Chapter 28
Viewers 5k

🏡 Chapter 28

တာဝန်ယူလုပ်ဆောင်ခြင်း



သူမ၏ယခင်ဘဝတွင် နှစ်ကုန်ခါနီး၌ ဤကိစ္စဖြစ်ပျက်သွားသောအချိန်၌ သူမက ရှဲ့ဇူကန်းနှင့်တွဲနေခြင်းဖြစ်သည်။ ထိုအချိန်က ကျန်းလီဟိုင်သည်လည်း ဖြစ်ချင်သည်များရှိနေခဲ့ကာ ရှဲ့မိသားစုအား သူ့အိမ်အတွက် ပိုက်ဆံပေးစေချင်နေခဲ့သည်။


သူမ ယခင်ဘဝတွင် ကျန်းလီဟိုင်ကို အတော်လေးလွန်သည်ဟု ခံစားမိခဲ့သဖြင့် သူနှင့်အဆက်အဆံမရှိတော့ပေ။သို့သော် ယခုတွင်မူ ကျန်းလီဟိုင်၏လဲပြိုမှုကို မြင်လိုက်ရသောအခါ ကျန်းလီယွင်က တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။


ကျန်းလီဟိုင်က ဟယ်ချွန်းလင်အပေါ် အမှန်တကယ်စစ်မှန်ခဲ့ခြင်း ဖြစ်လိမ့်မည်။


မဟုတ်ပါက သူ့ပုံရိပ်ကိုအလေးထားတတ်သည့်သူက သူ့အတွေးများကို ပွင့်ပွင့်လင်းလင်းဖော်ပြလာမည်မဟုတ်ပေ။ဥပမာအားဖြင့် ကျန်းလီဖျင် အိမ်ထောင်ကျသွားသောအခါ အဖေကျန်းတို့က တင်တောင်းငွေမတောင်းခဲ့ပေ။ ထိုအချိန်ကဆိုလျှင် ကျန်းလီဟိုင်က တင်တောင်းကြေးမတောင်းသည့်အပေါ်ဂုဏ်ယူခဲ့သေးသည်။


ကျန်းလီဟိုင်က ခဏလောက်သောင်းကျန်းလိုက်ပြီးနောက် ကျန်းလီယွင်က သူ့အား တည်ငြိမ်စွာကြည့်နေဆဲဖြစ်သည်ကို မြင်သွား၏။


သူက ကျန်းလီယွင်အား ရှဲ့ဇူကန်းကိုမရွေးချယ်ဘဲ ဖုန်းရီနှင့်တွဲလိုက်သည့်အပေါ် အပြစ်တင်ချင်နေခဲ့သည်။ ကျန်းလီယွင်သာ ရှဲ့ဇူကန်းကိုရွေးချယ်ခဲ့ပါက သူတို့က ရှဲ့မိသားစုထံမှပိုက်ဆံချေးပြီး အိမ်ဆောက်၍ရသည်။


သို့သော် သူတွေးနေသည်များက မှားယွင်းနေမှန်း သူသိ၏။


အတွေးမျိုးစုံက ကျန်းလီဟိုင်စိတ်ထဲ ပြေးလွှားနေကာ သူ့ကိုယ်သူ ထိုသို့တွေးမိသွားသည့်အတွက်လည်း ရှက်မိသည်။


ထိုအချိန်မှာပင် သူက ဖုန်းရီကို သတိထားမိသွားသည်။


သူက ကောင်မလေးကိုဆုံးရှူံးလိုက်ရသော်လည်း ဖုန်းရီကမူလူကောင်းတစ်ယောက်ရှာတွေ့သွားကာ စားပွဲပေါ်တွင်အသားပင် စားနိုင်လာ၏။


ငါကတော့ စက်ရုံမှာ အသားတောင်မစားရပေမယ့် ဒီကောင်ဖုန်းရီကျတော့ ငါ့ညီမနဲ့အတူထိုင်ပြီး အသားစားနေတယ်ပေါ့…


