို့ရပါတယ် ကျွန်မတို့က ဖက်ထုပ်အစိမ်းတွေကို ဈေးနိမ့်နိမ့်နဲ့ရောင်းပေးပါတယ် တစ်ယွမ်ဖိုးဆို ၁၃ခုပါ…”

ကျန်းလီယွင်က သူမစီးပွားရေးကို တက်ကြွစွာကြော်ငြာလိုက်သည်။


ဖက်ထုပ်အစိမ်းရောင်းတာက ပိုပြီးအဆင်ပြေသလိုပဲ… အဲ့လိုဆို စီးပွားရေးအခွင့်ကောင်းတစ်ခုလည်းဖြစ်တယ်…


ခဏတာစဉ်းစားကြည့်ပြီးနောက် ထိုလူကြီးက သဘောတူလိုက်သည်။ သူ့စက်ရုံက ညဆယ်နာရီတွင် ညလယ်စာကျွေးသဖြင့် ကျန်းလီယွင်က ညကိုးနာရီခွဲတွင် လာပို့၍ရသည်။ သူ့စက်ရုံ၌ သူအပါအဝင်အလုပ်သမားအယောက် ၂၀ ရှိ၏။ အဆုံးတွင် သူက ဖက်ထုပ်ယွမ် ၆၀ဖိုး ဝယ်လိုက်သည်။


မထင်မှတ်ထားသည့်အမှာစာ ရလိုက်သဖြင့် ကျန်းလီယွင်က စိတ်ပျော်နေသည်။


ကိုးနာရီလောက်တွင် သူတို့က အကုန်ရောင်းနိုင်သွား၏။ကျန်းလီယွင်က ပိုက်ဆံရေလိုက်ပြီးနောက် ပို၍ပင်စိတ်ပျော်သွားသည်။


ငါတို့ ဒီနေ့ယွမ်၂၀တောင် ရခဲ့တယ်…


ဤသို့သာဆက်သွားပါက တစ်လအတွင်းတွင် သူမရင်းထားသည်များအား ပြန်ရှာနိုင်ပြီး အပိုပင် ထွက်လာဦးမည်ဖြစ်သည်။


ကျန်းလီယွင်က သူတို့ပိုက်ဆံဘယ်လောက်ရကြောင်း သူမမိဘများကို မဖုံးကွယ်ထားပေ။

“အဖေနဲ့အမေ သမီးတို့ဒီနေ့ယွမ် ၂၀ရှာနိုင်ခဲ့တယ်... ဒီနေ့ည ဖက်ထုပ်ရောင်းတာကနေ နောက်ထပ်သုံးလေးယွမ်လောက်ရဦးမှာ… သမီးတို့စီးပွားရေးက အမြဲတမ်းတော့ ဒီလိုကောင်းမနေနိုင်ပေမယ့် တစ်မျိုးထက်ပိုလုပ်ပြီး တခြားပစ္စည်းတွေပါရောင်းမယ်ဆိုရင် တစ်နေ့ယွမ် ၂၀ရဖို့ဆိုတာက ဖြစ်နိုင်‌တယ်…”


“အဖေနဲ့အမေ သမီးတို့‌ ဒီနေ့ပိုက်ဆံအများကြီးရခဲ့တော့ ကြက်တစ်ကောင်ဝယ်ကြရအောင်… ညကျရင် ကြက်သားနှပ်ချက်ပေးမယ်…”


“ဖုန်းရီက နောက်နှစ်အထိစောင့်နော် အဲ့အချိန်ကျရင် ငါတို့တွေ အိမ်တစ်လုံးဆောက်နိုင်လောက်ပြီ…”


ဖုန်းရီ၏မျက်လုံးများက တလက်လက်တောက်ပလျက် ကျန်းလီယွင်ကို စိုက်ကြည့်နေ၏။


ကျန်းလီယွင်က သူမ၏အလုပ်တွင်သာ အာရုံစိုက်နေသဖြင့် သူတို့က စကားများများ မပြောဖြစ်ကြပေ။


သို့သော် ကျန်းလီယွင်က ဖုန်းရီကို ချွေးသုတ်ပေးသလို သူ့ဘက်တွင်နေပြီး ကျန်းလီဖျင် သူ့ကိုဝေဖန်ချိန်ကပင် သူကလွဲပြီး နောက်တစ်ယောက်မလိုချင်ဟု ပြောခဲ့၏။ ကျန်းလီယွင်က သူ့ကိုအအလုပ်လုပ်နိုင်စွမ်းရှိသည်ဟု ချီးကျူးခဲ့သည်။


