Chapter 17
Viewers 506

ကားလ်နဲ့ ရိုစ့် အတွက်တော့ ဒီနေ့က တကယ် ထူးထူးခြားခြား စိတ်ညစ်ရသောနေ့ ဖြစ်သည်။

 

ပထမဦးစွာ ဝမ်ယုက ဘာတွေ ပြုလုပ်ထားမှန်း သူတို့ မသိပေ။ ထို့နောက် သူတို့ကို အနောက်အရပ်သို့ လှေလှော်သွားရန် ပြောနေ၏။

 

သူတို့ ဒါကို ဂရုမစိုက်ပေ။ အဆုံးမှာတော့ စစ်မိန့်များသည် တောင်တစ်ခုသဖွယ်ဖြစ်သည်။ ဝမ်ယု အမိန့်ကလည်း ဘာမှယေဘုယျအားဖြင့် ဘာပြဿနာမှ ဖြစ်လေ့မရှိဘဲအပန်းမကြီးသည့်အတွက် ကားလ်နဲ့ ရိုစ့်က လိုက်နာခဲ့သည်။

 

ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ယု အပြုအမူတွေက သူတို့ကို တွေးရခက်စေသည်။

 

ဝမ်ယုက သူတို့ကို အသားခြောက်ကို မထိရန် တားမြစ်ထားသေးသည်။

 

"ဘာကြောင့်လဲ။”

 

ပထမတုန်းကတော့ ကားလ် က သူနားမလည်နိုင်ကြောင်း တစ်ခါတည်းထုတ်ပြော၏။

 

"အသားခြောက်က အကောင်းဆုံး ဖြည့်စွက်စာပဲလေ၊ဘာလို့ စားလို့ မရတာလဲ။”

 

ဝမ်ယု ပြောစကားအရ အသားခြောက်ကို စားလိုက်လျှင် အသားခြောက်က သူတို့ကို ရေဆာအောင် လုပ်လိမ့်မည်။ ရေသန့်ကို ချွေတာရန်အတွက် အသားခြောက်ကို မစားသင့်ပေ။

 

ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းတော့ စားလို့တော့ ရတာပဲလေ။

 

ဘာကြောင့် လုံးဝပေးမစားရတာလဲ။

 

ဝမ်ယု ကားလ်ကို အမူအယာကို မျက်လုံးထောင့်မှ မြင်လိုက်ပြီး လှေအခန်းထဲက ငါးအသေနှစ်ကောင်ကို ညွှန်ပြလိုက်သည်။

 

“အဲ့တာတွေကိုပဲစား”

 

ကားလ်က သူ့နှုတ်ခမ်းကိုစူကာ တီးတိုးရေရွတ်နေ၏။

 

ပြောရလျှင် ထို ပင်လယ်ငါးနှစ်ကောင်သည် သူတို့ မနက်စာအတွက် ဖမ်းထားခြင်းဖြစ်သည်။

 

ထိုငါးနှစ်ကောင်သည် မျှမျှတတ ပြောရလျှင် အရသာတော့ တကယ်ကောင်းသည်။ ဒါပေမဲ့ သူတို့ အဲ့ငါးကို အခုစားမည်ဆိုလျှင် အစိမ်းသာစားလို့ရမည်။

 

ဒီကိုလာရတာက ခဏလာ ရတာအတွက်တော့ နေလို့ကောင်းသည်။ သို့သော် သူတို့ တစ်နေ့ကို ၃ နပ်စားဖို့အတွက် သူတို့က အနည်းငယ် ညည်းညူစရာကောင်းလှသည်။

 

ဘယ်လိုပဲဖြစ်နေပါစေ သူတို့က လူသားများဖြစ်သည့်အတွက် ချက်ပြုတ်ထားသော အစားအစာကို စားရတာပို အဆင်ပြေသည်။

 

ကားလ်က ဝမ်ယုကို မကျေမနပ် ပြောနေသည့်အချိန်တွင် ရိုစ့်က တိတ်တဆိတ်သာ ငြိမ်နေခဲ့သည်။ လှေပေါ်တွင် ကျန်နေသော ငါးများကို သူမ ကြည့်နေရင်း ဝမ်ယုကိုလည်း ပြန်လှမ်းကြည့်လိုက်ကာ နှုတ်ခမ်းစူလိုက်သည်။

 

ပြောရလျှင် သူ အမြဲ မေးချင်နေခဲ့ခြင်း ဖြစ်သည်။ အကယ်လို့ ဒီငါးနှစ်ကောင်ကို ဝမ်ယု ဖမ်းထားတာဆိုလျှင် ဝမ်ယု အဝတ်အစားများက ဘာလို့ ခြောက်သွေ့နေရတာလဲ။

 