ကျန်းလီဟိုင် အလွန်မခံမရပ်နိုင်ဖြစ်ကာ ရုတ်တရက်ပင်မျက်ရည်များကျလာသည်။


ဟုတ်ပေသည်။ ကျန်းလီဟိုင်က ငိုသွား၏။


ကျန်းလီယွင်က အနည်းငယ်လန့်သွားသည်။


ယခင်ဘဝတွင် ကျန်းလီဟိုင်က အိမ်ပြန်ရောက်လာပြီး ဤကိစ္စဖြင့် သူ့မိဘများကို အပြစ်တင်ခဲ့ကာ သူမက သူနှင့်စကားများခဲ့သည်။ သူတို့က စကားများလေလေ ပိုပိုပြီးဒေါသထွက်လာလေဖြစ်ကာ သူမက ကျန်းလီဟိုင်အားမိသားစုကိုဂရုမစိုက်သည့်အပေါ် အပြစ်တင်ခဲ့ပြီး ကျန်းလီဟိုင်ကလည်း ဤမိသားစုတွင်မွေးလာသည်ကို နောင်တရကြောင်းပြောခဲ့သည်။


ထိုအချိန်က ကျန်းလီဟိုင်မငိုခဲ့ပေ။


ကျန်းလီယွင်က အသာသက်ပြင်းချလိုက်သည်။


ကျန်းလီဟိုင်၌ ကိုယ်ပိုင်အတွေးအချို့ရှိသော်လည်း ရက်စက်ယုတ်မာနေခြင်းမျိုး မဟုတ်ပေ။ ဖုန်းရီကဲ့သို့ပင် ကျန်းလီဟိုင်ကလည်း အသက်၁၆နှစ်အရွယ်၍ စက်ရုံတွင်အလုပ်ဝင်ခဲ့ရ၏။ သူက လယ်အလုပ်မလုပ်ချင်သော်လည်း မိသားစုအပေါ် ဂရုစိုက်နေဆဲဖြစ်သည်။


“အစ်ကို မနက်ဖြန်ကျရင် လက်ဆောင်နည်းနည်းယူပြီး အစ်ကို့ကောင်မလေးကိုသွားရှာ… ဘာတွေဖြစ်နေတာလဲဆိုတာကို စုံစမ်းခဲ့လိုက်…”

ကျန်းလီယွင်က အကြံပေးလိုက်သည်။


“အခုမှမေးလို့ ဘာထူးတော့မှာလဲ… သူက တခြားသူနဲ့လက်ထပ်တော့မှာလေ…”

ကျန်းလီဟိုင်က နှာတရှုံ့ရှုံ့ဖြင့် ပြန်ပြောလာ၏။


ကျန်းလီယွင်က သူ့ပုံစံကို မကြည့်နိုင်တော့ပေ။


ကျန်းလီယွင်က ဟယ်ချွန်းလင်တစ်ယောက်မြန်မြန်လက်ထပ်မည်မဟုတ်ဟု ထင်မိသည်။ ဟယ်မိသားစုက သူတို့ကိုဖိအားပေးရန် ကြိုးစားနေခြင်းသာ ဖြစ်လောက်သည်။ သူမ၏ယခင်ဘဝတွင် ဤအဖြစ်အပျက်က နှစ်လလောက်ကြာမှဖြစ်ခဲ့၏။ လူအများပြားက သူမနှင့်ရှဲ့ဇူကန်းတို့ဆက်ဆံရေးကို သိနေကြကာ ဟယ်မိသားစုလည်း သိနေလောက်သည်။ သူတို့က စောင့်ဆိုင်းနေခဲ့သော်လည်း သူမတို့ဘက်မှ မည်သည့်လှုပ်ရှားမှုမှမရှိခဲ့ပေ။ သူတို့က နှစ်ကုန်ခါနီး၌ ကျန်းလီဟိုင်ကိုဖိအားပေးရန်အတွက်သာ ရောက်လာကြခြင်းဖြစ်သည်။


လက်ရှိဘဝတွင်မူ သူမက ရှဲ့ဇူကန်းနှင့်မတွဲခဲ့ဘဲ ဖုန်းရီကိုရွေးချယ်ခဲ့၏။ ဟယ်မိသားစုက စိတ်ကျေနပ်မှုမရှိသဖြင့် ကျန်းလီဟိုင်ကိုဖိအားပေးရန် စောစောရောက်လာခြင်းသာဖြစ်လိမ့်မည်။


