👊Chapter (14)
မင်းဆီက အာရုံစိုက်မှုအပြည့်လိုချင်တယ်
ရိဂ်က လဲကျသွားသည့်ကောင်မလေးကို လျင်မြန်စွာ လှမ်းဖမ်းလိုက်သည်။ သူက သူရဲကောင်းတစ်ယောက်ဖြစ်သောကြောင့် အလွန်အကျွံစိတ်ကုန်နေလျှင်တောင် သူ့ကာကွယ်မှုအောက်တွင် ရှိနေသည့် သွားလာဖော်ကိုတော့ အန္တရာယ်တွေ့ကြုံခွင့်မပေးနိုင်ချေ။
လူကိုတည်ငြိမ်အောင်လုပ်ပြီးနောက် သူ ကျန့်ချောင်ကိုကြည့်လိုက်သည်။ သူ၏အမူအရာများက မစိုးရိမ်သည့်ပုံပေါက်နေသော်လည်း တကယ်တမ်းတွင် သူသေလောက်အောင်ရှက်နေပြီဖြစ်သည်။
ဘယ်လိုတောင် သောက်ကျိုးနည်းတွေ့ဆုံမှုကြီးလဲ...မြေကြီးထဲတွင်းရှာဖို့တောင်မစောင့်နိုင်တော့ဘူး...။
ကျန့်ချောင်က ဂရုတစိုက်ဖြင့် သလင်းကျောက်လုံးနှစ်လုံးအား ကတ္တီပါခင်းထားသည့် သေတ္တာထဲသို့ ထည့်ပြီးနောက် မတ်တပ်ရပ်၍ယဥ်ယဥ်ကျေးကျေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အရှင်...တွေ့ရတာဝမ်းသာပါတယ်”
သူ့မျက်နှာတွင်အမူအရာရှိမနေဘဲ မျက်နှာတွင် ရစ်ဝဲနေသည့် ဝမ်းနည်းဖွယ်ကောင်းသောအငွေ့အသက်များကလည်း တစ်ဝက်လောက်ပျံ့နှံ့နေသော်လည်း သူ့အသံက တည်ငြိမ်နေပြီး မျက်လုံးများတွင် တစ်ခါမှမတွေ့ဖူးသည့် အရောင်အဆင်းများဖြင့် တောက်ပနေသည်။
သူက သူခံစားချက်များကို နှလုံးသား၏အနက်ရှိုင်းဆုံးတွင် ကာကွယ်သိမ်းဆည်းထားရသည်ကို နှစ်သက်သော်လည်း ရိဂ်ကိုကြိုဆိုလိုက်သည်နှင့် နှလုံးသားတံခါးတွင် ရှားပါးသည့်ကွဲအက်ရာလေး ထင်ပေါ်လာ၏။
ဤလူကိုထပ်တွေ့ရခြင်းက သူ့ကိုတကယ်ကိုပျော်ရွှင်စေသည်။
ရိဂ်တွင် သားရဲတစ်ကောင်၏ ပင်ကိုအသိစိတ်မျိုးပိုင်ဆိုင်ထားသည်။ သူကျန့်ချောင်ကို သေချာမသိသော်လည်း ဤပြန်လည်တွေ့ဆုံခြင်းမှ သူ၏ပျော်ရွှင်မှုကို သူခံစားနိုင်သည်။ တစ်ဖက်လူ၏မျက်လုံးထဲမှ ရုတ်တရက်ဆန်သည့် အလင်းရောင်လေးကလည်း သူနှလုံးသားကိုတောက်ပစေလိုက်သည်။
ခဏလေးအတွင်းတွင် ရိဂ်၏ရှက်ရွံ့မှုနှင့်စိတ်ညစ်ညူးမှုများမှာ ပျောက်ကွယ်သွားသည်။ တောက်ပစွာပြုံးပြီးနောက် လက်မြှောက်၍ဝှေ့ယမ်းပြလိုက်ကာ တစ်ချိန်တည်းမှာပင် သူ့ကိုတင်းကြပ်စွာ ဖက်တွယ်ထားသည့် ကောင်မလေးကိုလည်းလွှတ်လိုက်တော့သည်။
ကောင်မလေးသည် သူ၏မြှောက်ထားသည့်လက်ကို ဖက်တွယ်ထားကာ လွှတ်ရန်ငြင်းဆန်နေ၏။
“ဆိုင်ကိုလာတာလား” ကျန့်ချောင်က အရှေ့သို့တိုးလာ၍ပြောလိုက်သည်။
