လန်စီ သည် အနီမိုနီပေါ်၌ အချိန်အတော်ကြာအောင် လှဲနေခဲ့ပေမဲ့ အပြင်က ဘာသံမှ မကြားရပေ။
ခဏအကြာတွင်လန်စီသည် အသက်ပြင်းပြင်းရှူရင်း မနေနိုင်ဘဲ အနီမိုနီ အပြင်ဘက်သို့ ဖြေးညှင်းစွာခေါင်းပြူကြည့်လိုက်၏။
လန်စီသည် အသက်ပြင်းပြင်းရှူကာ ပင်လယ်အောက်ခြေရှိ ပင်လယ်ရေထဲသို့ ထိုးဆင်းလိုက်၏။ ပင်လယ်ရေ အငံနှင့် အခါးဓာတ်က ချက်ချင်းဘဲ လန်စီ၏ အာရုံငါးပါး ကိုနိုးကြားသွားစေ၏။
လန်စီသည် အလွန်ရွံရှာသွားပြီး ထူးဆန်းသောခံစားချက်ကို မမေ့ခင် လေပူပေါင်းများစွာကို အလိုအလျောက် အန်ထုတ်မိလိုက်သည်။
အပြင်ဘက်တွင် ရေဘဝဲကြီးမရှိတော့ဘဲ သန္တာအရိုးများဖြင့် ဝန်းရံထားသည့် အဝန်းအဝိုင်းထဲတွင် သူမှလွဲ၍ ကျန်ငါးတစ်ကောင်တမြီးမျှပင် မရှိပေ။
လန်စီ သည် သူ၏ငါးအမြီးကို ခါယမ်းကာ ကိုးရိုးကားရား ကူးခတ်သွားသည်။
သူဗိုက်ဆာပြီး တစ်ခုခုစားချင်ပေမယ့် လှည့်ပတ်ကြည့်လိုက်တော့ အကုန်လုံးက ပြောင်သလင်းခါနေပြီး သူ့ခြေဖဝါးအောက်က သဲဖြူကလွဲလို့ ဘာမှစားစရာ မရှိပေ။
ပင်ကိုအသိစိတ်က လန်စီကို အစာရှာရန် တွန်းအားပေးနေသော်လည်း လန်စီ၏ စိတ်ထဲတွင် ရင်တုန်ပန်းတုန် ဖြစ်နေသေးသည်။
လန်စီသည် အစွန်အဖျားရှိ သန္တာအရိုးအစွန်းသို့ ကူးခတ်ကာ လက်ငါးချောင်းဖြင့် ဆွဲကိုင်ကာ အပေါက်ကြားကနေ မြင်နိုင်ရန် ကြိုးစားနေ၏။
ထို့နောက် အပေါက်မှဖြတ်၍ အသူတစ်ရာနက်သောချောက်ကို မြင်လိုက်ရသည် ။
ဒဏ္ဍာရီထဲမှာဖြစ်စေ၊ သိပ္ပံပညာအစစ်အမှန်မှာ ဖြစ်စေ အမည်တွင်သည့် ချောက်ကြီးကား သေခြင်းတရား၏ အေးစက်မှုများ အမှောင်မိုက်များဖြင့် အတိပြီးနေလျက် ရှိနေသည်။
အားကောင်းသော ဟိုက်ဒရောလစ် ဖိအားသည် သက်ရှိသတ္တဝါအားလုံးကို ဖိထားကာ မြေနှင့်ထိနေသော သန္တာကျောက်တန်းသည် အမျိုးမျိုးသော သတ္တဝါများ၏ အလောင်းများကို ဖုံးအုပ်ထားသည့် ရွှံ့စေးဖြင့် လွှမ်းခြုံခံထားရပြီး အသက်မဲ့နေကြ၏။
ဒီမှာက တိတ်ဆိတ်ပြီး ဗလာကျင်းလွန်းနေ၏။
‘ဒါဆို အဲဒီရေဘဝဲကြီးက ပင်လယ်နက်ထဲမှာ နေနေတာလား?။’
လန်စီက မနေနိုင်စွာ မျက်မှောင်ကြုတ်မိ၏။