သို့သော် ၎င်းက ဟယ်မိသားစု၏အကြံဖြစ်ကာ ဟယ်ချွန်းလင်၏အတွေး မဟုတ်လောက်ပေ။ ကျန်းလီဟိုင်သာ ဟယ်ချွန်းလင်ကို အမှန်တကယ်သဘောကျပါက သူမနှင့်စကားပြောကာ ကိစ္စများကို ဖြေရှင်းသင့်သည်။


ကျန်းလီယွင်၏ယခင်ဘဝ၌ ဟယ်ချွန်းလင်က လျင်မြန်စွာလက်မထပ်ခဲ့ကြောင်း မှတ်မိနေသေးသည်။ တစ်နှစ်ကျော်ကြာပြီးမှသာ ဟယ်ချွန်းလင်က ပန်းရန်သမားတစ်ယောက်နှင့် အိမ်ထောင်ပြုလိုက်သည်။


အစပိုင်းတွင် သူတို့အိမ်ထောင်ရေးက ချောမွေ့ခဲ့သော်လည်း နောက်ပိုင်းတွင် ပန်းရန်သမားက ဆောက်လုပ်ရေးမှ ပိုက်ဆံရှာလာနိုင်သဖြင့် ဖောက်ပြန်ခဲ့ကာ အိမ်တွင်းအကြမ်းဖက်သည့်သတင်းများလည်း ရှိခဲ့သည်။


နောက်ပိုင်းတွင် ဟယ်ချွန်းလင်က ကွာရှင်းလိုက်ကာ ကွာရှင်းပြီးသားကျန်းလီဟိုင်နှင့်လည်း အဆက်အသွယ်အချို့ရှိလာသည်။ သို့သော် နှစ်ဖက်မှကလေးများက သဘောမတူသဖြင့် ထိုဆက်သွယ်မှုကလည်း မရှည်ကြာခဲ့ပေ။


ကျန်းလီယွင်က ယခင်ဘဝမှာတည်းက ပိုက်ဆံသည် ပြဿနာအများစုကို ဖြေရှင်းပေးနိုင်ကြောင်း သိခဲ့ပြီးပြီဖြစ်သည်။


သူမမိသားစု၏အခက်အခဲအားလုံးက ပိုက်ဆံမရှိသောကြောင့် ဖြစ်သည်။


ကျန်းလီဖျင်အကြောင်းပြောရလျှင် သူမသာ ၁၉၆၀ခုနှစ်များ၌မမွေးလာဘဲ ၁၉၉၀ခုနှစ်တွင်သာ တစ်ဦးတည်းသောသမီးအဖြစ် မွေးဖွားလာခဲ့မည်ဆိုပါက သူမက လှပကာဉာဏ်ထက်သည့်အပြင် သူမလိုချင်သည့်အရာကိုလည်း သိသဖြင့် တက္ကသိုလ်ကောင်းကောင်းတက်ပြီး သင့်တော်သည့်သူကိုရှာနိုင်ခဲ့မည်ဖြစ်သည်။


ကျန်းလီဟိုင်လည်း အတူတူပင်။ သူ့အဆင့်များက ကျန်းလီဖျင်ထက်ပင် ကောင်းသေးသည်။ ထိုအချိန်ကဆိုလျှင် ဆရာများက သူ့ကိုစာဆက်လေ့လာရန် တိုက်တွန်းခဲ့သော်လည်း သူက ကျောင်းဆက်မတက်ခဲ့ပေ။ သူ့မိသားစုသာ ချမ်းသာနေပါက ကျန်းလီဟိုင်မှာ ယခုချိန်တွင် ကောလိပ်ဘွဲ့ရတစ်ဦးဖြစ်ကာ အလားအလာရှိသည့် လူချောလေးတစ်ယောက် ဖြစ်နေလောက်ပြီဖြစ်သည်။


သို့သော် သူတို့အားလုံးက ၁၉၆၀ခုနှစ်မှ ကျေးလက်ဒေသတွင် မွေးဖွားလာခဲ့ကြသည်။


သူတို့ဒေသက ဤနှစ်များအတွင်းတွင် တိုးတက်လာခဲ့သော်လည်း ဤနှစ်မှသာ လူများက ပိုက်ဆံပိုရှာနိုင်လာခြင်း ဖြစ်သည်။


