Chapter 35
Viewers 5k

🏡 Chapter 35

ကြက်ကြော်



နေစမ်းပါဦး…


ရုတ်တရက်ပင် ကျန်းလီယွင်က တစ်စုံတစ်ခုကို တွေးမိသွားသည်။


နှစ်ကုန်လောက်မှာ ငါတို့နယ်ဘက်က ကြက်ဈေးတွေထိုးကျသွားလိမ့်မယ်… ငါ အဲ့ဒါကနေ ပိုက်ဆံရှာနိုင်လောက်လား…


သူတို့ကွန်မြူနတီထဲမှ လူအများစုက ကြက်မွေးထားကြကာ နှစ်ကုန်ခါနီး၌ မြို့၏မနက်ခင်းဈေးထဲတွင် လူများစွာက ဆိုင်ခင်းပြီး ကြက်များကို အလွန်ဈေးလျှော့ကာ ရောင်းကြလိမ့်မည်။


သို့သော် ၎င်းက သူမတို့နယ်ဘက်တွင်သာ ဖြစ်သွားခြင်းဖြစ်သည်။


ငါသာ အဲ့ဒီကြက်တွေကို မြို့ကြီးဆီယူသွားပြီးရောင်းမယ်ဆိုရင် သေချာပေါက်ရောင်းရမှာပဲ…


နောက်ပိုင်းတွင် လူအချို့က အမွေးဖြူကြက်များကို ဈေးနိမ့်နိမ့်ဖြင့်ဝယ်ပြီး စီရင်စုမြို့တွင် ပြန်ရောင်းကြ၏။


အခြားသူများလုပ်နိုင်ပါက သူမလည်း သေချာပေါက်လုပ်နိုင်သည်။


သူမ၏ ယခင်ဘဝတွင် လူတစ်ယောက်က ကြက်အရှင်များရောင်းရန်ဝယ်ခဲ့သော်လည်း သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များသောကြောင့် အမြတ်က မည်မည်ရရမရှိခဲ့ပေ။ 


အရင်ဆုံးကြက်တွေကိုသတ်… အထားခံအောင်လုပ်ပြီးမှ မြို့တွေဆီ ယူသွားရမလား…


တာရှည်ခံအောင်လုပ်ထားသည့် ကြက်သားအရသာက အလွန် မကောင်းလောက်သော်လည်း လက်ရှိကာလမှ လူများက ကြေးမများကြပေ။


သို့သော် အသေးစိတ်လုပ်ဆောင်ချက်များကိုမူ သေချာစဉ်းစားရန်လို၏။ ထို့အပြင် သူမပိုင်ဆိုင်သည့် အကန့်အသတ်ရှိသောငွေနှင့် လုပ်နိုင်လောက်မည်မဟုတ်ပေ။


သူမက ပညာရေးမရှိသလို အဆက်အသွယ်များလည်း မရှိပေ။ လက်ရှိခေတ်၌ ပိုက်ဆံများစွာရအောင် မည်သို့ရှာရမည် မသိပေ။ သို့သော် အာရုံစိုက်ပြီး သေချာစုံစမ်းလေ့လာပါက ဤအချိန် ၌ပိုက်ဆံအချို့ရှာရန်မှာ အတော်လေးရိုးရှင်းနေဆဲဖြစ်သည်။


ကျန်းလီယွင်က သူမ‌စိတ်ထဲတွင် တွေးစရာရှိလာသဖြင့် ဖြည်းဖြည်းချင်းသာ စားနေလိုက်သည်။


ဖုန်းရီက ၎င်းကို သတိပြုမိသွားကာ ကျန်းလီယွင်မစားနိုင်မီတွင် အခြားသူများ စားကုန်သွားမည်စိုးသဖြင့် သူမအတွက် ဟင်းအနည်းငယ် ထည့်ပေးလိုက်သည်။


အချိန်တိုလေးအတွင်းမှာပင် ကျန်းလီယွင်၏ပန်းကန်က အသားအနည်းငယ်၊ ဖက်ထုပ်နှစ်ခုတို့ဖြင့် ပြည့်သွားသည်။


