Chapter 29
Viewers 5k

🏡 Chapter 29



ဝူရှောင်ချွန်း နေမကောင်းဖြစ်သောအခါ သူ(ကျန်းလီဟိုင်)နှင့် အဖေကျန်းတို့က ပိုက်ဆံလိုက်ချေးသော်လည်း ပိုက်ဆံမရမီတွင် မရေတွက်နိုင်သည့်ခနဲ့မှုများကို သည်းခံခဲ့ရသည်။ အချို့ဆွေမျိုးများဆိုလျှင် သူတို့ပိုက်ဆံလာချေးမည်ကြောက်သဖြင့် ဆွေခန်းမျိုးခန်းပါ ဖြတ်ပစ်လိုက်ကြသည်။


ထိုကဲ့သို့ခံစားဖူးသည့် ကျန်းလီဟိုင်က ပိုက်ဆံမချေးချင်ပေ။


“ဒါဆို လက်မထပ်ချင်ဘူးလား…”

ကျန်းလီယွင်က ပြန်မေးသည်။


ကျန်းလီဟိုင်က ရှက်သွေးဖြာသွားသည်။


ကျန်းလီယွင်က သူလက်ထပ်ချင်နေမှန်းကိုသေချာပေါက်သိ၏။ သူ၏ယခင်ဘဝတွင် ကျန်းလီဟိုင်က အိမ်ထောင်ရေးအား အသက်၃၀အထိ နှောင့်နှေးထားခဲ့သည်။ သူ၏ဇနီးဟောင်းက အိမ်ထောင်ကျကာ ကလေးမွေးဖူးသော်လည်း သူက သူတို့ဆက်ဆံရေးကို အလေးထားခဲ့၏။


ထိုအချိန်ကဆိုလျှင် သူတို့က ထိုယောက်မထွက်သွားမည်ကို စိုးရိမ်သဖြင့် သူမ၏အပြုအမူများကို သည်းခံခဲ့ကာ ကျန်းမိသားစုထဲ၌ သူမကြိုက်သလို ပြုမူစေခဲ့မိသည်။


“လက်ထပ်ချင်တယ်ဆိုရင် ငါပြောသလိုလိုက်လုပ်… ရေသွားချိုး၊အဝတ်အစားလဲလိုက်… ပြီးရင်လက်ဆောင်ဝယ်ဖို့ခေါ်သွားပေးမယ်… ပြီးမှဦးလေးကျန်းဆီ သွားလည်ကြတာပေါ့…”

ကျန်းလီယွင်က ဆုံးဖြတ်လိုက်သည်။


“အဆက်အသွယ်သုံးတာက မကောင်းဘူးမလား…”

ကျန်းလီဟိုင်က တွန့်ဆုတ်နေ၏။


“ဒါဆို သယ်ယူပို့ဆောင်ရေးအသင်းထဲ မဝင်ချင်ဘူးပေါ့…”

ကျန်းလီယွင်က ထပ်မေးသည်။


ကျန်းလီဟိုင်တစ်ယောက် အသံတိတ်သွားသည်။


“စောစောကတည်းက အဆက်အသွယ်တွေလုပ်ထားရင် မကြာဘူး သယ်ယူပို့ဆောင်ရေးအသင်းထဲ ရောက်နေလောက်ပြီ…”

ကျန်းလီယွင်က ပြန်ပြောလိုက်သည်။


သူမတို့၏ဦးလေးကျန်းစစ်ရှုက အုတ်နှင့်ကြွေပြားစက်ရုံမှခေါင်းဆောင်တစ်ယောက်ဖြစ်ကာ ရှဲ့ဇူကန်းအဖေနှင့်အနေအထားတူတူလောက်ရှိသည်။ သူတို့မိသားစုများကြားရှိ ဆက်ဆံရေးက မရင်းနှီးလှသော်လည်း ဆွေမျိုးများဖြစ်နေဆဲပင်။ သင့်တော်သည့်ပြောဆိုဆက်ဆံမှု၊လက်ဆောင်တို့နှင့်ဆိုပါက ကျန်းလီဟိုင်အတွက် သယ်ယူပို့ဆောင်ရေးအသင်းထဲဝင်ရန်က ပြဿနာမရှိပေ။


ကျန်းလီဟိုင်က ငယ်ရွယ်ပြီးအားကောင်းကာ စက်ရုံ၌အလုပ်လုပ်သည်မှာလည်း ဆယ်နှစ်နီးပါးရှိနေပြီဖြစ်သဖြင့် အတွေ့အကြုံရင့်သည့် အလုပ်သမားတစ်ယောက်ဖြစ်သည်။


