Chapter 21
Viewers 511

ဝမ်ယုတို့ဆီမှ ထွက်လာပြီးနောက် လန်စီ သည် ထိုနေရာတွင် ဆက်မနေတော့ရန် ဆုံးဖြတ်ကာ အနောက်အရပ်သို့ မနားတမ်းကူးခတ်ခဲ့သည်။ တစ်ရက်လုံးကူးခတ်ပြီးနောက် သူသည် ဂျယ်လီငါး ပြောတဲ့ “ဆည်းဆာပင်လယ်အော်” ဟူသော နေရာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

 

လန်စီသည် ဤနေရာကို “ဆည်းဆာပင်လယ်အော်” ဟု တန်းသိရသော အကြောင်းအရာမှာ မျက်စိပါသောသူတိုင်း တစ်ချက်ကလေးကြည့်ရုံနှင့်ပင် သိသာနေသောနေရာ တစ်ခု ဖြစ်သောကြောင့်ပင်။

 

ဒီနေရာသည် သင်္ဘောပျက် သင်္ချိုင်းကြီးတစ်ခု ဖြစ်လေသည်။

 

နစ်မြုပ်နေသော သင်္ဘောကြီးများသည် ဆည်းဆာပင်လယ်အော်မှန်း သိသာထင်ရှားစေသည့် သင်္ကေတများဖြစ်သည်။

 

လန်စီသည် ပင်လယ်၏အောက်ခြေသို့ ကူးခတ်သွားပြီးနောက် ပင်လယ်အောက်ခြေတွင် ပျက်စီးနေသော ဘင်္ဘောပျက်အပိုင်းအစများ မရေမတွက်နိုင်လောက်အောင် များပြားစွာရှိနေသဖြင့် အလွန် ထိတ်လန့်သွားခဲ့ရသည်။

 

ဂျယ်လီငါး ချဲ့ကားပြောဆိုထားသော ဆည်းဆာပင်လယ်အော် ရှိ သင်္ဘောကြီးများ နစ်မြုပ် နေသည့် ပုံကို စိတ်ကူးဖြင့် တွေးတော ခန့်မှန်းထားခဲ့ဖူး၏

 

သို့သော် သူ့အထင်မှားနေခဲ့သည်။ သူမြင်လိုက်ရသော တကယ့်မြင်ကွင်းမှာ အထင်နှင့်ကွာခြားလွန်းလှ၏

 

နစ်မြုပ်နေသောသင်္ဘောကြီးများ သင်္ဘောငယ်လေးများမှာ တစ်ခုဘေးတွင်တစ်ခုကပ်နေကာ ပင်လယ်အောက်ခြေကြီးတစ်ခုလုံးကို ပြည့်နှက်ဖုံးလွှမ်းနေပြီး သင်္ဘောများ၏အောက်ခြေသည်လည်း သံချေးများဖြင့် ပြိုကျပျက်စီးနေလေသည်။

 

အပေါ်လွှာရှိ သင်္ဘောပျက်ကြီးများသည်လည်း ခရင်းကောင်ကဲ့သို့သော အဏ္ဏဝါသတ္တဝါလေးများ ဖုံးနေသေးသည့်အတွက် မကြာသေးသည့်ချိန်ကမှ ပျက်ကျထားဟန်ဖြစ်လောက်သည်။

 

ထို့အပြင် သင်္ဘောပျက်ကြီးများ၏ အလယ်ပိုင်းများသည် တစ်စုံတစ်ရာမှ အားပြင်းပြင်းဖြင့် ဆွဲချထားခြင်းခံထားရသည့်နှယ် ကြေမွပျက်စီးနေ၏

 

ပင်လယ်ငါးလေးများလည်း သင်္ဘောပျက်များကြားတွင် နေသားတကျ ကူးလူးခတ်နေကြလေပြီး မထူးဆန်းတော့သလိုပင်။

 

လန်စီသည် ထို စွန့်ပစ်ခံ သင်္ဘောကမ်းကြီးကို အကြောင်းရင်းမရှိဘဲ ကြောက်နေမိကာ အချိန်အတန်ကြာ ကူးခတ်လေ့လာနေခဲ့မိသည်။

 

လန်စီ့ဦးနှောက်ထဲသို့ အတွေးတစ်ခု ဝင်ရောက်လာလေသည်။

’သင်္ဘောပျက်ကြီးတွေ ဒီလို အများကြီးစုပုံနေဖို့ နှစ်တွေ တော်တော်ကြာမှာပဲ။ ဇိမ်ခံသင်္ဘောကြီးပေါ်ကနေ ရေသူထီးဖြစ်လာချိန်အထိ ဘယ်လောက်ကြာအောင် အိပ်မောကျနေခဲ့တာလဲ’

 

‘သူအိပ်မောကျနေခဲ့တာဟု သူအထင်မှားနေခဲ့တာ မဖြစ်နိုင်ဘူးလား။ ဒါက တကယ်တမ်းကြတော့ နှစ်များစွာ ကြာပြီး နေပြီတဲ့လား။’