ယခင်ကဆိုလျှင် သူတို့ထံ၌ အမှန်တကယ်ပင် ပိုက်ဆံတစ်ပြားမှမရှိခဲ့ပေ။


ဝူရှောင်ချွန်းက ကျန်းလီယွီကိုမွေးသောအချိန်တွင် အခြေအနေက သေရေးရှင်ရေးတမျှ ဖြစ်ခဲ့သည်။ သူမကိုဆေးရုံတွင် ရက်အနည်းငယ်လောက်နေခဲ့ပြီးမှ ကယ်တင်နိုင်ခဲ့ပြီး ထို့နောက်တွင် ဆေးဖိုးကုန်ကျစရိတ်များ ရှိလာသည်။ ထိုအချိန်ကဆိုလျှင် သူတို့မိသားစုက အကြွေးနွံထဲနစ်နေခဲ့၏။


နောက်ပိုင်းတွင် မောင်နှမသုံးယောက် အရွယ်ရောက်လာပြီး ဝင်ငွေရှိလာသည့်အခါမှသာ အကြွေးများကို တဖြည်းဖြည်းချင်း ပြန်ဆပ်နိုင်ခဲ့သည်။


အကြီးဆုံးဖြစ်သည့်ကျန်းလီဟိုင်က အစပိုင်းတွင် အလုပ်မှတ်များသာရခဲ့ပြီး လစာစရသောအခါ တစ်လလျှင် ယွမ် ၄၀ဝန်းကျင်သာ ရှိ၏။


လစာက မစို့မပို့ဖြစ်ကာ အစားအစာ၊ အဝတ်အစားနှင့်အခြားလိုအပ်သည့်ပစ္စည်းများအတွက်က ပိုက်ဆံလို၏။


ထိုအချိန်များ၌ လစာနှင့်ယှဉ်လျှင် နေထိုင်မှုကုန်ကျစရိတ်က ပိုများနေ၏။


ခေါင်းဆောင်များပြောသည့်အတိုင်းပင် လူများ၏ဝယ်လိုအားကမြင့်ကာ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးက ခေတ်နောက်ကျကျန်နေခဲ့သဖြင့် နှစ်ခုကြား၌ ကွာဟချက်အလွန်ကြီးနေခဲ့သည်။


မော်ဒန်ခေတ်တွင် ဖိနပ်တစ်ရံ၊ အင်္ကျီတစ်ထည်ဝယ်ခြင်းက ဘာမှမဟုတ်သော်လည်း ဤခေတ်တွင်မူ အဝတ်အစားဖိုးက အတော်လေးချင့်ချိန်ရမည့်ပမာဏ ဖြစ်နေသည်။ 


ထိုအကြောင်းရင်းကြောင့် လူများကအင်္ကျီတစ်ထည်ကို နှစ်များစွာ ဝတ်ဆင်ကြသည်။ သူမ(ကျန်းလီယွင်)၏အကောင်းဆုံးအင်္ကျီမှာ အလုပ်စရစဉ်က ဝယ်ခဲ့သည့်တစ်ထည်ဖြစ်သည်။


အဝတ်အစားအသစ်ကိုသုံးနှစ်၊ အဝတ်ဟောင်းကိုသုံးနှစ်နှင့် ဖာထေးပြီးသားကိုသုံးနှစ် - ၎င်းက သူမ ငယ်ဘဝကိုဖြတ်သန်းခဲ့သည့်ပုံစံ ဖြစ်သည်။


ထို့အပြင် လူတိုင်းဆင်းရဲနေပါက ကိစ္စကြီးမဟုတ်ဘဲ အနည်းဆုံးအနေဖြင့် ဟယ်မိသားစုက သူတို့အား တိုက်အိမ်ဆောက်ပေးရန် တောင်းဆိုလာမည်မဟုတ်ပေ။ သူတို့က တစ်ထပ်တိုက်လေးဆောက်ပေးရုံဖြင့်ပင် ဟယ်ချွန်းလင်ကို သူတို့(ကျန်းလီယွင်တို့) မိသားစုထဲဝင်ရန် သဘောတူလာမည်ဖြစ်သည်။


သို့သော် လူအများက ချမ်းသာလာကြကာ ရွာထဲမှတစ်ဝက်လောက်က အုတ်ဖြင့်တိုက်အိမ်များကို ဆောက်ထားပြီးသားဖြစ်လာသည်။


