Chapter 13
Viewers 1k

👊Chapter (13) 

ငါမင်းကိုတွေ့ချင်တယ်




ကျန့်ချောင် အလျင်စလိုနှင့်ထွက်လာခဲ့သော်လည်း ရိဂ်က မျက်လုံးထဲတွင် အန္တရာယ်အငွေ့အသက်များဖြင့် သူ့နောက်ကျောကို စိုက်ကြည့်နေခဲ့သည်။ 


မင်းသားအန်ဒရူးက ဝိုင်တစ်ငုံသောက်ကာ ထိုနေရာသို့ရောက်ဖူးသည့် ယောက်ျားတစ်ယောက်နှယ် အကြံပေးလာ၏။ 


“အခုလေးတင် မင်းအရမ်းရှေ့တိုးလွန်းသွားတယ်…မင်းကသားကောင်ကိုခြောက်လွှတ်လိုက်တာပဲ”


ရိဂ်က မင်းသားအန်ဒရူး၏ “သူရဲကောင်းလုပ်ရပ်များ” ကိုကောင်းကောင်းသိထားသည်။ ဤလူသည် အရှင်တစ်ယောက်အား အတင်းအကြပ်ဆက်ဆံရန် ယုတ်ညံ့သည့်နည်းလမ်းများကိုသုံး၍ နောက်တွင် အညှာအတာမဲ့စွာဖြင့် စွန့်ပစ်တတ်သည်။ သူကတော့ တောက်လောင်ခြင်းသုံးမိနစ်ကိုသာထိန်းနိုင်ပြီး သူ့ပစ်မှတ်များကတော့ သူတို့၏ အတွင်းဒဏ်ရာများကိုကုစားရန် တစ်သက်တာအချိန်ယူရလေသည်။ 


သူ့အစ်ကိုကဘုရင်ဖြစ်နေသည့်အချက်ကို အားကိုး၍ သူလုပ်ချင်သမျှကိုလုပ်နေကျဖြစ်သည်။ သူကိုယ်တိုင်ဘုရင်ဖြစ်လာလျှင်လည်း ပို၍ပင် အကျင့်စာရိတ္တပျက်ပြားလာလိမ့်မည်။ 


သူ(မင်းသား) ကျန့်ချောင်ကိုသဘောကျသွားသည်မှာ သိသာလှ၏။


ရိဂ်က မျက်လုံးမှိတ်၍ ယခုလေးတင် ကျန့်ချောင်မည်သို့ပုံလေးဖြစ်နေခဲ့သည်ကို ပြန်မတွေးဘဲမနေနိုင်ချေ။ 


အဖျားကြီးနေသောကြောင့် ထိုလူ၏အသားအရေနှင့်ဆံပင်များမှာ ချွေးများဖြင့်စိုစွတ်နေပြီး မီးရောင်များအောက်တွင် တောက်ပနေကာ ထိပေးရန်တောင်းဆိုနေသလိုပင်။ သူ့ပါးနှင့် မျက်လုံးထောင့်များတွင် ကြက်သွေးနီရောင်သမ်းနေပြီး မိုးကုပ်စက်ဝန်းမှ အလှပဆုံးနှင်းဆီရောင်သမ်းနေသည့်တိမ်တိုက်များကဲ့သို့ဖြစ်နေ၏။ သူ့မျက်လုံးများတွင် မျက်ရည်များနှင့်ပြည့်နေပြီး အခြားလူကိုကြည့်လိုက်သည့်အခါ အချစ်နွံကျွံနေပြီး စိတ်ရှုပ်ထွေးနေသည့်ပုံပေါ်နေသည်။ 


သူက ကလေးတစ်ယောက်ကဲ့သို့ ထိခိုက်လွယ်ကာ ကမ္ဘာမြေကြီးပေါ်သို့ လေလွင့်လာသည့် နတ်သူငယ်တစ်ယောက်လိုပင်။ 