 

အချိန်ရဲ့တိုက်စားသွားခြင်းကြောင့် အံ့ဩတုန်လှုပ်မှုနှင့် အထီးကျန်စရာကောင်းသောခံစားချက်သည် သူ့စိတ်ကို ရုတ်တရက် ရစ်ပတ်ဖုံးလာသောသဖြင့် လန်စီ ပျို့အန်ချင်လာမိသည်။

 

ထိုနေ့က ဇိမ်ခံသင်္ဘောကြီးပေါ်တွင် ဖြစ်ပျက်သွားခဲ့သည်များကို သူအမြန်ဆုံးအဖြေရှာတွေ့ချင်လာသည်။

 

လန်စီစိတ်ကို အတတ်နိုင်ဆုံးရှင်းရှင်းထားကာ သူ့မှတ်ဉာဏ်ထဲမှ ဇိမ်ခံသင်္ဘောကြီးကို စွန့်ပစ်သင်္ဘောပျက်များကြားတွင် ရှာတွေ့လိုတွေ့ငြား စတင်ငုပ်လျှိုးရှာဖွေနေခဲ့သည်။

 

လန်စီ သူ့ကိုယ်သူ ကျေးဇူးတင်မိသော တစ်ခုတည်းသောအရာမှာ ယခုချိန်ထိ သူ၏ဇိမ်ခံသင်္ဘော ပုံစံနှင့် အမည်ကို မှတ်မိနေသေးခြင်းဖြစ်သည်။ “ကွင်းမယ်ရီ”ဟု ဦးထိပ်ပိုင်းတွင်ကမ္ပည်းထိုးထားသော သင်္ဘောကို ရှာတွေ့ရန် သာလိုသည်။

 

မည်သို့ပင်ဆိုစေကာမူ ဤများလွန်းလှသော သင်္ဘောပျက်ကြီးများကြားတွင် ထိုသင်္ဘောကို ရှာခြင်းသည် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသကဲ့သို့ ဖြစ်နေတော့သည်။

 

လန်စီ နေ့နေ့ညည ရှာနေပေမဲ့ရှာမတွေ့ပေ။

 

ညရောက်လာသောအခါ လန်စီသည် ကောင်းကောင်း ပိုမြင်ရသည့်တိုင် ခရင်းကောင်များ ဖုံးနေသည့်အောက်မှလက်ရေးစာလေးများကို ခွဲခြားရန် ခက်ခဲသောကြောင့် လက်လျှော့လိုက်ရသည်။

 

အဲ့ဒီအစား သူ တစ်ညလုံး လုံခြုံစိတ်ချစွာအိပ်လို့ရနိုင်မည့် သင့်တော်သော သင်္ဘောအတွင်းရှိ အခန်းငယ်လေးကိုသာ ရှာတွေ့ချင်မိလေသည်။

 

သင်္ဘောပျက်များမှာ နှစ်အတန်ကြာ ပျက်စီးနေခဲ့သည့်တိုင် အတွင်းခန်းဖွဲ့စည်းမှုများသည် မပျက်စီးခင် အရင်က အတိုင်းပင်ဖြစ်နေသေးသည့်အတွက် လန်စီ ကောင်းကောင်း အိပ်ပျော်ရန် အဆင်ပြေ၏။

 

သင်္ဘောအခန်းတံခါးကို တွန်းဖွင့်ကာအိပ်ရန် အထဲရှိ မွေ့ရာကို လိုက်ရှာရသော အပြုအမူသည် တစ်ချိန်က လူဖြစ်ခဲ့ဖူးသော လန်စီ့အတွက် အလွန်စိတ်သက်သာရာ ရစေမည့် နှစ်သိမ့်မှုတစ်ခု ဖြစ်လောက်သည်ဟု လန်စီတွေးမိသည့်အတွက် သူ တစ်ညဝင်အိပ်ရမည့်သင်္ဘောကို သေချာစဉ်းစား ရွေးချယ်နေခဲ့သည်။

 

နစ်မြုပ်သွားသော သင်္ဘောပျက်ကြီးအများကြီး ရှိနေသည်တိုင်။

 

ထိုသင်္ဘောသံတိုသံစပုံကြီးကြားထဲတွင် အချိန်အတော်ကြာ ရှာဖွေပါသော်လည်း စိတ်တိုင်းကျအခန်းငယ်ကို ရှာမတွေ့နိုင်ဖြစ်နေ၏။ သူခဏတာတွေးတောပြီးနောက် သင်္ဘောအပိုင်းစပုံကြီး၏ထိပ်ဆီသို့ ကူးခတ်သွားလိုက်သည်။

 

ထို့နောက် ကူးခတ်ရင်း သူ သင်္ဘောပျက်လေးတစ်ခုကို မတော်တဆသတိထားမိသွားလေသည်။

 

