Chapter 39
Viewers 5k

🏡 Chapter 39

ပြိုင်ဖက်များ



ကျန်းမိသားစုများက ပျော်ရွှင်စွာ စားသောက်နေချိန်တွင် တစ်ဖက်မှ ဦးလေးကျန်း(ကျန်းအာ့ရှု)တို့အိမ်တွင်လည်း ဦးလေးကျန်း၏ မြေးမလေးနှင့် မြေးလေး နှစ်ယောက်ကလည်း ပျော်ရွှင်စွာဖြင့် စားသောက်နေကြသည်။


ကျန်းလီယွင်က ဦးလေးကျန်းကို ကြက်ကြော်နှစ်တုံး ပေးလိုက်သောကြောင့် သူ့မြေးနှစ်ယောက်ကို ကျွေးလိုက်သည်။


ကလေးနှစ်ယောက်က ကြက်ကြော်စားရင်း မည်မျှ အရသာရှိကြောင်း အော်ဟစ်နေသော်အခါ ဦးလေးကျန်းပါ စားချင်လာမိသည်။ သို့ရာတွင် သူ ကလေးများထံမှ လုမစားနိုင်ပေ။


“ရှင့် အစ်ကိုက သိပ်ကပ်စေးနည်းတာပဲ... ကြက်ကြော်ကို နှစ်တုံးပဲ ပေးလိုက်တယ်... အရိုးတွေက ပါသေး... အသားကဖြင့် သိပ်မပါဘူး...”

အဒေါ်ကျန်းက တတွတ်တွတ်ဖြင့် ရေရွတ်နေသည်။


“သူတို့မှာ ကြက်တစ်ကောင်ပဲ ရှိတာ... ပြီးတော့ သူတို့အိမ်မှာ လူတွေ တအားများတာလေ... လီဟိုင်က သူ့ကောင်မလေးအတွက် ကြက်ကြော်နည်းနည်းလည်း ယူသွားသေးတယ်... မင်းက သူတို့ဆီက ဘယ်လောက်များ မျှော်လင့်နေတာလဲ...”


ထိုစဉ် ကျန်းလီဟိုင်က စက်ဘီးလာငှားပြီး ကြွေခွက်ကို ကိုင်၍ သူ့ကောင်မလေးထံ သွားတော့သည်။


အဒေါ်ကျန်းက ပြောလာသည်။

“ရှင်လည်း နေ့တိုင်း သူတို့အလုပ်ကို ကူညီနေတာပဲ... နောက်ထပ် နှစ်တုံး သုံးတုံးလောက် ထပ်ယူတော့ရော ဘာဖြစ်မှာမို့လဲ...”


“ ငါ သူတို့အိမ်မှာ နေ့လည်စာ စားခဲ့ပြီးပြီ... ငါနဲ့ အတူ ကလေးနှစ်ယောက်ပါ စားလာခဲ့တာ...မင်းက ကလေးတွေကို ဂရုမှမစိုက်ဘဲ... သူတို့က ဟိုဘက်အိမ်ကို ထမင်းစားချိန်တိုင်း ရောက်လာတာ... ဘယ်လောက်တောင်ရှက်ဖို့ ကောင်းလဲ...”

ဦးလေးကျန်းက အနည်းငယ် ဒေါသထွက်ရင်း ပြောလာသည်။


ထိုအချိန်၌ ဦးလေးကျန်း၏ မြေးသားလေးက ဝင်ပြောလေသည်။

“အဘိုး... သားတို့ကို အဖွားက သွားခိုင်းတာပါ...”


ဦးလေးကျန်းက ရုတ်တရက် စိတ်အနှောင့်အယှက် ဖြစ်လာသည်။

“ မင်း ဘာလို့များ သူများဆီက အခွင့်အရေးယူဖို့ပဲ စဉ်းစားနေတာလဲ...”


“ရှင် နေ့တိုင်း သူတို့ကို ကူညီထားတာပဲ... သူတို့က အမြဲတမ်း ကျွန်မတို့ဆီက ပစ္စည်းတွေ လာလာငှားနေတာ... ကျွန်မတို့ ကလေးနှစ်ယောက်ကို သူတို့အိမ်မှာ ထမင်းစားခိုင်းတာ ဘာဖြစ်လဲ...”

