Chapter 30
Viewers 5k

🏡 Chapter 30

ညွှန်ကြားပေးခြင်း



အလယ်တန်းကျောင်းတက်စဉ်က သူမြို့ထဲ၌ကျောင်းသွားတက်သောအခါ အနိုင်ကျင့်ခံခဲ့ရ၏။ ထိုအနိုင်ကျင့်သူများထဲမှ အချို့က ယခုချိန်တွင် ကောင်းကောင်းနေနိုင်နေလောက်ပြီး သူက ဆိုင်သွားဖွင့်ပါက အလှောင်ခံရရန်ဖိတ်ခေါ်နေသည်နှင့် အတူတူဟု တွေးလိုက်မိသည်။ အုတ်စက်ရုံ၌အလုပ်လုပ်ရသည်က ပင်ပန်းသော်လည်း အနည်းဆုံး လုပ်အားအလုပ်သမားဖြစ်နေသေးသည်။ဆိုင်ဖွင့်ခြင်းကမူ မတူညီပေ။


ဤကာလမှလူအများစုလိုပင် ကျန်းလီဟိုင်က ထိုစီးပွားရေးလုပ်ငန်းငယ်လေးများအပေါ် အထင်သေးလေသည်။


ကျန်းလီယွင်က ကျန်းလီဟိုင်ကိုတစ်ချက်ကြည့်ကာ သူတွေးနေသည်များကို သိသွား၏။ သူမအစ်ကိုက သူ့ဂုဏ်သတင်းကို အမှန်တကယ်ဂရုစိုက်လေသည်။ မည်သို့ပင်ဖြစ်စေ သူမကလည်း သူ့ကို ဆိုင်ပေးမဖွင့်ချင်ပေ။ ၎င်းကပိုက်ဆံမရှာနိုင်ဖြစ်ကာ ကြိုးစားသမျှအလကားဖြစ်သွားနိုင်၏။ ထို့အပြင်ကျန်းလီဟိုင်၏ စိတ်နေသဘောထားကလည်း စီးပွားရေးလုပ်ရန် မသင့်တော်ပေ။ သူ့အတွက် သယ်ယူပို့ဆောင်ရေးအသင်းတွင် လုပ်ရသည်က ပိုကောင်း၏။

 

ထိုနေ့ညနေတွင် သူတို့ထမင်းဝိုင်း၌ ဝက်အသည်းကြော်တစ်ပွဲ ပါလာသည်။ အဖေကျန်းတို့လင်မယား‌အပေါ် ဒေါသပုံချမိပြီးသည့်နောက် ကျန်းလီဟိုင်က ရှက်သွားကာ သူ့မိဘများအား မကြည့်ရဲသလို ဝက်အသည်းကိုလည်း ယူမစားရဲပေ။


ကျန်းလီယွင်က သူစားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ စိတ်ထဲမထားပေ။ သူမက အဖေကျန်းနှင့်‌ဝူရှောင်ချွန်းတို့အတွက် ဝက်အသည်းအချို့ ထည့်ပေးလိုက်ပြီးနောက် ကျန်သည်များကို ဖုန်းရီိနှင့်အတူ ပျော်ရွှင်စွာစားလိုက်သည်။


“ဖုန်းရီများများစားနော်… ဒါက ကျန်းမာရေးအတွက်ကောင်းတယ်…”

ကျန်းလီယွင်က ဖုန်းရီအတွက် ဝက်အသည်းကြော်တစ်ခုထည့်ပေးရင်း ပြောလိုက်သည်။


ဖုန်းရီက ထိုဝက်အသည်းအား ပျော်ရွှင်စွာစားလိုက်ပြီး ကျန်းလီဟိုင်ကို တစ်ချက်ခိုးကြည့်လိုက်သည်။


ကျန်းလီယွင်ရဲ့မျက်လုံးထဲမှာ ငါက ကျန်းလီဟိုင်ထက် ပိုအရေးကြီးတာပဲ…


ဘယ်လိုတောင် အံ့ဩစရာလဲ…


ကျန်းလီဟိုင်က ဖုန်းရီ၏အမူအရာကိုမမြင်ပေ။ သူက အပြစ်ရှိသလိုခံစားနေရသဖြင့် ခေါင်းမဖော်ဘဲ ထမင်းဖြူကိုသာ တိတ်တဆိတ်စားနေလိုက်သည်။


