Chapter 19
Viewers 503

တစ်နေ့တွင် ငါးကင်စားရင်း သူ့နှုတ်ခမ်း အပူလောင်လိမ့်မည်ဟု လန်စီလုံးဝ မထင်မှတ်ထားခဲ့ပါ။

 

ထိုညက ဝမ်ယုတို့ ၃ ယောက်က လန်စီ့ကို ကသိကအောက်ဖြစ်ရအောင် မလုပ်ခဲ့ပေ။သူတို့က လန်စီ့ကိုတွေ့သောအခါ သူတို့က ထွက်သွားချင်နေခဲ့သည်။ ဝမ်ယုကလည်း လမ်းဖယ်ပေးလိုက်ကာ လန်စီ့ကို ပင်လယ်ထဲသို့ ပြန်သွားခွင့်ပြုခဲ့သည်။

 

ငါးကင်ကိုတောင် သေချာမစားခဲ့ရပေ။

 

ပင်လယ်ထဲသို့ပြန်လာပြီးနောက် လန်စီ စိတ်သက်သာရာ ရသွားသည့်အတွက် သက်ပြင်းချမိသည်။

 

ဒီတစ်ခေါက်တွင် သူ့လျှာပေါ်မှဒဏ်ရာ က သူထင်ထားတာ ထပ် ပို၍ ပြင်းထန်နေသည်ကို ခံစားမိလိုက်၏။ တံတွေးတစ်ချက် မျိုချလိုက်ရင်တောင် သူ့ပါးစပ်ထဲတွင် သွေး အရသာ ကို ရနေသည်။

 

လန်စီ က ဒါလေးကို အသေးအဖွဲ့ဟု ထင်ခဲ့သည်။ ရေသူထီး၏ ကိုယ်တိုင်ပြန်လည်ကုစားနိုင်စွမ်း က မြင့်သည့်အတွက် သူ့ပါးစပ်ထဲမှ ဒဏ်ရာသေးသေးလေးသည် ခဏကြာလျှင် ပျောက်သွားနိုင်လောက်မည် ဟုထင်ခဲ့သည်။

 

သို့သော်လည်း အမှန်တရားက ခါးသီးလှသည်။

 

တစ်ညကြာပြီးနောက် သူ့လျှာထိပ်က ဒဏ်ရာက ပို၍ ဆိုးရွားလာခဲ့၏။

 

လန်စီက ပင်လယ်ရေထဲတွင် စိမ်နေတာ ဖြစ်သည့်အတွက် သူ့ပါးစပ်ထဲတွင် အပူပြည်တည်နာ ရှိနေသောကြောင့် ပါးစပ်ကိုလုံးဝ မဖွင့်ရဲ့ပေ။

 

အပူပြည်တည်နာ???

 

ရေသူ ဖြစ်တာတောင် ဘာကြောင့် ပြည်တည်နာ ရှိရသလဲ။

 

လန်စီ မွန်းကျပ်စိတ်ဖြင့် ဒီမေးခွန်းကို တွေးလိုက်သည်။ သူ အခုတစ်လော ရေညှိများကို သိပ်မစားဖြစ်သည့်အတွက် အာဟာရဓာတ် ချို့တဲ့လို့များ ဖြစ်လေသလားသိချင်မိသည်။

 

သေချာပေါက် လူသားတွေမှာတောင် ညီညွတ်မျှတသော အာဟာရဓာတ်လိုအပ်သလို ရေသူ တွေလည်း လိုအပ်လောက်သည်။

 

အလကား ပြည်တည်နာတွေ။

 

မနေ့ညက ကမ်းခြေမှ ပင်လယ်ထဲသို့ ပြန်ပြေးထွက်လာခဲ့ပြီးကတည်းကပင် လန်စီ ဘာမှ ထပ်မစားရသေးပါ။

 

သူ ပူစီဖောင်းတွေ မှုတ်ထုတ်ဖို့ ပါးစပ် ဟလိုက်တိုင်း လျှာထိပ်က ပြည်တည်နာက ပူလည်းပူသွားကာ ကျိန်းစပ်နေ၏။

 

ဒါတွေက လန်စီ့ကို အနည်းငယ် စိတ်ရှုပ် ထွေးသွားရစေသည်။

 

‘ရေသူတွေက သန်မာတယ်။ ပြန်လည်ကုစားနိုင်စွမ်းနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲနေထိုင်နိုင်စွမ်း ကောင်းတယ် မဟုတ်လား ။ ဘာလို့  ဒီလို ပြဿနာကိစ္စသေးသေးလေးတွေ မကြာခဏ နာကျင်နေအောင် လုပ်နေရတာလဲ။’

 

