Chapter1
Viewers 509

ပင်လယ်သည် လေပြေလေညင်းကြောင့်`` လှိုင်းလုံးများလှုပ်ခတ်နေကာ ပင်လယ်ပြင်သည် ပူနွေး‌နေပြီး ရောင်စုံပင်လယ်ငါးမျိုးစုံသည် ရေအောက်တွင် အေးအေးဆေးဆေးကူးခတ်နေ၏။

 

အိပ်မက်တစ်ခုလို တိတ်ဆိတ်ငြိမ်သက်လျှက်ရှိ‌နေသည်။

 

တကယ်တော့ လန်စီဟာ ဖြစ်နိုင်ချေမရှိတဲ့ အိပ်မက်ဆိုးတစ်ခု လို့တွေးပြီး ပင်လယ်ထဲမှာ မောပန်းနွမ်းနယ်စွာ ပြတ်တောင်းပြတ်တောင်း အသက်ရှုရင်း  ရေစိမ်နေခဲ့သည်။

 

ပင်လယ်ရေနွေးနွေးကလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ညင်သာစွာ ပွတ်တိုက် ဖြတ်သန်းနေလေသည်။

လန်စီသည် ပက်လက်လှန်ထားကာ ပြာလဲ့လဲ့ ရေပြင်ကို ကျောမှီထားပြီး ကောင်းကင်ယံရှိ တိမ်တွေ ပြေးလွှားနေတာကို ကြည့်နေခဲ့သည် ။

 

ရေထဲနစ်မြုပ်နေသည့် သူ့ခန္ဓာကိုယ်အောက်ပိုင်းက အဖြူရောင် ပိတ်စတစ်ခုကဲ့သို့သော ဆူးတောင်များ ဖြစ်နေကြသည်။ ထိုဆူးတောင်များသည် ပွင့်အာနေသည့် အဖြူရောင်ကြာပန်းနှင့်ဆင်တူပြီး လန်စီ၏ခန္ဓာကိုယ်အပေါ်ပိုင်းအထိ ဖုံးအုပ်လုနီးပါးဖြစ်နေသည်။

 

လန်စီသည်ရေတပွက်ကို အန်ထုတ်လိုက်၏။

 

ပင်လယ်ထဲတွင် သူအသက်ကောင်းကောင်းရှု နေနိုင်ပြီ။

 

သူ့အတွက် အတားအဆီးလုံးဝမရှိပေမယ့် အခုတော့ ပြဿနာတစ်ခု ရှိလာပြီဖြစ်သည်။

 

မတ်တပ်ရပ်နည်းကို သင်ပေးမယ့်သူရှိလားဗျို့။

 

 

လန်စီသည် သူ့ခန္ဓာကိုယ် နောက်တစ်ကြိမ်လှည့်ရန် ကြိုးစားကြည့်သည်။ သူ၏အမြီးတစ်ခုလုံးသည် နှစ်မီတာခန့် ရှည်လျားသောကြောင့်  သူထည့်လိုက်သောအားက ခန္ဓာကိုယ်တစ်ခုလုံးသို့ ညီညီမျှမျှ မထည့်လိုက် နိုင်သောကြောင့် သမုဒ္ဒရာရေစီးကြောင်းနှင့်အတူ ယိမ်းထိုးပြီး ပါသွားကာ အပြစ်မဲ့ငါးတစ်ကောင်ကို  မတော်တဆ တိုက်မိသွားသည်။

 

ငါးလေးသည် ခဏမျှ ထိတ်လန့်သွားပြီး လန်စီကို တွေ့သွား၏။ လန်စီ၏မျက်နှာကို  မွ ခနဲ လုပ်ခဲ့ပြီးနောက် အမြန်ပြေးထွက်သွားတော့သည်။

 

လန်စီ။ "....."