“ဒီနေ့ အရှင်ဘာဝယ်ဝယ် ကျွန်တော်နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးပေးပါမယ်”
နှစ်ဆယ်ရာခိုင်နှုန်းက လုံးဝမနိမ့်ချေ။ အကုန်အပြီးအစီးကို ရွှေဒင်္ဂါးထောင်ပေါင်းများစွာ လျှော့ပေးရမည်ပင်။
ရိဂ်က မျက်ခုံးပင့်၍ မေးလိုက်၏။ “အိုး? မင်းက လျှော့ဈေးမပေးဘူးလို့ လူတွေကပြောကြတယ်...ဘာလို့ ငါ့ကိုဒီလောက်တောင်ရက်ရောနေတာလဲ”
ကျန့်ချောင်က သူ၏မျက်လုံးပြာထဲသို့စူးစိုက်ကြည့်၍ပြောလိုက်သည်။
“ဘာလို့ဆို အရှင်ကလူကောင်းမို့လို့”
ရိဂ် ပင့်ထားသည့်မျက်ခုံးများကို တွန့်ချိုးလိုက်၏။ ‘လူကောင်းတစ်ယောက်? ဒါလေးအတွက်တင်လား? သေစမ်း...ဘယ်လိုတောင် စိတ်ပျက်ဖို့ကောင်းတဲ့အဖြေလဲ...ကမ္ဘာပေါ်မှာ လူကောင်းတွေအများကြီးရှိတာ...ကျန့်ချောင်က သူတို့အားလုံးကို လျှော့ဈေးပေးတာလား...သူအဲ့လိုရော လုပ်နိုင်လား...လူကောင်းဆိုတဲ့ စကားစုက အရမ်းသာမန်ဆန်ပြီး သူဘယ်လောက်ထူးခြားလဲဆိုတာကို သေချာမဖော်ပြနိုင်ဘူး...။’
သူထိုအကြောင်းကိုတွေးလေ၊ မကျေမနပ်ဖြစ်လာရလေပင်။ ရိဂ်က အသံနက်နက်ဖြင့် မေးလိုက်၏။
“ငါကဘာလို့ကောင်းတာလဲ”
ကျန့်ချောင်ကမျက်လွှာချကာ ခဏလောက်တွေးတောပြီးနောက် အတော်လေး လေးနက်စွာဖြင့်တုံ့ပြန်လာသည်။ “ဒီအတိုင်းပဲ...ဂရန်းဒဲနဲ့ပိုလ်ဆာမှာ အရှင်ကကျွန်တော်တွေ့ဖူးသမျှလူထဲ အကောင်းဆုံးပဲ”
ဟုတ်တယ်...အကောင်းဆုံးလူ...။
ထိုညက နန်းတော်မှထွက်သွားရန်သင့်တော်သည့်အကြောင်းအရာရှာမတွေ့ပါက အကျိုးဆက်များမှာ ကောင်းလိမ့်မည်မဟုတ်မှန်း ကျန့်ချောင်ကောင်းကောင်းသိသည်။ မြို့စားကြီးလူးဝစ်က သူ့အတွက်နှင့် အနာဂတ်ဘုရင်ကိုစော်စော်ကားကားပြုမူလိမ့်မည်မဟုတ်ချေ။ ထို့အပြင် ဘုရင်မမိုအန်းကလည်း သူမ၏ကျန်ရှိသည့်ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းလိုသောကြောင့် မင်းသားအန်ဒရူး၏ ဂရုစိုက်မှုများကို မှီခိုအားထားရန်လိုအပ်သည်။
ကောင်းကျိုးဆိုးကျိုးများချင့်ချိန်လိုက်လျှင် ကျန့်ချောင်စတေးခံရမည်မှာ မလွဲမသွေဖြစ်သည်။ လူတိုင်းက ဘေးကကြည့်နေရန် သို့မဟုတ် မီးလောင်ရာလေပင့်ပြီး ကျန့်ချောင်အား ချောက်နက်ထဲသို့ဝိုင်းဝန်း၍တွန်းချရန်သာ ရွေးချယ်ကြလိမ့်မည်။
