Chapter 34
Viewers 5k

🏡 Chapter 34

အမွေးဖြူကြက်



အိမ်ဆောက်ပြီးသွားသောအခါ အဖေကျန်းတို့လင်မယားအပြင် ကျန်းလီဟိုင်ကပါ ဖုန်းရီအပေါ် အကြွေးတစ်ခုတင်သွားလိမ့်မည်။


“ကျွန်တော် လုပ်ချင်ပါတယ်…”

ဖုန်းရီက ပြန်ဖြေ၏။ သူက ကျန်းလီဟိုင်အိမ်ကိုကောင်းကောင်းဆောက်ကြည့်ချင်သည်။ ထိုမှသာ သူ့အလှည့်ရောက်ပါက ထိုထက်ပိုကောင်းသောအိမ်ကိုဆောက်နိုင်မည်ဖြစ်သည်။


လက်ရှိတွင် ကျေးလက်ဘက်၌ အိမ်ဆောက်သောအခါ ပန်းရန်သမားများက အမှန်တကယ်ကို ကျွမ်းကျင်သူများသာဖြစ်သည်။ သူတို့က အုတ်စီခြင်း၊ မည်သို့ အခြေတူးရမည်၊ ဘိ‌လပ်မြေက မည်မျှရောရမည် စသည်နှင့် ဆောက်လုပ်ရေးအတွင်းတွင် စိန်ခေါ်မှုများသည့် အချို့အလုပ်များကို လုပ်ရလေသည်။


ယျေဘုယျအားဖြင့် အိမ်တစ်အိမ်ဆောက်ရန်အတွက် ပန်းရံသမားတစ်ယောက်က လုံလောက်ပြီဖြစ်သည်။


သို့သော် ဆောက်လုပ်ရေးလုပ်နေချိန်အတွင်းတွင် အခြားသူများဆီမှ အကူအညီလည်းလို၏။ ပုံမှန်အားဖြင့်သူငယ်ချင်း၊ မိသားစုများအား ကူညီပေးရန်ခေါ်ကြကာ သူတို့မအားပါက အလုပ်ကြမ်းသမားများကို ပိုက်ဆံပေးပြီးငှားနိုင်သည်။


အတိုချုပ်ပြောရလျှင် လက်ရှိကာလ၌အိမ်ဆောက်ရသည်က မခက်ခဲပေ။ သို့သော် ၁၉၉၅ခုနှစ်နောက်ပိုင်း၌ အိမ်ဆောက်ခြင်းက ပိုပိုဆန်းပြားရှုပ်ထွေးလာပြီး ပန်းရန်သမားတစ်ယောက်တည်းနှင့် လုပ်နိုင်သောအရာ မဟုတ်တော့ပေ။


ဖုန်းရီက နေ့လယ်၌အားနေသည်ကို အခွင့်ကောင်းယူကာ ပန်းရန်သမားတစ်ယောက်ငှားလိုက်ပြီး စတင်အလုပ်များတော့သည်။


ဤအချိန်တွင် အဖေကျန်းတို့လင်မယားက ဖုန်းရီက အဖက်ဖက်၌တော်သည်ဟု ခံစားမိလာကြ၏။ ဘေးအိမ်မှကျန်းအာ့ရှုကပင် ညစာစားပြီးနောက် ရောက်လာပြီး ကျန်းလီယွင်ကို ပြောလာသည်။

“လီယွင် နင့်အမြင်က နင့်အစ်မထက်တော့သာတယ်ဟ…”


ကျန်းလီယွင်က ချက်ချင်းပင် ကျန်းအာ့ရှုပြောသည်များအား ဖုန်းရီကို အသေးစိတ်ပြန်ပြောပြလိုက်သည်။


ထို့နောက်တွင် ဖုန်းရီက ကျန်းအာ့ရှုကိုမြင်တိုင်း ပြုံးပြီးဦးလေးဟုခေါ်လေ့ရှိရာ ကျန်းအာ့ရှုက သူ့အပေါ်ပို၍ပင် သဘောကျလာခဲ့သည်။


အိမ်ဆောက်ရာ၌ ပထမဆုံးလုပ်ရမည်မှာ အုတ်မြစ်ချရန်မြေတူးခြင်းဖြစ်သည်။ အုတ်မြစ်ချပြီးသည်နှင့် နံရံများဆောက်ရန်သာလို၏။


