Chapter 4
Viewers 840

👊Chapter (4)

 နာမည်ကစကားပြောခြင်း




ရိဂ်ကလှည်းထဲတွင် ရွှေဓားကိုင်၍ ထိုင်နေ၏။ သူ၏စိတ်မရှည်ဖြစ်နေသည့်အမူအရာများက စိတ်ဝင်စားမှုများဖြင့် အစားထိုးခံလိုက်ရသည်။ 


တုံးအသည့်ပြိုင်ဘက်များကို သူမကြိုက်ချေ။ ဖလားဝါးဗေးလ်မြို့စားသာ ဂရန်းဒဲကိုဝင်လာချိန်၌ ဘုရင်၏ သဘောကျခံရခြင်းကို အားကိုး၍ မစော်ကားသင့်သည့်သူကိုစော်ကားကာ သူကိုယ်တိုင်နှင့်သူ့မိသားစုကို ပျက်စီးသွားစေနိုင်သည့် ကြံစည်မှုသို့ကျ‌‌ရောက်သွားမည်ဆိုပါက အလွန်ပျင်းစရာကောင်းနေလိမ့်မည်။ 


ဒီဆိုလတ်ကဲ့သို့ ကျတ်တီးမြေကို ပန်းများ၊ ကျောက်မျက်ရတနာများဖြင့်ဖုံးလွှမ်းနေပြီး တိုးတက်ကြွယ်ဝသည့် မြို့တစ်မြို့ဖြစ်လာအောင်ပြောင်းလဲနိုင်ခဲ့သော ရာဇဝင်တွင်သည့်ဖလားဝါး‌ဗေးလ်မြို့စားက အင်္ကျီလက်ထဲတွင် လှည့်ကွက်အနည်းငယ်ဖြင့် ကြောက်မက်ဖွယ်ရာပုဂ္ဂိုလ်တစ်ဦးဖြစ်ရမည်။ 


၎င်းကိုမတွေးမိသောဒန်ကန်က တကယ်ကိုအရူးပင်။ သူဖန်တီးထားသည့်ထောင်ချောက်က အဓိပ္ပာယ်မရှိလောက်အောင် ရိုးရှင်းလွန်းလှ၏။ 


ထိုအကြောင်းကိုတွေးရင်း ရိဂ်ကသူ့ဘေးရှိလူကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြောင်မှုအပြည့်ဖြင့် နှုတ်ခမ်းများကအပေါ်သို့ မြင့်တက်သွား၏။


ဒန်ကန်က ရိဂ်၏စိတ်အခြေအနေများပြောင်းလဲသွားသည်ကို သတိမထားမိချေ။ လက်ထဲတွင် အိတ်ဆောင်နာရီကိုကိုင်၍ စက္ကန့်နှင့်မိနစ်လက်တံများ၏လှုပ်ရှားမှုကိုသာ ကြည့်နေ၏။ တဖြည်းဖြည်းဖြင့် သုံးနာရီ‌ကျော်လွန်သွားပြီး သူ၏စိတ်ရှည်သည်းခံနိုင်စွမ်းများကလည်း ကုန်ဆုံးတော့မည်။ 


“သောက်ကျိုးနည်း...ဖလားဝါးဗေးလ်မြို့စားက ဘာတွေတွေးနေတာလဲ...နောက်ကိုဆုတ်ရင်လည်းဆုတ် ဒါမှမဟုတ် အရှေ့ကိုတက်လာပြီး ပြဿနာရှာရမှာကို...ငြိမ်နေတယ်ဆိုတော့ ဘာကိုဆိုလိုတာလဲ” အရှင်ဒန်ကန် တိုးတိုးလေးဆဲရေးလိုက်၏။ 


တစ်ချိန်တည်းမှာပင် ကျန့်ချောင်၏အမျိုးသားအစေခံများလည်း မေးခွန်းထုတ်လာ၏။


 “အရှင်...ဘာလို့ဒီမှာပဲ ရပ်နေပြီး ဆက်မသွားတာလဲ...မှောင်စပျိုးလာပြီ...မြို့ထဲကိုမြန်မြန်ဝင်ရမယ် မဟုတ်ရင် ဝံပုလွေတွေနဲ့ တွေ့ရလိမ့်မယ်...”


