Chapter 1
Viewers 3k

👊👊Chapter (1)

နိဒါန်း: အချစ်နှင့်သေဆုံးခြင်း



ပိန်ပါးသည့်အမျိုးသမီးတစ်ယောက်သည် အေးမြနေသောမြစ်ပြင်ကျယ်ကြီးဆီသို့ ဖြေးညင်းစွာ လျှောက်လှမ်းလာ၏။

 

တိုးဝှေ့နေသည့်လှိုင်းလုံးများက လေထုထဲသို့ မီးခိုးရောင်မြူမှုန်အလွှာဖျော့ဖျော့အားလွှတ်ထုတ်ပေးနေပြီး တဖြည်းဖြည်းထူအုပ်လာသည့် မြူစိုင်ဖြစ်ပေါ်စေကာ အနီးအနားရှိအရာအားလုံးကို ဖုံးလွှမ်းစေသည်။ မိုးအုံ့နေသည့်ကောင်းကင်ကြီးသည် စိတ်ဓာတ်ကျဖွယ်ရာရှိနေပြီး အလွန်အမင်းသိပ်သည်းနေသည့်စိုစွတ်မှုများက အဆုတ်များထဲအထိ ချင်းနင်းဝင်ရောက်နေကာ လူတို့အား သေလုမြောပါးခံစားရစေ၏။

 

အမျိုးသမီးက လမ်းလျှောက်လာရင်း ဖုန်းကိုကိုင်ထားသည်။ သူမလက်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားသည့် ကောင်လေးက မနေနိုင်ဘဲချောင်းဆိုးလာခဲ့၏။

 

“မေမေ...သားအသက်ရှူလို့မရဘူး...မေမေ...သားအရမ်း‌အေးတယ်...အိမ်ပြန်လို့ရမလား...မေမေ...အဲ့ကိုမသွားနဲ့...ဆက်သွားနေရင် ရေတွေတက်လာလိမ့်မယ်မလား...မေမေ...မေမေ...”

 

ကလေး၏နူးညံ့သောအသံလေးတွင် ငိုရှိုက်သံများ၊ ကူကယ်ရာမဲ့နေသည့် အသနားခံမှုများနှင့် ပြည့်နေကာ မြစ်ပြင်ကျယ်ကြီးတွင် ပဲ့တင်ထပ်နေသည်။

 

အမျိုးသမီးက သူ့သားကို ငုံ့ကြည့်လာ၏။

 

ညပေါင်းများစွာ မအိပ်ရသေးသောကြောင့် သူမ၏မျက်လုံးများမှာ နီရဲနေသည်။ သူ့မမျက်လုံးထဲမှ စိတ်ပျက်အားငယ်မှုများက အလျင်စလိုစီးဆင်းနေသည့်မြစ်ထက် ပိုပြင်းထန်ကာ ပျံ့နှံ့နေသောမြူစိုင်များထက် ပိုသိပ်သည်း‌နေ၏။ သူမက ချိတ်ဆက်မှုမရှိနေသည့် ဖုန်းကိုဆက်လက်ကိုင်ထားရင်း တစ်ဖက်မှတုံ့ပြန်မှုကို ခေါင်းမာမာနှင့် စောင့်နေသည်။

 

သူမသား၏ နာကျင်နေသည့်မျက်နှာနှင့်မျက်ရည်လွှမ်းနေသည့်မျက်လုံးများက ထူးခြားမှုမရှိသည့်မြင်ကွင်းကဲ့သို့ သူမအတွက် အဓိပ္ပာယ်မရှိဖြစ်နေ၏။

 

ထို့နောက် ခေါင်းကိုပြန်မော့၍ ရေနက်ရာသို့လှမ်းကြည့်ကာ ဆက်လျှောက်သွားလေသည်။

 

ကောင်ငယ်လေးမှာ တံတွေးသီးသွားရပြီး အပြင်းအထန်ရုန်းကန်လာတော့၏။

 

သူမက အားပြင်းပြင်းနှင့် လက်ကိုချုပ်ထားပြီး ရေများစီးဆင်းနေသည့်မြစ်ပြင်ကျယ်ကြီးမတိုင်ခင် သူမကိုယ်တိုင်က သူမသား၏အသက်အား နှုတ်ယူသွားနိုင်ကြောင်းကို ဂရုမပြုဘဲရှိနေ၏။

 

ရုတ်တရက်ခေါ်ဆိုမှုက ချိတ်ဆက်သွားသည်။ ပျင်းရိပျင်းတွဲဖြစ်နေသည့် အမျိုးသားအသံက ဖြေးညင်းစွာ ဆိုလာ၏။

