Chapter 27
Viewers 5k

🏡 Chapter 27

ကျန်းလီဟိုင်



သူမ၏ ယခင်ဘဝတွင် မြို့ထဲ၌အချိန်အတော်ကြာအောင် မနက်စာဆိုင်ဖွင့်ခဲ့သဖြင့် လူအများအပြားကို သိနေသည်။


ဤဆရာကျောက်က သူမ၏မနက်စာဆိုင်၌ ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ခဲ့ပေသည်။


ထိုအချိန်က ဆရာကျောက်က မကြာခဏ မနက်စာလာဝယ်ပြီးမှ ကျောင်းကို အပြေးသွားလေ့ရှိသည်။ သူမက ဆရာကျောက်တစ်ယောက် နေ့တိုင်းလိုလို မနက်ခြောက်နာရီတွင်အိပ်ရာထကာ မနက်စာလာဝယ်မည်ဟု မထင်ထားခဲ့ပေ။


ပြောရလျှင် လက်ရှိဆရာကျောက်က သူမမှတ်မိသည့်ဆရာကျောက်ထက် ပိုခံ့ညား၏။ သူမမှတ်ဉာဏ်ထဲမှကျောက်ဟိုင်က မြေထဲပင်လယ်သားတစ်ယောက်နှင့်ပိုတူ၏။


သို့သော် သူက အချိုနှင့်ဆီများသောအစားအစာများကိုအလွန်ကြိုက်သဖြင့် နောက်ပိုင်းတွင် ဝလာသည်မှာလည်း မထူးဆန်းတော့ပေ။


ဤနေ့ရက်များတွင် ကျန်းလီယွင်၏ဘဝက အလုပ်များနေသော်လည်း ပိုပြည့်စုံလာသည်။


မနက်တိုင်းတွင် မြို့ထဲ၌ပုံမှန်ဆိုင်ဖွင့်ပြီး ဖက်ထုပ်ကြော်အားလုံးရောင်းပြီးသည့် ကိုးနာရီလောက်တွင် အိမ်ပြန်လေ့ရှိသည်။ နေ့လယ်စာစားပြီးသောအခါ သူမက တစ်ရေးအိပ်ပြီး‌မှ လက်ဖက်ကြက်ဥနှင့် လယ်ထဲမှအလုပ်အချို့ကို စလုပ်သည်။


သူမက ဖက်ထုပ်ကြော်ဆိုင်မှ တစ်နေ့လျှင်ယွမ်၂၀ဝန်းကျင်ရသော်လည်း ၎င်းက အတော်လေးပင်ပန်းကာ ငြီးငွေ့ဖွယ်လည်းကောင်း၏။ ကျန်းလီယွင်က ဖုန်းရီတစ်ယောက် ဝန်ပိမည်ကို စိုးရိမ်မိသည်။ နေ့လယ်စာစားနေချိန်တွင် သူမက သူ့ကိုမေးလိုက်သည်။

“ဖုန်းရီ နင်ဒီတလောအတွင်းမှာ ဘယ်လိုနေလဲ ပင်ပန်းလား…”


“ကျွန်တော် လုံးဝမပင်ပန်းပါဘူး… နည်းနည်းလေးတောင်မပင်ပန်းဘူး…”

ဖုန်းရီက ပြန်ဖြေလိုက်သည်။


သူက ကျန်းလီယွင်နှင့် နေ့တိုင်းလိုလိုသာယာသောဘဝမျိုး၌နေထိုင်နေရပြီး ထမင်းအနပ်တိုင်းတွင်လည်းအသားစားရသည်။


ဖုန်းရီ ယခင်ကဆိုလျှင် တစ်ခါတလေ၌ ဆာလောင်ရသည်ကို အသားကျ‌နေခဲ့သော်လည်း ကျန်းလီယွင်က စားသောက်ရသည်ကို သဘောကျသဖြင့် သူလည်း ၎င်းကို သဘောကျလာခဲ့သည်။ ဤနေ့ရက်များတွင် နေ့တိုင်းအသားစားနေရသည်မှာ မယုံနိုင်စရာကောင်းလှ၏။