သူမမိဘနှင့် ကျန်းလီဟိုင်တို့ကသာ အဆက်အသွယ်သုံးရန်တွန့်ဆုတ်နေကြခြင်း ဖြစ်သည်။


စိတ်ထဲတွင် အဆက်အသွယ်ဖြင့်လုပ်ချင်သော်လည်း မမှန်ဟုထင်သဖြင့် မလုပ်ကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။


ပြောရလျှင် သူတို့က ကျန်းလီဖျင်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ကျန်းလီဟိုင်၏နေရာ၌ ကျန်းလီဖျင်ဆိုပါက သံသယဝင်စရာမလိုစွာပင် အဆက်အသွယ်များရှိအောင်လုပ်ထားလောက်ပြီဖြစ်သည်။


ကျန်းလီဟိုင်က ဘာပြန်ပြောရမည် မသိတော့ပေ။ ခဏလောက်ကြာသွားပြီးမှ သူကပြောလိုက်သည်။

“တကယ်လို့ သူတို့က မလုပ်ပေးချင်ရင်ရော အဲ့လိုကျရှက်စရာကြီးလေ....”


“အရှက်ရမယ့်ကိစ္စအပြင် တခြားဘာဆုံးရှူံးစရာ ရှ်ိသေးလို့လဲ…”

ကျန်းလီယွင်က သူ့ကိုမေးလိုက်သည်။


ဘာမှ မရှိတော့ဘူးလေ…

ကျန်းလီဟိုင်က ပါးစပ်ပိတ်သွားသည်။


သူက ကျန်းလီယွင်ကိုကြည့်ကာ မဖော်ပြတတ်သည့်စိုးရိမ်မှုကို ခံစားလိုက်ရသည်။


ဘယ်လိုပြောရမလဲ… ဒီနေ့ကျန်းလီယွင်က အမေ့ထက်စာရင် ငါ့အမေနဲ့ပိုတူနေသလိုပဲ…


လက်ရှိကျန်းလီဟိုင်က ကျန်းလီယွင်၏ ယခင်ဘဝမှ ကျေးဇူးမသိတတ်သည့်သားထက် များစွာငယ်လေသည်။


ကျန်းလီဟိုင်က ပြည့်စုံသည့်လူမဟုတ်သော်ငြား သားသမီးတာဝန်မကျေနေခြင်းလည်း မဟုတ်ပေ။ သူက အဖေကျန်းတို့လင်မယားမဆုံးခင် အိပ်ရာပေါ်လဲနေသည့်အချိန်၌ ဂရုစိုက်ပေးခဲ့၏။


ကျန်းလီယွင်၏စိတ်ထဲတွင် ကျန်းလီဟိုင်က ဖုန်းရီဆုံးခါနီးတွင် ဆေးရုံ၌လာမတွေ့ခဲ့သည့် သူမသားနှင့်ယှဉ်ပါက ပိုကောင်းသည်ဟုထင်၏။


ကျန်းလီယွင်က အဖေကျန်းတို့ကို ရွာထဲ၌မြေနေရာသွားလုပ်ခိုင်းလိုက်ပြီးနောက် ဘေးအိမ်ရှိဦးလေးကျန်းရုံဝမ်းဆီမှစက်ဘီးငှားလိုက်ကာ ကျန်းလီဟိုင်ကို မြို့ပေါ်သို့နင်းသွားစေ၏။


ကျန်းလီဟိုင်က သူမပြောသည်များကို နာခံစွာလိုက်လုပ်လိုက်သည်။


ကျန်းလီဟိုင်က စက်ရုံမှထွက်ကတည်းက သူစုထားသည်များကို ယူခဲ့ပြီးသားဖြစ်သည်။ ကျန်းလီယွင်က သူ့ကိုမြို့ပေါ်ခေါ်သွားပြီး လက်ဆောင်မျိုးစုံပေါ်တွင် ယွမ်၂၀၀လုံးကိုသုံးလိုက်သည်။


ထိုထဲတွင် စီးကရက်၊အရက်နှင့် အခြားမုန့်များ ပါဝင်၏။


“ဒီလောက်အများကြီး ဝယ်လိုက်တာလား…”