အဒေါ်ကျန်းက ပြောလာသည်။


ဦးလေးကျန်းက အဒေါ်ကျန်းကို သဘောထား သေးသိမ်လွန်းသည်ဟု ခံစားလိုက်ရသည်။ အဒေါ်ကျန်းကမူ ဟိုဘက်အိမ်မှ ကျန်းထော့ကျိုးတို့ မိသားစုက သူမတို့ဆီမှ အမြဲ အခွင့်အရေးယူနေသည်ဟု ခံစားရသည်။


ဦးလေးကျန်းတို့အိမ်၌ ရန်ပွဲအသေးစား ဖြစ်နေစဉ် အခြားတစ်ဖက်တွင် ကျန်းလီဟိုင်က ဟယ်မိသားစုသို့ ကြက်ကြော်များကို ယူသွားပေးသည်။


ကြက်ကြော်က လွန်စွာမှ အရသာရှိလွန်းသည်။ သွားရာလမ်းတွင် ကြက်ကြော်ကို သူ့ဘာသာ စား၍ အိမ်ပြန်လိုက်ရမည်လားဟု လီဟိုင်က အကြိမ်ပေါင်းများစွာ တွေးနေမိသည်။


ဘာပဲဖြစ်ဖြစ် ဟယ်ချွန်းလင်မှ မသိဘဲ...


ထိုသို့ တွေဝေပြီးနောက် သူက မစားတော့ဘဲ ဟယ်မိသားစုအိမ်သို့သာ ယူသွားပေးလိုက်သည်။


ဟယ်အိမ်သို့ ရောက်သောအခါ ဟယ်မိသားစုက ညနေစားပြီးပြီ ဖြစ်သောကြောင့် စားပွဲက ရှင်းလင်းနေသည်။ ကျန်းလီဟိုင်က စက်ဘီးကို အပေါက်ဝ၌ ရပ်ထားခဲ့ပြီး ဦးလေးဟယ်ကို မေးလိုက်သည်။

“ဦးလေး... ချွန်းလင် ရှိလား... ကျွန်တော် သူနဲ့ တွေ့ချင်လို့ပါ...”


ကျန်းလီဟိုင်က ယခင်တစ်ကြိမ်က လက်ဆောင်ပစ္စည်းများနှင့် ရောက်လာဖူးသောကြောင့် သူနှင့် ဟယ်ချွန်းလင်၏ ဆက်ဆံရေးမှာ လူသိရှင်ကြား ထုတ်ပြောပြီးသား ဖြစ်လေသည်။


တူညီသော ကွန်မြူနတီအတွင်း၌ နေထိုင်သောကြောင့် ကျန်းမိသားစု အခြေအနေကို ဟယ်မိသားစုက သိထားသည်။ ဦးလေးဟယ်က ကျန်းမိသားစုမှာ အိမ်တစ်လုံး ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိထားပြီးနောက် ကျန်းလီဟိုင်အပေါ် အမြင်များ ပြောင်းလဲလာခဲ့သည်။


ယခင်က ကျန်းလီဟိုင်နှင့် ဟယ်ချွန်းလင် တွဲနေကြသည်ကို ဟယ်မိဘများက မကြည်ဖြူကြသောကြောင့် ကျန်းလီဟိုင်ကို ကောင်းမွန်စွာ မဆက်ဆံကြပေ။ ယခုမူ ကျန်းလီဟိုင်နှင့် ဟယ်ချွန်းလင်တို့က လက်ထပ်ကြတော့မည် ဖြစ်သည်။


ထို့ကြောင့် သူတို့က သားမက်ဖြစ်သူနှင့် လိုက်လျောညီထွေ ဆက်ဆံလာကြသည်။


ဦးလေးဟယ်က ကျန်းလီဟိုင်ကို လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ပြီး ဟယ်ချွန်းလင်ကို ခေါ်ပေးသည်။


ဟယ်ချွန်းလင်က လျင်မြန်စွာ ထွက်လာခဲ့သည်။


ကျန်းလီဟိုင်က ဟယ်မိသားစုအိမ်တွင် လက်ဖက်ရည် မသောက်တော့ဘဲ ချွန်းလင်ကို ခေါ်၍ အနီးနားရှိ လယ်ကွင်းသို့ လမ်းလျှောက်ထွက်ခဲ့သည်။ သူမကို ကြက်ကြော် ပေးပြီးပြောလိုက်သည်။

“ချွန်းလင်... ကိုယ့်ညီမ လုပ်ထားတာ... အရမ်း စားကောင်းတယ်... မင်းအတွက် ယူလာပေးတာ...”