ဖုန်းရီ၏ တက်ကြွနေသောပုံစံကို မြင်သောအခါ ကျန်းလီယွင်က ဝူရှောင်ချွန်းဘက်လှည့်ပြီး မေးလိုက်သည်။

“အမေရောဘယ်လိုလဲ… ဒီရက်ပိုင်းအတွင်းမှာ ပင်ပန်းသလိုခံစားရတုန်းလား…”


အဖေကျန်းက ခြေထောက်မကောင်းသော်လည်း ခြုံကြည့်လျှင် သူ့ကျန်းမာရေးက ကောင်းလေသည်။ ဤရက်ပိုင်းအတွင်းတွင် သူက တစ်နေ့တစ်ခါမြို့ပေါ်လိုက်လာပြီး ဖက်ထုပ်ထုပ်သည်ကိုသာ လုပ်ရသဖြင့် အလွန်မပင်ပန်းနေပေ။


သို့သော် ကျန်းလီယွင်က ဝူရှောင်ချွန်း၏နုနယ်မှုကြောင့် သူမ၏ကျန်းမာရေးကို စိတ်ပူမိသည်။ ဤရက်များတွင် သူမက ဝူရှောင်ချွန်းအား တစ်ချိန်လုံးစောင့်ကြည့်နေခဲ့ပြီး ကံကောင်းစွာဖြင့် သူမက စိတ်အားတက်ကြွနေသည့်ပုံပင်။


ဝူရှောင်ချွန်းက ပြန်ဖြေလိုက်သည်။

“ဟင့်အင်း မပင်ပန်းပါဘူး… ဒီအတိုင်းလမ်းနည်းနည်းလျှောက်ပြီး ဖက်ထုပ်ထုပ်ပေးရုံပဲကို…”


“အမေ တကယ်ပဲ မပင်ပန်းဘူးလား”


“လုံးဝမပင်ပန်းတာ… အရင်က ညဆိုအိပ်မပျော်တဲ့ပြဿနာရှိခဲ့ပေမယ့် ဒီတလောအတွင်းမှာ ကောင်းကောင်းအိပ်နိုင်လာတယ်…”

ဝူရှောင်ချွန်းက ပြုံးကာပြောလိုက်သည်။


ဝူရှောင်ချွန်း ဤသို့ခံစားရသည်မှာလည်း ပုံမှန်ဟု ကျန်းလီယွင်တွေးလိုက်မိသည်။ ဤတလောအတွင်းတွင် အစားအစာကောင်းများစားရပြီး ဝူရှောင်ချွန်းအတွက်လိုအပ်သောအာဟာရများကို ဖြည့်တင်းနိုင်ခဲ့၏။ ထို့အပြင်မြို့ကိုသွားကာ ဖက်ထုပ်လုပ်ခြင်းက မိနစ်လေးဆယ်ခန့်လမ်းလျှောက်ပြီးလျှင် ထိုင်နား၍ရပြီဖြစ်သဖြင့် သူမကိုအလွန်မပင်ပန်းစေပေ။


ဤသို့လှုပ်ရှားမှုမျိုးက သူမကျန်းမာရေးအတွက်ပင် အကျိုးရှိနိုင်သေးသည်။


သူတို့က ပိုက်ဆံရှာနိုင်ခဲ့သည့်အပြင် ဝူရှောင်ချွန်းကလည်းအခြေအနေတိုးတက်လာသဖြင့် အရာအားလုံးက အကောင်းဘက်တွင် ရှိနေသလိုပင်။


“အမေ့ပုံစံက ပိုပိုပြီးကောင်းလာတယ်…”

ကျန်းလီယွင်က ပြောပြလိုက်သည်။


ဝူရှောင်ချွန်းက ပြုံးလိုက်၏။

“ဒီတလောမှာ ပိုသက်သာလာတယ်လို့ခံစားရတယ်… နည်းနည်းလေးတောင်မပင်ပန်းဘူး… ဒါပေမယ့် ဖုန်းရီကတော့ အလုပ်တွေအရမ်းလုပ်ရလို့ ဝိတ်တောင်ကျသွားပြီ…”