လက်ရှိကာလမှ အိမ်များက ရိုးရှင်းကာသေးငယ်၏။ ကျန်းလီယွင် တစ်ချက်လောက်သာကြည့်လိုက်ပြီး ဂရုမစိုက်တော့ပေ။ ကျန်းလီဟိုင်က ထိုအိမ်တွင် နှစ်တစ်ဒါဇင်ခန့်သာ နေမည်ဟု သူမ ခန့်မှန်းလိုက်သည်။


ကျေးလက်ဘက်မှသူများက အိမ်ဆောက်ရသည်ကို အမှန်တကယ်သဘောကျကြကာ နောက်ပိုင်းနှစ်များတွင် ကိစ္စများက လျင်မြန်စွာပြောင်းလဲသွားသည်။


၁၉၈၀တွင် သူတို့ရွာထဲမှ အိမ်ဆောက်ခဲ့သောသူများက ၁၉၈၀အလယ်မှ နှောင်းပိုင်းကာလသို့ ရောက်သောအခါ သူတို့အိမ်များကိုဖြိုပြီး ပြန်ဆောက်လာကြ၏။


မိသားစုများစွာက သူတို့စုဆောင်းထားသမျှပိုက်ဆံအားလုံးကို အိမ်ဆောက်ရာတွင်သာ အသုံးပြုလိုက်ကြသည်။


သို့သော် လူတိုင်းလုပ်နေခြင်းဖြစ်သဖြင့် သူမတွင် ဝင်တားစရာအကြောင်းမရှ်ိပေ။ ထို့အပြင် သူတို့အိမ်ကလည်း တကယ်ကိုကျဉ်းနေခြင်းဖြစ်သည်။


သူမက ဖုန်းရီအတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။ ဆိုင်ဖွင့်ရသည့်အပြင် အိမ်ဆောက်ရာတွင်လည်းဝင်လုပ်ပေးရသေးသည်။ သူက အလုပ်များစွာလုပ်ရသဖြင့် အတော်လေးပင်ပန်းနေလိမ့်မည်။


တစ်နေ့တွင် သူမက ဖက်ထုပ်ကြော်ရောင်းပြီးနောက် ထုံးစံအတိုင်းပင် စာဖတ်ခန်းသို့သွားကာ သတင်းစာသွားဖတ်လိုက်သည်။


စာဖတ်ခန်းထဲတွင် သတင်းစာများကို နာရီဝက်လောက်လှန်လှောကြည့်ပြီးနောက် ဆိုင်သို့ပြန်လာပြီးသိမ်းဆည်းကာ အိမ်ပြန်လိုက်သည်။


သူတို့က ဆယ်နာရီခန့်တွင် အိမ်ပြန်ရောက်လာ၏။


အိမ်သို့ပြန်ရောက်သောအခါ ကျန်းလီယွင်က ဦးလေးကျန်း(ကျန်းအာ့ရှု)ကိုတွေ့သွားသည်။


ကျေးလက်ဘက်တွင် ဤအချိန်၌ လူအများစုက လုပ်စရာမရှိကြပေ။ ဦးလေးကျန်းက သူ့တစ်ဘဝလုံးတွင်လယ်သမားအလုပ်သာ လုပ်ခဲ့၏။ ယခုဆိုလျှင် သူ၏သားနှစ်ယောက်လုံးက အိမ်ထောင်ကျသွားပြီဖြစ်ကာ ကိုယ်ပိုင်မိသားစုရှိလာကြသဖြင့် ဦးလေးကျန်းက အားချိန်ရှိလာသည်။ ဘာမှလုပ်စရာမရှိသဖြင့် သူက ကျန်းလီဟိုင်၏အိမ်အသစ်သို့ နေ့တိုင်းသွားပြီး ဆောက်လုပ်ရေးအခြေအနေကိုစစ်ဆေးလေ့ရှိသည်။ အကူအညီလိုပါကလည်း သူကဝမ်းပန်းတသာကူညီပေးတတ်သည်။


“ဦးလေး…”

ကျန်းလီယွင်က ဦးလေးကျန်းအားပြုံးကာ နှုတ်ဆက်လိုက်သည်။


“လီယွင် မြို့ကပြန်လာပြီလား…”

