Chapter 20
Viewers 502

"ဝိုး"

 

လန်စီ သူ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာသည့် အေးစက်မှုကြောင့် နိုးလာခဲ့ရသည်။

 

သူ ရုတ်တရက် ထထိုင်လိုက်ကာ ခန္ဓာကိုယ်ပေါ်က ရေများကို သုတ်ချရင်း သူ့ဘေးမှာ မတ်တပ်ရပ်နေတဲ့သူကို မော့ကြည့်လိုက်သည်။

 

ကားလ် သူ့လက်ထဲက အုန်းသီးခွံကို ဘေးကို ပစ်ထုတ်လိုက်ကာ ချောင်းတစ်ချက်ဟမ့်၍ ရေရွတ်လိုက်သည်။

 

"ဘာလဲ ငါးတွေက ရေမလိုဘူးလား"

 

လန်စီ သူ့ကို စိတ်ပျက်စွာ ငတုံးတစ်ယောက်ကို ကြည့်သောအကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး သူ့အမြှီးကို သုံး၍ ကားလ်ကို ဘေးဘက်သို့ တွန်းလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သေး၏။

 

သူ့အတွက်တော့ ရေက လိုအပ်တာပေါ့။ ဒါပေမယ့် ရေနဲ့လောင်းချခံရတာကြီးကတော့ အဆင်ပြေမနေဘူးလေ။

 

သူက ယခုအချိန်မှာ သစ်ရွက်အချို့ ခင်းထားသော ရိုးရိုးရှင်းရှင်း အိပ်ယာလေးပေါ်တွင် လှဲနေတာဖြစ်သည်။ သူနှင့် သိပ်မဝေးသော နေရာတွင် မီးပုံလုပ်ထားသော အကြွင်းအကျန်များ ရှိနေသေး၏။ ငါးမီတာ အကွာလောက်မှာတော့ ရို့စ်က အုန်းသီးများကို အခွံခွာရင်း သူ့ကို ရှုပ်ထွေးသော အကြည့်များဖြင့် လှမ်းကြည့်နေသည်ကို တွေ့လိုက်ရ၏။

 

လန်စီ ဝမ်ယုကို ရှာမတွေ့သောကြောင့် ကားလ်ဆီသို့ လှည့်ကာ ‌မေးခွန်းများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။

 

"အိုး မင်း ဘော့စ်ကို ရှာနေတာလား"

 

လန်စီ သူ့ကို ရန်မမူမှန်း သတိထားမိ‌သွားသောကြောင့် ကားလ်က နေရာတွင် မှီချလိုက်ပြီး သူ့ပါးစပ်ကို ဖွင့်လာလေသည်။

 

"ဘော့စ်က ပင်လယ်ထဲမှာ ငါးသွားဖမ်း‌နေတာ မနေ့ကတောင် မင်းကို ပြန်ခေါ်လာလို့ ငါတို့ အံ့သြသွားသေးတယ် ငါးကလေး မင်းငါတို့ဘော့စ်ကို ကြိုက်လား သူကလူကောင်းပါ သေချာစဉ်းစားကြည့် ..."

 

လန်စီ အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်နေလေပြီ။

 

သူ ကားလ် နဲ့ မျက်နှာချင်း ဆိုင်လိုက်ပြီး တိုက်ရိုက်ပင် ရိုက်ချလိုက်တော့သည်။

 

ပထမတော့ ကားလ်အံ့ဩသွားပေမယ့်လည်း လန်စီက သူ့ရဲ့လက်သည်းတွေ‌နဲ့ကုတ်ခြစ်တာမျိုး မလုပ်သည့်အတွက် သူ့အပေါ် ကားလ်ရဲ့နှစ်သက်မှုမှာ ပိုမြင့်တက်သွားလေ၏။

 

"ဘော့စ်ပြောတာ မင်းနာမည် လန်စီဆို

စိတ်ချပါကွာ ငါတို့ ဘော့စ်က “ပင်လယ်ရဲ့ သမီးတော်” ဇာတ်လမ်းထဲက မင်းသားလိုတော့ မင်းကို စွန့်ပစ်သွားမှာမဟုတ်-”

 

"ကားလ်"

 

ရုတ်တရက် ဆိုသလိုပင် ရို့စ်က စကားကို ကြားဖြတ်ပြောလိုက်သည်။

 

"ဗိုလ်မှူး ဝမ်ယု သွားတာ တော်တော်ကြာနေပြီ ခုထိပြန်မလာသေးဘူး နင် တစ်ချက်လောက် လိုက်သွားကြည့်ဦး"

 

ကားလ်မှာ ရုတ်တရက် တိတ်သွားပြီးနောက် လန်စီ့ကို လှမ်းကြည့်လိုက်သည်။

 

တစ်ဖက်က လန်စီကတော့ ရို့စ်ကို လှမ်းကြည့်‌နေခဲ့‌ပြီး နောက်တစ်ခါ မလှမ်းမကမ်းက မီးပုံကို လှမ်းကြည့်လိုက်ပြန်သည်။ ထို့နောက် ကားလ်ကို အသံပြုလိုက်သေး၏။

 

"အိုင်.....ကာ.."

 

ငါ့စားစရာတွေက ဘယ်မှာလဲ?