အကယ်လို့ ရာသီဥတုက ပူနေသည့်အခါ သူ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားများက ခဏအတွင်း ခြောက်သွားနိုင်သည်။ သို့သော် ကြည့်ရသလောက်တော့ ဝမ်ယုအဝတ်အစားများသည် ပင်လယ်ကို သွားထားရာမှ ခြောက်သွေ့သွားသောအခါ သဘာဝအတိုင်း တင်ကျန်ခဲ့သော ဆားခဲများ လည်း မရှိပေ။

 

ဝမ်ယု က သူတို့ဆီမှ မသိအောင် အရာများစွာ ဖုံးကွယ်ထားသည်ဟု သံသယဝင်မိသည်။

 

ဥပမာ ဒီငါးနှစ်ကောင်ကို ဘာက ယူလာပေးခဲ့တာလဲ ဆိုတာမျိုးပေါ့။

 

ဝမ်ယု သူ့လူတွေ ရဲ့ အော်ဟစ်ဆူပူမှုကို ဂရုမစိုက်ဘဲ ခဏတာ အနားယူနေလိုက်သည်။ထို့နောက် လှေ၏ဘေးဘက်သို့ လမ်းလျှောက်သွားပြီး ပင်လယ်ထဲသို့ အကြာကြီးတိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ သူ့ခေါင်းကိုလှည့်ကာ သူ့လက်အောက်ငယ်သားလေးကို လှမ်းပြော၏။

 

"အကယ်လို့ မင်းနားလို့ဝရင် လှေကို ဆက်လှော်ကြစို့။ ငါတို့ အခုရေစီးအရှိန်နဲ့ဆိုရင် လှေကို နောက်တစ်ရက်ထပ် လှော်ပြီးရင် ကျွန်းတစ်ခုခုဆီကို ရောက်သွားနိုင်လိမ့်မယ်”

 

"ကျွန်း ဟုတ်လား"

 

ကားလ်က နုံးချည့်ကာ စိတ်ဓါတ်ကျ နေရင်း ဒါကို ကြားသောအခါ ခဏလေးအတွင်း အားအင်ပြည့်တက်ကြွလာကာ မျက်ရည်များပင်ဝဲတက်လာရသည်။

 

"နောက်ဆုံးတော့ ပင်လယ်ထဲမှာ သွားနေစရာမလိုတော့ဘူး”

 

သူတို့၏ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးက သန်မာလှသည့်အတွက် ဘယ်သူမှ လှိုင်းမမူးကြပေ။ သို့သော် လူတွေက လှိုင်းများကြောင့် အမြဲ အပေါ်အောက် ခုန်နေတာက အင်မတန် ဆိုးရွားလွန်းလှသည်။

 

ကျန်နေသော အချိန်များတွင် ၃ ယောက်လုံး တိတ်ဆိတ်နေကြပြီး ဝမ်ယုပြောထားသည့် လမ်းကြောင်းအတိုင်း လှေကို လှော်နေကြ၏။

 

နေဝင် သွားပြီးနောက် သူတို့ ၃ ယောက်လုံး ကိုက်ခဲကာ မောပန်းနေကြသည်။

 

ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားသော ဝမ်ယုနှင် မယှဥ်နိုင်ပဲ ကားလ်နှင့်ရို့စ်က နောက်ဆုံး လက်ကျန် ငါးကို စားပြီးနောက် အိပ်ပျော်သွားကြ၏။

 

ဝမ်ယု က စောင့်ကြည့်ချင်သေးသည်လို့ ဆင်ခြေပေးကာ ချက်ချင်းတန်း မအိပ်သေးပေ။

 

ဝမ်ယု လှေပေါ်မှာ ထိုင်ရင်း ကျန်တဲ့နှစ်ယောက် အသက်ရှူသံပျော့လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမည့်အချိန်ကို စောင့်နေခဲ့သည်။ထို့နောက် လှေဘေးသို့ ဖြည်းဖြည်းချင်း ကပ်သွားကာ ဖောက်ထားပြီးသား ပလတ်စတစ်အိတ်လေးကို ထုတ်လာပြီး ပင်လယ်ဆီသို့ စကားလှမ်းပြောလိုက်သည်။

 

"ငါးကလေး?"