 

လန်စီသည် သူ့ရင်ဘတ်ကို လက်နှစ်ဘက်ဖြင့် ပိုက်ထားပြီး မည်းမှောင်နေသောမျက်နှာထားဖြင့် ဤနေရာသို့ သူဘယ်လို ရောက်လာသည်ကို ပြန်သတိရလာသည်။

 

လန်စီ နိုးလာသည်မှာ တစ်နာရီပင်ရှိပြီ။ ဆိုလိုသည်မှာ လန်စီရေသူထီး ဖြစ်လာသည်မှာ အနည်းဆုံး တစ်နာရီပင်ရှိနေပြီဖြစ်သည်။

 

လွန်ခဲ့သည့် တစ်နာရီက လန်စီနိုးလာပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အဖြူရောင်အမြှေးပါးကြီးထဲတွင် ရောက်နေတာကို မြင်လိုက်ရသဖြင့် အံ့သြသွားမိသည်။

 

လန်စီသည် ဒီအရင်က အပျော်စီး သင်္ဘောပေါ်မှာရှိ နေခဲ့မှန်း ပြန်သတိရမိသည်။

 

အားလပ်ရက်ကို အခွင့်ကောင်းယူပြီး အပျော်စီးသင်္ဘောစီးခဲ့သည်။

 

အပျော်စီးသင်္ဘောကို ကွင်းမေရီလို့ခေါပြီး လက်မှတ်က အရမ်းတန်ဖိုးရှိ၏။

 

လှေပေါ်တက်ပြီးနောက် လန်စီသည် အနားယူရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။မနေ့ညက သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပါတီပွဲတက်ပြီး အသားနဲ့အသီးအရွက်မျိုးစုံ စားသောက်ပြီး သူ့အခန်းထဲကို ခက်ခက်ခဲခဲ ပြန်လာခဲ့၏။ နူးညံ့နွေးထွေးသော ကုတင်ပေါ်တွင် သူလဲလျောင်းနေ၏။

 

ငါအနားယူပြီးရင် မနက်ဖြန်ကို လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်မယ်ကွာ။

 

သို့သော် သူ့မျက်လုံးများ ပြန်ပွင့်လာတဲ့အခါမှာတော့ အဖြူရောင်အမြှေးပါးတစ်ခု ရှိနေသည်။

 

ဟာသလုပ်နေတာ မဟုတ်လား။

 

လန်စီသည် စိတ်ရှုပ်ထွေးစွာဖြင့် အဖြူရောင်အမြှေးပါးကို ဆုတ်ဖြဲကာ ဖွင့်လိုက်သည်။

 

အဖြူရောင်အမြှေးပါးသည် ဂျယ်လီကဲ့သို့ နူးညံ့ပြီး ထိမိသည်နှင့် ပျော့ပျောင်းသွား၏။  လန်စီသည် အင်အား အနည်းငယ်သုံးကာ အပေါက်တစ်ပေါက်ဖြစ်အောင် ဆုတ်ဖြဲလိုက်သည်နှင့်တပြိုင်နက် ပင်လယ်ရေငန်များက ချက်ချင်းပင် ဝင်ရောက်လာတော့သည်။

 

လန်စီ။ “???”

 

ဒါကဘာလဲ။

 

လန်စီက သက်ပြင်းချကာ ဟသွားသည့်နေရာကိုဆုတ်ဖြဲလိုက်ပြီး အပေါက်ထဲမှရုတ်ချည်း ခုန်ထွက်လိုက်သည်။

 

အမြှေးပါးထဲက ထွက်လာပြီးနောက် လန်စီ အသက်ရှုလိုက်သည့်အခါ ပင်လယ်ပြင်ကြောင့် သေဆုံးလု နီးပါးဖြစ်သွားတဲ့ ပထမဆုံးငါးဖြစ်လာ၏။

 

သူ့ခြေထောက်တွေ ဘယ်မှာလဲ။

 

သူ ရေသူထီးလေး ဖြစ်လာတာလား။

 

ဒဏ္ဍာရီမျိုးစုံမှာသာ ရှိနေတဲ့ ရေသူထီး။

 

ပထမတော့ လန်စီ အရမ်းစိတ်ရှုပ်နေပေမယ့် နောက်တစ်စက္ကန့်မှာတော့ သူ့ကိုယ်သူ စိတ်ဝင်စားသွားသည်။