ညစာစားပြီးနောက် ဖုန်းရီက ဝက်သားဝယ်ရန်ထွက်သွားကာ ကျန်းလီယွင်ကမူ ကျန်းလီဟိုင်နှင့်အတူ လက်ဆောင်များကိုယူပြီး ဦးလေးကျန်းစစ်ရှုအိမ်တံခါးကို ခေါက်လိုက်သည်။


ကျန်းလီဟိုင်က ပုံမှန်အားဖြင့်အိမ်မပြန်လာတတ်သော်လည်း သူတို့နားမှဦးလေးကျန်းစစ်ရှုကမူ စက်ဘီးရှိသဖြင့်နေ့တိုင်းပြန်လာလေသည်။ လမ်းလျှောက်ပါက မိနစ်လေးဆယ်ကြာသော်လည်း စက်ဘီးနှင့်ဆိုလျှင် ဆယ့်ငါးမိနစ်သာကြာသဖြင့် သူ့အတွက်အိမ်ပြန်လာရန်မြန်၏။


“အာ လီဟိုင်နဲ့လီယွင် ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ…”

ကျန်းစစ်ရှုက သူတို့ကိုမြင်သောအခါ မေးလာ၏။


ကျန်းလီဟိုင်က ဘာပြောရမည်မသိ ဖြစ်နေချိန်တွင် ကျန်းလီယွင်က ပြုံးကာနှုတ်ဆက်လိုက်သည်။

“မင်္ဂလာညနေခင်းပါနော် ဦးလေးကျန်း…”


သူမက စားပွဲပေါ်တွင်လက်ဆောင်များကိုတင်ပြီးမှ ဆက်ပြောလိုက်သည်။

“ဦးလေးကျန်း ကျွန်မအစ်ကိုက စက်ရုံမှာအလုပ်လုပ်တာဆယ်နှစ်တောင်ရှိတော့မယ်လေ သူ ဘာအန္တရာယ်များတဲ့အလုပ်ကိုမှ မလုပ်ခဲ့ရတာ ဦးလေးရဲ့ဂရုစိုက်ပေးမှုကြောင့်ပါ… ကျွန်မတို့က ကျေးဇူးတင်ချင်လို့ ရောက်လာတာပါ…”


“ငါ ဘာမှလည်း မလုပ်ပေးရပါဘူးကွာ…”

ကျန်းစစ်ရှုက လက်ဆောင်များကိုကြည့်ကာ ပြောလာ၏။


ကျန်းလီယွင်က ဆက်ပြောသည်။

“ဦးလေးကျန်းလည်း သိမှာပါ… ဒီတလောမှာ ရှဲ့ဇူကန်းက ကျွန်မအစ်ကိုကို ပြ‌ဿနာရှာနေတယ်… အဲ့ဒါလေ ဦးလေးက ကျွန်မအစ်ကိုအတွက် သူတို့အချင်းချင်းမဆုံနိုင်တဲ့တခြားအလုပ်တစ်ခုများ ပေးလို့ရမလားဟင်…”


ကျန်းလီယွင် အစောက ကျန်းလီဟိုင်တစ်ယောက်စက်ရုံတွင်အလုပ်လုပ်သည်မှာ ဆယ်နှစ်နီးပါးရှိပြီဖြစ်ကြောင်းပြောသွား၏။


ကျန်းစစ်ရှုက ပြန်‌ဖြေလာသည်။

“ရှဲ့ဇူကန်းက ကိုယ်ရေးကိုယ်တာခံစားချက်တွေကြောင့် အလုပ်ကို ထိခိုက်စေတာမဟုတ်သေးဘူး… နင့်အစ်ကိုကိုသယ်ယူပို့ဆောင်ရေးအဖွဲ့ထဲ ဝင်လို့ရအောင် ငါစီစဉ်ပေးမယ်… သူက စက်ရုံမှာရှိတာ ဆယ်နှစ်လည်းကျော်နေပြီဆိုတော့ အစောကြီးကတည်းက သယ်ယူပို့‌ဆောင်ရေးအဖွဲ့ထဲဝင်သင့်နေပါပြီ…”


