Chapter 18
Viewers 513

ဝမ်ယုနှင့် ကားလ်နှစ်ယောက်သားမှာ ကျွန်းဆီသို့ မရောက်ခင်အထိ တစ်ရက်ကြာအောင် လှော်ခဲ့ရသည်။

 

ကားလ် ကျွန်းကို လှမ်းမြင်လိုက်သောအခါ ပျော်လွန်းလို့ ငိုမိ‌တော့ မတတ်ပင်။

 

"နောက်ဆုံးတော့ ကျွန်းရှာတွေ့သွားပြီ ငါတို့ မသေတော့ဘူး ဝူးဝူးဝူးးးး"

 

ရို့စ်က လှေ၏အကန့်ငယ်လေးထဲတွင် လှဲကာ အိပ်ပျော်နေခဲ့ခြင်းဖြစ်သည်။ သူမ နိုးလာပြီးနောက် ခန္ဓာကိုယ်ကို အနည်းငယ်မတ်ကာ ကြည့်လိုက်သည့်အချိန် မနီးမဝေး၌ တွေ့လိုက်ရသော ကျွန်းငယ်လေးကို ကြည့်ကာ အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်။

 

သူမ နောက်ဆုံးတော့ ဝမ်ယုက အမှန်တရားတွေ ပြောနေတယ်ဆိုတာကို သိသွားခဲ့ရပြီး ရေသူလေးကလည်း သူတို့အတွက် လမ်းရှာပေးခြင်း ဖြစ်သည်ကို လက်ခံနိုင် သွားလေသည်။

 

ရို့စ် နှုတ်ခမ်းကို ကိုက်ကာ ရေသူထီးလေးကို ပြန်တွေးရင်း နှလုံးသားထဲ၌ အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်လာခဲ့သည်။

 

ကျွန်းဆီသို့ ရောက်သည့် အချိန်တွင် ဝမ်ယုက လှော်တက်များကို အကန့်လေးထဲတွင်ထည့်ကာ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ကားလ်ကို ပြောလိုက်၏။

 

"ငါနဲ့အောက်ဆင်းလိုက်ခဲ့ လှေကို ဟိုဘက်နားဆွဲသွားရအောင်"

 

ကျွန်း၏အနီးအနားတွင် ကျောက်တုံးများစွာရှိနေခဲ့ပြီး လေများ လှိုင်းလုံးများမှာလည်း အလွန်ကို ပြင်းထန်နေခဲ့သည်ပင်။ လှော်တက်ကို သုံးကာ ဆက်လှော်နေမည် ဆိုလျှင် အားအလွန်အကျွံ သုံးရမည်ဖြစ်ပြီး အသုံးမဝင်နိုင်ပါချေ။

 

ကားလ်ကလည်း ငြင်းဆိုခြင်း မရှိခဲ့ပေ။ လှေပေါ်က ဆင်းနေစဉ်တွင် ရို့စ်၏ပုခုံးကို ပုတ်လိုက်ကာ ခြိမ်းခြောက်သလို သတိပေးသလိုပြောခဲ့သေး၏။

 

"ပြေးချင်မနေနဲ့ အခုငါတို့အသက်ရှင်နေပြီ ရုတ်ရုတ်ရုတ်ရုတ် လုပ်မယ်ဆိုရင်တော့ ချက်ချင်း စွန့်ပစ်လိုက်တော့မှာ"

 

ရို့စ်ကတော့ ဘာမှပြန်မပြောဘဲ လှောင်ရယ်သလိုလုပ်လိုက်၏။

 

ကားလ်နဲ့ ဝမ်ယုသည် ပင်လယ်ရေထဲသို့ ခုန်ဆင်းသွားကြပြီး လှေ၏ထိပ်ဦးပိုင်းကို ကြိုးနှင့်ချည်ကာ နှစ်ယောက်အတူတူ လှေကို ဆွဲလိုက်ကြသည်။

 

ထိုနေရာ၌ အဓိက ပြဿနာမှာကား သူတို့နှစ်ယောက်လုံးသည် လှေကို ဆွဲသွားခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိကြပါချေ။

ကျွန်းအနီးမှ ဒီရေမြင့်တက်လာခြင်းနှင့်အတူ ပြင်းထန်လှသော လေများလှိုင်းများပါ ရိုတ်ခတ်လာသည့်အခါတွင်တော့ သူတို့နှစ်ယောက်လုံး လှေ၏ဦးတည်ရာကို မထိန်းချုပ်နိုင်တော့ပေ။

 

အထူးသဖြင့် လူသစ်လေးဖြစ်သော ကားလ်သာဖြစ်သည်။ သူ့ခမျာ ရေထဲသို့ ချော်ကျသွားပြီး ‌ပင်လယ်ရေများကလည်း ပါးစပ်ထဲကို အလုံးအရင်းဝင်ရောက်လာသေး၏။

 

ဝမ်ယု မျက်မှောင်ကျုံ့ လိုက်သည်။ ထို့နောက် လှုပ်ရှားမှာများကို ရပ်လိုက်ကာ ရေထဲတွင် မွန်းနေသော ကားလ်ကို ဆွဲထုတ်လိုက်ပြီး ပြဿနာရှိမရှိ မေးလိုက်သည်။

 

"ဖာ့ခ်"