 

သူ၏ခြေထောက်များကို ရှည်လျားသောငါးအမြီးဖြင့် အစားထိုးထားပြီး ၎င်း၏အပေါ်ပိုင်း ခန္ဓာကိုယ်သည် ဆူဖြိုးနေသည်။ ခါးမှစတင်၍ငါးအမြီးရှိအကြေးခွံများသည်အပေါ်ဘက်သို့ တိုးလာကာနောက်ဆုံးတွင် အရေပြားအတွင်းသို့ ပေါင်းစပ်သွားကြသည်။

 

လန်စီ၏ဆံပင်တိုများသည် ရေစီးနှင့်အတူလွင့်မြောနေသော ငွေဖြူရောင်ရှည်လျားသော ဆံပင်များအဖြစ်သို့ ပြောင်းလဲသွားကာ သူ့လက်သည်းများ ချွန်လာပြီး သူ့လက်ချောင်းများ ကြားရှိ အရေပြားမှာ ဆက်နေကြသည်။

 

အိပ်မက်မက်နေဆဲ ဟုထင်ခဲ့သော လန်စီသည် မှင်တက်နေမိပြီးမှ အကူအညီတောင်းရန် ပါးစပ်ကို စတင် ဟလိုက်သောအခါ ထူးဆန်းသော အသံတစ်ခုသာ ထွက်ပေါ်လာ၏။

 

"ရီ-ရ-"

 

နောက်တစက္ကန့်တွင် လန်စီသည် ထိတ်လန့်တကြားဖြင့် မျက်လုံးများက ပြူးကျယ်သွားကြပြီး မသိစိတ်က သူ့လည်ချောင်းကို ထိလိုက်သည်။

 

နောက်ဆုံးတွင်သူသည် အိပ်မက်အစား ရေသူထီးလေး အမှန်တကယ်ဖြစ်လာကြောင်း သူနားလည်ခဲ့သည်။

 

ဒဏ္ဍာရီထဲကလို သာယာသောသီချင်းဆိုသံမလုပ်နိုင်တဲ့ ရေသူထီးလေးတစ်ယောက် ဖြစ်နေတုန်းပါပဲလား။

 

လန်စီ ကြောက်လန့်သွားသည်။

 

သူ၏ငါးအမြီးကို အကြိမ်အနည်းငယ်တွန့်လိမ်ကြည့်သော်လည်း ကြွက်သားတိုင်းသည်  သူ့ဦးနှောက်၏အမိန့်ကို နားမထောင်သောကြောင့် လန်စီသည် သူ၏ဦးတည်ရာကို မထိန်းချုပ်နိုင်တော့ပေ။

 

ထိုအစား သူ့ဘေးက သန္တာကျောက်တန်းထဲကို ပြေးသွားပြီးသာ ငိုချင်သွားသည်။

 

သို့ပေမယ့် ဒဏ္ဍာရီထဲက ရေသူမရဲ့ မျက်ရည်တွေဟာ ပုလဲတွေလို့ သူတွေးမိသည့်အခါ လန်စီ ဟာ မျက်စိစုံမှိတ် ငိုမိမှာကို ကြောက်သည့်အတွက် မျက်ရည်များကို ရုတ်ချည်း ထိန်းချုပ်ထားလိုက်၏။

 

လန်စီသည် ရေအောက်သို့ သူ့ဟာသူ နစ်မြုပ်သွားသည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

 

ရေအာက်ရောက်သောအခါ သန္တာကျောက်တန်းကို ထိမိသည်နှင့်တပြိုင်နက် သန္တာကျောက်တန်းကို ဖမ်းကိုင်ကာ ခေါင်းကို လှည့်လိုက်သည့်အခါ သန္တာကျောက်တန်းပေါ်တွင် အဖြူရောင်ဥခွံ အလွတ်တစ်လုံးကို တွေ့လိုက်ရသည်။

 