ကျန်းစစ်ရှုက ကျန်းလီယွင်အပေါ်အမြင်ကောင်းရှိ၏။သူမက လုပ်နိုင်စွမ်းရှိသဖြင့် အနာဂတ်တွင် သေချာပေါက်ကြီးပွားမည်ဟု သူထင်သည်။


ကျန်းလီဟိုင်၏ အရည်အချင်းများအရဆိုလျှင်လည်း သူက အစောကြီးကတည်းက သယ်ယူပို့ဆောင်ရေးအဖွဲ့ထဲဝင်နိုင်နေပြီဖြစ်သည်။ စက်ရုံက ယခုချိန်၌ အမြတ်ရနေပြီး သယ်ယူပို့ဆောင်ရေးအဖွဲ့ထဲ လူတစ်ယောက်ထပ်ထည့်ခြင်းက ကိစ္စသေးသေးလေးသာဖြစ်ရာ သူကူညီပေးနိုင်၏။


“ကျေးဇူးပါဦးလေး ကျွန်မ အခုဆိုင်ဖွင့်ပြီး ဖက်ထုပ်အိုးကပ်ကြော်ရောင်းနေတာ မနက်ဖြန်ကျရင် ဦးလေးမြည်းကြည့်လို့ရအောင် ယူလာခဲ့ပေးပါ့မယ်…”

ကျန်းလီယွင်က ပြန်ပြောလိုက်သည်။


“ကောင်းတာပေါ့ နင့်ဖက်ထုပ်ကြော်တွေက အရသာရှိတယ်…”

ကျန်းစစ်ရှုက ပြုံးကာ ဆိုင်အကြောင်းအချို့အသေးစိတ်များကို မေးမြန်းလိုက်သည်။


ကျန်းလီယွင်က မေးခွန်းတစ်ခုစီကိုပြန်ဖြေပြီး သူမဆိုင်၏အတွေ့အကြုံများထဲမှ စိတ်ဝင်စားစရာကောင်းသည်များကို ပြန်ဝေမျှလိုက်သည်။


ကျန်းလီဟိုင်က ဘေးတွင်ထိုင်ပြီး ကျန်းလီယွင်နှင့်ဦးလေးကျန်းတို့ ပျော်ရွှင်စွာစကားပြောနေကြသည်ကို မြင်သောအခါ အနည်းငယ်ကြောင်အနေ၏။

ငါ သယ်ယူပို့ဆောင်ရေးအဖွဲ့ထဲဝင်ဖို့ကိစ္စက ဒီလိုပဲ ပြီးသွားတာလား…


ပြန်ချိန်တန်ပြီဟုထင်သောအခါ ကျန်းလီယွင်က ကျန်းစစ်ရှုအား နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့သည်။ မနက်ဖြန်ကျလျှင် ဖက်ထုပ်ကြော်ရောင်းရဦးမည်ဖြစ်သဖြင့် သူမက အိမ်ပြန်ပြီးဂျုံနယ်ရန် လို၏။


ယခုက နိုဝင်ဘာလရောက်နေပြီဖြစ်သဖြင့် နေ့ဘက်တွင်အတော်လေးနွေးနေဆဲဖြစ်သော်ငြား ညနေဘက်တွင်အနည်းငယ်အေးလာပြီဖြစ်သည်။ အပူချိန်ကျမည်ကိုကြိုသိသဖြင့် ကျန်းလီယွင်က အနွေးထည်ယူလာပြီး အပြင်ထွက်သည်နှင့် ထုတ်ဝတ်လိုက်သည်။


တစ်ဖက်ရှိ ကျန်းလီဟိုင်ကမူ ဘာမှမပြင်ဆင်ထားသဖြင့် အပြင်သို့ရောက်သောအခါ ခိုက်ခိုက်တုန်သွား၏။