ကျန့်ချောင်က အခင်းခင်းထားသည့်ထိုင်ခုံအနောက်သို့မှီကာ မျက်လုံးမှိတ်၍ အနားယူနေသည်။ အချိန်များကုန်လွန်သွားခြင်း၊ နေ့အလင်းရောင်ဖျော့တော့လာခြင်းနှင့် အဝေးမှဝံပုလွေအူသံများက သူ၏အေးချမ်းမှုကို မနှောင့်ယှက်နိုင်ချေ။ 


“ငါတို့ကအဝေးကနေ အစားအစာ၊ သောက်စရာ၊ စောင်တွေလုံလုံလောက်လောက်နဲ့လာခဲ့ကြတာ...ဘယ်လောက်ကြာကြာ ‌စောင့်လို့ရတယ်...ဒါပေမယ့် သူတို့က မတူဘူး...သူတို့က အစီအစဥ်မရှိဘဲထွက်လာခဲ့ကြတာ...ညအတွက်ဘာမှယူမလာခဲ့ကြဘူး...ညရောက်လာလို့ သူတို့အားလုံး အေးခဲမွတ်သိပ်ဆာလောင်လာကြရင် ငါတို့ကိုစကားလာပြောလိမ့်မယ်...အဲ့ကျရင် အရှင်ဒန်ကန် ဘယ်လိုလှည့်ကွက်မျိုးကစားနေလဲဆိုတာ သိရလိမ့်မယ်”


ကျန့်ချောင်ကမျက်လုံးများပိတ်၍ ဖြည်းဖြည်းချင်းရှင်းပြလိုက်သည်။ 


တကယ်တမ်းတွင် အရှင်ဒန်ကန်၏နောက်ခံက မည်သည့်အရာမှန်း သူခန့်မှန်းနိုင်၏။ ဩဇာအာဏာမရှိသည့် တတိယအဆင့်မျိုးရိုးမြင့်တစ်ဦးဖြစ်သည့်တိုင် ဂရန်းဒဲ၏စီးပွားရေးအား ရေထဲမှငါးလိုပင် ကျွမ်းကျွမ်းကျင်ကျင်ရှိသည်။ သူ့တွင် အဆင့်မြင့်သည့်ဂရန်းဒဲမိသားစုဝင်တစ်ယောက်ယောက်နှင့် လက်တွဲထားသည့် ဆက်ဆံရေးရှိလိမ့်မည်။ 


ဒီဆိုလတ်မြို့တော်က ဂလော်ရီယာ၏အဝေးလံဆုံးနေရာတွင်တည်ရှိပြီး ဤခေတ်၏ ကူးသန်းသွားလာရေးနှင့် အချက်အလက်စီးဆင်းမှုများက အလွန်အားနည်းနေသေးသည်။ သူ့မိသားစုစီးပွား‌ရေးကို ချဲ့ထွင်ခဲ့သည့် ကျန့်ချောင်ကမင်းမျိုးမင်းနွယ်အသိုင်းအဝိုင်းတစ်ခုလုံး၏လျှို့ဝှက်ချက်များကို လိုက်လံစုံစမ်းနေရန် အချိန်မရှိချေ။ 


ဤအရှင်ဒန်ကန်၏နောက်ခံ သို့မဟုတ် သူ့အနောက်တွင်ရှိနေသည့်လူကို သူအတိအကျမသိချေ။ သို့‌သော် မည့်သည်အခြေအနေတွင်ဖြစ်စေ သတိကပ်ထားခြင်းက ကောင်းသည်။ အခြေအနေကမရှင်းလင်းလေ၊ ပို၍တည်တည်ငြိမ်ငြိမ်ရှိရမည်ပင်။ 