ယခုချိန်တွင် ဟယ်မိသားစုက သူတို့အား အိမ်ဆောက်ပေးရန်တောင်းဆိုနေသည်မှာ နှစ်သုံးဆယ်ကြာပြီးနောက် လူများအား မြို့ထဲတွင် အိမ်ပိုင်ရှိရန်တောင်းဆိုသည်နှင့်အတူတူပင်ဖြစ်သည်။


သူတို့မိသားစုသာပိုက်ဆံရှိပါက ဘာပြဿနာမှ ဖြစ်လာမည်မဟုတ်ပေ။


ထို့ကြောင့် သူမက အမှန်တကယ်ပင် ပိုက်ဆံကိုသဘောကျ၏။


ကျန်းလီယွင်က သတိပြန်ဝင်လာပြီး ကျန်းလီဟိုင်ကိုကြည့်ကာ ပြောလိုက်သည်။

“သူက တခြားသူနဲ့ လက်မထပ်ချင်တာလည်း ဖြစ်နေနိုင်တာပဲလေ… အဲ့ဒါက သူ့မိသားစုဘက်က လာပြောသွားတာ… ပြီးတော့အစ်ကိုကြီးမှာ ပြဿနာတစ်ခုရှိလာရင် အိမ်မှာလာပေါက်ကွဲပြနေလို့ ဘာအကျိုးရှိမှာလဲ… ဖြေရှင်းမယ့်နည်းလမ်းကို မစဉ်းစားနိုင်ဘူးလား…”


“ဘယ်လိုများ ဖြေရှင်းနိုင်မှာလဲ…”

ကျန်းလီဟိုင်က ပြန်ပြော၏။


အမှန်တိုင်းပြောရလျှင် သူ့လစာက မနည်းသော်လည်း များလည်းမများဘဲ လုံလောက်ရုံသာရှိ၏။


သူအိမ်ဆောက်ရန် ပိုက်ဆံစုချင်ပါက နှစ်အနည်းငယ်ခန့် ကြာမည်ဖြစ်ကာ ထိုအချိန်မှဆိုလျှင် နောက်ကျသွားမည် ဖြစ်သည်။


ကျန်းလီယွင် :“အစ်ကို့ကောင်မလေးရဲ့မိဘတွေကိုပြောလို့ရတယ်လေ… သူတို့ကို အိမ်ပြီးအောင်ဆောက်ဖို့ အချိန်တစ်ခုလိုတဲ့အကြောင်း ပြောပြလိုက်… ပြီးမှပိုက်ဆံဆက်စုပြီးလုပ်ပေါ့…”


ထို့နောက် သူမက အဖေကျန်းနှင့်ဝူရှောင်ချွန်းကို ကြည့်ကာပြောလိုက်သည်။

“အဖေနဲ့အမေ ဟယ်မိသားစုနဲ့ စကားပြောပြီးပြီလား…”


ဝူရှောင်ချွန်းနှင့်အဖေကျန်းတို့က အချင်းချင်းကြည့်ပြီးမှ ပြန်ဖြေလာ၏။

“အမေတို့မှာ ပိုက်ဆံမရှိဘူးလေ…”


ကျန်းလီယွင်၏ယခင်ဘဝ၌ အလုပ်များနေကာ သူမအစ်ကို၏အချစ်ရေးကို ဂရုမစိုက်နိုင်ခဲ့ပေ။ ထို့အပြင် ကျန်းလီဟိုင်ကလည်း အိမ်ပြန်လာသည်က ရှားသဖြင့် သူမကကျန်းလီဟိုင်နှင့်ဟယ်ချွန်းလင်တို့အကြောင်း များများစားစားမသိခဲ့ပေ။


ယခုမေးကြည့်လိုက်ပြီးနောက် သူမက ရယ်ချင်သွားသည်။


အမှန်တကယ်တွင် ကျန်းလီဟိုင်နှင့် ဟယ်ချွန်းလင်တို့ လမ်းခွဲသွားကြသည်မှာ သူတို့မိသားစု၏အမှားပင်ဖြစ်သည်။