 

“ငါ့ကိုထပ်မဆက်သွယ်ဖို့ မ‌ပြောခဲ့ဘူးလား”

 

စိတ်ပျက်အားငယ်မှုများဖြင့်နေရာယူထားသည့် အမျိုးသမီး၏မျက်လုံးများတွင် ရုတ်တရက် အလင်းတန်းလေးတစ်ခု ဖြစ်ပေါ်လာသည်။ ရေနက်ထဲသို့ လျှောက်သွားနေသည့် သူမ၏ခြေလှမ်းများလည်း ရပ်တန့်သွား၏။

 

ကောင်ငယ်လေးမှာ စိတ်သက်သာရာရစွာဖြင့် အသက်ရှူထုတ်လိုက်သည့်တိုင် ချောင်းမဆိုးဘဲမနေနိုင်ချေ။

 

“တိတ်တိတ်နေစမ်း” အမျိုးသမီးက မာန်မဲလာ၏။

 

ကောင်ငယ်လေးက သူ့အမေ၏အင်္ကျီစကို တင်းတင်းကိုင်ထားသည့်လက်များကို မြန်မြန်လေးလွှတ်လိုက်သည်။ ပါးစပ်ကလေးကိုပိတ်ရင်း ဖုန်းအား မျှော်လင့်ချက်များဖြင့်ပြည့်နေသည့် မျက်လုံးနက်များဖြင့်ကြည့်နေမိ၏။ ဤဖုန်းခေါ်ဆိုမှုက သူ့ကိုကယ်ဆယ်နိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။

 

“ရှင် ကွာရှင်းမှာလား...မရှင်းဘူးလား...မကွာရှင်းဘူးဆိုရင် ကျွန်မ ကျန့်ချောင်ကို မြစ်ထဲခေါ်သွားတော့မယ်” အမျိုးသမီး၏အသံမှာ တုန်ယင်နေသည်။

 

အမျိုးသားက အဖက်မလုပ်သည့်ဟန်ဖြင့်ရယ်မောလာ၏။ “ငါ့မှာမိန်းမနဲ့ သားတွေပြတ်လပ်မနေဘူး...လုပ်လိုက်...ကလေးကိုအသုံးချပြီး ငါ့ကိုကွာရှင်းလာအောင် တွန်းအားပေးတာ မင်းက ပထမဆုံးမဟုတ်ဘူး...ပြီးတော့ ငါ့အတွက်သေကြောင်းကြံစည်တာလည်း မင်းကပထမဆုံးမဟုတ်ဘူး...လုပ်လိုက်...ငါတွန်းအားမပေးဘူး”

 

အမျိုးသားက သူ့အတွက်အဓိပ္ပာယ်မရှိသည့် စကားဝိုင်းကိုအဆုံးသတ်ရန်ပြင်လိုက်သော်လည်း အမျိုးသမီးက ရုတ်တရက် ဖုန်းအားသူမသား၏အေးစက်နေသည့်ပါးပြင်သို့ ကပ်ပေးလာကာ အသည်းအသန်ဆိုလာ၏။

 

“ဖေဖေ့ကိုခေါ်လိုက်...ကျန့်ချောင်...ဖေဖေ့ကို မင်းကိုလာကယ်ဖို့ပြောလိုက်”

 

ကလေးငယ်မှာ သူ၏မိဘများကြားမှ နာကြည်းချက်များကို နားမလည်ချေ။ သူ ဒီအတိုင်း အသက်ရှင်ချင်သည်။ ဒီနေရာက အလွန်အေးကာ ကြောက်ဖို့ကောင်းလွန်း၏။

 

နောက်ဆုံး ပါးစပ်ကိုဖွင့်ကာ ထပ်ခါထပ်ခါအော်လိုက်သည်။ “ဖေ‌ဖေ...သားကိုကယ်ပါ...ဖေဖေ...သားကိုကယ်...”

 

သို့သော် သူငိုရှိုက်နေသည့်အလယ်တွင် ဖုန်းမျက်နှာပြင်မှာမည်းမှောင်သွားသည်။ အမျိုးသားက ပြတ်ပြတ်သားသားဖြင့် ဖုန်းချလိုက်ကာ အမျိုးသမီး၏ဆက်သွယ်ရနိုင်သည့်အချက်အလက်များအားလုံးကို လျင်မြန်စွာ ဘလော့လိုက်သည်။

 