သူမက ရုတ်တရက် သတိပြန်ဝင်လာကာ ဖုန်းရီကိုပြောလိုက်သည်။

“နင်လည်း စားသင့်တယ် ငါ့ကိုပဲ အာရုံစိုက်မနေနဲ့…”


ထို့နောက် ဖုန်းရီက လိမ်မာစွာပြန်စားလိုက်သည်။


စားသောက်ပြီးသောအခါ ကျန်းလီယွင်က အိမ်ရှေ့သွားပြီး သူမတည်ထားသော ရေပူဖြင့် မျက်နှာသစ်၊ ခြေလက်ဆေးလိုက်သည်။


ဤအချိန်တွင် သူမက ကြက်စာလှည်းဆွဲလာသည့် ဖုန်းလောင်ထို၊ ကျိုးချောင်ရှားတို့နှင့် ဆုံသွားသည်။


ကျိုးချောင်ရှားက ကျန်းလီယွင်ကိုလှမ်းကြည့်ပြီးမှ ဖုန်းလောင်ထိုကို ပြောလာ၏။

“လောင်ထို ရှင် နေ့တိုင်း ဈေးကိုစောစောသွားပြီး ဆိုင်ဖွင့်ရတာပင်ပန်းမှာပဲ… အခုကစပြီး ကျွန်မတို့ ကြက်မွေးကြမယ် လူတွေရဲ့အဆက်အဆံတွေကို ရင်ဆိုင်ရမယ့် ဆိုင်ဖွင့်စရာမလိုတော့ဘူး…”


ထိုသို့ပြောပြီးနောက် သူမက ကျန်းလီယွင်ကိုကြည့်ကာဆက်ပြောသည်။

“လီယွင် နင်တို့မိသားစုက ဆိုင်ဖွင့်ပြီး တစ်နေ့မှဆယ်ယွမ်လောက်ပဲရတာ… နင်ရော ကြက်မမွေးချင်ဘူးလား… ဒါပေမယ့် အခုဆို ကြက်ဝယ်ဖို့က မလွယ်တော့ဘူးဆိုတော့ နင်ဝယ်လို့မရလောက်ဘူး…”


ကျိုးချောင်ရှားက ကြက်အများကြီးဝယ်နိုင်သည့်အဆက်အသွယ်ရှိသည့်အတွက် ဂုဏ်ယူနေသည့်ပုံပင်။


‌ကြက်မွေးခြင်းက မလွယ်သော်လည်း မနက်စောစောထကာ ဆိုင်ဖွင့်ရသည်နှင့်ယှဉ်ပါက ပိုကောင်းသည်။ အဓိကအချက်မှာ ပိုက်ဆံပိုရခြင်းဖြစ်သည်။


ကျန်းလီယွင် "..." 

ကျိုးချောင်ရှားရဲ့ပုံစံက… ငါ့ရှေ့မှာ တမင်လာကြွားပြနေတာလား…


သို့သော် သူမက နည်းနည်းလေးပင် မနာလိုမဖြစ်ပေ။


ဖုန်းမိသားစုက ကြက်အကောင်နှစ်ရာကျော် ဝယ်ခဲ့သည်ဟုကြား၏။ အဆုံးတွင် သူတို့က ယွမ်သုံး၊ လေးရာခန့်ရှုံးကြမည်ပင်။


ကျန်းလီယွင်က သူမအခန်းထဲတွင်တစ်ရေးပြန်အိပ်လိုက်သည်။ ထိုအချိန်တွင် အုတ်နှင့်ကြွေပြားစက်ရုံ၏ မြို့ကိုအုတ်သယ်သွားသောလှေ ပြန်ရောက်လာသည်။


ကျန်းလီဟိုင်က ကြိုးဆွဲလှေပေါ်တွင်ရပ်ပြီး အဝေးမှစက်ရုံကိုလှမ်းကြည့်ကာ အလွန်ရှုပ်ထွေးစွာ ခံစားနေရ၏။


သူသွားသည်က ငါးရက်သာကြာသော်လည်း အမှန်ပင်အတွေ့အကြုံများစွာ ရခဲ့လေသည်။ ဤအချိန်တွင် သူ့စိတ်နေစိတ်ထားက မသွားမီကနှင့် လုံးဝမတူတော့ပေ။