 

ကားလ် မျက်မှောင်ကျုံ့ကာဖြင့် အလွန်ခါးလှသော ပင်လယ်ရေများကို ထွေးထုတ်လိုက်ကာ ပြောလိုက်သည်။

 

"ကျွန်တော် တစ်ခုခုကို တက်နင်းမိသွားတာ"

 

ကားလ်၏ ခြေထောက်အောက် တွင်တော့ အနီရောင်သွေးများ ပြန့်ကျဲလာသည်ကို တွေ့လိုက်ရ၏။ ဝမ်ယု၏အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူအမြန်ပြောလိုက်သည်။

 

"အပေါ်ကို အမြန်တက်တော့ သွေးနံ့ရရင် ငါးမန်းတွေလာလိမ့်မယ်"

 

ပင်လယ်သတ္တဝါများ သန္ဓေပြောင်းသွားသည့်နောက်တွင် သူတို့ရဲ့အနံ့ခံအာရုံများနှင့် အခြားအင်္ဂါရပ်များမှာလည်း အလွန်ပင် တိုးတက်လာခဲ့၏။

 

ကမ်းခြေနှင့် အနီးတစ်ဝိုက် ရေတိမ်ပိုင်းများတွင် တွေ့ရခဲသော ငါးမန်းပေါက်လေးများကိုလည်း ယခုဆိုလျှင် မကြာခဏတွေ့မြင်လာရပြီဖြစ်သည်။

 

ကားလ်မှာ ဂရုမစိုက်ဘဲ မနေနိုင်ခဲ့ပေ။ သူလှေပေါ်သို့ အမြန်ပြန်တက်သွားလိုက်၏။

 

သူစိုးရိမ်စွာဖြင့် မေးလိုက်သေး၏။

 

"ဘော့စ် မင်းတစ်ယောက်တည်းနဲ့ လှေပေါ် နှစ်ယောက်တင်ပြီး တွန်းနိုင်ပါ့မလား"

 

ကားလ် သူ့မျက်ဆံများကို လှိမ့်ကာ နံဘေးရှိ ရို့စ်ကို ကြည့်ပြီး ပြောလိုက်သည်။

 

"ဘာလို့ ဒီမိန်းမကို ပစ်မချလိုက်တာလဲ"

 

ရို့စ် ထိတ်လန့်သွားကာ မသိစိတ်ကနေ ဘေးသို့အနည်းငယ်ခွာလိုက်ပြီး ခန္ဓာကိုယ်ကို ကျုံ့ထားလိုက်မိသည်။

 

ကားလ်က ရယ်စရာ ပြောနေတာမဟုတ်ဘဲ တကယ်လုပ်မည့်ပုံဆိုတာ သူမသိပါ၏။

 

ဝမ်ယုတို့အဖွဲ့ကို ရောက်မလာခင်ကတည်းက ကားလ်ကို အထူးသတိထားရန် လူတိုင်းက ပြောခဲ့ကြ၏။ ကားလ်သည် ဝမ်ယုကို သစ္စာရှိလွန်းသည်‌ ဆိုသည့်အချက်ကလွဲလျှင် လုံးဝကို ခွေးရူးတစ်ကောင် ဖြစ်လေ၏။

 

အစတုန်းကတော့ ရို့စ်မယုံခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏စိတ်ထဲတွင် ကားလ်သည် ပူပင် ကြောင့်ကြ ကင်းမဲ့သော ဒုတိယမျိုးဆက် လူငယ်တစ်ဦး ဖြစ်ပြီး သူမအပေါ်‌လည်း ကောင်းကောင်း ဆက်ဆံသည်ဟု ခံစားခဲ့ရသောကြောင့်ပင်။

 

သို့သော်ငြား ယခုအခါမှာတော့ ရို့စ်တစ်ယောက် 'ခွေးရူး' ဆိုသောစကားလုံးကို ကောင်းကောင်းကြီး နားလည်သွားလေပြီ။

 

ကားလ်မှာ သူမျက်နှာလွှဲ နိုင်သည်ဟု ပြောလျှင် တကယ်ပင် အခြားသူများ၏ဘဝကို ထူးမခြားနား သဘောထားကာ လုံးဝကို မျက်နှာလွှဲလိုက်နိုင်၏။

 

ဝမ်ယု သူ့ခေါင်းကို လှည့်လာကာ ရို့စ်ကို အေးစက်စက် အမူအရာဖြင့် ကြည့်ရင်း ကားလ်၏စကားများကို ငြင်းဆန်ကြောင်းလည်း မပြောသလို ထောက်ခံကြောင်းလည်း ပြောမလာပေ။

 

အတူတူအလုပ်လုပ်လာတာ နှစ်ချီလာပြီ ဖြစ်သည့်အတွက် ဝမ်ယု၏ပါးစပ်က ထုတ်မပြောသော်ငြား ကားလ်နားလည်သွားကာ လှဲချလိုက်တော့၏။

 

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ သူ့ကိုမထိတော့ဘူး။ သူကအရန် အစီအစဉ်ပဲ ထားပါတော့။"

 