ရိဂ် သူ၏လက်ဖမိုးကိုလျက်လိုက်သောအခါ သူ၏တောက်လောင်နေသော ကိုယ်ငွေ့က မီးတောက်တစ်ခုကဲ့သို့ ရိဂ်၏လျှာဖျားမှသည် နှလုံးသားအောက်ခြေထဲသို့ ပျံ့နှံ့သွား၏။


ငါသာခြင်္သေ့တစ်ကောင်ဆို သူ့ကိုစားမိမှာပဲ…။


၎င်းက ရိဂ်၏အတွေးထဲတွင်ပေါ်လာသည့် နားလည်ရခက်သောအတွေးတစ်ခုဖြစ်ကာ အဆုံးမဲ့သည့်အရသာလေးကိုခံစားနေသည့်အလား သူ၏သွားစွယ်များကိုလျက်လိုက်၏။


“သူကကျုပ်ရဲ့သားကောင်ပဲ…သဘောတူလား” သူက မင်းသားအန်ဒရူးကိုကြည့်၍ လေးနက်သည့်အသံဖြင့် မေးလိုက်သည်။ 


သူကျန့်ချောင်ကိုတစ်ခါကူညီပေးပြီးမှတော့ အဆုံးထိကူညီပေးရန်စိတ်မရှိတော့ချေ။ သို့မဟုတ် ဤလူများက သူ့(ကျန့်ချောင်)အား မျှော့များကဲ့သို့ ကပ်တွယ်နေကြလိမ့်မည်။ 


 စိတ်ထဲတွင် ကျန့်ချောင်နှင့်မရေမတွက်နိုင်အောင်ပျော်မွေ့ပြီးပြီဖြစ်သည့်မင်းသားအန်ဒရူးက မနေနိုင်ဘဲ တောင့်ခဲသွား၏။ ၎င်းက ယခုတလောတွင် သူရှာတွေ့သည့်အရသာအရှိဆုံးသားကောင်ဖြစ်သောကြောင့် သူတကယ်ကို လက်မလွှတ်ပေးချင်။ သို့သော် ဘုရင်မမိုအန်းနှင့်ရိဂ်တို့က သူ၏အသန်မာဆုံးနှင်အင်အားအကြီးဆုံး ထောက်ပံ့သူများဖြစ်ကြသည်။ နန်းတော်၏အတွင်းအပြင်များကိုထိန်းချုပ်ရန် ဒီနှစ်ယောက်၏အကူအညီမရှိပါက သူသရဖူကိုလုံးဝရလိမ့်မည်မဟုတ်ချေ။ 


ခဏလေးအတွင်း မင်းသားအန်ဒရူးက သူ့ရွေးချယ်မှုများကို ချိန်ဆလိုက်သည်။ “ကောင်းပြီ…သူကမင်းအပိုင်ပဲ”


ထို့နောက် ဖန်ခွက်ကိုမြှောက်၍ ကျယ်လောင်စွာရယ်မောလာလေ၏။ “ကြိုပြီးဂုဏ်ပြုတယ်”


“ကျေးဇူးတင်ပါတယ်” ရိဂ်ကဖန်ခွက်ကိုမြှောက်ကာ သူနှင့်ခွက်ချင်းတိုက်၍ မျက်လုံးများတွင် ရည်မှန်းချက် အလင်းရောင်များဖြင့် ပြည့်လာသည်။ 


အားလုံးလည်း ကျယ်လောင်စွာရယ်မောလာကြ၏။ ရိဂ်ဆော့ကစား၍မပြီးမချင်း ဖလားဝါးဗေးလ်မြို့စားက သူတို့ထိနိုင်သည့်သူမဟုတ်မှန်း သူတို့သိကြသည်။ အစတွင်တော့ သူတို့က ထိုလူအား သူတို့နှင့်နေစေပြီး အရက်မူးအောင်တိုက်ပြီးနောက် မင်းသားအန်ဒရူး၏အိပ်ဆောင်သို့ ပို့ရန်စီစဥ်ထားခဲ့သည်။ နောက်ပိုင်း မင်းသားအန်ဒရူး သူ့အပေါ်ငြီးငွေ့လာသည့်အခါ သူတို့သည်အလှည့်ကျ အလှလေးနှင့်ညကိုကုန်ဆုံးနိုင်လိမ့်မည်။ 