ခဏလောက် စဉ်းစားပြီးနောက် လန်စီက ဒီထောင်က လွတ်အောင်ကြိုးစားရမယ်လို့ ဆုံးဖြတ်လိုက်သည်။
ဒါကြောင့် မဆိုင်းမတွဘဲ လန်စီသည် သန္တာအရိုးများကို သူ့လက်ဖြင့် ဆွဲထုတ်ကာ ထွက်သွားဖို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ရန် မျှော်လင့်မိ၏။
ရေသူထီး၏ လက်သည်းချွန်များသည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပေသည်။ ရေသူထီးလေး၏ လက်သည်းအောက်ရှိ သန္တာကျောက်ရိုးအမာများသည် ဘီစကွတ်များကဲ့သို့ ကြွပ်ဆတ်ကာ ဆတ်ခနဲ ကျိုးသွားသဖြင့် လန်စီကို အလွန် အားတက်သွားစေသည်။
သို့သော် စိတ်ကူးနှင့် လက်တွေ့ကတော့ အလှမ်း ဝေးကွာလွန်းလှ၏။
မှောင်မိုက်သော ပင်လယ်ကြမ်းပြင်က လန်စီကိုအချိန်၏ သဘောတရားကို ဆုံးရှုံးစေ၏။ သူသည် သူ့ကိုယ်သူ အထင်ကြီးလွန်းခဲ့ပြီး "ရေဘဝဲကြီး" ၏ ဉာဏ်ရည်ကို လျှော့တွက်ခဲ့မိသည်။
အပြင်ဘက် ရောက်လေလေ သန္တာအရိုးတွေက ပိုမာလာလေလေဖြစ်ကြောင်း တွေ့လိုက်ရ၏။
အဆုံးမှာတော့ လန်စီဟာ ဒါကြီးက ပြီးပြည့်စုံလွန်းတဲ့ အဖြူရောင်အရိုးတစ်ခုလို့ ခံစားရပြီး နေရာလွတ်တစ်ခုကို ရှာဖို့နေနေသာသာ ရွှေ့လို့ပင်မရပေ။
အဲ့တော့?
"ထွက်ပြေးခြင်း" သည် အကျိုးမရှိသည်ကို မြင်လိုက်ရသဖြင့် လန်စီသည် ဒေါသတကြီးဖြင့် "ဂဒါ ဂဒါ"ဟု ကြမ်းတမ်းသည့် အသံထွက်လာသည်အထိ နံရံကိုအပီအပြင် ကုတ်ခြစ်နေ၏။
သူသည် အရန်သင့် အစာအဖြစ် အဖမ်းခံထားရသည် ဖြစ်စေ၊ ရေဘဝဲကြီးကို ဖြစ်စေ ဂရုမစိုက်နိုင်တော့ပေ။ ဘာ့ကြောင့်လဲဆိုတော့ သူငတ်သေလုနီးပါး ဖြစ်နေသော ကြောင့်ပင်။
ရေဘဝဲကြီးကို ကျိန်ဆဲရင်း နံရံကို ကုတ်ခြစ်နေတုန်း လန်စီဟာ သူ့အမြီးကို ရုတ်တရက် တစ်စုံတစ်ခုက ဆွဲလိုက်သလို ခံစားလိုက်ရ၏။
လန်စီ ရုတ်တရက် ရပ်သွားသည်။
သူသည် ငတုံးမဟုတ်တာကြောင့် သူ့အမြီးကို ဘာကဆွဲနေတာလဲဆိုတာ သိလိုက်သည်။
‘အဲဒီရေဘဝဲစုတ်အပြင် ဘယ်သူရှိသေးလို့လဲ?။’
ဒေါသထွက်လွန်းနေတာကြောင့် လန်စီသည် မည်းမှောင်သော မျက်နှာနှင့် သူ့ဘေးနားရှိ သန္တာရိုးကို ဆွဲဖက်လိုက်သည်။ သူအပြင်မထွက်လာရင် ဒီသောက်ရေဘဝဲက သူ့အပေါ် ဘာလုပ်နိုင်မလဲဆိုတာကို သူကြည့်ချင်နေ၏။