ထိုသင်္ဘောပျက်လေးကို ရွက်လှေငယ်လေးတစ်ခု အနေဖြင့်သာသတ်မှတ်နိုင်၏။

သို့သော် လန်စီအတွက် ထိုရွက်လှေငယ်သည် အခြား သင်္ဘောများကဲ့သို့ အနီးအနား၌ အမှိုက်တိုစ များဖြင့်ရှုပ်ပွမနေဘဲ သန့်ရှင်းနေသောကြောင့် ကျေနပ်သွားရသည်။

 

‘ဒါပဲပေါ့။’

 

လန်စီ အင်မတန်ပျော်ရွှင်သွားကာ ရွက်လှေဘေးသို့ ချက်ချင်း ဒိုင်ဗင်ထိုး ကူးခတ်သွားလိုက်၏။

 

လန်စီသည်ရွက်လှေလေး အနားတစ်ဝိုက်တွင် ထူးဆန်းသောအရာများမရှိစေရန် လှည့်ပတ်စစ်ဆေးလိုက်ပြီးနောက် ရွက်လှေပြတင်းပေါက်မှ တစ်ဆင့်အတွင်းထဲသို့ အတန်ကြာစိုက်ကြည့်နေမိလိုက်သည်။

 

အန္တရာယ်မရှိသည်ကို သေချာမှ ကုန်းပတ်ပေါ်တက်ကာ ရွက်လှေအခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။

 

တံခါးက ပွင့်မလာခဲ့ပေ။

 

‘ဟမ်’

 

‘ရွက်လှေရဲ့တံခါးပိတ်ထားခဲ့ပုံက ကောင်းလို့နေမှာပါ။ဟုတ်တယ်မလား။’

 

လန်စီတံခါးကို ဆောင့်ဆွဲ ဖွင့်လိုက်သော်လည်း ပွင့်မလာသောကြောင့် စိတ်ရှုပ်ထွေးသွားရသည်။

 

‘ရေဖိအားကြောင့်များ ဖြစ်မလား’

 

လန်စီ ခဏစဉ်းစားကြည့်ကာ ဖြစ်နိုင်သည်ဟုတွေးမိသည်။

 

ထို့ကြောင့် သူ့ဘေးမှ မှန်တံခါးကို လှမ်းကြည့်လိုက်သည်။ ထိုမှန်တံခါးကို ခွဲကာ မှန်တံခါးမှတစ်ဆင့် အထဲသို့ဝင်ရန် ဆုံးဖြတ်လိုက်သည်။

 

လန်စီ လှေကုန်းပတ်မှ ရေပေါ်သို့တက်သွားကာ လှေဘေးနားရှိ ကြမ်းပြင်ပေါ်တွင် ရှိနေသော ကျောက်တုံးကြီးများကို လှည့်ပတ်ရှာဖွေနေသည်။

 

အချိန်အတန်ကြာရှာပြီးသည့်နောက် သူရှာတွေ့ခဲ့သော ကျောက်တုံးကြီးကို ပွေ့သယ်လာခဲ့သည်။ ထို့နောက် မှန်တံခါးကို ကိုယ်တစ်ပတ်လှည့်ကာ ပစ်ခွဲရန် အဆင်သင့်ပြင်လိုက်၏။

 

လန်စီ ရပ်တန့်ငြိမ်သက်သွား၏။

 

သူအမြင်မှားတာ မဟုတ်ဘူးဆိုလျှင် ထို ရွက်လှေလေးသည် ဘေးသို့အနည်းငယ်ရွေ့သွားသည်ဟု ခံစားမိနေသည်။

 

လန်စီ ထင်တာမှန်နေခဲ့သည်။ သိသိသာသာရွေ့လျားမှုတစ်ခုကြောင့်အနီးအနားမှ ပင်လယ်ရေများအနည်ထနေသည်။

 

‘နစ်မြုပ်နေပြီးသားသင်္ဘောကြီးတွေက သူ့ဘာသာ ရွေ့လျားနိုင်ပါ့မလား။’

 

လန်စီ မယုံနိုင်ဖြစ်ကာ ကျောက်တုံးကိုကိုင်ပြီး ရွက်လှေနားတိုးကပ်သွားသည်။ ခဏတာ တွေဝေပြီးနောက် ကျောက်တုံးကို ကောက်ကာ ရွက်လှေပေါ်သို့ ပစ်ပေါက်လိုက်၏။

 

“ဒေါင်”

 

ပင်လယ်အောက်ခြေမှ ခပ်အုပ်အုပ် ဆူညံသံတစ်ခု ထွက်ပေါ်လာပြီးနောက် ကျောက်တုံးသည်လည်း ဖြည်းဖြည်းချင်း ပြုတ်ကျလာ၏

 

နစ်မြုပ်‌နေသောလှေငယ်သည် လုံးဝ မလှုပ်ရှားသွားပေ။

 