ရို့စ်၏မျက်နှာမှာ နားမလည်နိုင်မှုများ ပြည့်နှက်သွားရ၏။

ထိုအခိုက်တွင် ပင်လယ်အောက်ခြေကနေ လျင်မြန်စွာချဉ်းကပ်လာသော အပြာရောင်အရာများကို ကားလ်၏ ထက်ရှသောမျက်ဝန်းများက တွေ့လိုက်ရသည်။ သူ ခဏတော့ နောက်ပြန် ဆုတ်မိသွား၏။ ထို့နောက် မျက်နှာအမူအရာမှာ အလွန်အမင်း ထိတ်လန့်သွားလျက် နံဘေးရှိမှိန်းကို ယူကာ ဝမ်ယုဆီ ပစ်ပေးလိုက်သည်။

 

"ဘော့စ် မက်ကိုငါးမန်းတွေ"

 

ဝမ်ယုသည် မှိန်းကို လှမ်းဖမ်းထားလိုက်ပြီး သူ့မျက်နှာမှာလည်း ဖျော့တော့သွား၏။

 

ထိုငါးမန်းများမှာလည်း ရောက်လာလေပြီ။

 

မက်ကိုငါးမန်းမျိုးစိတ်များသည် မူလတုန်းက ကမ်းလွန်ပင်လယ်ပြင်ဘက်က ငါးမန်းကြီးများ၏ မျိုးစိတ်အခွဲများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန် ရက်စက်ကြမ်းကြုတ်ကာ ရေကူးရာတွင် လည်းတော်ကြပြီး မြန်လည်းမြန်သည်ဟု ပြောကြသည်။ ငါးမန်းမျိုးစိတ်များထဲ အမြန်ဆုံး ကူးခတ်နိုင်သော မျိုးစိတ်များလည်း ဖြစ်ကြ၏။

 

ထိုငါးမန်းများသည် အဓိကအားဖြင့် ပင်လယ်ထဲတွင်သာ လှည့်လည်ကျက်စားလေ့ရှိပြီး တစ်ခါတစ်ရံကျမှသာ ကမ်းရိုးတန်းဒေသများ၊ ကမ်းလွန်ပင်လယ်ပြင်များ၊ ကမ်းဦးရေတိမ်ပိုင်းများနှင့် တိမ်မြုပ်နေသော ကျွန်းတစ်ပိုင်းဒေသများတွင် သာတွေ့ ရတတ်သည်။ ထို့ပြင် နွေရာသီ၌ဆိုလျှင် ရေနွေးစီးကြောင်းနှင့် အလိုက် ပြောင်းရွှေ့နေထိုင် တတ်သေး၏။

 

သန္ဓေပြောင်းလဲပြီးနောက်တွင် မက်ကိုငါးမန်းများသည် အကောင်ပေါက် အရွယ်လောက်အထိသာ သေးငယ်နေဆဲဖြစ်၏။ ၎င်းတို့သည် ကမ်းခြေနားတွင် လှည့်လည်သွားလာရတာကို နှစ်သက်ပြီး လူသားများကိုလည်း တိုက်ခိုက်တတ်သေးသည်။ မကြာခဏဆိုသလိုပင် လူသားများကို စားသောဖြစ်ရပ်များ လည်းရှိတတ်၏။ ယခုလည်း ကားလ်၏သွေးရနံ့ကြောင့် ရောက်ရှိလာမှန်း ထင်ရှားနေပေသည်။

 

ဝမ်ယု ခေါင်းခဲသွားရသည်။

 

သူ့တွင် ပင်လယ်သတ္တဝါဗီဇပါရှိပြီး ကိုယ့်ကိုယ်ကို ပြန်လည် ကုသနိုင်စွမ်းမြင့်မားသည် ဆိုလျှင်တောင်မှ ရေထဲတွင် အကိုက်ခံရမှာက အကိုက်ခံရမှာပဲဖြစ်သည်။ အကိုက်ခံရပြီး သွေးထပ်ထွက်လာလျှင် ပိုများသော ငါးမန်းများ ထပ်ရောက်မလာဘူး ဆိုတာ ဘယ်သူသိမှာတဲ့လဲ။

 

အနီးတစ်ဝိုက်တွင် ငါးမန်းအုပ်စုများနှင့် သားပေါက်များရှိသောငါးမန်းအမများ ရှိ‌မနေဖို့သာ မျှော်လင့်ရတော့မည်။

 

ဝမ်ယု မှိန်းကို သေသေချာချာ ဆုပ်ကိုင်ထားကာ ပင်လယ်ပြင်အောက်ဘက်ကို စိတ်ပူပန်စွာ ကြည့်လိုက်သည်။ ထိုစိမ်းပြာရောင်အရာများသည် သူရှိသည့်ဘက်သို့ လျင်မြန်စွာ ရွေ့လျားလာလေ၏။

 

*ရာ့...*

 

အရမ်းကို နောက်ကျသွားပြီ။  ထိုအပြာရောင်အရာသည် ပင်လယ် အောက်ခြေရှိ သဲပြင်ပေါ်တွင် အထင်းသား မြင်နေရပြီး သူနှင့်အတော်နီးကပ်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် အသံလှိုင်းတစ်ခုက ရုတ်တရက်ကြီး ရိုက်ခတ် သွားလေ၏။