အရင်တစ်ခေါက်က လက်သည်းကျိုးကာ လန်သွားတုန်းကလည်း ဒီလိုပဲဖြစ်ပြီး ဒီတစ်ခေါက်က အပူလောင် ပြည်တည်နာ အဖုသေးသေးလေးဖြစ်သည်။

 

ဒါက ဘာကိုဖော်ပြနေတာလဲ။ အရာအားလုံး မပြီးပြည့်စုံနိုင်ပေဘူးလား။

 

လန်စီ က ကမ်းခြေအစွန်းနားတွင် တစ်ဝဲလည်လည် လှည့်သွားနေ၏။ သူသည် သူ၏တည်ရှိမှုအဓိပ္ပာယ် နှင့် ဒီလူအုပ်စုနဲ့ ဘယ်လိုအဆင်ပြေအောင် နေရမလဲ တွေးနေမိသည်။

 

ထိုလူတွေက သူအပေါ့်  သဘောကောင်းသည်ကို သူခံစားမိသည်။ သို့သော် အဆုံးသတ်တွင် သူက အခုလူသားတစ်ယောက် မဟုတ်တော့ပေ။

 

သူ လက်လွှတ်လိုက်ဖို့ လိုနေပြီလား? သူ့အားနည်းချက်ကို ထုတ်ပြဖို့ လိုသလား? သူ့ရဲ့သံသယတွေကို တိုက်ရိုက်မေးကြည့်ဖို့ လိုအပ်နေပြီလား?

 

လန်စီ့စိတ်ထဲတွင် ထိုအတွေးများက ရှုပ်ယှက်ခတ်နေသည်။

 

ကျွန်းပေါ်မှ ဝမ်ယု က သူတို့ကိုယ် သူတို့ ကယ်တင်နိုင်ရန်အတွက် အလုပ်ရှုပ်နေကြသည်။

 

နေ့အချိန်အတွင်းတွင် သူတို့အနားယူဖို့ နေရာတစ်ခုချထားပြီး ဝမ်ယုနဲ့ ကားလ် ကကျွန်းကို အတူတူ စူးစမ်းရှာဖွေရင်း အမဲလိုက်နေကြသည်။

 

ကားလ်သည် ရိုစ့်ကို ကျောက်တုံးတစ်ခုတွင် ကြိုးတုပ်ထားခဲ့ပြီး အသုံးဝင်မည့် လက်နက် ကိရိယာများ ပြုလုပ်နေစေသည်။

 

လူသုံးယောက် အလုပ် ကိုယ်စီခွဲယူကြပြီး ကိုယ့်အလုပ်ကို တာဝန်ယူလုပ်နေကြ၏။ သို့သော် သူတို့သည် အားမာန်အပြည့်ဖြင့် ကယ်ဆယ်ရေးများ လာခေါ်မည်ကို စိတ်ရှည်လက်ရှည် စောင့်နေကြသည်။

 

လန်စီ သောင်ပြင်ရှိ ကျောက်ဆောင်တန်း အနောက်တွင် ခိုးပုန်းနေပြီး ထိုလူတွေ လုပ်နေသော အပြုအမူများကို စောင့်ကြည့်နေ၏။

 

ညကြတော့ ဝမ်ယုသည် ငါးတွေကို ထပ်ကင်နေ ပြန်သည်။ ကျန်တဲ့နှစ်ယောက်ကတော့ ဝမ်ယုလို မသန်မာကြပေ။ နေ့ခင်းတုန်းက ဖမ်းမိခဲ့သော ငါးများကို စားသောက်ပြီးနောက် ဝမ်ယု ပင်ပန်းစွာဖြင့် အိပ်ပျော်သွားခဲ့သည်။

 

ထို့နောက် ဝမ်ယု ပြန်နိုးလာသောအခါ နောက်သို့ လှည့်ကြည့်ပြီး ငါးကင်တစ်ကောင်ကို ယူကာ ကျွန်း၏ အခြားတစ်ဖက်သို့ လျှောက်သွား၏။

 

သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?

 

လန်စီ ဝမ်ယု ဘာလုပ်ချင်တာလဲ သိချင်သည့်အတွက် တိတ်တဆိတ်ခိုးလိုက်လာခဲ့သည်။

 

မမျှော်လင့်ထားဘဲ ဝမ်ယုက တိတ်ဆိတ်သော နေရာတစ်ခုသို့ လျှောက်လာပြီး လက်ထဲမှငါးကင်ကို သန့်ရှင်းနေသော သစ်ရွက်တစ်ရွက်ပေါ်တွ င်တင်လိုက်၏။ ထို့နောက် ပင်လယ်ဘက်ကို ကြည့်ကာ ငြင်သာစွာ ပြောနေသည်။

 