လန်စီ ဘာမှမတတ်နိုင်ဘဲ သူ့နှုတ်ခမ်းသူပုတ်ကာ ပစ်ပေါက်လိုက်သည့်  ရွက်လှေအပေါက်ကိုကြည့်နေသည်။

 

ရွက်လှေလေး သည် အရမ်းလှသောကြောင့် နှမြောတသ ဖြစ်မိသည်။

 

ရွက်လှေပျက်လေးကို သူစစ်ဆေးပြီးသည့်နောက် မလှုပ်ရှားလာသဖြင့် လန်စီ ရှေ့သို့ဆက်တိုးသွားခဲ့သည်။

 

ဇိမ်ခံသင်္ဘော မှ ငါးမီတာအကွာတွင်ရှိသော လှေငယ်လေးတစ်ခုလုံးလှုပ်ရှားလာ၏

 

ရွက်လှေလေးသည် လန်စီ့မျက်စိအောက်မှ ရုတ်တရက် မြှောက်တက်သွားကာ ဒါဇင်ချီသော အကွာအဝေးတစ်ခု ရှိဘေးသို့ လွင့်ထွက်သွားရသည်။

 

“…”

 

လန်စီ အင်မတန် ဆွံ့အ ထိတ်လန့် သွားသည်။

 

‘ဘုရားရေ ၊ လှေတွေမှာ ခြေတံလက်တံရှည်ကြီးတွေရှိ တယ်တဲ့လား။’

 

လှုပ်ခတ်မှုကြောင့် အနည်ထသွားသော ပင်လယ်ရေများ ပြန်မကြည်လာခင်မှာပင် လန်စီ စိတ်ဝင်တစားလိုက်ကြည့်မိသည်။

 

လှေလေး၏ဘေးသို့ လန်စီကူးခတ်သွားသည်နှင့်တစ်ပြိုင်နက် ထူးခြားသော ရွက်လှေငယ်လေးသည် မတ်မတ်ထောင်သွားကာ “ဒန် ဒန် ဒန်”ဟုမြည်၍ ဘေးသို့ထပ်မံလွင့်သွားပြန်၏။

 

လန်စီ ချဉ်းကပ်လာခြင်းကို သိသောကြောင့် ကြောက်ရွံ့နေဟန်။

 

အကြိမ်ဖန်များစွာ ရှေ့နောက်ကူးခတ်သွားပြီးနောက် လန်စီ လဲမကျသော်လည်း လှေကလေးက အရင်လဲကျ သွားခဲ့သည်။

 

“ဘွန်း” ကနဲ မြည်ကာ ထိုလှေသည် ပြန်လှုပ်ရှား၍ ထပြေးရန် အဆင်သင့်မဖြစ်သေးခင် ဆုံးဆုံးမြုပ်သွား၏။

 

လန်စီ မျက်ခုံးပင့်ကာ ထိုအရာမှာ ဘာလဲ သိရှိနိုင်ရန် ခပ်ဝေးဝေးမှ သင်္ဘောကို လှည့်ပတ်ကူးကြည့်နေသည်။

 

ရွက်လှေဘေးသို့ ကပ်သွားချိန်တွင် လှေအောက်ခြေမှ ကြီးမားသော အနီရောင် လက်မညှပ်ကြီးနှစ်ခုသည် “ကလစ်”ဟုမြည်သံဖြင့် ထွက်ပေါ်လာကာ လန်စီ့အမြီးအား “ကလစ်”ကနဲ လှမ်းညှပ်လိုက်၏။

 

လန်စီနောက်သို့ ရှောင်လိုက်ပြီးချက်ချင်း ထို လက်မညှပ်ကြီးနှစ်ခုကြား ရှေ့နောက်ကူးခတ် နေလိုက်သည်။

 

ရေသူထီး၏ ဖျတ်လတ်စူးရှသောအမြင်အာရုံ ကျေးဇူးကြောင့် လန်စီသည်လက်မညှပ်ကြီးများကို လွယ်လင့်တကူ ရှောင်ရှားနိုင်ခဲ့၏။

အမြီးလှုပ်ရှားမှုကြောင့် ထိုကြီးမားသော လက်မညှပ်ကြီးနှစ်ခုသည် အချင်းချင်း ပြန်ထိညှပ်မိတော့မည့်အတိုင်း လေထဲတွင် မြှောက်ယမ်းလှုပ်ရှားနေသည်။

 

“စိတ်တိုစရာကောင်းလိုက်တာ”

 

လန်စီ့ နားရေယက်များ ပွင့်လာလေသည်။ သူနားကြားမှားလေသလား။

 

“ဒါ ငါ့ရဲ့အိမ်ဆိုတာ မင်းမသိဘူးလား”

 

ဒေါသထွက်နေသောအသံတစ်ခုသည် သင်္ဘောအောက်ခြေမှ ရုတ်တရက် ထွက်ပေါ်လာသည်။

 

“ငါ လောင်ဇီ ရဲ့ အိမ်ကို ဖျက်ဆီးပြီးတော့ ထွက်မသွားသေးတာ မင်း ဘာလိုချင်လို့လဲ”

 

လန်စီ ခေတ္တ မလှုပ်မယှက်ဖြစ်သွားကာ သင်္ဘောက အကောင်းကြီး ရှိနေသေးသည်ပင်။

 

‘အားး သူ ပင်လယ်မွန်းစတားတစ်ကောင်နဲ့ ထပ်တွေ့ပြန်ပြီလား?’