ကျန်းလီဟိုင်၏လက်များက တုန်ယင်လာ၏။ သူကတစ်ခါတည်းနှင့် ပိုက်ဆံများစွာ မဖြုန်းခဲ့ဖူးပေ။


“တချို့က ဦးလေးကျန်းအတွက် တချို့က ဟယ်မိသားစုအတွက်လေ…”

ကျန်းလီယွင်က ပြန်ဖြေ၏။


“လီယွင် ဟယ်မိသားစုကိုသွားရင် ငါ့ကိုအဖော်လိုက်ပေးမှာလား…”


“အဲ့ဒါက အစ်ကိုလက်ထပ်ဖို့လုပ်နေတာလေ ကျွန်မမှမဟုတ်တာ ဘာလို့လိုက်ပေးရမှာလဲ…”

ကျန်းလီယွင်က ဆွံ့အသွားသည်။

ဒီလောကကြီးမှာ အစ်ကိုက သူ့ကောင်မလေးအိမ်သွားလည်တာကို အဖော်လိုက်ပေးတဲ့ ညီမလေးမျိုးရှိလို့လား…


သူမက သေချာတွေးကြည့်လိုက်ပြီးနောက် အကြံပေးလိုက်သည်။

“ဒီလိုဆိုရင်ရောဘယ်လိုလဲ… ဖုန်းရီကိုခေါ်သွားလိုက်လေ သူက အစ်ကို့ထက်ဉာဏ်ထက်တယ်…”


အဖေကျန်းတို့လင်မယားကလည်း အသုံးမဝင်သဖြင့် ဖုန်းရီကို သူငယ်ချင်းအဖြစ်အဖော်လိုက်ခိုင်းသည်က ပိုကောင်းသည်။


“သူက ဘယ်လိုများ ငါ့ထက်ဉာဏ်ကောင်းနိုင်မှာလဲ… ကျောင်းတုန်းကဆို ငါက အမြဲတမ်းအဆင့်၁ ဝင်ခဲ့တာကွ…”

ကျန်းလီဟိုင်က ပြန်ပြော၏။


“ဖုန်းရီက ကျောင်းမတက်ပေမယ့် စာအုပ်ထဲကစာလုံးတွေအကုန်လုံးကို မှတ်မိနိုင်တယ်…”


ကျန်းလီဟိုင်:".."


သူ့ညီမနှင့်စကားပြောခြင်းက သူ့ကို အမြဲပင် ဆွံ့အသွားစေ၏။


တစ်ဖက်ရှိကျန်းအိမ်တွင် ကျန်းလီယွင်တို့ ထွက်သွားသောအခါ အဖေကျန်းနှင့်ဝူရှောင်ချွန်းတို့က စိတ်ပူလာကြသည်။

“ငါတို့တွေ တကယ်ပဲ ရွာထဲသွားကြမှာလား…”


အုတ်မြစ်ချဖို့မြေနေရာကို ဘယ်လိုသတ်မှတ်ရတာလဲ…တကယ်ပဲ ငါတို့အိမ်မဆောက်ဘဲ နေလို့မရဘူးလား…


အဖေကျန်းတို့စုံတွဲအတွက် အိမ်တစ်လုံးဆောက်ရန် ယွမ်ထောင်ကျော်သုံးခြင်းက အမှန်တကယ်ပင် ကြီးမားသည့်ကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း သူတို့က တွန့်ဆုတ်နေပြီး ဘာလုပ်ရမည်မသိ ဖြစ်နေကြ၏။


“ဦးလေးကျန်း ဒေါ်လေး… အုတ်မြစ်ချဖို့မြေနေရာဘယ်လိုလုပ်ရလဲ ကျွန်တော်သိတယ် ကျွန်တော်အဲ့ဒီကိုခေါ်သွားပေးမယ်လေ…”

ဖုန်းရီက ပြုံးကာဝင်ပြောလာ၏။


ကျန်းမိသားစုတိုင်ပင်နေချိန်တွင် သူက ဝင်မပါခဲ့သော်လည်း ယခုချိန်တွင် ဝင်ပြောနိုင်ပြီဖြစ်သည်။


သူက အုတ်မြစ်ချသည့်ဖြစ်စဉ်၊ အိမ်ဆောက်သည့်ကိစ္စများအား ရင်းနှီးနေ၏။


သူက ကျန်းရုံဝမ်းသာမကဘဲ အသားရောင်းသည့်သူနှင့် ရွာထဲမှရွာသားအချို့ကိုပါ မေးထားဖူးသည်။