ပြန်လည်သုံးသပ်နေသည့် ဤအခိုက်အတန့်ပြီးနောက် ခေါင်းလောင်းနှင့်ဗုံသံများကတောင်ကုန်းတောင်တန်းများကို ဖြတ်၍ မြူစိုင်ထုထဲသို့ ပျံ့နှံ့လာသည်။ ၎င်းက ဝေးလံသည့် မြို့တော်မှဖြစ်ပြီး ညသို့ချဥ်းကပ်လာပြီဖြစ်ကြောင်း အသိပေးနေခြင်းဖြစ်သည်။


ခေါင်းလောင်းသံများကို ကြားသောအခါ ဝံပုလွေများက ကျယ်လောင်စွာအူလာကြ၏။


ကျန့်ချောင်ကမျက်လုံးများကိုဖွင့်ကာ လက်ဝှေ့ယမ်းပြလိုက်၏။ “စားဖိုမှူးကို ညစာပြင်ခိုင်းလိုက်တော့”


“ဒီနေရာမှာလား” အစေခံနှစ်ယောက်မှာ တွ့န်ဆုတ်နေသည်။ 


မြူခိုးအလွှာလေးက ‌ကောင်းကင်မှဖြာကျလာကာ တောတောင်နှင့်ကွင်းပြင်များကိုဖြန့်၍ လမ်းပေါ်သို့ ကျရောက်လာသည်။ မြေပေါ်တွင် ရွှံ့များထူထပ်နေ၏။ ၎င်းက အစားစားရန် သင့်တော်သည့်နေရာမဟုတ်ချေ။ 


“ဒီမှာပဲ” ကျန့်ချောင်တည်ငြိမ်စွာပြောလိုက်၏။ “မှောင်လာပြီ...တစ်ဖက်ကဧည့်သည်တွေကို အစားအသောက်တွေ၊ ဝိုင်တွေရဲ့ အနံ့တွေ ခံစားခိုင်းလိုက်...သူတို့မြန်မြန်လေး လှုပ်ရှားလာလိမ့်မယ်...ငါတို့ဘက်က စောင့်နိုင်ပြီး သူတို့မတတ်နိုင်တာကို နားလည်သွားကြလိမ့်မယ်”


“ကောင်းတယ်...အရှင်...ကျွန်တော်တို့ ညစာချက်ချင်း ပြင်လိုက်ပါ့မယ်...ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ” အမျိုးသားအစေခံနှစ်ယောက်က ချက်ချင်း လှည်းပေါ်မှခုန်ဆင်းကြပြီး စတင်လုပ်ကိုင်ကြတော့သည်။


ဆယ်မိနစ်ကြာပြီးနောက် အရှင်ဒန်ကန်က အိတ်ဆောင်နာရီကို ကြမ်းပြင်သို့ပစ်ပေါက်လိုက်ပြီး သူ၏အော်ဟစ်နေသည့်ဗိုက်ကိုဖိ၍ ဆဲရေးတော့သည်။ “အကောင်စုတ်...သူတို့တွေ တကယ်တော့ စတိတ်ခ်ချက်နေကြတာပဲ...ဝိုင်နီတစ်စည်ကိုတောင်ဖောက်လိုက်သေးတယ်...ဒီမှာတစ်ညလုံးနေဖို့ စီစဥ်နေကြတာလား”


အခြားလှည်းများပတ်လည်တွင် ထောင်‌ထောင်မောင်းမောင်းသူရဲကောင်းများ ရပ်နေကြပြီး ပေါင်မုန့်ဖုတ်ကာ မီးဖိုပေါ်တွင် စတိတ်ခ်ကိုကင်နေကြသည်။ လူများက သူ၏ဝိုင်ခွက်များကိုမြှောက်၍ “ချီးယား” ဟု အော်ဟစ်နေကာ ရယ်သံများက တောထဲမှငှက်များကိုပင် လန့်သွားစေသည်။ 