သို့သော် ဤအေးစက်သည့်လက်တွေ့၊ အာဏာများနှင့်ရင်ဆိုင်ရချိန်တွင် သူနှင့်ဘာမှမသက်ဆိုင်ဘဲ အာဃာတပင်ရှိသင့်သည့်ရိဂ်က သူ့ကိုကူညီလာခဲ့၏။
သူ၏သေခြင်းရှင်ခြင်းအား လျစ်လျူရှုနေကြသည့်ဤကမ္ဘာကြီးတွင် ရိဂ်တစ်ယောက်တည်းကသာ ဂရုစိုက်ခဲ့သည်။
အဲ့ဒါအကောင်းဆုံးလူမဟုတ်ဘူးလား...။
ထိုအကြောင်းကိုတွေးရင်း ကျန့်ချောင်က ရှည်လျားပြီးမှေးစင်းသည့်မျက်လုံးထောင့်လေးကို လက်ချောင်းထိပ်လေးနှင့် ထိလိုက်၍ နူးညံ့သည့်အသံလေးဖြင့်ပြောလိုက်သည်။
“နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးက ကျွန်တော့်အထင်တော့နည်းနည်းလေးပါ...ဒီလိုဆိုရင်ရော...လက်ဝတ်ရတနာအစုံကို ဒီမိန်းမလှလေးအတွက်ပေးလိုက်မယ်...သူမကြိုက်တာဘာမဆို...ဘယ်လောက်ဈေးကြီးနေပါစေ၊ ယူလို့ရပါတယ်”
ဆိုင်ကိုလှည့်ပတ်ကြည့်နေသည့်ကောင်မလေးက ကျန့်ချောင်အား မျက်လုံးထဲတွင် လောဘမီးများတောက်လောင်နေလျက်ကြည့်လာသည်။
ဆိုင်မှဈေးအကြီးဆုံးလက်ဝတ်ရတနာအား သူမရွေးချယ်လိမ့်မည်မှာ သံသယဝင်စရာမရှိချေ။ သူမက ပြည့်တန်ဆာဖြစ်ခါစဖြစ်သောကြောင့် ပြင်းပြင်းထန်ထန်မလေ့ကျင့်ရသေးသလို၊ မျိုးရိုးမြင့်မင်းမျိုးမင်းနွယ်များ၏ ခမ်းနားထည်ဝါမှုနှင့် အခြေအနေတို့ကိုလည်း မတွေ့ကြုံဖူးသောကြောင့် သူမ၏ခံစားချက်များကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးချေ။
ဖောက်သည်များထံမှ ရေရှည်တည်တံ့သည့် အချစ်ကိုရယူရန် သူမသည် အခြားညီအစ်မများကဲ့သို့ သူမ၏အရှက်အကြောက်မရှိခြင်းများကို ဖိနှိပ်နိုင်စွမ်းမရှိသေးချေ။
သူမကချက်ချင်း တောက်ပနေသည့်လက်ဝတ်ရတနာများကို ညွန်ပြ၍မေးလိုက်၏။
“ဘယ်အစုံက တန်ဖိုးအကြီးဆုံး...”
ရိဂ်နောင်တရသွား၏။ အချိန်များကိုသာပြန်လှည့်နိုင်လျှင် အရှင်ဒန်ကန်နှင့်ဤမိန်းမအား အတူပူးချည်၍ ကောင်းကင်သို့ ကန်ထုတ်မိမှာပင်။
“ပါးစပ်ပိတ်ထား”
သူက အသံနိမ့်နိမ့်ဖြင့်ပြောကာ အလျင်အမြန်ခြိမ်းခြောက်လိုက်သည်။
“မင်းဂရန်းဒဲမှာ အေးအေးချမ်းချမ်းနေချင်ရင် စကားတစ်လုံးမှမပြောတာကောင်းမယ်”
သူ့မျက်လုံးထဲမှ ပုန်းကွယ်ထားသည့်အေးစက်မှုများကိုတွေ့လိုက်ရသောအခါ ကောင်မလေးသည် ကြောက်ရွံ့၍ တိတ်ဆိတ်သွားတော့သည်။