အပြင်ဘက်မှာရှိတဲ့ "ရေဘဝဲ" သည် သူနှင့်တကယ့်ကို ဘာမှလုပ်စရာမရှိပေ။
ကြီးမားသော လက်များနှင့် ခြေထောက်များသည် လန်စီကို အကြိမ်အနည်းငယ်လောက် လာရစ်ပတ်သော်လည်း ငါးလေး၏အမြီးကို ဆွဲထားသည့်အားကို ဖြေလျော့ကာနောက်သို့ ဆုတ်သွားခဲ့သည်။
သူ့အမြီးအား မဆွဲတော့တာကို ခံစားရပြီးနောက်လန်စီက လှောင်ပြောင်ကာ သူ၏အမြီးကို လိမ်လိုက်သည်။
‘ဟွန်း.. အစာငတ်ပြီး သေသွားရင်တောင် အပြင်လုံးဝမထွက်ဘူးကွ။’
ထို့နောက် နောက်တစ်စက္ကန့်တွင် လန်စီသည် သူ့ပခုံးကို တစ်စုံတစ်ခုက အသာအယာ လာထိသည်ကို သိလိုက်သည်။
ချက်ခြင်းပင် လန်စီ၏ ဆံပင်များထောင်သွားသည် အထိထိတ်လန့်သွား၏။
ဒီအပေါက်က သေးသေးလေးလေ အပြင်က လက်နဲ့ ခြေထောက်တွေက ဘယ်လိုဝင်လာတာလဲ ဟ?။
လန်စီ က သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ လက်တံသေးသေးလေးတွေကို တွေ့လိုက်ရ၏၊ သူ့နောက်ကို ဘယ်ကဝင်လာမှန်း မသိပေ။ ပြီးတော့ ဒါကြီးက သူ့ရဲ့ ပခုံးပေါ်ကို တင်ထားတယ်။
ထိုအချိန်တွင် လန်စီသည် အော်ဟစ်မိလုနီးပါးပင်။
"ဗွမ်း ဗလန်း"
တစ်ချိန်တည်းမှာပင် လန်စီ၏ မျက်နှာရှေ့တွင် ပိတ်ဆို့နေသည့် သန္တာကျောက်တန်း နံရံကြီးသည် တစ်စုံတစ်ခု၏ဆွဲဖယ်ခြင်းကိုခံလိုက်ရပြီးနောက် ရေဘဝဲ၏ လက်နှင့် ခြေများ ဝင်လာသည်။
လန်စီ သည် ကြက်သေသေလျက် သူ့ရှေ့ရှိ ရေဘဝဲလက်များကို စိုက်ကြည့်နေသည်။
ရေဘဝဲသည် ဆိုးသွမ်းသောကလေးအား နှစ်သိမ့်ပေးနေသကဲ့သို့ ၎င်း၏လက်တံ သေးသေးလေးကို လှုပ်ခါလိုက်ပြီး လန်စီ၏နဖူးကို အသာယာတွန်းလိုက်သည်။
သူ့နဖူးကို ထိထားသောအားတစ်ခုကို ခံစားလိုက်ရသဖြင့် လန်စီသည် သူ့ဘေးနားရှိ သန္တာအရိုးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး အမြီးကို လှုပ်ရမ်းလိုက်ကာ သတိမထားမိဘဲ အသံဖျော့ဖျော့လေးအော်လိုက်မိလေ၏။
ထို့နောက် အရှေ့ရှိ ကြီးမားသောခြေလက်ကြီးများသည် လှည့်၍ လန်စီ၏ရှေ့တွင် သူဆုပ်ကိုင်ထားသော သန္တာအရိုးများကို ချိုးဖျက်ပစ်ကာ ၄င်းက လန်စီကိုအပြင်သို့ တွန်းထုတ်ပစ်လိုက်သည်။
လန်စီ : "..."