 

လန်စီ ဘယ်လို ပြန်ဖြေရမလဲ မသိနေချိန် လှေငယ်လေးတစ်ခုလုံး ဘေးသို့ လိမ့်ကျသွားသည်။ ထို့နောက် လှေအောက်ခြေမှ ပိုင်ရှင်၏မျက်နှာ ပေါ်လာလေတော့သည်။

 

အလွန်ကြီးမားသော ဝင်ကစွပ်ကြီး (Hermit Crab) ပင်။

 

တိတိကျကျပြောရမည်ဆိုလျှင် ရွက်လှေတစ်စင်းလုံး ပြည့်နှက်သွားနိုင်လောက်တဲ့အထိ ကြီးမားသော ဝင်ကစွပ်ကြီး ဖြစ်သည်။

 

ဝင်ကစွပ်ကြီးသည် ဒေါသထွက်နေသည် ပုံပင်။

 

သူရွက်လှေမှ ထွက်လာပြီးနောက် ပွစိပွစိရေရွတ်နေကာ သူ၏သွားများ၊ အစွယ်များ နှင့်အတူ လက်မကြီးများလည်း လိုက်လံ လှုပ်ရှားမြှောက်ယမ်းနေသည်။

 

“မင်းမေ&%...#! “

 

ဝင်ကစွပ် စကားမဆုံးခင်မှာတင် သူ့ရှေ့တွင် မျောပါကူးခတ်နေသည့်မှာ အဖြူရောင်ရေသူထီးလေး ဖြစ်နေသည်ကို တွေ့လိုက်သည်။

 

လန်စီသည် အားနာစိတ်ဖြင့် သူ့လက်ကလေးများကို အချင်းချင်းပွတ်နေကာ အမြီးဖြူလေးကို လှုပ်ရမ်းနေလိုက်သည်။

 

“အာ.. ကျွန်တော် တောင်းပန်ပါတယ် အခုချက်ချင်းထွက်သွားပါ့မယ်နော်”

 

ဝင်ကစွပ်ကြီး၏ ပဲစေ့ပုံသဏ္ဍာန် မျက်လုံး နှစ်လုံးက ထိကပ်သွား၏။ထို့နောက် လက်မညှပ်ကြီးနှစ်ခု ပင်လယ်ကြမ်းပြင်ဆီသို့ တဖြည်းဖြည်း ချလာလိုက်သည်။ ဒေါသူ ပုန်ထနေသော အသံသည်လည်း သိမ့်မွေ့သောအဖြစ်သို့ ချက်ချင်းလျော့သွားသည်။

 

“ဒီနေ့ နေအတော်သာနေတာပဲ။”

 

ထို့နောက် ဝင်ကစွပ်က အထက်စီးလေသံဖြင့်ပြန်ပြော၏။

 

“လောင်ဇီကို ဘယ်လိုလာ တောင်းပန်နေတာလဲ။”

 

လန်စီ ......

 

‘အခုက  ညအချိန်တောင် ရောက်နေပြီလေ ဘယ်က နေက ရှိနေလို့တုန်း။’

 

ဝင်ကစွပ်ကြီးက ရှက်သွားကာ သူ့လက်မညှပ်ကြီးများကိုအချင်းချင်းပွတ်ကာပြန်ပြောသည်။

 

“မင်းကရော ဒီရွက်လှေကို ကောင်းတယ်လို့ ထင်တာမဟုတ်လား။ ဟားဟား

ငါကလည်း ငါ့အမြင်အာရုံကောင်းကြောင်း ပြန်ပြောရုံပါ”

 

သူနောက်ထပ်စကားတစ်ခွန်းကို သေချာ ဂရုစိုက်ထပ်လောင်းပြော၏။

 

“ ငါးမျိုးနွယ်အနေနဲ့  မင်းမှာလည်း အမြင်အာရုံကောင်းကောင်း ရှိနေတောပဲ”

 

လန်စီ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူ ဒီလောက်ကြီးမား၍ ထူးဆန်းသော ဝင်ကစွပ်နဲ့ တစ်နေ့ ကြုံတွေ့ရမည်ဟု မမျှော်မှန်းထားခဲ့ပေ။

 

ဒါ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့သူ မဟုတ်ပေဘူးလား။ အလွန်ထူးခြားသော စရိုက်လက္ခဏာရှိတာပဲ။

 