သူတို့ တစ်ချိန်လုံးထိုသို့လုပ်ခဲ့ကြ၏။ ကျော်ကြားမှုနှင့် ကံတရားတို့ကိုရှာဖွေရန်ဝေးလံသည့်နေရာများမှ ပိုလ်ဆာသို့ရောက်လာခဲ့သည့် အရှင်ငယ်လေးများက ရိုးရှင်းစွာနှင့်သူတို့ကိုအာမခံဝံ့ကြချေ။ 


တချို့က အပျော်အပါးလိုက်စားသွားကြပြီး တချို့ကတော့ အရှက်တကွဲတွေဖြစ်သွားကြတယ်…တချို့ကျတော့ နောက်ထပ်ပေါ်မလာကြဖို့ ထွက်ပြေးသွားကြတယ်…ဒါပေမယ့် အဲ့ဒါက သူတို့နဲ့ ဘာပတ်သက်မှုရှိလို့လဲ…။


သူတို့အတွက်က နောက်ထပ်သားကောင်ပြောင်းကာ ပျော်မွေ့ခြင်းတွင်နစ်မွန်းလိုက်ရုံပင်။ 


ဤလူများ၏သဘာဝကိုကောင်းကောင်းနားလည်သည့်ရိဂ်က ကျန့်ချောင်ရင်ဆိုင်ရမည့်အရာများကို သိသောကြောင့် သူဝင်ပါခဲ့ခြင်းဖြစ်သည်။ သို့သော် သူဘာကြောင့်ထိုသို့လုပ်ခဲ့သည်ကိုတော့ ရှုပ်ထွေးနေဆဲပင်။ 


စောစောက ကျန့်ချောင်နှင့်မြို့စားကြီးလူးဝစ်တို့ ခန်းမတစ်လျှောက်လှည့်လည်နေချိန်တွင် ရိဂ်သည် တစ်ဖက်လူအား လိုက်မကြည့်ဘဲမနေနိုင်ခဲ့ချေ။


သူ၏အဖျားကြီးနေခြင်ကြောင့် သူက လူပြတ်သည့်နေရာသို့ မကြာခဏသွားလာနေပြီး သူ့ကိုယ်သူနှိုးရန် ခေါင်းကို ညင်သာစွာလှုပ်ခါသည်။ ၎င်းကအလုပ်မဖြစ်ပါက ဆားနံပုလင်းကိုထုတ်၍ရှူသည်။ သို့မဟုတ် ကိုယ့်ကိုကိုယ် ပြင်းပြင်းထန်ထန်ဆွဲဆိတ်သည်။


ထိုအရာများကို ပုန်းလျှိုးကွယ်လျှိုးလုပ်ပြီးနောက် သူသည် လူအုပ်ကြီး၏အလယ်သို့ပြန်သွားကာ အကျော့ရှင်းဆုံး အမူအရာများဖြင့် အခြားသူများအား နွေးထွေးဖော်ရွေစွာ လိုက်လံချီးမွမ်းသည်။


မည်သူကမှ သူ၏ဆွဲဆောင်မှုများကို မတွန်းလှန်နိုင်ကြချေ။ 


သူ၏ဝမ်းနည်းကြေကွဲဖွယ်ရာမျက်နှာလေးက ကောင်းမွန်သည့်အပြုံးလေးတစ်ခုပင် မချိတ်ဆွဲနိုင်သော်လည်း အခြားသူများက ရယ်မောလာအောင်တော့ စွမ်းဆောင်နိုင်ဆဲဖြစ်သည်။ 