တွန်းထုတ်ခံလိုက်ရသောလန်စီသည် ငုတ်တုတ်မေ့နေသည်။ သူ့လက်ထဲတွင် ကိုင်ဆောင် ထားသည့် အဖြူရောင်သန္တာအရိုးကို ငုံ့ကြည့်ကာ အာစေးမိ နေ၏။
"ထောင်ဖောက်ဖို့" ကြိုးစားနေသည့်လန်စီကို သူ့ရှေ့မှာမိသည့်တိုင်အောင် ၄င်းက ဒေါသမထွက်ဘဲ သန္တာအရိုးများမှ ခြေ၊လက်များ လျောကျသွားပြီး အလုပ်စလုပ်နေသည် ။
လက်တစ်ဖက်က လန်စီရဲ့ခါးကိုရစ်ပတ်ပြီး အနီမိုနီမို ထဲပြန်ထည့်လိုက်ပြီး နောက်တစ်ဖက် က လန်စီရဲ့လက်ထဲမှာ ကိုင်ထားတဲ့ သန္တာအရိုးတွေကို ဆွဲထုတ်လိုက်၏။
သန္တာအရိုးဖြူများကို အဝေးသို့ဖယ်ရှားခံလိုက်ရပြီးနောက် လန်စီသည် မသက်မသာ ဖြစ်စွာ အော်လိုက်၏။
အရိုးများကို အဝေးသို့လွှင့်ပစ်ပြီးနောက် ရေဘဝဲသည် သူ့အော်သံကို ကြားလိုက်ရသည့်အခါ ချော့မြူရန် အနောက်သို့ အမြန်ပြန်လှည့်လိုက်၏။ ဘယ်ကရမှန်း မသိတဲ့ လက်သီးဆုပ်အရွယ် ပုလဲတစ်လုံးကို လန်စီရဲ့လက်ထဲကို ထည့်လိုက်၏။
လန်စီ : "..."
ကျန်ရှိသည့် ရေဘဝဲလက်များသည် လန်စီ တူးထားသည့်ကျင်းကို ပြုပြင်ရန် အလုပ်များနေ၏။ ဘယ်ကနေ ယူလာမှန်းမသိတဲ့ ကျောက်တုံးတွေကို လန်စီ တူးထားသည့် ကျင်းကို ပြန်ပိတ်ဆို့ရန် အသုံးပြုနေသည်။
လန်စီ သည် အနီမိုနီ ထဲတွင်ထိုင်နေပြီး ဤမြင်ကွင်းကိုမြင်လျှင် မနေနိုင်ပဲ ပုလဲကို သူ့ရင်ခွင်ထဲထည့်ကာ အနီမိုနီ ပေါ်မှဆင်းလာ၏။
သူသည် ခေါင်းကိုမော့လိုက်ပြီး သူ့လက်ကောက်ဝတ်နှင့် လက်ဖဝါးကို စိုက်ကြည့်ကာ မကျေမနပ် တရှူးရှူးတရှဲတရှဲဖြစ်နေ၏။
ရေဘဝဲသည် သူ၏ကြီးမားပြီး ကြမ်းတမ်းသော ခြေ၊လက်များကိုအပေါ်သို့ ဆန့်တန်းထားသည်။ ခြေလက်များကို ခဏလောက် စိုက်ကြည့်ပြီးနောက် လန်စီသည် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်ကြည့်လိုက်ရာ ၄င်းတို့သည် သန္တာအရိုး အပြင်ဘက်မှ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ခြေလက်ပိုင်ရှင်ကို မမြင်ရသော်လည်း ၄င်းသည် အလွန်ကြီးမားမည်မှန်း လန်စီ သိနိုင်ပေ၏။