ငါးမန်းပေါက်လေးမှာ ဘာဖြစ်သွားမှန်း မသိလိုက်ရှာဘဲ  ဘေးတိုက်အကန်ခံလိုက်ရပြီး ကောင်းကင်ပေါ်ကနေ ဖြတ်သန်းသွားပြီးနောက် ရေထဲသို့ 'ပလုံ' ကနဲပြုတ်ကျသွားလေ၏။

 

စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက်တွင် ပင်လယ်ထဲပြုတ်ကျသွားသော ငါးမန်းပေါက်လေးသည် ရေထဲတွင် ဗိုက်သားပြင်ကိုဖော်၍ မြောပါသွားပြီး သိသိသာသာပင် သေသွားခြင်း ဖြစ်လေ၏။

 

ဝမ်ယု ခဏလောက် မှင်တက်နေမိကာ မျက်လုံးများကို ခပ်ကျယ်ကျယ်ဖွင့်၍ အသံလှိုင်း ထွက်ပေါ်လာသော နေရာကို အံ့ဩတကြီးလှမ်းကြည့်လိုက်သည်။

 

"ငါးပေါက်လေး?"

 

အသေအချာပင် သိပ်မဝေးသော ကျောက်တန်းပေါ်တွင် လဲလျောင်းနေသူမှာ ရေသူထီးလေးပင် ဖြစ်ပါ၏။

 

ဝမ်ယု လှမ်းကြည့်တာကို တွေ့သည့်အခါ သူ့အမြှီးများကို လှုပ်ယမ်းပြလိုက်ပြီး အရေပြားဆက် လက်ဖဝါးကို မြှောက်ပြ၍ သူတို့ရှေ့မှာတင် ဝမ်ယုနဲ့ အခြားသူများကို လက်ခလယ်ကို ထောင်ပြ လိုက်သည်။

 

လူသား သုံးယောက် : "....."

 

သူ ဘယ်လို လုပ်လိုက်တာလဲ?

 

ဝမ်ယုနှင့် အခြားသူများ၏ ဘာမှမသိ နားမလည်သောပုံစံကို ကြည့်ကာ အဖြူရောင်ရေသူထီးလေးသည် ကျေနပ်သွားသကဲ့သို့ ပြင်းထန်စွာ အသံပြုလိုက်ပြီး ပင်လယ်ထဲသို့ ခုန်ဆင်း သွားတော့သည်။

 

ထိုရေသူထီးလေးကို မြင်လိုက်ရသည့်အတွက် ဝမ်ယုသာမက ရို့စ်နှင့်ကားလ်ပါ အံအားသင့်သွားရလေသည်။

 

ကားလ်ကတော့ ရေသူထီးလေးရဲ့အင်အားကြောင့် အံ့ဩနေခြင်းဖြစ်ပြီး ရို့စ်ကတော့ ရေသူထီးလေးရဲ့ သူတို့ကို ကယ်တင်ပေးတဲ့ လုပ်ဆောင်ချက်များကို အံ့အားသင့်နေခြင်း ဖြစ်သည်။

 

ထို့အပြင် ယခုလေး တင်မြင်လိုက်ရသော ရေသူထီးလေး၏ အပြုအမူများသည် လူသားများနှင့် မကွာ‌ခြားပေ။

ထိုအကောင်ပေါက်လေးသည် ထေ့ငေါ့ခြင်း အပြည့်ဖြင့် အလွန်ပင်ချစ်ဖို့ကောင်းကာ ဆွဲဆောင်နေချင်သလို ပုံစံလေးလည်းဖြစ်သည်။

 

.....

 

လန်စီကတော့ ဒီလူတစ်စုအတွက် သူ့နှလုံးသားလေး ကြေကွဲသွားသလိုတောင် ခံစားနေရသည်။

 

သူတို့ကို ကျွန်းတစ်ကျွန်း ကူရှာပေးရုံတင်မက ငါးမန်းရန်ကနေလည်း ကယ်တင် ပေးခဲ့ရသေးသည်။ တွေးရင်းဖြင့်ပင် အရမ်းကို အားရ ကျေနပ်သွားရလေပြီ။

 

အမှန်တော့ ရေသူလေးလဲ အရမ်းကို သန်မာပါတယ်နော်....

 

သို့သော်ငြား သတိထားသည့်အနေဖြင့် အထူးသဖြင့် ဟိုအမျိုးသမီး ရှိနေသောအခါတွင် လန်စီ သူတို့နားကိုသွားဖို့ မစဉ်းစားထားချေ။ သူသာ ထိခိုက် ဒဏ်ရာရသွားမည်ဆိုလျှင် ဆုံးရှုံးရတာ တန်မှာမဟုတ်ပေ။

 

ထို့ကြောင့် ငါးမန်းပေါက် ပြဿနာကို ဖြေရှင်းပြီးနောက်တွင် သူပင်လယ်ထဲကိုခု န်ဆင်းလာခဲ့ခြင်းဖြစ်ပြီး သူစားဖို့အတွက် ငါးများသာ ဖမ်းနေလိုက်တော့သည်။

 

အင်း .. ရေသူထီးတစ်ကောင် ဖြစ်လာပြီးနောက် ဘဝကြီးက အလွန်ပင် ပျင်းရိဖွယ်ရာ ကောင်းလာလေပြီ။