ကြက်ကြော်က အနည်းငယ် အေးစက်သွားသော်လည်း ကြွပ်ရွနေသေးသည်။ ဟယ်ချွန်းလင်က ကြက်တောင်ပံကို တစ်ကိုက်ကိုက်ပြီးနောက် အံ့ဩမင်သက်သွားသည်။

“ဒါ... ဘာလဲ... အရမ်း အရသာရှိတာပဲ...”


“ဒါက ကြက်ကြော်လေ...”


“ဒီ ကြက်ကြော်က သိပ်စားကောင်းတာပဲ...”

ဟယ်ချွန်းလင်က ကြက်ကြော် နောက်တစ်တုံးကို မြင်သောအခါ ကျန်းလီဟိုင်ကို အတူစားရန် ဖိတ်ခေါ်လိုက်သည်။

“လီဟိုင်... ရှင်လည်း စားပါဦး...”


ကျန်းလီဟိုင်မှာမူ အမှန်တွင် အလွန် စားချင်သော်လည်း ဤနေရာအထိ လာပြီး ကြက်တောင်ပံတစ်တုံးသာ ကျွေးပါက အလွန် ကပ်စေးနည်းသကဲ့သို့ ဖြစ်ပေလိမ့်မည်။ သူက တွေဝေစွာ ငြင်းပယ်လိုက်သည်။

“ကိုယ် စားပြီးပါပြီ... ဒါက မင်းအတွက်...”


ချွန်းလင်က ခေါင်းညိတ်၍ ကြက်ကြော်ကို ဆက်စားလိုက်သည်။


ကျန်းလီဟိုင်က ကြက်ကြော် စားနေသော ချွန်းလင်ကို ကြည့်၍ ရုတ်တရက် ကျန်းလီယွင်က ဖုန်းရီကို ပြောသော ကတိစကားများကို အမှတ်ရမိပြီး ပြောလိုက်သည်။

“ချွန်းလင်... ကိုယ်နဲ့သာ လက်ထပ်ရင် မကြာခဏ ကြက်ကြော် စားနိုင်မယ်နော်...”


ချွန်းလင်က တလက်လက်ထနေသော မျက်လုံးများဖြင့် မော့ကြည့်လာသည်။


မူလတွင် ကျန်းလီဟိုင်က ရုပ်ချော၍ သူမ သဘောကျခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် လီဟိုင်က ပညာတတ် ဖြစ်သောကြောင့်၊ ရွာမှ အခြားယောက်ျားများနှင့် မတူသောကြောင့် သူမက လက်ထပ်လိုခြင်းဖြစ်သည်။ 


ကျန်းလီဟိုင်၏ မိသားစုက ဆင်းရဲသည်ကို သူမ စိတ်ထဲမထားပေ။ ကျန်းလီဟိုင်သာ သူမကို သဘောကျနေသရွေ့ သူမအတွက် လုံလောက်သည်။


ယခုအချိန်တွင်မူ သူမက ကျန်းလီဟိုင်နှင့် လက်ထပ်ရန် စိတ်အားထက်သန်ရုံသာမက သူနှင့် လက်ထပ်ရန် မစောင့်နိုင်တော့ပေ။


ထိုသို့ တွေးပြီး ချွန်းလင်က တိတ်ဆိတ်သွားသည်။


သူမ အတွက် ကျန်းလီဟိုင်မှ ပေးသော ခံစားချက် အချစ်ကဗျာများထက် ကြက်ကြော်တစ်တုံးကို ရင်ထဲ ထိရှသွားခြင်း ဖြစ်ပေလိမ့်မည်။


ကျန်းလီဟိုင်က ဟယ်ချွန်းလင်နှင့် ကြာမြင့်စွာ စကားမပြောဘဲ သူမ စားပြီးသည်နှင့် စက်ဘီးစီး၍ လျင်မြန်စွာ ပြန်လာခဲ့လိုက်သည်။ 


ဖုန်းရီက အသားဝယ်ရန် စက်ဘီးကို စောင့်ဆိုင်းနေသည်ဖြစ်ရာ သူ့ညီမလေး၏ စီးပွားရေးကို နှောင့်နှေးစေ၍ မဖြစ်ပေ။


ကျန်းလီဟိုင် အိမ်ပြန်ရောက်သောအခါ ကျန်းလီယွင်နှင့် အခြားသူများအားလုံးက ညစာ စားပြီးကြပြီ ဖြစ်သည်။


ထမင်းစားပွဲ၌ ထိုင်ပြီးသောအခါ သူ့မိသားစုမှ သူ့အတွက် ချန်ထားပေးသော ကြက်ကြော်ကို တွေ့လိုက်ရသည်။


ငါ့မိသားစုက ငါ့ကို ဂရုစိုက်သေးတယ်ပေါ့...