"မင်း ရှိနေတာ ကိုယ် သိတယ်။ ငါးကင် ။ အေးသွားရင် မင်းထွက်လာပြီး စားလိုက်နော်။”

 

လန်စီ ကျောက်တုံးနောက်တွ င်ပုန်းနေပြီး သူ့အမြှီးကို မယုံကြည်စွာဖြင့် ဝေ့ယမ်းနေသည်။

 

"ငါ မင်း နာကျင်အောင် လုပ်လိုက်မှာ  စိုးရိမ်နေတာလား”

 

ဝမ်ယုက သူ့ဘာသာ စကားပြောနေပုံ ပေါက်နေသော်လည်း လန်စီ့ကို ရှင်းပြနေခြင်းလည်း ဖြစ်သည်။

 

"ငါ့အသက်နဲ့ ကျိန်ဆိုမယ် ကိုယ် မင်းကို နာ အောင်လုပ်မှာ မဟုတ်ဘူး”

 

သူသည် မျက်လွှာချကာ အသံနိမ့်ဖြင့် ချော့ပြောနေ၏။

 

"ကိုယ် လူသားအစစ်တစ်ယောက်လဲ မဟုတ်ဘူး အဲ့တော့ မင်းနဲ့အတူ ရှိနေသင့်တယ်"

လရောင်အောက်တွင် မျက်လုံးများက အောက်ကိုစိုက် ကြည့်နေပြီး မျက်လုံး မှေးမှေးလေး ဖြစ်နေပုံက လန်စီ့ မျက်လုံးထဲတွင် ဘာကြောင့်မှန်းမသိ အနက်ရောင်ရေသူထီးနဲ့ အနည်းငယ် ဆင်နေ၏။

 

လန်စီ စဉ်းစားရ ကြပ်နေသည်။ သို့သော်လည်း သူ သတိထားမိချိန်တွင် သူက ပုန်းနေရာက ကူးထွက်လာနှင့်ပြီး ဝမ်ယုဆီသို့ သွားနေပြီ ဖြစ်၏။

 

လန်စီ: "..."

 

ဝမ်ယုရဲ့ အထီးကျန်နေခဲ့သော အဖြစ်ကို  စာနာ နားလည်ပေးလိုသည့် စိတ်လေးက သူ့ကို ဆွဲဆောင်သွားခြင်း ဖြစ်လောက်သည်။

 

လန်စီ မျက်နှာကို ရှုံ့မဲ့ကာ သူ့ဘာသာသူ ဆင်ခြင်ပေးလိုက်သည်။

 

"ငါးကလေး လား"

 

ဝမ်ယုက ခေါင်းမော့ကြည့်ပြီး လန်စီ လာနေတာကို တွေ့သောအခါ သူ အလွန်ပျော်သွား၏။

 

"ငါ့ကို လာရှာတာလား"

 

မနေ့ညက လန်စီ့ ပြင်းထန်သောတုံ့ ပြန်မှုကြောင့် ဝမ်ယုက သူရဲ့ရေသူထီးအဖြူလေးကို နောက်ရက်ပေါင်းများစွာ ကြာလောက်တဲ့အထိ ပြန်တွေ့ခွင့် မရလောက်တော့ဘူးဟု အမြဲတွေးနေခဲ့ရသည်။

 

ဒီနေ့ ဝမ်ယု ဒီလိုလုပ်ခဲ့တာကလည်း သူ ကြိုးစား ကြည့်ချင်သေးသည့် အတွက်ကြောင့်သာ ဖြစ်သော်လည်း စိတ်ထဲတွင် အများကြီး မမျှော်လင့်ထားခဲ့ပေ။

 

သို့သော်လည်း ရေသူထီးအဖြူလေးက သူ့ကို ဂရုစိုက်ပေးချင်နေမှန်း သိသာနေသည်။

 

ထိုအရာက လန်စီ့မျက်လုံးကို သူ ကြည့်ရာတွင် ပို၍ နူးညံ့ငြင်သာစွာ ကြည့်မိတော့သည်။

 

လန်စီ ဘာမှပြန်မပြောဘဲ သူ့ခေါင်းကို စောင်းကာ ဝမ်ယု နားသို့ တွာသွားကာ လှည့်ပတ်ကြည့်နေသည်။

 

ဝမ်ယု အပေါ် ဘာလို့ ထူးဆန်းတဲ့ ရင်နှီးမှု တစ်ခု ရှိနေလဲ ဆိုတာကို သူသိချင်မိသည်။

 