ရိဂ်က သူမက စူးစူးစိုက်စိုက်ကြည့်သော်လည်း ကျန့်ချောင်ကိုကြည့်သည့်အခါတွင်တော့ မျက်နှာက ချက်ချင်း ပြောင်းသွားသည်။ မည်သို့ဆိုရမည်နည်း။ သူယခုတွင် အလွန်စိတ်ကျေနပ်နေသည်။ “အကောင်းဆုံးလူ” ဆိုသည့် စကားလုံးက သူကမည်မျှထူးခြားကြောင်းကို မီးမောင်းထိုးပြနေသည့်အပြင် အရှင်မြို့စား၏နှလုံးသားထဲ၌ သူ၏သက်ရောက်မှုကိုလည်းဖော်ပြနေသည်။
၎င်းက သေးငယ်ပြီးမထူးခြားသည့်အကူအညီလေးတစ်ခုဖြစ်သည့်တိုင် ဤလူက အတည်မှတ်ယူကာ သူ့ကိုစိတ်ရင်းနှင့်ဆက်ဆံပေးလာသည်။ သူကအလွန်ရိုးရှင်းလွန်း၏။ သူ့ကို ကလိမ်ကျချင်ပါက အလွန်လွယ်ကူလိမ့်မည်ပင်။
ရိဂ်က အရှင်မြို့စား၏ တုံးအမှုကိုလှောင်ပြောင်သည့်အလား စိတ်ထဲတွင် စုတ်သပ်လိုက်သော်လည်း နှုတ်ခမ်းထောင့်များကတော့ တွန့်ကွေးနေဆဲဖြစ်သည်။
“မင်းကအရမ်းရည်မွန်တာပဲ...ငါကသူမနဲ့ ဘာမှမဆိုင်ဘူး”
ရိဂ်က ကောင်မလေးကိုညွှန်ပြ၍ အသံကိုဖိကာပြောလိုက်သည်။
“တကယ်တမ်း ငါသူမနဲ့လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကမှတွေ့ခဲ့တာ...သူမရဲ့ နာမည်ကိုတောင်မသိသေးဘူး”
ကျန့်ချောင်ခေါင်းညိတ်ရုံလေးညိတ်လာသည်။ ရိဂ်ကဘာကြောင့် မသိသည့်မိန်းမတစ်ယောက်ကို ဈေးဝယ်ရန် ခေါ်လာလဲဟု မေးမလာချေ။
“အဲ့ဒါကြောင့် သူမကိုဘာမှပေးဖို့မလိုဘူး...သူမရွေးတာတွေအတွက် ငါပေးမယ်” ရိဂ်က ကောင်တာထဲမှ လက်ဝတ်ရတနာများကိုကြည့်၍ အသံကိုဖိပြောလာပြန်သည်။
“လျှော့ဈေးလည်းမလိုပါဘူး...ငါ့မှာပိုက်ဆံပေါတယ်”
ဘာကြောင့်မှန်းမသိသော်လည်း ဤအရှင်မြို့စားအပေါ် အခွင့်အရေးယူရခြင်းအား သူမသက်မသာခံစားရသည်။
စောနတွင် ပြည့်တန်ဆာမလေးက စိတ်ပျက်သွားသော်လည်း ယခု၌ စိတ်လှုပ်ရှားနေသည့်အမူအရာများကို ဖော်ပြလာသည်။ သူမကလက်နှစ်ဖက်ကိုပွတ်ကာ အဆင်သင့်ပြင်နေ၏။
ကျန့်ချောင်သည် သူမကိုကြည့်၍ အနည်းငယ်ဦးညွှတ်ကာ အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။
.“မိန်းမလှလေး...မင်းကအရမ်းကံကောင်းတာပဲ...မင်းရဲ့ သူရဲကောင်းက ချောမောပြီး ရက်ရက်ရောရောလည်းရှိတယ်”
“အင်း...ဟုတ်တယ်....ကျွန်မဒီနေ့အရမ်းကံကောင်းတယ်” ပြည့်တန်ဆာမလေးက နားရွက်တက်ချိတ်မတတ် ပြုံးလိုက်သည်။
ရိဂ်၏ခံစားချက်များ ရှုပ်ထွေးသွား၏။ တစ်ဖက်တွင် အရှင်မြို့စားက သူ၏ချောမောမှုနှင့်ရက်ရောမှုများကို ချီးကျူးလာသောကြောင့် သူ့ကိုတကယ်စိတ်ကျေနပ်စေသည်။ တစ်ဖက်တွင်တော့ ယဥ်ယဥ်ကျေးကျေးစကားဝိုင်းတစ်ခုဖြစ်နေလျှင်တောင်မှ အရှင်မြို့စားက အခြားသူများအား အာရုံစိုက်၍အလေးပေးနေသည်ကို သူမကြိုက်ချေ။