           

ကားလ်၏ မျက်လုံးများမှာ ထူးဆန်းသွားပြီး မမျှော်လင့်ထားစွာပင် လန်စီပြောချင်သော အဓိပ္ပာယ်ကို သူနားလည်နေခဲ့၏။ သူရှက်ရွံ့စွာရှင်းပြလိုက်သည်။

 

"မနေ့က ငါးဖမ်းမိတာ သိပ်မများဘူးလေ အဲ့တာကြောင့် ဒီ မနက်ကျ ဘော့စ်ပဲ သွားဖမ်းရတာပေါ့"

 

သူ့အရည်အချင်းနဲ့ဆို တခြားတစ်ယောက်ကို မနက်စာအတွက် ကူညီပေးဖို့ တောင်းဆိုတာက အမှန်ဆုံးပင်။

 

ကားလ်က ထိုသို့တွေးခဲ့တာဖြစ်၏။

 

လန်စီ မနီးမဝေးတွင်ရှိသော မီးပုံအကြွင်းအကျန်များကို ကြည့်လိုက်သည်။ ထို့နောက် ကားလ် ကိုလည်း အထင်သေးဟန်အပြည့်ဖြင့် ကြည့်လိုက်ပြန်သည်။

 

ကားလ် : "....."

 

ဆံပင်အနီရောင်နှင့်လူငယ်လေးသည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး ခေါင်းကို ကုတ်ကာ လန်စီ့အားပြောလိုက်သည်။

"ဘော့စ်ဆီကို တစ်ချက်လောက်သွားကြည့်လိုက်ဦးမယ် မင်း ထွက်မသွားနဲ့ဦးနော် .."

 

ထို့နောက် ကားလ်သည် မှိန်းကိုယူကာ ကမ်းခြေဘက်ကို လျှောက်သွားတော့သည်။

 

ကားလ် ထွက်သွားသည့်အခါတွင် လန်စီ မတ်တပ်ရပ်လိုက်ပြီး သူထွက်သွားသောဘက်ကို ကြည့်နေခဲ့သည်။ ထိုအခါမှာတော့ အမျိုးသားနှစ်ယောက်မှာ ဘောင်းဘီရှည်များကို လိပ်တင်ထားပြီး လှိုင်းလုံးတွေကြားတွင် ငါးများကို မှိန်းဖြင့် လိုက်ထိုးနေသည်အား တွေ့လိုက်ရတော့သည်။

 

ပင်လယ်ထဲက ငါးများမှာလည်း တုံးအနေသည်တော့ မဟုတ်ကြပေ။ ထို့ကြောင့် ထိုလူနှစ်ယောက်မှာ တော်တော်လေးကြာပြီးမှ ငါးတစ်ကောင်သာ ရတော့သည်။ ထိုဖြစ်အင်ကို ကြည့်ပြီး လန်စီ သနားသည့်အမူအရာလေး ဖြစ်သွားသည်။

 

သူရေသူတစ်ကောင် ဖြစ်လာပြီးသည့် နောက်တွင် ငါးဖမ်းသည့်နေရာ၌ ဆရာတစ်ဆူ ဖြစ်လာခဲ့လေသည်။ သူတို့ ဖမ်းနေသည့်ပုံနဲ့ဆို ငါးအများကြီးရဖို့ မဆိုထားနှင့် အရင်ဆုံး ထိုနှစ်ယောက်သာ ပင်ပန်းသွားမှာ အသေအချာပင်။

 

သူတို့နှစ်ယောက်ကို ဆက်မကြည့်တော့ဘဲ လန်စီ သူ့အကြည့်များကို ရို့စ်ဆီသို့ ကူးပြောင်းလိုက်သည်။

 

ရို့စ်က ချိန်းကြိုးများနှင့် ရှိနေတုန်းဖြစ်သောကြောင့် သူမ၏တာဝန်မှာ ပါဝင်ပစ္စည်းများ ပြင်ဆင်ရန် ဖြစ်လာခဲ့ခြင်းပင်။

 

ယခုအခါမှာတော့ သူမက အုန်းသီးများကို အခွံခွါ နေရခြင်းဖြစ်၏။ အလေ့ကျပေါက်သော အုန်းသီးများဖြစ်သည်။

 

ထိုအသီးများကို စားမည်ဆိုလျှင် ပထမဦးစွာ အလွန်ထူသော အပေါ်ဘက်ဆုံးအခွံကို ဆွဲခွာရမည် ဖြစ်ကာ မာကြောလှသောအခွံကိုဖွင့်ရမည်သာဖြစ်၏။ ထိုအရာမှာ ရို့စ်အ‌တွက်တော့ လွယ်ကူမနေပါချေ။

 

"နင့်နာမည်က လန်စီလား"

 

ရုတ်တရက်ပင် ရို့စ်က လန်စီ့ လှမ်းကြည့်လိုက်ပြီး အမှုမှတ်အမှတ်မဲ့ဖြင့် ခပ်တည်တည် မေးလာသည်။

လန်စီ ခဏအံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

 

"ကြည့်ရတာ IQ တော်တော်မြင့်မယ့်ပုံပဲ"

 

ရို့စ်၏လေသံမှာ အေးစက်စက် ဖြစ်နေဆဲဖြစ်ပြီး သူမက ဒီတိုင်း မေးချင် ဟန်ဆောင်လိုက်သေး၏။

 

"ပါးစပ်ကကော သက်သာသွားပြီလား"

 

လန်စီ မျက်တောင် တစ်ချက်ခတ်လိုက်ပြီး သူ့လျှာကို ထုတ်ကြည့်လိုက်သည့်အခါ ပြန်ကောင်းလာသည့် အတွက်ကြောင့် သွေးနံ့တောင်မရတော့ပေ။

 

ရို့စ် လန်စီ့ကို ခဏလောက် ကြည့်နေလိုက်ပြီး သူမနောက်ဘက်ရှိ ကျောက်တုံးပေါ်တွင် တင်ထားသော အုန်းသီးခွံကို တစ်ဝက်ခွဲထားသည့် ခွက်ကိုယူကာ လန်စီ့ထံလှမ်းပေးလိုက်သည်။

 

"အသီးတွေစားလေ ဒီထဲမှာ အုန်းသီးနဲ့ ဘယ်ရီသီး နည်းနည်းရှိတယ် စားချင်စားလို့ ရတယ်"

 