‘ဒီငါးလေးက ချစ်စရာကောင်းလွန်းတယ်ကွာ။’
ခြေလက်များကို ဆွဲထုတ်လိုက်ပြီးသည့်နောက် ကြီးမားသောရေဘဝဲသည် ရပ်တန့်သွား၏။ လက်တံထိပ်လေးကို မြှောက်လိုက်ပြီး လှည့်ပတ်သွားလာနေသော လန်စီ၏ခေါင်းပေါ်ကို ညင်သာစွာ ပုတ်လိုက်သည်။
သူ့ခေါင်းပေါ်သို့ အသာအယာလာတို့ထိသည်ကို ခံစားလိုက်ရသဖြင့် လန်စီသည် သတိပြန်ဝင်လာပြီး သူ့ခန္ဓာကိုယ်လေးကို ကြီးမားသော ပင်လယ်အနီမိုနီ ထဲသို့ တိုးဝင်ကာ ဖုံးကွယ်ဖို့ရာ ဖွတ်ခနဲ့ ပြေးပုန်းလေတော့သည်။
လန်စီ သည် အနီမိုနီထဲသို့ လွတ်မြောက်သွားပြီးနောက် ရေဘဝဲသည် မထွက်သွားသေးချေ။ အနည်းငယ် စိတ်မကောင်းဖြစ်နေပုံရပြီး ၎င်းသည် အနီမိုနီ၏ အထက်တွင် တလှုပ်လှုပ်လုပ်နေ၏။
လက်တံလေးကို အောက်ချထားပြီး လန်စီကို ကြင်နာစွာ ပွတ်သပ်ချင်ပေမယ့် လန်စီဒေါသ ထွက်မှာကိုလည်း သူကြောက်နေ၏။
လန်စီ သည် အနီမိုနီထဲတွင် ပုန်းနေ၏။ သူသည် အပေါ်မှ ရေဘဝဲကို မော့ကြည့်ကာ တံတွေးတွေသာ မြိုချနေရ၏။
အပြင်ဘက်ရှိရေဘဝဲ အင်း.. တိတိကျကျပြောရရင် "ပိုင်ရှင်" သည် သူ့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပြုစုပျိုးထောင်နေပုံရသည်—
သူသည် ထောင်မှ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း "သခင်" သည် သူ့ကို စိတ်ဆိုးခြင်းမရှိပဲ ထိတွေ့ချင်နေ၏။
ဤ "နှိမ့်ချ"သည့် အသွင်အပြင်သည် ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ကြောင်များကို စောင့်ရှောက်သော လူအချို့နှင့် အလွန်တူပေသည်။
ထို့အပြင် ယခု အထက်တွင် အဆက်မပြတ်လှုပ်နေသော သေးငယ်သော ရေဘဝဲလက် များသည် သူ့သွားများကို ယားယံစေကာ ကိုက်ပစ်လိုက်ချင်လာ၏။
လှုပ်ခါနေသည့် ရေဘဝဲလက် များသည် မမြန်ဆန်ဘဲ၊ လန်စီကို အနီမိုနီထဲမှ ထွက်လာစေရန် စနောက်နေသည်နှင့် တူပေ၏။
ကဲ မေးခွန်းက သူ အပြင်ထွက်ချင်လား။
"ဂွီ...."