ထိုအေးစိမ့်မှုက ကျန်းလီဟိုင်ကို အသိပြန်ဝင်သွားစေသည်။ ယနေ့က နိုဝင်ဘာလ၏ဆယ့်တစ်ရက်နေ့မြောက်ဖြစ်ကာ ကောင်းကင်ပေါ်မှလက အနည်းငယ်ဝိုင်းနေပြီးမှိန်‌ဖျော့ဖျော့တောက်ပနေ၏။


ကျန်းလီဟိုင်က လရောင်အောက်တွင် သူ့ရှေ့မှကျန်းလီယွင်ကိုကြည့်ပြီး အနည်းငယ်မယုံနိုင်သလို ခံစားနေရသည်။ သူ့ပေါ်တွင် ဝန်ပိနေခဲ့သည့်ပြဿနာ၊ သူ့ကိုအဆင်မပြေဖြစ်စေခဲ့ပြီး သူ အတော်ကြာအောင် ရှောင်နေခဲ့သည့်ကိစ္စတစ်ခုကို ကျန်းလီယွင်က တစ်ချက်တည်းနှင့် ဖြေရှင်းနိုင်သွားသည်။


“ဘာလို့ ရပ်နေတာလဲ…”

ကျန်းလီယွင်က ကြောင်အနေသည့်ကျန်းလီဟိုင်ကို လှမ်းမေးလာသည်။


သူက အမြန်ပြေးသွားလိုက်သည်။


ယခင်ဘဝက ကျန်းလီဟိုင် အိမ်တွင်ပြသနာလာရှာသောအခါ ကျန်းလီယွင်က ဒေါသထွက်သွားပြီး ထို့နောက်တွင် သူမက သူ့ကိုမြင်တိုင်း ခံစားချက်မကောင်းတော့ပေ။


သို့သော် အရာများစွာကို တွေ့ကြုံခဲ့ရပြီးနောက် ကျန်းလီယွင်က ကျန်းလီဟိုင်ကို နားလည်နိုင်လာသည်။ ဤလောကထဲမှ လူအများစုက မပြည့်စုံနေကြပေ။ ကျန်းလီဟိုင်လည်း အတူတူဖြစ်၏။


ကျန်းလီယွင်က ကျန်းလီဟိုင်ကိုကြည့်ကာ မေးလိုက်သည်။

“အစ်ကို ဟယ်ချွန်းလင်နဲ့တွဲနေတာ နှစ်‌နှစ်ကျော်နေပြီဆိုတော့… သူ့မိသားစုအကြောင်းတွေ အစ်ကို့ကိုပြောပြထားမှာပဲ သူ့မိသားစု‌ကဘယ်လိုလဲ…”


သူမက မနက်ဖြန်ဟယ်မိသားစုဆီသွားရာ၌ မလိုက်သော်ငြား အနည်းငယ်ကြိုနားလည်ထားခြင်းက သူမအတွက်သင့်တော်သည့်အစီအစဉ်များချရန် ကူညီပေးနိုင်၏။


ကျန်းလီဟိုင်က ပြန်ဖြေလာသည်။

“လင်လင်မှာ အစ်ကိုနှစ်ယောက်၊ အစ်မနှစ်ယောက်ရှိတယ်…”


ဟယ်မိသားစု၏အခြေအနေက ကွန်မြူနတီထဲမှ မိသားစုအများစုနှင့် အတူတူပင်။ သူတို့မိဘများ ကလေးမွေးသောအချိန်တွင် နိုင်ငံက ကလေးများများယူရန် ပြင်းထန်စွာအားပေးခဲ့၏။ ထိုအချိန်က ကျေးလက်ဘက်များ၌ သန္ဓေတားသည့်နည်းလမ်းများလည်း မတွင်ကျယ်သေးသဖြင့် မိသားစုအများအပြားက ကလေးများစွာ ယူခဲ့ကြသည်။ကလေးနည်းသည့်မိသားစုများမှာ သူတို့ထံတွင် ကလေးမယူနိုင်သည့်အခက်အခဲမျိုးစုံ ရှိနေသောကြောင့်သာဖြစ်သည်။