ဤရက်ပိုင်းအတွင်းတွင် ဝူရှောင်ချွန်း၏ ဖုန်းရီအပေါ်အကြည့်များက ပိုပိုပြီးချစ်ခင်စိတ်ပါလာခဲ့သည်။


သူမက အစကတည်းက ဖုန်းရီကိုမနှစ်သက်ခြင်းမျိုး မဟုတ်ပေ။ သူက အနည်းငယ်ဆင်းရဲသည်ဟု တွေးမိခဲ့ရုံသာဖြစ်သည်။ ယခုဖုန်းရီက ကျန်းလီယွင်နှင့်အတူ ပိုက်ဆံပိုရှာနိုင်ပြီဖြစ်ရာ သူမက ထိုကိစ္စကို စိတ်မပူတော့ပေ။


ယခုချိန်တွင် သူမက ဖုန်းရီ၏အရည်အချင်းကောင်းများကို သတိထားမိလာသည်။


ဖုန်းရီက သူတို့အိမ်အလုပ်များကို လက်ဦးမှုယူ၍ လုပ်ပေးရုံသာမက ကျန်းလီယွင်၏စကားကိုလည်း အလွန်ကောင်းစွာနားထောင်၏။


သေချာတွေးကြည့်ပါက ဖုန်းရီက အမှန်တကယ်ပင် ကျန်းလီဖျင်လက်ထပ်ထားသောသူထက် ပိုသာလေသည်။


ဝူရှောင်ချွန်းစကားကိုကြားသောအခါ ကျန်းလီယွင်က ဖုန်းရီကိုလှည့်ကြည့်လိုက်သည်။


ဖုန်းရီက ဝိတ်ကျသွားတာလား… ငါကတော့ သူ ဝိတ်တက်လာတယ်ထင်နေတာ…


ထားပါ… အခုမှရက်နည်းနည်းပဲ ရှိသေးတာဆိုတော့ သတိထားမိဖို့က မလွယ်ဘူး…


ထိုသို့တွေးနေချိန်တွင် ဖုန်းရီက ဝင်ပြောလာ၏။

“ဒေါ်လေး ကျွန်တော်ဝိတ်မကျပါဘူး… ဝိတ်တောင်တက်လာသေးတယ် သိပ်မကြာဘူး ကျွန်တော်ဒီထက်ပိုထွားလာတော့မှာ… ကျွန်တော်က ပိုပြီးသန်မာလာလိမ့်မယ် နောက်ဆို မုတ်ဆိတ်မွှေးထားရင် ကောင်းမလား…”


ယနေ့ ဆိုင်ခင်းနေချိန်တွင် တစ်စုံတစ်ယောက်က သူ့ကိုကျန်းလီယွင်၏မောင်ဟု ထင်သွား၏။


ငါ ဒီထက်ပိုပြီးစားရမယ်…


သူတို့မိသားစုက စည်းလုံးပျော်ရွှင်စွာစားသောက်နေချိန်၌ ရုတ်တရက်ပင် ကျန်းလီဟိုင်က စက်ရုံမှအလုပ်ဝတ်စုံဖြင့် အပြင်မှဝင်လာ၏။ သူက လမ်းပျောက်နေသောဝိညာဉ်လိုပင် အိမ်ထဲဝင်လာပြီးပြောလာ၏။

“အမေ လင်လင်က တခြားသူနဲ့လက်ထပ်တော့မယ်တဲ့…”


ကျန်းလီဟိုင်က အမြဲပင် သူ၏အသွင်အပြင်ကိုဂရုစိုက်ခဲ့၏။


အုတ်စက်ရုံတွင် အလုပ်လုပ်သောအခါ တစ်နေ့ကုန်အလုပ်ပြီးသည့်နောက် လူများက ဖုန်များလူးနေပြီး အချို့က ညစ်ပေနေသည့်အဝတ်အစားများဖြင့်ပင် အိမ်ပြန်လာကြသည်။


သို့သော် ကျန်းလီဟိုင်က မတူပေ။ သူက နေ့တိုင်းအိမ်မပြန်မီတွင် ရေချိုးခေါင်းလျှော်ကာ အဝတ်အစားလဲပြီးမှပြန်လာလေ့ရှိသည်။