ဦးလေးကျန်းက ပြုံးပြလာသည်။

“ဒီနေ့စီးပွားရေး ဘယ်လိုနေလဲ…”


“ကောင်းပါတယ်…”

ကျန်းလီယွင်က ဦးလေးကျန်းနှင့်စကားပြောရင်း ဖုန်းရီအားလှည်းပေါ်မှပစ္စည်းများကို ကူချပေးလိုက်သည်။


မီးဖိုထဲမှမီးသွေးများ မကုန်သေးသဖြင့် ကျန်းလီယွင်ကရေနွေးအိုးကိုယူကာ မီးဖိုပေါ်၌ ရေနွေးတည်လိုက်သည်။


ဤအချိန်တွင် ပန်းရန်သမားငှားခြင်းက ဈေးမကြီးဘဲ နေ့စားခမှာ နှစ်ယွမ်နှင့်ဆင့်ငါးဆယ်သာ ဖြစ်သည်။ သို့သော် ပန်းရန်သမားအတွက် ရေနွေးကြမ်းပြင်ပေးရန်မှာအရေးကြီးသလို နေ့လယ်စာလည်း ပြင်ပေးရလေသည်။


“ဦးလေး ကျွန်မတို့အိမ်မှာ နေ့လယ်စာစားသွားပါလား…”

ကျန်းလီယွင်က ဦးလေးကျန်းကိုဖိတ်လိုက်သည်။


“ကောင်းပြီလေ…”

ဦးလေးကျန်းက လွယ်ကူစွာသဘောတူလိုက်သည်။


ကျန်းလီယွင်ဆိုင်စဖွင့်ကတည်းက ကျန်းမိသားစု၏‌အစားအစာများက ‌တဖြည်းဖြည်းပိုကောင်းလာကာ ဦးလေးကျန်းက သူတို့ဆီ၌စားရသည်ကို အလွန်ပျော်၏။


ဦလေးကျန်းက အဖေကျန်းနှင့်စကားပြောနေချိန်တွင် ကျန်းလီယွင်က ချက်ပြုတ်ရန်ပြင်လိုက်သည်။


သူမက ဝက်သားကိုပါးပါးလှီးပြီး ကြက်သွန်ဖြူနှင့်ကြော်လိုက်ကာ မုန်လာဥနှပ်၊ ဟင်းရွက်ချဉ်နှင့်တို့ဟူးခြောက်ကြော်၊ ကြက်သွန်မိတ်နှင့်ကြက်ဥမွှေကြော်များ လုပ်လိုက်သည်။


နောက်ဆုံးတွင် သူမက ရေနွေးတစ်အိုးတည်ပြီး ဖက်ထုပ်စိမ်းအခု30ပစ်ထည့်ကာ ကျက်ခါနီး၌အရွက်များထည့်ပြီးနောက် အရွက်စုံဖက်ထုပ်ဟင်းချို ဖြစ်သွားသည်။


သူတို့ကွန်မြူနတီ၌ ဖက်ထုပ်ကို အဓိကဟင်းလျာအဖြစ်သတ်မှတ်နိုင်ပြီး ဤဖက်ထုပ်ဟင်းချိုမှာ အမြဲပင်နံပါတ်တစ်ချိတ်သည်။


စားစရာများ အသင့်ဖြစ်သောအခါ ပန်းရန်သမားလည်းရောက်လာ၏။


စားပွဲပေါ်မှ အရသာရှိသည့်စားစရာများကို မြင်သောအခါသူက ပြုံးပြီးပြောလိုက်သည်။

“မင်းတို့မိသားစုက တကယ်ကိုရက်ရောတာပဲ…”


သူ့ ယခင်အလုပ်များ၌ ကြက်သွန်မြိတ်နှင့်ကြက်ဥမွှေကြော်စားရရုံဖြင့်ပင် ကောင်းသည်ဟု သတ်မှတ်နိုင်သော်လည်း ကျန်းမိသားစုက စားစရာတိုင်းတွင် အသားပါနေ၏။


ယနေ့တွင်လည်း ဝက်သားကြော်နှင့်ဖက်ထုပ်ဖြစ်နေရာ သူက ထမင်းနှစ်ပန်းကန်လောက် အသာလေးဝင်၏။