သူတို့မိသားစုတွင် မောင်နှမလေးယောက်ရှိကာ များလည်းမများသလို နည်းလည်းမနည်းပေ။ ကျန်းလီယွင်ကိုမွေးပြီးသည့်နောက် ဝူရှောင်ချွန်းက ကလေးထပ်မရနိုင်တော့ဟုထင်ခဲ့သော်ငြား အသက်တော်တော်ကြီးသည့်အချိန်တွင် မထင်ထားစွာပင် ကျန်းလီယွီကို ကိုယ်ဝန်ရလာခဲ့သည်။


ဟယ်မိသားစုတွင်လည်း မောင်နှမငါးယောက်ရှိကာ များသည်မဟုတ်သလို နည်းပါးသည်ဟုလည်း မဆိုနိုင်ပေ။ဟယ်ချွန်းလင်က အသက် ၂၁နှစ်ရှိပြီး သူမအထက်မှမောင်နှမလေးယောက်လုံးက အိမ်ထောင်ကျသွားပြီဖြစ်သည်။


ကျန်းလီဟိုင် ပြောသလောက်အရဆိုလျှင် ဟယ်ချွန်းလင်၏မိဘများက သူမအပေါ်ကောင်းကြ၏။ ထို့အပြင်သူမ၏အစ်မနှစ်ယောက်က အိမ်ထောင်ရေးကောင်းကောင်းရှိကာ အစ်ကိုနှစ်ယောက်ကလည်း လက်ထပ်ပြီးပြီဖြစ်သည်။


ဟယ်မိသားစုက သူတို့သားများ၏ အိမ်ထောင်ရေးအတွက် သမီးများကိုရောင်းပြီး ထောက်ပံ့စရာမလိုပေ။


သို့သော် သူတို့က ကျန်းလီဟိုင်ကို အထင်သေးသည်မှာသေချာသည်။ ဟယ်ချွန်းလင်၏ ခဲအိုနှစ်ယောက်က ကြွယ်ဝကြကာ သူမ၏အစ်ကိုများကလည်း လုပ်ကိုင်တတ်၏။ သို့သော် ဟယ်ချွန်းလင်ကမူ ဆင်းရဲကာဝန်များသည့် ကျန်းလီဟိုင်ကို ရွေးချယ်ခဲ့လေသည်။ ဟယ်မိသားစုက ၎င်းကိုကျေနပ်နိုင်မည်မဟုတ်ပေ။


အဓိကကျသည့်အချက်မှာ ကျန်းလီဟိုင်က နလပိန်းတုံးဖြစ်နေ၍ ဖြစ်သည်။


“အစ်ကို ငါသာ နင့်နေရာမှာဆိုရင် ဆင်းရဲပေမယ့်ကောင်မလေးတစ်ယောက်ကို သဘောကျခဲ့ရင် သေချာပေါက် သူ့ဆီကို နေ့တိုင်းအလည်သွားပြီး အိမ်အလုပ်တွေကို ကူလုပ်ပေးမှာ…”

ကျန်းလီယွင်က ပြောပြလိုက်သည်။


“အဲ့ဒါက မကောင်းဘူး…”

ကျန်းလီဟိုင်က ကျန်းလီဖျင်ကို တွေးမိသွားသည်။

“လီဖျင်တုန်းကလည်း အိမ်အလုပ်တွေကို သွားလုပ်ပေးခဲ့တာပဲလေ… ဒါပေမယ့် ဘာမှမဖြစ်လာဘူးမလား…”


ကျန်းလီယွင်က ပြန်ပြောသည်။

“အဲ့ဒါက ဘာလို့လဲဆိုတော့ အစ်မက လူမှားပြီးရွေးချယ်ခဲ့မိလို့လေ… ပြီးဝောာ့အစ်မက သူများမိသားစုထဲဝင်သွားရမယ့်သူ အရမ်းစိတ်အားထက်သန်နေတာမျိုးက မကောင်းဘူး…”