ကလေးငယ်၏တောင်းပန်တိုးလျှိုးမှုများက အစစ်အမှန်ဖြစ်ပြီး အမျိုးသမီး၏သေကြောင်းကြံစည်မည့် ခြိမ်းခြောက်မှုက စစ်မှန်နေသည့်တိုင် သူဂရုမစိုက်ခဲ့ချေ။ အချစ်အား သူမဘဝနှင့် သူမကလေး၏ဘဝထက်ပင် ပိုအရေးကြီးသည်ဟု ခံယူထားသော ရူးနှမ်းသွားသည့်အမျိုးသမီးမှာ သူ့အတွက် ပို၍ပြဿနာဖြစ်စေလိမ့်မည်။ သူ့တစ်ဘဝလုံး သူမ၏ချုပ်နှောင်မှုကို မဖယ်ရှားနိုင်ဘဲရှိနေမည်ဖြစ်ရာ အမေရောသားရောအား သန့်သန့်ရှင်းရှင်း သေခိုင်းလိုက်သည်က ပိုကောင်း၏။

 

အမျိုးသမီးက အမျိုးသား၏အသံကိုမကြားရတော့သည့်တိုင် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေဆဲဖြစ်၏။

 

“ကျွန်မရှင့်ကိုချစ်တယ်...တခြားသူတွေထက်တောင်ရှင့်ကိုပိုချစ်တာ...ဘာလို့ကျွန်မကို မချစ်နိုင်တာလဲ...ဘာလို့လဲ...ကောင်းပြီလေ ရှင်ကကျွန်မကိုမချစ်ဘူးပေါ့...ဒီတော့ ကျွန်မသွားသေလိုက်တော့မယ်...ရှင့်ရဲ့သားကိုပါ အတူခေါ်သွားမယ်...ရှင်နောင်တရစေရမယ်”

 

ကောင်ငယ်လေးမှာ သူ၏လျစ်လျူရှုမှုကို ရုတ်တရက်နားလည်သွားသည်။ အချစ်ကဆိုးဝါးသည့်အရာပင်။ သူ့အမေက ၎င်းမရှိဘဲ မရှင်သန်နိုင်ချေ။ ၎င်းမရှိဘဲ သူတောင် ရှင်သန်နိုင်ခွင့်မရှိပေ။

 

ဒါပေမယ့် ဘာလို့လဲ...

 

အချစ်က တကယ်ပဲ အဲ့လောက်တောင်အရေးပါလို့လား...

 

အချစ်ဆိုတာ ဘယ်လိုမျိုးလဲ...အဲ့ဒါက ဘာလို့ မြင်လည်းမမြင်နိုင်၊ ထိလည်းမထိနိုင်၊ ကိုင်ဆုပ်ထားလို့လည်း မရနိုင်တဲ့အရာဖြစ်နေတာလဲ...

 

မမြင်နိုင်၊ မထိနိုင်၊ မကိုင်ထားနိုင်ဘဲ သိမ်းဆည်းမထားနိုင်မှတော့ သူမလိုချင်ဘူး...အဆင်မပြေဘူးလား...အဲ့ဒါမရှိဘဲနဲ့လည်း ကောင်းကောင်းနေလို့မရနိုင်ဘူးလား...

 

စီးဆင်းနေသည့်မြစ်ပြင်ကျယ်ကြီးက သူ့အား ထိုရှုပ်ထွေးသည့်မေးခွန်းများကို နားလည်ရန်မစောင့်ချေ။ ရေများက သူ့ကိုယ်ကို ဖုံးလွှမ်းလာ၏။ နှာခေါင်းမှ စူးရှသည့်နာကျင်မှုနှင့် ရင်ဘတ်မှအသက်ရှူကြပ်မှုများက သူ၏တွေးတောနိုင်စွမ်းများကို ဖယ်ရှားသွားသည်။

 

ချက်ချင်းဆိုသလို ရှုပ်ထွေးနေသည့်အတွေးများအားလုံး ပျောက်ကွယ်သွား၏။ အကြောက်တရားများသာ ကျန်ခဲ့ကာ ကြီးစိုးလွှမ်းမိုး၍ယောက်ယပ်ခတ်နေပြီး မုန်တိုင်းတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။

 

ကောင်ငယ်လေးက လက်များနှင့်ခြေထောက်များကိုလှုပ်ရှားကာ အပြင်းအထန်ရုန်းကန်နေပြီး အကူအညီတောင်းခံရန်ကြိုးစား၏။ သို့သော် အေးခဲနေသည့်မြစ်ပြင်ကြယ်ကြီး၏ အောက်ဆီဂျင်များ ခိုးယူခြင်းကိုသာ ခံနေရသည်။ သူ့အမေက သံကဲ့သို့မြဲမြံနေသည့်လက်များနှင့် သူ့အား သေခြင်းတရားချောက်နက်ထဲသို့ ဆွဲခေါ်နေလေသည်။