လန်စီ ထိုအမျိုးသမီးက အလွန် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ အစတုန်းက သူ့ကို သေစေချင်သည့်အတွက်ကြောင့် မှိန်းနှင့် ပစ်ခဲ့ပြီးတော့မှ အခုကျပြန်တော့လည်း သူ့သဘောထားက ၁၈၀° ပင်ပြောင်းလဲသွားခဲ့ပြန်သည်။

 

"စိတ်ချစား အဆိပ်ခတ် မထားဘူး"

 

လန်စီ တွန့်ဆုတ်နေတာကို တွေ့လိုက်ရသည့်အခါ ရို့စ်က သစ်သီးခွက်ကို ရှေ့ကိုပိုတိုးပေးလိုက်ပြီး လန်စီ့ကို ကျောခိုင်း၍ ပြောလိုက်သည်။

 

"အစတုန်းက ငါထင်တာ ပင်လယ်သတ္တဝါတွေဆိုတာက မကောင်းဆိုးဝါးတွေပဲလို့လေ လက်တွေ့ ကြုံရမှပဲ မဟုတ်ဘူးဆိုတာ သိသွားတယ်"

 

ရို့စ်၏လေသံက တိုးသွားသည်။

 

"နင်က ငါ့အစ်ကိုနဲ့အရမ်းတူတာ နာမည်တောင်မှလေ"

 

လန်စီသူ့အမြှီးလေးကို လှုပ်ယမ်းလိုက်သည်။ သူနဲ့သိပ်မဝေးသော နေရာတွင်ရှိနေသည့် အုန်းခွံခွက်လေးကို ကြည့်‌ကာ နောက်ဆုံးတော့ တံတွေးမြိုမချဘဲမနေနိုင်တော့ပေ။

 

"ဝမ်ယုနဲ့ကားလ်တို့ နင့်ကို ခုထိ မပြောထားတာရှိတယ်"

 

လန်စီ့စိတ်ကလေး နူးညံ့ပျော့ပြောင်းလာတာကို မသိစွာ ရို့စ်ကတော့ဆက်ပြောနေသေးသည်။

 

"ငါတို့ကို ကယ်ထားတဲ့အတွက် ပြောပြလိုက်မယ်။ ဝမ်ယုနဲ့ဝေးဝေးမှာနေ ပြီးတော့ လူသားတွေ အကြောင်း အရမ်း သိချင်မနေနဲ့ မြန်မြန်ထွက်သွားတော့"

 

"ရာ----"

 

လန်စီ မမေးဘဲ မနေနိုင်တော့ပေ။ ဘာလို့လဲ?

 

"ဝမ်ယုက ကမ္ဘာပျက်ကပ် သုတေသနဌာနအတွက် အရေးကြီးတဲ့ တန်ဖိုးအရှိဆုံးလူဖြစ်သလို စမ်းသပ်ခံပစ္စည်းဆိုလဲဟုတ်တယ်"

 

ရို့စ်က‌တော့ နှလုံးသားထဲမှာ ဆူးညှောင့် ခလုတ်တစ်ခုခံ နေသလိုမျိုး ဆက်ရှင်းပြနေသေးသည်။

 

"သူ့ခန္ဓာကိုယ်ထဲမှာ ခြေရာခံတဲ့ ချပ်စ်ပြားတစ်ခုရှိတယ်။ သူအလောင်းဖြစ်သွားရင်တောင်မှ ဓာတ်ခွဲခန်းက လူတွေ သူ့ကို ပြန်ရှာတွေ့သွားမှာပဲ။ ဒီရက်တွေထဲ မကောင်းတော့တဲ့အပိုင်းတွေကိုလည်း ငါပြင်ပေးပြီးသွားပြီ။ ဒီကြားထဲ ဘာမတော်တဆမှ မရှိဘူးဆိုရင် ကယ်ဆယ်ရေးအဖွဲ့က မကြာခင်ရောက်လာတော့မှာ။"

 

လန်စီ တိတ်ဆိတ်သွားရလေပြီ။

 

ရို့စ်ရဲ့စကားလုံးတွေက သူ့ကို လူသားတွေနဲ့ အေးအေးချမ်းချမ်း နေထိုင်ချင်နေတဲ့ အိပ်မက်ထဲကနေ ဆွဲလှုပ်နှိုးလိုက်သလိုပါပင်။

 

သူအခု သွားသင့် နေပြီဖြစ်၏။

သူ ဒီလူတစ်စုအတွက် အများကြီးကူညီခဲ့ပြီးပြီလေ။

 

အခု သူတို့ကိုလည်း လာကယ်တော့မှာဖြစ်သည့်အတွက် သူ့အနေနဲ့ ဒီနေရာမှာ ရှိမနေသင့်တော့ပေ။

 

ဒါပေမယ့် ခုခေတ် လူ့အဖွဲ့အစည်းကြီးမှာ ဘာတွေဖြစ်နေတာလဲ?

 

ဘာလို့ လူသားတွေကိုတောင် 'အဖိုးတန်ပစ္စည်း' တစ်ခုအဖြစ်‌သတ်မှတ်နေရတာလဲ?

 

ကိုယ်ကျင့်သိက္ခာတွေပဲ အရမ်းနိမ့်ပါးလာလို့လား?

 

လန်စီ ရုတ်တရက်ပင် သဘောပေါက်သွားသည်မှာကား —

ပင်လယ်သတ္တဝါများ၊ အနက်ရောင်မုန်တိုင်း၊ ကမ္ဘာပျက်ကပ်၊ သန္ဓေပြောင်းလဲခြင်း၊ စမ်းသပ်ခံခန္ဓာကိုယ်။

 

ဤစကားလုံးများကို ဆက်စပ် ကြည့်သည့်အခါတွင် လူသားမျိုးနွယ်မှာ အမှန်တကယ် မျိုးတုန်းတော့မှာလား။ အဲ့လိုဖြစ်နိုင်လောက်တယ်မလား?