ကျန်းလီဟိုင်က ပါးစပ်ပိတ်သွားသည်။


ကျန်းလီယွင်က သူ့ကိုကောင်းကောင်းနားလည်၏။ ယခုချိန်တွင် ကျန်းလီဟိုင်က သူ့မာနသူနှိမ့်ချပြီး သူများအားစိတ်ကျေနပ်အောင်မလုပ်ပေးနိုင်ကြောင်း သိသည်။


ယခင်ဘဝတွင်လည်း မကွာရှင်းမီအထိ ကျန်းလီဟိုင်က သူ့ဂုဏ်သတင်းကို အမြဲဂရုစိုက်ခဲ့သည်။ ကွာရှင်းပြီးသည့်နောက်တွင် သူက ၎င်းကို ဂရုမစိုက်တော့သော်လည်း အဖေကျန်းလိုမျိုးဖြစ်လာကာ စကားပြောနည်းသွားလေသည်။


“ငါ ဖုန်းရီနဲ့လက်ထပ်ချင်ရင် သေချာပေါက် အစ်ကိုသဘောကျမှာမဟုတ်ဘူး… ဒါပေမယ့် ဖုန်းရီက ငါတို့အိမ်ကိုနေ့တိုင်းလာပြီး အလုပ်လုပ်ပေးရင် သူ့ကိုအချိန်တစ်ခုလောက်ထိတွေ့ပြီးတဲ့နောက်မှာ သူက ကောင်းတယ်လို့မထင်လာနိုင်ဘူးလား…”

ကျန်းလီယွင်က မေးလိုက်သည်။


ကျန်းလီဟိုင်က ကျန်းလီယွင်မှန်ကြောင်း လက်ခံသော်လည်း ဟယ်မိသားစု၌ အရှက်မရှိအလုပ်များသွားကူလုပ်ပေးရန်ကမူ သူ မလုပ်နိုင်သည့်အရာဖြစ်သည်။


ဟယ်မိသားစုက ငါ့ကို ဒီလောက်တောင်သဘောမကျဖြစ်နေတာကို…


ကျန်းလီယွင်က စကားကိုအဆုံးသတ်လိုက်သည်။

“နောက်ကျရင် ဖုန်းရီဘယ်လိုလုပ်လဲဆိုတာကြည့်ပြီး နည်းနည်းပါးပါးလေ့လာ…”


သူတို့က စကားပြောရင်း ကျန်းအိမ်သို့ပြန်ရောက်လာသည်။


ဖုန်းရီက အသားဝယ်လာပြီးပြီဖြစ်ကာ နုတ်နုတ်စင်းနေ၏။ကျန်းလီယွင် ပြန်ရောက်လာသည်ကိုမြင်သောအခါ သူကချက်ချင်းလှမ်းပြောလာ၏။

“အစ်မလီယွင် ပြန်လာပြီလား ချမ်းနေလား၊ ရေသောက်ချင်လား…”


“ငါ ရေနည်းနည်းသောက်ချင်တယ်…”

ကျန်းလီယွင်က ပြန်ဖြေလိုက်သည်။


ဖုန်းရီက ချက်ချင်းပင် ရေနွေးတစ်ခွက်ထည့်ပြီး အအေးခံလိုက်ကာ ကျန်းလီယွင်ကိုပေးလာ၏။


ကျန်းလီယွင်က ရေတစ်ငုံသောက်ကာ ကျန်းလီဟိုင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။


ကျန်းလီဟိုင်: "..."


ထို့နောက်ဖုန်းရီက အသားကို စိတ်ပါလက်ပါဆက်ခုတ်နေ၏။


ကျန်းလီယွင်က ပြုံးကာ ဖုန်းရီကိုပြောလိုက်သည်။

“ဖုန်းရီ ‌နင်ခြံထဲကအပင်တွေကို နေ့တိုင်းရေလောင်းပေးလို့ ဒီနှစ် ငါတို့ခြံထဲက အရွက်တွေကတကယ်ကို ကောင်းကောင်းကြီးလာကြတယ်…”


“ဒီနေ့ ဝက်အသည်းကြော်ထဲမှာပါတဲ့ ကြက်သွန်မြိတ်ကလေ လုံးဝကိုနူးအိပြီး အရသာရှိနေတာ…”


“ပြီးတော့ မုန်လာဥတွေကလည်း စားလို့ရပြီလို့ ငါထင်တယ်… စပ်မလားတော့မသေချာဘူး… ဒါပေမယ့်မုန်လာဥကိုဆားရည်စိမ်ပြီး ဆန်ပြုတ်နဲ့စားလို့ရတယ်…”


“နင်ရှိလို့သာပေါ့ မဟုတ်ရင်ငါဘာ‌လုပ်ရမလဲဆိုတာတောင်သိမှာမဟုတ်ဘူး”


...