 

ထိတ်လန့်နေပြီး ယခင်ကမခံစားခဲ့ဖူးသည့် ကြောက်ရွံ့မှုများက ဓားမြှောင်တစ်ချောင်းသဖွယ် သူ့နှလုံးသားကို ထိုးဖောက်နေကာ စိတ်ဝိညာဥ်အား တစ်စစီဆွဲဖြဲနေသည့်အလား ထိုပြင်းထန်သည့် နာကျင်မှုနှင့်စိတ်ပျက်အားငယ်မှုများက သူ့မှတ်ဉာဏ်ထဲတွင် ထာဝရထိုးထွင်းတည်ရှိနေတော့သည်။

 

သူသတိမေ့သွားသည့်နောက်ဆုံးစက္ကန့်တွင် ကောင်ငယ်လေးတွေးလိုက်၏။ ‘အချစ်က သေခြင်းတရားလိုပဲ နာကျင်ရတယ်မလား’

 

......

 

ကျန့်ချောင် အိပ်မက်ဆိုးထပ်မက်ပြန်သည်။ ၎င်းက ဆယ်စုနှစ်ကြာအောင်နေ့တိုင်း သူမက်လာခဲ့သည့် အိပ်မက်ဆိုးတစ်ခုဖြစ်သည်။

 

အိပ်မက်မှနိုးလာလျှင် ရေ‌‌အောက်မှတိုးထွက်လာခဲ့သည့်အလား ခေါင်း၌ချွေး‌အေးများဖြင့်ပြည့်နေတတ်သည်။

 

“ညွှန်ကြားရေးမှူး...ကျွန်မ ဒုတိယအဖွဲ့က ဒီဇိုင်းပုံတွေစုလာပါတယ်...ကျေးဇူးပြုပြီး ကြည့်ကြည့်ပါဦး” ကောင်းမွန်စွာ ဝတ်စားထားသည့် အမျိုးသမီးတစ်ယောက်က ရုံးခန်းတံခါးကိုခေါက်၍ အထဲသို့ဝင်လာကာ ဒီဇိုင်းပုံများအထပ်လိုက်ကို စားပွဲပေါ်သို့တင်လာသည်။

 

ကျန့်‌ချောင်သည် အပေါ်ဆုံးမှစာရွက်ကိုယူ၍ ကြည့်လိုက်၏။ ၎င်းက ကျောက်စိမ်းလည်ဆွဲ၏ ဒီဇိုင်းပုံဖြစ်သည်။ တောက်ပနေသည့်ပုံစံက တကယ်ကိုတော်ဝင်ဆန်သော်လည်း လုပ်ဆောင်ရာတွင်တော့ ခက်ခဲလေသည်။

 

ထိပ်တန်းကျောက်မျက်ရတနာဒီဇိုင်နာတစ်ယောက်အဖြစ် ကျန့်ချောင်သည် လျင်မြန်စွာဖြင့် ပြဿနာများနှင့် အပြစ်အနာအဆာများကို ရှာလိုက်သည်။ သူက ပုံများအားတစ်ရွက်ပြီးတစ်ရွက် ကြည့်နေ၏။ အမူအရာများက တည်တည်ငြိမ်ငြိမ်ရှိနေကာ မှတ်ချက်များပေးမလာချေ။

 

ဒုတိယအဖွဲ့၏ခေါင်းဆောင်အနေနှင့် အမျိုးသမီးမှာ သူ့အတွေးများအပေါ် မ‌ရေမရာဖြစ်နေသောကြောင့် မျက်နှာတွင် ရတက်မအေးမှုအချို့ကိုဖော်ပြနေ၏။ သူမ ပါးစပ်ဖွင့်၍ တစ်ခုခုပြောတော့မည့်အချိန်တွင် ပင်ပန်းနွမ်းနယ်နေသည့်မျက်နှာနှင့် မိန်းမတစ်ယောက်က ရုံးခန်းထဲသို့ပြေးဝင်လာသည်။ သူမက ကျန့်ချောင်၏ စားပွဲပေါ်သို့လှဲချကာ ဒီဇိုင်းပုံအထပ်လိုက်အား တိုက်ချပစ်လိုက်လေသည်။

 

အဖွဲ့ခေါင်းဆောင် အနောက်သို့ဆုတ်လိုက်၏။ သူမ၏မျက်နှာတွင် အံ့ဩမှုများရှိမနေချေ။ သို့သော် ကျန့်ချောင်၏ ဆွဲဆောင်ခြင်းခံရသည့် အမျိုးသမီးနောက်တစ်ယောက်ကတော့ တံခါးဆီသို့ ရောက်လာ၏။ လူရှုပ်ပဲ...။