ဖလားဝါးဗေးလ်စားသောက်ရန်အတွက် အစေခံနှစ်ယောက်သည် ဟင်းပူပူလေးတစ်ပန်းကန်ပြီးတစ်ပန်းကန်ကို လှည်းထဲသို့ ယူဆောင်သွားသည်။ သို့သော် သူက အစမှအဆုံးအထိ လုံးဝထွက်ပေါ်မလာဘဲ အရှင်ဒန်ကန်က ဘာကြောင့်လမ်းကိုပိတ်ရသည်ကိုလည်း မည်သူ့ကိုမှလွှတ်၍မမေးခိုင်းခဲ့ချေ။


သူဘာမှကိုမလုပ်ခဲ့ချေ။ ဤလျစ်လျူရှုနေသည့်သ‌ဘောထားက တကယ့်ရန်ပွဲထက် အရှင်ဒန်ကန်ကို ပို၍နာကျင်စေ၏။


အစားအသောက်များနှင့်ဝိုင်များ၏ရနံ့များက တောင်လေအေးများကြောင့် သူတို့ဆီပျံ့လွင့်လာကာ အရှင်ဒန်ကန်ကို သွားရည်ကျလာစေတော့သည်။ 


သူကခေါင်းလေးလှည့်၍ တစ်ဖက်ကိုကြည့်ကာ စိတ်ညစ်ညူးနေလျက်မေးလိုက်၏။ 


“ဘာလုပ်ကြမလဲ...ဒီလိုပဲ ဆက်နေမှာပါလား”


ရိက္ခာများမရှိဘဲမနေနိုင်သောကြောင့် နောက်ဆုံးမေးခွန်းတွင် သူယုံကြည်ချက်များပျောက်ဆုံးနေ၏။ ညရောက်လာသည့်အခါ အေးခဲမွတ်သိပ်မှုများက သူတို့၏အသားအရေများကို ဆွဲဖြဲလိမ့်မည်။ ယခုတွင် တစ်ခုတည်းသောနည်းလမ်းက ရိဂ်ကိုယ်တိုင်ထွက်၍ ဖလားဝါး‌ဗေးလ်မြို့စားကို အနောက်သို့ဆုတ်ဖို့ အမိန့်ပေးရန်သာကျန်တော့သည်။ 


ထိုသို့ဆိုလျှင် သူ၏မျှော်လင့်ချက်ပြည့်နေသည့် အကြံအစည်က လုံးဝရှုံးသွားသော်လည်း အနည်းဆုံးတော့ သူမျက်နှာကိုမ‌ဆုံးရှုံးရချေ။ 


ရိဂ်က ဒန်ကန်အား အေးစက်စွာစိုက်ကြည့်လိုက်၏။ သူသိသိသာသာကို စိတ်ကုန်နေလေပြီ။


တံခါးကိုတွန်းဖွင့်ကာ သူ့ကိုကူညီရန်လာသည့်သူကို လက်ခါပြလိုက်ပြီး တစ်ဖက်မှကမ်းပေးလာသည့် ဆိတ်သားရေကုတ်ကို ငြင်း၍ ခုန်ချလိုက်သည်။ 


သူ၏ပိုးသားအင်္ကျီသည် မိုးရေများဖြင့် လျင်မြန်စွာစိုစွတ်သွား၏။ ၎င်းက သူ့ခန္ဓာကိုယ်အပေါ် ကပ်နေကာ သူ့ကြွက်သားများ၏ အားကောင်းသည့်ကောက်ကြောင်းများကို ဖော်ပြနေသည်။ သူက ဘွတ်ဖိနပ်များက မြေကြီးကို ပြင်းပြင်းထန်ထန်ဆောင့်၍ ခြေလှမ်းကျဲများဖြင့် လျှောက်သွားရာ သူ့အနောက်တွင် ရွှံ့ဗွက်များက ဗွက်ထ၍ကျန်ခဲ့သည်။ အဝတ်အစားနှင့်ဟန်ပန်အမူအရာများအရ ဤထိုးထိုးထောင်ထောင်နှင့် ထိန်းထိန်းသိမ်းသိမ်းမရှိသည့်လူက ကောင်းကောင်းမွန်မွန်ဝတ်စားသည့် မင်းမျိုးမင်းနွယ်များနှင့် ထူးမခြားနားပင်။ 