လန်စီ ဒီဝင်ကစွပ်ကြီးထံမှ အလျင်အမြန် ထွက်ခွာသွားချင်မိသည်။

 

“မနှောင့်ယှက်တော့ ပါဘူး ။ တစ်ခြားနေရာတစ်ခုပဲ ရှာလိုက်ပါတော့မယ်။”

 

“မရဘူး မရဘူး ဒါ ဘယ်လိုမှ မဖြစ်သင့်တုန်း။”

 

ဝင်ကစွပ်သည် လှေအခန်းမှ ဝှစ်ခနဲထွက်လာပြီး သူ၏လက်မညှပ်ကြီးများဖြင့် လှေအခန်းအတွင်းသို့ လူကြီးလူကောင်း ဆန်ဆန်ညွှန်ပြလိုက်သည်။

 

“မင်း ဒီနေရာကို သဘောကျရင် လောင်ဇီ မင်းကို ပေးပါ့မယ်။ လောင်ဇီ့ ငါးလေးက အကောင်းဆုံးဆိုတာနဲ့ ထိုက်တန်ပါတယ်။”

 

လန်စီသည် လှေလေးက အပြင်ပန်းတွင် အကောင်းပတိအတိုင်း ရှိနေသေးသည်ကိုတွေ့လိုက်ရသော်လည်း ဝင်ကစွပ်ကြီးဝင်နေထားသောကြောင့် အပေါက်ကြီးဖြစ်နေသည်။အထဲတွင်လည်း ဘာမှမကျန်တော့ဘဲ မှောင်မည်းနေသည်။

 

“နေပါစေတော့ ဒါ ကျွန်တော်နေ့ဖို့အတွက် မသင့်တော်တော့ဘူး ထင်တယ်။”

 

လန်စီက ဝင်ကစွပ်ကြီးကို လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာ မှာ “မြှောက်ပင့်မှု”ဆိုသည့် စကားကို အထင်းသားမြင်နိုင်သည်။

 

“ ဟုတ်တော့လဲ ဟုတ်တယ် မင်းက အကောင်သေးသေးလေးပဲနော်။”

 

ဝင်ကစွပ်နှင့် မျက်ဝန်းချင်း လိုက်ဆုံကြည့်မိသည်။ သူသည် လန်စီ့ကို ကြည့်နေခြင်းဖြစ်ပြီး လန်စီ ဝင်လိုက်လျှင်ပင် ထိုအပေါက်ကြီးထဲ တွင် ချောင်နေလောက်သည်ဟု သတိထားမိသွားသည့် ဟန်တူသည်။ ဘာမှမတတ်နိုင်ဘဲ နောင်တ အနည်းငယ် ရမိသွားသည်။

 

“ဒဏ္ဍာရီလာ ငါးမျိုးစိတ်က တကယ်ကွာခြားတာကိုး ။ စကားကို သိမ်သိမ်မွေ့မွေ့ ပြောတတ်တဲ့ အကောင်ငယ်လေးတွေပဲ။”

 

ဝင်ကစွပ်အနေဖြင့် သူ့နောက်ကျောအခွံကြီးသည် မကြီးလွန်းမသေးလွန်းဘဲ သူ့အတွက် အနေတော်သာဖြစ်သည်။ ဘာအတွက်ကြောင့် အခွံကြီးကြီးထဲတွင် ရှိနေရတာခြင်းဖြစ်သည်ကို သိချင်မိသည်။

 

သို့သော် သူဒီမှာဆက်ရှိနေလျှင် ဝင်ကစွပ်က လှေအခန်းထဲရှိ အီတလီ အမြှောက်ကြီးကို ဆွဲထုတ်လာမည်ကို သူအနည်းငယ် စိုးရိမ်မိသည်။

 

ထို့အတွက် ဝင်ကစွပ်အား ဝတ်ကျေတန်းကျေ ပြုံးပြနှုတ်ဆက်၍ ထွက်ခွါရန် ဟန်ပြင်လိုက်သည်။

 

“အိုး ဒါနဲ့ ဒါက မင်းအတွက်လို့ ငါထင်ပါတယ်”

 

ဝင်ကစွပ်က လှမ်းပြော၏။ သူသည်အပေါက်ကြီးဆီသို့ပြန်သွားနေသည်။ ထို့နောက် ရွက်လှေလေးကို သဲဖုန်များ ထစေလျက် ပင်လယ်သဲကြမ်းပြင် တစ်လျှောက် တရွတ်တိုက် ဆွဲသွားသည်။

 

“ဟင့်အင်း ရပါတယ်”

 

ဝင်ကစွပ် ဆွဲသွားသည့် မြင်ကွင်းကို ကြည့်လျက် လန်စီတုန်လှုပ်သွား၏။

 

“ ကျွန်တော်ဘာသာ ရှာကြည့်လိုက်မယ်၊ စိတ်မပူပါနဲ့”

 

“လောင်ဇီ ပိုင်နက်ထဲ ရောက်လာပြီးပြီမလို့ မင်းကို ဒီတိုင်း ကာကွယ်ကူညီပေးချင်ရုံပါ”

