Chapter 38
Viewers 5k

🏡 Chapter 38



ဘေးအိမ်မှ "ဖုန်းရှောက်ရှောက်"တွင်မူ ကာတွန်းစာအုပ်များ ရှိသည်။ သူမ၏ အစ်ကိုထံမှ ရထားခြင်းဖြစ်ပြီး သူမက ထိုစာအုပ်များကို အခြားကလေးများကို ပေးမဖတ်ပေ။

[T/N: ဖုန်းရှောက်ရှောက်က ဖုန်းရီရဲ့ အမေတူ အဖေကွဲ ညီမလေးပါ။ ဒီနေရာမှာ သူမကို စာအုပ်တွေ ပေးတဲ့ အစ်ကို ဆိုတာ ဖုန်းဝမ်ပင်း ဖြစ်ပါတယ်။ ]


အခု ငါ့မှာလည်း ကာတွန်းစာအုပ် ရှိလာပြီ... ကောင်းလိုက်တာ...


ကျန်းလီယွီက သူမ၏ ကာတွန်းစာအုပ်လေးကို ဖတ်ရန် မစောင့်နိုင်တော့ပေ။


ကျန်းလီယွင်က ညနေစာကို ပြင်ဆင်နေစဉ်တွင် ဖုန်းရီကို အမွေးဖြူကြက်တစ်ကောင် သွားဝယ်ခိုင်းလိုက်သည်။ ယနေ့ ညစာကို သူမတို့ ကြက်သားစားကြမည်။


“အမေတို့ ထပ်ပြီး ကြက်သားစားမလို့လား...”

အမေကျန်းက ငြင်းဆန်လိုသည်။


“အမေ... သမီး စားချင်လို့ပါ...”

ကျန်းလီယွင်က မရမက ပြောဆိုသည်။


ကျန်းလီယွင် ရှာဖွေထားသော ငွေကြေးများ ဖြစ်သောကြောင့် အမေကျန်းက တားချင်လျှင်ပင် မတားနိုင်ပေ။ သူမ မည်သည်မှ မဆိုဘဲ သက်ပြင်းသာ ချမိသည်။


ယနေ့ နေ့လည်စာကို ကျန်းလီယွင်က တို့ဟူးနှင့် မုန်လာဥကြော်၊ နုပ်နုပ်စဉ်းထားသော အသားများနှင့် ကြက်ဥကြော်၊ ရှဲဖက်ပတ်စ် ဟု ခေါ်သည့် ဆေးဖက်ဝင် အပင်တစ်မျိုးနှင့် ကြော်ထားသော တို့ဟူး၊ အသားနှင့် တို့ဟူး ဟင်းရည်၊ ကျောက်ပိုင် (သေးငယ်၍ အစိမ်းရောင်ရှိသော တရုတ်ဟင်းရွက်တစ်မျိုး)နှင့် ဖက်ထုပ်များကို ပြင်ဆင်ထားသည်။


သူမတို့ စားသောက်ပြီးသောအခါ ကျန်းလီယွင်က ဝယ်လာသော အတွင်းခံများ ခြေအိတ်များကို လျှော်၍လှမ်းသည်။


အမေကျန်းက မြင်သောအခါ လန့်သွားပြီး အတွင်းခံများကို အိမ်အတွင်း၌သာလှမ်းရန် မရမက ပြောဆိုသည်။ 

“ဒီလိုအရာတွေကို အိမ်အပြင်မှာ လှမ်းလို့ မရဘူး...”


ကျန်းလီယွင်က ပြန်ဖြေသည်။

“အထဲမှာက စိုထိုင်းနေတော့ ခြောက်ဖို့ မလွယ်ဘူး...”