လန်စီက ဒါကိုဝန်မခံချင်ပေမယ့် အဲဒီနေရာက တကယ်ပဲ သူမွေးတဲ့နေရာဖြစ်သည်။

 

အကြိမ်အနည်းငယ် ရုန်းကန်ပြီးနောက် လန်စီသည် ရှည်လျားသောငါးမြီးကိုဆွဲယူကာ ဥခွံဆီသို့ တွားသွားလိုက်သည်။ ထို့နောက် လန်စီသည် သူ့ဥခွံဘေးတွင် ထိုင်ကာ ဘာလုပ်ရမှန်းမသိ စိတ်ဓာတ်ကျ နေလေတော့၏။

 

အခုဘာတွေ ဖြစ်နေလဲ သူနားမလည်သလို ဥခွံနဲ့ တူတဲ့အရာတစ်ခုကနေ ဘာကြောင့် ထွက်လာ မှန်းမသိတော့ပေ။

 

လန်စီ ထွက်လာ ပြီးနောက် မူလက ကိုင်ရတာ နူးညံ့သောဥခွံသည် တဖြည်းဖြည်း မာကျောလာသည်။

 

လန်စီ သည် ၎င်းကို ပေါ့ပေါ့ဆဆ ထိမိလိုက်သောအခါတွင် ဥခွံသည် အမှုန့်အဖြစ်သို့ ကွဲအက်သွားပြီး သမုဒ္ဒရာ ရေစီးကြောင်းနှင့်အတူ လွင့်ပါသွားသည်။

 

လန်စီ။ "..."

 

အရမ်းကောင်းတယ်၊ အခု သက်သေပါ မရှိတော့ဘူး။

 

ထို့နောက်မှာတော့ လန်စီဟာ အတွေးရေယာဉ်ကြောထဲ မျောနေ၏။ သူသည်အဆုံးမရှိသော သမုဒ္ဒရာကို ငေးကြည့်နေကာ သမုဒ္ဒရာထဲရှိ အမျိုးမျိုးသောသတ္တဝါများ၏ တီးတိုးစကားသံကို နားထောင်ရင်း ကြောင်တက်တက်ဖြစ်နေကာ ကျောက်တုံးကဲ့သို့ပင် နေရာတွင် ရူးသွပ်စွာ ထိုင်နေလေသည်။

 

ယခုတော့ သူမည်သူမည်ဝါဖြစ်သည်ကို သံသယဖြစ်မိသည်။

 

ယခုမှ မွေးလာတာဆို သူက သားပေါက်ကလေးဖြစ်သင့်သည်။

 

သို့ပေမယ့် သူက သားပေါက်ကလေးဆိုရင် မွေးပြီးပြီးချင်း အရွယ်ရောက်တဲ့ပုံစံဘာကြောင့် ဖြစ်နေတာလဲ။

 

သူ့လူတွေကော။

 

ဂိမ်းကစားသလိုမျိုး လမ်းညွှန် NPC ရှိရမည်။

 

အချိန် မည်မျှ ကြာသွားသည် မသိနောက်ဆုံးတွင် လန်စီသည် ဝန်လေးစွာဖြင့် စတင် လှုပ်ရှားလိုက်သည်။

 

ယခုတစ်ခါတော့ သူ ဗိုက်ဆာနေပြီ။

 

လန်စီသည် ထိုနေရာတွင် နေနေခဲ့ပြီး အခြားသော ရေသူထီးများကို တွေ့နိုင်မလားဆိုတာ သိနိုင်ရန် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။

 

အဖြေကို သိလိုက်ရသည့်အခါ လန်စီ၏ မျှော်လင့်ချက်များ ကျဆင်းသွားသည်။

 

လန်စီက သက်ပြင်းချလိုက်သည်။ သူ့အတွက် သူ အမဲလိုက်ရမည်။

 

နာရီဝက်အကြာတွင် လန်စီသည် ပင်လယ်သဲပြင်ပေါ်တွင် လဲလျောင်းကာ မျက်ရည်မကျဘဲ ငိုကြွေး နေလေသည်။

 