သူမမိဘများနှင့် ကျန်းလီဟိုင်တို့၏အကျင့်စရိုက်၌ ပြဿနာရှိနေ၏။


ဆင်းရဲနွမ်းပါးမှုကြောင့် သူမမိဘများက အရေပါးကာ စိတ်မလုံမခြုံဖြစ်နေပြီး လူအများနှင့် ပြောဆိုဆက်ဆံရသည်ကို ရှောင်ရှားခဲ့၏။ သူတို့က ကျန်းလီဖျင်၏ယောက္ခမများဖြစ်သည့် လီမိသားစုနှင့် အဆက်အဆံမရှိသလောက်ရှားသည်ကို ကြည့်ရုံဖြင့်ပင် ထိုအခြင်းအရာကို မြင်နိုင်၏။


ကျန်းလီဟိုင်လည်း အတူတူပင်။


ကျန်းလီဟိုင်က ဟယ်ချွန်းလင်နှင့်လက်ထပ်မည့်အကြောင်းပြောသောအခါ ဟယ်ချွန်းလင်က သူမတို့မိသားစုဘက်မှလိုချင်သည်များကို ပြောပြလာ၏။ ကျန်းလီဟိုင်က အထူးတလည်ပင်အိမ်ပြန်လာပြီး ဝူရှောင်ချွန်းအား ဟယ်မိသားစုတောင်းဆိုသည်များကို ပြောပြခဲ့သည်။


ထို့နောက်တွင်မူ... ဘာမှ ဆက်မဖြစ်တော့ပေ။


အဖေကျန်းနှင့် ဝူရှောင်ချွန်းတို့က အိမ်ဆောက်ရန် မတတ်နိုင်ကြောင်းပြောသောအခါ ကျန်းလီဟိုင်က ရက်အနည်းငယ်ခန့် အဆင်မပြေဖြစ်သွား၏။ ထို့နောက်တွင်မူ သူတို့သုံးယောက်လုံးက မသိလိုက်ပါဘဲ ထိုကိစ္စကိုရှောင်ရန်ကြိုးစားကာ လျစ်လျူရှုလိုက်ကြသည်။


ကျန်းလီယွင်: ".."


သူမအမြင်အရဆိုလျှင် သူမမိဘများဆင်းရဲခြင်းနှင့် ကျန်းလီဟိုင်အပစ်ခံလိုက်ရခြင်းက သူတို့နှင့်ထိုက်တန်၏။


သူတို့စရိုက်များနှင့်ဆိုလျှင် ဘာကိုမှဖြစ်မြောက်အောင်လုပ်နိုင်မည်မဟုတ်ပေ။


သူမသာ ဟယ်မိသားစုမှဆိုလျှင်လည်း ကျန်းလီဟိုင်က လူယုတ်မာဟု သေချာပေါက်တွေးမိမည်ဖြစ်သည်။


“အစ်ကိုက အဲ့ကောင်မလေးနဲ့တွဲနေတာ ၂နှစ်ရှိပြီလေ လက်ထပ်ဖို့ မတွေးဖူးဘူးလား…”

ကျန်းလီယွင်က ကျန်းလီဟိုင်ကိုမေးလိုက်သည်။


“ငါ လက်ထပ်ချင်တာပေါ့…”

ကျန်းလီဟိုင်က ပြန်ဖြေ၏။


ကျန်းလီယွင်က သက်ပြင်းအသာချကာ အဖေကျန်းတို့လင်မယားကိုကြည့်လိုက်သည်။

“အမေနဲ့အဖေ သူတို့ဘက်က လိုချင်တာတွေကိုပြောထားပြီးပြီလေ… ဘာမှ မတုံ့ပြန်ခဲ့ဘူးလား အမေတို့က တကယ်ပဲ ဘာမှမလုပ်ဘဲ နေတော့မှာလား…”


အဖေကျန်းက ရှက်ရှက်ဖြင့်ခေါင်းငုံ့သွားကာ ဝူရှောင်ချွန်းက ပြန်ဖြေလာ၏။

“အမေတို့လည်း ပိုက်ဆံစုနေပါတယ်… အမေတို့ကအရင်ဆုံးအိမ်ဆောက်ထားချင်တာ…”