သူသိလိုက်ရသမျှ အရာအားလုံးကို မှတ်မိနေ၏။


အစပိုင်းတွင် ဖုန်းရီက အနည်းငယ်စိုးရိမ်နေသဖြင့် အရာအားလုံးကို လိုက်စုံစမ်းကြည့်ခဲ့၏။ သို့သော် တကယ်လက်တွေ့လုပ်သောအခါတွင်မူ ပြဿနာများရှိလာနိုင်၏။


သို့သော် ယခုကျန်းလီဟိုင်က အရင်အိမ်ဆောက်တော့မည်ဖြစ်သဖြင့် သူက ထိုမှတစ်ဆင့် လေ့လာနိုင်သည်။


“ဦးလေးကျန်း အရင်ဆုံးအုတ်မြစ်ချဖို့မြေနေရာသတ်မှတ်ကြတာပေါ့… ကျွန်တော်ကတော့ အသစ်ခင်းထားတဲ့‌လမ်းဘေးနားကနေရာက ကောင်းတယ်လို့ထင်တယ်…”


ဖုန်းရီက သူတွေးထားသည်များကို ပြောပြလိုက်သည်။


သူတို့ရွာက မြို့ထဲထိ‌ရောက်သည့် တစ်မီတာကျယ်‌သော ဘိလပ်မြေလမ်းတစ်ခုခင်းထားလေသည်။ ထိုလမ်းဘေးတွင် အိမ်ဆောက်ပါက မည်သည့်နေရာကိုမဆို သယ်ယူပို့ဆောင်ရာ၌ အဆင်ပြေလိမ့်မည်။


သူက နေရာရွေးထားပြီးသားဖြစ်ကာ သူနှင့်ကျန်းလီယွင်၏အိမ်ကို ထိုနေရာ၌ဆောက်ရန် စဉ်းစားထား၏။


ဟမ်းးး… ငါတို့တွေက ကျန်းလီဟိုင်နဲ့အိမ်နီးချင်းတွေဖြစ်လာမှာပေါ့…


ထိုအတွေးများနှင့်အတူ ဖုန်းရီက ကြောင်တောင်တောင်ဖြစ်နေသည့် အဖေကျန်းနှင့် ဝူရှောင်ချွန်းတို့ကိုခေါ်ပြီး ရွာထဲသို့ဦးတည်သွားသည်။


“ပန်းရန်အတွက်ကတော့ ဘေးရွာက ကျူးအာ့မောင်ကိုခေါ်လို့ရတယ်… သူက အရည်အချင်းရှိသလို ဈေးလည်းသင့်တယ်… ပြီးတော့တချို့ကိစ္စတွေကိုတော့ ကိုယ့်ဘာသာကိုယ်လုပ်လို့ရတယ်… ကျွန်တော်နဲ့အစ်ကိုလီဟိုင်က နံရံဘယ်လိုဆောက်ရမလဲသိတယ်…”


အုတ်နှင့်ကြွေပြားစက်ရုံက ရွာ၏စုပေါင်းအလုပ်ရုံဖြစ်ကာ ထိုမှအလုပ်သမားများက ရေစင်ပြင်ခြင်း၊ ဆိပ်ကမ်းနှင့်‌ကျောင်းဆောက်ရာများတွင် ကူညီပေးဖူးကြသည်။


သူတို့က ထိုအပိုင်းတွင် အနည်းငယ်တတ်ကျွမ်း၏။


“ကျွန်တော်တို့တွေ အရင်ဆုံး အရှေ့ဘက်နှစ်ခန်း၊အောက်ကနှစ်ခန်းနဲ့ အပေါ်နှစ်ခန်းကိုစဆောက်လို့ရတယ်… ပြီးမှဖြည်းဖြည်းချင်း အနောက်ပိုင်းကိုဆက်ဆောက်မယ် အနောက်ပိုင်းမှာတစ်ထပ်ပဲဆိုရင်တော့ ပိုက်ဆံကုန်တာ တော်တော်လေးသက်သာသွားလိမ့်မယ်… ပြီးတော့ အကုန်လုံးကို ကိုယ့်ဘာသာကိုယ်လုပ်လို့ရတယ်…”