ဖုန်းရီက ယခုဆိုလျှင် နေ့တိုင်းနေ့တိုင်း ပျားရည်ဖြင့်ရေချိုးနေသလို ခံစားနေရသည်။


လှည်းကိုဆွဲကာ အိမ်ပြန်လာသည့်လမ်းတွင် အကြိမ်အနည်းငယ်ခန့် ခုန်ပေါက်ချင်သွားသည်။


သို့သော် သူ့ကိုယ်သူထိန်းထားလိုက်သည်။ လှည်းထဲမှပစ္စည်းများမှောက်သွားခြင်းမျိုး မဖြစ်စေချင်ပေ။


ကျန်းလီယွင်က ဖုန်းရီ၏ပျော်ရွှင်မှုကို သတိမထားမိပေ။


သူမနှင့်အတူ ဆိုင်ဖွင့်နေသောလူသုံးယောက်ကို စိတ်အားတက်ကြွအောင် လှုံ့ဆော်ပြီးနောက် သူမမိဘများကိုဦးနှောက်ဆေးလိုက်သည်။

“အမေနဲ့အဖေ ဖုန်းရီက ဘယ်လောက်တောင်ကြည့်ကောင်းလိုက်လဲကြည့်ပါဦး… သူက ဘယ်အလုပ်ကိုမဆိုတက်တက်ကြွကြွနဲ့ လုပ်တတ်တယ်…”


“ပြီးတော့ သူငယ်ငယ်ကတည်းက သမီးစကားကိုနားထောင်လာတာ… နောင်မှာလည်း သမီးစကားကို ဆက်နားထောင်မှာပဲ…”


“အမေတို့က သူကြီးပြင်းလာတာကို မြင်လာခဲ့တဲ့သူတွေပဲ သူ့အကြောင်းကို အတွင်းအပြင် အကုန်သိနေမှာပါ…”


“သူက သူ့မိသားစုနဲ့မရင်းနှီးတော့ နောင်မှာအမေတို့ကိုဘဲ သူ့ရဲ့မိဘရင်းလို ဆက်ဆံလိမ့်မယ်…”


သူမမိဘများက ဖုန်းရီအပေါ် အပြည့်အဝစိတ်ကျေနပ်မှုမရှိသေးကြောင်း ကျန်းလီယွင်က သိနေသည်။


သို့သော် သူမမိဘများက အလွယ်တကူစည်းရုံး၍ရကာ စိတ်ပျော့သည်ကိုလည်း သိ၏။


သူတို့ရှေ့တွင် ဖုန်းရီ၏ကောင်းကြောင်းများ ပြောပေးကာ ဖုန်းရီကို ကြိုးကြိုးစားစားလုပ်ပြခိုင်းလိုက်ပါက သူမမိဘများက သူနှင့်သဘောတူရန် အလွန်ကြာမည်မဟုတ်ပေ။


အဖေကျန်းနှင့် ဝူရှောင်ချွန်းတို့၏စရိုက်များကို ကျန်းလီယွင်က ကောင်းမွန်စွာနားလည်ထား၏။


ကျန်းလီယွင်၏စကားများကို နားထောင်ပြီးနောက် သူတို့ဘာသာ အနည်းငယ်တွေးကြည့်လိုက်သောအခါ ဖုန်းရီကလည်း ကောင်းသောသူဖြစ်သည်ဟု ခံစားမိလာကြသည်။


ကျန်းလီဖျင် အိမ်ထောင်ကျပြီးကတည်းက မြို့ပေါ်ပြောင်းသွားသဖြင့် သူတို့က သူမနှင့် မတွေ့ရတော့ပေ။ အကယ်၍ ကျန်းလီယွင်သာ ဖုန်းရီနှင့်လက်ထပ်ပြီး သူတို့နားတွင်အိမ်ဆောက်နေပါက.....