ရိဂ်က တောက်ပြောင်သည့်အဝတ်အစားများ၊ ဝိုင်ကောင်းကောင်း၊ မိန်းမလှများနှင့် စားသောက်ပွဲများကို စိတ်ကုန်နေပြီဖြစ်သော်လည်း သူ၏လှုပ်ရှားမှုများကို ကြည့်ရုံနှင့်တင် အဆုံးမသတ်သည့်ပျော်ရွှင်မှုများကို ခံစားလာရသည်။ ကျော်ကြားမှုနှင့်ကြွယ်ဝမှုများဖြင့် လွင့်မျောနေသောကမ္ဘာကြီးနှင့်ယှဥ်လျှင် သူသည် သွေးလွှမ်းနေသည့်ကွင်းပြင်ကို ပိုသဘောကျ၏။


ယခုတွင် ထိုလူလည်းသွားပြီဖြစ်ရာ ရိဂ်စိတ်ဝင်စားမှုတို့ပျောက်ဆုံးသွားပြန်တော့သည်။ သူကအစေခံအား အသံနက်နက်ဖြင့်ပြောလိုက်၏။ 


“အပြင်းဆုံးဝိုင်ယူခဲ့”


အစေခံက သူပြောသည့်အတိုင်းယူလာပေး၏။


နာရီဝက်ကြာပြီးနောက် ရိဂ်က အရက်နံ့ပြင်းပြင်းနှင့် ခန်းမထဲမှာထွက်လာခဲ့သည်။ သူ့အနောက်တွင် မင်းသားအန်ဒရူးနှင့်အခြားမျိုးရိုးမြင့်များက ကြမ်းပြင်ပေါ်တွင်လဲနေကြပြီဖြစ်သည်။ သူတို့က အခြားသူများက အရက်မူးအောင်တိုက်ရသည်ကို ကြိုက်နှစ်သက်သူများဖြစ်သော်လည်း ရိဂ်နှင့်တွေ့လျှင်တော့ သူတို့ကသာ မူးဝေနေအောင်အတိုက်ခံလိုက်ရသူများဖြစ်သွားကြသည်။ 


……


ကျန့်ချောင် ဟိုတယ်တွင်ငါးရက်ကြာအောင် လဲနေခဲ့သည်။ အဖျားက သူ၏အစီအစဥ်များကို လုံးလုံး ဖျက်ဆီးပစ်လိုက်၏။


ငါးရက်ကြာပြီးနောက် နောက်ဆုံးတွင် အားအချို့ပြန်ရလာကာ ဂရန်းဒဲတွင်နောက်ထပ်နှစ်လလောက်နေရန် ဆုံးဖြတ်လိုက်သည်။ ပထမတစ်ချက်မှာ သူကအားနည်းနေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်သည် ခရီးလမ်းအရှည်ကြီး၏ နှိပ်စက်မှုဒဏ်ကိုမခံနိုင်သေးချေ။ ဒုတိယတစ်ချက်မှာ သူလုပ်စရာများစွာရှိနေသေး၏။


ဤသက်သာအောင်အနားယူနေချိန်အတွင်း သူသည်အစေခံနှစ်ယောက်အား သူ့ဆိုင်ကိုကြည့်ခိုင်းထားသည်။ 


တစ်ချိန်တည်းမှာပင် ရိဂ်က တစ်လမ်းတည်းရှိအခြားဆိုင်တစ်ခုသို့ရောက်နေ၏။ အရှင်ဒန်ကန်က ထိုဆိုင်၏ပိုင်ရှင်ဖြစ်သည်။ 


“ဒီရတနာအစုံလိုက်ကိုသဘောကျပါသလား…အရှင့်အတွက် မိန်းကလေးလီလစ်အိမ်တော်ကို ပို့ပေးရမလား” အရှင်ဒန်ကန်က ပတ္တမြားလည်ဆွဲကိုညွှန်ပြ၍မေးလာသည်။ 


“ကျုပ်လီလစ်ကိုစိတ်မဝင်စားတော့တာကြာပြီ” ရိဂ်ကပျင်းရိစွာဖြင့် လက်ကိုဝှေ့ယမ်းကာ မျက်လုံးများက လမ်းပေါ်သို့ ငူငူငိုင်ငိုင်ဖြင့်ကြည့်နေသည်။ 