 

“ဝိုး”

 

အသံတစ်ခုဖြင့် ပင်လယ်ထဲမှ ရေသူထီးအဖြူလေးတစ်ကောင် ခုန်တက်လာ၏။ ဝမ်ယုလက်ထဲမှ ပလတ်စတစ်အိတ်ကို ဆွဲယူသွားပြီး ဘေးကနေ ကူးခတ်နေကာ ပလတ်စတစ်အိတ်ထဲ အမဲသားခြောက် ကို စားနေသည်။

 

ဟုတ်တယ်။ လန်စီသည် တစ်နေကုန် ဒီသင်္ဘောနောက်က တောက်လျှောက်လိုက်လာခဲ့ခြင်းဖြစ်သည်။

 

အဓိကရည်ရွယ်ချက်ကတော့ အမဲသားခြောက်အတွက် ဖြစ်သည်။

 

လန်စီက ဒီတစ်ခါ တော်သွားပြီဖြစ်သည်။သူသည် သင်္ဘောနောက်သို့ တိတ်တခိုး တစ်နေကုန်လိုက်လာပြီး သူတို့ လမ်းကြောင်းမှားသွားမှာစိုး၍ စောင့်ကြည့်ပေးနေသည်။

 

အမဲသားခြောက်အတွက်ကတော့ လန်စီ သူ့လုပ်ရပ် မှားသည် မထင်ပေ။

 

လတ်ဆတ်သော ပင်လယ်ငါးနှစ်ကောင်အတွက် အမဲသားခြောက် တစ်ထုတ်လဲ စားခဲ့သည့်အတွက် ဘယ်သူက ပို၍ အမြတ်ထုတ်ရာ ရောက်နေလဲ မသိပါ။

 

လန်စီ သည် သူ့လက်ထဲက အမဲသားခြောက်ကို ဝါးစားနေရင်း ငါးနှစ်ကောင်ကို လူ ၃ ယောက်နေ့တိုင်း ဘယ်လိုစားလို့ ရနိုင်မနိုင် စဉ်းစားနေမိသည်။

 

သို့မဟုတ် နောက်ရက်များတွင် ငါး နောက်တစ်ကောင် ထပ်ပို ဖမ်းပေးလိုက်ရမလား။

 

ဝမ်ယုက လန်စီ တိုက်ရိုက်အပေါ်ကို တက်လာပြီး သူ့လက်ထဲက အမဲသားခြောက်ကို လာဆွဲယူမည် မထင်လိုက်ပေ။

သူ့လက်ဗလာကို ကြည့်နေရင်း မတတ်နိုင်ဘဲ ပြုံးလိုက်၏။

.

သူက ငါးကလေးကို လက်နှင့် ဖဲ့ကျွေးမလို့ လုပ်နေသော်လည်း ငါးကလေးက အပေါ်တက်လာပြီး လှမ်းဆွဲယူလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ငါးကလေးက ခွံ့ကျွေးခံရတာကို မကြိုက်ပုံပဲ။

 

လန်စီ အမဲသားခြောက်ကို ကိုက်စားပြီးနောက် တဖြည်းဖြည်း ပြန်ကူးခတ်လာကာကုန်သွားသော ပလတ်စတစ်အိတ်အမှိုက်ကို သူ့လက်ထဲသို့ ပြန်ပစ်ပေးလိုက်၏။

 

"ဒါကို ဘာလို့ ပြန်လာပေးတာလဲ?"

 

ဝမ်ယု ရယ်မောရင်း ထို ပလတ်စတစ်အိတ်ကို ကြည့်လိုက်ကာ ကောက်ကိုင်၍ ပင်လယ်ထဲသို့ ပစ်ထည့်လိုက်သည်။

 

လန်စီ: "..."

 

ဒီလူက ပတ်ဝန်းကျင်ဆိုင်ရာ သတိပေးချက် ကိုလုံးဝမသိတာလား။

 

သူ ပင်လယ်ထဲသို့ မျောပါသွားသော ပလတ်စတစ်အိတ်ကို စိတ်မပါလက်မပါ ပြန်ကောက်လိုက်ပြီး လှေပေါ်သို့ တုံ့ဆိုင်းမနေဘဲ ပြန်ပစ်ထည့်လိုက်သည်။

 

ဝမ်ယု အခု တကယ် ရယ်ချလိုက်၏။

 

"ငါတို့ကို ကျွန်းကို လိုက်ပို့ပြီးသွားရင် မင်းက ထွက်သွားတော့မှာလား။”

 

ဝမ်ယု ပလတ်စတစ်အိတ်ကို ယူထားလိုက်ပြီး လန်စီကို လက်လှမ်းပြကာ ရှေ့သို့တိုးလာရန် လက်ဟန်ပြလိုက်သည်။

 

"ငါ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး ဒီကိုလာခဲ့ပါ။ စကားနည်းနည်း ပြောကြမယ်လေ။ ရတယ်မလား”

 

လန်စီ တွန့်ဆုတ်နေကာ မလှုပ်ရှားဘဲနေနေ၏။

 

ဝမ်ယု သက်ပြင်းချလိုက်သည်။ သူ လှေအခန်းထဲက ပလတ်စတစ်အိတ်အသစ်တစ်ခု ယူထုတ်လာပြီး ဖောက်လိုက်ကာ အထဲမှ ဘီစကစ်များကို ထုတ်၍ လန်စီ့ဆီသို့ပေးလိုက်သည်။