 

သူမထိုအကြောင်းတွေးလိုက်ချိန်တွင် ဒုတိယအဖွဲ့ခေါင်းဆောင်သည် ခေါင်းမော့လာပြီး ကျန့်ချောင်အား လျင်မြန်သည့် အကြည့်တစ်ချက်ပေးလိုက်သည်။

 

သူမအခန်းထဲသို့ဝင်လာပြီး ဒီဇိုင်းများကို ပေးလိုက်သည့်အချိန်မှစ၍ ယခုက သူမ ညွှန်ကြားရေးမှူး၏ မျက်နှာအား ပထမဆုံးအကြိမ်ကြည့်ခြင်းဖြစ်သည်။ သေချာသည်ကတော့ ၎င်းအတွက်အကြောင်းအရင်းက သူ့အပေါ်ရွံရှာ၍၊ အထင်သေး၍ မဟုတ်ချေ။ သူ့ကိုပြန်မကြည့်ရဲသည့် အကြောင်းအရင်းက အမြဲတမ်း ငေးမောကြည့်၍ အဆုံးသတ်သွားတတ်သောကြောင့်ဖြစ်သည်။

 

ကျန့်ချောင်၏အသားအရေက အမြဲဖြူဖျော့နေကာ နက်မှောင်နေသည့်မျက်လုံးများက အလင်းရောင်အားလုံးကို ဝါးမျိုထားသည့်အလား မြူခိုးအလွှာလေးနှင့်ပြည့်နေ၏။ ချောမောသော်လည်း သူ့အလှက ငယ်ရွယ်မှုအားမာန်များ၊ အလင်းရောင်နှင့် ပြတ်သားမှုတို့ပါဝင်မနေချေ။

 

ဖော်ပြရမည်ဆိုလျှင် ပျက်ဆီးခြင်းရနံ့များထုံလွှမ်းနေပြီး အချိုဓာတ်များဖြင့် ပြီးပြည့်စုံစွာ ပွင့်လန်းနေသည့် ပန်းတစ်ပွင့်နှင့်တူသည်။ သူသည် လှပကာ လျှို့ဝှက်ဆန်းကြယ်ပြီး ညှို့အားကောင်းသော်လည်း မှုန်မှိုင်း၍ သရုပ်ပျက်နေသည်မှာ သေစေနိုင်လောက်သည့်အထိပင်။

 

တစ်ခါတရံတွင် အဖွဲ့ခေါင်းဆောင်သည် သူမအရှေ့တွင်ရှိနေသည့်သူမှာ အစစ်အမှန်မဟုတ်ဘဲ မြူခိုးငွေ့ကဲ့သို့ပင် လက်တစ်ချက်ဝှေ့လိုက်ရုံဖြင့် ပျောက်ကွယ်သွားနိုင်သည်ဟု ခံစားမိသည်။

 

ထိုအတွေးများကြားတွင် သူမကိုယ်သူမ စားပွဲပေါ်ပစ်တင်ထားသည့် မိန်းမက ဆွဲဆွဲငင်ငင်ဖြင့် ပြောလာသည်။

 

“ကျန့်ချောင်...ကျွန်မသေတော့မှာရှင်သိလား...ကျေးဇူးပြုပြီး ကျွန်မကိုလက်ထပ်ပါ”

 

သူမက ကျန့်ချောင်၏နက်ခ်တိုင်ကိုကိုင်ရန် လက်ဆန့်ထုတ်လိုက်သော်လည်း ယခုလေးတင်ရောက်လာသည့် အတွင်းရေးမှူး၏ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။

 

ကျန့်ချောင်က သူ့ခုံတွင်ရှိနေပြီး ထိုမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေ၏။ သူ၏မျက်လုံးနက်များတွင် မြူစိုင်များပြည့်နေဆဲဖြစ်ပြီး ခံစားချက်တစ်စုံတစ်ရာရှိမနေချေ။ နာနာကျင်ကျင်တောင်းပန်ခြင်းနှင့် အသည်းအသန်ငိုကြွေးနေသည့်မျက်နှာများစွာကို သူတွေ့မြင်ခဲ့ပြီးပြီဖြစ်သည်။

 

“ပြဿနာမရှာစမ်းနဲ့...ညွှန်ကြားရေးမှူးကျန့်က မင်းနဲ့ဘာမှလုပ်စရာမရှိဘူး...သူကဘာကိစ္စ မင်းနဲ့လက်ထပ်ရမှာလဲ...ညွှန်ကြားရေးမှူးကျန့်က မင်းရဲ့ ကင်ဆာကုသရေးအတွက် ပိုက်ဆံပေးထားတဲ့သူ...လွန်ကဲမလာနဲ့”