 

ရို့စ် လှည့်ကြည့် လိုက်သည့်အခါမှာတော့ လန်စီ၏တွေးတော ငေးမောနေသော ပုံစံလေးကို တွေ့လိုက်ရသည်။ သူက လက်ထဲက လုပ်လက်စ အလုပ်များကို ချကာ သက်ပြင်းလေး ချလိုက်မိတော့သည်။

 

ဒီလို မျိုးစိတ်တစ်ခုကို ဖန်တီးနိုင်လောက်တဲ့အထိ သဘာဝတရားကြီးမှာ အလွန်ပင် အံ့ဩချီးမွမ်းဖွယ် ကောင်းလှပေသည်။

 

သူအနေနဲ့ လန်စီ့ကို ကြိုက်သလား မုန်းသလားတော့ မသိပေမယ့် အကူအညီတစ်ခု ယူထားပြီးဖြစ်သဖြင့် အကြွေးတင်နေမှာမျိုးကိုတော့ မလိုလားပေ။

 

ဝမ်ယုက ဒီအကြောင်းအရာများကို ပြောမပြချင်မှတော့ သူမသာလျှင် ဗီလိန်လုပ်ပြီး ပြောပြရပေတော့မည်။

 

နောက်တစ်ကြိမ်သာဆိုလျှင်တော့ ရို့စ်တစ်ယောက် ယခုလိုမျိုး ကြင်နာပေးမယ်လို့ အာမမခံနိုင်တော့ပေ။

 

လန်စီ အနည်းငယ် စိတ်ရှုပ်ထွေး နေရလေသည်။

 

သူ့ကိုယ်သူ အရှုံးပေးလိုက်ကာ ရှေ့တိုး၍ အုန်းခွံခွက်ကိုလှမ်းယူလိုက်ပြီး အထဲမှ အသီးများကို ယူလိုက်တော့သည်။

 

သူ ယခု အရမ်းပင် အလုပ်များနေပြီး ဒီနေရာတွင် အချိန်တွေ နှောင့်နှေးနေပြီဖြစ်၏။

 

လန်စီ့ရဲ့ အစီအစဉ်အရ ဆိုလျှင် သူက ယခုအချိန်တွင် ဆည်းဆာပင်လယ်အော်တွင် ရှိနေသင့်သော်လည်း တကယ်တမ်းမှာတော့ ပင်လယ်အော်နှင့် အလှမ်းဝေးလှသည့်နေရာ တွင်သာရှိနေသေး၏။

 

သူသာ ဆည်းဆာပင်လယ်အော်တွင် သူစီးလာခဲ့သောသင်္ဘောပျက်ကို ရှာတွေ့ခဲ့ပါလျှင် နောက်ထပ် ဘာဆက်လုပ်ရမည် ဆိုတာကို သိနိုင်လောက်သည်။

 

သူ့ရဲ့ကိစ္စတွေ အားလုံး ရှင်းလင်းသွားပြီဆိုလျှင် သူအပူပင်ကင်းစွာနဲ့ ဝင်ဆာ့ဆီကို ပြန်သွားနိုင်မည်ဖြစ်ပြီး ဝင်ဆာနဲ့အတူတူ ပင်လယ်ကြီး၏ ထူးခြား ဆန်းကျယ်မှုများကို ရှာ‌ဖွေရင်း နေထိုင်သွားတော့မှာဖြစ်သည်။

 

ဝင်ဆာကလည်း သူ့ကို ကမ်းခြေသို့ သွားရန် သင်ကြား ပေးတာမျိုးတောင် ဖြစ်‌နိုင် လောက်သေးသည်။

သစ်သီးများကို စားပြီးသည့်နောက် လန်စီ အုန်းခွံခွက်လေးကို ရို့စ်၏ဘေးနားတွင် ချထားလိုက်ကာ ကမ်းခြေဘက်ကို ထွက်သွားတော့သည်။

 

လန်စီ လာနေတာကို တွေ့လိုက်သည့်အခါ ဝမ်ယုနှင့် ကားလ်မှာ သူတို့၏အလုပ်များကို ရပ်ထားလိုက်ပြီး နားမလည်ခြင်းများစွာဖြင့် ကြည့်လိုက်ကြ၏။

 

လန်စီ ပင်လယ်ရေထဲတွင် စိမ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေယက်နှင့်အကြေးခွံများကို ဖြန့်ချလိုက်သည်။

သူ ထိုလူနှစ်ယောက်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ပင်လယ်ရေထဲသို့ ခုန်ဆင်းသွားတော့လေသည်။

 

တစ်မိနစ်တောင် မကြာလိုက်သည့်အချိန်အတွင်းတွင် ဝမ်ယုနဲ့ကားလ်မှာ သူတို့နဲ့ သိပ်မဝေးသောနေရာက‌နေ လှိုင်းလုံးလိုပုံစံတစ်ခု တလိမ့်လိမ့်တက်လာတာတွေ့လိုက်ရပြီး ပင်လယ်ငါးအုပ်လိုက်ကြီးမှာ သူတို့ဆီသို့  ထိတ်လန့်တကြား  ဦးတည်လာတာကို တွေ့လိုက်ရလေသည်။

 

ကားလ်မှာ မှင်သေသေဖြင့် ရပ်နေမိ၏။ ဒီလိုငါးအုပ်လိုက်ကြီး အလုံးအရင်းနဲ့ ပြေးလာတာမျိုးကို သူပထမဆုံး တွေ့ဖူးတာပင်။

 

ဝမ်ယုက ပထမဆုံး တုန့်ပြန်လိုက်သူ ဖြစ်ပြီး သူ့ရဲ့မှိန်းကို လျင်မြန်စွာ ကောက်ကိုင်လိုက်ကာ ငါးများကို မှိန်းဖြင့် လိုက်ထိုးရန် ပြင်ထားလိုက်တော့သည်။

 

ထိုသို့ ပြင်ဆင်ထားသော်လည်း အဆုံးမှာတော့ အမျိုးသားနှစ်ယောက်မှာ အလျင်စလို ဖြစ်နေခဲ့ကြပြီး ဘာကိုမှ ရှာမရခဲ့ပါချေ။ ငါးများက သူတို့ကို ဖြတ်ကျော်သွားကာ ပင်လယ်ကမ်းခြေပေါ်သို့ ခုန်တက်သွားသည်မှာ သဘာဝကျကျပင် ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိသည့်အလား။

 

ဝမ်ယုနှင့်ကားလ် : "....."