 

"ဒါကို ကွတ်ကီးလို့ခေါ်တယ်။ ပြီးတော့ ဒါ က အရသာရှိတယ်။  မင်း စမ်းစားကြည့်မလား။”

 

လန်စီ သူ့ခေါင်းကို စောင်းကြည့်နေသော်လည်း မလှုပ်ရှားဘဲ ဆက်နေနေ၏။

 

ဒီမက်လုံး က အလုပ်မဖြစ်တာကို ကြည့်ပြီး ဝမ်ယု  ကိုးရိုးကားရားနိုင်စွာ ချောင်းဟန့်လိုက်ကာ သူ့လက်ထဲ မုန့်ကို ပြန်ထည့်လိုက်သည်။ ပြီးတော့ လန်စီကို လှမ်းပြောလိုက်၏။

 

"ငါ့ကို တခြားသီချင်းတစ်ပုဒ် ဆိုပြနိုင်မလား? ငါက အမြဲ ခေါင်းကိုက်နေတတ်ပြီး မင်းသီချင်းဆိုသံကပဲ ငါ့ကို နှစ်သိမ့်ပေးတာ”

 

လန်စီ သူ့နှုတ်ခမ်းကို ဆူကာ ဝမ်ယုကို မယုံသင်္ကာ ဖြင့် ကြည့်လိုက်သည်။

 

တစ်ရက်ကြာပြီးနောက် နေ့အလင်းရောင်အောက်တွင်ပင် ဝမ်ယု၏မျက်နှာက ဖြူဖျော့နေပြီး ပါးပြင်သည်လည်း သွေးရောင်မရှိတော့ပေ။ ထို့နောက်အပြင်းအထန် ရောဂါတစ်ခုထံမှ မသက်သာသေးသလို သူ့အသားအရည်က အနည်းငယ်ပင် ပြာနှမ်းနေသည်။

 

ထို့ပြင် လန်စီ အကဲခတ်မိသလောက် ဝမ်ယု က အစားလည်း နည်းနည်းသာ စား၏။

 

လန်စီ အစတုန်းက ဝမ်ယု့ကို သန်မာသော လူ တစ်ယောက်လို့ ထင်ခဲ့မိသည်။ အနက်ရောင်မုန်တိုင်းကြောင့် သင်္ဘောပျက်သွားတုန်းကလည်း ဝမ်ယု ကပြိုလဲမပျက်စီးသွားဘဲ အလွန်တည်ငြိမ်ခဲ့၏။ ထို့အပြင် အချို့သောနည်းလမ်းများ သုံးပြီး ရေသူထီးတစ်ကောင်ကိုလဲ အောင်မြင်စွာ ဖမ်းမိခဲ့သေးသည်။

 

ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ယု သည် သူ့အားနည်းချက်ကို လန်စီ အား ထုတ်ပြလာခဲ့ပြီး လန်စီ ထင်ထားသလို မဟုတ်ကြောင်း ပြနေသည်။

 

ထို့နောက် ဒီညခင်းကောင်းကင်ကြောင့်လား မသိပေ။ ကြယ်တွေစုံနေသော ညကောင်းကင်၏အောက်တွင် ဝမ်ယု နှင့် အနက်ရောင်ရေသူထီး၏ ပုံရိပ်နှစ်ခု  ရောနှောကာ ထပ်သွားသည်ကို  မြင်လိုက်ရသကဲ့သို့ လန်စီ ခံစားမိလိုက်၏။

 

အခု ဝင်ဆာ သက်သာလာရဲ့လား လန်စီ မသိပေ။

 

ဝမ်ယုကို လန်စီ ကြည့်နေရင်း အမှတ်တမဲ့ အံ့အားသင့်မှင်တက်သွားခဲ့ရ၏။

 

ဝမ်ယု က လန်စီ တွေဝေနေတာကို လန်စီ စဉ်းစားနေသေးသည်ဟု သတ်မှတ်လိုက်သည်။ သူ့လက်ကို လန်စီ့ဆီလို့ ဆန့်ထုတ်ကာ နူးညံ့စွာ စကားပြောလိုက်၏။

 

"ငါ့ရဲ့ငါးကလေး ဒီနားကို လာခဲ့ပါအုန်း”

 

 

သေချာပေါက် ထိုလူက ဝမ်ယု ဖြစ်မှန်းသိသာနေသော်လည်း လန်စီ့မျက်လုံးထဲ၌ လက်ကိုဆန့်ထုတ်ကာ သူ့ကို ညှို့ယူနေသူက အနက်ရောင်ရေသူထီး ဖြစ်နေ သယောင် ဖြစ်နေသည်။