တောင်ပိုင်း၏ ရာသီဥတုက စိုစွတ်ပြီး သူမတို့အိမ်က ရွှံ့ဖြင့် နံရံများကို တည်ဆောက်ထားသောကြောင့် အဝတ်များကို အထဲတွင် လှမ်းပါက အဆင်မပြေပေ။


“ဒါပေမယ့် ဒီအရာတွေကို လူမြင်ခံလို့ မဖြစ်ဘူးလေ...”

အမေကျန်းက ပြောလာသည်။


ကျန်းလီယွင် ယခင်က ဤအကြောင်းကို သတိမထားမိပေ။ မော်ဒန်ခေတ်တွင် လူများက ကမ်းခြေတွင် ဘစ်ကနီဝတ်ကြသည်။ 

အပြင်မှာ အဝတ်လေးလှမ်းမိတာ ဘာဖြစ်မှာ မို့လဲ...


အမေကျန်း၏ အမြင်တွင် ကျန်းလီယွင်က အတွင်းခံများကို အခြားအဝတ်များဖြင့် ဖုံးအုပ်၍သာ လှမ်းသင့်သည်။


ထိုအခိုက် ကျန်းလီယွင်က သင့်တော်သော အိမ်တစ်လုံး အမြန်လိုချင်မိသည်။ သူမ အိမ်တွင် သူမ ကြိုက်သည့်နေရာတွင် အဝတ်လှမ်းနိုင်မည်။ အခြားသူများ၏ အမြင်ကို ဂရုစိုက်ရန် မလိုပေ။


အမှန်တွင် ကျေးလက်ဒေသ၌ ရှေးရိုးဆန်သည့် အချိန်ကာလဖြစ်သည်။ သူမ ဘဝတစ်လျှောက်တွင် ရိုင်းပြသော အောက်တန်းကျသော စကားများကို ကြားဖူးသည်။ ထို့အပြင် ရွာထဲမှ မိန်းကလေးတစ်ယောက်မှ ယောက်ျားလေးများစွာနှင့် ချိန်းတွေ့သည့် အကြောင်းများကိုလည်း ကြားမိသည်။


ရွာမှ လူအိုကြီးများ မိန်းမကြီးများက ထိုသို့သော အကြောင်းအရာများကို လွတ်လပ်စွာ တစ်တစ်ခွခွ ပြောလေ့ရှိသည်။ နွေရာသီတွင် မိန်းကလေးများက မြစ်သို့ သွား၍ ရေချိုးရသည်။


လူငယ်မျိုးဆက်များကမူ ရှက်တတ်ကြသည်။ ကျန်းလီယွင်က ယခုအချိန်တွင် ကျေးလက်ထုံးစံများကို လက်ခံရန်သာ တတ်နိုင်သည်။


ကျန်းလီယွင် ထိုကဲ့သို့ အဝတ်လှမ်းပါက အခြားသူများ မမြင်နိုင်သော်လည်း အိမ်သို့ အဝင်အထွက် ပြုလုပ်နေသော ဖုန်းရီကမူ မမြင်ဘဲမနေပေ။


သူ့ ဘောင်းဘီများကို ကျန်းလီယွင်က လျှော်ထားပေးပြီး သူမ အဝတ်ထည်များနှင့်အတူ လှမ်းထားသည်ကို မြင်သောအခါ ဖုန်းရီက ကြက်သေသေပြီး မှင်တက်သွားသည်။


သူ တစ်ခါမှ မဝတ်ရသေးသော အသစ်များ ဖြစ်သော်လည်း မျက်နှာပူလာပြန်သည်။


ဖုန်းရီ၏ မျက်နှာပေးကို မြင်သောအခါ ကျန်းလီယွင်က အသံလွင်လွင်လေးဖြင့် ရယ်ပြန်သည်။


သူမ၏ ယခင်ဘဝတွင် ဖုန်းရီကသာ သူမ အဝတ်အစားများကို လျှော်ဖွတ်ပေးပြီး ထိုစဉ်က ဤမျှ မရှက်ခဲ့ပေ။