အပြာရောင် ပင်လယ်ပြင်ထဲတွင် နေထိုင်ရသည့်အချိန်တိုင်း လန်စီ သူ့လက်ထဲ၌ ဖုန်းရှိနေသော နေ့ရက်အချို့ကို ပြန်လည် လွမ်းဆွတ်နေခဲ့မိသည်။ အခုဆိုလျှင် သူဖိုရမ်ပေါ် လျှောက်ကြည့်ချင်ရင်တောင်မှ ပင်လယ်မွန်းစတားစကားပြောအုပ်စုထဲသာ ဝင်‌နိုင်တော့သည်။

 

ပင်လယ်မွန်းစတားများ ပြောသည့် စကားအများစုကို သူနားမလည်သည်မှာတော့ အလွန်ပင် သနားစရာ ကောင်းလှပါ၏။

 

ပင်လယ်မွန်းစတားများနှင့် သီးသန့်စကားပြောချင်လျှင် အကွာအဝေး သတ်မှတ်ချက် ကလည်းရှိသေး၏။ခု အချိန်တွင် လန်စီ့အနီးအနား၌ မည်သည့် ပင်လယ်မွန်းစတားတစ်ကောင်မှ မရှိသည့်အတွက် သီးသန့်စကားပြောလို့လည်း မရတော့ပေ။

 

လန်စီ ပင်လယ်ထဲကိုသာ ပြန်သွားလိုက်ပြီး ‌ငါးအုပ်စုတစ်ခု အနားကို တိုးဝင်လိုက်ကာ ဖမ်းယူ စားသောက်လိုက်တော့သည်။

 

လန်စီ သူ့ဗိုက်ကို ထိလိုက်ပြီး ဗိုက်ပြည့်သွားတာ သေချာသောအခါတွင် မှောင်ရိပ်ကျနေသော ပင်လယ်ကျောက်တုံး လှိုဏ်ဂူတစ်ခုကို ရှာတွေ့သွားပြီး နေရာကို အလျင်အမြန် စစ်ဆေး ပြီးသည့်နောက် တစ်ရေးအိပ်ရန် ထိုအထဲကို ဝင်သွားတော့သည်။

 

ရေသူဘဝတွင် လန်စီသည် မှန်းထားသည့် အချိန်ထက်ပင် ပိုကြာအောင် အိပ်နိုင်လေ၏။ အခုဆိုလျှင် လန်စီ တစ်နေ့ကို ဆယ်နာရီလောက် အိပ်နေပြီ ဖြစ်သည်။

 

လန်စီ မနေ့ညတုန်းက ဝမ်ယုရဲ့ အခြေအနေကို ကြည့်ရန်အတွက် နောက်ကျတဲ့ အထိနေခဲ့ရသည်။ ထို့အတွက်ကြောင့် နေ့ဘက်မှာသာ အိပ်ခဲ့ရ၏။

 

လန်စီ သူ့ခန္ဓာကိုယ်ကို အမြှီးဖြင့် ဖုံးကွယ်လိုက်ကာ စက်ဝိုင်းပုံစံကွေးညွှတ်ထားခဲ့ပြီး မကြာခင်တွင် အိပ်ပျော်သွားခဲ့လေသည်။

 

အချိန်မည်မျှ ကြာသွားသည်ဆိုတာကို မသိလိုက်ရ။ လန်စီ ‌နောက်တစ်ကြိမ် မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အချိန်တွင် ပင်လယ်ပြင်ကို တွေ့လိုက်ရပြီး ညအချိန်ရောက်နေပြီမှန်း သိလိုက်ရ၏။

 

အချိန် အတော်ကြာသွားပြီ ဖြစ်သည့်အတွက် ထိုလူတွေ ကျွန်းပေါ်တွင် ရှိနေသင့်လောက်ပြီ ဖြစ်သည်။

 

လန်စီ လှိုဏ်ဂူထဲကနေ ထွက်လာလိုက်ပြီး ပင်လယ်ထဲကနေ တိတ်တဆိတ် ထွက်လာခဲ့သည်။

 

ထိုအချိန်တွင် ပင်လယ်ပြင်ပေါ်ရှိ ကျွန်းလေးပေါ်၌ မီးပုံတစ်ခုက ထွန်းလင်းတောက်ပနေခဲ့ပြီး ထိုမီးအရောင်သည် နက်မှောင်လှသော ညခင်းတွင် အလွန်ပင် သိသာထင်ရှားနေခဲ့သည်။

 

လန်စီ တိတ်တိတ်လေး သက်ပြင်းချလိုက်၏။

 

လန်စီ လှည့်ထွက်သွားတော့မည့် အချိန်မှာပဲ လေထဲတွင် အနံ့တစ်ခု ရလိုက်သည့် အတွက်ကြောင့် နှာတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်ရာ ပင်လယ်ရေများ တောင် ပါးစပ်ထဲ ဝင်လာခဲ့ရသည်။

 

အရင်တစ်ခေါက် ဝမ်ယု ကျွေးသည့် အမဲသားခြောက်သည် လန်စီ၏ အစာစားချင်စိတ်ကို လှုံ့ဆော် ပေးလိုက်ရာ ယခုဆိုလျှင် လန်စီတစ်ယောက် ချက်ပြုတ်ပြီးသား အစားအသောက်များကို ပိုပိုပြီး စားချင်လာရ၏။

 