 

“လာခဲ့ပါ”

 

လန်စီ့အမူအရာက စိတ်ရှုပ်ထွေးနေပြီး သူ ဖြည်းဖြည်းချင်း ဝမ်ယုနားသို့ တိုးကပ်သွားသည်။

 

ဝမ်ယုက လန်စီ ကပ်လာတာကို ကြည့်ရင်း သူ့မျက်ခုံးများ ပင့်တက်သွားကြသည်။ ထို့နောက် လန်စီ အရင်ကဆိုခဲ့သော သီချင်းကို ညည်းနေရင်း သူ့လက်ကို ထပ်ဆန့်ထုတ်ကာ လန်စီ့ရေယက်လက်များကို အမိအရ လှမ်းဆုပ်ကိုင်လိုက်၏။

 

လန်စီ ဝမ်ယု သီချင်းညည်းသံကို နားထောင်ရင်း သူ့မျက်နှာမှာ နွေးခနဲပူသွားရ၏။ ထိုအခိုက်အတန့်လေးတွင် ဝမ်ယုကို သူ လှမ်းထိလိုက်သောအခါ လန်စီ သတိရလာပြီး သူ့ရှေ့က လူက ဝမ်ယု ဖြစ်နေသည်။

 

ငါထွက်ပြေးသွားရမလား။ သို့သော် ဝမ်ယုက ထိုသီချင်းကို ညည်းနေခဲ့သည်။

 

ထိုသီချင်းသည် တကယ်တော့ လန်စီ ပေါ့ပေါ့ပါးပါး ညည်းနေကြ သီချင်းဖြစ်၏။ သို့သော် ဝမ်ယုက က တမင်ရည်ရွယ်ကာ သီချင်းသံစဉ်ကို နှလုံးသားထဲထိ စွဲမှတ်ထားမည် ဟု မထင်မှတ်ထားခဲ့ပါ။

 

ထိုအတွက်ကြောင့် ဝမ်ယု အပေါ် လန်စီ ၏ သဘောကျစိတ်သည် ပိုသွားရ၏။

 

ဒဏ္ဏာရီထဲမှာ ပြောထားကြသလိုမျိုး ရေသူထီး/မ များသည် သီချင်းဆိုရတာကို သဘောကျပြီး သူတို့သီချင်းဆိုသံဖြင့် ဖြတ်သွားဖြတ်လာခရီးသည်များကို စိတ်ရှုပ်ထွေးစေခဲ့သည်ဆိုတာမှာ ဖြစ်နိုင်လောက်သည်။

 

ထို့အတူ ခရီးသွားများဆိုနေခဲ့သော သီချင်းများကလည်း ရေသူထီး/မ တို့၏ အာရုံကိုဖမ်းစားနိုင်သည်။

 

လန်စီ ဘာမှမတတ်နိုင်ဘဲ ဝမ်ယုနှင့် အတူ သီချင်းကို ညင်သာစွာ သီဆိုနေမိသည်။

 

သီချင်းဆိုနေသံ နှစ်ခုက ပင်လယ် တစ်ခုလုံးအနှံ့ ဖြည်းညှင်းစွာ ပြန့်သွားလေသည်။

 

ကောင်းကင်ပေါ်က နဂါးငွေ့တန်းများကလည်း ပြောင်မြောက်လှပပြီး ကြယ်လေးများကလည်း တောက်ပနေကြသည်။

 

အောက်တွင်လည်း အဆုံးအစမဲ့ ပင်လယ်ကြီး တစ်ခုရှိ၏။ ပင်လယ် ညခင်းသည် အလွန်တိတ်ဆိတ်နေကာ ပင်လယ်မျက်နှာပြင်ပေါ်တွင် ကောင်းကင်ပေါ်က ကြယ်လေးများက အလင်းပြန်နေသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ဘယ်ဟာက ညကောင်းကင် ဘယ်ဟာက ပင်လယ်လဲပင် ပြောနိုင်ရန် ခက်ခဲလှသည်။

လှေငယ်လေးက နဂါးငွေ့တန်း ရောင်ပြန် ပင်လယ်ထဲတွင် တိုးတိတ်စွာ ရွေ့လျားနေကြပြီး အဖြူရောင်ရေသူထီးလေးတစ်ကောင်က လှေအစွန်းတွင် လှဲလျောင်းနေ၏။ သူ ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး သူ့ဘေးက အနက်ရောင်ဆံပင်နှင့် လူငယ်ကို ပြန်ကြည့်လိုက်သည်။ ထိုရေသူလေး၏ မိုးပြာရောင် မျက်လုံးလေးများက  ကြယ်လေးများနှင့်အပြိုင် တောက်ပကာ ကြည်စင် နေ၏။