မြို့ကြီးက အမှန်ပင် စည်ကားလှသည်။ ထိုနေရာမှသူများနှင့် ပြောဆိုရင်း မြို့ကြီးမှစက်ရုံများတွင် သာမာန်အမျိုးသမီးအလုပ်သမားတစ်ယောက်က တစ်လလျှင်ယွမ်၃၀၀ထက်မနည်း ရကြောင်းသိလိုက်ရလေသည်။


နိုင်ငံခြားကုမ္ပဏီများမှ ဝန်ထမ်းများ‌ဆိုလျှင် တစ်လလျှင်ယွမ်တစ်ထောင်ကျော်ရကြောင်းကိုလည်း သိလိုက်ရသည်။


ထိုနေရာမှသူများက တောက်ပစွာဝတ်စားကြကာ သူနှင့်ယှဉ်လိုက်ပါက လုံးဝကိုကွဲပြားသည့်လောကကြီးတစ်ခုလိုပင်။


သူတို့က သူ့အပေါ် အထင်သေးကာ အလေးအနက်မရှိကြပေ။


သူက ဈေးပေါပေါဖြင့် ဂျုံမှုန့်များဝယ်နိုင်ရန်အတွက် ကြက်ဥအချို့ ပြင်ဆင်လာခဲ့သော်လည်း ထိုလူများ၏အကြည့်ကို မြင်သောအခါ တုံ့ဆိုင်းသွားသည်။


သူက ဂျုံမှုန့်မဝယ်ဘဲ လက်လျှော့ချင်လာသည်။


ကံကောင်းစွာဖြင့် စွင်းကျင်ရှန်းက သူ့ကိုခေါ်ကာ လက်မှတ်များဖြင့်လဲရန် ကမ်းပေါ်သို့တက်ခဲ့လေသည်။


အစပိုင်းတွင် တုံ့ဆိုင်းနေသော်လည်း တစ်ကြိမ်နှစ်ကြိမ်ခန့် လုပ်ပြီးသောအခါ ဖြည်းဖြည်းချင်း စိတ်အေးသွားသည်။


သူတို့က စားသောက်ကုန်များဝယ်လိုသည့် ပင်စင်စားအဖွားအိုအချို့နှင့် လက်မှတ်လဲလှယ်ကြသည်။ အချို့ကမျက်နှာထားဆိုးသော်ငြား စားစရာဝယ်ရန် လိုချင်ကြ၏။


အချို့အဖွားအိုများက စိတ်ကောင်းရှိသော်လည်း အပြင်လူဟူသည့်စကားလုံးကို ထပ်ခါတလဲလဲသုံးကာ သူတို့အပေါ်အထင်သေးသည့်အဖွားအိုအချို့လည်း ရှိသည်။


ကျန်းလီဟိုင်က ဒေါသထွက်သော်လည်း ထိုလူများက သူ့ကိုတကယ်မသိသလို သူ ဤနေရာတွင် အရှက်ရပါကလည်း မွေးရပ်မှသူများမသိနိုင်သဖြင့် သူကမျက်နှာပြောင်တိုက်ကာ ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။


အဆုံးတွင် သူက ဂျုံမှုန့်ကီလိုတစ်ရာနှင့် ဆန်ကီလို နှစ်ရာ ဝယ်ခဲ့၏။


သူက စွင်းကျင်ရှန်းနောက်မှလိုက်ကာ ဈေးပေါပြီး အသားမျိုးစုံရောနေသော ဝက်သားများစွာကိုလည်း ဝယ်ခဲ့သည်။

 

သူက အခြား ဘာမှမဝယ်ခဲ့ပေ။ သူတို့မြို့ပေါ်တွင် ရှိချိန်ကအလွန်တိုတောင်းရာ သူ့ဆီ၌ အခြားအရာများဝယ်ရန် အချိန်မရှိတော့ပေ။


“နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့…”