ဘာလို့လဲ။ သူဘာလို့ ဂုံးတကောင်ကိုတောင်မဖမ်းနိုင်ရတာလဲ။

 

လူသားကမ္ဘာမှာ အားကစားသမားဖြစ်ခဲ့ဖူးသူ လန်စီက ဘာလို့ အခုငါးတကောင်တောင် မဖမ်းနိုင်ရတာလဲလို့ လန်စီ စဉ်းစားလို့မရပေ။

 

 

သူ့မျက်စိရှေ့တွင် ငါးများ ရစ်ဝဲနေသည်ကို ထင်ရှားစွာ မြင်ရသော်လည်း လက်ကိုဆန့်လိုက်သည်နှင့် ငါးသည် ချက်ခြင်းပင် သတိထား ရှောင်ရှားကာ ထွက်ပြေးသွားကြသည်။ လန်စီသည် ငါး၏အကြေးခွံများကိုပင် မထိမိပေ။

 

လန်စီသည် ၎င်း၏ပစ်မှတ်ကို ဂုံးကောင်များဆီသို့ ရွှေ့လိုက်သောအခါ သူသည်ဂုံးကောင်များ၏ အမှန်တရားကို နာကျင်ဖွယ် သိလိုက်ရသည်။

ဂုံးကောင်တွေကလည်း ပြေးနိုင်တယ်။

 

ဂုံးကောင်က “ဂဒါ ဂဒါ” က သူ့ကို ရယ်ချင်သလိုမျိုး ရေတလုပ်ကို ထွေးထုတ်ပြီး လန်စီကို လှည့်ပတ်ပြီး အဝေးသို့ မျောပါသွားသည်။

 

လန်စီ။ "..."

 

လန်စီသည် ပင်လယ်သဲပေါ်တွင် အကြာကြီးထိုင်ကာ မျက်လုံးများကို ပွတ်သပ်ကာ ဆို့နင့်ရင်း စားစရာတခုခုများ ရှိမလားလို့ စိတ်ထိခိုက်စဖွယ် ကြိုးစားနေ၏။

 

သူ့ဗီဇက သူ့ကိုယ်သူ ငတ်မွတ်ခြင်းမဖြစ်ဖို့ သတိပေးနေသည်။ မဟုတ်ပါက ကြောက်စရာ

ကောင်းသည့် အရာတွေ ဖြစ်လာလိမ့်မည်။

 

"ရ-ဇီ-"

 

လန်စီသည် မထိန်းနိုင်ဘဲ အနည်းငယ် ငိုကျွေးမိခဲ့သည်။

 

သူ့ကိုယ်ပိုင်ငါးမြီးကို ကိုင်ပြီး ထထိုင်ကာ လက်မြှောက်အရှုံးပေးရင်း သူ့ဘေးနားရှိ ပင်လယ်ရေမှော်ကို စားရမလားဟု  တွေးနေမိသည်။

 

သို့သော်လန်စီသည် ပင်လယ်ရေမှော်ကို မစားမီတွင် ရုတ်တရက် သူ့အောက်ရှိမြေပြင်သည် ရွေ့လျားသွားသည်ကို ခံစားလိုက်ရပြီး လန်စီအောက်တွင် ကြီးမားသည့် ကြောက်စရာအရာတစ်ခု ထွက်ပေါ်လာသည်။

 

တစ်ချိန်တည်းမှာပင် ငါးအားလုံးသည် ဂနာမငြိမ်ဖြစ်လာကာ  လန်စီရဲ့ဘေးမှ တစ်ကောင်ပြီး တစ်ကောင် ဖြတ်ကာ ထိုအရပ်နှင့် ဝေးရာသို့ အမြန် ပြေးထွက်သွားကြသည်။

 

လန်စီသည် သူ့ငါးအမြီးကို သံသယဖြင့် ဝှေ့ယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းကို မတ်တပ်ရပ်လိုက်ပြီး ဘာတွေဖြစ်နေလဲဆိုတာကို ကြည့်ဖို့ကြိုးစားရင်း မနီးမဝေးက မြေပြင်က တအစ်အစ်မြည်ကာ အက်ကွဲနေပြီး အောက်ဘက်ကနေ ပူဖောင်းတွေ ထိုးထွက်လာတာကို တွေ့လိုက်ရ၏။

 

ရေငုပ်သင်္ဘောလား? မီးတောင်လား?