သူက လက်ရုံးရည်နှလုံးရည်ရှိသည့် သူရဲကောင်းများထက် အရပ်ပိုရှည်ပြီးပိုသန်မာကာ လမ်းများကိုကြီးစိုးသည့် ဓားပြများထက်ပင် ပို၍အရိုင်းဆန်ပြီး စိတ်မြန်လက်မြန်ရှိသည်။ 


သူပေါ်လာသည်နှင့် ကျန့်ချောင်၏သူရဲကောင်းများကအစားစားနေခြင်းကို ရပ်လိုက်ကြသည်။ လက်တွင်သွေးစွန်းနေသည့်သူများကသာ သူတို့နှင့်တူညီသည့်လူများကို တိတိကျကျသိရှိနိုင်သည်။ ထို့ကြောင့် ဤရုတ်တရက်ချဥ်းကပ်လာသည့်သူမှာ အလွန်အန္တရာယ်များကြောင်း လျင်မြန်စွာနားလည်လိုက်ကြသည်။ 


နောက်တစ်စက္ကန့်တွင် သူရဲကောင်းများက ဓားများကိုဆွဲထုတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်ကြတော့သည်။ 


ရိဂ်က ဖာသိဖာသာဖြင့် နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး ခြေလှမ်းကျဲများဖြင့် ဆက်လျှောက်လာကာ သူ့ဆံပင်ကိုစည်းနှောင်ထားသည့် ဖဲကြိုးလေးမြေကြီးပေါ်သို့ ဘယ်အချိန်တွင် ပြေကျသွားသည်ကို သတိမထားချေ။ နဖူးပေါ်မှ စိုနေသည့်ဆံပင်များကို သပ်တင်လိုက်ကာ အချိန်မရွေးတိုက်ခိုက်လာနိုင်သည့် သူရဲကောင်းများကို ကြည့်မည့်အစား ရှေ့ဆုံးလှည်း၏ပြတင်းပေါက်ဆီသို့ တည့်တည့်သွားလိုက်သည်။ 


၎င်းက အလွန်ထောင်လွှားသည့် လှုပ်ရှားမှုဖြစ်သည်။ သူ့အရှေ့မှ စစ်တပ်ကိုဂရုမစိုက်ဘဲ ဖလားဝါးဗေးလ်၏ မျက်နှာအစစ်အမှန်ကို ကြည့်ချင်မိသည်။ 


သို့သော် ကံမကောင်းစွာနှင့် ပြတင်းပေါက်ကို အဖြူရောင်ပိတ်စဖြင့် ဖုံးကွယ်ထားသည်။ သူဘာကိုမှမမြင်ရချေ။ 


ဖလားဝါးဗေးလ်မှသူရဲကောင်းများမှ ဓားများကိုမြှောက်၍ တောရိုင်းကောင်ကဲ့သို့ အန္တရာယ်များသည့် ဤလူကို သတ်ရန် အဆင်သင့်ဖြစ်နေကြသည်။ 


ကြည့်နေသည့်အရှင်ဒန်ကန်ကလျင်မြန်စွာအချက်ပြ၍ သူ့ကိုယ်ပိုင်သူရဲကောင်းများအား ကယ်ဆယ်ရန် လွှတ်လိုက်၏။