ဆေးကြောသန့်စင်ကာ အဝတ်အစားလဲပြီးနောက် စွင်းကျင်ရှန်းက သက်ပြင်းချလိုက်သည်။


ကျန်းလီဟိုင်သည်လည်း အဝတ်သန့်များ လဲလိုက်သော်ငြား အသံတိတ်နေဆဲဖြစ်သည်။


ရုတ်ချည်းပင် သူ့ရင်ထဲ၌ ကွဲပြားသည့်ခံစားချက်တစ်ခု ဆို့နင့်လာသည်။


သူက လက်ထပ်တော့မည်ဖြစ်ကာ အနာဂတ်တွင် ကလေးရှိလာလိမ့်မည်။


ငါသာ ပိုက်ဆံအပိုမရှာနိုင်ရင် အနာဂတ်မှာ ငါ့သားမြို့ပေါ်သွားရင် အထင်သေးခံရမှာလား…


မြို့ထဲတွင် သူ မဝင်ရဲသည့်ဆိုင်အချို့ ရှိခဲ့သည်။

ငါ့ကလေးရော မဝင်ရဲဖြစ်နေမှာလား…


သူ ထိုသို့မဖြစ်ချင်ပေ။


သယ်ယူပို့ဆောင်ရေးအဖွဲ့မှ သူများက ခရီးထွက်ပြီးပြန်ရောက်လာသောအခါ တစ်ရက်နားခွင့်ရှိ၏။


ကျန်းလီဟိုင်က လူတစ်ယောက်ထံမှ ထမ်းပိုးငှားလိုက်ပြီး သူဝယ်လာသောအရာများကိုသယ်ကာ အိမ်သို့ပြန်သွားသည်။


သူ ဝယ်လာသောဆန်က အတော်လေးဈေးသက်သာပြီး ဤနေရာတွင်ပြန်ရောင်းကာ တစ်ပေါင်လျှင် ငါးဆင့်ရပါက ပေါင်တစ်ရာလျှင် ငါးယွမ်၊ ပေါင်နှစ်ရာလျှင် ဆယ်ယွမ်ဖြစ်ကြောင်း တွက်ချက်လိုက်သည်။


ဆန်လက်မှတ်များကို ကြက်ဥများဖြင့်လဲလှယ်ခဲ့သဖြင့်ကုန်ကျစရိတ်ရှိပေသည်။ ထို့ကြောင့် သေချာတွက်ကြည့်လိုက်သောအခါ ဆန်ပေါင်နှစ်ရာရောင်းရပါက ခုနှစ်ယွမ်ရလိမ့်မည်။


သူ ခရီးတစ်ခေါက်ထွက်တိုင်း ၇ယွမ်ရပါက တစ်လလျှင်ယွမ်၂၀-၃၀လောက် ရှာနိုင်ပေမည်။


လွန်ခဲ့သည့် ၂နှစ်က ကျန်းလီဖျင်တစ်ယောက် ကလေးထိန်းလုပ်ခဲ့ကာ သူမအတွက် နေစားငြိမ်းဖြစ်သဖြင့် သူတို့ပေးသောလစာက တစ်လလျှင် ယွမ် ၂၀ သို့မဟုတ် ၃၀လောက်သာ ရှိသည်။


ကျန်းလီဟိုင် အိမ်ပြန်လာသောအခါ ရွာမှသူ့ကိုပေးထားသည့်မြေနေရာကို ဖြတ်သွားရသည်။


ထို့နောက် ထိုမြေနေရာ၌ ဆောက်လုပ်ရေးစလုပ်နေသည်ကို သူမြင်သွားလေသည်။


အုတ်မြစ်အတွက် မြေတူးပြီးပြီဖြစ်ကာ ဖုန်းရီက အုတ်စီနေပြီး ကျန်းအာ့ရှုကမူ ဖုန်းရီကို အုတ်ကမ်းပေးနေ၏။


ကျန်းလီဟိုင်က အံ့ဩသွားကာ သူ့မျက်လုံးထဲတွင်အနည်းငယ်နွေးထွေးလာသည်။


ဖုန်းရီက အမှန်တကယ်ပင် ညီအစ်ကိုကောင်းပီသပြီး သူ့ကိုအိမ်ကူဆောက်ပေးနေ၏။


ပြီးတော့ ကျန်းအာ့ရှု....