ကျန်းလီဟိုင်က ရင်ထဲ ထိရှသွားပြီး ကြက်ကြော်တစ်တုံးနှင့် ထမင်းနှစ်ပန်းကန် စားလိုက်သည်။


ထိုညတွင် သာမန်အတိုင်းပင် ကျန်းလီဟိုင်က ဦးလေးကျန်း အိမ်၌ ဖုန်းရီနှင့် အတူ သွားအိပ်သည်။


ဤကာလများ အတောအတွင်း သူနှင့် ဖုန်းရီ၏ ဆက်ဆံရေးမှာ ပို၍ တိုးတက်လာပြီး ယခင်ကထက် စကားများ ပိုပြောဖြစ်ကြသည်။


ယခုအချိန်တွင် အိပ်မပျော်သေးသောကြောင့် ဟယ်ချွန်းလင်နှင့် သူ၏ အချစ်ဇာတ်လမ်းများကို ဖုန်းရီကို စတင်၍ ပြောပြသည်။ 

“ချွန်းလင်က ငါ့ကို တကယ် သဘောကျတာကွ... ငါက သူ့အတွက် ကြက်ကြော် နှစ်တုံး ယူသွားပေးတာ... ငါ့ကို သူက ကြက်ကြော်တစ်တုံး မရမက ကျွေးတာ...”


ဖုန်းရီ၌လည်း ပြောစရာ အများကြီးရှိပြီး ကျန်းလီယွင်က သူ့အပေါ် မည်မျှ ကောင်းကြောင်း လူတိုင်းကို ပြောပြချင်နေသည်။


ကျန်းလီဟိုင်၏ စကားများကို ကြားသောအခါ ဖုန်းရီက အိပ်ချင်စိတ် မရှိတော့ပေ။

“အစ်မလီယွင်က ကျွန်တော့်ကို ကြက်ပေါင် မရမက အတင်းကျွေးတာ... သူ့အတွက် မစားဘဲ ကျွန်တော့်အတွက် ချန်ထားပေးတာ...”


ကျန်းလီဟိုင်ကလည်း ဆက်၍ ပြောသည်။

“စောစောပိုင်းက ချွန်းလင်ရဲ့ မိဘတွေက သူ့ကို လက်ထပ်စေချင်နေတာ ... သူက ငြင်းလိုက်တယ်လေ… သူက ငါ့ကို သဘောအကျဆုံးပဲ...”


“အရင်က အစ်မလီယွင်က ရှဲ့ဇူကန်းကို ငြင်းလိုက်ပြီး ကျွန်တော့်ကို နေ့တိုင်း လာရှာခဲ့တာလေ...”


ကျန်းလီဟိုင်ကလည်း အရှုံးမခံဘဲ ဆက်ပြောသည်။

“ချွန်းလင်က ငါ့အတွက် ပုဝါလေး ကိုယ်တိုင်ထိုးပေးတာကွ...”


ဖုန်းရီက သူ့ဘောင်းဘီကို အောက်သို့ ဆွဲချပြီး ကျန်းလီဟိုင်ကို သူဝတ်ဆင်ထားသော အတွင်းခံဘောင်းဘီကို ပြရင်း ပြောလိုက်သည်။

“ဒါ အစ်မလီယွင် ကျွန်တော့်အတွက် ဝယ်ပေးတာလေ...”


“သေစမ်း...”

ကျန်းလီဟိုင်က ဆဲဆို၍ ရုတ်တရက် ဖုန်းရီနှင့် ရန်ဖြစ်နေရသကဲ့သို့ ခံစားလိုက်ရသည်။


အကယ်၍ သူတို့သာ အမှန်တကယ် ရန်ဖြစ်ပါက သူ မနိုင်နိုင်ပေ။


ယခင်က အုတ်စက်ရုံတွင် တစ်စုံတစ်ယောက်မှ ဖုန်းရီကို အနိုင်ကျင့်ပါက ဖုန်းရီက ထိုသူ၏ ခေါင်းကို ရိုက်ခွဲပစ်လေ့ရှိသည်။