“တစ်ခုခုသွားရွေးချည်” သူကလက်ကို စိတ်မရှည်စွာဖြင့် ဝှေ့ယမ်းပြလိုက်သည်။
ပြည့်တန်ဆာမလေးသည် ကောင်တာဆီသို့ချက်ချင်းပြေးသွားကာ သူ၏ကြီးမားသည့်ဝတ်စုံကပင် သူမ၏ ရွှင်မြူးတက်ကြွနေသည့်အရှိန်ကို မနှောင့်နှေးနိုင်ချေ။
အရောင်းဝန်ထမ်းများစွာက သူမအနောက်သို့ချက်ချင်းလိုက်ကာ ဝန်ဆောင်မှုပေးရန် အဆင်သင့်ပြင်နေကြသည်။
ရိဂ်က အနီရောင်ကတ္တီပါဆိုဖာကိုကြည့်လိုက်သည်။ ထိုနေရာတွင် အရှင်မြို့စားနှင့်ထိုင်ကာ ကော်ဖီအနည်းငယ်သောက်၍ စကားစမြည်ပြောပြီး နေ့လည်ခင်းအား အေးအေးလူလူဖြတ်သန်းနိုင်သည်။ ညနေသို့ရောက်လာသောအခါ ညစာအတူစားနိုင်လိမ့်မည်။
နောက်တစ်လမ်းမှ စားသောက်ဆိုင်ကအတော်လေးနာမည်ကြီးပြီး ယခုချက်ချင်းပင် တစ်ယောက်ယောက်ကိုလွှတ်၍ နေရာတစ်နေရာ ကြိုယူထားနိုင်သည်။
ရိဂ်ကသူတို့၏နောက်တစ်ကြိမ် အပြင်ထွက်ခြင်းအား ထိန်းချုပ်၍မရနိုင်သည့်ခံစားချက်များဖြင့် တိတ်တဆိတ် တွက်ချက်နေ၏။ သူ့ခံစားချက်များ ဘာကြောင့် အများကြီးပြောင်းနေရလဲ သူမသိချေ။
ထိုအချိန်တွင် ကျန့်ချောင်က ပြည့်တန်ဆာမလေးအနောက်သို့လိုက်၍ ကောင်တာဆီသို့သွားသည်။ ခေတ်သစ်မှလူတစ်ယောက်အနေနှင့် သူက “ဝယ်သူသည်ဘုရားသခင်ဖြစ်သည်” ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထား၏။ ရိဂ်ကသူ၏တန်ဖိုးထားရသည့်ဝယ်သူဖြစ်ပြီး သူ၏တန်ဖိုးထားရသည့်ဝယ်သူခေါ်လာသည့် အမျိုးသမီးအဖော်သည်လည်း သူကိုယ်တိုင်၏ဝန်ဆောင်မှုနှင့် ထိုက်တန်လေသည်။
ထို့ကြောင့် ရိဂ်သတိပြန်ဝင်လာချိန်တွင် ကျန့်ချောင်က ပြည့်တန်ဆာမလေးအနားတွင်ရပ်ကာ လက်ဝတ်ရတနာများ တစ်ခုပြီးတစ်ခု ထုတ်ပြပြီး စိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြနေသည်ကိုတွေ့လိုက်ရသည်။ သူက ပြည့်တန်ဆာမလေး၏လက်ကိုပင်ကိုင်ကာ သူ၏လက်သူကြွယ်သို့ နီလာလက်စွပ်ကို စွပ်ပေးလိုက်သေးသည်။
သူ့တွင် နူးညံ့သည့်အသံ၊ လူကြီးလူကောင်းဆန်သည့်အပြုအမူများနှင့် ထူးခြားသည့်အဆင့်အတန်းနှင့် ဂုဏ်သတင်းများရှိသည်။ အချစ်ကိုဖော်ပြသည့်လက်စွပ်အား သူကိုယ်တိုင်မိန်းမတစ်ယောက်ကို ကိုယ်တိုင်ဝတ်ပေးသည့်အခါ မည်သူကမှ သူ့ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ကြချေ။