“ဦးလေးကျန်း စက်ရုံမှာ တစ်ပိုင်းပြတ်နေတဲ့အုတ်တွေအများကြီးရှိတယ်… စက်ရုံက အလုပ်သမားတွေက အဲ့ဒါတွေကို ကြိုက်သလိုအလကားယူလို့ရတယ်… အုတ်အပဲ့တွေနဲ့အိမ်ဆောက်တာက နည်းနည်းဒုက္ခများပေမယ့် လုပ်လို့တော့ ရပါသေးတယ်… ဦးလေးက အစ်ကိုလီဟိုင်ကိုစက်ရုံကအုတ်တွေ ပြန်ယူလာခိုင်းလို့ရတယ်…”


“အိမ်ရဲ့အပြင်ဘက်ကိုတော့ ထုံးသုတ်တာကအကောင်းဆုံးပဲ… ထုံးကိုဈေးအသက်သာဆုံးနဲ့ ဘယ်မှာရမလဲဆိုတာကို ကျွန်တော်သိတယ်…”


ဖုန်းရီက သူသိထားသမျှအရာအားလုံးအား အဖေကျန်းတို့လင်မယားကိုပြောပြလိုက်သည်။


အဖေကျန်းတို့စုံတွဲက အံ့ဩသွားပြီး ဖုန်းရီကို သဘောကျစွာကြည့်လိုက်မိကြသည်။


ဖုန်းရီက အများကြီးသိတာပဲ…


ငါတို့ဆို ဒီကိစ္စတွေ တစ်ခုမှမသိဘူး…


အဖေကျန်းတို့လင်မယားက ကိစ္စများကိုကိုင်တွယ်ရာ၌ မကျွမ်းကျင်ကြပေ။


ကျန်းလီဟိုင်က သူတို့နှင့်တူသော်လည်း ကျန်းလီဖျင်နှင့်ကျန်းလီယွင်အလှည့်ရောက်လာသောအခါ သူတို့၏မိဘများက အားမကိုးရကြောင်းသိလာသဖြင့် သူတို့က ပြောင်းလဲလာသည်။


ရွာထဲသို့ရောက်သောအခါ ရွာကေဒါများက အဖေကျန်းနှင့်အတူကြီးပြင်းလာသောသူများဖြစ်ပြီး ထိုထဲတွင်ကျန်းမျိုးနွယ်အချို့ပင်ရှိနေသော်လည်း အဖေကျန်းက‌ လမ်းပျောက်ကာ ဘာပြောရမည်မသိ ဖြစ်နေသည်။


အဆုံးတွင် ဖုန်းရီကသာ ရှေ့ထွက်လာပြီး ရွာကေဒါများအား ကျန်းလီဟိုင်အတွက် အိမ်ဆောက်ချင်သဖြင့် အုတ်မြစ်ချရန်အတွက် ရွာထဲတွင်မြေနေရာခွဲဝေလိုသည့်အကြောင်း ပြောပြလိုက်သည်။


ရွာကေဒါများက အလွယ်တကူသဘောတူကြသော်လည်း လုပ်ထုံးလုပ်နည်းအဆင့်အချို့ကြောင့် မြေနေရာသတ်မှတ်ခြင်းက ချက်ချင်းမဖြစ်လာပေ။


“ကျန်းထော့ကျိုး မင်းတို့မိသားစုက တကယ်ပဲအိမ်ဆောက်သင့်နေပြီကွ… လက်ရှိအိမ်က အဆင်မပြေတော့ဘူးလေ…”


“ဟုတ်တယ် မင်းတို့သားကျန်းလီဟိုင်ကလည်း မငယ်တော့ဘူးလေ… အိမ်ဆောက်သင့်တဲ့အချိန်ရောက်ပြီ…”


“အခုချိန်က အိမ်ဆောက်ဖို့ကောင်းတဲ့အချိန်ပဲ… ငါတို့ရွာက ရေပိုက်လိုင်းတွေရတော့မှာ… အဲ့ဒီအချိန်ကျရင် အိမ်အသစ်တွေက ဘုံပိုင်ရေကိုတန်းသွယ်လို့ရတယ်…”


...