အုတ်စက်ရုံ၏ကန်တင်း၌ ရေပူတစ်အိုးလျှင် နှစ်ဆင့်ဖြင့်ရောင်း၏။ ဆောင်းရာသီ၌ သူကတစ်နေ့လျှင် အနည်းဆုံးရေပူသုံးအိုးသုံးလေ့ရှိသည်။


ဆွေမျိုးများ၊ သူငယ်ချင်းများရှေ့တွင်ပေါ်လာတိုင်း သူကအမြဲပင် သန့်ရှင်းသပ်ရပ်နေ၏။


သို့သော် ယခုတွင်မူ သူကသနားစရာကောင်းသည့် အညစ်အပတ်ဝိညာဉ်လို ဖြစ်နေသည်။


ပုံမှန်ဆိုလျှင် အဖေကျန်းတို့လင်မယားက စက်ရုံကိုမသွားကြသဖြင့် ကျန်းလီဟိုင်၏ ဤပုံစံကိုမမြင်ဖူးကြပေ။ သူ့ပုံစံက သူတို့ကိုအံ့ဩသွားစေပြီး သူ့စကားများကိုကြားသောအခါ ပို၍ပင်အံ့အားသင့်သွားကြသည်။


ဝူရှောင်ချွန်းက ကမန်းကတန်းမေးလာ၏။

“ဘာဖြစ်လာတာလဲ…”


ကျန်းလီဟိုင်က အလွန်ခံစားနေရပုံဖြင့် ပြောလာသည်။

“ဒီနေ့သူ့အစ်ကိုက ကျွန်တော့်ဆီလာပြီး လင်လင်က တခြားသူနဲ့လက်ထပ်တော့မယ်လို့ ပြောလာတယ်…”


ထိုသို့ပြောပြီးနောက် သူ့မျက်လုံးများက နီရဲလာသည်။


ကျန်းလီယွင်က ဤကိစ္စအကြောင်းသိ၏။ သို့သော်သူမ၏ယခင်ဘဝတွင် ဤအဖြစ်အပျက်က နှစ်ကုန်ခါနီးမှသာဖြစ်ခဲ့ခြင်းဖြစ်သည်။ ဤဘဝတွင်မူ စောစောဖြစ်လာသည့်ပုံပင်။


လက်ရှိကျေးလက်အခြေအနေများအရ မိန်းကလေးများက လက်တွဲဖော်ရှာရာတွင် လက်တွေ့ကျသည့်အချက်များကို ဦးစွာစဉ်းစားရသည်။ သူတို့ ပထမဦးဆုံးအလေးထားသည့်အရာမှာ ယောက်ျားလေးမိသားစု၏ ငွေရေးကြေးရေးအခြေအနေပင်ဖြစ်သည်။


ထို့နောက်တွင် ခင်ပွန်းဖြစ်သူက မိဘများထံမှအမွေမည်မျှရရှိနိုင်ကြောင်း၊ ယောက္ခများနှင့်အဆင်ပြေမပြေ၊ ယောက္ခမက ကလေးမွေးပြီးလျှင် ကူညီပေးနိုင်မှုရှိ၊မရှိ၊ ထောက်ပံ့ပေးစရာ မောင်နှမအငယ်များရှိသလား အစရှိသည်တို့ဖြစ်သည်။


သူတို့မိသားစုတွင် တစ်ခုမှမကောင်းနေပေ။ သူတို့က အိမ်ကောင်းကောင်းမရှိဘဲ အလွန်ဆင်းရဲကြကာ အဖေကျန်းတို့လင်မယားကလည်း သူတို့ကျန်းမာရေးအခြေအနေကြောင့် ကျန်းလီဟိုင်ကို မထောက်ပံ့ပေးနိုင်ပေ။ ထို့အပြင် ထောက်ပံ့ပေးရမည့်ညီမငယ်လည်း ရှိနေသေးသည်။