သူဘဝတွင် ထိုကဲ့သို့ ရန်ဖြစ်ခဲ့ဖူးခြင်း မရှိပေ။


အကယ်၍ သူသာ မနိုင် နိုင်ပါက သွား၍ ရန်စလိမ့်မည် မဟုတ်ပေ။ ထို့အပြင် မနက်ဖြန်တွင်လည်း ဖုန်းရီက သူ့အိမ်ဆောက်နေသည်ကို သွားကြည့်ပေးမည်ဖြစ်ရာ သူ ရန်မဖြစ်လိုပေ။


ကျန်းလီဟိုင်က လှဲအိပ်၍ စောင်ကို ခေါင်းမြီးခြုံကာ တိတ်ဆိတ်စွာ အိပ်တော့သည်။


ကျန်းလီယွင်ကိုယ်တိုင် လက်နှင့် လျှော်ဖွပ်ပေးထားသော အတွင်းခံများကို ဝတ်ထားသည် ဟူသော အတွေးဖြင့် ဖုန်းရီ အိပ်မပျော်နိုင်တော့ပေ။


ဒီဘောင်းဘီတွေကို မလျှော်ချင်တော့ဘူး... ရက်နည်းနည်းလောက် ထပ်ဝတ်လိုက်မယ်...


သူ့ဘောင်းဘီများကို ရက်အနည်းငယ်ကြာ ထပ်မံ၍ ဝတ်ဆင်ဦးမည်ဟု တွေးပြီးနောက် နောက်တစ်နေ့ မနက်တွင် သူ့ဘောင်းဘီများကို လျှော်ရန် ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်သွားသည်။


ထို့သို့သော အတွေးများက ကြည်နူးဖွယ် ကောင်းသော်လည်း လက်တွေ့ကမူ သိသိသာသာ ကွာခြားပေသည်။


ယမန်နေ့ညက ဖုန်းရီ၏ အရောင်စုံ အတွေးများကို ကျန်းလီယွင်က မသိပေ။ သာမန်နေ့များကဲ့သို့ပင် သူမ စောစီးစွာ အိပ်ရာထ၍ အရာအားလုံးကို ပြင်ဆင်ပြီးနောက် သူမ မိသားစုများနှင့်အတူ မြို့ပေါ်သို့ ဆိုင်ဖွင့်ရန် ထွက်လာခဲ့သည်။


လမ်းလျှောက်နေစဉ်တွင် တစ်ဖက်ခြံမှ အဖေဖုန်းက နောက်ခုံတွင် ဟင်းသီးဟင်းရွက်တောင်း နှစ်တောင်းကိုတင်၍ စက်ဘီးကိုတွန်းပြီး ဘေးမှဖြတ်သွားသည်ကို မြင်လိုက်ရသည်။ 


လူအိုကြီးဖုန်းက မြို့မှာ အသီးအရွက် သွားရောင်းပြန်ပြီလား... ကြက်မွေးတဲ့ စရိတ်စကတွေ များလို့ မတတ်နိုင်လို့များ ထပ်သွားရောင်းတာလား...


မကြာသေးမီက မြင့်တက်လာသော ကြက်စာစရိတ်များအကြောင်း သူမ တွေးမိသည်။ ဖုန်းမိသားစုက ရည်ရွယ်ချက် အလွန်ကြီးမားပြီး တစ်ကြိမ်တည်းဖြင့် ကြက်ပေါက်ကောင်ရေ နှစ်ရာကျော် ဝယ်ယူလိုက်သည်။


ရွာတွင် အမွေးဖြူကြက်များ မွေးမြူကြရာတွင် သေချာပြင်ဆင်၍ မွေးမြူကြခြင်း မဟုတ်သောကြောင့် လူများက ဒါဇင်အနည်းငယ်ခန့်သာ တစ်နိုင်တစ်ပိုင် မွေးမြူကြခြင်းဖြစ်သည်။


အမွေးဖြူကြက်များက ရောဂါဖြစ်လွယ်ပြီး ကျယ်ဝန်းသော စားကျက်မြေများတွင် လွှတ်ထားရခြင်း မဟုတ်ပေ။ သူတို့ကို အိမ်အတွင်း၌ ထားရသောကြောင့် အထူးသဖြင့် ဆောင်းရာသီ၌ လုံလောက်သော နေရာရှိရန် လိုအပ်သည်။ သို့ရာတွင် ယနေ့ခေတ် အိမ်များက လွန်စွာ မကျယ်ဝန်းပေ။