ဖုန်းရီ အငယ်စားလေးက အမှန်ပင် အပြစ်ကင်းစင်ပုံရသည်။


ကျန်းလီယွင် ရယ်သည်ကို မြင်သောအခါ ဖုန်းရီက ပို၍ပင် အရှက်သည်းလာသည်။ သူက လှေကားနှင့် ဝါးဖျာကို ယူ၍ အဝတ်လှမ်းထားသော နေရာကို အကာပြုလုပ်ပေးလိုက်သည်။ ထိုနည်းဖြင့် အခြားသူများ ချဉ်းကပ်လာပါကလည်း အဝတ်များကို မြင်ရတော့မည် မဟုတ်ပေ။


ကျန်းလီယွင် “...”


နေ့လည်တွင် ကျန်းလီယွင်က ပုံမှန်နေ့များကဲ့သို့ တစ်ရေးအိပ်သည်။ သူမ နိုးလာသောအခါ အမေကျန်းက ဖုန်းရီကို အိမ်ဆောက်ရန် ပြောနေသည်။


“ဖုန်းရီက ကြက်ကိုင်ပေးပြီး အထဲမှာ ချိတ်ထားပေးတယ်...”

အမေကျန်းက ပြောသည်။


ကျန်းလီယွင် အခန်းထဲသို့ ဝင်သွားသောအခါ ထုတ်တန်းတွင် ချိတ်ဆွဲထားသောကြက်ကို တွေ့လိုက်ရသည်။


ထိုခေတ်က လူများက ပစ္စည်းကို ထုတ်တန်း၌ ချိတ်ဆွဲရသည်ကို သဘောကျကြသည်။


သူမက ထုတ်တန်းမှ ကြက်ကိုယူ၍ အတုံးများ တုံးလိုက်သည်။


တောင်ပံများကို ဖြတ်၍ ရင်အုံကို ပိုင်းလိုက်ပြီး ခြေထောက်များကို ခုတ်ထစ်လိုက်သည်။ ခုတ်ထစ်ပြီးသောအခါ အရသာကောင်းမွန်စေရန် ဆား၊ ဟင်းချက်ဝိုင်၊ ဂျင်းများဖြင့် ကြက်သားကို ပိုမို နူးညံ့၍ မွှေးကြိုင်စေရန် နှပ်ထားလိုက်သည်။


ထို့နောက် ကြက်သားကြော်ရန် မုန့်နှစ်ကို ပြင်ဆင်သည်။


အတိတ်ဘဝတွင် အွန်လိုင်းပေါ်မှ ကြက်သားကြော်နည်းများစွာကို သူမ ပြုလုပ်ကြည့်ဖူးပြီး သူမ စိတ်ကြိုက် ကိုယ်ပိုင်ဟင်းချက်နည်း ရလာခဲ့သည်။


ဂျုံမှုန့်၊ ကော်မှုန့်၊ ကြက်ဥ နှင့် ဆားတို့ကို မုန့်နှစ်ရစေရန် သင့်တော်သော ပမာဏရော၍ သကြားအနည်းငယ် ထည့်သည်။ ထို့နောက် ကြက်သားကြော်ရန် မု့န်နှစ် အဆင်သင့်ဖြစ်လေသည်။


ယခင်ဘဝတွင် သူမက ငရုတ်သီးမှုန့်များပါ ထည့်လေ့ရှိသော်လည်း ယခုအချိန်တွင် ပါဝင်ပစ္စည်းမရနိုင်သောကြောင့် သူမက ချန်ထားလိုက်သည်။


သူမ မိသားစုက ကောင်းသော စားစရာများကို မစားဖူးသောကြောင့် သူတို့၏ အစာအိမ်က အလွတ်ဖြစ်သည်။ ဒယ်ပြားထဲသို့ ကြက်သားကို မုန့်နှစ်လူး၍ ကြော်လိုက်လျှင် အလွန် အရသာရှိပေသည်။ 