 

ကမ်းခြေပေါ်မှ ငါးအုပ်မှာ လူနှစ်ယောက်ကို အံ့သြမှင်သက်သွားစေပြီး သူတို့၏ အမူအရာများမှာလည်း လုံးဝကို ဗလာ ဖြစ်နေကြရလေသည်။

 

ကမ်းခြေပေါ်မှာ ရှိနေသော ရို့စ်ကတော့ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အားရဝမ်းသာစွာပင် ပြုံးလိုက်မိတော့သည်။

 

ဒါဇင်ချီနေသော ငါးအုပ်လိုက်ကြီးကို ကမ်းခြေရှိရာ နှင်လွှတ်လိုက်ပြီး‌တဲ့နောက်မှာ လန်စီ ရေတိမ်ပိုင်းနားကို တဖြည်းဖြည်း ပြန်ကူးလာခဲ့ပြီး သူ့ရဲ့ပိတ်ကျဲစလို ဖြစ်နေသော ရှည်လျားလှသည့် အမြှီးရေယက်များဖြင့် ဝမ်ယု၏‌ခြေထောက်ကို ပွတ်တိုက်လိုက်သည်။ သူ့အမူအရာမှာ အနည်းငယ် ကို့ရို့ကားယား ဖြစ်နေသည့်ဟန်။

 

ဝမ်ယုလက်ထဲက မှိန်းကို ချထားလိုက်ပြီး မပြုံးဘဲမနေနိုင်တော့ပါချေ။ 

 

"ဟုတ်ပြီ ဟုတ်ပြီ ကိုယ်မြင်တယ် အရမ်းတော်တယ်"

 

ကလေးငယ်တွေကို ချော့မြှူနေသလိုမျိုးပင်။

 

လန်စီ ဝမ်ယု၏လက်ကို ရှောင်လိုက်ပြီး ဘေးဘက်ကို ကူးခတ်သွားလိုက်သည်။ အခုဆိုရင် ဒီနေ့အတွက် အစားအသောက်က လုံလောက်သွားပြီဖြစ်သလို သူကလည်း သူ့ရဲ့အကောင်းဆုံး တတ်နိုင်သမျှအထိတော့ ကူညီပေးခဲ့ပြီးပြီဖြစ်၏။

 

လန်စီ ဝမ်ယုနဲ့ စကားအများကြီး မပြောဖြစ်ခဲ့ပါပေ။ သူ ဝမ်ယုကို လက်ယမ်းပြလိုက်ပြီး ဝေးရာဆီကို ထွက်ခွာလာခဲ့ပေသည်။

 

ရိုးရှင်းစွာနဲ့ပဲ နှုတ်ဆက်စကား ပြောခဲ့ရပြီဖြစ်သည်။

 

ပိုပြီးငြိတွယ်နေရင် ရုန်းထွက်ရခက်သွားပေလိမ့်မည်။

 

လန်စီ့အမြင်တွင် ဝမ်ယုက ဝင်ဆာနဲ့တူပါသော်လည်း အဆုံးမှာတော့ ဝမ်ယုက သူ့ရဲ့အနက်ရောင် ရေသူထီးလေး ဝင်ဆာမဟုတ်ပေ။

 

ယခုအချိန်မှာ သူထွက်သွားသင့်ပြီ။ သူရော တစ်ဖက်လူပါ ပိုပိုပြီး နစ်ဝင်လာမှာကို စိုးရိမ်သည့်အတွက်သာ။

 

လန်စီ လျှောက်သွားတာကို တွေ့လိုက်ပြီးနောက် ဝမ်ယု ခဏတော့ ရပ်ကြည့်နေခဲ့သေး၏။ သို့သော်လည်း သူအာရုံသိပ်မထားခဲ့ပါချေ။

 

လန်စီ စားစရာ သွားရှာသည်ဟုသာ သူထင်နေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်‌ ဆိုစေကာမူ လန်စီသည် ရေသူတစ်ကောင် ဖြစ်သည့်အတွက် စားစရာ ငါးသွားဖမ်းသည်ဆိုသည်မှာ ပုံမှန်ပါပင်။

 

ထို့အပြင် မနေ့ညတုန်းကလည်း သူနဲ့လန်စီနှစ်ယောက် အချင်းချင်း၏ စိတ်ခံစားချက်များနှင့် အကြောင်းစုံကို သိရှိသွားပြီဖြစ်ရာ နောက်တစ်နေ့ ရောက်ရောက်ချင်းတော့ လန်စီက ရုတ်တရက်ကြီး သူ့ကိုစွန့်ပစ်သွားမှာမဟုတ်လောက်ပေ။

 

ဝမ်ယု သူ့နှလုံးသားထဲကနေ တစ်စုံတစ်ခုကတော့ မှားယွင်းနေတာကို ခံစားမိနေသော်ငြား သိပ်ပြီး အထူးအထွေလုပ်ကာ စဉ်းစားမနေတော့ပေ။ သူ့ကိုယ်သူ ဖြေသိမ့်လိုက်ကာ ကမ်းခြေ ပေါ်တင်နေသောငါးများကို ကောက်သိမ်းရန် လှည့်ထွက်သွားတော့သည်။