သူ့ဗိုက်ထဲမှာ နောက်ထပ် တဂွီဂွီမြည်သံတစ်ခု ထွက်လာကာ ဆာလောင်မှုက သူ့နှလုံးသားထဲကို ပြေးဝင်လာသည်။လန်စီသည် သူ့သွားများကို ထိန်းထားရုံမှ တစ်ပါးမတတ်နိုင်ပေ။
သူတကယ် ဗိုက်ဆာနေပြီ။
ရေဘဝဲ၏ခြေလက်များသည် လိမ္မော်ရောင်ဖြစ်ပြီး၊ လိမ္မော်ရောင် အလင်းတန်းများ အောက်တွင် လန်စီ၏မျက်လုံးများထဲ၌ အနီမိုနီအထက်တွင် ယိမ်းနွဲ့နေသည့် ရေဘဝဲသည် တဖြည်းဖြည်းချင်း ပုံစံပြောင်းလဲသွားပုံရသည်-
လန်စီ့မျက်စိထဲမှာ လိမ္မော်ရောင်သည် အကင်ခံရသည့်အတွက် ပြောင်းသွားသည့် အညိုရောင်ဖြစ်သွားပြီး
‘အဲ့ဒါက အပေါ်ဆုံးအလွှာကို ဇီယာမှုန့်တွေဖြူးထားတဲ့ .....ပြည်ကြီးငါးခြေထောက်တွေ။’
လန်စီ သည် အနီမိုနီမှ ခုန်ထွက်ကာ ရေဘဝဲလက်ကို ဆုပ်ကိုင်လိုက်ပြီး အဆုံးသတ်နားရှိ လက်တံထိပ်ဖျားလေးကို ရက်ရက်စက်စက် ကိုက်လိုက်၏။ ပြီးနောက် ပါးစပ်ထဲ အမြီးလေး ကိုက်ပြီး အနီမိုနီထဲ့သို့ ပြေးပုန်းနေပြန်သည်။
လှုပ်ယမ်းကာ ကျီစယ်နေသော ရေဘဝဲ လက်တံများမှာလည်း ရုတ်တရတ် အံ့အားသင့်ကာ အေးခဲသွားသည်။
လက်တံထိပ်မှာ စုတ်ပြဲသွားကာ ဒဏ်ရာမှ ခရမ်းရောင်ဖျော့ဖျော့အရည်များ ထွက်လာပြီး နောက်ဆုံးတွင် ခရမ်းရောင် အရည်သည် ပင်လယ်ရေထဲတွင် ပျောက်ကွယ်သွားသည်။
လန်စီ သည် အနီမိုနီထဲတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့ပါးစပ်ထဲတွင် အမြီးလေးက လှုပ်နေဆဲဖြစ်သည်ကို သတိပြုမိသွားသည့်အခါ ၄င်းကို ထိတ်လန့်စွာ ထွေးထုတ်လိုက်၏။
လန်စီ မကြိုက်သော လက်တံလေးသည် လှုပ်ခါကာ အနီမိုနီထဲမှ လွင့်မျောသွားသည်။
ထို့နောက် ၎င်း၏ခန္ဓာကိုယ်ရှေ့တွင် လက်တံလေးသည် ဇွဲနပဲကြီးစွာ တဆတ်ဆတ်တုန်ကာ ရေပေါ်တွင် မျောနေသဖြင့် လန်စီသည် ထိုအရာမှ အကြည့်လွှဲ မရပဲ ဖြစ်နေသည်။
သန္တာအရိုးတစ်ခုလုံးသည် ထိတ်လန့်ဖွယ် တိတ်ဆိတ်နေသည်။
လန်စီ သည် အနီမိုနီအတွင်း၌ ပုန်းအောင်းနေပြီး အပြင်ဘက်ရှိ ရေဘဝဲကို တိတ်တဆိတ် စောင့်ကြည့်နေ၏။
အကြောင်းပြချက်မရှိဘဲ အကိုက်ခံလိုက်ရသော ရေဘဝဲသည် လန်စီ၏ ရုတ်တရက် ကြမ်းတမ်းရက်စက်မှုကြောင့် ထိတ်လန့်သွားပုံရသည်။ သန္တာအရိုးတွေကနေ ဖြည်းဖြည်းချင်း ပြန်မလှည့်သွားခင် ခဏလောက် တောင့်တင်းသွား၏။
ထို့နောက် အနည်းငယ်သေးငယ်သော ခြေလက်များ ဝင်လာပြီး ထောင့်တွင် ခေါင်းမာမာ လှုပ်နေဆဲဖြစ်သော လက်တံလေးကို ကောက်ယူကာ အဝေးသို့ထွက်သွား၏။