ပုံမှန်အားဖြင့် ကြက်များ မွေးမြူရန် အခန်းတစ်ခန်းကို ကြက်ခြံအဖြစ် အသုံးပြုကြပြီး အများဆုံး ကောင်ရေ ဒါဇင်အနည်းငယ်ခန့် အတွက်သာ နေရာထိုင်ခင်းရှိသည်။


သို့ရာတွင် ဖုန်းမိသားစုက တစ်ကြိမ်တည်းဖြင့် အကောင်ရေ နှစ်ရာကျော် မွေးမြူလိုက်ရာ အခန်းပေါင်း များစွာ လိုအပ်လာသည်။


ယခုတွင် ဖုန်းမိသားစုများက တစ်ခန်းထဲ အကုန် စုနေ၍ အိမ်ရှိ ကျန်အခန်းများကို ကြက်ပေါက်များဖြင့် ဖြည့်ထားသောကြောင့် ကြက်ချေးနံ့များ နံဟောင်နေပေသည်။


ထိုအရာက အစဖြစ်ပြီး ကြက်ပေါက်များ ကြီးပြင်းလာပါက ကြက်စာ စရိတ်မှာ ပို၍ တိုးမြင့်လာမည် ဖြစ်ပြီး အကောင်အချို့လည်း သေဆုံးသွားနိုင်သည်။


ဖုန်းမိသားစုအတွက် သတင်းကောင်း တစ်ခုမှာ အခါအခွင့် သင့်ပါက ကြက်သားများ စားနိုင်သည်။ ကြက်များ နေမကောင်းဖြစ်၍ သေဆုံးသွားပါက လွှတ်ပစ်သည်ထက် စားပစ်လိုက်ခြင်းက ပို၍ ကောင်းသောကြောင့်ပင် ဖြစ်သည်။


ခဏနေပါဦး... ကြက်ပေါက်တွေ ဆုံးရှုံးတယ်ဆိုတာ ပိုက်ဆံ ဆုံးရှုံးတာပဲမလား... ဖုန်းမိသားစုက အဲ့ဒါကိုသာ သိရင် ပျော်နိုင်မှာ မဟုတ်ဘူး...


ဤခေတ်အခါတွင် လူများက ကြက်၊ ဘဲ၊ ဝက်နှင့် သိုးများကို အိမ်၌ မွေးမြူကြသည်။ အများစုမှာ လယ်ယာစိုက်ပျိုးခြင်းနှင့်ဆိုင်သော အသိပညာများ၊ လုံလောက်သော ဗဟုသုတများ မရှိသောကြောင့် ကောင်းမွန်စွာ မထိန်းချုပ်နိုင်ကြပေ။


၁၉၉၀နှစ်များတွင် လယ်သမားအများစုက သားဖောက်မွေးမြူခြင်း၊ အပင်များပွား၍ ပျိုးခြင်းတို့၌ ဆေးဝါးများ လက်လွတ်စပယ် အသုံးပြုလာကြပြီး အသားတိုးစေရန် ပဋိဇီဝဆေးများကို ကျွေးလာကြသည်။ ထို့ကြောင့် ခြံမွေးတိရစ္ဆာန်များမှ စွန့်ထုတ်သော အညစ်အကြေး မြေဩဇာများက မြစ်ချောင်းထဲသို့ စီးဝင်ပြီး ညစ်ညမ်းမှုများကို ဖြစ်စေသည်။


ထိုနောက်တွင် အစိုးရက တိုးတက်မှုရှိစေရန် ဦးတည်၍ ဥပဒေအချို့ ပြဌာန်းကာ အကောင်အထည် ဖော်လာကြသည်။ ရွာသားများကို နောင်တွင် နေအိမ်၌ ဝက်များကို မွေးမြူခွင့် မပြုတော့ကြောင်း ကျန်းလီယွင် မှတ်မိသည်။


ယခုကာလက ၁၉၉၀နှစ်ကာလများထက် အနည်းငယ် ကောင်းမွန်နေသေးသည်။ လူများက ကြက်များ၊ ဘဲများကို အသားတိုးစေရန် ဆေးဝါးအသုံးပြုမှုများ မရှိသေးပေ။


ထို့ကြောင့်သာ သူမက အမွေးဖြူကြက်များကို စိတ်ချစွာ စားရဲခြင်းဖြစ်သည်။ ၁၉၉၀နှစ်များတွင်မူ ပဋိဇီဝဆေးများ များစွာသုံး၍ ရွာများတွင် ကျပန်း မွေးမြူထားသော အမွေးဖြူကြက်များကို မစားရဲပေ။