ယခင်ကမျက်လုံးထဲတွင်လောဘများဖြင့်ပြည့်နေသည့် ပြည့်တန်ဆာမလေးသည် ယခုတွင် ပါး၌ ရှက်သွေးဖြာနေပြီဖြစ်သည်။ သူမမျက်လုံးထဲမှ တောက်ပနေသည့်မျက်ရည်များသည် သူမရင်ကိုထိသွားကြောင်း ဖော်ပြနေ၏။ မနေနိုင်ဘဲ ဤလှပသည့်မြင်ကွင်းအပေါ် သူမနစ်မျောလိုက်သည်။
သို့သော်လည်း ရိဂ်၏မျက်နှာတွင် မည်းမှောင်ခြင်းများနှင့် ပြည့်သွား၏။
သူသည် ချွန်ထက်နေသည့်သွားစွယ်ကိုလျက်၍ အေးစက်သည့်အပြုံးနှင့်အတူ လျှောက်လာပြီးပြောလိုက်၏။ “ဒီလက်စွပ်က မင်းအတွက်မဟုတ်ဘူး...မင်းရဲ့အသားအရည်က ဝါကြန့်ကြန့်နဲ့ ကြမ်းလွန်းတယ်”
ပြည့်တန်ဆာမလေး၏မျက်နှာမှ အိပ်မက်ဆန်ဆန်အပြုံးလေးမှာ ချက်ချင်းတောင့်ခဲသွား၏။
ရိဂ်က ကျန့်ချောင်အား မေးပင့်၍ပြောလာသည်။ “ဒါက ငါ့အစ်မနဲ့ပိုသင့်တော်မယ်လို့ထင်တယ်...မင်းရဲ့အသားအရောင်က သူမနဲ့အတူတူပဲ”
နီလာလက်စွပ်များက အသားအရောင်နှင့်လိုက်၍ တကယ်ကိုကွဲပြားသွားတတ်သည်။ ကျောက်၏အရောင်နှင့် အရည်အသွေးများကို သေချာပြနိုင်ရန် မျိုးရိုးမြင့်အမျိုးသမီးများစွာသည် သူတို့၏လက်များကို နို့နှစ်ရောင်ဖြစ်စေရန် နံ့သာမှုန့်များဖြင့် လိမ်းကျံလေ့ရှိကြသည်။ ယခု အောက်ခြေမှလာသည့် ဤမိန်းမငယ်လေးက သိသိသာသာကိုပင် ထိုကဲ့သို့ ငွေကြေးအရင်းအမြစ်များမရှိချေ။
သူမသည်ရှက်ရွံ့စွာဖြင့် လက်ပြန်ရုတ်လိုက်သည်။
ကျန့်ချောင်က နီလာလက်စွပ်ကိုချ၍ ပတ္တမြားလက်စွပ်ကိုယူလိုက်သည်။
ပတ္တမြားများက သင့်တင့်သည့်အသားအရောင်ရှိရန်မလိုအပ်ချေ။
သို့သော် ရိဂ်က ရုတ်တရက် ကျန့်ချောင်၏လက်ကိုကိုင်ကာ ပတ္တမြားလက်စွပ်နှင့် စောနကနီလာလက်စွပ်တို့အား သူ၏လက်ညှိုးနှင့်လက်သူကြွယ်များတွင် အတင်းဝတ်ပေးလိုက်သည်။
ဖြူဖျော့ပြီးသေးသွယ်သည့်လက်ချောင်းများနှင့် မျက်စိကျိန်းလောက်စရာကျောက်တုံးများက တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီနေကာ အရောင်နှင့်အရည်အသွေးလည်းလိုက်ဖက်ညီလှသည်။ ရိဂ်သည် ကျောက်လက်စွပ်များကို ပွတ်သပ်ကာ တစ်ချိန်တည်းမှာပင် ကျန့်ချောင်၏နူးညံ့သည့်အသားအရည်ကိုလည်း ပွတ်သပ်က စိတ်ရင်းဖြင့် ပြောလိုက်၏။ “လှလိုက်တာ”