ဘယ်လိုပဲဖြစ်ဖြစ် လှည့်ပတ်ကြည့်ပြီးနောက် လန်စီ သည် မသိစိတ်ထဲတွင် ဝမ်ယုက ဆင်သည် ဆိုရုံမျှသာ ခံစားရပြီး အသိစိတ်ဖြင့် ကြည့်လျှင် ကျန်တာတွေအားလုံး အနက်ရောင်ရေသူထီးလေးနှင့် ယှဉ်လို့တောင်မရနိုင်ပေ။

 

သူ ဝင်ဆာ့ကို အရမ်း သတိရနေသည့်အတွက် အမြင်မှားမိတာရော ဖြစ်နိုင်မလား။

 

လန်စီ ဝမ်ယု ကို ကြည့်ရင်း သူ့ရေယက်လက်များကို ဆန့်ထုတ်ကာ ကမ်းခြေပေါ်တွင် စာလုံး နှစ်လုံး ကိုရေးချခဲ့သည်။

 

“ဝင်ဆာ”

 

ထို့နောက် မေးခွန်းသင်္ကေတ တစ်ခု ထပ်ထည့်လိုက်၏။

“ဝင်ဆာ?”

 

လန်စီ စာရေးပြတာကို မြင်လိုက်ရသည့်အတွက် ဝမ်ယု မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့ရ၏။ သူ ချက်ချင်း လန်စီ့ရေယက်လက်များကို လှမ်းဆွဲပြီး လေးနက်စွာ ပြောလိုက်သည်။

 

"မင်း အခြားသူတွေရှေ့မှာ ဒီလိုစာရေးပြလို့ မဖြစ်ဘူး သိလား”

 

လန်စီ ခေါင်းငြိမ့် ပြလိုက်သည်။ သူ သဘောပေါက်သွားပြီးနောက် ကမ်းခြေပေါ်တွင် စကားလုံးအချို့ ပြန်ရေးပြ၏။

 

"ကိုယ့်နာမည် က ဝမ်ယု”

 

ဝမ်ယု သက်ပြင်းချကာ ရှေ့သို့ တိုး၍ မြေကြီးပေါ်တွင် ရေးထားသော “ဆာ” ကိုဖျက်ပြီး သူ့နာမည်ထဲက “ယု” ကို ချရေးပြ၏။

 

သူ့ရှေ့က သူက “ဝမ်ယု” လို့ခေါ်မှန်း လန်စီ သေချာသိသည်။ သူက “ဝမ်ယု” နှင့် “ဝင်ဆာ” ဘယ်လို ပတ်သက်သလဲ ဆိုတာကို သိချင်ရုံသာဖြစ်၏။

 

ထို့ကြောင့် သူက အင်တင်တင်ဖြင့် “ဆာ” ဟူသော စကားလုံးကို “ယု” အနောက်တွင် ကပ်၍ ထပ်ရေးပြပြန်သည်။

 

ဝမ်ယု :  "..."

 

အဖြူရောင်ရေသူထီးလေးက ဘာကြောင့် “ဝင်ဆာ” ဟူသည့် နာမည်ကို ဆက်တိုက် အလေးထား ရေးပြနေလဲဆိုတာကို သူမသိပေ။ ထို့ကြောင့် လန်စီ့မျက်စိအောက်မှာပင် ကမ်းခြေပေါ်တွင် ရေးထားသော စကားလုံးများ အားလုံးကို လှမ်းဖျက်ပစ်လိုက်၏။

 

လန်စီ : ? ? ?

 

လန်စီ မျက်စောင်းအောက်တွင် ဝမ်ယုက ငါးကင်ကို ကောက်ယူကာ မေးသည်။

 

"စားချင်လား?"

 

လန်စီ ငါးကင်ကို လှမ်းကြည့်လိုက်သော်လည်း မယူလိုက်ဘဲ ကြမ်းပြင်ပေါ်တွင် စာထပ်ရေးပြ၏။

 

"မင်းကို ယုံလို့ရ မလား?"

 

ရေယက်များနှင့် ခြစ်ဆွဲပြီး စာရေးပြရတာက အရမ်းကို ခက်သည့်အပြင် အခု လုပ်လိုက်သော ဝမ်ယု ၏ အပြုအမူများအပေါ် သူ လုံးဝ မကျေမနပ်ဖြစ်ရသည်။

 

"အင်း"

 

ဝမ်ယု တိုးတိုးလေး ပြန်ပြောလိုက်သည်။ သူ့ကြည့်ရတာ အရမ်းကို ပျော်နေသည်။ လန်စီက သူ့ကို ယုံပေးသည့် အတွက် အရမ်းကို ပျော်နေခဲ့ရသည်။

 

လန်စီ သူ့နှုတ်ခမ်းသူကိုက်ကာ ကမ်းခြေပေါ်တွင် စာဆက်ရေးနေသည်။

 

"ငါက အရင်က “လန်စီ” လို့ခေါ်တဲ့ လူသားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ငါ ဘာကြောင့် ရေသူထီး တစ်ယောက်ဖြစ်လာလဲ ဆိုတာ ငါ မသိဘူး”

 

"လန်စီ?"