သွေးလွှမ်းမည့်တိုက်ပွဲက ကျရောက်စပြုနေ၏။


ရိဂ်က သူ့ကိုယ်သူကာကွယ်ရန် လုံးဝမလှုပ်ရှားသေးချေ။ တိတ်တဆိတ်စောင့်ဆိုင်းနေသည့် လှည်းဆီသို့သာ ဆက်လျှောက်သွားသည်။ အေးစက်သည့်ဓားသွားများ၏ တဖျတ်ဖျတ်တောက်ခြင်းနှင့် အလျင်များကြား ကခုန်ခြင်းနှင့် သူအသားကျနေပြီဖြစ်သည်။ သူရဲကောင်းတစ်ဒါဇင်လောက်က သူ့ကို နည်းနည်းမျှ ထိခိုက်မိရန် မလုံလောက်ချေ။ 


ထို့နောက်တွင် လက်တစ်ဖက်က လှည်းပြတင်းပေါက်မှထွက်လာကာ ရပ်တန့်ရန် အချက်ပြလာသည်။


ရိဂ်ကိုတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့် သူရဲကောင်းတစ်ဒါဇင်က အနောက်သို့ပြန်ဆုတ်သွားသည်။ သူတို့က ဒေါသထွက်၍ စိုးရိမ်နေကြသော်လည်း သူတို့သခင်၏အမိန့်ကိုတော့ မလွန်ဆန်နိုင်ကြချေ။ သူတို့လုပ်နိုင်က ဓားများကို ပြန်သိမ်းရန်ပင်။ 


ရိဂ်က လက်ကိုလှမ်းကြည့်၍ မျက်လုံးထဲ၌ အလင်းတန်းလေးတစ်ခုဖြစ်ပေါ်လာ၏။


သူ မရေမတွက်နိုင်သည့်အရာများစွာကို တွေ့ရှိခဲ့သော်လည်း ဤကဲ့သို့ လှပသည့်လက်ကို တွေ့ဖူးတာတော့ ပထမဆုံးဖြစ်သည်။ ၎င်းက ဖြူဖျော့ပြီးသေးသွယ်ကာ အပေါ်အောက်လှုပ်ရှားလိုက်ချိန်တွင် လှုပ်ရှားမှုများက အလွန်အမင်းကျော့ရှင်းလှသည်။ လက်မတွင် မြလက်စွပ်စွပ်ထားကာ လက်ခလယ်တွင် နီလာလက်စွပ်ရှိနေပြီး လက်သန်းကြွယ်တွင် စိမ်းပြာရောင်ကျောက်မျက်လက်စွပ်တို့ရှိနေ၏။


ဖြူဖွေးနေသည့်အသားအရေက ကျောက်များ၏အစိမ်းရင့်ရောင်၊ အပြာရောင်၊ စိမ်းပြာရောင်များနှင့် လိုက်ဖက်နေကာ မျက်စိပိုကျိန်းစရာဖြစ်နေသည်။ ထိုလက်တွင် ‌ကျောက်များနှင့်လက်စွပ်များက အတူတကွ တောက်ပနေကြသည်။ 


အနုပညာဆန်သည့်လက်ဆိုသည်မှာ သိပ်မရှိချေ။ လက်ဆစ်ထူထူများမရှိဘဲ ချောမွတ်ကျော့ရှင်း၍ အချိုးအဆစ်လှပစွာတည်ရှိနေသည်။


တစ်ချက်ကြည့်ရုံနှင့်တင် ရိဂ်သည် ထိုလူ၏လက်ဖမိုးမှ အပြာနုရောင်သွေးကြောများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ အရှေ့ဘက်အပိုင်းမှ သာလွန်သည့်ကျောက်စိမ်းများတွင်သာ ရှိတတ်သည့် အသွင်အပြင်မျိုးဖြစ်၏။