 

အတွင်းရေးမှူးမှာ အလွန်ဒေါသထွက်နေသောကြောင့် အသံကခက်ထန်နေသည်။

 

ဤမိန်းမက ကျန့်ချောင်နှင့်ညလုံးပေါက် နှစ်ယောက်တည်းအတူနေခဲ့ရုံဖြစ်သည်။ တိတိကျကျဆိုရမည်ဆိုလျှင် ကျန့်ချောင်က ဆိုဖာပေါ်တွင်ထိုင်ပြီး ထိုမိန်းမစကားပြောသည်ကို တစ်ညလုံးနားထောင်‌ပေးခဲ့သည်။ နောက်တစ်နေ့မနက်ခင်းတွင် သူသည် တစ်ညလုံးပြောဆိုထား၍ ခြောက်သွေ့နေသောသူမ၏ ပါးစပ်ကို သနား‌သောကြောင့် ရက်ရက်ရောရောပေးခဲ့၏။

 

နှစ်ယောက်ကြားတွင် ဘာမှမဖြစ်ပျက်ခဲ့ချေ။ နှစ်ပေါင်းများစွာ ကုသမရနိုင်သည့် အိပ်မပျော်သည့်ရောဂါ ခံစားနေရသော ကျန့်ချောင်သည် ညဘက်တွင်အဖော်ပြုရန် သို့မဟုတ် အဓိပ္ပာယ်မရှိသည့်စကားလုံးအချို့ကို နားထောင်ပေးရန်လိုအပ်၏။ ၎င်းကသာ သူ့အနောက်သို့လိုက်နေသည့် အိပ်မက်ဆိုးများကို ပြန်လည်တိုက်ခိုက်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

 

မိန်းမဖြစ်စေ ၊ယောက်ျားဖြစ်စေ ကိစ္စမရှိချေ။ တစ်ညလုံး တိတ်ဆိတ်မသွားဘဲအထီးကျန်မသွားရသည်အထိ စကားပြောနိုင်သည့်သူရှိနေပါက ကျန့်ချောင် သူတို့ကိုကြိုဆိုနေမည်ဖြစ်သည်။ သူ၏အပြုအမူများက ပြင်ပကမ္ဘာအတွက် အထင်လွဲမှုများနှင့်ခန့်မှန်းချက်များကို ဖြစ်ပေါ်စေသောကြောင့် “လူရှုပ်လူပွေ” ဆိုသည့် ခေါင်းစဥ်က သူ့ခေါင်းပေါ်တွင် အတပ်ခံရလေသည်။

 

ဤမိန်းမက ကျန့်ချောင်အား တစ်ညအဖော်ပြု‌ပေးခဲ့သော်လည်း “စည်းဘောင်” ဆိုသည်ကို နားမလည်သည်မှာ သိသာလှသည်။ ရူးသွပ်သည့် ချည်နှောင်မှုအနောက်သို့လိုက်ရင်းဖြင့် သူမ၏အပြုအမူများမှာ တစ်ဆင့်ပြီးတစ်ဆင့် ပိုပြင်းထန်လာပြီးနောက် ထိန်းချုပ်မှုလုံးဝကင်းလွတ်သွားတော့သည်။

 

လွန်ခဲ့သည့်လဝက်လောက်၌ ထိုမိန်းမသည်ဆက်သွယ်လာ၍ သူမတွင်ကင်ဆာရှိကြောင်းပြောကာ သူမ၏ တိုတောင်းစွာကျန်ရှိတော့သည့်အချိန်ကြောင့် သူမကိုလက်ထပ်ရန် ကျန့်ချောင်အား တောင်းပန်လာခဲ့၏။

 

ကျန့်ချောင်က ကင်ဆာကုသရေးအတွက် သူမအား မီလီယံတစ်ဝက်ပေးခဲ့သော်လည်း လက်ထပ်ရန်တောင်းဆိုမှုကိုတော့ လျစ်လျူထားခဲ့သည်။

 

အတွင်းရေးမှူးက သူ့အား ပိုက်ဆံမပေးခင် အမှန်တရားအားစစ်ဆေးကြည့်ရန် သတိပေးခဲ့သော်လည်း ကျန့်ချောင်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလာခဲ့၏။ “အသက်တစ်‌ချောင်းက အရေးပါတယ်...သူမကို ပေးလိုက်ပါ”

 