အခြားမိသားစုများတွင် သားတစ်ယောက်တည်းရှိပါက ကောင်းသောအရာဖြစ်သော်လည်း သူတို့မိသားစုတွင်မူ ၎င်းက ကျန်းလီဟိုင်အတွက် တာဝန်ယူရမည့်ဝတ္တရားများပြားသည်ဟု ဆိုလို၏။


သူမ၏ယခင်ဘဝတွင် ဤကဲ့သို့အခြေအနေမျိုးဖြင့် သူမအစ်ကိုကဲ့သို့သောသူတစ်ယောက်ကို အလားအလာကောင်းသည့်လက်တွဲဖော်အဖြစ် ရွေးချယ်မှာမဟုတ်ကြောင်းကျန်းလီယွင်က ကောင်းကောင်းသိသည်။


သူမအစ်ကိုက ရွာထဲမှအောင်သွယ်တော်ဈေးကွက်ထဲတွင် အနိမ့်ဆုံးလိုင်း၌ရှိနေ၏။


သို့သော် လက်ရှိက ခေတ်သစ်တစ်ခုဖြစ်သဖြင့် လူများကသူတို့လက်တွဲဖော်များကို ကိုယ်တိုင်ရွေးချယ်လာကြသည်။


မိသားစုနောက်ခံကို လျစ်လျူရှုလိုက်ပါက ကျန်းလီဟိုင်က အမှန်တကယ်ပင်ခံ့ညားကာ ပညာတတ်အငွေ့အသက်ရသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူကအလယ်တန်းမပြီးခဲ့သော်လည်း ရံဖန်ရံခါတွင် စာအုပ်များဖတ်တတ်ကာ ယဉ်ကျေးသိမ်မွေ့သောအမူအရာဖြင့် ပြောဆိုတတ်ခြင်းက အခြားယောက်ျားများနှင့် ကွဲထွက်သွားစေသည်။


သူက အသက်ငယ်သည့်အချိန်ကတည်းက စက်ရုံ၌အလုပ်စဝင်ခဲ့ကာ ပိတ်ရက်များတွင်လည်း အိမ်ပြန်မလာတတ်ပေ။ သို့သော် အလုပ်ဆင်းပါက စက်ရုံနား၌လမ်းလျှောက်ထွက်လေ့ရှိကာ တစ်ခါတစ်လေတွင် ပစ္စည်းများဝယ်ရန် ကွန်မြူနတီ၏ဈေးသို့ သွားတတ်သည်။


ထိုလှုပ်ရှားမှုများမှနေ၍ စက်ရုံနားတွင်နေသည့် ဟယ်ချွန်းလင်ဆိုသည့်မိန်းကလေးနှင့် သိသွားလေသည်။


ကိုယ့်အခြေအနေကိုသဘောပေါက်ကာ အကင်းပါးသည့်ကျန်းလီဟိုင်က သူ့အနားမှမိန်းကလေးကို တက်တက်ကြွကြွမပိုးပန်းခဲ့ပေ။ သူတို့ဆက်ဆံရေးတွင် လက်ဦးမှုယူခဲ့သောသူမှာ ဟယ်ချွန်းလင်ဖြစ်သည်။


သူတို့က အချင်းချင်းမကြာခ‌ဏတွေ့ကြသော်လည်း လက်ထပ်မည့်ကိစ္စရောက်သောအခါ တစ်ဆို့နေကြသည်။


ဟယ်ချွန်းလင်က စိတ်ထဲမထားသော်လည်း သူမမိဘများကမူ တောင်းဆိုမှုများ၏။ သူတို့က ဟယ်ချွန်းလင်အတွက် သတို့သမီးကြေးလိုချင်ကြကာ သူမအတွက် ကျန်းမိသားစုက စက်ဘီးတစ်စီးဝယ်ပေးပြီး သူတို့အတွက် အိမ်တစ်လုံးဆောက်ပေးရမည်ဟု ဆို၏။


သို့သော် ကျန်းမိသားစုက ပိုက်ဆံမရှိပေ။


ထို့ကြောင့်ဤကိစ္စက ကြန့်ကြာသထက်ကြာလာခဲ့သည်။


ဟယ်မိသားစုက စက်ရုံတွင် ကျန်းလီဟိုင်ကိုလာရှာပြီး ဟယ်ချွန်းလင်နှင့် ဆက်မပတ်သက်တော့ရန် ပြောဆိုလာခဲ့သည်။