ဤအရှင်မြို့စားသာ ကျောက်အသီးသီးနှင့်လက်စွပ်များအား လက်ဆယ်ချောင်းလုံးဝတ်ထားလျှင်တောင် ကြည့်မကောင်းဘဲနေလိမ့်မည်မဟုတ်မှန်း သူသိသည်။ သူသည် တန်ဖိုးအကြီးဆုံးနှင့် ခမ်းနားအကြီးကျယ်ဆုံး အရာများအားလုံးနှင့် လုံးဝထိုက်တန်သည်။
ကျန့်ချောင် အသားယူခံလိုက်ရသလို ခံစားလိုက်ရ၏။
သူ့ကိုစဥ်းစားရန်အချိန်မပေးဘဲ ရိဂ်က သူ့လက်ကိုရက်ရက်ရောရောဖြင့် ဝှေ့ယမ်းလာသည်။ “သူတို့ကို ထုတ်ပိုးလိုက်”
ကျောက်မျက်ရတနာလက်စွပ်နှစ်ကွင်း၏တန်ဖိုးက မသေးချေ။ မြို့တစ်မြို့စာလူများကို ကျွေးမွေးရန်ရှိနေသည့် ကျန့်ချောင်က နှလုံးသားထဲမှထူးဆန်းသည့်ခံစားချက်ကိုချက်ချင်းမေ့သွားကာ ခေါင်းညိတ်လိုက်၏။
“ဝယ်ယူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူ့ကိစ္စပြီးသွားသည့်အခါ ရိဂ်သည် သူ့ဘေးတွင်ရှိနေသည့်ကောင်တာကိုကြည့်၍ ပြည့်တန်ဆာမလေးကိုပြောလိုက်သည်။
“မင်းကြိုက်တာရွေးလိုက်”
အထပ်ထပ်အခါခါတိုက်ခိုက်၍ အခြိမ်းခြောက်ခံခဲ့ရသော ပြည့်တန်ဆာမလေးသည် ယခုတွင် သိသိသာသာ ကြောက်ရွံ့နေပြီဖြစ်သည်။ သူမက လက်ချောင်းလေးကိုသာဆန့်ထုတ်၍ မှန်ကောင်တာပေါ်သို့ ဖိကပ်ကာ မေးလိုက်၏။
“ကျွန်မ ဒီပတ္တမြားလက်စွပ်လေးကိုကြည့်လို့ရမလား”
“ရတာပေါ့” ကျန့်ချောင်က ချက်ချင်းလက်စွပ်ကိုထုတ်၍ ရှင်းပြလိုက်သည်။
“ဒါပေမယ့် ဒါက ပတ္တမြားလက်စွပ်မဟုတ်ဘူး...ဒါကတန်ဖိုးရှိတဲ့ ဂေါ်မုတ်လက်စွပ်ပါ...သူက ပတ္တမြားထက်ပိုပြီး တန်ဖိုးနည်းနည်းနိမ့်ပါတယ်”
ပြောပြီးနောက်သူသည် လက်ဖဝါးထဲတွင် ထည့်၍ဖွင့်ကာ ယဥ်ယဥ်ကျေးကျေးမေးလိုက်၏။
“ရမလား”
သူကလက်စွပ်အား ဝယ်သူ၏လက်တွင် ကိုယ်တိုင်ဝတ်ပေးချင်သည်။ ခေတ်သစ်အချိန်များတွင် ၎င်းက အခြေခံဝန်ဆောင်မှုများဖြစ်၏။
ပြည့်ဆန်ဆာမလေးက ရိဂ်ကိုကြည့်လာသည်။
ရိဂ်ကပြုံးလိုက်သော်လည်း ပြုံးသည့်ပုံမပေါ်ဘဲ မျက်လုံးများတွင် အန္တရာယ်အငွေ့အသက်များဖြင့် ပြည့်နေသည်။
ပြည့်တန်ဆာမလေးက ချက်ချင်းခေါင်းခါလိုက်၏။
“ရပါတယ်...ရပါတယ်...ရှင်ပဲဝတ်ပြလိုက်ပါ”
ကျန့်ချောင်ကူကယ်ရာမဲ့သွားရသည်။ ဤနှစ်ယောက်က မည်ကဲ့သို့သောအချက်ပြမှုမျိုးကို လဲလှယ်နေကြမှ
န်း သူမသိနိုင်ဖြစ်နေသည်။
သို့သော် သူတုံ့ပြန်မည့်အချိန်ကိုမစောင့်ဘဲ ရိဂ်သည် သူ့လက်ကိုကိုင်ကာ ညင်သာဖြေးညင်းစွာဖြင့် နီရဲရဲကျောက်တုံးနှင့်လက်စွပ်အား သူ၏လက်သူကြွယ်သို့စွပ်ပေးလိုက်လေသည်။
👊