ကျန်းလီယွင်က ပဲပိစပ်ဆီ အနည်းငယ်ကို သံဒယ်ပြားထဲသို့ ထည့်၍ ကြက်သားများကို စတင်ကြော်သည်။


ကြက်သားတုံးများ ထည့်ပြီး မကြာမီတွင် ဆွဲဆောင်နေသော အနံ့လေးက ထွက်ပေါ်လာသည်။


ကျန်းလီယွင် ကိုယ်တိုင်ပင် တံတွေး မြိုချလိုက်ရသည်။


သူမ ကူးပြောင်းလာပြီးနောက် သူမတို့ အိမ်၏ စားစရာများကို ပြင်ဆင်ချက်ပြုတ်ပေးခဲ့ပြီး ကြက်ကြော်၏ အနံ့က အလွန် ဆွဲဆောင်နေသည်။


ယနေ့ ခေတ်ကာလတွင် ကြက်ကြော်၏ ညှို့ဓာတ်ပြင်းသော အနံ့ကို မည်သူမှ မခုခံနိုင်ပေ။


အဖေကျန်းနှင့် အမေကျန်းက ကျန်းလီယွင် အိုးထဲသို့ ဆီများစွာ လောင်းထည့်လိုက်သည်ကို မြင်သောအခါ နှမြောတသဖြစ်နေသော်လည်း ကြက်ကြော်၏ ဆွဲမက်ဖွယ် အနံ့လေး လေထဲပျံ့လွင့်လာသောအခါ ထိုအခိုက်အတန့်တွင် သူမတို့ ကြက်သေသေသွားသည်။


သူမတို့က စားစရာများကို ကြော်စားသည်က ရှားသည်။ ဆီ တစ်စက် နှစ်စက်ပါလျှင်ပင် နေ့ဝက်မျှ ပျော်ရွှင်လေ့ရှိသည်။ ယခုတွင် ကျန်းလီယွင်က ကြက်ကြော်နေသည်။


ထိုအချိန်တွင် အဖေကျန်းနှင့် အမေကျန်းတို့က အရသာရှိသော ဟင်းပွဲများကို သွားရည်ယိုနေသည်။


သူမတို့ မူလက ဖက်ထုပ်အိုးကပ်ကြော်ကို အကောင်းဆုံး စားစရာဟု ထင်မှတ်ထားသော်လည်း ယခုတွင်မူ...


ကြက်ကြော်ကို မမြည်းစမ်းရသေးသော်လည်း အရသာရှိမည်ကို စိတ်ကူးကြည့်၍ ရသည်။


“မမ... ဒါ ဘာလဲ...”

ကျန်းလီယွီက တံတွေးမြိုချရင်း မေးသည်။


ကျန်းလီယွင်က ပြန်ဖြေသည်။

“ဒါက ကြက်ကြော်...”


ကျန်းလီယွင် ယခင်ဘဝက ကြက်ကြော်ကို ပထမဆုံး စားဖူးစဉ်က ကြက်သေသေခဲ့မိသော အခိုက်အတန့်များကို သတိရမိသည်။ ကယ်လိုရီများသော စားစရာများက လူများကို ပျော်ရွှင်မှု ယူဆောင်လာပေးသည်။


ယခင်ဘဝတွင် ကျန်းလီယွင်က ကြက်ကြော်စားရသည်ကို ကြိုက်နှစ်သက်ခဲ့ပြီး များစွာ စားသောကြောင့် ဝဝပြည့်ပြည့် ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ဖုန်းရီ ကွယ်လွန်သွားသောအခါ သူမ မည်သည်ကိုမှ စားချင်စိတ်မရှိတော့ပေ။


ထိုအကြော်အလှော်များက တစ်ချိန်က သူမ အကြိုက်ဆုံး ဖြစ်ခဲ့သည်။


“မမ... ဒီ ကြက်ကြော်က အရမ်း မွှေးတာပဲ...”