 

လန်စီသည် လေပူဖောင်းများ တိုးထွက်နေသည့်နေရာကို စိုက်ကြည့်ကာ မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်မိခဲ့သည်။

 

နောက်တစက္ကန့်တွင် ကြီးမားသော လက်နှင့်ခြေသည် မြေပြင်ကိုချိုးဖျက်ကာ ထွက်လာကြသည်။  ကြမ်းတမ်းသော အနက်ရောင် မျက်နှာပြင်တွင် စုပ်ခွက်အကြီး၊အသေးများကို  ကြည့်ကာ လန်စီ ကြက်သေသေသွားသည်။

 

လန်စီသည် ခဏမျှအံ့အားသင့်သွားကာ အလွန်ဗိုက်ဆာနေလို့ ထင်ယောင်ထင်မှား ဖြစ်နေတာများလားဟု တွေးနေသေးသည်။

 

ကြီးမားသော ရေဘဝဲလက်များသည် မြေပြင်မှ ခွဲထွက်လာပြီးနောက် ပင်လယ်ထဲတွင် ယိမ်းနွဲ့နေကာ မြေမှုန်များကို တစ်စစီ လွင့်ပျံသွားစေခဲ့သည်။

 

ထို့နောက် အက်ကွဲကြောင်းမှ သေးငယ်သော ရေဘဝဲလက်လေးများ ထွက်လာပြီး မြေပြင်ပေါ်တွင် တရွရွသွားနေကာ တစ်ခုခုကို ရှာနေပုံရသည်။

 

လန်စီသည် ခုဏက သူ့ဥခွံနှင့်ထိနေသည့်နေရာကို ရောက်သည့်တိုင်အောင် တွားသွားနေသည့် အဆိုပါ ရေဘဝဲလက်များကို မှင်တက်ကာ ကြည့်နေသည်။

 

သူတွေးထားသည့်အတိုင်း ရေဘဝဲလက်များက ဥခွံကို ရှာမတွေပါချေ။

 

ထိုခဏအတွင်း သမုဒ္ဒရာတစ်ခုလုံး၏ လေထုအခြေအနေသည် ရုတ်ချည်း တုန်လှုပ်ခြောက်ခြားစရာ ဖြစ်လာနေပြီး လန်စီသည်လည်း အသက်ရှု ရပ်မတတ် ဖြစ်နေသည်။

 

သူ မလှုပ်ရဲ‌ပါချေ။

 

ထူးဆန်းသည်က သိပ်မကြာခင်မှာပဲ ထိုတုန်လှုပ်ခြောက်ခြားစရာ အရှိန်အဝါများ ပျောက်ပြယ်သွားပြီး သတ်ဖြတ်ဖို့ ရန်လိုနေတဲ့ ရေဘဝဲရဲ့လက်နဲ့ ခြေထောက်တွေဟာလဲ နောက်ပြန်ဆုတ်သွားခြင်းဖြစ်သည်။

 

လန်စီသည် သက်ပြင်း အရှည်ကြီးကို ချလိုက်ပြီး သူထွက်ပြေးရမည်ဟု သဘောပေါက် လိုက်သည်။

 

သို့ပေမယ့် လန်စီဟာ သူ့အမြီးကို လှုပ်ခါလိုက်ချိန်မှာ သူ့အမြီးကို လှမ်းဆွဲလိုက်သည့် အားတစ်ခုကို ခံစားလိုက်ရ၏။

 

လန်စီသည် သံသယစိတ်ဖြင့် ခေါင်းငုံ့ကာကြည့်လိုက်တော့ သူ့အမြီးကို ဖိထားသည့် ရေဘဝဲလက်တစ်ခုကို တွေ့လိုက်ရသည်။

 