ထိုလူများက အဖေကျန်းနှင့်အတူ ရယ်လိုက်မောလိုက်ဖြင့်စကားပြောကာ အားပေးကြ၏။


အဖေကျန်းလည်း ပြုံးနေသော်ငြား သူ့ရင်ထဲတွင်အနည်းငယ်အံ့ဩနေ၏။


ငါတို့က တကယ်ပဲ အိမ်ဆောက်သင့်နေပြီလား…


ကျန်းမိသားစုအိမ်ဆောက်မည့်အကြောင်းက ရွာထဲတွင် လျင်မြန်စွာပြန့်သွားသည်။


ထိုသတင်းကိုကြားသောအခါ ရွာသားများက ထူးဆန်းသည်ဟု မထင်ကြပေ။ ကျန်းမိသားစုက အလွန်ဆင်းရဲနေခဲ့သော်လည်း လက်ရှိနှစ်များတွင် ကလေးသုံးယောက်လုံးကအလုပ်လုပ်နေကြသဖြင့် ရွာသားများက သူတို့ထံတွင်ပိုက်ဆံရှိလာသည်ဟု ထင်ကြလေသည်။


ထို့အပြင် ကျန်းလီဖျင်က မြို့ထဲမှသူနှင့်လက်ထပ်ထား၏။


ကျန်းလီဖျင်က သူ့ယောက္ခမများ သူ့အပေါ်အထင်သေးမည်ကြောက်သဖြင့် အဖေကျန်းတို့လင်မယားအား သတို့သမီးတင်တောင်း‌ငွေ မတောင်းခိုင်းလိုက်ပေ။ အဖေကျန်းတို့ကလည်း တစ်ပြားမှမတောင်းခဲ့ကြပေ။


သို့သော် ရွာသားများက ထိုအကြောင်းမသိထားပေ။


သူတို့စိတ်ထဲတွင် ကျန်းမိသားစုက ပိုက်ဆံများစွာရှာနိုင်ခဲ့ကာ ပိုက်ဆံမပြတ်လပ်နေပေ။


ထို့ကြောင့် သတင်းရသွားသည့် လူအချို့က ကျန်းမိသားစုဆီသို့ တန်းရောက်လာကြသည်။


“တလောတုန်းက ဖုန်းရီတစ်ယောက် ရွာထဲမှာ အိမ်ဆောက်တဲ့အကြောင်းတွေ မျိုးစုံလိုက်မေးနေတာ မအံ့ဩတော့ပါဘူး… လက်စသတ်တော့ နင်တို့မိသားစုက အိမ်အသစ်ဆောက်တော့မှာပဲ… ”


“အိမ်က ဆောက်သင့်နေပါပြီ အခုအိမ်က တော်တော်လေးဟောင်းနေပြီလေ…”


“နင်တို့မိသားစုအခြေအနေကတော့ ကောင်းပြီးရင်းကောင်းလာတော့တာပဲနော်…”


...


အဖေကျန်းတို့လင်မယားက တစ်နေ့တည်းနှင့် ကိစ္စများက ဤသို့ဖြစ်လာမည်ဟု မထင်ထားခဲ့ကြပေ။


သို့သော် ဖုန်းရီကမူ အလွန်ပျော်နေပြီး ထိုလူများနှင့်စကားပြောကာ အိမ်ဆောက်ရန်အကောင်းဆုံးနည်းလမ်းများအပြင် မီးဖိုချောင်ကို မည်သို့ပြင်ဆင်ရမည်ကိုပါ ဆွေးနွေးလိုက်၏။


ကျန်းလီယွင်နှင့်ကျန်းလီဟိုင်တို့ ပြန်ရောက်လာသောအခါ ဖုန်းရီက ရွာထဲမှအဒေါ်ကြီးတစ်စုနှင့် ပျော်ပျော်ကြီးစကားပြောနေသည်ကို မြင်လိုက်ရသည်။


ဝူရှောင်ချွန်းက ပြုံးကာ ဖုန်းရီနောက်မှလိုက်နေပြီး အဖေကျန်းကမူ ဘေးတွင်ငေါင်တောင်တောင်ဖြင့် ထိုင်နေ၏။


ခဏခန့်နားထောင်ပြီးနောက် ကျန်းလီယွင်က ဖြစ်ပျက်သွားသည်များကို နားလည်သွားသည်။ သူမက ပြုံးကာအိမ်ထဲသို့ ဝင်သွားလိုက်သည်။ ဦးလေးကျန်းစစ်ရှုကမူ သူက နေ့ဘက်တွင် စက်ရုံ၌အလုပ်ဆင်းနေသဖြင့် ညနေမှသွားလည်သင့်သည်ဟု‌ တွေးလိုက်သည်။


ဟယ်မိသားစုကိုကမူ...