ကျန်းလီဟိုင်က သူ့ဂုဏ်သတင်းကို အလေးထားတတ်သဖြင့် ထိုကိစ္စဖြစ်ပြီးနောက်တွင် ဟယ်ချွန်းလင်နှင့်ဆက်မတွေ့တော့ပေ။


တိုက်တိုက်ဆိုင်ဆိုင်ပင် သူမက ရှဲ့ဇူကန်းနှင့်အတူရှိသွားပြီးနောက် ကျန်းလီဟိုင်က စက်ရုံမှသယ်ယူပို့ဆောင်ရေးအသင်းထဲဝင်နိုင်ခဲ့သည်။ သူက အချိန်အများစုကို အိမ်နှင့်ဝေးရာ၌ကုန်ဆုံးခဲ့ပြီး ဟယ်ချွန်းလင်နှင့်ဆက်ဆံရေးကလည်းသဘာဝကျစွာ ရပ်တန့်သွားခဲ့သည်။


၂နှစ်ခန့်ကြာပြီးနောက်တွင် ကျန်းလီဟိုင်က သယ်ယူပို့ဆောင်ရေးအသင်း၌ အလုပ်လုပ်ပြီးပိုက်ဆံအချို့စုဆောင်းနိုင်ခဲ့ကာ နှစ်ထပ်တိုက်လေးတစ်လုံးကို ဆောက်နိုင်ခဲ့သည်။


ထိုအချိန်တွင် ကျန်းလီဟိုင်က ၂၈နှစ်ရှိနေပြီဖြစ်သဖြင့် ရွာအတွင်း၌ သင့်တော်သောလက်တွဲဖော်ကို မရှာနိုင်တော့ပေ။ထို့ကြောင့် လူတစ်ယောက်က မြို့မှထွက်ကာ ဤနေရာ၌ အလုပ်လာလုပ်သည့်မိန်းကလေးတစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။


ထိုမိန်းကလေးက သူမ၏ယခင်ဘဝမှ ယောက်မပင်။


သူမအစ်ကိုနှင့် လက်မထပ်မီတွင် သူမ၏ယောက်မက လက်ထပ်ကာ ကလေးတစ်ယောက်ရဖူးပြီးသားဖြစ်သည်။သို့သော် ထိုအချိန်တွင်သူမက ငယ်သေးသလို ကျေးလက်ဒေသများ၌ အိမ်ထောင်စုမှတ်ပုံတင်ကိုလည်း အလေးအနက်မလုပ်ဖြစ်ကြသဖြင့် သူမက ယခင်ယောက်ျားနှင့်လက်ထပ်မှတ်ပုံမတင်ရသေးပေ။


ချောင်းထိုရွာက ကျေးလက်ဘက်ရောက်ကာ အလွန်အမင်းမတိုးတက်သော်လည်း ကျန်းနန်၏မြေဩဇာကောင်းသောနေရာတွင်ရှိ၏။ အချို့နေရာများနှင့်ယှဉ်လျှင် ကြွယ်ဝသည်ဟု ပြောနိုင်သည်။ သူမ၏ယောက်မက ချောင်ကျကာဆင်းရဲသည့်တောင်ပေါ်ဒေသတွင် နေခဲ့ရသည်။ သူမကအိမ်ထောင်ကျပြီးနောက် သမီးတစ်ယောက်မွေးပေးခဲ့သဖြင့် သူမယောက်ျားဘက်မှမိသားစုက သူမအပေါ်ကောင်းကောင်းမဆက်ဆံကြပေ။ သူမက ရွာသားအချို့နှင့်ရွာမှထွက်ကာ အလုပ်လုပ်ရန်ဆုံးဖြတ်ခဲ့သည်။

 