ဖုန်းရီက လူများစွာနှင့်သေချာတိုင်ပင်ပြီးမှ ဤပန်းရန်သမားကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူက လူကောင်းတစ်ယောက်ဖြစ်ကာ ကျန်းအိမ်၌ အစားအစာကောင်းများစားပြီးသည့်နောက် ဝီရိယရှိစွာ အလုပ်လုပ်လေသည်။


ဦးလေးကျန်း၏မျက်နှာတွင်လည်း အပြုံးကြီးတစ်ခု ရှိနေသည်။


ပုံမှန်ဆိုလျှင် သူ့မိသားစုက တစ်ခါမှ ဤသို့မစားရပေ။


သူတို့စစားတော့မည့်အချိန်မှာပင် ကောင်လေးနှင့်ကောင်မလေးနှစ်ယောက်ရောက်လာကာ ဦးလေးကျန်းဆီပြေးဝင်လာ၏။

“ဖိုးဖိုး…”


သူတို့က ဦးလေးကျန်း၏မြေးများ ဖြစ်သည်။ အကြီးတစ်ယောက်က ခြောက်နှစ်ဖြစ်ကာ အငယ်တစ်ယောက်က လေးနှစ်ဖြစ်သည်။ ပြီးခဲ့သည့်ရက်များတွင် သူတို့ကထမင်းစားချိန်တိုင်း၌ ကျန်းအိမ်သို့ရောက်လာပြီး စားရန်နေလေသည်။


ကျန်းလီယွင်က ထိုကလေးများရောက်လာရသည်မှာ သူမ၏ဒုတိယအဒေါ် လုပ်ခိုင်းခြင်းဖြစ်မှန်းသိ၏။ သို့သော်သူမတို့ဆီ၌လာစားသည့်အပေါ် စိတ်ထဲမထားသဖြင့် သူတို့ကို မတားလိုက်ပေ။


စားသောက်‌လိုက်စကားပြောလိုက်ဖြင့် ဦးလေးကျန်းက ဘေးအိမ်မှ ဖုန်းမိသားစုအကြောင်း ပြောပြလာသည်။

“ဖုန်းလောင်ထိုက ကြက်တွေစမွေးနေပြီ… သူ ကြက်တွေအများကြီးပြန်ယူလာပြီး အိမ်ခန်းမထဲထည့်ထားတာကို ငါမြင်လိုက်တယ်…”


ပန်းရန်သမားက ဝင်ပြော၏။

“သူတို့လည်း ကြက်မွေးနေပြီလား အခုတလောမှာ မိသားစုတော်တော်များများက အဲ့လိုလုပ်လာကြတယ်…”


“ကြက်မွေးတာက ပိုက်ဆံရတယ်လေ ပြီးတော့ နှစ်သစ်ကူးကလည်း ရောက်လာတော့မယ် အရင်နှစ်က နှစ်သစ်ကူးပိတ်ရက်အတွင်းမှာ ကြက်ဈေးတွေက မိုးထိထောင်တက်သွားတယ်လေ…”

ဦးလေးကျန်းက ပြန်ဖြေသည်။


“ဟုတ်တယ်…”

ပန်းရန်သမားက ခေါင်းညိတ်ပြသည်။


“ငါ့သားကလည်း ကြက်မွေးချင်နေတာ ဒါပေမယ့် အခုချိန်မှာ ကြက်ဝယ်ဖို့ကခက်တယ်… ပိုက်ဆံအပိုပေးရရုံတင်မကဘူး… တစ်ခါတစ်လေကျရင် ကြက်တွေဝယ်ဖို့က အဆက်အသွယ်ပါမှရတာ…”

ဦးလေးကျန်းက သက်ပြင်းချလိုက်သည်။


ကျန်းလီယွင်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

“ဦးလေး တကယ်လို့လူတိုင်းကကြက်မွေးနေပြီး မရောင်းနိုင်ရင် ဈေးက အလိုလိုထိုးကျသွားမှာပဲ… အဆုံးမှာ အရင်းတောင်မရဘဲ အရှုံးပေါ်သွားနိုင်တယ်…”


ကျန်းလီယွင်က သူမ၏ယခင်ဘဝတွင် ချောင်းထိုရွာမှ လူအများပြားက ကြက်မွေး‌ပြီးပိုက်ဆံများစွာ‌ဆုံးရှုံးသွားသည်ကို မှတ်မိနေ၏။