ကျန်းလီဟိုင်က ကျန်းအာ့ရှုကို လုံးဝသဘောမကျခဲ့ပေ။အကြောင်းမှာ သူက ကျန်းလီဟိုင်ကို တွေ့သောအချိန်တိုင်း၌ ဆုံးမစကားပြောတတ်သောကြောင့် ဖြစ်သည်။


၎င်းကလည်း အမြဲတစ်ပုံစံတည်းပင်။ သူ့မိဘများ၊ ညီမများကို ကောင်းကောင်းဂရုစိုက်ပြီး အလုပ်ကြိုးစားရန်၊ လိမ်မာရန်၊ ဇနီးရှာရန် စသည်တို့သာ ဖြစ်သည်။


သူ ကျန်းအာ့ရှု၏မျက်လုံးထဲတွင် သူက အမြဲမပြည့်စုံနေပေ။


ဘယ်သူက ဆုံးမခံရတာကြိုက်မှာလဲ…


ကျန်းလီဟိုင်က ကျန်းအာ့ရှုကိုမြင်တိုင်း ရှောင်ပုန်းလေ့ရှိသည်။


ထို့အပြင် ကျန်းလီဟိုင်ကအကြီးဆုံးဖြစ်ရာ သူ့အဖိုးအဖွားများ၏ ပိုင်ဆိုင်မှုအများစုကို ကျန်းအာ့ရှုကိုသာ ပေးသွားကြောင်း သိနေ၏။


ဤကဲ့သို့ အခြေအနေမျိုးတွင် ကျန်းအာ့ရှုက သူတို့အိမ်သို့လာပြီး သူနှင့်သူ့အဖေကိုအလုပ်ကောင်းကောင်းမလုပ်နိုင်ဟု လာဆုံးမနေသေးသည်။


သူက အမြဲပင် ကျန်းအာ့ရှု၏မိသားစုအပေါ် အမြင်တစ်မျိုးရှိခဲ့၏။


မမျှော်လင့်ထားစွာဖြင့် ကျန်းအာ့ရှုက သူ့ကိုအိမ်ဆောက်ရန်ကူပေးနေ၏။ ကျန်းလီဟိုင်က ရင်ထဲထိသွားသည်။


ဤအချိန်တွင် ကျန်းအာ့ရှုကလည်း ကျန်းလီဟိုင်ကိုမြင်သွားသည်။

“လီဟိုင် ပြန်ရောက်လာပြီလား… မင်း ပြန်လာပြီဆိုမှတော့ အိမ်ဆောက်တာကို ဂရုလာစိုက်တော့ စက်ရုံထဲမှာပဲပုန်းနေပြီး အရင်လိုအိမ်ပြန်မလာတာမျိုး လုပ်လို့မရဘူး… မင်းက အိမ်မှာအကြီးဆုံးလေ… လယ်အလုပ်တွေပိုလုပ်သင့်တယ်…”


“မင်းက မငယ်တော့ဘူး… တာဝန်မဲ့သလိုမပြုမူနဲ့ အိမ်နဲ့ဆွေမျိုးတွေကြားက ကိစ္စမျိုးစုံကို လေ့လာသင့်နေပြီ… မင်းအဖေက မလုပ်နိုင်တော့ဘူး သူ့လိုမဖြစ်စေနဲ့… အခုချိန်မှာအိမ်ဆောက်တာကို ငါကူကြည့်ထားပေးလို့ရပေမယ့် နောင်ဆိုဘယ်လိုလုပ်မှာလဲ…”


ကျန်းအာ့ရှုက ပြောပြီးရင်းဆက်ပြောလာ၏။


ကျန်းအာ့ရှုပြောသည့် တချို့တလေက တကယ်မှန်၏။သို့သော် ဤသို့ဝေဖန်ဆုံးမခံနေရခြင်းက ကျန်းလီဟိုင်ကိုနေရခက်လာစေပြီး ကျန်းအာ့ရှုအပေါ် ကျေးဇူးတင်မိသည်များလည်း ပျောက်ကွယ်လုမတတ်ဖြစ်သွားသည်။


ဤအချိန်တွင် ဖုန်းရီက ကျန်းအာ့ရှုအား ရေနွေးခွက်လှမ်းပေးလာ၏။

“ဦးလေး ရေနွေးသောက်ပါဦး…”


ကျန်းအာ့ရှုက ခွက်ကိုယူကာ ဖုန်းရီကိုပြောလိုက်သည်။

“ဖုန်းရီ မင်းကအသိတတ်ဆုံးပဲ…”