ထိုအချိန်များတွင် ကျေးလက်မှလူအများအပြားက တစ်ရွာတည်းသားများ၏ မြို့ပေါ်၌အလုပ်သွားလုပ်မည်ဟူ၍ လှည့်စားခံရကာ အဆုံးတွင်ရောင်းစားခံရခြင်းမျိုး၊ ပြည့်တန်ဆာလုပ်ငန်းတွင် ဖိအားပေးခံရသည်များကို ခံစားရလေသည်။


သူမ၏ထိုယောက်မက ကံကောင်းသည်။ သူမကို တောင်ပေါ်မှခေါ်ထုတ်လာသောသူမှာ ထိုလောက်မဆိုးသော်လည်း ထိုရွာသားက ဤနေရာတွင် အလုပ်ကောင်းကောင်းမလုပ်နိုင်သလို သူမအတွက်လည်း အလုပ်မစီစဉ်ပေးနိုင်ခဲ့ပေ။ထို့ကြောင့် သူက သူမ၏ယခင်ယောက်မအား ဤနေရာမှသူတစ်ယောက်နှင့် အခြေချရန်အကြံပေးလာခဲ့သည်။


ကျန်းလီဟိုင်က ကြည့်ကောင်းကာ ထိုအချိန်၌တစ်လလျှင် ယွမ်သုံးရာမှလေးရာအထိရသဖြင့် သူမ၏ယခင်ယောက်မကလည်း ဆန္ဒရှိခဲ့သည်။


သူမ ကျန်းမိသားစုသို့ စစဝင်ချင်းနောက်တွင် ကျန်းလီဟိုင်ကို အလွန်ကောင်းမွန်စွာဆက်ဆံပြီး အိမ်အလုပ်များကိုလည်း သူမစိတ်ဖြင့်သူမ လုပ်ခဲ့သည်။


ထို့ကြောင့် သူမကအိမ်ထောင်ကျဖူးကာ ကလေးရှိခဲ့မှန်း သူတို့သိထားသော်လည်း စိတ်ထဲမထားဘဲ သူမကိုပင်သနားခဲ့ကြသည်။


သို့သော် သူမယောက်မက သားတစ်ယောက်မွေးပြီးသည့်နောက်တွင် သူ့ကိုယ်သူ ကျန်းမိသားစု၏ကယ်တင်ရှင်ဟု မှတ်ယူပြီး ကျန်းမိသားစုကလည်း အတော်လေးဆင်းရဲနေသည်ကိုသိသွားသောအခါ သူမပုံစံက ပြောင်းလဲသွားသည်။ သူမက အဖေကျန်းတို့လင်မယားမှာ အနိုင်ကျင့်ရလွယ်မှန်းသိသွား၏။


အလယ်တန်းပြီးသည့်နောက် ကျန်းလီယွီက အလုပ်ထွက်မလုပ်သော်လည်း အိမ်အလုပ်များကိုလုပ်ခဲ့သည်။ သူမက အိမ်မှပိုးစာကောင်များ၊ ဝက်နှင့်ကြက်များကို ဂရုစိုက်ပေးခဲ့၏။ ကျန်းလီယွီက ကျန်းလီဟိုင်၏လစာမှ တစ်ပြားလေးပင် မယူခဲ့ပေ။


သူမ၏ယောက်မကသာ ကျန်းလီဟိုင်၏လစာအားလုံး သိမ်းသောသူဖြစ်သည်။


ထိုသို့ဖြစ်သော်လည်း သူမ၏ယောက်မက ကျန်းလီယွီအပေါ်မကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး ကျန်းလီယွီအား တင်တောင်းငွေများများဖြင့် အိမ်ထောင်ပြုပေးလိုက်ရန်သာ အတိုက်အခံလုပ်နေခဲ့သည်။


ကျန်းလီယွင်က သူမ၏ယခင်ယောက်မအပေါ် ခံစားချက်ကောင်းကောင်းမရှိခဲ့ပေ။ ပြန်လည်မွေးဖွားလာပြီးနောက် သူမ၏အစ်ကိုအား ထိုယောက်မနှင့် အတူမရှိစေရန် စဉ်းစားထားပြီးသားဖြစ်သည်။