အမွေးဖြူကြက်က သားဖွားချိန်တိုပြီး အသားများစွာပါ၏။၁၉၈၀ခုနှစ်တွင် အမွေးဖြူကြက်များကို သူတို့နိုင်ငံထဲ၌ စတင်ဖြန့်ဖြူးလာပြီး လျင်မြန်စွာနာမည်ကြီးလာ၏။ အစပိုင်းတွင် ကြက်မွေးသည့်မိသားစုများက ပိုက်ဆံများစွာဝင်ခဲ့သော်လည်း လူတိုင်းကအကျိုးအမြတ်များကိုမြင်သောအခါ အားလုံးက ရေပန်းစားနေသည့်အလုပ်ထဲ ခုန်ဝင်လာကြသည်။


ဤနှစ်ကုန်လောက်၌ ကြက်များစွာမွေးမြူမှုကြောင့် ကြက်ဈေးက ထိုးကျသွားကာ သူတို့က ကြက်များမရောင်းနိုင်တော့ပေ။


လက်ရှိတွင် လူများက အသားကိုတောင့်တနေကြပြီး ဈေးကွက်တစ်ခုလုံးအတွက် မွေးမြူထားသောကြက်ပမာဏမှာ အလွယ်တကူစားသုံးနိုင်၏။


အရေးကြီးသည့်ကိစ္စမှာ...လက်ရှိအချိန်မှ သယ်ယူပို့ဆောင်ရေးမှာ အဆင်မပြေနေခဲ့ပေ။


သူတို့ဒေသ၌ ကြက်ဖြစ်စေ၊ ဘဲနှင့်ဝက်များမွေး‌မြူသည်ဖြစ်စေ မြို့သို့အဓိကပို့ကြပြီး မဟုတ်ပါက ကောင်တီသို့ပို့ကြသည်။ ယေဘုယျအားဖြင့် ဝေးလံသောဒေသများသို့ရောင်းရန်မပို့ဆောင်နိုင်သလို သာမာန်လူများတွင် ထိုသို့သောအဆက်အသွယ်များ မရှိပေ။


ထို့အပြင် ရပ်ဝေးသို့ပို့ရသည်မှာ အကုန်အကျများပြီး ကြက်များက လမ်းတွင်သေသည်မျိုးလည်း ဖြစ်နိုင်၏။


မည်သို့ပင်ဖြစ်စေ ကြက်မွေးမြူရေးသမားများစွာက အရှုံးပေါ်ခဲ့ကြသည်။


အမွေးဖြူကြက်များက ကြီးပြင်းလာသည်နှင့် ချက်ချင်းတန်းမရောင်းနိုင်ရာ ကြက်စာကို တော်တော်လေးများသည့်ပမာဏတစ်ခုထိ လိုအပ်သည်။ ကြက်မွေးမြူရေးသမားများစွာရှိသဖြင့် ကြက်စာဈေးများကလည်း အလွန်မြင့်သည်။


သူမ မှတ်မိနေသေးသည်။ အဆုံးတွင် ကြက်မွေးမြူရေးသမားများစွာက ကြက်များကိုသတ်ကာ ကိုယ့်ဘာသာစားရန်သိမ်းဆည်းလိုက်ရလေသည်။ ကြက်မမွေးထားသည့်မိသားစုများပင် ဈေးပေါသည့်ကြက်အနည်းငယ်ကို ဝယ်ကာ သိမ်းဆည်းကြ၏။


သူမ၏ယခင်ဘဝ၌ ထိုဆောင်းရာသီတွင် ချောင်းထိုရွာမှမိသားစုများက အိမ်၌ကြက်များကိုသိမ်းခဲ့ကြကာ သူမမိသားစုလည်းပါ၏။


ထိုအချိန်ကဆိုလျှင် သူမအိမ်ပြန်လာတိုင်း လည်ပင်းတွင်ကြိုးချည်ထားသည့်ကြက်များအား ရက်မများ၌တွဲလောင်းချည်ထားသည့်ကိုမြင်ခဲ့ရသည်။


ထိုကြက်များမှာ ရက်မပေါ်မှ သူတို့ဘာသာဆွဲကြိုးချထားသလိုဖြစ်နေ၏။


ထိုကြက်များက အတော်လေးအရသာရှိသော်လည်း သူတို့ဒေသမှ စိုထိုင်းဆကြောင့် သူမအမေက ထိုသို့လုပ်ရန်တွန့်ဆုတ်နေခဲ့သည်။ သူတို့စားသောအချိန်တွင် ကြက်သားအရသာက ပြောင်းလဲသွားပြီဖြစ်သည်။