ဤကြားကာလများတွင် ကျန်းအာ့ရှုက ဖုန်းရီနှင့်စကားပြောခဲ့ကြပြီး အချိန်တိုင်းတွင် ဖုန်းရီက သေချာနားထောင်တတ်ကာ သိသိသာသာကို နားမထောင်ချင်နေသည့် ကျန်းလီဟိုင်နှင့်မတူပေ။


ကျန်းလီဟိုင်: ငါ့... ငါ့ရဲ့ဒုတိယဦးလေးက တကယ်ပဲ လူတစ်ယောက်ကို ချီးကျူးလိုက်တာလား…


ကျန်းအာ့ရှု ချီးကျူးသည်ကိုကြားသောအခါ ဖုန်းရီကချက်ချင်းပြုံးပြီး ပြန်ပြောလိုက်သည်။

“အားလုံးက ဦးလေး အသင်အပြကောင်းလို့ပါ…”


ကျန်းအာ့ရှုက ထိုစကားကြောင့် ကျေနပ်သွားပြီး ကျန်းလီဟိုင်ကို လှည့်ကြည့်ကာပြောလာ၏။

“နောက်ဆို မင်းဖုန်းရီဆီက များများလေ့လာသင့်တယ်…”


သူတို့ဆက်ဆံရေးကို အကဲခတ်နေသော ကျန်းလီဟိုင်ကဆွံ့အသွားသည်။


ကျန်းအာ့ရှုနှင့်ဖုန်းရီက အိမ်ဆောက်သည့်ကိစ္စကို ဘေးထားပြီး ကျန်းလီဟိုင်နှင့်အတူ အိမ်သို့လိုက်လာကြသည်။


လမ်းတွင် ကျန်းအာ့ရှုက ကျန်းလီဟိုင်၏မြို့ပေါ်မှအတွေ့အကြုံများအကြောင်း မေးမြန်းလေသည်။


ကျန်းလီဟိုင်က ကိစ္စအချို့ကို အတိုချုပ်ရှင်းပြလိုက်ပြီး ဆန်လက်မှတ်လဲသည့်ကိစ္စကို ချန်ထားလိုက်သည်။ သူက မြို့မှဆန်နှင့်ဂျုံများကို ဈေးပေါပေါနှင့်ဝယ်ခဲ့သည်ဟုသာပြောပြလိုက်သည်။


ကျန်းအာ့ရှုက သူလည်းမြို့ကြီးအကြောင်းမသိသဖြင့် အသေးစိတ်ထပ်မမေးလာပေ။

“မင်း အလုပ်ကြိုးစားပြီး သယ်ယူပို့ဆောင်ရေးအဖွဲ့မှာဝီရိယရှိတဲ့အကြောင်း လုပ်ပြသင့်တယ်… ပိုပြီးကြိုးစားစမ်းပါကွ…”


ကျန်းလီဟိုင်က ကျန်းအာ့ရှုနောက်တွင် မျက်ဆံလှန်လိုက်မိသည်။

ငါ့ဦးလေးကတော့ အမြဲတမ်းတစ်ပုံစံတည်းတူနေတဲ့အကြံချည်း ပေးနေတော့တာပဲ…


သူတို့အိမ်ရောက်လာသောအခါ ကျန်းလီယွင်က တစ်ရေးအိပ်ရာမှနိုးလာပြီး လက်ဖက်ကြက်ဥများ စပြုတ်နေပြီဖြစ်သည်။


လက်ဖက်ကြက်ဥများက ကောင်းကောင်းရောင်းရသဖြင့် သူမက နေ့တိုင်းတစ်ဒါဇင်ခန့် ပြုတ်လေ့ရှိသည်။ ရောင်းရခြင်းမှာ ချက်ပြုတ်ရန်ပျင်းလွန်းပြီး လက်ဖက်ကြက်ဥများကိုသာ နေ့လယ်စာအဖြစ် အလွယ်စားတတ်သည့်သူအများစုကြောင့်ပင်။


ကျန်းလီဟိုင် ပြန်ရောက်လာသည်ကိုမြင်သောအခါ သူမကမြို့ပေါ်မှအကြောင်းများကို မေးမြန်းလိုက်သည်။



🏡🏡🏡