အဲ့လိုဆို ကျန်းလီယွင်က လုံးဝလက်မထပ်ထားသလိုပဲ ဖြစ်နေမှာလေ…


ထို့အပြင် အိမ်တွင် အလုပ်ကောင်းကောင်းလုပ်နိုင်သည့်ယောက်ျားတစ်ယောက်ရှိသည်မှာလည်း ကောင်းသောအရာဖြစ်သည်။


ဤရက်များတွင် အဖေကျန်းက အိမ်တွင် လေးလေးလံလံအလုပ်တစ်ခုကိုမှ မလုပ်ခဲ့ရပေ။


သူ့ဘာသာ‌ကြိတ်ပျော်နေသည့်ဖုန်းရီက ကျန်းလီယွင်တစ်ယောက် သူ့ကိုထပ်ပြီးချီးကျူးပေးလာမည်ဟု မထင်ထားခဲ့ပေ။


သူက လေပေါ်မြောက်နေ‌သလိုခံစားနေရပြီး မသေမျိုးတစ်ယောက်ဖြစ်သွားသလိုပင်။


ကျန်းလီယွင်ရဲ့အမြင်မှာ ငါက တကယ်ပဲ အဲ့လောက်တောင်ကောင်းတာလား…


အနာဂတ်မှာ ငါ သအလုပ်ကြိုးစားမှဖြစ်မယ်… ကျန်းလီယွင် အထင်သေးသွားအောင်လုပ်မိလို့ မဖြစ်ဘူး…


ယခင်က များများစားစားချီးကျူးမခံဖူးသည့် ဖုန်းရီက လေပေါ်မြောက်နေသလိုမျိုး လျှောက်သွားလေသည်။


ကျန်းလီယွင်က သူမမိဘများရှေ့တွင် ဖုန်းရီ၏ကောင်းကြောင်းများပြောပြီးနောက် လှည့်ကြည့်လိုက်သောအခါ ဖုန်းရီက ပေါတောတောလေးပြုံးနေသည်ကို မြင်လိုက်ရသည်။


အရမ်းချစ်ဖို့ကောင်းတာပဲ…


ဖုန်းရီက အလွန်ပျော်နေသော်လည်း ရှဲ့ဇူကန်းက ခံစားချက်မကောင်းဖြစ်နေ၏။


ကျန်းလီယွင်နှင့်ဖုန်းရီတို့ မြို့ထဲတွင် ဆိုင်အတူဖွင့်သည့်အကြောင်းက စက်ရုံတစ်ခုလုံး၌ ပြန့်နေပြီဖြစ်သည်။


“အဲ့ဒီဖက်ထုပ်ကြော်ဆိုတာက အရမ်းအရသာရှိတယ်ကွ… အသားပေါက်စီထက်တောင် စားကောင်းသေးတယ်…”


“ငါ့မိန်းမကို ဖက်ထုပ်ကြော်အကြောင်းပြောပြလိုက်တာ သူက မြို့ကိုစက်ဘီးနဲ့သွားပြီး ဖက်ထုပ်ကြော်တစ်‌ယွမ်ဖိုးဝယ်ခဲ့တယ်… ဒါပေမယ့် အိမ်က ကောင်စုတ်လေးက စားပြီးပြီးချင်းမှာပဲ မနက်ဖြန်ပါ ထပ်စားချင်တယ်ဆိုပြီးပြောလာတယ်လေ… အိပ်မက်မက်နေလိုက် ဒီလိုဈေးကြီးတဲ့စားစရာမျိုးကို ဘယ်လိုများနေ့တိုင်းစားနိုင်မှာလဲ…”


“မင်းတို့မိသားစုက သားသမီးကို အရမ်းအလိုလိုက်တာပဲ… ငါကတော့ အဲ့ဒီဖက်ထုပ်ကြော်တွေကို မဝယ်ပေးနိုင်ပါဘူး…”


“ကျန်းလီယွင်နဲ့ဖုန်းရီကို တကယ်ကြီးဆိုင်အတူဖွင့်မယ်လို့ မထင်ထားခဲ့ဘူး… သူတို့က အမြဲတမ်းတူတူရှိနေကြတာ သေချာပေါက် လက်ထပ်ဖို့လုပ်ထားတာဖြစ်မယ်…”


“ဖုန်းရီက အရမ်းကံကောင်းတာပဲ…”


“ဟုတ်တယ် ငါကျ ဘာလို့ အဲ့လိုကံမကောင်းရတာလဲ…”