သို့သော် သူတို့က၎င်းနှင့်ပတ်သက်ပြီး ဘာပြသနာမှမတွေ့ခဲ့ကြပေ။


ကျန်းလီယွင်က သူမ၏ယခင်ဘဝတွင် ဒုတိ‌ယဦးလေးမိသားစုက ကြက်ဒါဇင်ကျော်မွေးမြူခဲ့ကာ ဖုန်းအိမ်က တစ်ကောင်မှမမွေးခဲ့မှန်း မှတ်မိသည်။


ယခုတွင် သူမ၏ဒုတိယဦးလေးက ကြက်မမွေးရသေးသော်လည်း ဘေးအိမ်မှဖုန်းမိသားစုကမူ ကြက်စမွေးနေပြီဖြစ်သည်။


“လူတိုင်းက ကြက်သားစားရတာ ကြိုက်တယ်လေ ရောင်းနိုင်လောက်တယ်မဟုတ်ဘူးလား…”

ဦးလေးကျန်းက ပြန်ပြော၏။


ကျန်းလီယွင် :“လူတိုင်းက ကြက်သားကြိုက်ရင်ဝောာင်မှ အဲ့လောက်အများကြီး မစားနိုင်ဘူးလေ… ပြီးတော့ ကြက်ဈေးနဲ့ ကြက်စာဈေးက တိုးလာပြီ ကြက်မွေးတာကအကုန်အကျမသက်သာဘူး…”


ကျေးလက်ဘက်တွင် အကျိုးအမြတ်ရနိုင်သည့်တစ်စုံတစ်ခုတွေ့ပါက လူတိုင်းက အလျင်အမြန်လိုက်လုပ်ကြမည်ဖြစ်သည်။


ရလဒ်အနေဖြင့် ရောင်းလိုအားက ဝယ်လိုအားထက်ကျော်သွားကာ ဈေးကတရှိန်ထိုးကျသွားပြီး ကြက်မွေးသူများက အရှုံးပေါ်သွားစေ၏။


ဤကဲ့သို့အခြေအနေများက တကယ်ကိုအဖြစ်များခဲ့သည်။


၁၉၉၀ခုနှစ်တစ်လျှောက်လုံးတွင် သူမမိဘများက ဤကဲ့သို့‌ဖြစ်နေခဲ့သည်ကို မှတ်မိနေ၏။


ဝက်ဈေးများ မြင့်လာသည်ဟုကြားသည်နှင့် အဖေကျန်းက လူတိုင်းလိုပင် ဝက်ပေါက်များဝယ်မွေးပြီး ဝက်များကြီးလာသောအခါ ဝက်ဈေးများကျသွားပြီ ဖြစ်သည်။


ကျန်းလီယွင်က သူတို့ကိုသတိပေးခဲ့သော်ငြား နောက်တစ်ကြိမ်တွင်လည်း တစ်ပုံစံတည်းထပ်လုပ်ပြန်သည်။


ဥပမာ - ပန်းဂေါ်ဖီများက သူတို့နယ်ဘက်သို့ ပထမဆုံးရောက်လာသောအခါ တစ်စုံတစ်ယောက်က ပန်းဂေါ်ဖီများကိုစိုက်ပျိုးပြီး အမြတ်ရှာနိုင်ခဲ့၏။ ရလဒ်အနေဖြင့် လူတိုင်းက ပန်းဂေါ်ဖီလိုက်စိုက်လာကာ အဖေကျန်းကလည်းမိသားစုလယ်တစ်ခုလုံးကို ပန်းဂေါ်ဖီများစိုက်ခဲ့‌သည်။


အဆုံးတွင် သူတို့က ပန်းဂေါ်ဖီများကို မရောင်းနိုင်ခဲ့ပေ။ ထိုအချိန်ကဆိုလျှင် ကျန်းလီဟိုင်က ပန်းဂေါ်ဖီစားရလွန်းသဖြင့် မျက်နှာပင်စိမ်းမတတ်ဖြစ်သွားပြီး သူမ၏ယခင်ယောက်မကလည်း အဖေကျန်းကို အချိန်အတော်ကြာအောင် ဆူဆဲနေခဲ့သည်။