သူမအစ်ကို၏အချစ်ဦးကိုမူ သူမလည်း သေချာမသိပေ။သူမသိသည်ဟူ၍ ယခင်ဘဝ၌ သူမအစ်ကိုက အတော်ကြာအောင်ဝမ်းနည်းနေခဲ့ပြီး မိသားစုနှင့်ပင်အငြင်းပွားခဲ့သည်။သူမလည်း သူနှင့်အတော်ကြာသည်အထိ စကားမပြောဖြစ်ခဲ့ပေ။


“လင်လင်ရဲ့ အစ်ကိုက ကျွန်တော့်ကိုအသုံးမကျဘူးတဲ့…ဆင်းရဲတဲ့မိသားစုကိုလည်းအထင်သေးလို့ ဆက်မပတ်သက်တော့ဖို့ လာပြောသွားတယ်…”

ကျန်းလီဟိုင်က ပြောရင်း ပို၍အဆင်မပြေဖြစ်လာသည်။သူ မော့ကြည့်လိုက်သောအခါ ကျန်းလီယွင်က တည်ငြိမ်စွာစားသောက်နေပြီး သူ့ပြဿနာများအား ဂရုမစိုက်သည်ကို မြင်သွားလေသည်။


သူက ဒေါသထွက်သွားကာ ကျန်းလီယွင်ကိုစိုက်ကြည့်လိုက်သော်လည်း ကျန်းလီယွင်က သူ့ကိုတစ်ခါမှမျက်နှာသာမပေးဖူးကြောင်း တွေးမိသွားကာ ဖုန်းရီကလည်းအနားတွင်ရှိနေသဖြင့် ကျန်းလီဟိုင်က သူ့ဒေါသများကို အဖေကျန်းနှင့် ဝူရှောင်ချွန်းတို့အပေါ်တွင်သာ ဖွင့်ထုတ်လိုက်သည်။

“ရွာထဲမှာ အိမ်မဆောက်ရသေးတဲ့မိသားစု ဘယ်နှစ်စုရှိသေးလို့လဲ… ကျွန်တော်တို့မိသားစုကကျ ဘာလို့မဆောက်နိုင်တာလဲ… အမေတို့က ကျွန်တော့်ကိုအလေးအနက်ထားသေးရဲ့လား…”


“ကျွန်တော် ဟိုးငယ်ငယ်လေးကတည်းက စက်ရုံမှာအလုပ်ဝင်ပြီး ပိုက်ဆံဒီလောက်အများကြီးပြန်ပေးနေတာကို အဲ့ပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲ…”


“ကျွန်တော် အလယ်တန်းတောင် ပြီးအောင်မတက်ခဲ့ရဘူး… အဲ့ဒီထောက်ပံ့ကြေးနည်းနည်းလေးနဲ့ စက်ရုံမှာအလုပ်ဝင်ပြီး ကျန်းလီဖျင်ရဲ့ပညာရေးအတွက် အိမ်ကိုပိုက်ဆံပို့ပေးခဲ့ရတယ်… ပြီးတော့ဘာဖြစ်သွားလဲ… ကျန်းလီဖျင်လည်းအိမ်ထောင်ကျရော တင်တောင်းငွေတစ်ပြားတောင်မရခဲ့ဘူးလေ အမေတို့က ကျွန်တော့်အတွက်ရောတွေးပေးကြရဲ့လား…”


“ဘာလို့ ကျွန်တော့်အတွက်ကျ မစီစဉ်ပေးကြတာလဲ…”


...


ကျန်းလီယွင်က ကျန်းလီဟိုင်ပေါက်ကွဲနေသည်အား အသံတိတ်သာ ကြည့်နေလိုက်သည်။


သူမက ကျန်းလီဟိုင်တွေးနေသောအရာကို သိ၏။


ကျန်းလီဟိုင်က ကျန်းလီဖျင်အိမ်ထောင်ပြုချိန်တွင် အဖေကျန်းတို့က တင်တောင်းကြေးအဖြစ် သူ့အတွက်အိမ်တစ်လုံးဆောက်ပေးရန် မတောင်းဆိုခဲ့သည့်အပေါ် အပြစ်တင်နေခြင်းဖြစ်သည်။



🏡🏡🏡