သူ့ဘေးမှပြောဆိုသံများကို ကြားသောအခါ ရှဲ့ဇူကန်းကအလွန်နေရခက်လာသည်။


ကျန်းလီယွင်သာ သူ၏ငွေရေးကြေးရေးအခြေအနေကြောင့် ငြင်းလိုက်ပါက သူမ၏အမြင်မကောင်းသည့်အကြောင်းလျှောက်ဖွ၍ရသေးသည်။ သို့သော် သူမက သူ့ထက်အးများစွာဆင်းရဲသည့် ဖုန်းရီကို ရွေးချယ်ခဲ့လေသည်။


ကျန်းလီယွင်က ငါ့ကို မကောင်းတဲ့သူလို့ ထင်နေတာလား…


ဒါက အဓိပ္ပါယ်မရှိလိုက်တာ…


ကျန်းလီယွင် သိပ်မကြာဘူး နောင်တရလာလိမ့်မယ်… သူက ငါ့မိသားစု ဘယ်လောက်ချမ်းသာလဲဆိုတာကိုတောင် သိတာမဟုတ်ဘူး…


သူ့အဖေပြခဲ့သည့် ‌စုဆောင်းငွေများကိုတွေးမိသွားသောအခါ ရှဲ့ဇူကန်းက အနည်းငယ်စိတ်အေးသွားသည်။


ကျန်းလီယွင်က တစ်စုံတစ်ယောက်သည် သူမနောင်တရရန်စိတ်ကူးယဉ်နေကြောင်း မသိပေ။


နေ့လယ်ခင်းတွင် သူမက တစ်ရေးအိပ်ပြီးနောက် ဦးလေးကျန်းဆီမှ စက်ဘီးငှားကာ ဥစားကြက်များကိုအဓိကထား‌မွေးမြူသည့် ဘေးရွာမှ လူတစ်ယောက်ဆီသို့ သွားလိုက်သည်။


ဤနှစ်များတွင် ပေါ်လစီများ လျော့ပေါ့ပေးလာသဖြင့် လူများက အိမ်တွင်တိရစ္ဆာန်မွေးမြူရေးများ ပိုလုပ်လာကြ၏။အချို့က ဝက်မွေးကာ၊ အချို့က ကြက်၊ဘဲများကို မွေးမြူကြသည်။


သို့သော် မွေးမြူရေးစရိတ်က မြင့်မားသဖြင့် မည်သူကမှ အများကြီးမမွေးကြပေ။


နှစ်၂၀ကြာပြီးနောက်မှ မွေးမြူရေးစရိတ်များနှင့်ယှဉ်လျှင် ယခုချိန်က အတော်ကိုဈေးကြီးနေ၏။ ဤမတိုင်မီ ဆယ်စုနှစ်အနည်းငယ်ကဆိုလျှင် ချောင်းထိုရွာမှသူများက ဝက်စာဟူ၍သက်သက်ရှိကြောင်း မသိခဲ့ကြပေ။


ကံမကောင်းစွာဖြင့် လက်ရှိကာလတွင် လူများက လုံလုံလောက်လောက်စားနိုင်ရန်ပင် ရုန်းကန်နေရသဖြင့် တိရစ္ဆာန်များကို ကျွေးမွေးနိုင်သည့် အစေ့အဆန်များများမရှိပေ။


ကျန်းလီယွင်က ကောက်ရိုးတစ်ခြင်းဖြင့် တစ်ဖက်ရွာသို့သွားလိုက်သည်။ သူတို့က တကယ်ပင်ကြက်ဥရောင်းကြောင်း ကြားလိုက်ရသောအခါ သူမက တစ်ခါတည်းအလုံးတစ်ရာဝယ်ခဲ့လိုက်သည်။


ပြန်လာသည့်လမ်းတွင် သူမအဒေါ်ကျန်းယွီရှန်းဆီဝင်ပြီး အမွေးဖြူကြက်တစ်ကောင် ဝယ်လိုက်သည်။


အိမ်သို့ပြန်ရောက်ပြီးနောက် ကြက်ဥများကို ဦးဆုံးပြုတ်လိုက်သည်။ သူမက အများကြီးမဟုတ်ဘဲ ၅၀ခန့်သာ ပြုတ်လိုက်သည်။