 

ဝမ်ယု နာမည်ကို ရေရွတ်ကြည့်ပြီး ခေါင်းငြိမ့်ပြကာ လန်စီ့ကို ပြန်ပြော၏။

 

"အကယ်လို့ ကိုယ်ပြန်သွားနိုင်ခဲ့ရင် မင်းအတွက် စုံစမ်းပေးမယ်။ ဒါက ကိုယ်နဲ့မင်းနဲ့ ကြားက လျှို့ဝှက်ချက်ပဲ။ ဒါပေမဲ့ အခြားသူတွေရှေ့တွေမှာ မင်း ထုတ်မပြရဘူး။ မပြောပြရဘူး နားလည်လား။”

 

လန်စီ ခေါင်းငြိမ့်ပြလိုက်သည်။

 

"ကမ္ဘာကြီးက အခု အရမ်းရှုပ်ထွေးနေပြီ။ တကယ်လို့ မင်းကို တခြားသူတွေ ဖမ်းမိသွားရင် မင်း ကို လေ့လာစမ်းသပ်ဖို့အတွက် မရေမတွက်လောက်တဲ့အထိ အပိုင်းပိုင်း ခုတ်ခံရမှာ”

 

ဝမ်ယု လန်စီခေါင်းကို ငြင်သာစွာ ကြည့်ရင်း လှမ်းကိုင်လိုက်သည်။

 

"ပင်လယ်ထဲမှာ နေတာ မင်းအတွက် ပိုကောင်းတယ်။ အနည်းဆုံးတော့ လွတ်လပ်တာပေါ့။ မင်းရဲ့ အကြောင်း စုံစမ်းလို့ရခဲ့ရင်  မင်းကိုယ်စား မင်းမိသားစု ကို စောင့်ရှောက်ပေးမယ်။”

 

လန်စီ ဝမ်းနည်းဝမ်းသာစွာဖြင့် အမြှီးကို လှုပ်ယမ်းလိုက်သည်။

 

အနည်းဆုံးတော့ တစ်စုံတစ်ယောက်က သူ့အတွက် ဘာတွေ ဖြစ်သွားခဲ့လဲဆိုတာကို စုံစမ်းပေးအုန်းမည့်အပြင် သူ့မိသားစုကိုလည်း ကိုယ်စား စောင့်ရှောက်ပေးမည့်အတွက် ပျော်ရွှင်ရသည်။

 

ဝမ်းနည်းစရာကတော့ သူ့ဘဝတစ်လျှောက်လုံး ဘာတွေဖြစ်ခဲ့လြဆိုတာကို မသိနိုင်တော့ဘဲ သူ့ရဲ့ လူပုံစံကို စွန့်လွှတ်ရတော့မည် ဖြစ်သည်။

 

အကယ်၍ သင်လည်း ဒီလို တွေးခဲ့လျှင် သင်လည်း လူတွေကို ပိုက်ဆံမဆုံးရှုံးဘဲ ကယ်တင်နိုင်မည်ဖြစ်သည်။

 

ဝမ်ယု မြေကြီးပေါ်က စာတွေအကုန်လုံးကို ဖျက်ပစ်ပြီး လန်စီ့ကို ငါးကင်ပြန်ပေးလိုက်သည်။

 

လန်စီ ငါးကင်ကို နမ်းကြည့်ပြီးနောက် အရင်တစ်ခေါက်က ထပ် ဒီတစ်ခေါက် ငါးကင်က ပို၍ အသေးစိတ်ကာ သေချာ ကင်ထားကြောင်း တွေ့ရသည်။

 

အပူရှိန်ကလည်း နွေးရုံသာ နွေးနေတော့ပြီး အရေခွံက သံပုရာရည်ဖြင့် စွတ်ကာ ဖုံးထားသည့်အတွက် ငါးကင် အနံ့က မွှေးကြိုင်သင်းပျံ့နေ၏။

 

လန်စီ တံတွေးမျိုချလိုက်ပြီး သူ့ပါးစပ်ထဲက အပူလောင် ပြည်တည်နာကို တွေးမိသွားသည်။ ထို့နောက် ဝမ်ယု ကို ပါးစပ်ဟကာ သူ့လျှာကို ထုတ်ပြလိုက်၏။

 

"လန်စီ?"