 

သူ ဒီငါးတွေကို ကင်ပြီးတော့ လန်စီ့အတွက် လက်ဆောင်ပေးရမည်ပင်။

_

 

ညနေခင်းအချိန် ကမ်းခြေပေါ်တွင်ဖြစ်၏။

 

ဝမ်ယုတို့ သုံးယောက်မှာ မီးပုံတစ်ခုလုပ်ပြီး ဝိုင်းကာထိုင်နေခဲ့ကြသည်။ မီးပုံ၏ ဘေးနားပတ်ပတ်လည်တွင် သစ်ကိုင်းများကို စက်ဝိုင်းပုံသဏ္ဍာန် စိုက်ချထားပြီး သစ်ကိုင်းတွင်တော့ ငါးကင်များ တံစို့ထိုးထားလေသည်။

 

ရို့စ်နှင့်ကားလ်မှာ စကားတစ်ခွန်းမှ ထွက်မလာဝံ့ပါချေ။ သူတို့ရဲ့လက်ထဲက ငါးကင်များကို သတိထားကာ တတိတိကိုက်ဝါးရင်း ဝမ်ယု၏မျက်နှာအခြေအနေကို ကြည့်နေခဲ့ကြသည်။

 

သတ်ဖြတ်လိုသော အရှိန်အဝါအပြည့်ဖြင့် ငါးကင်ကို စားနေသော သူတို့ရဲ့ဘော့စ်မှာ အလွန်ပင် ကြောက်စရာ ကောင်းလှလေသည်။

 

ဝမ်ယုက ငါးကင်ကို သန့်ရှင်းသော သစ်ရွက်များပေါ်တွင် ချထားလိုက်ပြီး တိတ်ဆိတ်နေခဲ့လေသည်။

 

အချိန်တော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ဝမ်ယု ကျန်နေသည့် လူနှစ်ယောက်ကို မေးလိုက်သည်။

 

"သူ ဘာလို့ ထွက်သွားတာလဲ"

 

ထို 'သူ' ဆိုသောနာမ်စားမှာ လန်စီ့ကို ရည်ညွှန်းခြင်းသာဖြစ်လေသည်။

 

ညနေခင်း အချိန်ရောက်မှသာ လန်စီထွက်သွားသည်ကို ဝမ်ယု သဘောပေါက်သွားပြီး လက်ခံခဲ့ရလေသည်။

 

ကားလ်မှာတော့ တုန့်ဆိုင်းတွေဝေသွားလေ၏။ အဲ့ဒီရေသူထီးလေး ဘာတွေးနေတယ်‌ဆိုတာကို သူကဘယ်လိုသိမှာလဲလို့ ?

 

"ကျွန်မ သွားခွင့်ပြုလိုက်တာ"

 

ရို့စ်က ရုတ်တရက်ပင် ဝင်ပြောလိုက်သည်။

 

"ကယ်ဆယ်ရေးအဖွဲ့က မကြာခင် ရောက်လာတော့မှာ သူ့ကို ကယ်ဆယ်ရေးအဖွဲ့က လူတွေ မြင်သွားစေချင်လို့လား"

 

ထိုစကား ထွက်လာလာချင်းမှာတင် ဝမ်ယုမှာ နောက်တစ်ကြိမ် နှုတ်ဆိတ်သွားရပြန်သည်။

 

ညဘက်အချိန်တွင်တော့ ကမ်းခြေပေါ်၌ အချိန်တော်ကြာတိတ်ဆိတ်နေခဲ့ပြီး မီးပုံက မီးတောက်များ၏ ‌တဖျောက်ဖျောက်အသံများသာ ထွက်ပေါ်‌နေခဲ့သည်။

 

ဝမ်ယုမှာ ဘာကိုမှ ဆက်ပြော မလာတော့ပေ။ သူငါးကင်ကို ကောက်ကိုင်လိုက်ပြီး စကားတစ်ခွန်းမှ မ‌ပြောပါဘဲ ကျွန်း၏အရှေ့တောင်ထောင့်ကို လျှောက်သွားခဲ့လိုက်သည်။

 

"ဘော့စ်?"

 

"ငါတစ်ယောက်တည်း နေချင်တယ်"

 

ဝမ်ယု နောက်ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

 

ဆယ်မိနစ်လောက် လမ်းလျှောက် ပြီးသည့်နောက်တွင် ဝမ်ယု ကျွန်း၏ အရှေ့တောင်ထောင့်အရပ်ကို ရောက်လာခဲ့လေပြီ။

 

သူ ကမ်းစပ်နားကို သွားလိုက်ပြီး ငါးကင်ကို ချထားလိုက်ကာ သူ့နှလုံးသားထဲတွင် သူ့လက်များကဲ့သို့ ဗလာ ဖြစ်နေသည်။

 

သူ လန်စီ ထွက်သွားတာကို သိပါသော်လည်း စိတ်ကတော့ တကယ်ထွက်သွားတာကို မယုံကြည်နိုင်သေးပါပေ။ သူ ငါးကင်ကို ဒီနေရာကို ယူလာခဲ့ပြီး ကံကောင်းစွာနှင့် လန်စီ ဒီကို ပြန်ရောက်လာမလားလို့ မျှော်လင့်နေခဲ့ခြင်းဖြစ်လေသည်။

 

သို့ပါသော်လည်း ဒီရေများ ပြန်မြင့်တက် မလာခင်အထိ ကောင်းကင်ကြီးမှာ ကြည်စင်နေကာ အနီးတစ်ဝိုက်တွင် ရေသူထီးလေးရဲ့ အရိပ်အယောင်ကိုတောင် ရှာလို့မတွေ့ခဲ့ပါချေ။

 