ပြုတ်ပြီးနောက် အခွံများကိုအက်ရာထင်အောင်ထုလိုက်ကာ ပဲငံပြာရည်၊ လက်ဖက်ရွက်များဖြင့် ဆက်ပြုတ်ပြီး နောက်ဆုံးတွင် အလူမီနီယမ်အိုးထဲ နှစ်ထားလိုက်သည်။


ကျန်းလီယွင်က မနက်ဖြန်ကျလျှင် တစ်ချောင်းထောက်မီးဖိုလေးယူသွားပြီး မီးဖိုကြီးမှ မီးသွေးများထည့်ကာ လက်ဖက်ကြက်ဥများကို နွှေးမည်ဟု တွေးထားလိုက်သည်။


လက်ဖက်ကြက်ဥများက အတော်လေးအဆင်ပြေ၏။တစ်နေ့တည်းရောင်းမကုန်ပါက နောက်တစ်နေ့တွင် ဆက်ရောင်းနိုင်သည်။


ကျန်းလီယွင်က အနီရောင်စက္ကူကိုယူကာ တစ်လုံးလျှင်နှစ်ဆင့်ဟုရေးလိုက်သည်။


ကျန်းလီယွင်၏စိတ်ထဲတွင် ရောင်းစရာများစွာရှိသော်လည်း အလုပ်အလွန်များနေသဖြင့် ‌ဖြေးဖြေးချင်းသာလုပ်ယူရလိမ့်မည်။


အရင်ဆုံး ဒီပထမဆုံးရွှေအိုးနဲ့ပဲ ပိုက်ဆံရှာကြတာပေါ့…


ပြက္ခဒိန်စာမျက်နှာနောက်တစ်ရွက် ကုန်သွားပြန်သည်။


အောက်တိုဘာလ ၂၇ရက်နေ့၊ အင်္ဂါ‌နေ့တွင် ကျန်းလီယွင်ကမြို့ပေါ်၌ တတိယအကြိမ်ဖက်ထုပ်သွားရောင်းကာ သူမနှင့်အတူလက်ဖက်ကြက်ဥများကိုပါ ယူသွားသည်။


ဖုန်းရီက အတတ်မြန်၏။ သူက‌ ဖက်ထုပ်ကိုကောင်းကောင်းကြော်တတ်နေပြီဖြစ်ကာ လုပ်သည်ကလည်း ယခင်ကထက် ပိုမြန်လာသည်။


အမှန်တွင် မနက်စာရောင်းရန် အကောင်းဆုံးအချိန်မှာ 6နာရီမှ7နာရီခွဲထိဖြစ်သော်လည်း ဖက်ထုပ်ကြော်ရန်က အနည်းငယ်ဒုက္ခများသဖြင့် တစ်ခါတစ်လေတွင်ဆိုင်၌လူစည်နေတတ်သည်။


အချို့လူများက စောင့်နိုင်သော်လည်း အချို့က စိတ်မရှည်သဖြင့် ဖက်ထုပ်ကြော်မရသေးသည်ကိုမြင်ပါက အခြားအရာများကိုသာ သွားဝယ်ကြလေသည်။


ယခု ဖုန်းရီ၏မြန်ဆန်မှုနှင့်ဆိုပါက သူတို့က ဖက်ထုပ်ကြော်များ ပိုရောင်းနိုင်လာသည်။


လက်ဖက်ကြက်ဥများကိုမူ အချို့ကဝယ်ကြသော်လည်း မများလှပေ။


ယနေ့ခေတ်မှသူများက ပိုက်ဆံကိုခြစ်ကုပ်ကြပြီး လက်ဖက်ကြက်ဥကဲ့သို့ အိမ်တွင် လုပ်စားနိုင်သောအရာများကို အပြင်တွင်ဝယ်စားရန် တွန့်ဆုတ်ကြလေသည်။


သို့သော် လက်လွယ်ကာ ပိုက်ဆံသုံးချင်သည့်သူများလည်းရှိ၏။


ကျောက်ဟိုင်က ဖက်ထုပ်ကြော်ဆင့်၅၀ဖိုး ဝယ်ပြီးနောက် လက်ဖက်ကြက်ဥတစ်လုံး ဝယ်လိုက်သည်။


“မင်္ဂလာမနက်ခင်းပါ ဆရာကျောက်…”

ကျန်းလီယွင်က ကျောက်ဟိုင်မှာထားသည်များအား ပေးလိုက်သည်။



🏡🏡🏡