ကျန်းလီယွင်က ထပ်ရယ်ချင်သွားသည်။


ငါတို့ရဲ့ဆင်းရဲနေပုံနဲ့ အိမ်ဆောက်ဖို့ ပိုက်ဆံလုံလုံလောက်လောက်စုနိုင်မယ် ထင်နေကြတာလား… ရမယ်ထင်လို့လား…


ငါတို့ရဲ့အခြေအနေအရဆိုရင် အသုံးစရိတ်တွေ ဖယ်ပြီးရင် ပိုက်ဆံဘယ်လောက်များ စုနိုင်မှာလဲ… အထူးသဖြင့် ဈေးတွေတက်နေတဲ့ အချိန်မျိုးမှာလေ…


သူမ မှတ်မိနေသေးသည်။ နောက်နှစ်ဆိုပါက တစ်တိုင်းပြည်လုံးအနှံ့ ထိန်းမနိုင်သိမ်းမရဝယ်ယူခြင်းများဖြစ်လာကာ အရာရာတိုင်း၏ဈေးနှုန်းများက မိုးထိထောင်တက်သွားမည်ဖြစ်သည်။


အဖေကျန်းတို့အိမ်ဆောက်ရန် ပိုက်ဆံစုထားသည်များက နောက်နှစ်၂၀အကြာ၌ အိမ်ဆောက်ရန်ပိုက်ဆံစုပြီးနောက် သူတို့စုထားသည်များက စရံလောက်သာရှိသည်ကို သိလိုက်ရသည့်သူများလို ဖြစ်သွားမည်ပင်။


သူမ သိထားသလောက်အရဆိုလျှင် လက်ရှိ၌ အိမ်ဆောက်ရန်နေ့စားခမှာ ၂.၅ယွမ်သာ‌ရှိသော်လည်း နောက်နှစ်တွင်မူ ငါးယွမ်အထိ နှစ်ဆတိုးလာလိမ့်မည်။


“ဖုန်းရီ စားပွဲတစ်ချက်လောက် ရှင်းပေးပါဦး…”

ကျန်းလီယွင်က ဖုန်းရီကို ပြုံးပြလိုက်သည်။


ဗိုက်ဖြည့်ပြီးပြီဖြစ်သဖြင့် ဖုန်းရီက ချက်ချင်းထရပ်ကာ စားပွဲကိုရှင်းလိုက်သည်။


ထို့နောက် ကျန်းလီယွင်က သူမ၏မိဘနှင့်အစ်ကိုတို့ကိုကြည့်ကာ ပြောလိုက်သည်။

“ထိုင်ကြပါဦး မေးစရာရှိတယ်…”


ကျန်းလီယွင်က စားပွဲတစ်ဖက်တွင်ထိုင်ကာ အဖေကျန်းတို့လင်မယားနှင့် ကျန်းလီဟိုင်က ကျန်သုံးဖက်တွင်ဝင်ထိုင်လိုက်သည်။


ကျန်းလီယွင်က မေးလိုက်သည်။

“အဖေနဲ့အမေတို့ စုထားတာက ဘယ်လောက်ရှိပြီလဲ…”


ဝူရှောင်ချွန်းက ပြန်ဖြေ၏။

“အားလုံးပေါင်း ယွမ် ၁၃၀၀လောက် ရှိတယ်…”


အစက ယွမ်၁၅၀၀ ရှိသော်လည်း ကျန်းလီယွင်က ဆိုင်ဖွင့်ရန် ၂၀၀ ချေးထား၏။


ဝူရှောင်ချွန်းက ကျန်းလီဟိုင် ဝမ်းနည်းသွားမည်စိုးသဖြင့် ထိုအကြောင်းကို ထည့်မပြောလိုက်ပေ။


ထို့နောက် ကျန်းလီယွင်က ကျန်းလီဟိုင်ကို ဆက်မေးသည်။

“အစ်ကိုကရော စုထားတာဘယ်လောက်ရှိပြီလဲ…”


“ငါ့မှာတော့ ယွမ် ၂၀၀လောက် ရှိတယ်…”

ကျန်းလီဟိုင်က ပြန်ဖြေ၏။ သူက ထိုပိုက်ဆံကို နှစ်အနည်းငယ်ကြာအောင် စုခဲ့ရခြင်းဖြစ်သည်။