 

ဝမ်ယု က ခဏကြောင်သွားပြီး လန်စီ ဘာပြဿနာနှင့် ကြုံတွေ့နေရလဲဆိုတာကို ပြန်ပြောင်းတွေးဖို့ သတိထားမိသွား၏။

 

သူ့ခေါင်းကိုငုံ့ကာ လန်စီ့လျှာကို ခဏလောက် စူးစမ်းကြည့်လိုက်သည်။ နောက်ဆုံးတော့ လန်စီ့လျှာပေါ်တွင် အဖြူရောင် ပြည်ဖုဒဏ်ရာသေးသေးလေးကို ရှာတွေ့သွားပြီး ရုတ်တရက် သဘောပေါက်သွား၏။

 

"ခံတွင်းပြည်တည်နာ လား။"

 

လန်စီ သူ့လျှာကို ပြန်သိမ်းလိုက်ပြီး နာနေလျက် ခေါင်းငြိမ့်ပြလိုက်သည်။

 

ဝမ်ယု မထိန်းနိုင်ဘဲ အားရပါးရ ရယ်ချမိသွား၏။

 

လန်စီ ဝမ်ယု မျက်နှာကို လှမ်းရိုက်ပြီး အောင့်အီးသည်းခံလိုက်ရသည်။

 

ဝမ်ယုက မျက်စိလျင်ပြီး လက်လည်း မြန်လှသည်။ သူသည် လန်စီ့ ရေယက်လက်သည်းများကို တစ်ခါတည်း လှမ်းဆွဲပြီး သစ်ရွက်ပေါ်သို့ ငါးကင်ကို ပြန်ချလိုက်သည်။ ထို့နောက် သူ့လက်ထဲက ရေယက်လက်ကလေးများကို ညှစ်ကာပြော၏။

 

"အသက်ကယ် လှေပေါ်မှာ အနာသက်သာစေတဲ့ ဖြန်းဆေး ရှိတယ်။ အဲ့တာထည့်ပြီး သက်သာအောင် လုပ်လို့ရတယ်။ သွားယူပေးမယ်နော်။”

 

ငါးမိနစ်လောက် ကြာပြီးနောက် ဝမ်ယုသည် အသက်ကယ်ဆေးအိတ်နှင့် ဆေးဘူးသေးသေးလေးကို ယူပြီးပြန်လာသည်။

 

လန်စီ:?

 

ဝမ်ယု ထိုင်ချကာ ဆေးဘူးလေးကို ထုတ်၍ အဖြူရောင်ဆေးလေးတစ်လုံးကို သွန်ချကာ ပြောသည်။

 

"ဒါက ဗီတာမင်အားဆေး၊ ဒါကိုတော့ မင်းစားမှ ဖြစ်မယ်”

 

လန်စီ သူ့နှုတ်ခမ်းများကို တွန့်လိုက်သည်။

 

ဒါက..ရေသူထီးတစ်ကောင်ကို ဆေးသောက်ဖို့ တိုက်နေတာလား။

 

"မသောက်ချင်ဘူးလား?"

 

ဝမ်ယု ဆေးအဖြူဘူးလေးကို ချပြီး အဖြူရောင် ဖြန်းဆေးလေးတစ်ခုကို ထုတ်လာ၏။

 

"ဒါဆိုလည်း ပါးစပ်ဟလိုက်နော် ဆေးဖြန်းပေးမယ်”

 

လန်စီ ခေါင်းငြိမ့်ပြပြီး ပါးစပ်ကို ဟပေးလိုက်သည်။

 

လန်စီ ပါးစပ်ဟ ပေးလိုက်သည့်အချိန်တွင် ဝမ်ယုက ရုတ်တရက် ရှေ့တိုးလာပြီး လန်စီ့လည်ချောင်းထဲသို့ဆေးလုံးကို ထိုးထည့်လိုက်သည်။ ထို့နောက် လန်စီ့ မေးစေ့ကို လျှပ်စီးလက်သလို အရှိန်နှင့် မပြီး သူ့ကို အတင်းမျိုချခိုင်းနေ၏။

 

သူက လန်စီ့ လည်ချောင်းကိုလည်း ဆေးက အောက်သို့ မျိုကျသွားစေရန်အတွက် ပွတ်သပ်ပေးနေသည်။

 

လန်စီ:? ?

 

ဒါကကြောင်ကို အစာကျွေးနေတာလား?

 

ဝမ်ယု သူ့လက်ကို လွှတ်လိုက်သည့်အခါမှ လန်စီက ဆေးကို ဆွဲကာ မျိုချပစ်လိုက်သည်။

 

"ရေလေး သောက်လိုက်"

 

ဝမ်ယုက အပြစ်ရှိသလိုမခံစားရပေ။

 

"ဟုတ်ပြီ အခု ပါးစပ်ကို ဟ ပေး ။ ဖြန်းဆေးလေး ဖြန်းပေးမယ်နော်”

 

လန်စီ သူ့ပါးစပ်ကို ဟကာ လိုက်ကာ နောက်ထပ် ဆေးထပ်မတိုက်ရန် အသံပေးကာ ဟန့်တားလိုက်၏။

 

“ကာ့—"

 

"မင်း ငါးကင်စားချင်တယ် မဟုတ်လား"

 

"..."