 

ထင်ထားသလိုပင် ဝင်ကစွပ်သည် ပင်လယ်ကြမ်းပြင်၏ လူမိုက်ဖြစ်သည့်အလျောက် ဩဇာလွှမ်းမိုးကာ အထက်စီးဆန်လေသည်။

 

“လောင်ဇီ့ ငါးလေး ဆိုတော့ လောင်ဇီ့မှာ တာဝန်ရှိတယ်”

 

တကယ့်ကို အထက်စီးကနေ ချုပ်ကိုင်ချင်တဲ့သူပင်။

 

လန်စီသူ့ အမြီးကို ဆတ်ခနဲ လှုပ်ရှားကာ ခဏတာ တွေဝေသွားမိသည်။ ထို့နောက် ဝင်ကစွပ်ရဲ့လှေအခန်းလေးကို ကြည့်၍ အံ့ကြိတ်ကာနောက်မှ လိုက်သွား၏။

 

အတိအကျ ပြောရလျှင် လန်စီသည် ဝင်ကစွပ်ကိုယ်ပေါ်မှ ရွက်လှေငယ်လေး၏နောက်တွင်ဖြစ်သည်။

 

“ခင်ဗျား ဒီနေရာမှာ တစ်ချိန်လုံးရှိနေခဲ့တာလား” ဟုမေးလိုက်သည်။

 

“မဟုတ်ပါဘူး”

 

ဝင်ကစွပ်က ရွက်လှေကိုဆွဲလျက် သင်္ဘောအပျက်အစီးပုံတွေကြား ဝင်ကာ လက်မကြီးများဖြင့် စတင် ဖယ်ရှားဖျက်ဆီးလိုက်သည်။

 

“လောင်ဇီ အရင်က ဒီလောက်မကြီးဘူး အခွံလေးတစ်ခုနဲ့ လုံလောက်ခဲ့တာ.... မထင်မှတ်ဘဲ တစ်ရက်မှာ တစ်နေ့ထပ်တစ်နေ့ ပိုပိုပြီး ကြီးလာခဲ့တယ် .....တကယ် စိတ်ပင်ပန်းရတဲ့နေ့တွေပေါ့၊ %>*..& ၊ ဘယ်နားထားလိုက် မိပြန်ပါလိမ့်”

 

ဝင်ကစွပ်က တကယ်ကို စိတ်မရှည်တဲ့သူပေ။ သူ မကျေနပ်တဲ့အခါတိုင်း ကျိန်ဆဲနေလေ့ရှိသည် ။သူ့ပါးစပ်ဖျားတွင် သာယာနာပျော်ဖွယ်စကားများ ပြောဆိုနေလျက်ပင် တစ်ခဏတွင်း ဆဲဆို လိုက်ဖို့ရန်လည်း ဝန်မလေးလှပေ။ ထို့နောက် လန်စီ သူ့နောက်တွင် ရှိနေသည်ကို သတိထားမိသွားသည်။

 

ဝင်ကစွပ် တွေဝေသွားပြီးနောက် လန်စီ့ကို တိုးတိုးလေး စကားပြန်ပြောလာသည်။

 

“ငါ တဖြည်းဖြည်းကြီးလာပြီးတဲ့နောက် သင့်တော်မဲ့ အခွံကို လိုက်ရှာရတော့တာပဲ။ ဒါကြောင့် ဒီကို ရောက်လာခဲ့တာ”

 

ဒဏ္ဍာရီလာ ငါးမျိုးစိတ်ဖြစ်သော လန်စီအတွက် ဝင်ကစွပ်ရဲ့ ကျိန်ဆဲနေတဲ့ စကားတွေက လန်စီ့နှလုံးသားထဲမှ သူ့ပုံရိပ်ကို ထိခိုက်စေနိုင်တာကို သူသတိထားမိပုံရသည်။ ထို့နောက် ဝင်ကစွပ်က သူ့ရဲ့ ဆဲဆိုနေတဲ့ စကားတွေကို  လန်စီ့ အတုမယူစေရန် ဆဲဆိုခြင်းကို ရပ်တန့်လိုက်သည်။

 

လန်စီ ထိတ်လန့်တုန်လှုပ်နေမိ၏။

 

သူသည် ဝင်ကစွပ် တစ်ကောင်ပင် မဟုတ်ပေဘူးလား။ ဝင်ကစွပ် က မျက်နှာအမျိုးမျိုး စိတ်အမျိုးမျိုး ပြောင်းနိုင်လေသလားဟုတွေးမိသည်။

 

ထိုအချိန်၌ ဝင်ကစွပ်သည် ဝမ်းပန်းတသာဖြင့် ရွက်လှေလေးထပ် သေးငယ်သော လှေလေးတစ်စင်းကို အပျက်အစီး ပုံကြားထဲမှ ဆွဲထုတ်လာခဲ့သည်။