“အနံ့ပဲ မွှေးတာလား...”

ကျန်းလီယွင်က ပြုံးပြီး ပြောလိုက်သည်။


သူမတို့ စကားပြောနေစဉ်တွင် ကျန်းလီဟိုင်၊ ဖုန်းရီ၊ ဦးလေးကျန်း(ကျန်းအာ့ရှု) နှင့် ပန်းရန်ဆရာက အတူတကွ ရောက်ရှိလာသည်။


ကျန်းလီဟိုင်က ယနေ့တွင် အုတ်စက်ရုံသို့ သွားပြီး အိမ်သို့ လျင်မြန်စွာ ပြန်လာခဲ့သည်။


သူက အိမ်ပြန်ရသည်ကို မကြိုက်သော်လည်း သူ့အိမ်က ယခု ဆောက်လုပ်နေဆဲ ဖြစ်သည်။


သူ မည်မျှပင် ပင်ပန်းနေပါစေ သူ အိမ်ပြန်လာရမည်။


သူ အိမ်အသစ်သို့ ရောက်သောအခါ ပန်းရန်ဆရာနှင့် ဖုန်းရီတို့က အလုပ်လက်စသတ်ပြီး အတူတကွ လမ်းလျှောက်လာသည်။


အိမ်သို့ ပြန်ရောက်သည်နှင့် ဖုန်းရီက အဝတ်လှမ်းထားသော နေရာကို ကြည့်လိုက်ပြီး ကျန်းလီယွင်၏ အဝတ်အစားများကို မမြင်ရသည် သေချာမှသာ သူ စိတ်သက်သာရာရသွားသည်။


အခြားသူများကမူ အခြားအရာကိုသာ စိတ်ဝင်စားနေသည်။ ကျန်းလီဟိုင်က မနေနိုင်ဘဲ ဖုန်းရီကို မေးလိုက်သည်။

“ဒီနေ့ အိမ်မှာဘာကြော်တာလဲ... မွှေးနေတာပဲ...”


ဦးလေးကျန်းနှင့် ပန်းရန်ဆရာတို့၏ အာရုံများက ဖုန်းရီထံသို့ ရောက်ရှိလာပြီး အသက်ပြင်းပြင်းရှုလိုက်ကြသည်။ 


ဒါက သိပ်မွှေးလွန်းတယ်...


ထိုအခါမှ ဖုန်းရီလည်း စိတ်နှင့်လူနှင့် ကပ်ပြီး ပြန်ဖြေသည်။

“ကျွန်တော်လည်း မသိဘူး...”


ကျန်းလီယွင်နှင့်အတူ အင်္ကျီဝယ်ခြင်း ဖြစ်ရပ်ကြောင့် တစ်နေ့လုံး သူ စိတ်မသက်မသာခံစားနေရပြီး သူမနှင့်လည်း စကားမပြောရဲပေ။ ညနေစာအတွက် သူမ မည်သည်ကို ပြင်ဆင်ချက်ပြုတ်သည်ကိုလည်း သူ မသိပေ။


ဒါပေမယ့်... အနံ့က အံ့ဩစရာပဲ ...


သူတို့ အတူတကွ အိမ်ထဲ ဝင်လိုက်သောအခါ ကျန်းလီယွင် ကြော်ထားသော ကြက်သားတုံးများကို တွေ့ရသည်။


“ပြန်လာပြီလား...”

ကျန်းလီယွင်က နှုတ်ဆက်လာသည်။


“ဒီနေ့ တစ်ယောက်ယောက်က ချက်ပြုတ်တဲ့ နည်းလမ်းတစ်ခု သင်ပေးလို့... ကျွန်မ စမ်းလုပ်ထားတယ်... ရောက်လာတာနဲ့ အတော်ပဲ ... မြည်းကြည့်ကြပါဦး...”