ထိုအချိန်တွင် တံခါးပေါ်တွင်အနီမိုနီပန်းမိသားစုတံဆိပ်ရေးထိုးထားသည့်လှည်းက ဖြေးညင်းစွာဖြတ်သွားလေသည်။ 


ဆိုဖာပေါ်တွင် ပျော့ခွေနေသောရိဂ်က ရုတ်တရက်မတ်မတ်ထိုင်လိုက်ပြီးနောက် သူ့အပြုအမူများက ရုတ်ခြည်းဆန်နေသည်ကို သတိရသွားသောကြောင့် ပျင်းရိစွာဖြင့် ပြန်လှဲနေလိုက်သည်။ သို့သော် သူ့မျက်လုံးများထဲမှ အလင်းရောင်များကတော့ ဖုံးကွယ်မရချေ။


သူက တစ်ခဏလောက်ခြေထောက်ကိုချိတ်ကာ ထိုင်လိုက်ပြန်သည်။ သူ့ခန္ဓာကိုယ် ဂဏာမငြိမ်ဖြစ်နေခြင်းက နှလုံးသားထဲမှ မီးတောက်လေးကြောင့်ဖြစ်သည်။ အကြောင်းအရင်းအချို့ကြောင့် ထိုလူအဝေးသို့မရောက်သေးသည်ကို သိနေလျက် သူဒီအတိုင်းထိုင်မနေနိုင်ချေ။ 


သူကလည်ချောင်းရှင်း၍ လေးနက်ချင်ယောင်ဆောင်၍မေးလိုက်၏။ “ဒီရက်တွေမှာ စီးပွားရေးဘယ်လိုနေလဲ…အခိုးခံလိုက်ရတဲ့ ဝယ်သူတွေ ပြန်ရပြီလား”


“မရသေးပါဘူး…တကယ်တမ်း ဝယ်သူတွေမရတာကပိုဆိုးလာတယ်…ဒီအပြိုင်အဆိုင်ကြီးကို ဖယ်ထုတ်ပြီး ကျွန်တော့်ကိုနည်းလမ်းလေးကူညီစဥ်းစားပေးပါဦး” အရှင်ဒန်ကန် ရည်ညွှန်းနေသည့်အပြိုင်အဆိုင်က ကျန့်ချောင်၏ဆိုင်ကိုရည်ညွှန်းခြင်းဖြစ်သည်။ 


“ဒါဆိုလည်း ကျုပ်သူတို့ဆီအရင်သွားကြည့်…”


ရိဂ် စကားပင်မဆုံးလိုက်ချေ။ အမျိုးသမီးတစ်ယောက်က သူမ၏ “သမီး” အား ဆိုင်ထဲသို့ဆွဲခေါ်လာသည်။ သူမက ကိုင်လာသည့်ကျောက်မျက်သေတ္တာကို ကောင်တာပေါ်သို့တင်၍ အရှင်ဒန်ကန်ကို လက်ညှိုးထိုးကာ ဆဲဆိုတော့၏။ 


အရှင်ဒန်ကန်က သူမ၏သမီးထံ ဂေါ်မိတ်ကျောက်များအား စိန်အဖြစ်ရောက်ခဲ့ပြီး ပိုက်ဆံအများကြီးလိမ်လည်ယူထားခဲ့တာဖြစ်သည်။ 


ကံကောင်းစွာဖြင့် အမျိုးသမီးကြီးသည် ကျောက်မျက်ရတနာအားကျွမ်းကျင်နားလည်သူဖြစ်သောကြောင့် သူမသမီးအား ခေါ်၍ဆိုင်ရှင်ကိုရှာရန် အလျင်အမြန်ရောက်လာခဲ့သည်။ သူမလက်အောက်မှ မိန်းကလေးများသည် ကြီးမြတ်သည့်မျိုးရိုးမြင့်များနှင့် နီးကပ်သည့်ဆက်ဆံရေးရှိကြ၏။ သဘာဝကျစွာဖြင့် သေးနုပ်သည့်အရှင်တစ်ယောက်ကိုစော်ကားခြင်းအား သူမ မကြောက်ရွံ့ချေ။ 