 

“ရှာတွေ့ပြီ ဒါလေးဆို မင်းနဲ့ အဆင်ပြေမလား၊ ဒါက ငါအရင် သုံးခဲ့ဖူးတဲ့ အခွံလေးပဲ။”

 

လန်စီလှေလေးကို ကြည့်လိုက်သည်။ လှေလေးက သေးသော်လည်း ဝင်ကစွပ်ဆီမှ ရွက်လှေနှင့်ယှဉ်လျှင် သက်တောင့်သက်သာ ပိုရှိလှသည်။ ကောင်းတာ တစ်ခုကတော့ လှေပေါ်မှ အခန်းငယ်သည် ယခုထိ မပျက်စီးသေးသောကြောင့် သူနေလို့ ရနိုင်လောက်သေးသည်။

 

“ဒါလေးဆို အဆင်ပြေမယ် ထင်တယ်”

 

လန်စီ လှေလေး ပတ်လည်ကို ကူးခတ်ကြည့်ပြီးနောက် လှေပေါ်တွင် အစိမ်းရောင်အပင်များနှင့် ထူးဆန်းသော အကောင်များရှိ မနေသည့်အတွက် ကျေနပ်သွားသည်။

 

“ဟေးး”

 

ဝင်ကစွပ် က လက်မညှပ်ကြီးနှစ်ခုကို ပျော်ရွှင်မြူးတူးစွာ “ကလစ် ၊ ကလစ်” ခနဲ မြည်အောင် ထိကပ်လိုက်သည်။

 

 

“လောင်ဇီက လောင်ဇီပစ္စည်းတွေကို အရမ်းတန်ဖိုးထားတာကွ မသုံးဖြစ်တော့ရင်တောင်မှ အမြဲတမ်း သန့်ရှင်းအောင် ထားတယ်”

 

လန်စီက ဝင်ကစွပ်ကို ပြုံးပြလိုက်သည်။

 

ဝင်ကစွပ် ၏ အပြုအမူများသည် ထူးဆန်းနေသော်လည်း အနည်းဆုံးတော့ မုန်းစရာ မကောင်းလှပေ။

 

လန်စီ လှေအခန်းငယ်ထဲသို့ တံခါးမှ တစ်ဆင့် ဝင်သွားလိုက်သည်။ အတွင်းထဲသို့ အနည်းငယ် ကူးခတ်လှည့်ကြည့်ပြီးနော် အပြင်သို့ ပြန်ထွက်လာကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

 

“ဒီမှာ ခင်ဗျားတစ်ယောက်တည်းနေတာလား”

 

ခဏတာ ငြိမ်သက်တိတ်ဆိတ်သွားပြီး ဝင်ကစွပ်က သူ၏အခွံထဲသို့ ပြန်တိုးလျှိုဝင်သွားကာ ဝမ်းနည်းဟန်ဖြင့် စကားဆိုလာသည်။

 

“ဟုတ်တယ်၊ လောင်ဇီအစ်ကိုနဲ့အစ်မတွေက ပင်လယ်ရေအောက်ကထွက်လာတဲ့  ထူးဆန်းတဲ့အလင်းလုံးကြီးတစ်ခုကြောင့် အားလုံး သေသွားကြပြီ။ ဒါနဲ့ လောင်ဇီလည်း ပင်လယ်ရေစီးကြောင်း အတိုင်း လိုက်လာပြီး ဒီမှာ သောင်တင်ရင်း ဆက် မသွား ဖြစ်တော့တာ”

 

“အဲဒါဆို ဒီမှာ ဘာလို့ သင်္ဘောတွေ အများကြီး ပျက်စီးနေရတာလဲဆိုတာရော သိလားဟင်”

 

လန်စီ စိတ်မရှည်ဟန်ဖြင့် မေးခွန်းများ အထပ်ထပ် မေးမိသည်။

 

“အဲဒါ ရေဘဝဲကြီးကို မေးကြည့်တာ ပိုကောင်းပါလိမ့်မယ်”

 

ဝင်ကစွပ်သည် သူ၏ လက်မညှပ်ကြီးများကို လှုပ်ရမ်းလိုက်၍ သူ့ပါးစပ်ဖြင့်တေ့ကာ လေချွန်သံတစ်ခုကိုပြုလုပ်လိုက်သည်။

 

“ ဒီသင်္ဘောတွေအားလုံးက ရေဘဝဲကြီးဆီက ဆွဲချခံထားရတာ ၊ ဒါတွေက သူ့ရဲ့ စုဆောင်းမှု တွေလေ”

 

‘တိုက်ခိုက် လုယူခံရတာပေါ့ ဟုတ်လား?’

 

လန်စီ့မျက်လုံးများ ပြူးကျယ်သွားရသည်။

 

‘ဒါဆို ပင်လယ်မွန်းစတားတွေက လူသားတွေကို ဖမ်းစားနေခဲ့တာလား’