ထို့သို့ပြောပြီး ကျန်းလီယွင်က ပန်းရန်ဆရာကို ကြက်ကြော်တစ်တုံး၊ ဦးလေးကျန်းကို ကြက်ကြော်နှစ်တုံး ပေးလိုက်သည်။


“ငါတို့ ဘယ်လို လက်ခံနိုင်ပါ့မလဲ...”

ပန်းရန်ဆရာနှင့် ဦးလေးကျန်းက ငြင်းဆန်လိုက်သည်။ 


ဆီနဲ့ ကြော်ထားတဲ့ စားစရာတွေက ဈေး မသက်သာဘူး မလား...


“ဘာမှ အားနာနေစရာမလိုပါဘူး... မြည်းကြည့်ပါဦး…”

ကျန်းလီယွင်က မရမက ပြောဆိုလိုက်သည်။


ထိုအခါမှသာ ကြက်ကြော်များကို လက်ခံလိုက်ကြသည်။


ပန်းရန်ဆရာက အိမ်သို့ ကြက်ကြော်ကို ယူသွားပြီး သူ၏ ကလေးများနှင့် မျှဝေစားသောက်ရန် ကြံရွယ်လိုက်သည်။ ဦးလေးကျန်းကမူ အိမ်မှ ထွက်သည်နှင့် မြေးများက သူ့ခြေထောက်ကို ဖက်၍ ပြောလာသည်။

“ဖိုးဖိုး... သားတို့ အရသာရှိတာ စားချင်တယ်...”


ဦးလေးကျန်းလည်း ပြုံး၍ ပြောလိုက်သည်။

“ကောင်းပြီ... ကောင်းပြီ... အဖိုး မင်းတို့ကို အရသာရှိတာ ပေးမယ်...”


ထိုအချိန်တွင် ကျန်းလီဟိုင်က မည်သည်မှ မပြောနိုင်တော့ပေ။

“လီယွင်... ငါ့ကိုလည်း တစ်တုံးလောက် ပေးပါဦး...”


ကျန်းလီယွင်က ပန်းကန်လုံးတစ်ခုကို ယူပြီး ကြက်တောင်ပံများနှင့် ကြက်ကြော်တုံးနှစ်တုံးကို ထည့်လိုက်သည်။ 

“ဒါ အစ်ကို့အတွက် ... ဒါ ကုန်ရင်တော့ ကုန်ပြီနော်...”


ကျန်းလီဟိုင်က ပန်းကန်လုံးကို ယူ၍ အထဲမှ အသေးဆုံး ကြက်ကြော်အတုံးလေးကို ယူပြီး တစ်ကိုက် ကိုက်လိုက်သည်။

“အရသာ ရှိလိုက်တာ... ငါ့ ဘဝမှာ ဒီလောက် စားကောင်းတာ တစ်ခါမှ မစားဖူးဘူး...”


ထိုသို့ပြောပြီးနောက် သူက ကျန်နေသေးသည့် ကြက်ကြော်ကို အငမ်းမရ စားသောက်လိုက်ပြီး အရိုးနုများပါ ဝါးစားလိုက်သည်။


ထို့နောက် ကျန်းလီဟိုင်က ပြောလာသည်။

“ငါ အိမ်က ခဏပဲ ထွက်သွားတဲ့ အချိန်အတွင်းမှာ နင်တို့က ညစာတောင် စားနေပြီပေါ့...”


သူက အလျင်စလို ဖြစ်နေသည်ကို မြင်ရသောကြောင့် ကျန်းလီယွင်က ပြုံးလိုက်သည်။


သူမ အစ်ကိုက ယခုလက်ရှိတွင် ဟယ်ချွန်းလင်နှင့် တွဲနေသောကြောင့် သူမအတွက် ကြက်ကြော်ကို သိမ်းထားပေးခြင်းဖြစ်ကြောင်း ပေါ်လွင်စေသည်။ 