ဆိုင်ထဲတွင် ဆဲရေးပြီးနောက် သူမသည် ဆိုင်အပြင်သို့ထွက်၍ ထပ်မံဆဲရေးကာ ဖြတ်သွားကြသူများကို ရပ်၍ကြည့်လာစေသည်။ 


ဆိုင်၏ဂုဏ်သတင်းမှာ လုံးဝဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ဆုံးရှုံးသွားသည့်ဝယ်သူများကလည်း လုံးဝပြန်လာကြတော့မည်မဟုတ်ချေ။


အရှင်ဒန်ကန်က စိန်တစ်စုံနှင့် မြှောက်ပင့်ချီးမွမ်းသည့်စကားများတို့ကိုဆိုပြီးမှ ဤသားအမိနှစ်ယောက်ကို အဝေးသို့ ပို့လိုက်လေသည်။


သူက မခံမရပ်နိုင်ဖြစ်နေလျက်ပြောလာသည်။


 “ကုန်ပစ္စည်းတွေအကြောင်းကောင်းကောင်းသိတဲ့ ဝယ်သူတွေနဲ့ တွေ့တဲ့အခါ တကယ့်ပစ္စည်းကိုရောင်းပြီး ကုန်ပစ္စည်းတွေအကြောင်းမသိတဲ့ဝယ်သူကျ အတုကိုရောင်းတာပဲ…ဆိုင်တိုင်းအဲ့လိုကို ဘာလို့ကျွန်တော့်ပဲပြောသွားတာလဲ…ကျန့်ချောင်ရဲ့ဆိုင်ကလည်း ကွဲပြားနေလိမ့်မယ်လို့ ကျွန်တော်တော့မယုံဘူး…မဟုတ်ဘူး…ကျွန်တော့်ဆိုင်ရဲ့ဂုဏ်သတင်း ပျက်ဆီးသွားပြီဆိုမှ သူ့ဆိုင်ရဲ့ဂုဏ်သတင်းကိုလည်း မကောင်းအောင်လုပ်ပစ်မယ်…သူ့ဆီကနေ ပစ္စည်းအတုတစ်ခုခုဝယ်ပြီး ပြဿနာရှာဖို့ လူတစ်ယောက်ရှာရမယ်”


သွေးဆိုးသွေးညစ်များဖြင့်ပြည့်နေသည့်အရှင်ဒန်ကန်က ချက်ချင်း ပြဿနာရှာရန် ကူညီပေးမည့် လူတစ်ယောက်ရှာလိုက်၏


ဤမိန်းမကယခုလေးတင် လာသွားသည့် အမျိုးသမီးကြီး၏ “သမီး” ဖြစ်သည်။ အမျိုးသမီးကြီးသည် ဗဟုသုတများစွာရှိပြီး ဒေါသကြီးကြီးလည်းရှိရာ ကျန့်ချောင်အတွက်လည်း သူမပြဿနာရှာနိုင်လိမ့်မည်။ 


“ကျုပ်လည်းပါမယ်” ရိဂ်က ထရပ်၍အကြောဆန့်လိုက်၏။


စိတ်လှုပ်ရှားသွားသည့်ကောင်မလေးက သဘောတူလိုက်သော်လည်း အရှင်ဒန်ကန်က‌တော့ ပြင်းပြင်းထန်ထန် ကန့်ကွက်လာသည်။


 “မရဘူး…အရှင်သွားလို့မရဘူး…သူမနဲ့သွားလို့မဖြစ်ဘူး…အရှင်အနားမှာရှိနေရင် ဘယ်သူက သူမကို ပစ္စည်းအတုတွေရောင်းရဲတော့မှာလဲ…မေ့သွားပါပြီလား…ကျန့်ချောင်ကို ဖမ်းမိချင်တယ်လို့ အရှင်ပြောခဲ့တယ်လေ…အခုကရှားပါးတဲ့အခွင့်အရေးတစ်ခုပါ”