 

အနက်ရောင်ဆံပင်နှင့် လူငယ်လေးက အနားသို့ ပိုနီးကပ်လာပြီး လှပသော ရေသူထီးနားသို့ ဖြည်းဖြည်းချင်း တိုးကပ်လာသည်။ ဒီထပ်သာပိုနီးလျှင်  သူ့ငါလေးကို နမ်းမိတော့မည်။

 

ပင်လယ်၏ သမီးတော်ထဲတွင် မင်းသားလေးက ရေထဲသို့ ပြုတ်ကျသွားသည်။ ကံမကောင်းစွာဖြင့် မင်းသားလေးက ထိုအချိန်တုန်းက သတိလစ်နေသည့်အတွက် ရေသူမမင်းသမီးလေးက သူ့ကို ကယ်ခဲ့မှန်း မသိနိုင်ခဲ့ပေ။ ထို့နောက်တွင်တော့ ကံမကောင်း အကြောင်းမလှမှုများကို ရေသူမလေးက ဆက်တိုက် ခံစားခဲ့ရသည်။

 

အခု က ဒုက္ခရောက်နေသော မင်းသားလေးကို ရေသူထီးမင်းသားလေးက ကယ်ခဲ့ခြင်း ဖြစ်ပြီး ထိုအကယ်ခံခဲ့ရသော မင်းသားလေးက ရေသူထီးလေးပုံရိပ်ကို ကြည့်နေကာ မေ့သွားမှာကို ကြောက်သည့်အတွက် သူ့ နှလုံးသား၏အနက်ရှိုင်းဆုံးနေရာ အတွင်းတွင် သိမ်းထားနေသကဲ့သို့ပင်။

 

သူ့ ငါးကလေး…

 

ဘယ်သူက ဘယ်သူ့ကို ညှို့ယူပြုစားထားတာလဲ။

 

ဝမ်ယု အမြင်အာရုံထဲတွင် အဖြူရောင်ရေသူထီးလေး၏ လှပသော မျက်နှာလေးသာ စွဲကျန်နေခဲ့သည်။သူ ဒီကောင်လေးကို ပိုင်ဆိုင်ချင်မိ၏။

 

"ဖောင်း"

 

အိပ်မက်သဖွယ်လှပသော ပုံရိပ်လေးကို သေနတ်သံ တစ်ချက်က ဖျက်ဆီးလိုက်၏။

 

ဝမ်ယု ခန္ဓာကိုယ်က သူ့ဦးနှောက်ထပ် ပိုမြန်သည့်အတွက် ရေသူထီးလေးဆီသို့ ပစ်လိုက်သည့် မှိန်း ကို လှမ်းဖမ်းဆွဲလိုက်သည်။

 

လန်စီ နောက်ဆုတ်သွားပြီး သူသေချာရှင်းလင်းစွာမြင်လိုက်ရသောအခါ မှိန်းထိပ်သည် သူခေါင်းမှ ၅ စင်တီမီတာ လောက်အကွာအဝေး တိုတိုလေးသာ ကွာဝေးနေ၏။

 

သေစမ်း!

 

လန်စီ မှိန်းလာရာလမ်းကြောင်းအတိုင်း ကြည့်လိုက်ပြီး လှေအခန်းထဲတွင် မိန်းမတစ်ယောက် မှိန်းသေနတ်ကို ကိုင်ထားပြီး သေနတ်ပြောင်းဝကို သူ့ကိုချိန်ထားကာ ရပ်နေ၏။

 

အကယ်လို့ လန်စီက တစ်ဖက်သူ၏ သူ့ကိုသတ်ချင်နေသော စိတ်ဆန္ဒကို မမြင်နိုင်ခဲ့လျှင် သူက အရူးတစ်ယောက်သာ ဖြစ်လိမ့်မည်။

 

သူ ရုတ်တရက် ဒေါသများထွက်လာကာ ထိုမိန်းမထံသို့ စူးရှစွာအော်ဟစ်ပြီး လှည့်ကာ ပင်လယ်ထဲသို့ ပြန်ခုန်ဆင်းသွား၏။ ခုန်ဆင်းသွားချိန်တွင် တမင်တကာ သူ့အမြှီးကို မြှောက်၍ ခေါင်းပေါ်သို့ ပူနွေးနေသောရေများကို သူ့ခေါင်းပေါ်သို့ လောင်းချခဲ့သည်။

 

ဝမ်ယု: "..."