 

လန်စီ ပါးစပ်ဟထားရသည့်အတွက် ဘာမှ ပြန်မပြောနိုင်ဘဲ သူ့လျှာကို ထုတ်ပေးလိုက်သည်။

 

ဖြန်းဆေးက တကယ်ကိုထိရောက်၏။ ဖြန်းဆေးက အေးအေးလေးဖြစ်ပြီး လျှာက လုံးဝ မနာတော့ဘဲ ထုံသွားသည်။

 

လန်စီ သူ့နှုတ်ခမ်းများကို ပြန်စိပိတ်လိုက်ပြီး သစ်ရွက်ပေါ်က ငါးကင်ကို ငေးကြည့်နေကာ စိတ်ရှုပ်နေရ၏။

 

"စားချင်လို့လား?”

 

ဝမ်ယု လန်စီ့ကို ပြုံးရင်းကြည့်နေ၏။

 

"ဗိုက် အရမ်းဆာနေပြီလား?"

 

"Guru(ဂွီ)~~"

 

လန်စီ့ အစာအိမ်က ဝမ်ယု ကို တန်းအဖြေပေးနေသည်။

 

တိတ်ဆိတ်နေသော ညကောင်းကင်ကြီးတွင် အသံသေးသေးလေးက အင်မတန်ကျယ်သွား၏။

 

"အဟမ်း"

 

ဝမ်ယု ချောင်းဖွဖွလေး ဟန့်လိုက်ပြီး ငါးကို ကောက်ကိုင်ကာ လန်စီ၏ သေစေနိုင်သည့် လူသတ်အကြည့်အောက်၌ သူ့ဘာသာသူ စကားတီးတိုးပြောနေ၏။

 

"ဒီ ငါးကင်ကို ဒီတိုင်း ထားခဲ့လိုက်ရင် နှမြောစရာတော့ ကောင်းမယ် ထင်တယ်နော်။”

 

သူ ငါးအပိုင်းလေးကို ဖဲ့ပေးကာ လန်စီကို လေးလေးနက်နက်ပြောနေသည်။

 

"ဂရုစိုက်ပြီးစား၊ အနာကို မထိစေနဲ့ ကြားလား။”

 

လန်စီ ဝမ်ယုကို မျက်လုံးကလယ်ပြကာ ပါးစပ်ကို ဟပြီး ငါးကို စားလိုက်၏။

 

ငါးအသားလေးနည်းနည်းကို သူဝါးစားကြည့်လိုက်သောအခါ သူ့အရသာ က ပါးစပ်ထဲတွင် ပေါက်ထွက်ပျော်ဝင်သွားသည့်အတွက် လန်စီ စိတ်လှုပ်ရှားစွာ မျက်ရည်များပင် ဝဲတက်လာ၏။

 

နောက်ဆုံးတော့ ချက်ပြုတ်ထားတဲ့ အစားအစာကို သူစားခွင့်ရခဲ့ပြီ!

 

ပါးစပ်ထဲမှာ အနည်းငယ် နာနေသေးသော်လည်း မခံနိုင်လောက်တဲ့ ထိမဟုတ်တော့ပေ။

 

ဝမ်ယုလက်ထဲက ငါးကို စားနိုင်ရန်အတွက် လန်စီ သူ့မျက်နှာသူ တောင် မထောက်တော့ဘဲ ရှေ့ကို တိုးမှီကာ နောက်ဆုံးတွင် ဝမ်ယု ရင်ခွင်ထဲ တိုးဝင်တော့မတတ် သူ့ရေယက်လက်များက ဝမ်ယု ဒူးခေါင်းပေါ်သို့ပင် ရောက်နေပြီဖြစ်သည်။

 

ဝမ်ယု ခဏလောက် တောင့်သွားပြီးနောက် သူ့ရင်ခွင်ထဲ မျှားခေါ်ဖို့အတွက် သူ့လက်ထဲက ငါးကို သုံးပြီး သူ ခန္တာကိုယ်ပုံစံကို မသိမသာလေး ပြောင်းနေ၏။

 

လန်စီ သူ့လက်ထဲက နွှင်ထားပြီးသား ငါးအသားကို စားလို့ကုန်သွားသည့်အချိန်တွင် သူက နွေးထွေးလှသော ထွေးပိုက်ပွေ့ထားမှု တစ်ခုထဲသို့ ပစ်ဝင်ရောက်နှင့်နေပြီးဖြစ်သည်။