ရိဂ်ကအေးစက်စွာ နှာခေါင်းရှုံ့၍ သူ့ဘာသာလျှောက်ထွက်သွားတော့သည်။ 


သူ့ကိုယ်သူပါးနပ်သည်ဟုအထင်အမြင်လွဲနေသည့် ဤအရူးကို အာရုံစိုက်ရန် သူစိတ်မပါချေ။ 


ကောင်မလေးသည် သူ့အနောက်သို့ စကပ်လေးလွင့်နေလျက်အလျင်အမြန်ပြေးလိုက်လာသည်။ ထို့နောက် လက်ကိုဆန့်၍ ရိဂ်၏ လက်ကိုချိတ်ရန်ကြိုးစားလိုက်သည်။ သူ့အစ်မများသည် လုပ်စရာမရှိသည့်အခါ လှပသည့်လှည်းတစ်လုံးငှား၍ လမ်းတစ်လျှောက် လျှောက်ပတ်တတ်ကြသည်။ သူမက ဂလော်ရီယာ၏ အင်အားအကြီးဆုံးမျိုးရိုးမြင့်နှင့် လျှောက်သွားနေသည်ကို သူတို့သေချာပေါက်တွေ့ကြလိမ့်မည်ပင်။ 


ဘယ်လောက်တောင်ကောင်းလိုက်လဲ…။


ဒီသစ်ပင်ကြီးကိုသာတက်နိုင်ရင် အဆုံးမရှိတဲ့ဂုဏ်ကျက်သရေတွေနဲ့ ချမ်းသာကြွယ်ဝမှုတွေရလိမ့်မယ်…။


ကောင်မလေး၏ အထိန်းအကွပ်မဲ့သည့်စိတ်ကူးများက ရိဂ်၏ ပြတ်ပြတ်သားသားအပြုအမူများ၏ ဖျက်ဆီးခြင်းခံလိုက်ရသည်။ 


“မိန်းကလေး…ကျေးဇူးပြုပြီး ကျုပ်ခွင့်မပြုဘဲ ကျုပ်ကိုမထိပါနဲ့” သူက မျက်နှာတွင် ရွံရှာခြင်းများဖြင့်ပြည့်နေလျက် ကောင်မလေး၏လက်ကိုရှောင်လိုက်သည်။ 


မည်သည့်အချိန်ကစခဲ့သည်မသိသော်လည်း သူမိန်းမများအပေါ် နည်းနည်းလေးတောင် စိတ်မဝင်စားတော့ချေ။ ဤဖြစ်စဥ်က ပုံမှန်မဟုတ်သောကြောင့် အနည်းငယ်ကြောက်ဖို့ကောင်းနေသည်။ 


ထိုအကြောင်းကိုတွေးရင်း ရိဂ်၏ချောမောသည့်မျက်နှာသည်ချက်ချင်း တောင့်ခဲသွားတော့၏။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူသည်သွားစွယ်လေးကိုလျက်ကာ စိတ်ပြောင်းလိုက်သည်။


 “ကောင်းပြီလေ…ကျုပ်ရဲ့ဧည့်သည်လုပ်ပေး…ဒါပေမယ့် အရမ်းတင်းတင်းကြီးမကိုင်တာကောင်းမယ်”


ကောင်မလေးသည် တစ်စက္ကန့်လောက်ကြောက်လန့်သွားရပြီးနောက်တွင် သူမပြုံးလာခဲ့သည်။ သူမက ပျော်ရွှင်စွာဖြင့် ရိဂ်၏လက်ကိုချိတ်ကာ တင်အား ဘယ်ညာယိမ်း၍လျှောက်ပြီး သူ၏အမွှေးပွပွအင်္ကျီအား ‌ဒေါင်းမြီးများကဲ့သို့ယိမ်းခါအောင်လုပ်ကာ ကျန့်ချောင်၏ဆိုင်သို့ ဖြေးညင်းစွာ လျှောက်လာလိုက်သည်။ 