အသက်တစ်ချောင်းက အရေးပါသောကြောင့် ကောင်းကောင်းနေထိုင်ရမည်။ ၎င်းက ကျန့်ချောင်အမြဲတစေ ယုံကြည်ထားသည့် အတွေးအခေါ်ဖြစ်၏။

 

မီလီယံတစ်ဝက်လောက်က မိန်းမတစ်ယောက်ကို အသက်ရှင်စေပြီး ၎င်းကသူ့အတွက် အများကြီးမဟုတ်ချေ။

 

သို့သော် သူ၏ကောင်းမွန်သည့်စိတ်ရင်းများက ရလဒ်ကောင်းများကို ယူဆောင်မလာခဲ့ပေ။ ထိုမိန်းမက သူမအိတ်ထဲမှ ဓားကိုထုတ်လိုက်ကာ အတွင်းရေးမှူး၏လက်ကို လှမ်းဖြတ်လိုက်ပြီးနောက် ကျန့်ချောင်၏နှလုံးသားဆီသို့ ချိန်ရွယ်၍ တိုးဝင်လာခဲ့သည်။

 

ပြင်းထန်သည့် နာကျင်မှုက ကျန့်ချောင်၏ခန္ဓာကိုယ်ကို ပျံ့နှံ့သွားပြီး မြူခိုးဝေနေသောမျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် အံ့ဩမှုများ ပြသလာခဲ့သည်။ သူက ထိုမိန်းမ၏ဓားကိုင်ထားသည့်လက်ကိုကိုင် အက်ရှနေသည့် အသံဖြင့် မေးလိုက်၏။

 

“ဘာလို့လဲ”

 

ဤမိန်းမ ဘာကြောင့်သူ့ကိုသတ်ရသလဲ သူနားမလည်ချေ။

 

“ဘာလို့ဆို ရှင့်ကိုချစ်လို့...အဲ့ဒါကြောင့် ရှင်သေရမယ်ဆိုရင်တောင် ရှင့်ကိုကျွန်မနဲ့အတူခေါ်သွားမယ်...ကျွန်မတို့ ဘယ်တော့မှ ကွဲသွားတော့မှာမဟုတ်ဘူး” ထိုမိန်းမက မျက်နှာတွင် နှိုင်းယှဥ်မရနိုင်သည့် ကျေနပ်မှုများဖြင့် ပြုံးနေ၏။

 

အချစ်ပဲလား...ဒါလည်း ထပ်ပြီးအချစ်ကြောင့်ပဲလား...။

 

ဒီတော့ အချစ်ကိုမရနိုင်တဲ့အခါ ဖျက်ဆီးပစ်ကြတာလား...။

 

ကျန့်ချောင် ခေါင်းငုံ့လိုက်ကာ သူ၏သွေးစွန်းနေသော ရင်ဘတ်ကိုကြည့်၍ ပထမဆုံးအကြိမ်အဖြစ် ရယ်လိုက်မိသည်။

 

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက အိပ်မက်ဆိုးက နောက်ဆုံးတွင် နက်ရှိုင်းသည့်မြစ်ပြင်ကျယ်အောက်ခြေမှ တိုးထွက်လာကာ သူ့ခြေကျင်းဝတ်ကိုကိုင်ဆွဲပြီး အချိန်တော်တော်ကြာအောင်စောင့်နေခဲ့သည့် ချောက်နက်ထဲသို့ ဆွဲခေါ်သွားတော့သည်။ သူ့မျက်လုံးထဲမှ မြူခိုးများ ရှင်းလင်းသွားသော်လည်း အလင်း‌ရောင်တော့ ရှိမနေချေ။ သေခြင်းတရားက အလင်းရောင်အားလုံးကို ခေါ်ဆောင်သွားပြီဖြစ်သည်။

 

......

 

“အရှင်...နောက်ဆုံးတော့ နိုးလာပြီ...ကောင်းလိုက်တာ...ဒီဆိုလတ်မြို့ ဘေးကင်းပြီ”

 

မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်တွင် ထိုစကားလုံးများက ကျန့်ချောင်၏နားထဲသို့ ဝင်ရောက်လာသည်။

 

ရင်ဘတ်ကို ဖိကိုင်၍ ဖြေးဖြေးချင်းထလာရာ စကားပြောနေသည့်သူက သူ့ကုတင်ဘေးတွင် မျက်လုံး၌မျက်ရည်များရစ်ဝဲနေပြီး အလွန်အမင်းကြောက်ရွံ့နေသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်လူမှာ ဆံပင်အနီရောင်များရှိပြီး မျက်အိတ်ကြီးကြီးမျက်လုံးများဖြင့် ဥရောပနှင့်အမေရိကန်လူမျိုးမှန်း သိသာလှသည်။ ယခုလေးတင် သူပြောလိုက်သည့်စကားလုံးများမှာ တရုတ်စကားမဟုတ်ဘဲ အင်္ဂလိပ်စကားဖြစ်နေ၏။