ယနေ့က‌ နောက်ကျနေပြီဖြစ်သဖြင့် မနက်ဖြန်နေ့လယ်လောက်မှသွားသည်က ပိုကောင်းသည်။


ကျန်းလီယွင်က လမ်းတွင် ဤကိစ္စအားကျန်းလီဟိုင်နှင့်ဆွေးနွေးပြီးသားဖြစ်သဖြင့် အိမ်ပြန်ရောက်သည်နှင့် သူမ၏အလုပ်ကိစ္စများတွင်သာ ခေါင်းနှစ်ထားလိုက်သည်။


ကျန်းလီဟိုင်က သူမနောက်မှလိုက်ကာ အိမ်ထဲသို့ဝင်လာပြီး မနေနိုင်ဘဲ ထုတ်မေးလာ၏။

“ငါတို့တွေ တကယ်ပဲ အိမ်ဆောက်ကြမှာလား…”


“ဟုတ်တယ်‌…”

ကျန်းလီယွင်က အတည်ပြုပေးလိုက်သည်။ ကျန်းလီဟိုင်က သိသိသာသာကို စိုးရိမ်နေသည့်ပုံပေါ်၏။


ကျန်းလီယွင်က သူ မည်သည်ကိုစိုးရိမ်နေမှန်းသဘောပေါက်၏။ ကျန်းလီဟိုင်က ဤနှစ်တွင် ၂၅နှစ်ရှိပြီဖြစ်ကာ နောက်နှစ်သုံးဆယ်အကြာရှိ လောလောလတ်လတ်တက္ကသိုလ်ဘွဲ့ရထားသူနှင့် အတူတူပင်ဖြစ်သည်။ သူ့အသက်အရွယ်ရှိ လူတစ်ယောက်အတွက် အိမ်ဆောက်သည်မှာ ကြီးမားသည့်ကိစ္စတစ်ခု ဖြစ်သည်။


ထို့အပြင် ကျန်းလီဟိုင်က ငယ်ငယ်က‌တည်းက ရွာမှာပဲနေခဲ့ကာ မြို့ပေါ်မရောက်ဖူးသဖြင့် ဗဟုသုတမရှိပေ။ထို့ကြောင့် သူမက သူ့အတွက် အနည်းငယ်စိုးရိမ်ကာ ကူညီပေးနေခြင်းဖြစ်သည်။


သို့သော် သူမကအကြံပေးရုံသာ လုပ်နိုင်၏။ ဤကိစ္စများကို ကျန်းလီဟိုင်ကိုယ်တိုင်သာ လုပ်ရလိမ့်မည်။ သူမက ဆိုင်ကိစ္စ‌တွင် အာရုံစိုက်ရန်လိုသဖြင့် ဤကိစ္စများလုပ်ပေးရန် အချိန်မရှိပေ။


သူမက ငွေကြေးလည်း မထောက်ပံ့ပေးနိုင်ပေ။ သူမတွင်လည်း ကိုယ်ပိုင်အိမ်မရှိသေးရာ ကျန်းလီဟိုင်အား ပိုက်ဆံမကူညီနိုင်ပေ။


သို့သော် သူမဆီတွင်ပိုက်ဆံရှိလာသည်နှင့် အဖေကျန်းတို့ဆီမှချေးထားသည့် ယွမ်၂၀၀အား ပြန်ဆပ်မည်ဖြစ်သည်။


“လီယွင် လင်လင်ရဲ့အစ်ကိုက ငါ့ကိုအဲ့လိုအထင်သေးတဲ့ပုံနဲ့ပြောသွားတာ… ငါ သူတို့မိသားစုကို သွားတောင်းပန်သင့်သေးရဲ့လား…”

ကျန်းလီဟိုင်က ပူပန်သွားပြန်သည်။


သူ၏စရိုက်က ကျန်းလီဖျင်နှင့် အမှန်တကယ်ကို ကွာ၏။ကျန်းလီဖျင်၏ ယခင်ရည်းစားမိသားစုက သူမအပေါ် မည်သို့အထင်သေးခဲ့သည်ကို တွေးမိသွားသောအခါ ကျန်းလီယွင်က ပြန်မေးလိုက်သည်။

“အစ်ကို တကယ်လို့ ငါကလူတစ်ယောက်နဲ့ ၂နှစ်ကျော်တွဲခဲ့ပြီး လက်ထပ်မယ့်အကြောင်းပြောတာတောင်မှ သူ့မိသားစုဘက်က ဘာမှမတုံ့ပြန်လာခဲ့ရင် အစ်ကိုဘယ်လိုခံစားရမလဲ…”