ကျန်းလီယွင်က ဖုန်းရီကိုချီးကျူးနေချိန်တွင် သူက အသားကိုဆက်ခုတ်နေ၏။


ဖုန်းရီက လေထဲလွင့်နေသလို ခံစားနေရကာ ပြန်ပြောလိုက်သည်။

“အစ်မလီယွင် ကျွန်တော်အသားလှီးလို့ပြီးသွားပြီ… မုန်လာဥနည်းနည်းလောက်သွားနှုတ်ပြီး အစ်မစားဖို့ဆားရည်စိမ်ပေးမယ်…”


“ဖုန်းရီက နင်က တကယ်ကို သဘောကောင်းတာပဲ…”

ကျန်းလီယွင်က သူ့ကိုပြုံးပြလိုက်သည်။


ဖုန်းရီက အပြင်သို့ပျော်ပျော်ကြီးထွက်သွားကာ မုန်လာဥများကို သွားနှုတ်လေသည်။


ကျန်းလီဟိုင်က သူတို့နှစ်ယောက် သူ့ရှေ့တွင်ချစ်ခင်ပြနေသည်ကိုကြည့်ကာ မသက်မသာဖြစ်လာသည်။


ငါ့ညီမလေးက လူတစ်ယောက်အပေါ်မှာ ဒီလောက်တောင်နူးညံ့မယ်လို့ မထင်ထားဘူး…


ဖုန်းရီက အရူးအမူးဖြစ်နေတာ မအံ့ဩတော့ပါဘူး…


ပြီးတော့...ခြံထဲကအလုပ်တွေအားလုံးကို ဖုန်းရီလုပ်ပေးတာလား…


ကျန်းလီဟိုင်က ဝူရှောင်ချွန်းကို မေးလိုက်သည်။

“အမေ ဖုန်းရီနဲ့လီယွင်က ဘာဖြစ်နေတာလဲ… သူတို့က လက်တောင်မထပ်ရသေးဘူးလေ အရမ်းရင်းနှီးမနေဘူးလား…”


ဝူရှောင်ချွန်းက ပြန်ပြောသည်။

“ဖုန်းရီက လူကောင်းလေးပါ”


ကျန်းလီဟိုင် ပါးစပ်ပိတ်သွားသည်။


ကျန်းလီယွင်ပြောသည့် မိန်းကလေးမိသားစုအား အလုပ်ကူလုပ်ပေးခြင်းက တကယ်အကျိုးရှိမှန်း သူမြင်သွားလေသည်။


ထိုအချိန်တွင် အဖေကျန်းက အပြင်မှပြန်ရောက်လာသည်။


သူတို့ညစာစားပြီးချိန်၌ ကျန်းအာ့ရှုက အဖေကျန်းအားအိမ်ဆောက်သည့်ကိစ္စဆွေးနွေးရန်ခေါ်ထားလေသည်။


[ T/N - ကျန်းအာ့ရှုက ကျန်းလီယွင်ရဲ့ ဒုတိယဦးလေးပါ ]


ကျန်းလီယွင်က သူမအဖေကိုတစ်ချက်လှမ်းကြည့်ကာ မေးလိုက်သည်။

“အဖေ ကျန်းအာ့ရှုက ဘာပြောလဲ…”


အဖေကျန်းက ပြန်ဖြေသည်။

“ဘာမှ သိပ်မပြောပါဘူး…”