ကျန်းလီယွင်: “အစ်ကိုရဲ့ယွမ်၂၀၀နဲ့ လက်ဆောင်နည်းနည်းသွားဝယ်လိုက်… ပြီးရင် ငါနဲ့အတူ ဦးလေးကျန်း(ကျန်းစစ်ရှု) အိမ်ကိုလိုက်ခဲ့… အဖေနဲ့အမေကတော့ ရွာထဲမှာမြေနေရာသတ်မှတ်ဖို့နဲ့ အိမ်ဆောက်တာပြင်ဆင်ဖို့သွားလိုက်ပါ…”


[T/N - ဒီဦးလေးကျန်းက ဖုန်းရီသွားအိပ်နေကျအိမ်က ဦးလေးမဟုတ်ပါဘူး၊ စက်ရုံခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဦးလေး ၄ပါ ]


“ဘာလို့ ဦးလေးကျန်းအိမ်ကို သွားရမှာလဲ…”

ကျန်းလီဟိုင်က ပြန်မေးလာ၏။


“အမေတို့ မိသားစုမှာက အိမ်ဆောက်ဖို့ပိုက်ဆံလုံလုံလောက်လောက်မရှိဘူးလေ…”

ဝူရှောင်ချွန်းကလည်း ပြန်ပြောလာ၏။


ကျန်းလီယွင်က ကျန်းလီဟိုင်ကို ဦးစွာဖြေလိုက်သည်။

“ဦးလေးကျန်းအိမ်ကို ဘာလို့သွားလဲဟုတ်လား… တစ်ခုခုဝယ်သွားပြီး သူ့ကို အစ်ကိုအတွက် သယ်ယူပို့ဆောင်ရေးအသင်းမှာ နေရာတစ်ခုရှာပေးဖို့ တောင်းဆိုမလို့လေ…”


ထို့နောက် သူမက ဝူရှောင်ချွန်းကိုပြန်ပြောသည်။

“ပိုက်ဆံမလောက်ရင် သူများဆီကချေးလေ… ချေးမရရင်လည်း အိမ်ရှေ့မျက်နှာစာဖြစ်ဖြစ် အရင်ဆောက်ထားလိုက်… အရင်စလုပ်ဖို့ပဲလိုတာ ကျန်တာကို နောက်မှဆက်ပြောမယ်…”


ရွာထဲမှ မိသားစုအများစုကလည်း အစပိုင်းတွင် ပိုက်ဆံအလုံအလောက်မရှိဘဲ အိမ်ဆောက်လာကြခြင်းဖြစ်သည်။သူတို့က အခြားသူများဆီမှ ပိုက်ဆံချေးပြီးလုပ်နိုင်ခဲ့ခြင်းဖြစ်၏။ ထို့အပြင် အုတ်နှင့်ကြွေပြားများဝယ်ရန်အတွက်ကိုလည်း အုတ်နှင့်ကြွေပြားစက်ရုံတွင် အကြွေးယူထား၍ရသည်။


ဒီလိုခေတ်ကြီးမှာ အိမ်ဆောက်တဲ့အချိန် ငွေရေးကြေးရေးခက်ခဲတာမျိုးကို ဘယ်သူက မကြုံဖူးလို့လဲ…


ပိုက်ဆံနည်းနည်းချေးပြီး အပြင်ဘက်မှာ အကြွေးတင်နေတာက ပုံမှန်ပဲလေ…


ရွာထဲမှာ အုတ်နဲ့ကြွေပြားဖိုးတင် မကဘူး… နေ့စားခပါ မပေးနိုင်ဘဲ အကြွေးတင်နေတဲ့ မိသားစုတစ်စုတောင်ရှိသေးတယ်…


သူတို့မိသားစုက ထိုထက် အနည်းငယ်ပိုသာကာ လက်ထဲတွင် ယွမ်တစ်ထောင်ကျော်ရှိနေ၏။ အစပိုင်းကုန်ကျစရိတ်များအတွက် လုံလောက်သဖြင့် သူတို့က ချက်ချင်းစလုပ်၍ရပြီဖြစ်သည်။


“ပိုက်ဆံချေးဖို့က မလွယ်ဘူးလေ… လူတွေက ငါတို့ကိုချေးချင်ကြတာ မဟုတ်ဘူး…”

ကျန်းလီဟိုင်က ပြန်ပြော၏။



🏡🏡🏡