လူများက ရေပန်းစားရာနောက် လိုက်ချင်ကြ၏။


အမှန်တွင် ဦးလေးကျန်းက အခြားသူများအကြံပေးသည်ကို သဘောမကျပေ။ အထူးသဖြင့် သူ့အောက်အငယ်များမှ ဖြစ်သည်။ သို့သော် ကျန်းလီယွင်က ဆိုင်ဖွင့်ပြီးပိုက်ဆံများစွာရှာနိုင်ခဲ့ရာ အတော်လေးအရည်အချင်းရှိသည်ဟုမှတ်ယူနိုင်သည်။


သူက ကြက်မွေးသင့်၊မသင့် စတင်စဉ်းစားလိုက်သည်။


ကျန်းလီယွင်က ဦးလေးကျန်းကိုအကြံပေးလိုက်သော်လည်း အလွန်တိုက်တွန်းခြင်းမျိုး မလုပ်ပေ။


အချို့လူများကသတိထားတတ်သော်လည်း နားမထောင်လိုသည့်သူများကိုမူ ဘယ်နှစ်ခါပြောပြော အလုပ်ဖြစ်မည် မဟုတ်ပေ။


ဘေးအိမ်မှဖုန်းမိသားစုကမူ...


ကျန်းလီယွင်က ထိုဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး သူတို့က သူမနှင့်ဖုန်းရီ ပိုက်ဆံရှာနိုင်သွားခြင်းကြောင့် ကြက်မွေးချင်သွားခြင်းဖြစ်မည်ဟု သံသယဝင်သွားသည်။


သူမနှင့်ဖုန်းရီက မြို့ထဲတွင်ဆိုင်ဖွင့်ကာ တစ်နေ့လျှင်ယွမ်၂၀ကျော် ရလေသည်။ သို့သော် သူမက ထိုပမာဏကို အခြားသူများအားမပြောပြဘဲ ဆယ်ယွမ်ကျော်သည်ဟုသာပြောပြထားသည်။


ဆယ်ယွမ်ကပင် အတော်လေးများနေပြီဖြစ်ရာ ရွာမှသူများက သူမအပေါ် မနာလိုဖြစ်ကြလေသည်။ အချို့ဆိုလျှင် သူမဆီမှဖက်ထုပ်ကြော်လုပ်နည်းကိုပါ သင်ချင်လာကြသည်။


ဖုန်းမိသားစုလည်း မနာလိုသည်မှာပုံမှန်ပင်။


ဖုန်းရီစက်ရုံမှ အလုပ်ထွက်လာပြီးနောက် ဖုန်းလောင်အာ့ကသူ့နေရာတွင် ဝင်လုပ်ခဲ့သော်လည်း သူအိမ်ကို ပြန်ထောက်ပံ့ပေးသောပိုက်ဆံမှာ ဖုန်းရီပေးနေကျထက်နည်း၏။ ထို့အပြင် ဖုန်းလောင်ထို၏ဒုတိယသားနှင့် ကျိုးချောင်ရှား၏သားတို့က အိမ်ထောင်မကျသေးရာ အနာဂတ်တွင်ကုန်ကျစရိတ်များက ပိုတိုးလာလိမ့်မည်။


ဖုန်းလောင်ထိုနှင့် ကျိုးချောင်ရှားက ကြက်မွေးပြီးပိုက်ဆံရှာချင်သည့်ပုံပင်။


ကံမကောင်းစွာဖြင့် ဤတစ်ခေါက်ကြက်မွေးခြင်းကပိုက်ဆံရမည်မဟုတ်ဘဲ အရှုံးသာပေါ်သွားလိမ့်မည်။


သို့သော် ကျန်းလီယွင်က သူတို့ကိုသွားသတိမပေးလိုက်ပေ။ ထို့အပြင် သူတို့က ကြက်ဝယ်လာပြီးပြီဖြစ်သဖြင့် သူမတစ်ခုခုသွားပြောလျှင် သူတို့အပေါ်မနာလိုဖြစ်သည်ဟုသာထင်နေကြလိမ့်မည်။


နေစမ်းပါဦး…


ရုတ်တရက်ပင် ကျန်းလီယွင်က တစ်စုံတစ်ခုကို တွေးမိသွားသည်။



🏡🏡🏡