ကမ်းစပ်တွင် ချထားသော ငါးကင်မှာလည်း ပင်လယ်ရေနဲ့ အတူမြောပါသွားပြီဖြစ်ကာ ဘာမှပင်မကျန်တော့။

 

ဝမ်ယု နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ မြောပါသွားသော ငါးကင်လေးကို ကြည့်ရင်း သူ့အမူအရာသည်လည်း ဖျော့တော့လာခဲ့လေသည်။

 

ကြီးကြီးမားမား ပေးဆပ်ရမည်ဆိုလျှင်တောင် ရေသူထီးလေးကို သူတွေ့ချင်ပါသေး၏။

ဘယ်လို တန်ရာတန်ကြေးမဆို သူပေးနိုင်ပါသည်။

 

ဝမ်ယု၏ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားကာ ထိုစာကြောင်းကိုသာ အထပ်ထပ် အခါခါ တွေးတောနေခဲ့လေသည်။

 

တစ်ညလုံး နေပြီးသည့် နောက်မှာတော့ ရုပ်ပိုင်း‌ဆိုင်ရာ အခြေအနေ သိပ်မကောင်းသေးသော ဝမ်ယုမှာ တွေဝေမိန်းမောနေခဲ့လေသည်။

 

သူ အဝေးဆီမှ မှောင်ရိပ်သန်းနေသော ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ သူ့ရဲ့အတွေးများအားလုံး ဆွဲယူသွားသလို ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးမှာ မှော်ဆန်သည့်အခြေအနေတစ်ခုကို ကျရောက်သွားသလိုပါပင်။

 

သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါး‌ကာ ဝေ့ဝဲသွားသလို ခံစားနေရပြီး သေလူတစ်ယောက်လိုမျိုး စိတ်ဝိညာဉ်မှာ အဝေးသို့ ပျံ့လွင့်သွားသည့်အလား။

 

"ဒီကိုလာခဲ့ ....."

 

ဝမ်ယု၏နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်နေသော အခြေအနေတွင် သူ့ရဲ့ဆုတောင်းကို တစ်စုံတစ်ယောက်က ကြားသွားသကဲ့သို့ အသံတစ်ခုမှာ ရုတ်တရက်ထွက်ပေါ်လာကာ သူ့ကို ခေါ်နေခဲ့လေသည်။

 

"ဘယ်သူလဲ?"

 

ဝမ်ယု အံ့အားသင့်သွားရပြီး အသိစိတ်များမှာလည်း ပြန်လည်ဝင်ရောက်လာပေသည်။ ညခင်း၏ လေပြည်လေညင်းများကြားတွင် တီးတိုးသံလေးတစ်ခုကိုလည်း ကြားနေရပါသလို။

 

သူခေါင်းမော့ကာ အနီးတစ်ဝိုက်ကို ဝေ့ဝဲကြည့်လိုက်ပါသော်လည်း ဘာကိုမတွေ့ခဲ့ပါချေ။

 

သူပဲအထင်မှားနေတာများလား?

 

ဝမ်ယု စိတ်မသက်သာစွာဖြင့် နားထင်ကိုပွတ်သပ်လိုက်သည်။

 

မရှိတဲ့အရာကို အရှိလို့ ထင်ယောင်ထင်မှား‌ဖြစ်နေခြင်းဟာ သူ့အတွက်တော့ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။

 

"လာလေ ... ဒီမှာ ... လာခဲ့လေ"

 

အလွန် နူးညံ့ သိမ်မွေ့လှသောအသံသည် နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာခဲ့ပြီး အစစ်လို့ မထင်ရလောက်အောင်ပင် ဘက်ပေါင်းစုံကနေ ဝမ်ယု၏ အကြားအာရုံထဲသို့ တိုးဝင် ရိုက်ခတ်လာလေ၏။

 

ချက်ချင်းဆိုသလိုပင် များစွာသော ပုံရိပ်အပိုင်းအစများသည် ဝမ်ယု၏အမြင်အာရုံတွင် ပေါ်လိုက် ပျောက်လိုက်ဖြင့် ပြန်လည်ထင်ဟပ်လာ၏။

 

ထိုပုံရိပ်များထဲတွင် သူက ပင်လယ်ထဲမှာ ရှိနေခဲ့ပုံရပြီး သူ့ရဲ့ရှေ့ဘက်မှာတော့ အ‌ဖြူရောင်ရေသူလေး တစ်ကောင် ကူးခတ်နေကာ ပုံရိပ်များ၏ နောက်ခံမှာတော့ အပြာရောင်များ ဖြာကျနေခဲ့လေ၏။

 

အဖြူရောင် ရေသူလေးသည် အပြာရောင် ဖြာကျနေသော ရေလှိုင်းများကြားတွင် နွေးထွေး၍ သက်တောင့်သက်သာရှိသော ပုံစံလေးဖြင့် ကျော့ရှင်းစွာ ကူးခတ်နေကာ တောက်ပသော ကြယ်အစုအဝေးများ ကြားတွင် ကူးခတ်နေသော နတ်သားလေးတစ်ပါးလိုပင်။

 

ဝမ်ယုရဲ့ မြင်ကွင်းထဲတွင် ထိုအဖြူရောင် ရေသူထီးလေးသည် သူ့မြင်ကွင်းထဲမှ ဝေးသည် ထက်ဝေးရာသို့ ကူးခတ်သွားနေသောကြောင့် မသိစိတ်ကနေ လက်ကိုဆန့်တန်းကာ ထိုရေသူထီးလေးကို လှမ်းဆွဲထားရန် ကြိုးပမ်းမိတော့သည်။

 

သို့သော်လည်း ပုံရိပ်ယောင်က ပုံရိပ်ယောင်သာဖြစ်သည့်အတွက် သူဘာမှမတတ်နိုင်ခဲ့ပါချေ။

 

ဝမ်ယု၏ လှုပ်ရှားမှုကြောင့် ပုံရိပ်ယောင်များမှာလည်း ချက်ချင်းပင် ပျောက်ကွယ် သွားရတော့သည်။

 

"ဒီမှာ .. လာခဲ့လေ ... ငါတို့ ... တွေ့ပြီ .. သူ့ကို"

 

အသံမှာ ပြတ်တောင်း ပြတ်တောင်း ဖြစ်နေကာ နောက်ဆုံးတွင်တော့ နီးသည်ထက် နီးကပ်လာပြီးနောက် မသိလျှင် ဝမ်ယု၏ရင်ဘတ်ထဲနေ တိုးထွက်လာသလိုမျိုးပင်။

 

အဲ့တာ ... ဘာလဲ?