အပြာရောင်သွေးကြောများက ရိဂ်၏နဖူးတွင် ထိုးထောင်နေပြီဖြစ်သည်။ 


အရှင်မြို့စား၏လှည်းက လမ်းကိုဖြတ်သွားသည်ကိုမြင်လိုက်ရသည့်အချိန်တွင် ထိုအနောက်သို့ ပြေးလိုက်သွားခြင်းမှ သူ့ကိုယ်သူမနည်းထိန်းခဲ့ရသည်ကို ဘုရားသခင်အသိဆုံးဖြစ်သည်။ ယခု ဤမိန်းမ၏ လိပ်ကဲ့သို့အရှိန်ကို သူလုံးဝသည်းမခံနိုင်ဖြစ်နေ၏။


နောက်ဆုံးတွင် ကျန့်‌ချောင်ဆိုင်၏တံခါးဝသို့ရောက်သောအခါ ရိဂ်၏သည်းခံစိတ်များမှာ လုံးဝပင်ပန်းနေသော်လည်း ထူးဆန်းစွာဖြင့် သူ၏ဒေါသထွက်နေသည့်စိတ်အခြေအနေမှာ စိတ်လှုပ်ရှားခြင်းများနှင့် မျှော်လင့်ခြင်းများသို့ ‌ပြောင်းလဲသွားသည်။ 


သူသည်ဆိုင်တံခါးကိုတွန်းဖွင့်၍ အထဲသို့ဝင်လိုက်၏။ 


သူ့လက်ကိုချိတ်ထားသည့်မိန်းမမှာ သူ၏စိတ်အားထက်သန်နေသည့်အရှိန်ကြောင့် အရှေ့သို့ ပါလာခဲ့သည်။ သူမ၏အလွန်ကြီးမားသည့် ဝတ်စုံကြောင့် ခလုတ်တိုက်၍လဲကျမလိုပင်ဖြစ်သွားရသည်။ သတိလက်လွတ်ဖြစ်ကာ အသံမြင့်မြင့်ဖြင့် အော်လိုက်မိ၏။ 


အနီရောင်ဆိုဖာပေါ်တွင်ထိုင်နေသည့် ကျန့်ချောင်အပါအဝင် ဆိုင်ထဲမှလူအားလုံးသည် ဆူညံသံလာရာကို လှည့်ကြည့်လာကြသည်။ သူကလက်ထဲတွင် ကြက်ဥနှစ်လုံးအရွယ်အစားရှိသည့် သလင်းကျောက်များကိုကိုင်ထားကာ သူ၏ရှည်လျား၏သေးသွယ်သည့်လက်ချောင်းထိပ်လေးများက စက်ဝန်းလေးများကို ထိကိုင်နေပြီး လက်ဖဝါးထဲတွင် လှည့်နေသည်။ 


သူ၏ခန္ဓာကိုယ်က ဆိုဖာကူရှင်ထဲတွင် နစ်ဝင်နေပြီး မျက်ခွံများချထားကာ မျက်လုံးများမှာ အိပ်ပျော်ခါနီးတည်ငြိမ်နေသည့်အလား တည်ငြိမ်နေ၏။ ရုတ်တရက်ထွက်ပေါ်လာသည့် ‌အော်သံက သူ၏တည်ငြိမ်နေမှုကိုနှောင့်ယှက်လိုက်ကာ ယခုတွင် မျက်လုံးထဲ၌ ရှားပါးသည့်ကြောက်လန့်မှုများကို ဖော်ပြနေသည်။ 


ရိဂ်က ကျန့်ချောင်အား ထိုသို့ မြင်လိုက်ရသည့်အခါ မျက်နှာမှာအစိမ်းရောင်ပြောင်းသွားသည်။ 


၎င်းက သူစိတ်ကူးထားသောတွေ့ဆုံခြင်းမျိုးမဟုတ်ပေ။



👊