 

လန်စီ မျက်တောင် တဖြတ်ဖြတ်ခတ်ကာ ဝမ်ယု ကို သူ့အမြှီးကိုပါ ကောက်မစေပြီး လုံးဝ ပွေ့ပိုက်ထားခိုင်းလိုက်၏။

 

သွေးအေး သတ္တဝါ တစ်ကောင်အနေဖြင့် နွေးထွေးနေသော လူ ခန္ဓာကိုယ်အပူချိန်ကို ခုခံနိုင်စွမ်း မရှိလှပါ။

 

ရေသူထီးဖြစ်လာပြီးသည့်နောက်တွင် လန်စီ့ ခန္ဓာကိုယ် အပူချိန်က အလွန် လျော့သွားခဲ့သည်။ သို့သော် ဒါက နားလည်ရခက်သည့်အရာမဟုတ်ပေ။ ပင်လယ်ထဲ၌ လူသားများအတွက် ပုံသေအပူချိန် ၃၇ ဒီဂရီ ကို ထိန်းထားရန်သာ တကယ် ခက်ခဲလှ၏။

 

ထို့ကြောင့် သူအခု ဝမ်ယု ခန္ဓာကိုယ် အပူချိန် ကို အနည်းငယ် စွဲမက်မိခြင်းဖြစ်သည်။

 

မီးတောက်သဖွယ် ပူနေတာမျိုးမဟုတ်ပေမဲ့လည်း ဝမ်ယု ရင်ခွင်ထဲတွင် လှဲလျောင်းနေရခြင်းက မိန်းမောစေပြီး လူ့ဘဝအစကို ပြန်ရောက်သွားခဲ့ရသလိုခံစားစေရ၏။

 

ဝမ်ယု နှလုံးခုန်သံ၊ ဝမ်ယု ကိုယ်သင်းနံ့ ကို ရင်ခွင်ထဲက လန်စီ က ရှင်းရှင်းလင်းလင်း ကြားနေရသည့်အတွက်  နားထောင်ကြည့်ပြီး အနံ့လေးကိုလည်း အနီးကပ် ရှူရှိုက်နေမိသည်။

 

ပြိုင်ဘက်မရှိသော လုံခြုံမှု တစ်ခုကို ရနေခဲ့၏။

 

စားပြီးသောက်ပြီးလို့လား မသိပေ။ လန်စီ့ ကိုယ်ထဲက သွေးတွင်းသကြားဓာတ်က မြင့်တက်လာခဲ့သည်။ ဝမ်ယု ရင်ခွင်ထဲတွင် လန်စီက အိပ်ငိုက်လာပြီး အရက်မူးနေသလို မျက်လုံးများ တစ်ဝက်လောက် မှေးကျလာ၏။ သူ ခေါင်းကို မော့ကာ ဝမ်ယုကို လှမ်းကြည့်လိုက်သည်။ အကြာကြီး ကြည့်နေပြီးနောက် သူက စပြောသည်။

 

"မင်းက သေချာပေါက် ဝင်ဆာပဲ။"

 

ထိုစကားများက ဝမ်ယုနားထဲတွင် မသဲမကွဲ အသံလေးများ ကဲ့သို့ သာ ကြားရ၏။

 

"ဘာဖြစ်နေတာလဲ?"

 

လန်စီ သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ဝမ်ယု လည်ပင်းထဲသို့ သူ့ခေါင်းကို မြှုပ်ကာမှီပြီး ဝမ်ယု ရင်ခွင်ထဲတွင် တိုက်ရိုက်အိပ်မောကျသွားခဲ့၏။

 

ဝမ်ယု မျက်ခုံးများပင် ပင့်တက်ကာ ဒီအပြုအမူလေးကို သဘောကျနေခဲ့ရသည်။

 

သူ လန်စီ့ကို တင်းတင်းကျပ်ကျပ် ဆွဲဖက်လိုက်ပြီး တွေးနေရင်း ကောက်ထ၍ လန်စီ့ကိုပွေ့ မလိုက်ကာ စခန်းချထားသော တဲနေရာသို့ လျှောက်သွား၏၊

 

ဒါက စွန့်စားရာလည်း ရောက်သလို သတိပေးချက်တစ်ခုလည်း ရှိသည်။

 

အကယ်လို့ အခြားနှစ်ယောက်က လန်စီ့ကို လက်မခံလျှင် ဝမ်ယု သူတို့နှစ်ယောက်ကို တစ်ခါတည်း သတ်ပစ်လိုက်ဖို့ ဝန်မလေးကြောင်း ဝမ်ယုတွေးခဲ့လိုက်၏။

 

End 19