အခုတော့ ငါးကင်နံ့လေးက လေထဲတွင် သင်းပြပြဖြင့် အလွန်ပင် မွှေးနေလေတော့သည်။

ထိုအနံ့က ဒီငါးပေါက်လေးကို ပြင်းထန်စွာ နှိပ်စက် ညှင်းပန်း နေသလိုပင်။

မီးမြိုက်ထားသော ငါးကင်ပူပူလေးကိုသာ စားလိုက်ရလျှင် .....။

 

လန်စီ အချိန်အတော်ကြာ အတွေးထဲတွင် ရုန်းကန်နေ ပြီးသည့်နောက် နောက်ဆုံးတွင် ထိုလူ‌သုံးယောက်နှင့် သူ၏ခွန်အားကို နှိုင်းယှဉ်ပြီးသည့်နောက် နိဂုံးချုပ်မှာကား —

 

သူ ထိုလူသုံးယောက်ကိုတော့ သတ်နိုင်လောက်သေး၏။

 

ထွက်သွားဖို့ လမ်းကြောင်းကိုလည်း ရှာဖွေထားပြီးသည့် နောက်တွင် လန်စီကမ်းခြေနားသို့ သတိထားကာ ချဉ်းကပ်သွားလေ၏။

 

သေချာပေါက်ပင် သိပ်မဝေးသောနေရာ၌ ဝမ်ယုတို့အုပ်စု အတူတူ ထိုင်နေကြတာကို တွေ့လိုက်ရပြီး လှေကိုလည်း ကမ်းခြေပေါ်သို့ ဆွဲတင်ထားသည့်ပုံပင်။ မီးပုံကို ကျောက်တုံးများဖြင့် ဝန်းရံထားပြီး မီးပုံပေါ်တွင်တော့ သစ်ကိုင်းများဖြင့် အကင်တံကို ပြုလုပ်ထားလေသည်။ အကင်တံတွင်တော့ အညိုရောင်အရာတစ်ခုလည်း ရှိနေ၏။ ငါးကင်ပင် ဖြစ်သည်။

 

လန်စီ အချိန်တော်ကြာအောင် ထိုငါးကင်ကို စိုက်ကြည့်နေလိုက်သေးသည်။ ငါးကင်သည် သူ့လက်မောင်းလောက် ရှည်လျားကာ ကြည့်ရင်းဖြင့်ပင် စားချင်စဖွယ် ဖြစ်နေလေသည်။

 

သူ့ပါးစပ်ထဲကို ဝင်ရောက်လာမည့် ငါးကင်ရဲ့ အရည်ရွှမ်းရွှမ်း အရသာနှင့် ငါးကင်ရဲ့အပူချိန်က သူ့ရဲ့အ‌စာရေမြိုပြွန်ကနေ တောက်လျှောက်ဆင်းသွားကာ အစာအိမ်တစ်ခုလုံးကို နွေးထွေးသွားစေမည့် အပူအချိန်မျိုး စသည်စသည်ဖြင့် တွေးလိုက်မိရာ လန်စီ ချက်ချင်းပင် ကမ်းခြေကို သွားလိုက်တော့သည်။

 

အနီးတစ်ဝိုက်တွင် မည်သူမျှ ရှိမနေတာ သေချာသွားသည့်အခါတွင် လန်စီ ကုန်းပေါ်သို့ တက်သွားလိုက်၏။

 

ရေထဲမှာလိုမျိုး ကိုယ်ဖော့နိုင်စွမ်း မရှိတော့သည့်အခါ လန်စီ သူ့အမြှီးကို တရွတ်တိုက်ဆွဲကာ တက်လာလိုက် ရတော့သည်။

 

ရေသူများ၏ကိုယ်လုံးအနေအထားမှာ အလွန်ပင် သန်မာလှ၏။ ရေထဲမှာ ငါးတစ်ကောင်လို ကူးခတ်သွားနိုင်ရုံမက ကုန်းပေါ်တွင်လည်း ‌မြွေတစ်ကောင်ရဲ့အမြှီးကဲ့သို့ လူးလွန့် သွားနိုင်ပေ၏။

 

လန်စီ သူ့အမြှီးဖြင့် ကမ်းခြေဆီသို့ တရွတ်ဆွဲသွားပြီးနောက် ဇာအလွှာပါးနှင့် တူသောအမြှီး၏ရေယက်နေရာသည် ပြင်ပထိခိုက်မှုများကို ကာကွယ်ရန်အတွက် အမြှီးတွင် မြဲမြံစွာ တွယ်ဆက်နေတော့သည်။

 

တစ်ချိန်တည်းမှာပင် အမြှီးရှိ ကြွက်သားများမှာလည်း အကြေးခွဲများကို ခိုင်မြဲအောင် ဆွဲထားသလိုဖြစ်ပြီး ကမ်းခြေပေါ်တွင် တွားသွားနိုင်ရန် အတွက် ခွာအ‌မြှောင်းကဲ့သို့ ဖြစ်နေစေလေ၏။