လန်စီသည် ပူဖောင်းတခု အန်ထွက်လာပြီး အေးခဲသွားကာ သူသေချင်ယောင်ဆောင်သင့်လား ဟု စတင် တွေးမိသည်။

 

သို့သော် သူ့ငါးမြီးကို မလှုပ်ရှားနိုင်ခင်မှာပင် ထိုကြီးမားသော လက်တံခြေတ့များက သူ့ကို တိုက်ခိုက်ရန် လျက်စီးလက်သလို လျင်မြန်စွာ ရောက်ရှိလာကြသည်။

 

လန်စီသည်.သူ့ခါးတစ်ဝှိက်တွင် အေးစက်မှုကို ခံစားလိုက်ရပြီးနောက် သူ့တစ်ကိုယ်လုံး ချာချာလည် သွားတော့သည်။

 

အလွန်အမင်း ကြောက်ရွံ့နေပြီး လန်စီသည် မျှော်လင့်ချက်မဲ့စွာ သတိလစ်မေ့မျောသွားတော့သည်။

 

လန်စီက သူမူးမေ့လဲ မသွားခင်မှာ ရေဘဝဲက တကယ်ကြီး ကြီးတာပဲလို့ တွေးနေမိ၏။

 

လန်စီ တစ်ဖန်နိုး လာသောအခါတွင် ကျောက်ဆောင်ကြီးပေါ်တွင် အတိအကျပြောရလျှင် သူသည် ကျောက်ဆောင်ပေါ်ရှိကြီးမားသော အနီမိုနီပန်းမွေ့ယာကြီးပေါ်တွင် လဲလျောင်းနေ၏။

 

ပင်လယ်ထဲက ရေသူထီးရဲ့ ကောင်းမွန်တဲ့အမြင်အာရုံအရ လန်စီဟာသူ့ပတ်ဝန်းကျင်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရပြီး အေးခဲသွား၏။

 

ယခုနေရာက မည်းမှောင်နေတာကြောင့် သူ ပင်လယ်ရေအောက်အနက်ထဲကို ရောက်နေတာဖြစ်ရမည်။

 

သူ့အောက်ရှိ နူးညံ့သောသတ္တဝါသည် အနီမိုနီပန်းကဲ့သို့ နူးညံ့သည့်ပုံပဲ၊ နူးညံ့တဲ့လက်များနဲ့ သူ့ကို အသာအယာ ပွေ့ချီထားပြီး ကြီးမားသည့်လက်တံများ၌လည်း အဆိပ်ရှိ မရှိပေ။

 

ပို၍အရေးကြီးသည်မှာ လန်စီသည်သူ့အားသန္တာအရိုးများဖြင့်စက်ဝိုင်းပုံစံ ဝန်းရံထားသည်ကို တွေ့ရှိရပြီး သူ ရေကူးကာ ထွက်ပြေး မသွားနိုင်ရန် တားဆီးထားဟန်ရှိသည်။

 

ဒီရေဘဝဲက သူ့ကို အရန်သင့်စားနိုင်အောင် သိုမှီးထားတဲ့ အစားအစာအဖြစ် ဖမ်းလာတာလား။

 

***

လန်စီသည် သူ၏ဘဝအလှည့်အပြောင်းကို မယုံကြည်နိုင်အောင်ဖြစ်နေစဉ် တစ်ချိန်တည်းတွင် သုတေသီ အဖွဲ့တစ်ဖွဲ့သည်လည်း ထိတ်လန့်နေကြသည်။

 

သုတေသီများရှိရာ ဓာတ်ခွဲခန်း၏ လေထုအခြေအနေ တင်းမာနေရခြင်းမှာ ၎င်းတို့ရှေ့တွင် ပြသထားသည့် ကရိယာပေါ်တွင် ဖော်ပြနေသည့် အချက်အလက်က အဖြစ်အပျက်တစ်ခုကို ညွှန်ပြနေခြင်းကြောင့်ဖြစ်သည်။

 

နတ်”မြောင်း (သမုဒ္ဒရာ ရေအောက်ရှိ အက်ကွဲကြောင်း)တွင် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။