ဤဘဝတွင် သူမ ပျော်ရွှင်စွာ အသက်ရာကျော် နေထိုင်လိုသည်။


သူမတို့ မြို့ကို ရောက်သည်နှင့် ဆိုင်ဖွင့်ရန် နေရာချပြီး ဖုန်းရီက ဖက်ထုပ်ကြော်ရန် စတင်တော့သည်။ သူမတို့ နေရာချပြီး မကြာမီတွင် မီးသွေးမီးဖိုနှင့် ထိုအပေါ်တွင် ရေများဖြည့်ထားသော သံအိုးကို သယ်ဆောင်လာသော စုံတွဲ တစ်တွဲ ရောက်ရှိလာသည်။ ထိုအိုးပေါ်တွင် လက်ဆတ်စွာ ပေါင်းထားသော ဘန်းမုန့်များကို တင်ထားသည်။ ထိုအမျိုးသမီးက ဖြတ်သွားသော လမ်းသွားလမ်းလာများကို နှုတ်ဆက်ရင်း ဘန်းမုန်းများကို အော်ရောင်းတော့သည်။

“ဘန်းမုန့်တွေ ရမယ်နော်… အရသာ ရှိတဲ့ ဘန်းမုန့်တွေ... ဈေးသင့်တဲ့ ဘန်းမုန့်တွေ…”


ဖက်ထုပ်အိုးကပ်ကြော် ဝယ်ယူရန် လာကြသော အချို့လူများက ထိုဈေးဆိုင်ကို သတိထားမိပြီး ဖက်ထုပ်အိုးကပ်ကြော်အစား ဘန်းမုန့်များ ဝယ်ယူ၍ ပြန်သွားကြသည်။


ကံကောင်းစွာဖြင့် ကျန်းလီယွင်နှင့် သူမတို့ မိသားစုမှာ ယခုတွင် ဒယ်ပြားသုံးအိုးရှိနေပြီ ဖြစ်သောကြောင့် ဈေးဝယ်များက ဖက်ထုပ်အိုးကပ်ကြော် ဝယ်ယူရန် များစွာ မစောင့်ဆိုင်းရပေ။


လူအများစုက စောင့်ဆိုင်းရန် စိတ်မရှည်ကြဘဲ ဖက်ထုပ်အိုးကပ်ကြော် အဆင်သင့် မဖြစ်သေးသောအခါ သူတို့က လှည့်၍ အသားဘန်းမုန့်များ ဝယ်သွားကြသည်။


ဖက်ထုပ်အိုးကပ်ကြော်က အရသာရှိသော်လည်း အကြိမ်အနည်းငယ်မျှ ဝယ်စားပြီးသောအခါ စားချင်စိတ် မရှိတော့ပေ။


သူမတို့ ဆိုင်ဘေးတွင် အခြားဆိုင်တစ်ဆိုင် ဖွင့်သည်ကို တွေ့သောအခါ သူမ ဆိုင်မှ ဝယ်ယူရန် စောင့်ဆိုင်းနေကြသော လူတန်းရှည်ကြီးကို အလွယ်တကူ ဆွဲဆောင်နိုင်လိုက်သည်။ အမေကျန်းက အလွန် စိတ်မသက်မသာစွာဖြင့် ပြောလာသည်။

“သူတို့က ဘာလို့ ဒီလိုလုပ်ရတာလဲ...”


ကျန်းလီယွင်ကမူ စိတ်ထဲမထားပေ။ သူမ၏ ယခင်ဘဝတွင် ထိုသို့သော အခြေအနေများကို တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။


အတိတ်ကို ပြန်ပြောရလျှင် သူမ ဘာသာ ဆိုင်တစ်ဆိုင်ဖွင့်ပြီးနောက် ပြဿနာ ရှာသောသူများနှင့် ကြုံတွေ့ခဲ့ရသည်။ သူမ ရောင်းချသော ပစ္စည်းများက မသန့်ရှင်းဟု စွပ်စွဲကာ ငွေညှစ်သောသူများ ရှိခဲ့သည်။ အချို့က သူမ၏ ပစ္စည်းများကို ငွေမပေးဘဲ ယူဆောင်သွားကြပြီး အချို့က မသင့်တော်သော စကားများဖြင့် ဆဲဆိုကြသည်။ သူမ ယောက်ချိုနှင့် မရိုက်မချင်း သူမ နောက်သို့ နောက်ယောင်ခံလိုက်သော လူအိုကြီးတစ်ယောက်ပင် ရှိခဲ့ဖူးသည်။ 