 

ကျန့်ချောင်သည် သူ့နှလုံးကိုပြင်းပြင်းဖိလိုက်ရာအနည်းငယ်နာကျင်သွားသည်။ ၎င်းက သူတကယ်အသက်ရှင်နေမှန်း သက်သေပြနေ၏။

 

ကုတင်ဘေးတွင်ရပ်နေသည့်လူက သူ၏လက်ကောက်ဝတ်သေးသေးလေးကို ဆုပ်ကိုင်လာပြီး သူ့ကို အကောင်းဆုံးကြိုးစား၍ နှစ်သိမ့်လာသည်။

 

“အရှင်...ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် နှိပ်စက်တာရပ်ပါ‌တော့...အရှင့်ရဲ့ မိဘတွေက ကောင်းကင်ဘုံကိုရောက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ပါဘူး...အခုလုပ်သင့်တာက ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ပါပဲ...အရှင့်ရဲ့ လူတွေက အရှင့်ကို လိုအပ်တယ်...အရှင့်ရဲ့မြို့တော်က အရှင့်ကိုလိုအပ်တယ်...အရှင့်ရဲ့အစေခံတွေလည်း အရှင့်ကို လိုအပ်ပါတယ်...ကျေးဇူးပြုပြီး စိတ်ပျက်အားငယ်နေတာတွေကို ရပ်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နေပါတော့”

 

ထိုလူက အရင်ခေတ်မှ အင်္ဂလိပ်အသုံးအနှုန်းများကိုသုံးနေ၏။ သဒ္ဒါတည်ဆောက်ပုံနှင့် စကားလုံးအထားအသိုများက ခေတ်သစ်အင်္ဂလိပ်နှင့်လုံးဝကွာခြားနေသည်။

 

ခေတ်သစ်လူငယ်တစ်ယောက်အနေနှင့် ကျန့်ချောင်သည် ထိုစကားလုံးများကို နားမလည်သင့်သော်လည်း သူ့ကိုအံ့အားသင့်သွားစေသည်က သူ၏မိခင်ဘာသာစကားကဲ့သို့ အဓိပ္ပာယ်များကိုနားလည်နိုင်နေခြင်းပင်။

 

သူချက်ချင်း ကုတင်ဘေးဆန့်ကျင်ဘက်တွင်တင်ထားသည့် ဖန်သားပြင်ကိုကြည့်လိုက်သည်။ တဖြည်းဖြည်း‌ဝေးဝါး‌နေရာမှ သူကိုယ်တိုင်ကဲ့သို့ ဖြူဖျော့ပိန်ပါးကာ မှုန်မှိုင်းနေသည့် လူငယ်လေးတစ်ယောက်က ခေါင်းအုံးကိုမှီနေသည်ကို မြင်လာရသည်။ သို့သော် လူငယ်လေး၏အသွင်အပြင်များက ပိုမိုပေါ်လွင်ကာ သူကိုယ်တိုင်ထက် ပိုလှပ၏။

 

ယခင်ကျန့်ချောင်က သေဆုံးသွားခဲ့ပြီး ယခုတွင် သူသည်အခြားအချိန်နှင့်အာကာသသို့ ရောက်နေကာ အခြားတစ်ယောက်အဖြစ်ဖြစ်လာသည့်ပုံပင်။

 

နားလည်သွားပြီးနောက် ကျန့်ချောင်က ဖြေးချင်းစွာဖြင့် ရင်ဘတ်ကိုဖိကိုင်ထားသည့်လက်ကိုချလိုက်သည်။ ထိုအစား နဖူးကိုကိုင်လိုက်၍ သက်ပြင်းချလိုက်၏။

 

သူ၏သက်ပြင်းချသံက လေးနက်ပြီး ပင်ပန်းနွမ်းနယ်နေသော်လည်း သူကျေးဇူးတင်မိသည်။

 

မည်သို့ပင်ဖြစ်နေပါစေ၊ အဆုံးမဲ့သည့်အိပ်မက်ဆိုးများကိုထပ်မံ‌ရင်ဆိုင်ရပြီး နောက်တစ်ကြိမ် ရုတ်တရက်ဆန်သည့် ကပ်ဆိုးကြောင့်ချောက်နက်ထဲသို့ ဆွဲခံသွားရပါစေဦး၊ အသက်ဆက်လက်ရှင်သန်ရခြင်းက သူ့အတွက်ကောင်းလှသည်။