 

ဝမ်ယု လုံးဝမကြောက်ရွံ့ပေ။ သို့သော်လည်း သူ့အမူအရာမှာတော့ ထိုထင်ယောင် ထင်မှားအသံကို ကြားလိုက်ရသည့်အတွက် အနည်းငယ်တော့ တုန်လှုပ်သွားလေသည်။

 

သူ့ရှေ့က ပုံရိပ်ယောင် ပျောက်ကွယ်သွားပြီးသည့်နောက်တွင် သူ ရုပ်သေးရုပ်တစ်ခုလို မတ်တပ်ထရပ်လိုက်ကာ အသံထွက်ပေါ်လာသည့် လမ်းကြောင်းအတိုင်း လျှောက်သွားတော့သည်။

သူတဖြည်းဖြည်းနဲ့ ကျွန်းငယ်လေးပေါ်က သစ်တောထဲကို ဝင်ရောက်လာခဲ့သည်။ အကြိမ်အနည်းငယ် ကွေ့လိုက်ချိုးလိုက်ဖြင့် လျှောက်လာအပြီးတွင် ဝမ်ယု လှိုဏ်ဂူတစ်လုံးကို တွေ့လိုက်ရ၏။

 

ကျွန်းပေါ်ရှိ လှိုဏ်ဂူတွေမှာ ရှည်လျား ပြီး အထဲဘက်တွင် အလင်းတစ်စတောင် မရှိဘဲ အမှောင်ထုကသာ ကြီးစိုးနေလေသည်။

 

"ဝင်လာခဲ့ ... မြန်မြန်"

 

နတ်ဆိုးတစ်ကောင်က အထဲဘက်ကနေ တီးတိုးပြောနေခဲ့သည်။ တစ်စုံတစ်ခုက အထဲတွင် ရေကူးနေသလိုမျိုး ဝေဝေဝါးဝါး ရေလှိုင်းခတ်သံ တစ်စွန်းတစ်စကိုလည်း ကြားနေရသည်။

 

ဝမ်ယု တွေဝေ တုန့်ဆိုင်းနေတာကို ရပ်လိုက်ကာ အထဲကို လျှောက်ဝင်သွားခဲ့သည်။

 

"မင်းက ... ငါပဲ..."

 

"ငါတို့ ..."

 

"သူက .. ငါတို့ ..."

 

အမှောင်ထုထဲတွင် လှိုဏ်ဂူထဲမှ အသံသည် ဝေးလံသောနေရာမှ ညင်သာသိမ်မွေ့စွာ ပြောနေသလိုမျိုး တီးတိုးရွတ်‌ဆိုနေခဲ့လေ၏။ ထိုလှိုဏ်ဂူ‌ထဲတွင် ဖြစ်ပျက်ခဲ့သမျှကိုတော့ ဘယ်သူမှမသိနိုင်ခဲ့ပါပေ။

_

 

နောက်တစ်နေ့ မနက်ခင်းတွင် ရို့စ်နှင့်ကားလ်မှာ ဝမ်ယု နိုးလာသည်အထိ စောင့်နေ ခဲ့ကြလေသည်။

 

"ဘော့စ် အဆင်ပြေရဲ့လား"

 

ကားလ် ရှေ့ကို တိုးကာ မေးလိုက်သည်။

 

မနေ့ညတုန်းက ဝမ်ယု ပြန်မလာခဲ့ပေ။ တစ်ညလုံး သူ့ခမျာ ဝမ်ယုကို စိတ်ပူနေခဲ့ရသည်။ သို့ပေမယ့် သူတို့ဘောစ့်ရဲ့ အရည်အချင်းကို ယုံကြည်တာကြောင့် ညဘက်ကြီး ဝမ်ယုကို ထွက်မရှာကြတော့ပေ။

 

"အဆင်ပြေပါတယ်"

 

ဝမ်ယု ကားလ်ကို ပြုံးပြလိုက်သည်။ ကြည့်ရသည်မှာ သူ့ရဲ့စိတ်ဝိဉာဉ်က အခြေအနေ ကောင်းနေပုံရပြီး သူ့မျက်နှာပေါ်က နေမကောင်းသည့်ပုံစံမှာလည်း လျော့နည်းသွားလေပြီ။

 

"အဆင်ပြေသွားပြီ"

 

"ဘော့စ် ခင်များ ..."

 

ကားလ် သူ့ကိုကရုဏာသက်စွာ ကြည့်နေလိုက် ပြီးနောက်တွင် တွေဝေတုန့်ဆိုင်းသွား၏။

 

သူပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလားတော့ မသိပေ။ ဝမ်ယု၏မျက်ဝန်းများမှာ လုံးဝကို အနက်ရောင်ပြောင်းလဲသွားသည်ဟု ခံစားနေရသည်။

 

ဘော့စ်ရဲ့မျက်ဆံတွေ အရင်က အဲ့လောက်နက်လို့လား?

 

ကားလ် ထိုမေးခွန်းကို သံသယများစွာဖြင့် တွေးတောနေမိခဲ့သည်။

 

Ch 20 End ...