 

လန်စီ ပျောက်ကွယ်သွားပြီးနောက် ဝမ်ယု မတ်တပ်ထကာ မေးလိုက်၏။

 

"ရိုစ့် မင်း ဒါ ဘာလုပ်နေတာလဲ"

 

ရိုစ့်သည် ဒုတိယမြောက်မှိန်းကို မှိန်းသေနတ်တွင် တပ်နေသည်။ဝမ်ယု သူ့ကို မေးနေသော်လည်း သူမ သည် သူ့ကိုယ်သူလည်း မနှိမ့်ချနေသလို လွန်ကျူးနေခြင်းလည်း ရှိမနေဘဲ ပြန်ပြောလိုက်သည်။

 

“အဲ့ဒီ ပင်လယ်မိစ္ဆာကို သတ်ပစ်ရမယ်"

 

"အဲ့ဒါ ပင်လယ်မိစ္ဆာ မဟုတ်ဘူး"

 

ဝမ်ယုက ဒေါသတကြီးဖြင့် သူ့လက်ထဲက မှိန်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထား၏။

 

သူအနည်းငယ် စိုးထိတ်နေမိသေးသည်။ အကယ်လို့ သူသာ မှိန်းကို မဖမ်းနိုင်ခဲ့လျှင် လှပသော ရေသူထီးအဖြူလေးသည် ဒီလောကထဲမှာ ပျောက်ကွယ်သွားနိုင်သည်။

 

ထို့သို့ဖြစ်ခဲ့လျှင် သူ ဒီကမ္ဘာကြီးပေါ်မှာ ဆက်တည်ရှိနိုင်ဖို့ ဘာလိုအပ်တော့မှာလဲ။

 

ကိစ္စများကို ပိုဆိုးအောင်လုပ်မိလျှင် သူ့ငါးကလေးသည် သူ့ကို ဘယ်တော့မှထပ်ပြီး ယုံကြည်တော့မှာမဟုတ်ပေ။ သူသည် အဖြူရောင်ရေသူထီးလေးကို ဘယ်တော့မှ ပြန်တွေ့ခွင့် မရနိုင်တော့တာလည်း ဖြစ်နိုင်၏။

 

"သူက ကြည့်ကောင်းတယ်ဆိုတိုင်း မင်း သူ့ရဲ့ ပုံစံကို ငြင်းဖယ်ထားလို့မရဘူးလေ"

 

ရိုစ့် က ပြတ်ပြတ်သားသား လှောင်ရယ်ကာ ပြော၏။

 

“သူ့ကို သတ်ပစ် လိုက်စမ်းပါ”

 

"ငါကရော? ပင်လယ်မိစ္ဆာမျိုးဗီဇ ပါတဲ့ ငါကရော ဘာလဲ? မင်းငါ့ကို ဘာလို့ မသတ်လိုက်တာလဲ။”

 

ဝမ်ယု မျက်လုံးများ ရုတ်တရက် အေးစက်သွားပြီး သူ့လက်ထဲက မှိန်းကို ပစ်ချကာ ပြောလိုက်သည်။

 

"သူမကို သတ်ပစ်လိုက်"

 

ဝမ်ယု စကားလုံးများက “သူ” ဖြစ်ရမဲ့အစား “သူမ” ဖြစ်နေတာကို ရိုစ့် သတိမထားလိုက်မိပါ။ သူမ နောက်သို့ တစ်ချက်ဆုတ်ကာ ပင်လယ်မျက်နှာပြင်ကို မှိန်းသေနတ်ဖြင့် ချိန်တော့မည့်အချိန်တွင် သူမ လည်ပင်း ရုတ်တရက် နာသွားပြီး သူမသတိ လုံးဝ  မေ့သွားတော့သည်။

 

ကားလ်က မသိလိုက်ဘဲ သူနိုးလာသည့်အချိန်တွင် ရိုစ့်နောက်၌ တိတ်တိတ်လေး ရပ်နေခဲ့ခြင်းဖြစ်သည်။ အမိန့်လက်ခံရရှိပြီးနောက် သူ ရိုစ့်ကို သတိမေ့သွားအောင်သာလုပ်လိုက်၏။

 

သူက ရိုစ့် ခန္ဓာကိုယ် ကို ဆွဲမိကာ မကျေမနပ်ပြောလိုက်သည်။

 

"ဘော့စ် ကျွန်တော် ဒီမိန်းမက မကောင်းပါဘူးလို့ ပြောသားပဲ။ ဒီမိန်းမနဲ့ ဒီမှာ ဘာလုပ်နေတာလဲ။”

 

ဝမ်ယု မျက်နှာသိပ်မကောင်းပေ။

 

"သူမက ဒေါက်တာစုရဲ့ သမီးပဲ။ အကယ်လို့ သူမသေသွားရင် ရှင်းပြရတာခက်လိမ့်မယ်”

 

"ဒါပေမဲ့ သူမက မိုရန့်ဆီကလည်းဟုတ်တယ်လေ”