ထိုစဉ်က သူမ ကိုယ်အလေးချိန်မှာ ပေါင်၁၃၀သာ ရှိပြီး တစ်နေကုန် အလုပ်လုပ်ရသောကြောင့် အင်အားတောင့်တင်းနေခဲ့ပြီး တိုက်ခိုက်ရန် ရှိန်လောက်သော အရည်အချင်းများ ရှိခဲ့ပုံရသည်။


ယခုဘဝတွင် သူမ ဆိုင်၌ လူများစွာရှိသောကြောင့် ထိုသို့သော ဖရိုဖရဲ၊ ပရမ်းပတာ အခြေအနေမျိုး ဖြစ်သည်က ရှားသည်။ 


ထိုရက်များတွင် သူမတို့ ဆိုင်ဘေးမှ ဘန်းမုန့်ရောင်းသူများက သူမထံမှ ဖောက်သည်အချို့ကို ယူဆောင်သွားခဲ့သည်။


သို့ရာတွင် သူမတို့ထံ၌ သံဒယ်ပြား သုံးခုရှိသောကြောင့် ဝယ်သူများက ကြာမြင့်စွာ မစောင့်ရပေ။ သူမတို့၏ စီးပွားရေးက ကျဆင်းမသွားပေ။ အမှန်တွင် သူမတို့ ယခင်ကထက်ပင် ဖက်ထုပ်များ ပို၍ ရောင်းချရသေးသည်။


ယခု မနက်တွင် ဖက်ထုပ်ပေါင်း ၁၆၀၀ ဝန်းကျင် ရောင်းချလိုက်နိုင်ပြီး လက်ဖက်ကြက်ဥများပါ ထည့်ပေါင်းပါက သူမတို့ ယွမ်၃၀ကျော် ရှာနိုင်ခဲ့သည်။


ထိုအချိန်တွင် သူမ ဆိုင်အနီး၌ ဖက်ထုပ်အိုးကပ်ကြော် ဆိုင်တစ်ဆိုင် ပေါ်ထွက်လာခဲ့သည်။


ထို ဖက်ထုပ်အိုးကပ်ကြော်ဆိုင်ကို ဖွင့်လှစ်သောသူမှာ သူမ ဆိုင်သို့ လာ၍ ဖက်ထုပ်ထုပ်သည်ကို အကြိမ်များစွာ လာစောင့်ကြည့်သော လူငယ်ပင် ဖြစ်သည်။ ထိုသူက မေးခွန်းများစွာ မေးပြီး သူမတို့ထံမှ သင်ယူသွားခြင်းဖြစ်သည်။


ထိုသူက ဖက်ထုပ်အိုးကပ်ကြော် လိုက်ရောင်းသော်လည်း ကျန်းလီယွင်က စိတ်ထဲမထားပေ။ 


ဖက်ထုပ်အိုးကပ်ကြော် လုပ်သည့် နည်းလမ်း အထူးသဖြင့် ဝက်သားအစာသွပ်ခြင်းက များစွာ မခက်ခဲပေ။ အကြိမ်အနည်းငယ်လေ့ကျင့်ပြီးပါက ကောင်းမွန်စွာ လုပ်နိုင်ပေမည်။

 

ဖက်ထုပ်အိုးကပ်ကြော်လား...


ထိုသူတို့က ချက်ချင်းပြုလုပ်၍ နေရာမှာပင် ကြော်ပြီး ရောင်းချသည်။ ထိုသူက လေ့လာပြီး အိမ်၌ လေ့ကျင့်ခဲ့ပုံ ရသည်။ ဖက်ထုပ်များကို အရွယ်ညီစေရန် ဂရုတစိုက်ပြုလုပ်နေသည်။


သူမ၏ ယခင်ဘဝတွင် ဖက်ထုပ်အိုးကပ်ကြော် လုပ်နည်း သင်ယူပြီးသောအခါ အခြားနေရာ၌ ဈေးကွက်သစ် ချဲ့ထွင်၍ ရောင်းချခဲ့သည်။ ယခုတွင်မူ ထိုလူက သူမ ဆိုင်၏ ဘေးတွင် နေရာချလာသဖြင့် သူမ၏ စီးပွားရေးကို ခိုးယူရန် ရည်ရွယ်ထားသည်မှာ ရှင်းလင်းလွန်းလှသည်။


ဒါတော့ လွန်သွားပြီ...



🏡🏡🏡