ကျန်းလီဟိုင်က အတော်လေးထက်မြက်သဖြင့် ချက်ချင်းပင် သဘောပေါက်သွားသည်။ သူက ကျန်းလီယွင်အား နေရခက်စွာကြည့်ကာ သူ့ဘက်သူကာပြောလာ၏။

“ငါက လင်လင်ကို ငါ့မိသားစုရဲ့ငွေကြေးအခြေအနေအကြောင်းပြောပြပြီးသားပါ… သူ့ကိုစောင့်နေပေးဖို့ပြောထားခဲ့တယ်လေ…”


“သူ ဘယ်လောက်ထိ စောင့်နေရမှာလဲဆိုတာ အစ်ကိုတောင် မသိဘူးလေ… အစ်ကိုက ဆက်တိုက်အချိန်ဆွဲနေတာကို သူ့ဘက်က စိတ်တိုတာမှားလား… သူ့ကိုယ်တိုင်အစ်ကို့ကိုလာမဆူဆဲတာပဲ ကံကောင်းတယ်မှတ် အခုက နည်းနည်းဘဲအပြောခံလိုက်ရတာ…”

ကျန်းလီယွင်က ပြန်ပြောလိုက်သည်။


ကျန်းလီယွင်၏စကားများကို ကြားသောအခါ ကျန်းလီဟိုင်က ခံစားရနည်းနည်းသက်သာသွားပြီး သူ့မာနထိခိုက်သည်ဟု မထင်တော့ပေ။ သူက လက်ဖက်ကြက်ဥလုပ်နေသည့် ကျန်းလီယွင်ကို ထပ်မေးလိုက်သည်။

“လီယွင် ငါကြက်ဥပြုတ်တစ်လုံးလောက် စားလို့ရလား… ငါ နေ့လယ်စာမစားရသေးဘူးလေ…”


“ဒီလက်ဖက်ကြက်ဥတွေက ပိုက်ဆံနဲ့ရောင်းမှာ ဟင်းကျန်တွေကိုပဲ သွားစား…”

ကျန်းလီယွင်ကပြန်ဖြေသည်။


ကျန်းလီဟိုင်က သူ့ညီမက သူ့ကိုအစ်ကိုလိုမဆက်ဆံဟုနောက်တစ်ခါခံစားလိုက်ရသော်လည်း သူ ဘာမှမပြောဘဲနာနာခံခံဖြင့် ဟင်းကျန်များကိုသာ သွားစားလေသည်။


ကျန်းလီဟိုင်ကိစ္စက သူတို့နေ့လယ်စာစားနေချိန်တွင် ရုတ်တရက်ဖြစ်သွားခြင်းဖြစ်သည်။ ကျန်းလီယွင်နှင့်ဖုန်းရီတို့က ဘာမှမခံစားရဘဲ ဗိုက်အပြည့်စားနိုင်ခဲ့၏။ သို့သော်အဖေကျန်းတို့လင်မယားကမူ ပုံမှန်ထက်နည်းနည်းသာ စားခဲ့ကြသည်။


ထို့ကြောင့် အကျန်များရှိနေ၏။ ကျန်းလီဟိုင်က အကျန်အားလုံးကိုစားလိုက်သည်။ အိုးထဲတွင် ထမင်းဂျိုးအချို့ ကျန်သေးကာ ပုံမှန်အားဖြင့် သူတို့က ၎င်းအားရေ‌စိမ်ကာ ကြက်များကိုကျွေးကြ၏။ သို့သော် ကျန်းလီဟိုင်က ဗိုက်မဝသေးသဖြင့် ထိုအရာများကိုပါ စားလိုက်သည်။


တုံ့တုံ့ဆိုင်းဆိုင်းဖြင့် စားသောက်ပြီးနောက် ကျန်းလီဟိုင်က ကျန်းလီယွင်ကို မေးခွန်းထုတ်လာ၏။

“လီယွင် နင်ဆိုင်ဖွင့်တာပိုက်ဆံရလား…”


ကျန်းလီယွင်က ပြန်ဖြေ၏။

“တစ်နေ့ကို ဆယ်ယွမ်လောက်တော့ရတယ်…”


“အဲ့လောက်တောင်များလား…”

ကျန်းလီဟိုင်ကအံ့ဩသွားသည်။ သူက ‘ဒါဆိုငါလည်းသွားချင်တယ်’ဟု ပြောချင်သော်ငြား ပြန်ထိန်းလိုက်သည်။



🏡🏡🏡