ကြက်ကြော်များကို ကျန်းလီဟိုင်ကို ပေးပြီးသောအခါ ကျန်းလီယွင်က ကျန်းလီယွီကို ကြက်ပေါင်နှင့် တောင်ပံများ ထည့်ပေးလိုက်သည်။


ကျန်းလီယွီက ကြက်တောင်ပံများကို နှစ်သက်သည်။


ကျန်နေသော ကြက်ပေါင်နှင့် ကြက်တောင်ပံ၏ အလယ်အဆစ်ကို ဖုန်းရီကို ပေးလိုက်သည်။


သူမအတွက်မူ ကြက်တောင်ပံတစ်ခု၊ တောင်ပံ အလယ်အဆစ်တစ်ခုနှင့် အသားပိုင်းများကို စားလိုက်သည်။


ထို့အပြင် ကြက်သားအနည်းငယ် ကျန်နေသေးသည်။ ထို့ကြောင့် အဖေကျန်းနှင့် အမေကျန်းကို ကျန်ရှိသော ကြက်သားတုံးအားလုံးကို ပေးလိုက်ပြီး ကျန်းလီဟိုင်ကို ကြက်လည်ပင်း ပေးလိုက်သည်။


“အစ်မလီယွင်... ကြက်ပေါင်စားလိုက်ပါ...”

ဖုန်းရီက သူ့ဝေစု ကြက်ပေါင်ကို ကျန်းလီယွင်ကို စားစေချင်သည်။


ကျန်းလီယွင်က ပြောလိုက်သည်။

“ငါ တောင်ပံအဆစ်ကို ပိုကြိုက်လို့... သေးသေးလေးက ပို အရသာရှိတယ်...”


ထိုသို့ ကြားပြီးနောက် ဖုန်းရီက မရမက ပြောဆိုမနေတော့ဘဲ ကြက်ပေါင်ကို ကိုက်လိုက်သည်။


သူက ကျန်းလီဟိုင်ကဲ့သို့ပင် သည်းမခံနိုင်ဘဲ ပြောလိုက်သည်။

“ကျွန်တော့် ဘဝမှာ ဒါက စားလို့အကောင်းဆုံးပဲ...”


“အရင်တစ်ခါက ငါနင့်ကို ဖက်ထုပ်ကြော်ပေးတုန်းကလည်း ဒီလို ပြောခဲ့သလားလို့ပါ...”

ကျန်းလီယွင်က ရယ်လေသည်။


ဖုန်းရီက ပြောလိုက်သည်။

“အဲ့ဒါတွေ အားလုံးက အကောင်းဆုံးပဲ... အစ်မလီယွင် ချက်သမျှက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ...”


ဖုန်းရီ ငယ်စဉ်က တစ်ခါမှ ကြက်ပေါင်မစားခဲ့ရဖူးပေ။


ဖုန်းမိသားစု၏ ဝင်ငွေက အထိုက်အလျောက် ရှိသော်လည်း နေ့ထူးနေ့မြတ်များ၌သာ ကြက်သား စားလေ့ရှိသည်။


သူတို့အိမ်၌ ရံဖန်ရံခါ ကြက်ပေါ်သော်လည်း ဖုန်းမိသားစုဝင်များက များပြားသောကြောင့် ဖုန်းရီက ကြက်ပေါင် မည်သည့်အခါမှ မစားရပေ။ သူက ကြက်သားပင် မစားရပေ။


ဖုန်းမိသားစု၏ ကိစ္စများကို အဖွားကြီးဖုန်း (ဖုန်းလောင်ထို၏ မိခင်) ကိုင်တွယ်ခဲ့စဉ်က တစ်ခါတစ်ရံတွင် ဖုန်းရီကို ကြက်လည်ပင်း ကျွေးလေ့ရှိသော်လည်း နောက်ပိုင်းတွင် ကျိုးချောင်ရှား(အမေဖုန်း)က အိမ်ကိစ္စများကို လက်လွှဲယူပြီး စီမံခန့်ခွဲသောအချိန်မှစ၍ ကြက်လည်ပင်း ပင် မစားရတော့ပေ။