ရိဂ်၏ချဥ်းကပ်လာမှုက မသိစိတ်အရ လျင်မြန်သွား၏။


သူက မျက်နှာပေါ်မှ ရေများကိုသုတ်လိုက်ကာ တစ်ချိန်တည်းမှာပင် သူ၏ပျင်းရိနေသောအမူအရာများကို ဖယ်ရှားလိုက်သည်။ စိတ်လှုပ်ရှားနေသည့် အပြုံးလေးက မထိန်းချုပ်ပါဘဲ သူ့အလိုလိုပေါ်လာ၏။


တစ်ချိန်တည်းမှာပင် လှည်း၏တံခါးက ဖြေးညှင်းစွာ ပွင့်လာ၏။ လေအေးတစ်ချက်က သူ့ကိုဖြတ်တိုက်ကာ ရိဂ်ဆီသို့ တိုးဝင်လာသည်။ လှည်းထဲမှလူကို မမြင်ရသေးခင်မှာပင် ရိဂ်၏အာရုံတစ်ခုလုံးကို ပြင်းထန်သည့်ရနံ့က သိမ်းကျုံးယူသွားလေသည်။ 


ထိုရနံ့မှာ အိုင်းရစ်ပန်း၏ကြွယ်ဝမှု၊ ဖရီဆီယာပန်း၏ တည်ငြိမ်မှုနှင့်နက်ရှိုင်းမှု၊ လီလီပန်း၏ စင်ကြယ်မှု၊ လော်ရယ်ပန်း၏ချိုမြိန်မှု၊ ကမ္ဗလာပန်း၏ စူးရှမှုနှင့် မရေမတွက်နိုင်သည့်ပန်းများမှ ထုတ်ယူထားသလိုပင်။ 


ရနံ့များအားလုံးပေါင်းနေ‌ခြင်းက တစ်ခါတရံတွင် စိတ်ညစ်ဖွယ်ကောင်းသော်လည်း ယခုတွင်တော့ အားလုံးက လိုက်ဖက်ညီစွာရောနှောနေပြီး တစ်ခုချင်းက သူတို့၏သက်ဆိုင်ရာရနံ့များကို ပြီးပြည့်စုံစွာ‌ ဖော်ဆောင်နေကြသည်။ ၎င်းက ရနံ့ရသည့်လူတိုင်း၏ စိတ်ဝိညာဥ်ကို ခိုးယူသွားနိုင်၏။


မိုးရေနှင့်မြူခိုးများနှင့် ဖုံးလွှမ်းနေသည့် တောတောင်ကြီးသည် ချက်ချင်း ပန်းတစ်ရာဖူးပွင့်နေသည့် တောင်ကုန်းတစ်ခုအဖြစ် ပြောင်းလဲသွားသ‌ေယာင်ပင်။ 


ရိဂ်က စိတ်ဝိညာဥ်အား ငှက်မွှေးလေးဖြင့် အသပ်ခံလိုက်ရသည့်အလား တစ်စက္ကန့်လောက်မူးဝေသွားကာ တစ်ကိုယ်လုံး မူးဝေသွားသည်။ 


အလိုအလျောက် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်လုံးများက လှည်းအထဲကိုသာ ကြည့်နေသည်။ 


ထိုအခိုက်အတန့်တွင် အချိန်ရပ်တန့်သွား၏....။


ဖလားဝါးဗေးလ်မြို့စား၏ ပုံစံအမျိုးမျိုးကို သူတွေးကြည့်ခဲ့သော်လည်း ယခုလိုဖြစ်လိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။ 


လှည်း၏တံခါးပွင့်လာချိန်တွင် သူ့မျက်လုံးအရှေ့၌ လရောင်ဖြာလာသည်ကို ကြည့်လိုက်ရသလိုပင်။ 