အကြိမ်ရေ အနည်းငယ် ကြိုးစားပြီးသည့်နောက်တွင်  သူ့ရဲ့လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်းကို ကြည့်ပြီး လန်စီ အံ့ဩသွားခဲ့ရသည်။ သူလက်နှစ်ဖက်ကို ထောက်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြှင့်တင်ထားပြီး သူ့အမြှီးကိုတော့ မြွေတစ်ကောင်လိုမျိုး လှုပ်ယမ်းကာ မီးပုံ လုပ်ထားသော နေရာဆီ သွားလိုက်သည်။

 

အမြီးဖြင့် ပွတ်တိုက်သွားသော နေရာများတွင် လေတိုက်သွားသလို စွပ်ကြောင်းကတော့ ကမ်းခြေပေါ်တွင် ကျန်နေခဲ့၏။

 

ရေသူများ၏အလိုအလျောက် လိုက်လျော ညီထွေရှိအောင် ပြောင်းလဲနိုင်စွမ်းသည် အလွန်ကို ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင် သန်မာလေသည်။

 

ပင်လယ်ရေနေသတ္တဝါ ဖြစ်လာလို့လားတော့ မသိပေ။ လန်စီသည် မီးပုံကို အနည်းငယ် တုံ့ပြန်လွယ်နေမှန်း ကိုယ့်ကိုယ်ကို သတိထားမိသွားသည်။ မီးပုံနားကို မရောက်ခင် ကတည်းကပင် မီးပုံ၏အပူရှိန်ကြောင့် နေမထိ ထိုင်မသာဖြစ်လာရသည်။

 

သူ့အသားအရေမှာ ခြောက်သွေ့လာကာ အက်ကွဲကြောင်းများ ဖြစ်လာသော လက္ခဏာများကို ကြံ့ကြံ့ခံရင်း လန်စီ အကင်တံမှ ငါးကင်ကို ဆွဲယူကာ ဘေးဘက်သို့ အလျင်အမြန် ရှောင်ပြေးပြီး ငါးကင်ကို ကိုက်ဝါးလိုက်၏။

 

တစ်ကိုက် ကိုက်ပြီးသည့် နောက်တွင် လန်စီ စူးရှစွာ အော် လိုက်ရသည်။

 

*ဖာ့ —*

 

ပါးစပ်ထဲတွင် စူးရှလှသော ကျဉ်တက်သွားမှုကို ခံစားလိုက်ရသည့်အတွက် လန်စီ အသားစကို ထွေးထုတ်လိုက်တော့သည်။ တစ်ပြိုင်တည်း ဆိုသလိုပင် မျက်ရည်များ ကျလာပြီး ထိုမျက်ရည်များမှာ ပုလဲလုံးအသွင်သို့ ကူးပြောင်းသွားကာ ကမ်းခြေပေါ်သို့ တပေါက်ပေါက် ကျဆင်းသွားတော့သည်။

 

"ငါးပေါက်လေး ?"

 

ရုတ်တရက်ပင် လူတစ်ယောက်က အသက်ကယ်လှေပေါ်မှ ချက်ချင်းဆင်းလာပြီး မီးပုံရှိရာ နေရာဆီသို့ အလျင်အမြန် ရောက်လာလေ၏။

 

"ဘာဖြစ်တာလဲ"

 

လန်စီ ငါးကင်ကို ကိုင်ထားဆဲဖြစ်ပြီး သူ့ထံသို့ အလျင်စလို ပြေးလာသောလူကို ကြည့်နေခဲ့သည်။

 

ဝမ်ယု ?

 

သေစမ်း သူတို့က ဘာလို့ လှေထဲမှာ ပုန်းနေတာလဲ။

 

လန်စီ အထိတ်တလန့် ဖြစ်သွားပြီးလက်ထဲက ငါးကင်မှာလည်း အောက်ကို ပြုတ်ကျသွားကာ ပင်လယ်ဘက်ကို ချက်ချင်း ပြေးထွက် သွားချင်တော့သည်။ ဖြစ်ချင်တော့လည်း ဝမ်ယုမှာ သူသွားမည့် လမ်းတည့်တည့်ကြီးတွင် ရှိနေခဲ့ခြင်းဖြစ်၏။

 

လန်စီ ထွက်ပြေးတော့မည်ကို မြင်သောအခါ ဝမ်ယု ရပ်တန့်သွားပြီး လန်စီနှင့် မျက်နှာချင်းဆိုင်ကာ မျက်နှာ ပေါ်တွင်လည်း ခါးသက်သက် အပြုံးတစ်ခုကို ပြုံးပြနေသေးသည်။

 

"ငါးပေါက်လေး မင်းကိုယ်တို့ ပြောတာနားလည်မှန်း ကိုယ်သိတယ်။ ငါးကင်က မင်းအတွက် ကိုယ်တို့ရဲ့လက်‌ဆောင်ပါ။ ကြောက်စရာမလိုပါဘူး"

 

အခြား လူနှစ်ယောက် ဖြစ်သည့် ကားလ်နှင့်ရို့စ်မှာလည်း လှေပေါ်မှ ဆင်းလာကြသည်။

 

ကားလ်ကလည်း ပလတ်စတစ်အိတ်တစ်လုံးကို ယူကာ အမြန်ဆင်းလာပြီး လန်စီ့ကို ချော့ပြောလိုက်သည်။

 

"ဟုတ်တယ် ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး မင်းအသားခြောက်တွေ စားရတာမကြိုက်ဘူးလား။ ငါတို့မှာ နည်းနည်း ရှိသေးတယ်နော်"