ခြေလက်နှစ်ချောင်းလုံး ထွက်သွားပြီးမှ လန်စီသည် အနီမိုနီထဲမှ ထွက်လာရဲသည်။ သူအကောင်းဆုံး စဉ်းစားကြည့်သည့်အခါ အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။
အခုသူလုပ်ခဲ့တာတွေက တချို့ကိစ္စတွေက စော်ကားတယ်လို့ မှတ်ယူနိုင်၏။
လက်တွေ့လောကတွင် ဤ လုပ်ရပ်သည် "သခင်" ကို နာကျင်စေမှုဟု မှတ်ယူနိုင်သည်။
လန်စီ သည် ယခု အထူးကြောက်လန့်နေသည့်အရာမှာ ခြေလက်များက သူ့ကို လက်စားချေရန်အတွက် တခုခုလုပ်မည်ကိုပင်။
ခြေလက်များသည် လက်သွက်ပြီး လိုက်လျောညီထွေရှိပြီး ၎င်းတို့တွင် ထူထဲပြီး ပါးလွှာသည့်လက်တံများရှိသည်။ လက်တွေ ခြေထောက်တွေက ဂရုမထားပဲ သူ့ကိုထိခိုက်စေမှာကို သူ အရမ်းကြောက်၏။
ရေဘဝဲက သူ့ကို တကယ်နာကျင်စေချင်တယ်ဆိုရင် သူတိမ်းရှောင်နေလဲမရပေ။
လန်စီသည် သန္တာအရိုးများ ပတ်ပတ်လည်တွင် စိတ်ရှုပ်ထွေးစွာ ကူးခတ်ကာ "ထောင် ဖောက်ရန်" အခြားနည်းလမ်းများကို တွေးတောနေသည်။
"ဗွန်း"
လန်စီ၏အထက်မှ အသံတိုးတိုးလေး ထွက်ပေါ်လာသည်။
လန်စီသည် ခဏမျှ အေးခဲသွားကာ ချက်ချင်းပင် သန္တာအရိုးများမှ အနီမိုနီထဲသို့ ခုန်ဆင်းကာ ဘာဖြစ်သွားတာလဲဆိုတာကို မြင်ရရန် ဟနေသည့်နေရာများမှ ချောင်းကြည့်လိုက်သည်။
အပေါ်က ကြီးမားသည့်အရာတခု ပြုတ်ကျလာပြီးနောက် လန်စီက မထိန်းနိုင်ပဲ သူ့နှုတ်ခမ်းကို တွန့်လိုက်သည်-
အရှည် တစ်မီတာခန့် အရှည်ရှိ လက်တံတစ်ချောင်း ပြုတ်ကျလာသည်။
ထိုခြေလက်တံမှာ သိသာထင်ရှားစွာ သန့်စင်ထားပြီး အပြင်ဘက်ရှိ ကြမ်းတမ်းသော အရေပြားကို ခြစ်ထုတ်ထားကာ အတွင်းတွင် ဖြူဖွေးနူးညံ့သော အသားများသာ ကျန်ရစ်သည်။
ယခုတော့ ဒီပြုပြင်ထားတဲ့ အသားစိမ်း ခြေထောက်ကြီးက အနီမိုနီနဲ့ မနီးမဝေး သဲပေါ်တွင် ရောက်နေလေပြီ။
လန်စီ သည် ခဏတာ ငြိမ်သက်သွားကာ အနီမိုနီပေါ်တွင် လဲလျောင်းပြီး တဖက်သို့ လှည့်နေကာ အပြင်ဘက်ရှိ လတ်ဆတ်သည့် ခြေလက်များကိုမေ့ပြစ်ဖို့သူ့ကိုယ်သူ တွန်းအားပေးနေရ၏။
‘ဒီရေဘဝဲက ရူးနေတာလားဟ?။’
သူသည် ရေဘဝဲ၏လက်တံ ကို ကိုက်လိုက်သော်လည်း ရေဘဝဲ၏ နောက်ထပ် ခြေလက်အစိတ်အပိုင်းများကို စားချင်တယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။
.....................................