 

ကားလ် မျက်လုံးကို ကလယ်လိုက်သည်။ ပွစိပွစိဖြင့် ရေရွတ်ရင်း ရိုစ့် လက်ထဲက မှိန်းသေနတ်ကို ဆွဲယူပြီး ရိုစ့်ကို ကြိုးဖြင့် တုပ်ထားလိုက်၏။

 

"အကယ်လို့ ဒေါက်တာစုရဲ့ ကြင်နာမှုကို ပြန်ဆပ်ချင်ရင်တောင် အခုတော့ လွန်သွားပြီလေ”

 

"နောက်တစ်ခေါက်ဆိုတာ ရှိလာတော့မှာမဟုတ်ဘူးပဲ။”

 

ဝမ်ယုက နက်ရှိုင်းစွာဖြင့် ငြိမ်သက်နေသော ပင်လယ်ကိုလှမ်းကြည့်လိုက်သည်။

 

ကားလ် သည် ပင်လယ်သို့ဦးတည်ကာကြည့်နေသည့် နူးညံ့နေသော အကြည့်နောက်သို့လိုက်ကြည့်ပြီး စိတ်ဝင်တစားမေးလိုက်၏။

 

"ကျွန်တော်သာ အခုအမြင်မမှားဘူးဆိုရင် အဲ့တာ ရေသူထီး လေးမဟုတ်လား သူက ဒဏ္ဏာရီ ပုံပြင်ထဲကလို တကယ်တူပြီး ချစ်စရာလေးပဲနော်”

 

ဝမ်ယု အမူအရာက အနည်းငယ်တော့ စိတ်အေးသွား၏။

 

"ဟုတ်တယ်”

 

"ဒါဆို သူက ကျွန်တော်တို့ရဲ့ အသားခြောက်တွေ အကုန်လုံးကို စားပစ်လိုက်တာပေါ့”

 

"..."

 

"ဆရာ ကျွန်တော့်ကို ဘာလို့စောစော မပြောခဲ့တာလဲ။ အကယ်လို့ သူက အသားခြောက်တွေကို စားလိုက်တာပါလို့ ဆရာပြောရင်တောင် ကျွန်တော် သေချာပေါက် ဘာမှပြောမှာ မဟုတ်ဘူး။ ဆရာက တကယ် အကျင့်မကောင်းဘူး။ ကျွန်တော့်ကိုမှ ဖုံးကွယ်ထားချင်နေတာပဲ။”

 

"မသိစေချင်လို့ပေါ့"

 

ဝမ်ယု ပင်လယ်ကို ကြည့်နေရင်း သူ့နားထင်များကို ဖိပွတ်လိုက်သည်။ အခုတော့ သူ့ခေါင်းသည် ပြန်ကိုက်ခဲကာ နာလာပြီဖြစ်၏။

 

"သူ ငါတို့အပေါ်ကို စိတ်ပျက်ပြီး လက်မလျှော့သွားဖို့ငါ မျှော်လင့်ပါတယ်”

 

သူ သူ့ကိုယ်သူ တီးတိုးရေရွတ်နေ၏။

 

"ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ တကယ် မကောင်းတဲ့ ဘာရည်ရွယ်ချက်မှ မရှိခဲ့ပါဘူး…ကျေးဇူးပြုပြီး ငါတို့အပေါ် စိတ်ပျက်ပြီး လက်မလျှော့သွားပါနဲ့နော်။”

 

 

တကယ်တော့ လန်စီသည် လှေအောက်ခြေတွင် ပုန်းနေပြီး လှေပေါ်မှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို ခိုးနားထောင်နေခြင်းဖြစ်သည်။

 

တကယ် ထူးဆန်းလှသည်။

 

 လန်စီ အရမ်းလည်း ကြောက်နေသလို အရမ်းလည်း စိတ်ရှုပ်နေ၏။

 

ထိုမိန်းမ ၏ လူနဲ့ ပင်လယ်မိစ္ဆာ တွေက မသေမျိုးတွေ ဖြစ်လာတဲ့အကြောင်း ပြောနေတာကို ဘယ်လို နားလည်ရမလဲ။

 

ပြီးတော့ ဝမ်ယုကရော သူက ဘာလို့ ပင်လယ်မိစ္ဆာ မျိုးရိုးဗီဇ ပါနေတယ်လို့ ပြောရတာလဲ။

 

ဝမ်ယု က တကယ် ဘာလဲ။

 

ဒါက ထူးဆန်းနေသည်။ ဒါက တကယ်ထူးဆန်းနေ၏။

 

လန်စီ သံသယများစွာဖြင့် ပူစီဖောင်းတချို့ကိုသာ မှုတ်ထုတ်လိုက်တော့သည်။

 

End 17