 

လန်စီ သတိကြီးစွာ ထားနေကာ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ကျုံ့ထားလိုက်ပြီး သူ့ရဲ့နားရွက်ရှိ ရေယက်များကိုတော့ ကျယ်ကျယ်လေး ဖွင့်ထား၏။ အနီးရှိလူတိုင်းကို အသံလှိုင်းတစ်ခုဖြင့် မေ့မြောသွားအောင် လုပ်နိုင်ရန် အသင့်အနေအထားဖြစ်နေခဲ့သည်။

 

ကားလ်ရဲ့ နောက်ဘက်ရှိ ရို့စ်၏မျက်နှာထားမှာ ပိုလို့ပင် ရှုပ်ထွေးနေသေးသည်။

 

သူမရဲ့ လက်တစ်ဖက်တွင် ချိန်းကြိုးတစ်ခု ဝတ်ဆင်ထားရပြီး ထိုချိန်းကြိုး၏ အစွန်းတစ်ဖက်မှာကား ကားလ်၏ လက်ထဲတွင်သာ ဖြစ်၏။

 

ကားလ်က ရှေ့ကို လျှောက်လာသည့်အတွက် ရို့စ်လည်း ရှေ့ကို လိုက်လျှောက်ရုံသာ ရှိတော့သည်။

 

ဤနေရာတွင် ရှိနေသော တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည့်အလျောက် သူမ စိတ်နေစိတ်ထားမှာ အခြားယောက်ျား ရင့်မာကြီးနှစ်ယောက်ထက် ပိုပြီးနူးညံ့ပုံပေါ်၏။

 

သူမက အမျိုးသားနှစ်ယောက်၏ နောက်တွင်ရပ်နေကာ လန်စီ့ကို ကြည့်နေခဲ့ပြီး ခဏမျှ တုန့်ဆိုင်း နေပြီးသည့်နောက် ပြောလိုက်၏။

 

"သူ့ကြည့်ရတာ အပူလောင် သွားတဲ့ပုံပဲ"

 

အမျိုးသား နှစ်ယောက်သည် ရို့စ်ကို လှည့်ကြည့်လိုက်ပြီးကာမှ လန်စီ့ကို တစ်ဖန်ပြန်ကြည့်လိုက်ကာ ရှုပ်ထွေး သွားသည့်ဟန်ဖြင့်။

 

လန်စီ ခဏတော့ တိတ်ဆိတ်သွားပြီး ရို့စ်ထံသို့ ရှက်ရွံ့စွာအော်ပြောလိုက်သည်။

 

*ဝါ့ — ကာ—*

 

လန်စီ လုပ်ပြသည့်ပုံစံကို တွေ့လိုက်သည့်အခါ ရို့စ် ခဏကြာသည်အထိ ငေးကြည့်နေပြီးကာမှ တိကျ ပြတ်သားစွာ ပြောလိုက်သည်။

 

"ကျိန်းသေပဲ။ ကျွန်မအစ်ကိုလည်း တစ်ခုခုကို ငြင်းတဲ့အခါတိုင်း သူ့လိုပဲလေ"

 

ထိုသို့ပြောပြီးသည့်နောက် ရို့စ်၏မှတ်ဉာဏ်များထဲရှိ ဆယ်ကျော်သက် လူငယ်လေး၏ပုံရိပ်မှာ ပိုပြီး ရှင်းလင်း ပြတ်သားလာခဲ့လေသည်။ သူမ လန်စီ့ကို လှမ်းကြည့်လိုက်ပြီး နှုတ်‌ခမ်းထောင့်စွန်းများမှာလည်း မသိနိုင်စွာ ကွေးညွတ်သွားရသည်။

 

ကျန်နေသည့် အမျိုးသားနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ကားလ်က တိတ်တိတ်လေး လှမ်းမေးလိုက်သည်။

 

"သူ့အစ်ကိုက သေသွားတာလား..."

 

ဝမ်ယု ကားလ်ကို ခေါင်းခါ ပြလိုက်ပြီး လက်‌တစ်ချောင်းမြှောက်ကာ နှုတ်ခမ်းပေါ် တင်ပြလိုက်၏။

 

အခြားတစ်ဖက်မှာတော့ လန်စီ့ခမျာ မျက်နှာရှုံ့မဲ့နေကာ စိတ်တိုနေသည်။

 

ငါ့ကို လာလှောင် နေကြတာလား?

 

ရေသူတစ်ကောင် ဖြစ်လာပြီးတဲ့နောက် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာက သန်မာလာတယ်ဆိုပေမယ့် အခြားနေရာတွေမှာတော့ အလုပ်မဖြစ်ဘူးဆို‌တာ ဘယ်သူ သိမှာလဲလို့။

 

သူ့လျှာက နည်းနည်းလေး ပိုပြီးနူးညံ့သွားရုံပဲမလား?  နည်းနည်းလေးပိုပြီး ထိလွယ်ရှလွယ် ဖြစ်သွားရုံပဲကို။

 

ငါးကင်ကြောင့် အပူလောင် သွားတယ်ဆိုတာ ဘာတုန်းဟ?

ဒါ မတော်တဆ ဖြစ်သွားတာလေ !

မတော်တဆလို့ !!!

———

Ch 18 End ...