၎င်းက အလွန်အမင်းဖြူဖျော့နေပြီး ထူးထူးခြားခြားနက်ရှိုင်းတည်ငြိမ်သည့် အနက်ရောင်မျက်လုံးများဖြင့် ‌‌ယောက်ျားတစ်ယောက်ဖြစ်သည်။ ထိုမျက်လုံးနက်များကို သေချာကြည့်ပါက မြူခိုးတစ်လွှာဖုံးအုပ်နေသည်။ သူ့မျက်နှာပေါ်တွင် အရယ်အပြုံးမရှိ။ သူ၏အထီးကျန်ပြီး သီးသန့်ဆန်သည့်အပြုအမူများက လရောင်ခြည်လိုပင်။ 


သူကလက်တစ်ဖက်ကို ဒူးပေါ်တွင်တင်ထားပြီး နောက်တစ်ဖက်ကတော့ ပါးပေါ်တွင်ရှိနေ၏။ သူ့အသံက နူးညံ့ပြီး ‌ဖြေးညင်း၏။


 “ရိဂ် ဂရန်းဒဲ...”


ယခုက သူတို့ပထမဆုံးတွေ့ခြင်းဖြစ်သော်လည်း ရိဂ်၏သရုပ်မှန်ကို တိတိကျကျဖော်ထုတ်နိုင်ခဲ့သည်။ 


သူ၏အစေခံနှစ်ယောက်ကတော့ ကြောက်ရွံ့ထိတ်လန့်နေသည့် အမူအရာများပြသလာ၏။ သူတို့က လျင်မြန်စွာဖြင့် လှည်း၏တစ်ဖက်တံခါးကိုဖွင့်၍ ဤကြီးမြတ်သည့်မျိုးရိုးမြင့်ကို လေးစားသမှုဖြင့် ဦးညွှတ်ရန် ဆင်းလာကြသည်။ သို့သော် သူတို့သခင်ကတော့ ခေါင်းစောင်း၍ မျက်ခုံးတစ်ဖက်ပင့်ကာ ‘ငါမှန်လား’ ဟု မေးနေသည့်အလားရှိနေ၏။


ရိဂ် မျက်တောင်ခတ်ပြီးရင်း ခတ်မိ၏။ နားထဲမှ ဆူညံသံများနှင့် ခေါင်းထဲမှ ရှုပ်ထွေးမှုများကို ဘေးသို့ပို့၍ ဖျော့တော့စွာဖြေလိုက်သည်။ 


“အဲ့ဒါငါပဲ”


သူခေါင်းငုံ့၍ အင်္ကျီကိုကြည့်လိုက်မှသာ သူ့ကိုယ်သူမည်သို့ဖော်ပြမိနေကြောင်း နားလည်သွားသည်။ ဘုရင်များတောင် အ‌ရှေ့ဘက်မှ ဤကဲ့သို့အထည်စများကို မတတ်နိုင်ကြချေ။ သို့သော် သူကတော့ ၎င်းတို့ကို သာမန်အဝတ်အစားအဖြစ်ဝတ်လေသည်။ ဂရန်းဒဲ၏အရှင်ကသာ ဤကဲ့သို့ အသုံးအဖြုန်းကြီးနိုင်လိမ့်မည်။ 


“တွေ့ရတာဝမ်းသာပါတယ်” ကျန့်ချောင် ခေါင်းဖွဖွညိတ်၍နှုတ်ဆက်လိုက်၏။


ရိဂ်၏အဆင့်အတန်းက သူ့ထက်မြင့်သော်လည်း ရိဂ်က မြို့စားကြီးဆိုသည့်ဘွဲ့ကို မဆက်ခံရသေးချေ။ ထို့ကြောင့် မြို့စားတစ်ယောက်အနေနှင့် သူ တစ်ဖက်လူကို ယဥ်ယဥ်ကျေးကျေး ဦးညွှတ်ရန်မလိုအပ်ပေ။


“တွေ့ရတ

ာဝမ်းသာတယ်”


 ရိဂ် နှုတ်ခမ်းသပ်လိုက်၏။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားသော်လည်း ဘာကိုစိတ်လှုပ်ရှားနေသည်ကိုတော့ သူမသိချေ။



👊