သူ့အတွက် ပထမဆုံးအကြိမ် ကြက်ပေါင် စားဖူးသော အခိုက်အတန့်က လွန်ခဲ့သောလက ကျန်းလီယွင် အုတ်စက်ရုံသို့ လာစဉ်က သူ့အတွက် ယူလာပေးခဲ့ခြင်းဖြစ်သည်။


ထို့နောက်တွင် ကြက်ပေါင် စားရခြင်းက မရပ်တန့်သွားပေ။ ထိုအချိန်မှစ၍ ကြက်ပေါ်သော အကြိမ်တိုင်းတွင် ကြက်ပေါင်များက သူနှင့် ကျန်းလီယွီ အတွက်သာ ဖြစ်သည်။


ကျန်းလီယွင်၏ ပြောပုံအရဆိုလျှင် သူတို့က အငယ်ဆုံး ဖြစ်သောကြောင့် ကြက်ပေါင်များစားရခြင်း ဖြစ်သည်။


ယခု ကျန်းလီယွင်က ကြက်ကြော် ပြုလုပ်သောအခါတွင်လည်း ကြက်ပေါင်ကို သူ ဝေစု ရသေးသည်။


ဖုန်းရီက ဂရုစိုက်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ခံစားရသည်။


ကျန်းလီယွင်က သူ့အပေါ် ကောင်းပေး၍ သူအလွန် ပျော်ရွှင်ရသည်။


ဖုန်းရီက သူ့ဝေစုကို ပျော်ရွှင်စွာ စားသောက်သကဲ့သို့ အခြားသူများကလည်း ထို့အတူပင်။


အဖေကျန်းက ကြက်ကြော်ကို တစ်ကိုက်ကိုက်ပြီး အရသာ ရှိလွန်း၍ မြိုချရန်ပင် နှမြောမိသည်။


အဖေကျန်းက ပုံမှန်အားဖြင့် စကားနည်းသော်လည်း ယခုအခါတွင် မချီးကျူးဘဲ မနေနိုင်ပေ။

“ဒီ ကြက်ကြော်က တကယ် စားကောင်းတာပဲ...”


အမေကျန်းကမူ ကြက်ကြော်ကို ပျော်ရွှင်စွာ စားသောက်သော်လည်း စိုးရိမ်ပူပန်မှုကို မပြောဘဲ မနေနိုင်ပေ။

“ကြက်သားကို ကြော်ရတာ ဆီအရမ်းကုန်တာပဲ...”


ကျန်းလီယွီက များစွာ မတွေးပေ။ သူမက ကျန်းလီယွင်ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်၍ ပြောလိုက်သည်။

“ဒုတိယအစ်မက ဆိုင်ဖွင့်တာ အရမ်းတော်တာပဲ...”


ငါ...အခု နောက်ပိုင်း နေ့တိုင်းကောင်းကောင်းစားရတယ်...


ကျန်းလီယွင်က ပြုံး၍ ကျန်းလီယွီ၏ခေါင်းလေးကို ပွတ်ပေးသည်။


ကြက်ကြော်ကို မြည်းစမ်းပြီးသောအခါ ထမင်းအိုးကို ဖွင့်၍ ထမင်းခူးစားကြသည်။ ထမင်းနှင့် ကြက်ကြော်က အမှန်ပင် အရသာရှိပေသည်။


ကြက်ကြော်ချည်း စားခြင်းက ဗိုက်မပြည့်သောကြောင့် ထမင်းနှင့် တွဲ၍ စားရသည်။


အရသာရှိလှသော ကြက်ကြော်နှင့် စားရသောကြောင့် သူတို့က ထမင်းတစ်ပန်းကန်နှင့် ဗိုက်မဝပေ။ လူတိုင်း ထမင်းထပ်ယူကြသည်။



🏡🏡🏡