ကျန်းလီယွင်က သူတို့၏ဒုတိယဦးလေးအကြောင်းသိ၏။သူက အဖေကျန်းအား ဘယ်လိုပြုမူနေထိုင်သင့်ကြောင်း အကြံများဖြင့် တရစပ်ထိုးနှက်ခဲ့ခြင်း ဖြစ်လိမ့်မည်။


သူမတို့၏ဒုတိယဦးလေးက အခြားသူများအားအကြံပေးလမ်းပြရသည်ကို သဘောကျ၏။ ကျန်းလီဖျင်က လီရွှီယန်းနှင့် လက်ထပ်သောအခါ ဒုတိယဦးလေးကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး သူမအဖေအား သမီးဖြစ်သူကိုမထိန်းနိုင်သည့်အပေါ် နေ့တိုင်းဆူငေါက်နေခဲ့သည်။


သူမအဖေက အကြိမ်တိုင်းတွင် သေချာ‌နားထောင်သော်လည်း ကျန်းလီဖျင်ကိုမူ မထိန်းနိုင်ဆဲဖြစ်သည်။


သူမ ဖုန်းရီနှင့်တွဲသောအခါတွင်လည်း ဒုတိယဦးလေးက ဖုန်းရီကို မသင့်တော်ဟုထင်သဖြင့် အဖေကျန်းအား အကြိမ်အနည်းငယ်ခန့် ပူညံပူညံလုပ်ခဲ့သေးသည်။ ဒုတိယဦးလေးက အဖေကျန်းကို ဦးနှောက်ဆေးလိုက်သည့်အချိန်တိုင်းတွင် အဖေကျန်းက သူမကို တုံ့ဆိုင်းစွာကြည့်လာတတ်သော်လည်း အဆုံးတွင် သူမကို ဘာမှမပြောလာပေ။


ယခုတွင် သူမ၏ဒုတိယဦးလေးက ဘာမှမပြောတော့သလို ဖုန်းရီအပေါ် အမြင်များကလည်း တိုးတက်လာသည်။


ဤနေ့ရက်များတွင် ဖုန်းရီက‌ ညနေတိုင်းဝက်သားသွားဝယ်သောအခါ ကျန်းအာ့ရှု၏စက်ဘီးကိုငှားသွားရသည်။ ကျန်းအာ့ရှုကပင် ဖုန်းရီကို သူတို့အတွက်အသားဝယ်ပေးရန် အကူအညီတောင်းလေ့ရှိသည်။


ကျန်းလီယွင်က ဘာမှထပ်မမေးတော့ဘဲ စကားလွှဲလိုက်သည်။

“အဖေနဲ့အမေ စအိပ်သင့်နေပြီ မနက်ဖြန်ကျရင်အစောကြီးထရဦးမှာလေ…”


အသားခုတ်ပြီးသွားသဖြင့် အဖေကျန်းတို့အိပ်သည်ကိုနှောင့်ယှက်သည့်အသံများလည်း မရှိတော့ပေ။


အဖေကျန်းတို့စုံတွဲက သူတို့အခန်းထဲသို့ ဝင်သွားကြသည်။အိမ်စာလုပ်ပြီးသည့် ကျန်းလီယွီကလည်း ကျန်းလီယွင်အိပ်ခိုင်းသည်ကို ခံလိုက်ရ၏။


ဤအချိန်တွင် ဖုန်းရီက မြစ်ဘေးတွင်ဆေးကြောခဲ့သည့် မုန်လာဥ ၇ခု၈ခုခန့်ကိုသယ်ကာ ပြန်ရောက်လာသည်။


သူက အရွက်များကိုကပ်ကြေးဖြင့်ညှပ်ကာ သိုးကျွေးရန်အတွက် ကျန်းအိမ်နောက်မှ မိလ္လာတွင်းထဲပစ်ထည့်လိုက်သည်။ ထို့နောက် မုန်လာဥများကို ရေသန့်ဖြင့်ထပ်ဆေးကာ ပါးပါးလှီးလိုက်ပြီး ဆားဖြင့်သိပ်ထားလိုက်သည်။


ထိုသို့လုပ်နေချိန်တွင် ဖုန်းရီ၏ပုံစံက အလွန်ပျော်ရွှင်နေ၏။



🏡🏡🏡